အရက်သမားဆို သိပ်ကိုမုန်းတယ်

Posted on

#ဆင်ဖြူကျွန်းအောင်သိန်း
အရက်သမားဆို သိပ်ကိုမုန်းတယ်

(၁)

အလုံးလိုက် အခဲလိုက် လိမ့်၍ လိမ့်၍ တက်လာသော မိုးသားတိမ်စိုင်များက ယခုပင် ချက်ချင်း ပြိုတော့မည့်အလား၊ ရွာကလေးကိုပင် မိုးရေဖြင့် ဖုံးအုပ် ပစ်တော့မည့်အလား။

အလုံးလိုက် အခဲလိုက်တက်လာစဉ်က အေးဆောင် သည် မိုးသားကိုကြည့်ကာ ဝမ်းသာခဲ့ရသည်။

“နင်ဘယ်ပြေးမလဲမိုး။ နင်မရွာဘဲ နေနိုင်မလား”

စနေထောင့်သို့ မျှော်ကြည့်ကာ အေးဆောင် တဟားဟား ရယ်မောခဲ့မိသည်။ သည်မိုးကို သူတို့ရွာက ယာသမားများသာ တောင့်တသည်မဟုတ်။ တစ်နယ်လုံးရှိ ယာသမားတိုင်း မျှော်လင့်သည်။

မိုးခေါင်ရေရှား ရပ်ဝန်းတစ်ခုလုံးရှိ လယ်သမား၊ ယာသမား ကိုင်းသမားတိုင်း တောင့်တသည်။ ဟော လာပါပြီ။ ခေါင်းပေါ်ကရော ပတ်ဝန်းကျင်ပတ်ခြာ ရှစ်မျက်နှာကပါ မိုးချုန်းသည်။ စည်ကြီးကို ထုလိုက်သည့် သို့လည်း ချုန်းသည်။ ဧရာမဗုံးကြီး ပေါက်ကွဲသကဲ့သို့ ချုန်းသည်။

အေးဆောင်ရပ်နေသော မြေကြီးကိုလည်း တုန်နေသည်အထိ ချုန်းသည်လည်း ရှိသည်။ ဝါးတောကို မီးလောင်သံဖြင့်လည်း ချုန်း၏ ။

ချုန်းပါ ချုန်းပါ။

သို့သော် မိုးမရွာပါ။

မိုးချုန်းသံများကြားတွင် အရပ်ကိုးမျက်နှာမှ လှုပ်ရှားပြေးလွှားနေသော အရာကား လျှပ်စီးလက်ပုံများ။ အသံမပါဘဲ ဝင်းကနဲ့သာ လက်၏ ။ လက်နေဆဲတွင် မိုးချုန်းသံနှင့် တွဲဖက်ပြီး လက်၏ ။

ညဉ့်မှောင်မှောင်တွင် လေးကိုင်းကြီး မီးရှို့ပြီး ပစ်လွှတ် လိုက်ပုံနှင့် လက်သော လျှပ်ပန်း

သစ်ကိုင်း သစ်ခက်ပုံ ဖန်တီးထားသော ဖန်ချောင်းကို လျှပ်စစ်မီးတစ်ချက်သာ အလင်းခိုင်းပြီး မီးဖြတ်လိုက်သည့်နှယ် လင်းပြက်သော လျှပ်နွယ်

နောက်ခံကား ကမ္မလာနက်ပေါ် သို့ ကြိုးတိုတိုတစ်ချောင်းကို မီးရှို့ပြီး အောက်မှ အပေါ်သို့ ထိုးတင်လိုက်သည့် အလှကိုပြသော လျှပ်ထောင်

မည်းနက်သောကောင်းကင်ကြီးသည် အက်ကြောင်းများ ပေါ်လာကာ ရှေ့သို့တိုး၍ ကွဲအက်ကြေမွသွားစဉ် နောက်က စေ့ပိတ်သွားသော လျှပ်လောင်

လျှပ်ပန်းမျိုးစုံတို့ ပွင့်သစ်ဆန်း၍ အားရသလောက် ရှိမှ စောစောက လေပြေကလေးသည် ဝေါကနဲ့ ဝေါကနဲ့ သံဟုန်ကြွေးလာ၍ တဆက်တည်းဆိုသလိုပင် အိမ်အမိုးများ လွင့်ပျံကုန်သည်။

သစ်ပင်ကိုင်းတွေ ပဲ့လို့ပဲ့၊ ကျိုးလိုကျိုး၊ လဲလိုလဲ။ သည်အကျိုးအပဲ့များနှင့်အတူ အမှိုက်အစအနများ ပျံတက်ကြသည်။ ဖုန်လုံးကြီးသည် ပြာမှောင်သော ကောင်းကင်၏အလှကို မရေမရာဖြစ်အောင် ဖုံးအုပ်ပစ်ကြသည်။

“လေတွေ မိုးတွေ လာပါလို့ ကဆုန်လပြည့်ကျော်”

ကိုယ်ချည်းတုံး (ကိုယ်တုံးလုံး) နှင့် ကလေးများသည် အိမ်ရှေ့သို့ ပြေးထွက်ကြ၏ ။ လမ်းမပေါ်သို့ ခုန်ပေါက်ပြေးလာကြသည်။

