” အဖြေလွဲသောပုစ္ဆာ ” (စ/ဆုံး)

Posted on

” အဖြေလွဲသောပုစ္ဆာ ” (စ/ဆုံး)

=================================

အခန်း(တစ်)

 

“”ငါ့တူမ အသက်ဘယ်လောက်ရှိပြီလဲ””

မြသက် နူတ်ခမ်းလေး အနည်းငယ်ကွေးပြီး ပြုံးလိုက်မိသည်။
ဒီအိမ်ကြီးဆီ ရောက်မလာခင်ကတည်းက ဒီအိမ်ကြီးမှာနေသည့် အသက်ခြောက်ဆယ်ကျော်ပင်စင်စားမုဆိုးဖို ဦးလေးရှိန် ဆိုတာ မိန်းမ ကိစ္စဆိုရင် အနည်းငယ်..””ဇ”” ရှိသူလို့ သိထားပြီးသားဖြစ်ပါသည်။
မြသက်တို့ ရပ်ကွက်မှာ ပေလေးဆယ်ခြောက်ဆယ်ခြံကွက်ကြီးထဲ တိုက်ခံအိမ်အကြီးကြီးနှင့် ထည်ထည်ဝါဝါနေနိူင်သူ ဦးလေးရှိန် ကို မြသက်မျက်စေ့ကျနေတာကြာခဲ့ပြီ။
ဦးလေးရှိန် တို့ဒီရပ်ကွက်ထဲ ပြောင်းလာကြသည်မှာ တစ်နှစ်ခန့်သာရှိသေးသည်။

မြသက်တို့အိမ်က ဦးလေးရှိန်တို့နေထိုင်သည့် လမ်းမတန်းကနေ အတွင်းထဲအထိ ဆယ်မိနစ်လောက်လျှောက်ရသေးသည့် လမ်းကြို့လမ်းကြားက အငှားအိမ်ကလေးသာဖြစ်ပါသည်။
မြသက်တို့အဆင့်အတန်းနှင့် ဦးလေးရှိန်တို့ အဆင့်အတန်းမှာ အများကြီးကွာခြားလွန်းသည်။
ဦးလေးရှိန် သားသမီးတွေက အရာရှိအရာခံတွေဖြစ်ကြပြီး သူ့အိုးသူ့အိမ်တွေနှင့် နေနိူင်စားနိူင်ကြသော ပြေလည်ကြသူတွေလို့ သိထားပါသည်။
သည်အိမ်ကြီးထဲမှာ ဦးလေးရှိန် နှင့် ဆွေမျိုးနီးစပ်တော်သူ အသက်လေးဆယ်ကျော် လူတစ်ယောက်သာနေသည်။
ဦးလေးရှိန်မှာသွေးတိုးရောဂါရှိသည်ဟု သိရပြီးသားသမီးများနှင့်မနေထိုင်ပဲ အေးအေးဆေးဆေး သီးခြားနေလို၍ဤခြံကြီးမှာ အဖော်တစ်ယောက်နှင့်လာနေထိုင်ခြင်းဖြစ်သည်။

ရံဖန်ရံခါ ဦးလေးရှိန်၏ သားသမီးများကိုယ်ပိုင်ကားကိုယ်စီဖြင့်လာလည်တတ်ကြသည်။
ဦးလေးရှိန် ကို ငွေရေးကြေးရေးအရ လိုလေးသေးမရှိအောင်ထောက်ပံ့ပေးထားကြပုံရပြီး သားသမီးများမှာသီးခြားနေထိုင်ကြခြင်းဖြစ်ပါသည်။

အစပိုင်းမှာ ဦးလေးရှိန် အား​ မြသက် စိတ်မဝင်စားမိပေ။
အသက်ခြောက်ဆယ်ကျော်ဦးလေးကြီးအရွယ်ကို ဘာများအထူးတလည် စိတ်ဝင်စားရမည်နည်း။
သို့ပေမယ့်အသက်သုံးဆယ်နီးပါး အိမ်ထောင်ပျက်မလေး မြသက် တစ်ယောက် အတူနေမိသားစု၏ စီးပွားရေးမပြေလည်မှု့ သောကတွေကြားမှာ တွေးမိတွေးရာတွေးရင်းဦးလေးရှိန်ကို မျက်စိထဲမြင်
မိလာသည်။
ဦးလေးရှိန် ကိုသာ မြသက် ချဥ်းကပ်နိူင်ပါလျှင်..ဟူသော အတွေးက မျှော်လင့်ချက်တွေနဲ့ နိူးထစေလာပါသည်။

