*အစွဲရှိရာ *📖📖📖
*****************************
ဒီနေ့ညအတွက် စပြောပြတော့မယ်နော်
ကိုထွေးအလုပ်က အတည်တကျရယ်မရှိပေမယ့် ၀င်ငွေကတော့ အထိုက်အလျောက်အဆင်ပြေတယ် ။ အလုပ်အတည်တကျမရှိဘဲ ၀င်ငွေအဆင်ပြေတယ်ဆိုလို့ ‘ဘယ့်နှယ့်”လို့ တွေးမိလိုက်ကြသေးလား ကိုယ့်လူတို့ ^^
ကိုထွေးက ဆိုင်ကယ် ၊ ကား ပွဲစားဆိုလည်း ပါလိုက်တာပဲ ။ကျောက်အရောင်းအ၀ယ် ဆိုလည်း ရလိုက်တာပဲ ။ အိမ်ခြံမြေဘက်လဲ အခွင့်သင့်ရင် သင့်သလို ၀င်တိုးလိုက်တာမျိုး … ၀င်ငွေ ပမာဏ အတည်တကျမရှိပေမယ့် အလုပ်ကို မပြတ်ရှာလုပ်နေတဲ့သူမလို့ တစ်ကိုယ်စာကတော့ ဖောဖောသီသီသုံးနိုင်စွဲနိုင်တယ် ။
နယ်ကတက်လာတဲ့သူမလို့ အဆောင်နေလိုက် ၊ သူငယ်ချင်းတွေအိမ်လိုက်နေလိုက် ၊ အိမ်ငှားနေလိုက်နဲ့ အတည်တကျနေစရာရယ်တော့ မရှိပေမယ့် ကိုထွေးက ရောက်တဲ့နေရာမှာ ပျော်အောင်နေတတ်သူမလို့ နေရာအစွဲရ်ာတော့ မရှိဘူးပေါ့ ။
ဒါက ကိုထွေးအကြောင်း တစ်စနှစ်စပြောပြတာ … အဓိကဇာတ်ကြောင်းကို အခုပြောတော့မယ်
ကိုထွေး ကျောက်အရောင်းအ၀ယ်ကိစ္စတစ်ခုလုပ်ရင်း ကျောက်သူဌေးရဲ့ လူယုံ “ကို၀င်းရွှေ” နဲ့ ခင်သွားတယ် ။ သူဌေးလူယုံ ဆိုပေမယ့် ဓနအင်အားက နည်းနည်းနောနောမဟုတ်ဘူး ။ ကားထည်လဲ စီးနိုင်ပြီး လက်မှာလည်း လက်စွပ်ပြူးပြူးပြဲပြဲတွေက မနည်းမနော ။ ဘီယာဆိုင်လာပြီလားဆို သားရေအိတ်ကြီး ချိုင်းကြားညှပ်ပြီး ပုဆိုးတမမ နဲ့ တကယ့် လောပန်းစတိုင်ပဲ ။ ဘီယာဆိုင်ထိုင်တဲ့ တော်ရုံ ပိုက်ဆံ သိန်းဂဏန်းလောက် ကတော့ ကို၀င်းရွှေအိတ်ထဲကနေ ရေယိုသလို လွယ်လွယ်ကူကူထွက်တယ် ။
အဲလို ကို၀င်းရွှေက ကိုထွေးနဲ့ မကြာခဏ ကြုံကြိုက်လို့ ဆုံဖြစ်ရင်းက ကိုထွေးကို ညီအစ်ကိုလို ခင်သွားတယ် … ကိုထွေးကလည်း နဂိုကတည်းက မှ နှုတ်ချိုပြီးပေါင်းတတ်သင်းတတ်ဆိုတော့ ဘွင်းဘွင်းရှင်းရှင်းသမား ကို၀င်းရွှေက သဘောတွေကျပြီး “မင်း အကူအညီလိုတာရှိ ငါ့သာလာပြော”လို့ ပြောတယ် ။
တစ်ခါကဆို ကိုထွေးကို ‘golf ရိုက်တက်လား’ မေးပြီး မရိုက်တတ်ဘူးဆိုတာသိတော့ ချက်ချင်း golfကွင်း ခေါ်သွားတယ် … အဲဒါနဲ့တင်မပြီးသေးဘူး သိန်းချီတန်တဲ့ Golf set ပါ၀ယ်ပေးပြီး golf ရိုက်သင်ပေးသေးတာ …နောက်ပိုင်းလည်း Golf ရိုက်သွားတိုင်း ကိုထွေးကို ဖုန်းဆက်လှမ်းခေါ်တယ်
ကို၀င်းရွှေနဲ့ကိုထွေး ပတ်သက်မှုက အဲလို
နောက်ပိုင်း ကို၀င်းရွှေက ကိုထွေး အိမ်အတည်တကျမနေဘဲ ဟိုဟိုဒီဒီနေတာသိတော့
“ငါ့ကောင် မင်း အဲလိုနေမယ့်အတူတူ ဆောက်လက်စ ငါ့အိမ်မှာ သွားနေ…အဲဒီအိမ်က ငါ့သမီး မင်္ဂလာဆောင်ပြီးနေဖို့ ဆောက်နေတာ … အာရုံမလာသေးလို့ ဆောက်တာ ခဏရပ်ထားတဲ့အိမ်…မင်းနေမယ်ဆို တစ်ပြားမှ မပေးနဲ့ ၊ မဟုတ်တောင် အိမ်က ဒီအတိုင်းပစ်ထားရင်ပျက်စီးမှာ “ဆိုပြီး နေခိုင်းတယ်