“မိုးကဘယ်နေမှန်း မသိဘူး၊ နင်တို့က တမှောင့်”

အေးဆောင် လှမ်းအော်သည်။

အေးဆောင်နှင့်အတူပင် အခြားအိမ်များမှလည်း လှမ်းအော်ဟစ်ကြသည်။ မိုးဦး လေဦးတွင် သစ်ကိုင်းကျိုးများ ရိုက်မိတတ်သည်။ သစ်ပင်လဲ၍ ပိတတ်သည်။ လူ့အသုံး အဆောင်နှင့် အိမ်အမိုးများကအစ နေသားတကျ မရှိသေးသည့်အတွက် လွင့်ပျံပြီး ထိမိခိုက်မိမည်စိုး၍ အော်ဟစ်သော သတိပေးသံများဖြစ်၏။

လေပြင်းအောက်တွင် တစ်ရွာလုံး ဝုန်းဒိုင်းကျဲနေသည်။ လေတစ်ချက်အလျှော့တွင် ဝေါကနဲ့ ဝေါကနဲ့ မိုးပေါက်များ ကျဆင်းလာသည်။ ထန်းရွက်ပေါ်သို့ မန်ကျည်းရွက်တွေ ကြွေကျသည့်အသံနှင့် မှားမည်စိုးသဖြင့် သေသေချာချာ ကြည့်ရသည်။

မိုးပါ၊ မိုးအစစ်ပါ။

အေးဆောင်၏ ညိုမှောင်သော ပခုံး ရင်ဘတ်တို့တွင် စိန်မှုန် စိန်စနှယ် မိုးပေါက်ကလေးတွေ သီးပြွတ်နေကြသည်။

“ရှာပါဟ … ရှာပါဟ”

မိုးသည် လူစကား နားလည်ပုံရသည်။ ဝေါကနဲ့ ဝေါကနဲ့ လေသံကဲနေရာမှ လေသံလျော့ပြီး တဖြောင်းဖြောင်းအသံသို့ ပြောင်းလျက် တအားရွာချလေ၏ ။

“ဟဲ့ လူကလေး၊ ဟဲ့ ထင်းတွေ မိုးလုံရဲ့လားဟဲ့”

မိုးသံကိုဖောက်ပြီး အမေ့အော်သံပေါ်လာသဖြင့် အေးဆောင်ပြေးရသည်။ ထင်းကို စင်ပေါ်တင်ကာ အမိုးမိုးထားသော်ငြား လေအတိုက်တွင် ပျက်နိုင် လန်နိုင်သဖြင့် ထပ်မံ စစ်ဆေးရခြင်းဖြစ်၏။

ထင်းစင်ကိုကြည့်အပြီးတွင် နွားတင်းကုပ်ကို အပြေးအလွှား စစ်ဆေးခဲ့သေး၏ ။ နွားတွေပေါ်သို့ မိုးယိုသလား အမိုးအောက်က အဆင့်ပေါ်ရှိ ပစ္စည်းပစ္စယတွေကော လုံရဲ့လား စသည်။

“ဟဲ့ ရော့ ရော့”

အေးဆောင်၏ အမေသည် အုပ်ဆောင်းကလေးတစ်ခုလှမ်းပေးနေပြန်၏ ။ နှီးဖြင့်ယက်လုပ်ပြီး ထိပ်ချွန်လက်ကိုင်နေရာတွင် သစ်သားတပ်ကာ ဟင်္သပြဒါး ခပ်ကြမ်းကြမ်း သုတ်ထားသော အုပ်ဆောင်း၊ သောက်ရေအိုးစင်ကို ဖုံးသော အုပ်ဆောင်း။

“ခေါင်းကို ရေစိုရင် နှာစေးမယ်ဟဲ့။ ဆောင်းထား”

အေးဆောင် စောဒကမတက်၊ လက်ခံပြီး ခေါင်းဆောင်းထားလိုက်၏။ သို့ဖြစ်ငြား သူ့အမေသည် အိမ်ထဲမဝင်သေး။

“တင်းကုပ်ကော မိုးလုံရဲ့လား”

“ကြည့်ပြီးပြီ အမေ၊ လုံပါတယ်”

“လှည်းစီးကုန်းကော”

ဟုတ်လေ၏။ လှည်းစီးကုံးကို အမေ သတိပေးမှ သတိရ၏ ။ လှည်းသန်နှင့် လှည်းထမ်းပုံတုံးကို တွဲနှောင်ထားသော လှည်စီးကုံးကို ကျွဲသရေဖြင့် ပြုလုပ်ထားသည်။ သူ့ကို မိုးစိုလျှင် ပျော့ပြဲပြီး ကျွတ်ထွက်မည်။ ပျက်စီးမည်။ မိုးသာမဟုတ် နေပူလွန်းလျှင်လည်း မကောင်း။ သို့ကြောင့် ပေလက်၏ အရင်းပိုင်း (ပေဖတ်)ဖြင့် အမြဲအုပ်ထားသည်။