@@@@@@@@@@@@@@@@@@@@@

အခန်း(နှစ်)

အနင်းအနှိပ်အနည်းငယ်ရသော မြသက်တစ်ယောက် သည်အိမ်ကြီးထဲ ရောက်နိူင်မည့်လမ်းစကိုအချိန်ပြည့်ရှာရင်း အခုတော့ဖြင့် ဦးလေးရှိန်အနားရောက်လို့လာခဲ့ပြီဖြစ်ပါသည်။
ပြီးခဲ့တဲ့ သုံးရက်လောက်က ကျကျနနစေတနာပါပါ
နှိပ်နယ်ပေးလိုက်မှု့ကြောင့် ယနေ့တော့ ဒုတိယအကြိမ်မြောက်ရောက်လာခဲ့ခြင်းဖြစ်သည်။
အိမ်ထောင်ကျဘူးသူမို့ ဆန့်ကျင်ဘက်ယောကျ်ားသား၏ အရိပ်အကဲကို မြသက်ကောင်းကောင်းနားလည်သည်။
မြသက် အကင်းလည်း ပါး ပါသည်။
မြသက်ကို အသက်ဘယ်လောက်လဲ လို့ စတင်မေးခွန်းထုတ်နေပြီမို့ ပထမအဆင့် အနေနဲ့ မြသက်အောင်မြင်ခဲ့လေပြီ။

“”မြသက် ကလေ အခုလာမယ် တန်ဆောင်မုန်းလမှ အသက်သုံးဆယ် ပြည့်မှာပါ ဦး…””

ကျောဝဲသာသာ ဆံပင်ကို မစည်းနှောင်ပဲ တမင်ဖားလျားချလာခဲ့သူ မြသက်တစ်ယောက်ရှေ့သို့ ဝဲကျလာသော ဆံပင်တို့ကို အနောက်ဘက်သို့ ကနွဲ့ကလျ ပို့ရင်း ဦးလေးရှိန် လို့ သုံးနှုန်းနေရမှ ဦး..ရယ် လို့ တစ်လုံးတည်း ခေါ်ဆိုလိုက်ပါသည်။
အိမ်ကြီးထဲမှာ အခြားသူတွေ ဘယ်သူမှ ရှိမနေပေ။
ဦးလေးရှိန်၏ တူ ဆိုသူမှာ မြသက် ရောက်လာကတည်းက ​စျေးဝယ်စရာရှိသည့်ပုံစံဖြင့် အိမ်ကြီးထဲက ထွက်သွားလိုက်သည်မှာ အရိပ်အယောင်မှပင်မမြင်ရပေ။

ဦးလေးရှိန်သည် အရင်ရက် လာစဥ်..အိမ်ရှေ့ခန်းမှာ အနင်းနှိပ်ခံပါသည်။
ဒီနေ့တော့ သူ့အိပ်ခန်းမှာသာ နင်းနှိပ်ပေးပါဟု တောင်းဆိုလာသည်မို့ မြသက်မှာ မိမိလိုချင်သောအကွက်ကို ဖော်ဖို့ ကြိတ်ပြီး ဝမ်းသာမိသည်။
ဒီနေ့ ဦးလေးရှိန်ထံလာရမှာမို့ ရေချိုး ခေါင်း​လျှော်၊
သနပ်ခါးခြေဆုံးလိမ်း.ပြီး ရေမွှေးအနည်းငယ်ဆွတ်လာလိုက်သေးသည်။
ကိုယ်လုံးကိုယ်ထည်ပေါ်လွင်အောင် ခါးတိုရင်စေ့ကြပ်ထုတ်ထုတ်ကိုတမင်ရွေးချယ် ဝတ်ဆင်လာခဲ့ပါသည်။