ဒါနဲ့ တစ်ရက် ကို၀င်းရွှေပြောတဲ့ နေရာကို သွားကြည့်တော့ အိမ်နေရာက နေရာကောင်းထဲကပဲ … ဘေးအိမ်တွေကလည်း အိမ်ကြီးအိမ်ကောင်းတွေ ။ ပြီးတော့ အိမ်ကလည်း ဆောက်ကစဆိုပေမယ့် အောက်ထပ်က ဆေးမသုတ်ရသေးတာကလွဲ အကုန်အချောပြီးပြီ ။ အပေါ်ကတော့ တစ်ထပ် ထပ်တက်ဆောက်ဖို့ ပြင်ထားပြီး လက်စကြီးနဲ့ ဆက်မလုပ်ဖြစ်သေးတဲ့ပုံစံ
ခြံ၀န်းကကျယ်ပြီး အလှစိုက်အပင်တွေရှိပေမယ့် ခြံထဲမှာ ဟိုနေရာဒီနေရာ အုတ်ပုံ ၊ ကျောက်ပုံ ၊ သဲပုံ ၊သစ်သားချောင်း တွေ သံတိုင်တွေပုံနေတာနဲ့ဆိုတော့ နည်းနည်းတော့အမြင်မလှဘဲ မျက်စိရှုပ်နေတာပေါ့ ။
ဒါပေမယ့် ဆောက်ပြီးတဲ့ အောက်ထပ်ကတော့ (ပရိဘောဂအစုံမရှိပေမယ့်)အထဲမှာ ဖွဲ့စည်းပုံက ရှယ်ပဲ ။
အမှန်အတိုင်းပြောရရင် အကောင်းကြိုက်တဲ့ ကိုထွေးကလည်း ဒါမျိုးအိမ်မှာ အလကားတက်နေရမယ်ဆိုတော့ လွှတ်သဘောကျတာပေါ့ ။ ပြီးတော့ မနေဘူးငြင်းရင် ကို၀င်းရွှေစိတ်ကွက်သွားမှာလည်း စိုးရိမ်ရသေးတာ ။
ဒါနဲ့ နေမယ်ဆိုပြီး ပြောင်းသွားလိုက်တယ် …နေတယ် ဆိုပေမယ့် တချို့ရက်တွေက သောက်စားမူးရူးပြီး ပြန်ရောက်တာနဲ့ ထိုးအိပ်သွားတာ ၊ တချို့ရက်တွေကျတော့ အိမ်မပြန်ဘဲ အပြင်မှာအိပ်ဖြစ်လိုက်တာမျိုးတွေလည်း ရှိတယ် ။
အဲလိုနဲ့ တစ်လကျော်လောက်ကြာတော့ ကိုထွေးဆီ ကိစ္စတစ်ခုရောက်လာတယ်… ကိုထွေး ရဲ့ညီ၀မ်းကွဲတစ်ယောက်က မိန်းမခိုးလာပြီး ကိုထွေးဆီရောက်ချလာတယ် ။ လူကြီးတွေ သဘောမတူတာကို ခိုးပြေးလာပြီး နောက်ဆက်တွဲကိစ္စတွေအတွက် ဘာမှပြင်ဆင်ထားတာမရှိတော့ ကိုထွေးကိုအကူအညီတောင်းတာပေါ့ ။
သွေးသားရင်း မရှိတဲ့ ကိုထွေးက အမျိုးဆို တော်စပ်ပုံဘယ်လောက်ဝေးဝေး သိပ်သွေးနီးတာမလို့ ကူညီတယ်
ကို၀င်းရွှေကို ခွင့်တောင်းပြီး အဲဒီအိမ်မှာပဲ တစ်ခန်းပေးနေလိုက်တယ် … ညီဖြစ်သူ မောင်မြင့် ကိုတော့ အိမ်က သူငှားနေတဲ့ပုံစံမျိုးပဲ ပြောထားလိုက်တာပေါ့
မောင်မြင့်ကလည်း ကိုထွေးနဲ့အတူ အလုပ်လိုက်တယ် … တစ်အိုးတစ်အိမ်ထူထောင်ပြီးပြီဆိုတော့ သူတပါးသားသမီး ၀မ်း၀ခါးလှဖို့ ရှာရဖွေရမယ်ဆိုတော့ အသ်ိ မောင်မြင့်မှာရှိတယ် ။ မျှော်မယ့် အိမ်သူရှိတဲ့ မောင်မြင့်က ကိုထွေး ရဲ့ ဆိုင်ကယ်နဲ့ပဲလိုက်တာမလို့ ကိုထွေးလည်း ခြေချုပ်ခံရပြီးသားဖြစ်သွားတယ် ။ ညမိုးချုပ်တဲ့အထိ အပြင်မှာနေတာမျိုးမရှိတော့ဘဲ အရမ်းမမှောင်ခင် အိမ်အရောက်ပြန်ရတယ် ။
မောင်မြင့် မိန်းမကလည်း အိမ်မှာ သန့်ရှင်းရေးလုပ် ၊ ချက်ပြုတ်လျှော်ဖွပ်အကုန်လုပ်ပေးတယ် ။
သူတို့က သိတတ်တော့ ကိုထွေးလည်း အဆင်ပြေရတာပေါ့ ။