ယနေ့မှ ပို၍ ဝီရိယတိုးကာ လှည်းစီးကုံးကို ပလက်စတစ်ဖြင့် အခိုင်အခံ့ပတ်သည်။ အိမ်တွင် ရပ်နားထားသော အချိန်၌ အပေါ်မှ ပေဖတ်ထပ်အုပ်သည်။ သို့သော် အမေပြောမှ အေးဆောင် သတိရသည်။ လှည်းစီးကုံးကို အသေအချာ စစ်ဆေးပြီးမှ ပြန်ပြေးလာသောအခါ အမေသည် ပေါက်တူးတစ်လက်ကို လှမ်းပေးနှင့်၏ ။

အမေကလည်း မပြော၊ သားကလည်း မမေး။ သို့ဖြစ်ငြား အေးဆောင် သိပါသည်။ သည်မျှ မိုးသည်းလျှင် ဘာလုပ်ရမည် ဆိုသည်ကို အေးဆောင်သိပါသည်။

မိုးသည် ဖုန်သိပ်အောင် ရွာပြီးလျှင် ဟိုမှသည် သည်မှ ယိုစီးဆင်းတော့မည်။ နိမ့်ရာသို့ဝင်မည်။

အရေးအကြီးဆုံးကား နွားတင်းကုပ်တည်း။ နွားတင်းကုပ်ထဲ ရေဝင်လျှင် နွားတွေ အိပ်စရာမရှိ ဖြစ်မည်။ ထို့ကြောင့် နွားတင်း ကုပ်ဘက်သို့ အေးဆောင် ပြေးလာ၏ ။

ယမန်နှစ် တစ်နှစ်လုံး မိုးသည် ဟုတ်ဟုတ်ဟပ်ဟပ် မရွာခဲ့။ သည်အခါ မိုးရေထိန်းသည့် “တံစက်ကြောင်း” ကိုပင် အေးဆောင် တူးမိသည်မထင်။

ဟုတ်လောက်ပေသည်။ တံစက်မြိတ်ကြောင်းသည် တံစက်မြိတ်အောက်၌ အရာသော်မှ မရှိတော့။ အခြားနေရာ များနှင့် တစ်ညီတည်း။ သို့ကြောင့် အေးဆောင် တံစက်ကြောင်း ပေါက်သည်။ နွားတင်းကုပ်ကို ပတ်၍ ပေါက်သည်။

ရွှံ့မြုပ် တဖွေးဖွေးနှင့် ရေသည် ထွက်ပေါက်မရှိ၊ မည်သည့်နေရာသို့ မြောင်းသွယ် ပေးရမည်နည်း။ ဟုတ်ပြီ။ နွားချေးပုံ ဘေးဘက်ကမြေသည် နိမ့်သည်။ သည်ဘက်သို့ ဖောက်မည်။

အေးဆောင်သည် တံစက်မြိတ်အပြင်ဘက်မှ မြေကိုပေါက်သည်။ ငါးချက် ခြောက်ချက် သည်မျှသာ ပေါက်ရသေးသည် မိုးတိတ်သွားပြီ။ အေးဆောင်သည် စိတ်ပျက်သွားသည်။

အကြောင်းသော် မြောင်းဖောက်ရန် သူ တူးသော ပေါက်သော မြေကြီးထဲသို့ မိုးရေသည် လက်တစ်သစ် နက်အောင်ပင် မဝင်သေးသောကြောင့်ဖြစ်၏။

မိုးလာသော တောင်အရပ်သို့ မျှော်ကြည့်၏ ။မိုးလုံးညွတ်မျှ မင်တောင်မင်ခဲကြီး ညို့နေဆဲပင်။ ချုန်းသံများကလည်း အရပ်ကိုးမျက်နှာအနှံ့ လွင့်ဆဲ ညံဆဲ။ သို့ဖြစ်ငြား သည်းသော မိုးသည် ဖွဲရာမှ စဲသွားသည်။

အေးဆောင်သည် မြောင်းကိုပင်”ပေါက်”အောင် မတူးနိုင်တော့ပါ။ နွားတင်းကုပ်တိုင်ကိုမှီ၍ ငေးမောနေမိသည်။ငေးယင်းက သူ တက်ခေါက်မိသည်။

“ဒါလောက်ကလေးနဲ့ ဘာသွားလုပ်ရမှာလဲ”

မြည်တွန်မိသည်။

သည့်နှစ်ဆရွာလျှင် ထွန်သွားတစ်ဆုံး အစိုရမည်။ ယင်းသို့ဆိုက ယာထရေး ကောင်းကောင်းလုပ်နိုင်သည်။ ရေဝပ်ပြီး စိမ့်စွဲချင်သောအကွက်တွင် ပြောင်းကလေး ဘာလေး အပြေးအလွှား ကြံနိုင်သေးသည်။

ယခုသော်ကား၊ တောင်မရောက် မြောက်မရောက်နှင့် ဘာလုပ်မည်နည်း။ တိုးပြီး ပူရုံ အိုက်ရုံသာ ရှိမည်။

(၂)

မိုးသည် တောင်မရောက် မြောက်မရောက်နှင့် မည်သို့မျှ အလုပ်မဖြစ်ငြား၊ ယာပြင်သို့ အေးဆောင် ရောက်ဖြစ်အောင် ရောက်သေးသည်။

