အပေါင်ဆိုင်(စ/ဆုံး)
———————-
` အငယ်ကောင် သွားလေ မြန်မြန်´
အထုပ်ကလေးပိုက်ကာပေကပ်ကပ်လုပ်နေသော ကျွန်တော့်အား အမေသည် စိတ်မရှည်တော့ဟန်တူသည်။
`ဟဲ့ သွားလို့ဆို တော်ကြာ ကျောင်းနောက်ကျနေအုံးမယ်´
အမေ့၏ အသံသည် ပို၍ တင်းမာလာပြီမို့ ကျွန်တော် မသွားချင့် သွားချင့်ဖြင့်စတင်ထွက်ခွာလာခဲ့ရသည်။ဦးတည်ရာသည်ကား လမ်းထိပ်က ဒေါ်ကြီးသန်း အပေါင်ဆိုင်သို့သာဖြစ်သည်။
အပေါင်ဆိုင်သို့ သွားရခြင်းကို ကျွန်တော် အလွန်ရှက်သည်။အကြောင်းအရင်းသည်ကား လမ်းထိပ်အစုံကျသည့်အပြင် ကျောင်းနှင့်လည်းနီးနေတာမို့ ကျွန်တော့်သူငယ်ချင်းများ တွေ့သွားမည်ကို စိုးရိမ်မိသောကြောင့်ပင်။သို့သော်လည်း အိမ်၌ အငယ်ဆုံးဖြစ်နေရသည်မို့ လက်တိုလက်တောင်းကိစ္စမှန်သမျှ ကျွန်တော့်ကိုသာ ခိုင်းစေတတ်ကြပါသည်။
`အမေရာ အပေါင်ဆိုင်ကြီး မသွားချင်ပါဘူးဆိုဗျာ ရှက်စရာကြီး´
ကျွန်တော် ထိုသို့ ပြောလိုက်သည့်အခါတိုင်း အမေသည် ဤသို့ပြန်ပြောလေ့ရှိသည်။
`ဟဲ့ ကိုယ့်ပစ္စည်းကိုယ်ပေါင်တာလေ ဘာရှက်စရာရှိမှာတုံး သွားစမ်းပါ ကလေးပီပီဟန်ချီချီ´
ကလေးလည်း ကလေးအထိုက်အလျောက် ရှက်တတ်တာပဲဆိုသည်ကိုတော့ အမေ မေ့လျော့နေဟန်တူသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
`ဒေါ်ကြီး မြန်မြန်လုပ်ပါဗျ အဲ့တာ ခဏတိုင်း ထားနေကျဟာပဲကို´
အမေ့ ပါတိတ်လုံချည်လေးအား အပြန်ပြန်အလှန်လှန် ခေါက်ကာကြည့်နေသော ဒေါ်ကြီးသန်းအား ကျွန်တော်စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
`ဟဲ့ အဲ့ဒါကြောင့်မို့ သေချာကြည့်ရတာပေါ့ နင်တို့အမေက အခုလာပေါင်လိုက် တော်ကြာ ပြန်ရွေးလိုက် ပြီးရင် ပြန်လာပေါင်လိုက်နဲ့လေ´
`ဒီတော့ အရောင်မှိန်သွားသလား ရွဲသွားပီလားဆိုတာ သေချာစစ်ရတယ် ဟဲ့´
`လုပ်ပါဗျာ ကျွန်တော်က ကျောင်းသွားရအုန်းမှာဗျ´
ကျွန်တော် ကားလမ်းမဘက်ကိုလည်း မကြာမကြာ ခိုးကြည့်နေရသေးသည်။သူငယ်ချင်းတစ်ယောက်ယောက်များ ကျွန်တော့်ကို မြင်သွားလောက်မလား မသိ။
`ကဲ ကဲ ရော့ ရော့ ဒီမှာဘောင်ချာ နေအုံး ငါ ပိုက်ဆံသွားယူလိုက်အုန်းမယ်´
ဒေါ်ကြီးသန်းကမ်းပေးသော စာရွက်အပိုင်းအစုတ်လေးအားကျွန်တော်ခပ်သွက်သွက်ယူကာ ဆုပ်ကိုင်ထားလိုက်သည်။
`ဒေါ်ဒေါ်သန်း အမေက ပန်းပို့ခိုင်းလိုက်လို့´