အဆင်မပြေတာတစ်ခုတော့ရှိတယ်
ကိုထွေးနဲ့ မောင်မြင့် အလုပ်သွားရင် မောင်မြင့်မိန်းမ က အိမ်မှာတစ်ယောက်တည်းကျန်ခဲ့တာမလား ။ လူနေသန့်တဲ့ရပ်ကွက်မလို့ အိမ်လုံခြုံရေး ဘာညာစိတ်မပူရပေမယ့် ပြန်လာတိုင်း ကြားနေရတဲ့စကားက
“အစ်ကိုထွေး…သမီးတစ်ယောက်တည်းရှိချိန်ဆို အပေါ်ထပ်မှာ အသံတွေကြားရတယ် … နေ့ခင်းအိပ်ပြီဆိုလည်း နားထဲမှာ စကားပြောသလိုအသံ ကြား ကြားနေရတာ … ပြီးတော့ ညနေခင်း အစ်ကိုတို့ပြန်မလာခင်ဆိုလည်း ခြံထဲမှာ ဖြတ်ခနဲ ဖြတ်ခနဲ ပဲ တွေ့နေရတာ ” လို့ ပြောတယ်
(အဲဒီတုန်းက အိမ်ကအတွင်းမှာလှေကားမဆင်ရသေးဘူး … အိမ်ဘေးမှာပဲ အပေါ်တက်လို့ရမယ့် အဖြစ်လှေကားလောက်ပဲ ရှိသေးတာ )
ကိုထွေးကတော့ ပြောတာပေါ့ .. “ညည်း တစ်ယောက်တည်းမလို့ စိတ်ခြောက်ခြားနေတာနေမှာ … ငါတစ်ယောက်တည်းနေလာတာပဲကြာပြီ ဘာမှမကြားမိပါဘူး ”
တကယ်လည်း သူက ထူးထူးခြားခြား ဘာ မှ မကြုံရသေးဘူးလေ
နောက်ပိုင်း မောင်မြင့်မိန်းမကလည်း ကိုထွေးမကြိုက်မှာစိုးလို့ ဘာမှသိပ်မပြောတော့ဘူး ။ ဘာသာရေးတော့ လုပ်ရှာတယ် … မနက်တစ်ခါ ညတစ်ခါ ဘုရားရှိခိုး ပရိတ်ရွတ်ပြီး အမျှအတန်းပေးတယ် ။
အဲလိုနဲ့ နည်းနည်းကြာတော့ မောင်မြင့်မိန်းမ နယ်ပြန်ရဖို့ဖြစ်လာတယ် ။ အကြောင်းက အဖွားဖြစ်သူ လေဖြန်းသွားလို့ သွားပြုစုရတာ… ဒီတော့ အိမ်မှာ ကိုထွေးနဲ့မောင်မြင့်ပဲကျန်ခဲ့တာပေါ့
ကိုထွေးကလည်း အဲဒီရက်ပိုင်းမှ အဆုတ်ရောင်လို့ဆိုပြီး အိမ်မှာပဲ နားဖြစ်နေတာ…မောင်မြင့်ကတော့ အလုပ်ပေါ်လာရင် ဆိုင်ကယ်တစ်စီးနဲ့ ထွက်သွားတာပေါ့ ။
အဲလိုအချိန်ဆို ကိုထွေးတစ်ယောက်ပဲ အိမ်မှာကျန်ခဲ့တယ် … ကိုထွေး ပထမဆုံး စကြုံတဲ့တစ်ရက်
ညနေစောင်းမှ ကိုထွေး မှေးခနဲ အိပ်ပျော်မလိုဖြစ်တဲ့အချိန် အိပ်မက်လိုလိုနဲ့ မြင်ရတာက
ခြေရင်းက ပြတင်းပေါက်မှာ မိန်းမတစ်ယောက် ကျောပေးပြီးရပ်နေတဲ့ ပုံစံမျိုး.. အရမ်းအိပ်ချင်နေတဲ့အချိန်ဆိုတော့ အိပ်မက်လား တကယ်လားမသဲကွဲဘူး … ဒါပေမယ့် အိပ်ပျော်(နိုးတစ်၀က် အိပ်တစ်၀က်)သလိုဖြစ်သွားတဲ့အချိန်မှာလည်း ဘေးမှာ တစ်ယောက်ယောက်က လာရပ်ကြည့်နေသလိုမျိုးကြီး
အဲလိုနဲ့ အိပ်ယာနိုးတော့ လူက စိတ်လေးသလိုကြီးဖြစ်နေတာနဲ့ ခြံထဲထွက်ထိုင်နေလိုက်တယ် … မောင်မြင့်ကလည်းပြန်မရောက်သေးတော့ တစ်ယောက်တည်း ဆေးလိပ်ဖွာလိုက် ဟိုဟိုဒီဒီတွေးလိုက်ပဲပေါ့
ကိုထွေးထိုင်နေတာက ဒန်းပေါ်မှာထိုင်နေတာ…ခြေထောက်နှစ်ဖက်လုံး ဒန်းပေါ်တင်ထားပြီး ဒူးထောင်တဲ့အနေအထားနဲ့ပေါ့
ကိုထွေးအတွေးလွန်နေတုန်း ဒန်းက စလွှဲလာတယ် … အစကတော့ ကိုယ့်အတွေးနဲ့ကိုယ်မလို့ (လွှဲဖို့လုပ်ထားတဲ့)ဒန်း လွှဲတာကိုအမှုမဲ့အမှတ်မဲ့ပဲနေမိပြီး စက္ကန့်ပိုင်းလောက်နေမှ သတိ၀င်တယ်
