အပြုံး

Posted on

အပြုံး(စ/ဆုံး)
——-

မနက် ၈ နာရီ ရုံးကို အရောက်လာရသည်။ ရုံးအောက်ရောက်ချိန်က ၈ နာရီအတိ။ စတုတ္ထထပ်ကို မိငယ်အပြေးလေးတက်သွားသည်။ တံခါးကို ဖွင့်လိုက်တော့ အစည်းအဝေးက စနေပြီ။ အသက်ကို မနည်းဝအောင်ရှူရင်း နောက်နားက ခုံလေးကိုဆွဲကာ အသာလေးထိုင်လိုက်သည်။

အယ်ဒီတာချုပ်က သတင်းတွေ ညံ့ဖျင်း လာကြောင်းပြောကာ ပြန်သွားသည်။ တာဝန်ခံအယ်ဒီတာက စတင်ပြီး တစ်ယောက်ပြီး တစ်ယောက် နာမည်တွေခေါ်ကာ ဆူတော့သည်။

“မိငယ်”

“ရှင်”

“နင် သတင်းမတက်တာ ဘယ်နှရက်ရှိနေပြီလဲ”

“အင်တာဗျူးတစ်ခု လိုက်နေလို့ပါ”

“မလိုချင်ဘူး … ဒီနေ့ကစပြီး သတင်းထောက်တွေ တစ်နေ့ သတင်းအနည်းဆုံးတစ်ပုဒ်မတက်ရင် ဒဏ်ရိုက်မယ်”

ဆူတာတွေ အော်တာတွေနှင့် နေ့တစ်နေ့ကို စတင်ခြင်း ခံရသူအနေဖြင့် ဤမျှသော အော်ငေါက်ခြင်းက အပျင်းပြေရုံလောက်သာရှိမည်။

မနက်ကပဲကြည့်။

ညက ညဉ့်နက်မှပြန်ရောက်လာသည်။ ဖောင်ပိတ်ပြီးသည် အထိ ကိုယ့်ဆောင်းပါးလေးကို ပြင်ဆင်တည်းဖြတ် နေရသည်။ မနက်စောစော အိပ်ရေးမဝသလို ဖြစ်နေချိန်တွင်

“အမေကလည်း ဘယ်လိုမှ ပြောမရပါလား … အိပ်ရာထဲ သေးပါချနေတော့ ဘယ်လိုလုပ်ရမလဲ”

မိငယ်အမေက သူ့အမေကို ဆူပူနေခြင်းဖြစ်သည်။ အဘွားက အသက် ၉၃ နှစ်ရှိနေပြီ။ သူငယ်ပြန်ချင်သလို ဖြစ်နေသည်။ စကားလည်း သိပ်မပြောတော့။ သူ့ကို ပြောလိုက်လျှင်လည်း မျက်စိလေး ပေကလပ် ပေကလပ်ဖြင့် ကလေးလေးတစ်ယောက်လို လျှောက်ကြည့်နေတတ်သည်။

မိငယ်က အိပ်ရာကထလိုက်ပြီး

“အမေရယ် မိုးလင်းတာနဲ့ အော်နေတော့တာပဲ …”

“ဟဲ့ မအော်လို့ရမလား … နင့်အဘွား အိပ်ရာထဲ သေးပေါက်ချထားပြန်ပြီ”

“မအော်ပါနဲ့ အမေရယ် … အဘွားက ကလေးလေးလို ဖြစ်နေတာ”

“ငါ့ကို နင်တို့က ကျွန်များ မှတ်နေသလား … တစ်အိမ်လုံး စားဖို့သောက်ဖို့ ချက်ရ ပြုတ်ရ … နင့်အဖေကလည်း ပိုက်ဆံ မအပ်တာ နှစ်ရက်ရှိနေပြီ။ နင့်ဆီက ပိုက်ဆံ မျှော်ရတာလည်း ငတ်သေတော့မယ်။ ဘယ်မှာလဲ ဒီနေ့ဈေးဖိုး”