အနင်းအနှိပ်မစခင် လက်အုပ်လေးချီပြီး ရိုရိုကျိုးကျိုးဖြင့် “” ကန့်တော့ပါနော် ဦး “” ဆိုပြီး
သိပ်ကိုယဥ်ကျေးသိမ်မွေ့ကြောင်းပြသထားပြီးဖြစ်သည်။
တကယ်တမ်းက ရွက်ကြမ်းရည်ကျိုရုပ်ရည် နှင့်
မြသက်သည် ရပ်ကွက်ထဲ အာကြမ်း၊လျှာကြမ်း၊ နူတ်ကြမ်းသူတစ်ဦးသာဖြစ်ပြီး မှားမှားမှန်မှန် ငုံမခံပဲ ရန်စွယ်ငေါငေါ နှင့် ပြသနာမကြာခဏ တက် တတ်သူသာဖြစ်ပါသည်။
သို့ပေမယ့်.. ဦးလေးရှိန်အမြင်မှာ နူးညံအေးဆေးသူ ရိုးသားသူလေးအဖြစ်ပေါ်လွင်အောင်စကားအပြောအဆို၊အနေအထိုင်ကအစ နူးညံသိမ့်မွေ့ပြနေရသည်။

“”အိမ်ထောင်ကွဲ ဆို ဟုတ်လား သမီး…””

“”ဟုတ်…ဟုတ်ပါတယ် ဦး..ငါးနှစ်လောက်ရှိပါပြီ။
သားသမီးလည်းမရခဲ့ပါဘူး။
မြသက်မိဘတွေက ဆင်းရဲတော့ သမီးအကြီးဖြစ်တဲ့ မြသက်က ပြန်ပြီးကြည့်ရှု့ပေးရတာကို မကြည်ဖြူရာကနေပြသနာဖြစ်ရပြီး လမ်းခွဲလိုက်တာပါ..””

“”သြော် ဖြစ်ရလေကွယ်””

အမှန်က ထိုသို့မဟုတ်ပေ။
ကွဲကွာသွားသည့် ကိုဟန်ထွန်း မှာ ရိုးရိုးသားသားအလုပ်နဲ့လက်မပြတ်လုပ်တတ်သည့် လူရိုးတစ်ယောက်သာဖြစ်ပါသည်။
ရှာရသမျှအကုန်ပြန်အပ်သည်။
လောင်းကစားမက်သည့်မြသက်ကြောင့် မကြာခဏအကြွေးတွေပေါ်လာသည့်အခါတိုင်း ဖြေရှင်းပေးခဲ့သူ။
ကြိမ်ဖန်ပေါင်းများလာတော့ ကိုဟန်ထွန်းလည်း စိတ်ပျက်ပြီး အိမ်ပေါ်ကဆင်းသွားခဲ့သည်။
ပြန်လာလောက်မည် ဟု တွေးထင်မိသော်လည်း
ကိုဟန်ထွန်းပြန်မလာသည့်အတွက် မြသက် တစ်ခုလပ်ဖြစ်ခဲ့ရသည်။
ကွဲတာလည်း ငါးနှစ်ရှိပြီဆိုတာ မဟုတ်ပေ။
နှစ် နှစ်လောက်သာရှိသေးသည်။
တမင်ငါးနှစ်လောက်ရှိပြီ လို့ဦးလေးရှိန်ကို ပိုပိုသာသာ ပြောလိုက်ခြင်းဖြစ်ပါသည်။

မြသက် နှင့် ဦးလေးရှိန် တို့နှစ်ဦးသား စကားတွေအများကြီးပင် မပြောလိုက်ရပေ။
တစ်ယောက်သဘော၊တစ်ယောက်မနောကို ထိုးထွင်းသိမြင်၍ ရက်အနည်းငယ်လေးအတွင်းပင် အဆင်ပြေသောဆက်ဆံရေးတစ်ခုရရှိသွားတော့သည်။
ဦးလေးရှိန် က လူရည်လည်သည်။
မြသက်ကို ညနေစောင်းသည်နှင့် အိမ်ပြန်ခိုင်းချင်သည်။
ဖုန်းတစ်လုံးဝယ်ပေးသည်။ မြသက်မှာငွေကြေးအခက်အခဲရှိသည်ဆိုသဖြင့် သိန်းနှင့်ချီကာ ထုတ်ပေးသည်။
လူသိရှင်ကြားအဖြစ်မခံပဲ သူ့အပေါ်နားလည်ပေးရန်တတွတ်တွတ်ပြောသည်။