ခြေထောက်ကလည်းအပေါ်မှာဆိုတော့ ယောင်ပြီး လွှဲလိုက်မိတာလည်းမဖြစ်နိုင်ဘူး … လေတိုက်လို့ လွှဲတယ်လို့တွေးရအောင်လည်း ကိုထွေး မပိန်းသေးဘူး
ဒါနဲ့ နည်းနည်းလန့်သွားပြီး ဒန်းပေါ်က ခုန်ဆင်းလိုက်တယ်…ပြီးတော့ ဒန်းနဲ့ ခပ်လှမ်းလှမ်းထိ ခုန်ပြီးမှ ဒန်းကိုပြန်လှည့်ကြည့်တော့ ဒန်းက ခုနကထက် အရှိန်ပိုပြင်းပြီး အသားကုန်လွှဲနေပြီ ။
တစ်ခါမှ ဒီလိုကြီးမကြုံဖူးတော့ ကိုထွေးကြောင်ပြီးရပ်ကြည့်နေတာ … ကြည့်နေတုန်း မှာ ပဲ လွှဲနေရာကနေ တိခနဲရပ်သွားပြီး အပုပ်နံ့ကလည်း ထောင်းခနဲ နံလာတယ်
အဲဒီကျမှ ကိုထွေး ကြက်သီးတွေထပြီး ကြောက်စိတ်၀င်လာတာနဲ့ အိမ်ဘက် အပြေးတစ်ပိုင်း သွားမိတာ …
နောက်တစ်ခါကကျ မောင်မြင့်မိန်းမ နယ်ပြန်တာ ၁ပတ်ကျော်လောက်ကြာပြီးတဲ့ နေ့
မောင်မြင့်လည်းအလုပ်မသွားရတော့ ညီအစ်ကိုနှစ်ယောက်သား အိမ်မှာပဲ သောက်ရင်းစားရင်း အလုပ်ကိစ္စရော ထွေရာလေးပါး ပါပြောကြတာပေါ့
မနက်ခင်းကတည်းက စသောက်လိုက်ကြတာ သောက်စရာကုန်လိုက် ထွက်၀ယ်လိုက် ၊ အမြည်းကုန်လိုက် ထွက်၀ယ်လိုက်နဲ့ ဝိုင်းက
နေ့လည် ၂နာရီလောက်မှ သိမ်းတယ်
၂ယောက်လုံးလည်း ရီဝေ၀ဖြစ်နေပြီဆိုတော့ ဝိုင်းသိမ်းပြီးတာနဲ့ ကိုယ့်အခန်းကိုယ်ပြန်၀င်ပြီး ထိုးအိပ်လိုက်တာ
အဲလိုနဲ့ ဘယ်လောက်တောင် အိပ်ပျော်သွားတယ်မသိဘူး ကိုထွေးနိုးလာတဲ့အချိန် နာရီကြည့်တော့ ည ၁၁ ကျော်ဖြစ်နေပြီ
နိုးနိုးချင်းရေအရမ်းဆာနေတာနဲ့ ရေသွားသောက်ဖို့ဆိုပြီး အခန်းတံခါးဖွင့်လိုက်တော့ ခုနက သူတို့ စားသောက်ထားတဲ့နေရာမှာ မိန်းမတစ်ယောက်ထိုင်ပြီး တစ်ခုခုစားနေသလို တငုံ့ငုံ့နဲ့ပေါ့
ရုတ်တရက်သူတွေးလိုက်မိတာက မောင်မြင့်မိန်းမ ပြန်ရောက်နေတယ်ပဲ ထင်လိုက်တာ… သူတို့စားလက်က အမြည်းတွေကတော်တော်များများကျန်သေးတာဆိုတော့ မောင်မြင့်မိန်းမ အမြည်းကျန်တွေစားနေတာနေမှာ လို့ပဲ တွေးလိုက်မိတယ် …ဒါနဲ့ ကိုထွေးလည်း သွားမယ့်ဟာ မသွားတော့ဘဲ အခန်းထဲပြန်၀င်လိုက်တယ်
ဘာလို့လဲဆိုတော့ သူက အောက်ခံဘောင်းဘီလို ဘောင်းဘီတိုတစ်ထည်ပဲ ၀တ်ထားတာမလို့ အမြင်မတော်သလို မသင့်တော်ဘူးထင်လို့
အခန်းထဲ ပြန်၀င်ပြီး ပုဆိုးတစ်ကွင်းကောက်စွပ်ပြီး အပြင်ပြန်ထွက်လာတော့ ခုနနေရာမှာ ဘယ်သူမှ မရှိတော့ဘူး … ဒါနဲ့ ‘အခန်းထဲ ပြန်၀င်သွားပြီနေမှာ’လို့ပဲတွေးပြီး မီးဖိုခန်းထိပ်ကရေအိုးဆီ ဆက်လျှောက်လာတော့ ရေချိုးခန်း ထဲကို မိန်းမတစ်ယောက်၀င်သွားတာမြင်လိုက်ရတယ် …အဲ့ဒီအထိလည်း သူ့အမြင်မှာ အဲဒါ မောင်မြင့်မိန်းမပဲ ။