“အမေရာ စိတ်ညစ်လိုက်တာ … တစ်နေ့လာလည်း ပိုက်ဆံ … ပိုက်ဆံ … ပိုက်ဆံ … စိတ်ညစ်လာပြီ”

“ဟဲ့ ပိုက်ဆံ ပိုက်ဆံ ပြောနေရမှာပေါ့ … နင်တို့က မမျိုမဆို့ပဲ နေကြလို့လား … တကတဲ တောင်းတဲ့ သူကပဲ အပြစ်ဖြစ်နေတယ် … ဟေ့ … ငါ့အသံမကြားချင်ရင် အိပ်ချင်ယောင် ဆောင်မနေကြနဲ့ … ပိုက်ဆံ ပေးစရာ ပေးပြီးမှ အပြင်ထွက်ကြ”

သူ့အမေက အိပ်နေသော အဖေကိုကြားစေရန် အသံကို မြှင့်အော်လိုက်သည်။

မိငယ်က ရေမိုးချိုး အပြေးအလွှား အပြင်ထွက်ရန် ပြင်နေသည်

“အမေ မနေ့က ဘောင်းဘီ မလျှော်ထားဘူးလား”

“မလျှော်ရသေးဘူး … ဒီနေ့လည်း နင့်အဘွား စောင်တွေ အိပ်ရာခင်းတွေ လျှော်ရဦးမယ်”

“စိတ်ပျက်ပါတယ်”

“ဘာပြောတယ်”

“ဘာမှ မပြောဘူး”

မိငယ်က မနေ့က ဘောင်းဘီကိုပဲ ဝတ်ကာ အိမ်မှ အမြန်ထွက်ခဲ့ရသည်။

“ဟဲ့ မိငယ် … ခေါ်နေတာ မကြားဘူးလား”

“ဟုတ်ကဲ့ဆရာ”

အတွေးလွန်ပြီး ငေါင်တောင်တောင် ဖြစ်နေသော သူ့ကို တာဝန်ခံအယ်ဒီတာက အော်လိုက်သည်။

“မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြပွဲလုပ်မလို့ လူစုနေတယ်တဲ့ … သွား အမြန်လိုက် … ကင်မရာပါယူသွား”

“ဟုတ်ကဲ့ဆရာ”

မိငယ်တစ်ယောက် ကျောပိုးအိပ်လေးကို ကောက်လွယ်လိုက်သည်။ ထို့နောက် ကင်မရာကိုထုတ်ကာ တိုက်ပေါ်မှ အပြေးလေး ဆင်းလာမိသည်။ သူယခုအချိန်အထိ ဘာမျှ မစားရသေး။ ဗိုက်ဆာလာသဖြင့် လမ်းဘေးက စမူဆာ နှစ်ခုဝယ်ကာ အပြေးအလွှား စားရင်း မြို့တော်ခန်းမဆီသို့ ချီတက်လာမိသည်။

မြို့တော်ခန်းမရှေ့တွင် လူအုပ်စုဖွဲ့နေပြီ။ မိငယ်က ဆူးလေဘုရား ပလက်ဖောင်းပေါ်မှ အဝေးမြင် ဓာတ်ပုံ တစ်ပုံကို ဦးစွာရိုက်လိုက်သည်။ ထို့နောက် လူအုပ်စုရှိရာကို လမ်းကူးသွားလိုက်ပြီး အာပေါင်အာရင်း သန်သန်ဖြင့် အော်နေသူကို မှတ်တမ်းတင်သည်။

သူတို့ပြောတာတွေကို လိုက်မမှတ်တော့။ ဖုန်းလေးထုတ်ကာ အသံတွေကို ဖမ်းထားလိုက်သည်။ ကြွေးကြော်သံ တွေကအစ ရလိုက်သည်။ လူအုပ်ခွဲသွားပြီ။ မိငယ်က ဆူးလေလမ်းအတိုင်း အထက်ဘက်ကို တက်လာသည်။ သူက ဟိုငေးသည်ငေးနှင့် ကင်မရာအရောင်းပြခန်းရှေ့ကို ရောက်လာသည်။