ယာပြင်၏ မြေကြီးများအတွက် အကြောင်းမထူးလှပါ။ မြေကြီး ဝမ်းယောင်ရုံသာရှိ၏ ။ မည်သည့်နေရာ မည်သည့်ပစ္စည်းကဟု မသိရသော အနံ့မျိုးစုံတို့ ထွက်ပျံနေသည်။ သည်အထဲတွင် အပြင်းဆုံးရနံ့ကား ချိုတိုတို ချိုပျပျ အနံ့ပင်။

“ဟာ နင့်မေကလွှား၊ မိုးက ငါတို့အတွက် အရာမရောက်ပေမယ့် သစ်ပင်တွေ အတွက်တော့ အဟန်သားပါလား”

လူမမြင်ရသေး။ ဆဲသံကို အလျင်ကြားရသော ဦးသက် မြသွယ်အဖေ။ အမှန်ပင်၊ ရှားစောင်းပြသာဒ် စည်းရိုးတန်း ကွယ်နေသေးသောကြောင့် ဦးသက် တယောက်တည်းလား၊ မြသွယ် ပါသေးလားဟူသည်ကို အေးဆောင်မမြင်ရသေး။

သစ်ပင် ချုံနွယ်များသည် ရွက်ဟောင်းခွာချွေထားရပေမင့် ရွက်သစ် မဝေနိုင်ကြရှာပေ။ ရွက်သစ်ပုရစ်နုကလေးများ ပြုရုံပြုကာ နေပူဒဏ်ကို တင်းခံရင်း မိုးအလာကို ဖုန်းလိမ်းလျှက်ခံနေကြရသည်။

ယခု မိုးလေးတစ်ဖြိုက်လည်း ကျရော မြစိမ်းရောင် တပြောင်ပြောင်တွင် ငွေရည်ဆမ်းလျှက် ခေါင်းထောင်လာကြသည်။ ရွက်သစ် ရွက်နုတို့ နေ့ချင်းညဉ့်ချင်း ပြုလာသည်။ စို့လာသည်။ ဝေဆာလာသည်။ သည်ကိုရည်၍ ဦးသက် ရေရွတ်နေဆဲ အေးဆောင်ကို မြင်လိုက်သောအခါတွင်

“ငါ့လခွေးတဲ့၊ ငါက မင်းတော့ မြေအခြေအနေ ကြည့်ပြီး ပြန်သွားဘီတောင် ထင်နေတာ”

နှုတ်ဆက်စကားဆို၏။

“မလာတော့ဘူးတောင် စိတ်ကူးတာ အရီးရ၊ နောက်မှ လိုရမယ်ရဆိုပြီး ထွက်လာတာ”

ဖြေလည်းဖြေ မျက်လုံးကလည်း ဟိုဒီဝေ့လိုက်ရာ ဟိုးတခေါ် မရှိတရှိတွင် မြသွယ်ကို မြင်ရသည်။

နွားလျှာကြီးချုံဘေးတွင် တလှုပ်လှုပ်ဖြင့် ဟင်းရွက်ခူးနေပေ၏ ။ ချစ်သော မြသွယ် နရှာကြီးရွက် ခူးနေသည်ကိုမြင်မှ အမေ့ကိုအမှတ်ရမိသည်။

“အမေက နရှာကြီးရွက် သိပ်ကြိုက်တာ၊ ခူးသွားအုံးမှပါ”

တွေးနေဆဲမှာပင် သူ့ အတွေးသည် တုံ့ကနဲ့ရပ်သွား၏ ။

“ဟင်းရွက်ရဘီထား။ ဟင်းခတ်မရှိယင် အဲ အဲ ဟုတ်ပီ”

မမျှော်လင့်သော အကြံကောင်းတစ်ချက်သည် အေးဆောင် ခေါင်းထဲသို့ ပြက်ကနဲ့ ဝင်လာ၏ ။ သူသည် မြသွယ်ကို အိမ်သို့ ယခုချက်ချင်း သူ့အိမ်သို့ ခေါ်သွားရမည့် အမိန့်ပေးသံကို ကြားလိုက်ရသည့်အလား တစ်မျက်နှာလုံး ဝင်းထိန်နေ၏ ။ မျက်လုံး အစုံကား ရွှန်းဝင်းနေ၏ ။

“နင့်မေကလွှားမှပဲ၊ စကားတောင် မပြောရသေးဘူး သွားတော့မှာလား”

“ကိစ္စကလေးရှိသေးလို့ အရီးရဲ့”

အေးဆောင်သည် ဦးသက်အား တိုတိုဖြေကာ ယာခရိုးကို ကျောခိုင်းခဲ့သည်။ မြသွယ်ထံမှ ချိုမြိန်သော သေချင်းဆိုးခေါ်သံ၊ မသာကြီးခေါ်သံတို့ကိုပင် သွားရောက် နားမဆင်နိုင်တော့ပေ။