ကိုထွေးလည်း ရေသောက်ပြီး အခန်းထဲ ပြန်၀င်နေလိုက်တယ်…ပြန်အိပ်လို့မရတာနဲ့ ဂျာနယ်တစ်စောင်ကောက်ဖတ်နေတုန်း ရေချိုးခန်းထဲကနေ ရေသံတဗွမ်းဗွမ်းကြားက တအီးအီးငိုသံကြီးထွက်လာတယ် (ရေချိုးခန်းက ကိုထွေးအခန်းနဲ့ ကပ်လျက်မှာရှိတာ)
အသံကြီးက တစ်မျိုးကြီးဖြစ်ပြီး စွဲစွဲငင်ငင်ကြီးကို ငိုလိုက်တာဆိုတော့ ကိုထွေးလည်း နည်းနည်းတော့တစ်မျိုးကြီး ဖြစ်သွားတယ်
အသံကြောင့်သာ စိတ်ထဲတစ်မျိုးဖြစ်သွားပေမယ့် ကြောက်တာမျိုးတော့မဟုတ်သေးဘူး … ထင်လိုက်တာက မောင်မြင့်တော့ မူးရူးပြီး မိန်းမနဲ့ ပြဿနာတက်ကြပြီပဲပေါ့
ဒါနဲ့ လင်မယားကိစ္စ၀င်မပါချင်တာနဲ့ မသိသလိုနေဖို့လုပ်ပေမယ့် မိနစ်တော်တော်ကြာတဲ့အထိ ငိုသံကမရပ်ဘူး … ဒါနဲ့ မနေသာတော့ဘဲ ရေချိုးခန်းဘက်ထွက်လာလိုက်တယ် ။
ရေချိုးခန်းရှေ့ရောက်တော့
“ငါ့ညီမ…ညည်း အအေးပတ်မယ်…မနက်မှ အေးဆေးရှင်းကြ သွား ကိုယ့်နေရာကိုယ်ပြန်အိပ်ချေတော့” ဆိုတော့ ရေချိုးခန်းထဲက အသံကတိတ်ကျသွားတယ်
တစ်အောင့်နေမှ “အင်း”ဆိုပြီး သံရှည်ဆွဲဖြေတာ
ဒါနဲ့ ကိုထွေးလည်း အခန်းဘက်ပြန်မယ်ဆိုပြီး အလှည့်…ရေချိုးခန်းတံခါးက ဝုန်းခနဲ ပွင့်လာလို့ လန့်ပြီး လှည့်ကြည့်မိတော့
“ဟ”
ရေချိုးခန်းက ဟာလာဟင်းလင်း ကြီး … ဘယ်သူမှမရှိဘူး… ဒါပေမယ့် အပုပ်နံ့ကြီးနဲ့ ငိုသံကြီးကထပ်ထွက်လာတယ် … ကိုထွေး မျက်လုံးအပြူးသားနဲ့ဖြစ်နေပြီ
လူက အခဲခံထားသလို လှုပ်မရဘူး…နေရာမှာတင်တောင့်တောင့်ကြီး ရပ်နေမိတာ …အဲဒီအချိန် ရေချိုးခန်းတံခါးက ဝုန်းခနဲကြန်ပိတ်သွားပြီ ကြမ်းပြင်မှာ ရေစိုနေတဲ့ခြေရာတွေ တစ်ခုပြီးတစ်ခုပေါ်လာတယ် ။ ပြီးတော့ အဲဒီခြေရာတွေက အိမ်တံခါးမကြီးဘက် ဦတည်သွာပြီး ပျောက်သွားတယ် ။
ကိုထွေး အသက်တောင်မရှူမိဘဲ ကျောက်ရုပ်ကြီးလိုဖြစ်နေပြီးမှ “အမလေး”တ ပြီး အခန်းထဲ ၀င်ပြေးတော့တာ ။
နောက်တစ်ခါက ပိုသိသာတယ် … အဲဒီနေ့က ကိုထွေး ညဘက်ကြီး ကတ်ဆက်ပြင်နေတာ … အိမ်ထဲက အရမ်းအိုက်နေတာနဲ့ (အပြင်လှေကားနဲ့နီးတဲ့)ပြတင်းပေါက်နား သွားပြီး ထိုင်ပြင်တာ …လေ၀င်အောင်လို့ ပြတင်းပေါက်လည်းဖွင့်ထားတာပေါ့ ။
ကတ်ဆက်ပြင်နေတုန်း လည်ပင်းက ယားကျိ ယားကျိ ဖြစ်လာလို့ ကုတ်လိုက် ၊ တစ်အောင့်နေ ထပ်ယားလာလိုက်နဲ့မလို့ နောက်ဆုံး စိတ်မရှည်တော့တာနဲ့ ဘာက လာယားနေတာလဲ ဆိုပြီး ဆတ်ခနဲ လှည့်ကြည့်လိုက်တော့
“အား…မောင်မြင့်ရေ ….အမလေးဗျ”
ကိုထွေး အသားကုန်ကျုံးအော်ပြီး လက်ထဲက ကတ်ဆတ်ကိုလည်း ထုမိထုရာ ထုပစ်လိုက်လို့ ကက်ဆတ်ကြီးလည်း တစ်စစီဖြစ်ရော
မောင်မြင့်ကလည်း ရေချိုးခန်းထဲကနေ ဆပ်ပြာအဖွေးသားနဲ့ပြေးထွက်လာပြီး “အစ်ကိုကြီး ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ”ဆိုပြီး ပြာပြာသလဲ မေးတယ်