သူ့လက်ထဲတွင် ကိုင်ထားသည့် ကင်မရာက ဓာတ်ပုံရိုက်လို့ရသည်ဆိုရုံ အစုတ်လေး။ တိုက်တွင် ကင်မရာ ကောင်းကောင်းကို ဓာတ်ပုံဆရာကြီးတွေက စိုးမိုးထားသည်။ သူတို့လို သတင်းထောက်လေးတွေကတော့ ကိုယ့်ဖုန်းနှင့် ကိုယ်ရိုက်ကြရသည်ကများသည်။ ကံကောင်းလျှင် ကင်မရာ အစုတ်လေးတစ်လုံးနှင့် လူကြားထဲ သတင်းထောက်ဟု ဟန်ရေးပြနိုင်သည်။

ကင်မရာပြခန်းတွင် အကောင်းစားကင်မရာတွေကို ပြထားသည်။ သူက ဆိုင်ထဲကို ဝင်ပြီး တစ်လုံးချင်း လိုက်ကြည့်နေမိသည်။

“လိုချင်လိုက်တာ”

ဈေးကလည်း သူတစ်သက်လုံး မကပ်နိုင်သည့်ဈေးတွေ။ သူက ကင်မရာ အသစ်ကြီးတစ်လုံးကို ကောက်ကိုင် လိုက်သည်။ အရောင်းကောင်မလေးက လာပြီးရှင်းပြသည်။ သူက ကင်မရာကို ဟန်ကျပန်ကျ တစ်နေရာကို ချိန်ကြည့်လိုက်မိသည်။

“ဓာတ်ပုံပြိုင်ပွဲ”

သူက ကင်မရာကို ချထားခဲ့ပြီး ဆိုင်းဘုတ်ထောင်ထားသည့် နေရာကို လာကြည့်သည်။

“အပြုံး”

ပြိုင်ပွဲခေါင်းစဉ်က စိတ်ဝင်စားစရာဖြစ်သည်။ ပထမဆုအနေဖြင့် အကောင်းစား ကင်မရာကြီးတစ်လုံးရမည် ဆိုပါလား။

“ဟာ ဒီနေ့နောက်ဆုံးပါလား”

မိငယ် ဆိုင်ထဲ ပြန်ထွက်လာသည်။ ထိုအချိန်ကစပြီး သူ့တွင် ပိုးဝင်တော့သည်။

“အပြုံး … အပြုံး … အပြုံး”

သူ့နှုတ်က တတွတ်တွတ်ရွက်ရင်း လမ်းပေါ်ကို ငေးမောကာ လျှောက်ကြည့်သည်။ အိပ်ထဲက ကင်မရာလေးကို ထုတ်ကိုင်လိုက်သည်။ အပြုံးတွေကို မှတ်တမ်းတင်ရမည်။

သို့သော် သူ ဆူးလေလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ ပန်းဆိုးတန်း တစ်လမ်းပြီးတစ်လမ်း ခြေတိုအောင် လျှောက်သွားသည်။

“လူတွေ ဘာကြောင့် မပြုံးကြတာလဲ”

သူတွေ့သမျှ လူတွေအားလုံး တစ်ယောက်မျှ မပြုံးကြ။ ယနေ့မှ လူတွေ၏ နှုတ်ခမ်းတွေကို လိုက်ကြည့်နေမိ သည်။ သူက ခြေညောင်းလာသဖြင့် ဘတ်စ်ကားမှတ်တိုင် ခုံလေးတွင် ထိုင်ကာ ဖြတ်သွားဖြတ်လာတွေကို ကြည့်နေမိသည်။

လူတွေ၏ မျက်နှာများတွင် အပြုံးတွေအစား ဒေါသတွေဖြစ်နေသလိုပင်

“လူတွေ ပြုံးပါတော့လား”