ရင်းနှီးနေသော အသံအား ကျွန်တော့်အနောက်ဖက်ဆီမှ ကြားလိုက်ရသည်။သို့သော် ကျွန်တော် လှည့်မကြည့်ခဲ့ပါ။လှည့်မကြည့်ရဲခဲ့တာ လည်း ဖြစ်သည်။
`ဟဲ့ အောင်ကျော် ဒေါ်ကြီးသန်း မရှိဘူးလား´
ကျွန်တော် မျက်နှာကိုရှုံ့မဲ့ကာ ခေါင်းကိုငုံ့ထားမိသည်။ကျွန်တော့်အခန်းဖော်သူငယ်ချင်း မိသော်၏ မျက်နှာအား ရင်ဆိုင်ကြည့်ဖို့ရာအတွက် ဝန်လေးနေမိသည်။
`ရှိ ရှိတယ် အထဲခဏ ဝင်သွားတယ်´
ကျွန်တော် လှည့်မကြည့်ပါဘဲနှင့် ဖြေဆိုလိုက်ခြင်းသာဖြစ်သည်။
`မိသော်ရေ လာပြီဟေ့ လာပြီ´
ဒေါ်ကြီးသန်းသည်လည်း အိမ်ထဲမှ ထွက်လာပြီဖြစ်သည်။
`ရော့ ပိုက်ဆံ မင်းအမေကိုလည်း ပြောလိုက်အုံး နောက်ခါကျ သုံးထောင်မရတော့ဘူး နှစ်ထောင့်ငါးရာပဲပေးတော့မယ်လို့ လုံချည်က အရောင်ကျနေပြီလို့ ဒီတစ်ခါတော့ ပေးလိုက်တယ် လို့ ကြားလား´
ကျွန်တော် ဒေါ်ကြီးသန်းကို မုန်းလိုက်တာဟူ၍ စိတ်ထဲမှ ပြောနေမိသည်။သည်အချိန်ကျမှ ဒီစကားများကိုပြောရသလားဟူ၍လည်း အပြစ်တင်နေမိသည်။ကျွန်တော့်အား ကမ်းပေးသော ပိုက်ဆံကို ယူကာ အိမ်သို့ တဟုန်ထိုး ပြေးထွက်လာခဲ့တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
သည်နေ့သည် ကျွန်တော့်အတွက်တော့ ရှက်ဖွယ်အတိပြီးသောနေ့တစ်နေ့သာဖြစ်သည်။အပေါင်ဆိုင်သို့ သွားရသည့်အခါတိုင်း မလုံမလဲဖြင့် စိတ်ထင့်နေရသော ပဥ္စမတန်းကျောင်းသားကျွန်တော်သည် အိမ်တွင်အငယ်ဆုံးဖြစ်နေရခြင်းကို မုန်းမိသည်။
လက်ထဲ၌ ဆုပ်ကိုင်ထားသော ပိုက်ဆံ နှင့် ဘောင်ချာစာရွက်အပိုင်းလေးအား အမေ့အရှေ့သို့ ပစ်ချပေးလိုက်မိသည်။အလိုမကျခြင်း ရှက်ရွံသိမ်ငယ်ရခြင်းတို့သည် ကျွန်တော့်အား တဒင်္ဂရိုင်းပျသွားစေခဲ့သည်ထင့်။
`ဟဲ့ ဟဲ့ ထမင်းဘူး မေ့အုံး မယ် နော် ´
`ရော့ ရော့ မုန့်ဖိုးယူသွားအုံး မုန့်ဖိုး´
ကျွန်တော့်၏ စူပုပ်ပုပ် မျက်နှာထားကိုကြည့်ကာ အမေသည် ချော့မော့ချင်ဟန်တူသည်။ရင်ဘက်ထဲမှ နှိုက်ထုတ်လိုက်သော ငွေစက္ကူ နှစ်ရာတန်တစ်ရွက်အား ကျွန်တော့်ထံ ကမ်းပေးနေလေသည်။
သို့သော် ကျွန်တော် မယူဖြစ်ခဲ့ပါ။အမေ အသုံးလိုနေတာကို ကျွန်တော် သိနေသည်လေ။အသင့်ထုတ်ထားပေးသော ထမင်းဘူးကို ယူကာ အိမ်တိုင်၌ ချိတ်ထားသည့် လွယ်အိတ်ကို လွယ်၍ ခပ်သုတ်သုတ် ပြေးထွက်လာခဲ့လိုက်သည်။