ကိုထွေးလည်း ပြတင်းပေါက်ဘက် လက်ညိုးထိုးပြီး “သရဲမကြီး …သရဲမကြီး”နဲ့ပဲ တစ်နေရင်း စကားကရှေ့မဆက်နိုင်တော့ဘူး
တကယ်လည်းသူမြင်လိုက်ရတာကကြောက်စရာကြီး
မြင်လိုက်တဲ့ဟာကြီးက မျက်နှာမှာ သနပ်ခါးတွေ ထူပိန်း ဖွေးစွတ်နေပြီး ပါးစပ်ရဲရဲ မျက်လုံးရဲရဲကြီး
ပါးစပ်ရဲရဲကြီးက ကျုံ့လိုက် ဖြဲလိုက်နဲ့ တစ်ခုခုကို အားယူပြောနေသလို လုပ်ရင်း မျက်လုံးကြီးကလည်း စိုက်လို့ … ပြတင်းပ်ေက်ဘောင်ပေါ်မှာ တက်ထိုင်နေတာ
ခေါင်းအကြီးကြီးနဲ့ ကိုယ်ကသေးသေးလေးရယ် … တကယ်ကိုဘယ်နှယ့်ကြီးမှန်းမသိဘူး
ကိုထွေးအော်တော့ ရယ်နေသေးတာ…ပြီးမှ အပေါ်တက်ခုန်တက်သွားတယ်
ကိုထွေး ဖြစ်နေပုံကို မောင်မြင့်ကလည်း သဘောပေါက်သွားသလို နဲ့
“လာ လာ အစ်ကိုကြီး …ဒီမှာထိုင်နေဦး …ကျွန်တော် ရေအမြန်သွားလောင်းဦးမယ်”ဆိုပြီး အပြေးအလွှားသွားတာ.. နှစ်မိနစ်လောက်ကြာတော့ လက်ထဲမှာပုလင်းတစ်ပြားနဲ့ ပြန်ရောက်လာတယ်။
စိတ်ငြိမ်အောင်ဆိုပြီး ‘ခေါင်ရည်’တွေတိုက်တယ်။
ပြီးတော့ ပြောတာက
“အစ်ကိုကြီး စိတ်ဆိုးမှာစိုးလို့ ကျွန်တော်မပြောတာ … မိန်းမ နယ်ပြန်ပြီး ၂ရက်မြောက်နေ့က ညကြီး အိမ်ဘေးမှာ ခြေသံကြားတာနဲ့ သူခိုးကပ်တယ်ထင်ပြီး ကျွန်တော် တုတ်ကိုင်ပြီး ချောင်းတယ်…အစ်ကိုကြီးဟောက်သံ ကြားနေရတော့ အစ်ကိုကြီးမဟုတ်မှန်း ကျွန်တော် သိတယ်…ဒါနဲ့ ကျွန်တော့အခန်း က မှန်ပေါက်ကနေကြည့်တော့ ဘေးလှေကားကနေ အပေါ်ကို တက်သွားတဲ့ပုံစံမြင်လိုက်ရရော…
ဒါနဲ့ ကျွန်တော်လည်း အိမ်ပြင်ထွက်ပြီး အပေါ်တက်ကြည့်မယ် လုပ်တာ…သောက်ထားတဲ့အရှိန်လည်းရှိတော့ စိတ်ထဲ လူလူချင်းပဲ ချမယ်လို့ တွေးထားတာဗျာ…လှေကားအခြေနားအရောက် အပေါ်ကနေ “ဟဲ့ကောင်”လို့ ခေါ်သံကြားလို့ မော့ကြည့်မိတာ
ဆံပင်ဖားလျားကြီးနဲ့ဗျာ မျက်နှာကလည်းဖွေးဖွေးကြီး…အလင်းရောင်မှိန်မှိန်ထဲမှာ ခေါင်းကြီးပဲ မြင်နေရတာ … ကျွန်တော်ဖြင့် အော်တောင်မအော်နိုင်ဘူး …” လို့ပြောတယ်
ပြီးတော့ တစ်ခါကလည်း မောင်မြင့် မိုးချုပ်ကြီးမှ အိမ်ပြန်လာတော့ ခြံတံခါးဖွင့်ပြီး ခြံထဲ ဆိုင်ကယ်တွန်းအ၀င် …မျက်လုံးက အိမ်ဘက်လှမ်းကြည့်မိတဲ့အချိန် မြင်လိုက်ရတာက
အိမ်အပေါ်ထပ် ဗြင်(ပြင်)ကနေ ခြေထောက်တွဲလျောင်းချ လွှဲထိုင်နေရင်း မောင်မြင့်ကို ပြုံးပြုံးကြီး လက်ပြနေတာ
မောင်မြင့်လည်း အိမ်ထဲကမ၀င်မဖြစ်၀င်ရမှာဆိုတော့ ခေါင်းကြီးအတင်းငုံ့ပြီး ဘုရားစာတွေရွတ်ရင်း မနည်းအားတင်း လာလိုက်ရတယ် ။
အဲလိုတွေကြားတော့မှ ကိုထွေးလည်း ပိုလန့်သွားတယ် … တစ်သက်နဲ့တစ်ကိုယ် သရဲဆိုတာကို အကြားပဲရှိပြီး ဒါမျိုးမှမကြုံဖူးတာ