သူက အော်လိုက်ချင်သည်။

ထိုစဉ် ဘတ်စ်ကားတစ်စီး ဆိုက်လာသည်။ ကားပေါ်မှ ကောင်လေးတစ်ယောက် ဆင်းလာသည်။ သူ့လက်ထဲတွင် စက္ကူရောင်စုံ လေစကြာလေးတွေ ကိုင်ထားသည်။ ဆူးလေလမ်းက လေနုအေးနှင့်အတူ သူကိုင်ထားသော ရောင်စုံလေစကြာလေးတွေက လည်နေသည်မှာ ကြည့်လို့ ကောင်းနေသည်။ သူက ကင်မရာလေး ထုတ်ကာ ကောင်လေးကို ချိန်လိုက်သည်

“ပြုံးလေ … ပြုံးလိုက်စမ်းပါကွာ”

ကောင်လေးကလည်း မပြုံး။

သူက စိတ်ညစ်စွာဖြင့် ကင်မရာကို ချလိုက်ကာ

“မောင်လေး တစ်ခုဘယ်လောက်လဲ” ဟု မေးလိုက်မိသည်။

“တစ်ခု နှစ်ရာ”

“တစ်ခုပေး”

သူက ငွေ နှစ်ရာထုတ်ပေးလိုက်သည်။ သူက ကောင်လေးကို ပြုံးခိုင်းပြီး ဓာတ်ပုံလေး တစ်ပုံလောက် ရိုက်လိုက်လျှင် ကောင်းမလားဟု စဉ်းစားမိသေးသည်။ သို့သော် သဘာဝမကျသည့် အပြုံးမျိုးကိုမလိုချင်သော ကြောင့် သူက မကြိုးစားတော့။ လက်ထဲတွင် လေစကြာတစ်ခုကိုကိုင်ရင်း သူအိမ်ကို ပြန်လာသည်။ ဗိုက်ဆာ နေသည်။ ထမင်းဝယ်စားရန်လည်း ပိုက်ဆံမရှိ။ ထို့ကြောင့် အိမ်ပြန်စားရန် ဆုံးဖြတ်လိုက်သည်။ အသင့်ဆိုက်လာသော ဘတ်စ်ကားပေါ်တက်လိုက်သည်။

စိတ်ညစ်ညစ်နှင့် သူ့အိမ်ခြံထဲကို အဝင်တွင် အဘွားဖြစ်သူကို အိမ်ရှေ့ ဝရန်တာ၌ ထိုင်နေသည်ကို တွေ့လိုက်ရသည်။

“အမေ သမီးကိုပေး … သမီးကိုပေး”

အဘွားဖြစ်သူသည် သူငယ်ပြန်နေပြီ။ တွေ့သမျှကို အမေဟု ခေါ်နေသည်။ ယခုလည်းသူ့ကို အမေဟု အော်ခေါ်ကာ လက်ထဲတွင် ကိုင်လာသော လေစကြာကို ဝမ်းသာအားရတောင်းနေသည်။

မိငယ် အဘွားကိုကြည့်ပြီး ပျော်သွားသည်။ သူ့အဘွားကိုတွဲပြီး အလင်းကောင်းကောင်းရနိုင်သည့် နေရာကို ခေါ်သွားသည်။

“သမီးကိုပေးနော် အမေ”

“ပေးမယ် … လာလိုက်ခဲ့”

သူတို့ ခြံထဲ တစ်နေရာကိုရောက်လာသည်။ အဘွားလက်ထဲကို သူက လေစကြာလေးထည့်ပေးလိုက်သည်။ အဘွားက ပျော်ရွှင်စွာဖြင့် လေစကြာလေးကို ဝှေ့ရမ်းပြီး ရယ်မောနေသည်။

မိငယ်က သူ့အဘွားအပြုံးတွေကို တစ်ကွက်ချင်း မှတ်တမ်းတင်နေမိသည်။

“ဟဲ့ မိငယ် ဘာလုပ်နေတာလဲ … ဟိုမှာ နင့်အဘွားကို နေပူကြီးထဲ ဘာလို့ ထုတ်ထားတာလဲ”