ကျောင်းသို့ရောက်သည့်တိုင်အောင်ပင် ကျွန်တော့်၏စိတ်အလိုမကျမှုတို့သည် ပြေလျော့၍မသွားခဲ့ပါချေ။စာသင်ခန်းထဲ၌လည်း ဆရာမ၏ သင်ကြားပို့ချချက်များအား နားထောင်နေသည်ဆိုရုံမျှသာပင်။ နားထဲ၌ ဝင်တစ်ချက် မဝင်တစ်ချက်ဖြင့် တစ်ချိန်ပြီး တစ်ချိန်သာ ပြီးဆုံးခဲ့ရသည်။
ကျွန်တော်သည် ချို့တဲ့ရခြင်းကို မုန်းသည်။ရှက်ရွံ့သိမ်ငယ်ရခြင်းကိုလည်း မခံစားလိုပါ။အရွယ်တူ အတန်းတူသူငယ်ချင်းများအကြားတွင် အများနည်းတူ လွတ်လပ်ပေါ့ပါးစွာ ပျော်ရွှင်ဖူးချင်သည်။သို့သော် အတိုင်းသားပေါ်လွင်နေသော မိသားစုအခက်အခဲများသည် မျက်မြင်ကိုယ်တွေ့ သိရှိခံစားနေရသည်မို့ လူသာမက စိတ်ပါဆင်းရဲတတ်ခဲ့သည်။
ထမင်းစားဆင်းချိန်ပင် ရောက်လာခဲ့ပြီဖြစ်သည်။
`ဟေ့ရောင် ဇေယျာ ငါတို့ မင်းနဲ့ ထမင်းအတူစားမယ်နော်´
`အေး လာလေကွာ စားမယ် ´
`ဒီကောင့် အိမ်က ဟင်းကောင်း အမြဲတမ်းချက်တာကွ ဒီနေ့ရော ဘာဟင်းချက်တာလဲ ´
`ပုဇွန်တုတ်ကြော် ထည့်ပေးလိုက်တယ်ကွ´
`ဟာ အကြီးကြီးတွေပဲ မိုက်တယ်´
ကျွန်တော့် ဘေး နှစ်ခုံကျော်၌ ထမင်းစားကြဖို့ရာအတွက် စုပြုံနေကြသော သူငယ်ချင်းများအား ကျွန်တော်ကြည့်နေမိသည်။ကျွန်တော်လည်း ဟင်းကောင်းပါလျင်တော့ သူတို့နှင့်အတူတူ စုပေါင်းစားချင်ပါသည်။
သို့သော် မနက်က အမေ ပဲနီပြုတ်ဝယ်နေသံကြားသည်။သေချာပါသည် ပဲနီပြုတ်သုပ်ပေးလိုက်တာပဲဖြစ်မည်။
`ဟင်´
မိသော် နှင့် သူငယ်ချင်းမ နှစ်ယောက်သည် ထမင်းစားနေကြရင်းဖြင့် တီးတိုးစကားဆိုနေကြကာ ခိုးခိုးခစ်ခစ်ရယ်နေကြသည်ကိုတွေ့ရသည်။
အပေါင်ဆိုင်မှာတွေ့ခဲ့သောကျွန်တော့်အကြောင်းပြောကာ လှောင်ရယ်နေကြလေသလားမသိပါ။
ကျွန်တော် ထမင်းဘူးကို ဆွဲကာ ကျောင်းခန်းအပြင်ဘက်သို့သာ ထွက်လာခဲ့လိုက်သည်။အတန်းထဲ၌ ထမင်းဘူးလှပ်ရမည်ကို ကျွန်တော်ဝန်လေးနေမိတာဖြစ်သည်။ လူအသွားအလာရှင်းသော အပင်အောက်၌ ထိုင်ကာ အမေထည့်ပေးလိုက်သော ထမင်းဘူးလေးအား ဖွင့်လိုက်သည့်အခါ ပဲနီနံ့နှင့်အတူ ကပ်လျက်ထွက်ပေါ်လာသော ကြက်သွန်နီအနံ့သည် ကျွန်တော့်နှာခေါင်းဝသို့ လာရောက်ထိတွေ့လေသည်။
ကျွန်တော် ထမင်းမစားချင်ပါ။သူများတွေလို ထမင်းစားချိန်၌ မုန့်ပဲသရေစာများသာ ဝယ်စားချင်သည်။ထမင်းစားရမည်ဆိုလည်း ဟင်းကြီးဟင်းကောင်းနဲ့သာ စားချင်ပါသည်။ယနေ့အဖို့ တစ်နေ့တာကျောင်းတက်ချိန်သည် ကျွန်တော့်အတွက် ရှည်လျားလွန်းနေသည်။
~~~~~~~~~~~~~~~~~~~~~~~~~