မြသက် လိုချင်တာ သည်အခြေအနေလောက်မှမဟုတ်လေပဲ။
ဦးလေးရှိန်၏အသုံးစရိတ်အစွန်အဖျားလောက်ကို မြသက် မတင်းတိမ်နိူင်ပါ။
အလုံးစုံ မဟုတ်တောင် အရာရောက်သောပတ်သက်မှု့ဖြစ်စေဖို့ မြသက်ကြံစည်ရသည်။
ကြိုတင်ကြံစည်ထားသည့်အတိုင်း မိသားစုဝင်များနှင့်စည်းဝါးရိုက်ကာ ဦးလေးရှိန်၏ လူသိသားမယားဖြစ်ဖို့ အားထုတ်ရတော့သည်။

“”ရပ်ကွက်ထဲက လူတွေ ဟိုပြော၊ဒီပြော ပြောကြလွန်းလို့ အခြေအနေသိရအောင် ကျွန်မက ဦးရှိန်တို့ အိမ်ကိုလာခဲ့တာပါ။
လူတွေပြောနေကြ၊ဆိုနေကြသလိုပါပဲလား…
မိသက် ရယ် ညည်း…အစား ငါ့ဖြင့်ရှက်လိုက်တာအေ…ညည်းကျေနပ်ပေမယ့် ငါ မကျေနပ်ဘူး။
လူကြီးတိုင်မှာ…ကျေနပ်အောင် ဘယ်လို လုပ်ပေးမှာလဲ…ကျွန်မတို့သမီး မြသက် ကို တရားဝင်လက်ထပ်ယူမှာလား…..
ဦးရှိန် သဘောထားကို ပြောပါ…””

မြသက်မိခင်စကားကြောင့် ဦးလေးရှိန် မြသက်ကို တာဝန်ယူရလေပြီ။
ခမ်းခမ်းနားနားမဟုတ်ပေမယ့် တရားဝင်ဖို့သာအရေးကြီးပါသည်။
ဦးလေးရှိန် ၏ သားသမီးများရောက်ချလာပြီး မြသက်ကိုရော၊ဦးလေးရှိန် ကို ပြောဆိုပြစ်တင်ကြသည်။

“”အဖေရယ် ငယ်တော့တဲ့အသက်လည်းမဟုတ်ဘူး။ အဖေ့သမီး ကျွန်မထက်ငယ်တဲ့ ဒီမိန်းမက အဖေ့ကို ချစ်လို့ယူတာမှမဟုတ်တာ။
အဖေပိုက်ဆံရှိမှန်းသိလို့ ယူတာလေ…
ကျွန်မ ရပ်ကွက်ထဲက သတင်းရပြီးပါပြီ…
အိမ်ငှားနေရတဲ့အပြင် ကြွေးမြီကထူသေး…
ပြီးတော့ တစ်ခုလတ်၊ တစ်လင်ကွာ…အဖေ့ကို ပိုင်းလုံး လုပ်လိုက်တာလေ…
အဖေ နူံနူံအအလည်းမဟုတ်ပါပဲ…ဘာလို့ ဒီမိန်းမနဲ့မှ အငိုက်မိခံရတာလဲ….
ရတယ်လေ…ကျွန်မတို့ကတော့ သားသမီးဝတ္တရားအတိုင်း အဖေ့ကို လစဥ်လတိုင်း ထောက်ပံ့ပေးနေကြအတိုင်း ထောက်ပံ့ပေးမှာပါ။
အဖေ ကျန်းမာရေးအတွက် လိုအပ်သလောက်အခြေအနေပေါ်မူတည်ပြီး ကျွန်မတို့ မောင်နှမတွေ ကြည့်ရှုပေးမှာပါ။
ဒီထက်ပိုတဲ့ အခွင့်အရေးတော့ မပေးနိူင်ဘူး။
မိထွေး နေရာရော၊ မေမေလေးနေရာပါ မပေးဘူး။
ကျွန်မတို့ ဆွေတွေမျိုးတွေ အသိုင်းအဝိုင်းတွေကြားမှာတော့ အဖေ့မယားလေးကို ပွဲမထုတ်ပါနဲ့…
ကျွန်မ မောင်နှမအားလုံးကိုယ့်စားပြောတာပဲ…””