သူ့အမေက အဘွားဖြစ်သူကို တွဲပြီး အိမ်ထဲခေါ်ထည့်လာသည်။

မိငယ်ကပျော်လွန်းသဖြင့် အပြင်ကို ပြန်ထွက်ရန်ပြင်သည်

“ဟဲ့ ထမင်းစားဖို့ပြန်လာတာမဟုတ်လား … ကျက်နေပြီ စားသွားလေ”

“မစားတော့ဘူးအမေ”

သူက ပျော်လွန်းသဖြင့် ကင်မရာလေးကိုပိုက်ပြီး ဓာတ်ပုံကူးသည့် ဆိုင်ကို ရောက်လာသည်။ သူနှင့် ဓာတ်ပုံဆိုင်ကလူ အကောင်းဆုံး ပုံသုံးပုံရွေးလိုက်ကြသည်။ ထို့နောက် ပုံတွေကို ကူးကာ သူမနက်က လာခဲ့သော ဆိုင်တွင် ဓာတ်ပုံတွေကို အပ်လိုက်သည်။ ယနေ့က နောက်ဆုံးနေ့ မဟုတ်ပါလား။

မိငယ်တိုက်ကို ပြန်ရောက်လာသည်။ သတင်းရေးသည်။ အဆူ အငေါက် အအော်တွေကြားတွင် နေ့တစ်နေ့ ကုန်ဆုံးရပြန်သည်။

နောက်တစ်နေ့လည်း အဘွားက သေးပေါက်ချပြန်သည်။

အမေကအော်ပြန်သည်။ အဖေကလည်း အမေနှင့် တစ်နေ့မပြတ် ရန်ဖြစ်သည်။ စိတ်ချမ်းသာစရာ တစ်ကွက်မျှ မရှိသော အိမ်က မိငယ်အမြန်ထွက်လာသည်။ ရုံးရောက်လည်း အအော် အငေါက် လွတ်မည်လား။ မလွတ်။

“ငါတို့တိုက်မှာလည်း အပြုံးတွေ ပျောက်နေပါလား” ဟု သူကမှတ်ချက်ချသည်။

သူက နေ့တိုင်း ဓာတ်ပုံအရောင်းပြခန်းရှေ့ကဖြတ်သည်။ ဖြတ်တိုင်းလည်း ဆုကြေညာသည့်အထဲတွင် သူ့ပုံလေး ပါပါစေဟု ဆုတောင်းသွားတတ်သည်။ တတိယဆုရလျှင်ပင် ဆုငွေ တစ်သိန်းရမည် မဟုတ်ပါလား။

နေ့တိုင်းသည် ဆူသံ အော်သံတွေနှင့်စပြီး ဆူသံအော်သံတွေနှင့် ဆုံးနေသည်။
လူတိုင်းမျက်နှာတွင် အပြုံးတွေမရှိ။

မိငယ်တစ်ယောက် ဆူးလေမှတ်တိုင်အရောက်တွင် ဘတ်စ်ကားပေါ်က ဆင်းလိုက်သည်။ သူယနေ့လည်း တစ်နေကုန်သွားခဲ့ရသည့် ခရီးက တစ်ကိုယ်လုံး မလှုပ်ချင်လောက်အောင်ဖြစ်နေသည်။

စိတ်ပင်ပန်းစွာဖြင့်သူက ဖြည်းဖြည်းချင်း ခြေလှမ်းတွေကို ဆွဲကာ သူလာနေကျ ဓာတ်ပုံဆိုင်ရှေ့ကို ရောက်လာသည်။

“ပထမဆု”

သူ့မျက်လုံးတွေ မယုံနိုင်လောက်အောင် ဖြစ်သွားသည်။

ပထမဆုဆိုကာ စာတန်းနှင့်တွဲလျက် ဆိုင်ရှေ့က မှန်သေတ္တာထဲတွင် ကပ်ထားသည်မှာ သူ့အဘွားပုံလေး

သွားတွေတစ်ချောင်းမျှ မရှိတော့သည့် အဘွား၏ အပြုံးလေးမှာ လေစကြာလေးနှင့်အတူ အသက်ဝင်လှသည်။

#တင်ညွန့်

၂.၁၁.၂၀၂၂

#နီလာအာကာ