အမေဆိုတာ တအိမ်လုံးရဲ့ လက်သမားဆရာပါ

Posted on

အမေဆိုတာ တအိမ်လုံးရဲ့
လက်သမားဆရာပါ (စ/ဆုံး)

———————————-

ခုည ၇နာရီလောက် သမီးတို့လင်မယားလာကန်တော့မယ်
ကိုတင်ထိုက်ရေ စောင့်လိုက်ပါလား

အေးဟာ ဝေးမှမဝေးတာ သမီးတို့ရောက်ရင်ဖုန်းဆက်လိုက်ပါ
ငါချက်ချင်း ထပြန်ခဲ့မယ်
မရတော့ဘူးဟ လေအန်နေလို့ပါ

သမီးကနားလည်တယ် သမက်ငြိုညင်မှာစိုးလို့ ကျမပြောနေတာပါ ကဲသွားချေ

သမက်နဲ့တဦးတည်းသောသမီးတို့မှာ
ပညာတတ်လေးတွေ စာပေးစာယူနဲ့ဘွဲ့ရထားပြီး မြို့လေးကပွဲရုံမှာ သမက်က
အရောင်းစာရင်းကိုင်လုပ်သည်
အရက်မသောက်တတ်
သမီးဖြစ်သူက အဝေးပြေးကားဂိတ်မှာ
တာဝန်ခံမန်နေဂျာလုပ်သည်
သားသမီးမရကြပါ
အရက်မသောက်တတ်သော သမက်နှင့်
လင်ယောက်ကျားကြားခုညတော့
မအေးခင်စိတ်ညစ်နေရသည်
ထိုအခိုက် သူမ၏အဖေအကြောင်းသိနေသော သမီးကမျက်နှာငယ်ဖြင့်
ယောက်ကျား၏ဆိုင်ကယ်နောက်က
ထိုင်လိုက်ကာ အဖေအမေတို့ခြံဝိုင်းထဲ
ဝင်လာကြ၏
ဆိုင််ကယ်မီးရောင် မြင်သည်နှင့်မအေးခင်ချက်ချင်းဖုန်းခေါ်၏

သားတို့ထိုင်ကြ
ကိုတင်ထိုက် သမီးတို့ရောက်ပြီဆိုကာဖုန်းချလိုက်သည်

သမီးနှင့်သမက်တို့ကမမေးကြပေမယ့်
မအေးခင်မျက်စိမျက်နှာပျက်နေ၏
သမက်လေးက

ရပါတယ်ဒေါ်လေးရယ်
ကျနော်တို့နောက်ကျတာပဲ
ဦးလေးကိုစောင့်ပြီးကန်တော့ပါမယ်

အေးပါ အေးပါ

ဟောသမီးအဖေလာပါပြီ သူ မသောက်တာ
တပါတ်လောက်ရှိပါပြီသမီးရေ
ခုညတော့ သူငယ်ချင်းတွေ ခေါ်လို့ပါ
ဟု သမီးနဲ့သမက်မယုံကြမှန်းသိပေမယ့်
မုသားလှလှဖြင့် ဖာထေးရသူက အရက်သမားမိန်းမဖြစ်သူ
မာတာမိခင် အမေပါ

အေး မခင်အေးရေ
ထမင်းကျွေးရအောင်ကွာသားနဲ့သမီးကို
(အာနဲနဲလေးသံဖြင့်)

ကဲလာထိုင်ပါတော် သားနဲ့သမီးကဘယ်တုန်းကကျမတို့အိမ်မှာထမင်းစားလို့လဲ ရှင်ကလဲ

ကန်တော့ကြနော်သမီးတို့

ကျန်းမာဝဖြိုးစည်းစိမ်းတိုးပါစေနော်
သမီး မကောင်းဘူးလားအဖေပေးတဲ့ဆု

ကောင်းတယ်အဖေ

သမက်ဖြစ်သူက

ဦး ပိန်သွားတယ် မျက်နှာလည်းပွနေတယ်နော် ဆေးခန်းပြကြည့်ပါလား

မင်းကလဲ ဆရာဝန်မဟုတ်ပဲနဲ့ ကွာ
မပွပါဘူးကောင်းနေတာပဲ

ပြန်တော့မယ် အမေဟု အကင်းပါးသူသမီးက
အဖေနှင့်လင်ယောက်ကျားကြားစကားဖြတ်လိုက်သည်

အေးသမီးရေ မနက်က သမီးတို့လာကန်တော့မယ်ဆိုကတည်းက
အမေချက်ထားတာ ဝက်သားဟင်းလေး
မနက်အစာပြေစားရအောင်ယူသွား
အချိုချက် ချက်ထားတာ

ကျေးဇူးပါဒေါ်လေး

နေပါစေအမေ

ဥမ္မာကလဲ ယူခဲ့ပါကွာ
မနက်၅နာရီမီးလာတာပဲ
ထမင်းကြော်နဲ့စားရအောင်

အေးပါသားရယ် ယူပါ အမေ့လက်ရာလေးပါဟယ်

ဟုတ်ကဲ့

သမီးနဲ့သမက် ဝက်သား အစိတ်သားချက်ဂျိုင့်လေးဆွဲလို့ ဆိုင်ကယ်ထွက်သွားချင်းပင်

မခင်အေး ၅ထောင်ပေးစမ်း
ငါအရက်ဆိုင်က မစမ်းကိုကြွားလာတယ် ငါ့သမက်နဲ့သမီးနှစ်တိုင်း ၅သောင်းကန်တော့တယ်လို့ ပြောမိလိုက်တယ်
ဒါဆိုခုညကျွေးလာဆပ်တဲ့

ရှင့်မှာလဲ ရော့ ရော့ ကလေးတွေကန်တော့ငွေလက်ထဲမပူသေးဘူးချက်ချင်းပဲ

ပိုက်ဆံငါးထောင်ကိုင်၍ ကိုတင်ထိုက်အရက်ဆိုင်သို့သုတ်ချေတင်၏
မိခင်ကြီး မခင်အေးကတော့
စာအိတ်ထဲက သမီးနဲ့သမက်ကန်တော့ခဲ့သောပိုက်ဆံကိုရေရင်း
ဟယ်တသိန်းတောင်ပါလား
ရင်ဘတ်ကလေးလက်ဖြင့်ဖိ၏
တပြိုင်ထဲဘုရားစင်ရှေ့သွားကာ
ကန်တော့ငွေစာအိပ်ကိုဘုရားထံဆက်ကပ်၏
ထိုင်ချကာ ရှိခိုးပူဇော်၏
သစ္စာတွေလည်းဆိုနေတာကြားရ၏
သမီးနဲ့သမက်အားတိုးတက်ကြီးပွားပါစေဟုအထပ်ထပ်မေတ္တာပို့လေသည်
မနက်ဖန်စျေးရောင်းကောင်းရပါလို၏
အကြွေးဝယ်သူမရှိပါစေနဲ့ဟုလည်းဆိုသည်
မခင်အေး၏
နောက်ဆုံးဆုတောင်းသည်ကား
တပည့်တော်၏ယောက်ကျားအရက်သမား
ကိုတင်ထိုက်သည် ဆေးရုံဆေးခန်းပြရမယ့်အရက်ရောဂါများနှင့်ကင်းဝေးရပါလို၏ဘုရား
ဟူ၏