“”အေး တလက်စတည်း ပြောလိုက်ဦးမယ်…
ငါလည်းတသက်တာလုံး စီးပွားတွေရှာပြီး၊ နင်တို့တွေကို ပညာတက်ဖြစ်အောင်၊လူတစ်လုံးသူတစ်လုံး​ဖြစ်အောင် လုပ်ပေးခဲ့ပြီးပြီ။
နင်တို့ရသင့်ရထိုက်တာတွေလည်း ခွဲဝေပေးခဲ့ပြီးပြီမို့ အခုငါတို့နေတဲ့ အိမ်နဲ့ခြံ ကို ငါသေလွန်ခဲ့သည်ရှိသော်.မြမြသက်သာ ပိုင်ဆိုင်ခွင့်ရမယ်….
လုပ်သင့်လုပ်ထိုက်တာ ငါလုပ်ထားမှာမို့ နင်တို့အဲ့လောက်တော့သိထားပေး…””

“”သြော်….အဖေက မယား ငယ်ငယ်လေးကို ယုံစားနေလိုက်တာ….ကောင်းပါပြီ…ကောင်းပါပြီ..
အဖေကျေနပ်ရင် ပြီးတာပါပဲ။
ကျွန်မတို့အနေအထားကလည်း ဒီအိမ်နဲ့ခြံလောက်ကို မက်လောက်စရာလို့မှထင်မထားကြတာလေ။
အဖေ့မယား အတွက်တော့ မက်မောစရာပေါ့…
အဖေကျေနပ်ရင် ပြီးတာပါပဲ….
သမီးတို့ပြန်မယ်…တခုခုဆို ဖုန်းသာဆက်လိုက်အဖေရေ “”

ပြောချင်ရာ ပြောကြပါစေ။
မြသက် ခံနိူင်ရည်ရှိပါသည်။ မျက်နှာမွဲ မလေး မျက်နှာငယ်ရရှာလေတယ်…ဆိုတဲ့ သနားစရာအမူအရာမျက်နှာပေးလေးနှင့် မျက်ရည်စလေးခိုတွဲပြတော့ ဦးလေးရှိန် ခြေမကိုင်မိ၊လက်မကိုင်မိပင်ဖြစ်နေရှာသည်။

“”ဘယ်သူတွေ ဘာပြောပြော၊ အားငယ်ဖို့မလိုဘူး..
သက်ကလေး ဦး..ကို မေတ္တာစစ်နဲ့ ချစ်တာ ဦး ခံစားမိတယ်…မငိုနဲ့နော်…””

တကယ်လည်း မြသက် မငိုခဲ့ပါဘူး။
မြသက် ရောက်နေတဲ့နေရာကို မြသက်ကျေနပ်နေပါပြီ။
သွေးတိုးရောဂါ၊နှလုံးသွေးကြောကျဥ်းရောဂါရှိတဲ့ ဦးလေးရှိန် ကို စိတ်ရင်းအမှန်နဲ့ မြသက်ပြုစုစောင့်ရှောက်ပေးနိူင်သည်။
ဦးလေးရှိန် အနေနှင့် နေရလှ နောင်ဆယ်နှစ် ပေါ့…လို့ မြသက်တွေးနေ မိသည်။
အခုဆိုရင် မြသက် ကျေးဇူးကြောင့် မြသက်မိဘတွေလည်း အတန်အသင့် အဆင်ပြေနေကြပြီ မဟုတ်ပါလား။
ဤမျှလောက်နှင့် မတင်းတိမ်ပဲ ယူနိူင်သလောက်အခွင့်အရေးတော့ အရယူထားမည်ဟုတွေးဆနေမိပါသည်။

@@@@@@@@@@@@@@@@@@@@@

အခန်း(သုံး)

“”သက် ပြောစရာရှိရင်ပြောလေ…””

မြသက်၏ အမူအရာကိုကြည့်ပြီး ဦးလေးရှိန်က စကားစဖွင့်ပေးတော့ ဝမ်းသာမိပြန်သည်။
မြသက် မိသားစုကို သည်အိမ်ကြီးထဲ လာနေနိူင်ဖို့ ကြံစည်ရပေတော့မည်မို့ လိုတာထက်ပိုပြီးမျက်နှာကို ချိုပစ်လိုက်ပါသည်။

“”တခြားမဟုတ်ဘူး…ဦး ရဲ့…အမေတို့အိမ်ပြောင်းရတော့မယ်။ အိမ်ရှင်က ကန်ထရိုက်ပေးမှာမို့ ထပ်မငှားတော့ဘူး…တဲ့။
အိမ်ခန်းထပ်ရှာရမယ့်အတူတူ အမေတို့ကို ဒီအိမ်ကြီးမှာ အတူနေဖို့ ခေါ်ထားရအောင်လား..ဟင်။
အိမ်ကလည်း အကျယ်ကြီးပဲ ဟာ…နော်.. နော်..””