`ဟော ဟိုမှာ ခင်လှိုင် ပြန်လာပါပီ´
အိမ်ရှေ့၌ ထိုင်နေသောအမေသည် ကျွန်တော့်အားမြင်လိုက်သည်နှင့်တပြိုင်နက် ရယ်ကျဲကျဲဖြင့် ပြောလေသည်။အမေ့၏ မျက်နှာသည် ဝင်းပ၍ နေသည်။သည်မျက်နှာထားမျိုးသည် အမေကျေနပ်ပျော်ရွှင်နေသည့်အခါမျိုးတွင်သာ တွေ့ရတတ်သည်။ကျွန်တော်သည် အမေ့အား မည်သည့်စကားမျှ ပြန်မပြောတော့ပါဘဲနှင့် အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။
`ဟဲ့ ခင်လှိုင် ဘဲနှုတ်သီးကြီးကျလို့ စူထော်နေတာ´
အမေသည် ကျွန်တော်ကြားအောင်ပင် တမင် စနောက်နေလေတော့သည်။
`လာအုံး အမေ့ကို ဒေါ်ကြီးသန်းဆီ သွားပေးအုံး´
ကြားလိုက်ရသော အမေ့စကားသံကြောင့် ကျွန်တော့်စိတ်ထဲ၌ ငိုချင်လျက် လက်တို့ဆိုသလိုဖြစ်သွားရသည်။
`ဒီအပေါင်ဆိုင်ကြီး မသွားချင်ပါဘူးဆိုဗျာ အမေတို့ကလည်း နည်းနည်းမှ ကိုယ်ချင်းမစာဘူး အီးဟီးဟီး´
`ဟဲ့ ဟဲ့ ဘာလို့ ငိုတာတုန်း ဟယ် ဒီကလေးနဲ့တော့ ´
အမေသည် ကျွန်တော့်အနီးအပါးသို့ရောက်လာခဲ့သည်။
`ဘာလို့ငိုတာတုံး ငါ့သားရဲ့ အမေက သားကို အပေါင်မခိုင်းပါဘူးး ဒီမယ် တွေ့လား ပိုက်ဆံ ´
အမေသည် တစ်ထောင်ငွေစက္ကူများကို အိပ်ကပ်ထဲမှ နှိုက်ထုတ်ကာ ပြလေသည်။
`ရော့ ဒါက မင်း မုန့်ဖိုး ´
တစ်ထောင်တန်တစ်ရွက်သည် ကျွန်တော့်လက်ထဲသို့ရောက်ရှိနေလေပြီဖြစ်သည်။
`အမေ နှစ်လုံးပေါက်တာလား ´
`အေး ဒါတောင် တကယ့်တင်တဲ့အကွက်က မထွက်လို့ နို့မို့ဆို ရှယ်ပဲ အဲ့ဒါကြောင့် မင်းကို အမေက ခိုင်းရင် ရှောရှောရှုရှုလုပ်ပါဆို´
ကျွန်တော့်ပါးပြင်မှ မျက်ရည်စများသည် တစ်ခဏအတွင်းမှာပင် ခမ်းခြောက်သွားကြကုန်ပြီဖြစ်သည်။
`ရော့ မနက်က ထားခဲ့တဲ့ လုံချည်လေး ပြန်သွားရွေးချည်´
ဒီတစ်ခါတော့ အမေခိုင်းတာကို ကျွန်တော်မငြင်းဆန်တော့ပါချေ။အမေပေးသော ပိုက်ဆံနှင့် ဘောင်ချာအပိုင်းလေးအား ဆုပ်ကိုင်ထားလိုက်သည်။
`အဲ့ ဒေါ်ကြီးသန်းက နောက်တစ်ခါ လာထားရင် နှစ်ထောင့်ငါးရာ ပဲ ပေးတော့မှာတဲ့ခဏခဏ ပေါင်လိုက် ရွေးလိုက်နဲ့မို့အမေ့လုံချည်က ရွဲနေပြီတဲ့´
`အောင်မာ သူက အဲ့လိုပြောတယ်လား နာရီပိုင်းလောက်လေးဝတ်တဲ့ဟာကို ´
`ခဏတိုင်း ပေါင်တော့ကော ဘာဖြစ်လဲ သူတောင် အတိုးပိုရသေးတာကို ဒီတစ်ခါပြောရင် အဲ့လိုပြန်ပြောခဲ့ကြားလား´
`သွား သွား အမြန်လာခဲ့ ပြီးရင် အမေနဲ့ စျေးကြီး သွားရအောင်´