အေးဆောင် သွက်သွက်လှမ်း၏။ လှမ်းလာသော်ငြား၊ ဦးတည်ရမည့်နေရာကို ရွေး၍မရသေး။ သို့ကြောင့် အိမ်ပြန်လာပြီး၊ နွားမြီးညွှတ်များနှင့် ပေါက်တူးကို ယူသည်။ ညွှတ်ကိုမြင်လျှင် ကျားဘိုသည် အမြီးနှံ့ကာ ကပ်လာ၏ ။

ဤခွေးသည် ယာထဲသို့ မခေါ်ပဲနှင့်မလိုက်ပေ။ သို့သော် ပိုက်ကိုဖြစ်စေ၊ ညွှတ်ကိုဖြစ်စေ၊ ပြောင်းဝါးကိုဖြစ်စေ အေးဆောင်ကိုင်ပြီး ထွက်လျှင်ကား မခေါ်ဘဲနှင့်လိုက်လာတော့သည်။

အေးဆောင်သည် ဟင်းအိုးတည်းတွင် ဟင်းလျှာနှင့်
ရောနှောစရာ ‘ဟင်းခတ်’ ကို စဉ်းစားရာမှ၊ နွားလျှာကြီးရွက် စပ်စပ်ချက်သည် ပုတက်ကင်နှင့် အလိုက်ဖက်ဆုံးပါကလားဟု သတိရသည်။

ရာသီဥတုကလည်း မိုး မစို့မပို့ရွာပြီးတွင် မရွာမီကထက် ပို၍ ပူချိန်၊ ပို၍ အိုက်ချိန်၊ သည်အခါတွင် ပုတက်တွေ မြူးမည်။ အချိန်ကာလကလည်း ပုတက်များ သားပေါက်ပြီးစ အချိန်မဟုတ်လား။

ကျားဘိုသည် အေးဆောင်ရှေ့သို့ ရောက်သွားချေ၊ အတူလိုက်ချေ၊ နောက်ကျ ချေ၊ ရှေ့သို့ပြေးသွားချေဖြင့်ပါလာ၏ ။

ရွာတံခါးမှ ထွက်မိသည်အထိ ပုတက်ထောက်ရန်နေရာကို အေးဆောင် မရွေးရသေး။ ရွာဘေးပတ်ဝန်းကျင် ချုံတွေ ကုန်းတွေတွင် ပုတက်ပေါသည်။ သို့သော်သည် နေရာများသို့ အေးဆောင် မသွားချင်။

ရွာမှ လူများသည် အိမ်သာသုံးစွဲကျင့်မရသေး။ သို့ကြောင့် ချုံကြိုချုံကြားတွင် ဖင်ကို ဆူးစူးခံပြီး ထိုင်ကြသည်။ ရွာနားပျော် ပုတက်များကလည်း သည်အရာကို အလွန်ကြိုက်။

သက်တမ်းတူသော ပုတက်ချင်းဖြစ်စေကာမူ၊ ရွာနားပုတက်က အလပ်စတစ်စကလေးခြုံထားသော လုံမပျိုနှယ်လှ၏။ ဝင်း၏။ အိ၏ ။ ဆူဖြိုး၏ ။

ရွာနှင့် ဝေးသော ပုတက်ကား မှန်တန်းသာ ဝသည်။ မှန်တမ်းသာ လှသည်။

အေးဆောင်သည် မိမိယာသို့သွားသော လမ်းခွဲသို့ တစ်ကြော့ပြန်ရောက်လာသောအခါ ဆန့်ကျင်ဘက်လမ်းခွဲသို့ လိုက်လာသည်။ တစ်ခေါ်လောက်သွားမိလျှင် ကုန်းတမ်းကလေးတစ်ခုကို လှမ်းမြင်ရသည်။

မွန်းနှံ့ချုံများ နဘူးချုံများ ကြိုးတိုးကျဲတဲ ပေါက်နေသောကုန်း။ ကြီးကြီးမားမား ပင်စောက်ဟူ၍ လက်ခုပ်တစ်ဖောင်သာမြင့်သော အုန္နဲပင်တစ်ပင်သာရှိသော ကုန်း။

ကျားဘိုသည် သည်ကုန်းဆီသို့ ပြေး၏ ။ အေးဆောင်သည် သံဖြတ်ဖြင့် နှစ်ချက် လေချွန်လိုက်၏ ။ ကျားဘို ပြန်ပြေးလာ၏။အေးဆောင်သည် ကျားဘို၏ ကျောကိုပွတ်ကာ ခေါင်းကို နှစ်ချက်ပုတ်လိုက်၏ ။

သည်သို့ဆိုလျှင် ကျားဘို နားလည်ပြီ။ ရှေ့ကျော်မသွားတော့။ အစက်အပြောက်ပါသော လျှာကြီးထုတ်ကာ သခင့်ထံပါးမှ မခွာတော့ပြီ။

အေးဆောင်နှင့် ကျားဘိုတို့ ကုန်းစပ်သို့ ညင်သာစွာ တက်၍ သွားကြ၏ ။ မည်မျှပင် ခြေသံလုံပေမယ့်၊ ဝါကျင်ကျင်အကောင်များသည် ဟိုနားကရွှတ်ကနဲ့၊ သည်နားကရွှတ်ကနဲ့ သစ်ရွက်ခြောက်များကို တိုးဝှေ့ကာ ပြေးဝင်သွားကြ၏ ။