“”တခြားမှာ ထပ်ငှားဖို့ အခန်းသာ ရှာလိုက်ပါ သက်ရယ်…ဦးက လူတွေအများကြီးနဲ့ မနေချင်လို့ကို ဒီခြံကြီးထဲမှာ သီးခြားလာနေတာလေ။
အိမ်ငှားခ ကျသင့်ငွေ ဦး..ပေးမှာပေါ့…
သိတဲ့အတိုင်း…ဦး က စိတ်ရှုပ်လာရင် သွေး က အလိုလို တိုးလာရော…
သမီးကြီးဆီ ဖုန်းဆက်ပြီး ပိုက်ဆံလာပို့ခိုင်းလိုက်ပါ့မယ်…ငွေအတွက် မပူနဲ့နော်…ဟုတ်ပြီလား။
ဦး ကို သံပုရာရည်လေး တစ်ခွက်လောက် ဖျော်ပေးပါဦး…ပြီးတော့ ခြေထောက်တွေ နည်းနည်းလေးပင်နေတယ်…နေ့လည်ကျ နင်းပေးဦးနော်…””

တွက်ရေးမကိုက်လို့ စိတ်တိုနေရသည့်ကြားထဲ လူကို အခုထိ အနင်းအနှိပ်သည် လို မြင်နေတာအခံရခက်လှသည်။
ဦးလေးရှိန်အဖို့တော့ မြသက် ဟာ စပယ်ရှယ်သူနာပြုအဆင့် ဖြစ်နေပါလိမ့်မည်။
မြသက်ကတော့ ငွေရေးကြေးရေး မပူပင်ရတာလေးတစ်ခုသာ ရပြီး ပြုစုနေသည်မှာ ကြာတော့ ညည်းငွေ့လို့ လာပြီဖြစ်သည်။
မြသက် မိသားစုကို သည်အိမ်ကြီးမှာ အရောက်ခေါ်တင်ထားပြီး ဦးလေးရှိန်၏ ဝေရာဝစ္စတွေကို ဝိုင်းဝန်းလုပ်ကိုင်ပေးစေလိုသည်။
မြသက်လည်း ငယ်ရွယ်သူမို့ လူငယ်သဘာဝ လွတ်လပ်သော စိတ်ပျော်ရွှင်မှု့အချို့ဖြင့် ဟိုဟိုဒီဒီ သွားလာချင်မိသည်။
နေ့တိုင်း သက်ကြီးရွယ်အို လင်သားကြီး နံဘေးမှာ ပြုစုရင်းအချိန်ကုန်မခံလိုတော့ပေ။
ဖြစ်ချင်သလို ဖြစ်မလာသည့်အခါ သက်ပြင်းမောကိုသာချ၍ မိဘတွေနေထိုင်သည့် အိမ်ဘက်သို့ ခေတ္တ ခဏ သွားရန် ထရပ်လိုက်သည်။

“”အို….မူးလိုက်တာ “”

နားထင်စပ်ကို လက်ဖြင့် ဖိ၍ ပြန်ထိုင်လိုက်ရသည်။
အခုရက်ပိုင်း စိတ်ဖိစီးမှု့တွေ များလွန်း၍လားမသိပါ။ မကြာခဏ မူးမော နေတတ်သည်။
အိမ်ထောင်သည်မို့ ကိုယ်လေးလက်ဝန်ရှိနေခြင်းမဟုတ်ပါ။
ကလေးမရနိူင်အောင်စနစ်တကျ မြသက်တားဆီးထားခြင်းဖြစ်ပါသည်။
ဘာကြောင့် မူးနေမှန်းမသိပေ။
ဆေးထိုး၊ ဆေးသောက်ကြောက်တတ်သူ မြသက်တစ်ယောက် မဖြစ်မနေ ဆေးခန်းသွားရပေတော့မည်။