“ဒါနဲ့များ မင်း ငါ့ဘာလို့ စောစောကမပြောလဲကွာ”ဆိုတော့ မောင်မြင့်က
“မဟုတ်မဟပ်တွေပြောတယ်ဆိုပြီး အစ်ကိုကြီးက ကျွန်တော်တို့ကို အိမ်က နှင်ထုတ်နေမှာစိုးလို့”လို့ ပြောရှာတယ်
အဲလိုနဲ့ အိမ်မှာ အန္တရာယ်ကင်းဆွမ်းကပ်လုပ်ဖို့ဖြစ်လာတယ်…ကျိုထွးလိုသာဆို ဆက်မနေဘဲတခြားသွားလို့အဆင်ပြေပေမယ့် မောင်မြင့်တို့ကျတော့ ဒီအိမ်မှာမှ မနေရင် နေစရာအတွက် ဒုက္ခပိုမှာမလို့ သူတို့ကိုငဲ့ပြီး အိမ်ကိုပဲသန်ဖို့ ဆုံးဖြတ်လိုက်တာ
အိမ်ကလည်း ဆောက်ပြီး ပြီးရော ပစ်ထားခဲ့တာဆိုတော့ အိမ်တက်ဘာညာလည်း မလုပ်ရသေးဘူး … ဒီတော့ နာနာဘာဝတွေ နေမယ်ဆိုလည်း နေလို့ရနေတဲ့အနေအထားမျိုး
ဒါနဲ့ အိမ်မှာ ဘုန်းကြီးတွေပင့် ၊ မိတ်ဆွေ ၄ /၅ ယောက် ခေါ်ပြီး အန္တရာယ်ကင်းဆွမ်းကပ်လုပ်လိုက်တယ် ။
အဲဒီညကတော့အကြမ်းဆုံးလို့ ပြောရမှာပဲ
ကိုထွေး က ညဆို ရေ ခဏ ခဏ ဆာတတ်တယ် … အရင်ကတော့ရေဆာတိုင်း ရေအိုးစဉ်ထိ သွားသောက်ပေမယ့် အခုနောက်ပိုင်း သရဲကြောက်လို့ ရေဘူးပဲ ဆောင်ထားတော့တာ
အဲဒီညက အိပ်မက်ယောင်ရာက တအင်းအင်း တအဲအဲ ဖြစ်လာပြီး တစ်ရေးနိုးလာရော .. နိုးတဲ့အချိန် ရေဆာတာနဲ့ ဘေးက ခုံပေါ် ဟိုစမ်းဒီစမ်း လုပ်တော့ လက်က အမွှေးလိုလိုဟာကြီး စမ်းမိသွားတယ်
ကိုယ့်စောင့်နတ်က သတိပေးတာလားတော့မသိ…စိတ်ထဲထိတ်ခနဲ ဖြစ်သွားလို့ လက်ကို’ဆတ်’ဆို ရုတ်ပြီးမှ မျက်လုံးဖွင့်ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပဲ
ဘေးက ခုံပုပေါ်မှာ မေးတင်ပြီး သူ့ကိုစောင်းစောင်းကြီးကြည့်နေတာ … ဟိုတစ်ခါလို သနပ်ခါးအဖွေးသားကြီးနဲ့ပဲ ကိုထွေးကြည့်နေတာမြင်သွားတော့ ‘ဘက်’ခနဲ လျှာကြီးထုတ်ပြတယ်
ကိုထွေး ပက်လက်ကြီးကနေ ဘယ်လိုလုပ် ကုတင်အောက်ခုန်ဆင်းလိုက်မိမှန်းတောင်မသိဘူး … ပါးစပ်ကလည်း ဗလုံးဗထွေးတွေ အော်လို့အော်နဲ့ .. အခန်းပြင်ထွက်ပြေးပြီး မောင်မြင့်အခန်းဘက် ၀င်ပြေးတော့ မောင်မြင့်ကလည်း ကုတင်ပေါ်မှာ မျက်နှာငယ်နဲ့ငုတ်တုတ်
တကယ်က ကိုထွေးထက် မောင်မြင့်က အရင်စျေးဦးပေါက်အခြောက်ခံထားရတာ
အိပ်ပျော်ခါစရှိသေး အခန်းတံခါးပွင့်လာတော့ ကိုထွေးများလားဆိုပြီး ခေါင်းထောင်ကြည့်တော့ အခန်းပေါက်မှာ ဆံပင်ဖားလျားနဲ့ လေးဖက်ကုန်ကြီး
ပြီးတော့ အဲ့ဟာကြီးက တဟီးဟီးနဲ့ ရယ်ရင်း၀င်လာပြီး မောင်မြင့်ကုတင်ကို ပတ်ပြီး လမ်းလျှောက်လိုက်၊ ကုတင်စွန်း၀င်ထိုင်လိုက် ၊ စကားပြောလိုက်နဲ့
ခပ်တိုးတိုး မလို့လား ၊ သေချာမကြားရလို့လားမသ်ိ
‘နင့်မိန်းမ က ဘုရားရှိခိုးတယ်’
‘ငါ ပျင်းလို့’
‘အခု နင်တို့ကို လာနှုတ်ဆက်တာ’
‘သွားရတော့မှာ’
‘နေလို့မရတော့ဘူး’