သွားပါစေ … သွားပါစေ။

သည်မျှမြင်ရလျှင် အေးဆောင် ကျေနပ်ပါပြီ။ အေးဆောင်သည် ကျင်းကိုပင် မရှာတော့ပါ။ နဘူးကိုင်းရင့်ရင့် တစ်ချောင်းနှင့် အရွက်မထွက်သေးသော နုနုတစ်ချောင်းကို ခုတ်ယူလိုက်သည်။ ရင့်သော အချောင်းကို အရှည်တစ်ထွာခန့် ငုတ်ကလေးများလုပ်ကာ အဖျားချွန်သည်။ အရင်းတွင် နွားမြီး ညွှတ်ကွင်းကို ချီသည်။

ညွှတ်ရလျှင် မွန်းနှံချုံတစ်ချုံဘေးတွင် ဒူးထောက်လိုက်သည်။ ကျစ်စာများနှင့် ပုတက်တွင်းသည် ပြေးမလွတ်။ သို့ဖြစ်ငြား၊ တွင်းတွေ့ကာမျှဖြင့် ကျစ်စာရှိကာမျှဖြင့် သည်တွင်းထဲတွင် ပုတက် ရှိမည် မမည်သေး။ တူးဆဲတွင်းဖြစ်နေလျှင် မည်သို့လုပ်မည်နည်း။ ညွှတ်ကုန်ရုံ အချိန်ကုန်ရုံရှိမည်။

ထို့ကြောင့် နဘူးကိုင်းအနုဖြင့် အသာကလေးထိုးကြည့်သည်။ နဘူးကိုင်းသည် နှစ်တောင်ခန့်အထိ ဆကာဆကာ ထိုးတိုင်းဝင်သွား၏။ နဘူးကိုင်းအဖျားသည် ပျော့စိစိအကောင်ကို ထိုးမိနေကြောင်း၊ အရင်းတွင်ကိုင်ထားသော လက်ကသိ၏။ သေချာပြီ။ သေချာတော့မှ နဘူးငုတ်ကို ဓားနှောင့်ဖြင့် ရိုက်ကာစိုက်သည်။ ညွှတ်ကွင်းကို တွင်းဝတွင် ချသည်။

နောက်ထပ် တွင်းသစ်ရှာသည်။ စူးစမ်းသည်။ သေချာမှ ထောင်သည်။ မသေချာလျှင် မထောင်။ ညွှတ်သုံးဆယ်ကို တစ်နာရီခွဲ နှစ်နာရီမျှ ကြာသည်။
ညွှတ်ကုန်စေကာမူ တွင်းမကုန်သေး။

သို့သော် အေးဆောင်သည် လောဘကို အတောသတ်သည်။ ညွှတ်ထောင်စဉ်ကမူ ကိုယ့်ဇော ကိုယ့်အာရုံနှင့်မို့ နေပူသည်ကို မသိ။ ကိစ္စပြီးစီးချိန်ကျမှသာ ကျောကိုကော့ရမှန်းသိသည်။ နေသည် ကျောကွဲအောင် ပူနေပါ တကား။

ကျားဘိုကို လက်ဖြစ်တီးခေါ်ပြီး အုန္နဲပင်ရိပ်သို့လာခဲ့သည်။ ဆေးလိပ်သောက်ရင်း အမောဖြေသည်။ အမောဖြေရင်း ညွှတ်များရှိသော ချုံစပ်များသို့ မျက်လုံးကစား နေမိသည်။

အေးဆောင် ငြိမ်ပေမင့် ကျားဘိုက မငြိမ်ချင်။ နားရွက်နှစ်ဖက်ကို ဖွင့်ထားကာ ဟောင်မည်တကဲကဲ ဟန်ပြင်နေသဖြင့် ခေါင်းကို မကြာခဏပွတ်ပေးရ၏

မြေပြင်ပေါ် တွင် အသံတိတ်ဆိတ်မှ မြေတွင်းကအကောင်များ ရဲဝံ့စွာ ထွက်လာတတ်သောကြောင့် ငြိမ်သက်ရန် တိတ်ဆိတ်ရန်လို၏ ။

သည်နှယ် တိတ်တိတ်ကလေးနေမှ ဟိုနားက ရွှတ်ကနဲ့ ပြေးထွက်လာလိုက်၊ သည်နားက ရွှတ်ကနဲ့ ပြေးထွက်လာလိုက် လုပ်နေကြ၏ ။ မြင်ရသည့်အကောင်တွေကလည်း သေးသေးမဟုတ်၊ လက်နှစ်လုံးခွဲ သုံးလုံးကောင်ကြီးတွေ။

“အေးပေါ့ကွာ မြူးကြအုံးပေါ့”

အေးဆောင် စိတ်ထဲက ကြုံးဝါးမိသည်။ ညွှတ်ရှိရာမှ မထွက်၊ မရှိသည့် နေရာမှချည်း တသွတ်သွတ်ထွက်နေသောကြောင့် မခံချိမခံသာ ဖြစ်နေရပြန်သည်။ သည်သို့ ရှိနေဆဲ၊ မမျှော်လင့်သော အနှောင့်အယှက်က ဝင်လာသည်။