ဦးလေးရှိန်တစ်ယောက် နံဘေးဆီမှ သူ့မယားမြသက်.. မူးနေတာလည်း မသိ။
သူ့ဖတ်နေသည့်စာအုပ်မှာသာ စိတ်တို့မျောနေသည်မို့ မြသက်လည်း အမူးအနည်းငယ်ပြေသည်နှင့် မိဘတွေနေထိုင်ရာ အိမ်သို့ လမ်းလျှောက်ထွက်လာတော့သည်။

@@@@@@@@@@@@@@@@@@@@@

အခန်း(လေး)

မိဘတွေအိမ်ရောက်တော့ အိမ်ခန်းရှာဖို့ အကျိုးအကြောင်းပြောပြရသည်။

“”အိမ်ခန်းက ရှာရဦးမှာလား…
အ မ လေး အေ…ညည်းလင် အဖိုးကြီးက ညည်းတို့အိမ်မှာ တောင် ကျုပ်တို့မိသားစုကို မထားချင်ဘူးပေါ့…
အဲ့လိုမှန်းသိခဲ့ရင် ဒင်း နဲ့ ညည်းကို မညားခိုင်းပါဘူး။
သူကကျတော့ မိသက် နဲ့ ညားမှ ပိုပြီးကျန်းမာလို့၊
ဝလို့ ၊ဖြိုးလို့၊ တကတည်းတော်…ဒီပုံအတိုင်းဆို
တော်တော်နဲ့ ေ သ ပါ့မလား…
​ေ သ လည်း မ ​ေ သ နိူင်ဘူး..မေတ္တာတုံးပ…””

မြသက် စိတ်ထဲလည်း မိခင်ပြောသလို စိတ်မျိုးဖြစ်မိပါသည်။
စေတနာတွေ ဗရပွဖြင့် ပြုစုမနေချင်တော့ပေ။
လင်ပစ္စည်း၊မယားပိုင်တာမို့ အကယ်၍များဦးလေးရှိန် ​ေ သ ဆုံး ခဲ့ပါလျင် မြသက်စိတ်တိုင်းကျ အိမ်နှင့်ခြံကို ချယ်လှယ်ခွင့်ရလိမ့်မည်။
သိန်းထောင်ကျော်တန်သော အိမ်ကြီးအား ရောင်းချ၍ သင့်တင့်သောနေရာကွက်လေးပြန်ဝယ်ကာ လက်ထဲငွေတွေကိုင်၍ သုံးချင်တိုင်းသုံးရပေမည်။
အရင်က စိတ်ရင်းဖြင့်ပြုစုခဲ့ပါသော မြသက်တစ်ယောက် လင်သားဖြစ်သူကို အမြန် ​ေ သ စေချင်သည့်ဆန္ဒများကြီးစိုးလို့ နေပါတော့သည်။

“”မြသက် ညည်းမျက်နှာကြီး မို့အစ်နေပါလား..
နေရော ကောင်းရဲ့လား..သွေးတွေတိုးနေတာလားအေ
ကြည့်လုပ်ဦး…ဆေးခန်းလေးဘာလေးသွားလိုက်ဦး””

“”မသိပါဘူး အမေရာ…
မနေ့က ဒန်ပေါက်တွေလည်း စားတယ်။ ညက ဝက်သားနဲ့ပုန်းရည်ကြီး စားတယ်…အခုရက်ပိုင်း ည ညကျ လူက ကောင်းကောင်းလည်း အိပ်မပျော်ဘူး…သွေးတွေ ဘာတွေ တိုးသလား မသိပါဘူး။
ဆေးခန်းပြရင် ဆေးထိုးမှာစိုးလို့ အမေရဲ့…
ညနေတော့ ဆေးခန်းပြလိုက်ပါ့မယ်။
အိမ်ငှားခ ညနေလောက်ရမယ်ထင်တယ်..ညနေကျ ဆေးခန်းပြရင်းဝင်ပေးမယ်… အခုတော့ မြသက်ပြန်တော့မယ်…””