အဲလိုတစ်ခွန်းစ နှစ်ခွန်းစတွေပဲကြားလိုက်ရတယ် … မောင်မြင့်ကလည်း ခေါင်းအုံးပေါ်မျက်နှာကြီးအပ်ပြီး ကြောက်လွန်းလို့ ဇောချွေးတွေတောင်ပြန်နေပြီ
တော်တော်ကြာတော့ ကိုထွေးအခန်းဘက်ကနေ အသံကြားမှ
“သွားလိုက်ဦးမယ်”လို့ ပြောပြီး ပျောက်သွားတာတဲ့ ။
အဲလိုနဲ့ အဲဒီညက တစ်အိမ်လုံး ပတ်သောင်းကျန်းခံရတာပဲ…သောင်းကျန်းတယ်ဆိုတာထက် နှုတ်ဆက်ကျီစားတယ်ပဲပြောရမလား … ပြတင်းပေါက်မှန်တွေကနေ လာချောင်းလိုက် ၊ အပုပ်နံ့ပေးလိုက် ၊ ရေမှုန်လိုဟာတွေနဲ့ပက်လိုက် လုပ်နေတာ … ပြီးတော့ မီးဖိုထဲက ပစ္စည်းတွေဆိုလည်း အကုန်ကြမ်းပြင်ပေါ် ပွစာကြဲ … ခြေသံပေးလိုက် ၊ အခန်းတံခါးလာထုလိုက်နဲ့ မိုးလင်းခါနီးမှ ရပ်သွားတာပဲ
တကယ်လည်း အဲဒီရက်နောက်ပိုင်း ဘာမှထပ်မကြုံရတော့ဘူး… အသံတောင်မကြားရတော့တာ
ရက်တော်တော်ကြာတော့ မောင်မြင့်ကလည်း မိန်းမရဲ့ အဖွားကတုံးပြီမလို့ နယ်ခဏပြန်လိုက်သွားတယ် ။ ကိုထွေးကလည်း နဂိုကြောက်စိတ်အခံရှိထားပြီးပြီဆိုတော့ တစ်ယောက်တည်းမအိပ်ရဲတာနဲ့ အပြင်မှာပဲ အိပ်တယ် ။
မောင်မြင့်တို့ပြန်လာမှပဲ အိမ်မှာပြန်နေရဲတာ … အဲလိုနဲ့ နည်းနည်းကြာတော့ အရင်ကအိမ်ဆောက်သွားတဲ့ ပန်းရံသမားတွေက ခြံထဲက သစ်သားတွေပြန်လာသယ်တဲ့အချိန် စကားစပ်မိရင်းကနေ ကိစ္စတစ်ခုသိလိုက်ရတယ်
ဒီအိမ်ဆောက်တုန်းက ပန်းရံအဖွဲ့ထဲက အလုပ်သမ တစ်ယောက်သေဖူးတယ် … သံဆူးတဲ့အနာကနေ မေးခိုင်ပိုး၀င်ပြီး ဆုံးရှာတာ … အဲဒီအလုပ်သမက ပန်းရံခေါင်းဆီကနေ ပိုက်ဆံကြိုထုတ်ထားတာရှိတော့ ဆုံးခါနီးထိ ငါ ပိုက်ဆံတွေကြိုယူထားတာ …အလုပ်သွားရမှာလို့ တဖွဖွ ပြောသွားခဲ့တာ
ဆုံးပြီးတော့လည်း တကယ်အလုပ်မှာ လာခြောက်တယ်တဲ့…အဲင်္ဒတုန်းကလည်း နေ့ခင်းကြောင်တောင် မှာတောင် မနေရဲလောက်အောင် ခြောက်ခဲ့တာတဲ့လေ
အဲလိုသိရတော့လည်း ကိုထွေးခမျာ စိတ်မကောင်းဘူး…ဒါနဲ့ အဲဒီပန်းရံကောင်လေးဆီကနေ ဆုံးသွားတဲ့ အလုပ်သမ နာမည်မေးထားလိုက်တယ် ။ နောက်ပိုင်း အဲဒီအိမ်မှာ ဆက်နေဖြစ်တဲ့တစ်လေီိယက်လုံး ဘုရားရှိခိုးတိုင်း ၊အလှူအတန်းလုပ်တိုင်း အဲဒီနာမည်ကို ခေါ်ပြီး အမျှဝေပေးဖြစ်တယ် တဲ့
ကဲ ဒီညတော့ ဒီလောက်ပဲနော် … ကျေနပ်ကြမယ်လို့ထင်ပါတယ်
ဒီအကြောင်းအရာကို လာပြောပြထားတဲ့သူက ၂၀၁၇ လောက်က admin စာပြပေးဖူးတဲ့ ညီမလေးတစ်ယောက်ပါ … ဒီဇာတ်ကြောင်းထဲက ” မောင်မြင့် နဲ့ မောင်မြင့်မိန်းမ “ဆိုတဲ့ နေရာကသူတွေက အဲဒီညီမလေးရဲ့ အဖေနဲ့အမေ ပါပဲ
ဘာပဲဖြစ်ဖြစ်ပါ … ပြတင်းပေါက်တွေက သရဲတွေလာထိုင်တတ်ကြတယ်ဆိုတာပါပဲ
ကုတင်ဘေးမှာလည်းရှိနေနိုင်ပါတယ် 👻
Don’t forget to like , share & support “The Midnight Diary”.🖤
GN,my Owls
September13,2021
Myra