“ဟေ့ကောင် ဘာလာလုပ်နေတာလဲ
တစ်ယောက်ထဲ”

ချဉ်စုတ်စုတ် ထန်းရည်နံ့နှင့်အတူ ထွက်ပေါ်လာသော အသံ။

အေးဆောင် ထောင်းကနဲ့ ဒေါသဖြစ်မိသည်။ အသံရှင်ကို ဒေါသတကြီး လှည့်ကြည့်မိသည်။ အရက်သမား ထန်းရည်သမား ဦးပန်းဘူး။

ကိုယ့်အမေထက်ပင် အသက်ကြီးသူမို့ အေးဆောင် ဒေါသချုပ်ထိန်းလိုက်ရသည်။ အော်လိုက်၊ ငေါက်လိုက် ၊ မာန်မဲလိုက်မည် ဟန်ပြင်ထားသော ပါးစပ်ကိုလည်း ပိတ်ထားလိုက်ရသည်။

သို့သော် ဦးပန်းဘူးကား အလိုက်မသိ။ ကိုယ့်လမ်းကို မသွား။

“မိုးရွာပြီးစဆိုတော့ ဒီနေရာမှာ ပုတတ်ပေါမှာ သေချာတယ်ကွ”

မြန်မြန်ခွာသွားစေရန် အေးဆောင် မျက်နှာမှုန်ထား၏ ။ စကားမပြော၊ မပြောငြား အေးဆောင် လက်ထဲရှိ ပေါက်တူးကို မြင်သွားသည်။

“ဟန်တာပဲဟေ့၊ ပုတက် တစ်ခါချက်လောက်တော့ လိုက်အုံးမှ”

ပြောပြောဆိုဆိုဖြင့် အေးဆောင်လက်ထဲမှ ပေါက်တူးရိုးကို လှမ်းဆွဲလိုက်ရာ ကျားဘိုသည် မာန်မဲသံပေးပြီး ဦးပန်းဘူးလက်ကို ငုံထားလေ
တော့သည်။

“ဟား သောက်ပတ်ကရိုးတဲ့ခွေး၊ နှင့်အမေငါ”

စသည်ဖြင့် ဆဲကာ ဦးပန်းဘူး နောက်တွန့်သွားသည်။ ထပ်ဆင့်ပြီး အယုတ္တ အနတ္တတွေ ဆဲယင်း အုန္နဲပင်ရိပ်မှ ထွက်သွားလေတော့သည်။

“သွားတော့မလား အရီးရ၊ အစောကြီးရှိသေးတာကို”

အေးဆောင်သည် ယခုမှ စကားပြောသည်။ အမြင်ကပ်ကပ်နှင့် လှိမ့်ရယ်သည်။

ဦးပန်းဘူးကား တတွတ်တွတ်ဆဲကာ တရွေ့ရွေ့ထွက်သွားလေသည်။ ဦးပန်းဘူး အတော်ဝေးသွားချိန်တွင် အေးဆောင်သည် ပေါက်တူးဆွဲကာ သစ်ပင်ရိပ်မှ ထွက်လာသည်။

သူ့ကို အသည်းယားအောင် ရွှတ်ကနဲ့ ရွှတ်ကနဲ့ ကိုယ်ရောင်ပြသော ပုတတ်များကို စတင်တူးသည်။ သူတူးနေစဉ်တွင် ကျားဘိုသည် လျှာတလူးလူးဖြင့် ဆောင့်ကြောင့်ထိုင်နေ၏။

အေးဆောင်က မြေစာများကုန်အောင် ကဲ့ထုတ်လိုက်ပြီး အတူးရပ်လိုက်သည်။ သည်နေရာကို ကျားဘိုဝင်လျက်သည်။

သူသည် ယက်လိုက် နမ်းလိုက် လုပ်နေရာမှ အမြီးတယမ်းယမ်းဖြင့် ဟောင်သံပေးစပြုလာသည်။ ပုတတ်နှင့် နီးကပ်နေပြီဖြစ်ကြောင်း အေးဆောင် သိသည်။ သိသည့်အလျောက် မျက်စိလျင်လျင်ထားနေရသည်။

“ကျားဘို ဖယ်စမ်း ဖယ်စမ်း”

ကျားဘိုက မဖယ်၊ အတင်းယက်သည်။ ယက်နေရာက ဝုန်းကနဲ့ ခုန်တက်သည်။

တွင်းရိုးတွင် ဆက်လက်ပုန်းအောင်းနေလျှင် အန္တရာယ်ရှိနေပြီမို့ တွင်းထဲမှ ပုတတ်သည် ဂယ်ပေါက်မှ ပြေးထွက်သွားသည့်အတွက် အေးဆောင်ထက် လျင်သော ကျားဘိုက ပြေးဟပ်လိုက်ခြင်းဖြစ်၏ ။

ကျောကုန်း ဗျက်လက်သုံးလုံးခန့်ရှိသော အဝါပြောက်ကောင်ကြီးမှာ ကျားဘို တစ်ချက်ခါလိုက်ရုံဖြင့် ငြိမ်သက်သွားသည်။