သည်တစ်ခါတော့ ကျွန်တော် ခပ်သွက်သွက်ကလေးပြေးသွားလိုက်သည်။အမေနှင့် စျေးလိုက်ရလျင် မုန့်ကောင်းကောင်းစားရသည်လေ။
`ဟင်´
အပေါင်ဆိုင်သို့ လှမ်းမြင်လိုက်ရချိန်တွင် ကျွန်တော့်၏ ခြေလှမ်းတို့သည် တုံ့ဆိုင်းသွားခဲ့ရသည်။မိသော်မ ရောက်နေပြန်ပြီ။ဒေါ်ကြီးသန်းသည် မီးပူတစ်ခုအား ကိုင်ကာဟိုသည်လှန်လှောကြည့်နေသည်ကိုတွေ့ရသည်။
မိသော်လည်း ပစ္စည်းလာပေါင်တာဖြစ်မည်။သို့သော် ကျွန်တော်ချက်ချင်းဝင်မသွားဖြစ်သေးပါ။သူမသည်လည်း ကျွန်တော့်ကိုမြင်လျင် ရှက်နေမှာသေချာသကဲ့သို့ ကျွန်တော်သည်လည်း သူမကို ရှက်သည်လေ။
`ဟဲ့ အောင်ကျော် ဒီလာတာမဟုတ်လားး လာခဲ့ ´
ဒေါ်ကြီးသန်းသည် ကျွန်တော့်အား ဘယ်လိုမြင်သွားလေသည်မသိ လှမ်းအော်ခေါ်လေတော့သည်။
`နင့်အမေ မွေးဂဏန်းထွက်ပြီဆိုကတည်းက လုံချည်ပြန်လာယူတော့မယ်ဆိုတာ သိတယ် ပေး ပေး ပိုက်ဆံ´
`ဒီမှာ မိသော်ကို ပေးဖို့ နှစ်ထောင်လိုနေတာ အထိုင်အထညောင်းလို့ အိမ်ထဲမဝင်ချင်တော့လို့ ဒီမှာ မင်းအမေလုံချည် အိမ်ထဲတောင်သွား မသိမ်းရသေးဘူး ရော့´
ကျွန်တော်သည် ပိုက်ဆံနှင့်အတူ ဘောင်ချာစာရွက်အပိုင်းလေးအား ဒေါ်ကြီးသန်းထံသို့ ကမ်းပေးရင်းဖြင့် မိသော်အားမသိမသာလေးခိုးကြည့်လိုက်မိသည်။သူမသည် ကျွန်တော့်အား မျက်နှာလွှဲထားလေသည်။ပုံမှန်ထက် နီမြန်းနေသော သူမ၏ မျက်နှာပေါ်မှ ရှက်ရိပ်များအား ကျွန်တော်ကိုယ်ချင်းစာမိသည်။
`မိသော် ရော့ ညည်းအမေကိုလည်း ပြောလိုက် နှစ်လုံးတွေ နင်းကန် ဖိထိုးမနေနဲ့အုန်းလို့ ´
မိသော်သည် ခေါင်းလေးအသာညိမ့်ပြကာ ဒေါ်ကြီးသန်း ကမ်းပေးသောပိုက်ဆံကိုယူ၍ ကျွန်တော့်အား တစ်ချက်ခိုးကြည့်လေသည်။ကျွန်တော်သည်လည်း သူမကို ကြည့်နေမိသည်မို့ အကြည့်ချင်းဆုံမိသွားလေသည်။
ထို့နောက် သူမသည် ကျွန်တော့်အား ခပ်ယဲ့ယဲ့ကလေးပြုံးပြလေသည်။ကျွန်တော်သည်လည်း အလိုက်သင့်လေး ပြန်ပြုံးပြမိပါသည်။
အမေ့လုံချည်လေးကိုပိုက်ကာ ပြေးထွက်လာခဲ့သော အိမ်အပြန်လမ်းသည် ကျွန်တော့်အတွက် ကိုယ်ရော စိတ်ပါ ပေါ့ပါးပျော်ရွှင်နေမိသည်။
အမေ ပေးသည့် မုန့်ဖိုးတစ်ထောင်ကြောင့်ရယ်လား။
ဘဝတူ အချင်းအချင်းသာ ခံစားသိရှိနိုင်မည့်အဓိပ္ပါယ်အတိအကျမဖွင့်ဆိုနိုင်သော နားလည်ခြင်းတစ်မျိုးကြောင့်ရယ်လားတော့မသိပါချေ။
ကိုဇင်(အညာသား)