အမေကို နူတ်ဆက်ပြီး အိမ်ပြန်လာစဥ် ခြံရှေ့မှာ ဦးလေးရှိန် သမီးအကြီးမ၏ ကားလေး ရပ်ထားသည်ကိုတွေ့လိုက်ရသည်။
အိမ်ရှေ့အပေါက်ဝရောက်သည့်အခါမှာ ဦးလေးရှိန်တို့သားအဖ ပြောနေသောစကားများကို ကြားလိုက်ရပါတော့သည်။

“”ပိုက်ဆံလေးငါးသိန်း ကို မမြင်စမ်းနဲ့ ဝတ်ရည်ရယ်…အခုတောင် အိမ်ကကျယ်တယ်လေး..ဘာလေးနဲ့ မြမြသက် က သူ့အမေမိသားစုကို ခေါ်တင်ချင်နေတာ…
ငါက လူများရင် အလိုလိုအာရုံကနောက်ချင်လာတဲ့သူ…အိမ်ခန်းငှားခသာ ထုတ်ပေးလိုက်ရင်
အဲ့အရှုပ်ထုပ်တွေ ငါ့ခေါင်းပေါ်လာမခဲဘူး…
နင်တို့ ငါ့ကို စပါယ်ရှယ်နပ်(စ်)..ငှားပေးရင်တောင် တစ်လတစ်လ၊ မနည်းမနောကျမှာနော်…
ဒီလောက်ငွေလေးစိုက်ထုတ်ရတာကို မငြိုငြင်ကြစမ်းပါနဲ့ ဟာ…””

“”အမလေး ငါတို့အဖေ ပြောတတ်တယ် ဟား ဟား ဟား…မယားငယ်ငယ်လေးကို ချစ်တယ်မဟုတ်လား အဖေရဲ့…””

“”တော်စမ်းပါ ဝတ်ရည်ရာ…ငါ့ဘဝမှာ ​ေ သသွားတဲ့ နင်တို့အမေကသာ အချစ်ဆုံးပဲ…
ကျန်တာတွေက အလကား…””

“”တို့အဖေက သားသမီးတွေဆီက ပိုက်ဆံထွက်လာအောင်ပြောတတ်တယ် ဟား ဟား””

အသေအချာကြားနေရပါသည်။
ဒေါသကြောင့် အသားတွေတဆတ်ဆတ်တုန်ရင်လာသည့်အထိပါပဲ။
သည်ဇာတ်လမ်းကို မြသက် ကိုယ်တိုင်ရေးခဲ့တာပါ။
မြသက် အသာစီးရတယ်..လို့ တချိန်လုံးတွေးနေမိခဲ့သည်။
အခုတော့..ပုစ္ဆာ ဟာ ပြောင်းပြန်အချိုးကျနေလေသလား…
မြသက် စိတ်ရင်းမမှန်ခဲ့တာကြောင့်လား…
ခံပြင်းစိတ်နှင့် စိတ်ကလှုပ်ရှားလာသည်။
အနည်းငယ် အမူးသက်သာစပြုနေပြီဖြစ်သောဦးခေါင်းသည် တဖြည်းဖြည်း လေးလံလာပြီး ပြန်လည်မူးနောက်လာသည်။
လူကလဲကျတော့မလို့ဖြစ်လာတာကြောင့် အိမ်နံရံကို အမိအရလှမ်းကိုင်လိုက်သည်။
သို့ပေမယ့် ချားရဟတ်ကြီးလည်သည့်အလား ရင်အစုံသည်လည်းတလှပ် လှပ်ဖြစ်၍ မြသက် မျက်စိကိုမှိတ်ချလိုက်ရသည်။

“”ဘုန်း..””

ကိုယ်ခန္ဓာ သည် အရုပ်ကြိုးပြတ် ပျော့ခွေကာ လဲကျသွားတော့သည်။
အိမ်ထဲက ပြေးထွက်လာသံအချို့နှင့် မြသက်အမည်ကို ခေါ်နေသံတွေ…
ကြားတစ်ချက်၊ မကြားတစ်ချက်နှင့်။
မြသက်.ပုစ္ဆာတွက် မှားခဲ့လေပြီ။
အသံတို့၏ နီးခြင်း၊ ဝေးခြင်းကြားမှာ မြသက် အသိစိတ်တွေ ကွယ်ပျောက်ငြိမ်သက်သွားခဲ့ရလေသည်။

ရေးသားသူ – ယွန်းနှင်းဆီခိုင်

#ယွန်းနှင်းဆီခိုင်

#crd