အေးဆောင် နဘူးကိုင်းထပ်ခုတ်၏။ အဖျား၌ အလက်ပါသော ကိုင်းအရင့်ဖြစ်သည်။ အခက်အလက်များကို သင်ပစ်ကာ အဖျားတွင်သာ အလက်တစ်လက် ချန်ထား၏ ။

တူး၍ရသော ပုတတ်၊ ညွတ်ဖြင့်ထောင်ရသော ပုတတ်များကို သည်နဘူးကိုင်းတွင် သီသည်။ မွန်းတည့်ပြီ။ မွန်းတည့်နေသည် အေးဆောင်၏ မွဲပြောင်နေသော ကျောပြင်ကြီးကို အစွမ်းကုန်ထိုးဆွနေသည်။

အေးဆောင်သည် ကျောကိုကော့ကာ ဟိုဘက်လှည့်လိုက်၊ သည်ဘက်လှည့်လိုက်ဖြင့် နေအပူကို ခုခံနေသည်။ အလုပ်ကား အပျက်မခံချေ။

ကျားဘိုကား အလုပ်တာဝန်ပြီးပြီမို့ နဘူးချုံရိပ်တွင် ဝပ်နေ၏ ။ အေးဆောင်မူ မနားနိုင်သေး

လင်းကတည်းက ဘာမှမစားရသေးသဖြင့် ဝမ်းမီးကလည်း လောင်လှပြီ။ ဝမ်းမီးတောက်လောင်သည်နှင့်အမျှ လုပ်စရာကို မဲပြီးလုပ်သည်။

သည်ပုတတ်တွေကို ရင်ခွဲ၊ တံညှပ်ဖြင့်ညှပ်ကာ မီးကင်ရန် ကျပ်တိုက်ရန် လိုသေးသည်။ အိမ်ခြေယာခြေနှင့်ဝေးသော သည်ကုန်းတွင် အမှိုက်လည်းပေါသည်။ သစ်ကိုင်းအတိုအစလည်း ပေါသည်။ သည်အရာတွင် စုပုံမီးတိုက်ကာ ပုတတ်ကျက်တိုက်ရန် နေရာကောင်းဖြစ်သည်။

သို့ဖြစ်ငြား အေးဆောင် မခံနိုင်တော့ပါ။ တံညှပ်အတွက် နဘူးကိုင်းခုတ်နေရ သည်ကိုပင် မနည်းအံကြိတ်ထားရသည်။ အမေ စိတ်မချမည်ကို စိုးရိမ်ရမည်ကလည်း တစ်ဖက်။ ထို့ကြောင့် နဘူးချုံမှ နဘူးကိုင်းများအလုံအလောက် ရရခြင်း အိမ်သို့ သုတ်ခြေ တင်ခဲ့သည်။

ရေတံခွန်ပြောင်းပြန်စီးသကဲ့သို့ မြေပြင်မှ တံလှပ်ခိုးများ တဟပ်ဟပ် ထွက်နေ၏ ။ မြေပြင်ပေါ်သို့ ခြေနင်းချတိုင်း ချတိုင်း ခြေဖဝါးတစ်ပြင်လုံး ကျက်သွားပြီထင်ရသည်။ သည်နှယ် ခြေပူသောအခါ အေးဆောင် ပို၍ခြေသွက်သည်။ ခြေမသွက်လျှင် မြေပြင်ပေါ်ကြာကြာရပ်နေသည်နှင့်တူကာ ခြေဖဝါးကြာရှည်ပူမည် မဟုတ်ပါလား။

ထင်သည့်အတိုင်းပင် အမေသည် ခေါင်းပေါ် ပုဆိုးစုတ်တင်လျက် ဝိုင်းဝမှ ထွက်မျှော်နေနှင့်သည်။ အေးဆောင်သည် မိခင်အားပင် နှုတ်မဆက်နိုင်ဘဲ ပေါက်တူး၊ ဓားနှင့် ပုတတ်သီတံကို အိမ်ကြမ်းပြင်ပေါ်တွင် ပစ်ချလိုက်သည်။

မီးဖိုထဲတွင် ပလုံးတောင်းဖုံးလျက် တချို့၊ ဆန်ဆေးတောင်းအုပ်တစ်နည်းဖြင့် ထမင်းဟင်း ခူးခပ်ထားပြီးရှိသည်။ လက်ဆေးမိသည် မဆေးမိသည်ကိုပင် အေးဆောင် မသိ။ နွားရေငတ်ကျ အတင်းဝင်စားမိတော့သည်။

ခွက်ဝင်အိုးတစ်လုံး မပြည့်တပြည့်ချက်ထားသော ထမင်းများ အိုးထဲတွင် ပြောင်စင်သွားတော့မှ အေးဆောင် လက်နှေးသွားသည်။

ရေသောက်ပြီးချိန်တွင် သူ့ဝမ်းဗိုက်မှာ ကောင်းကောင်း မတင်းတိမ်သေး။ ထည့်ထားဆဲ တစ်ပန်းကန်ကို ကုန်အောင် စားလိုက်ချင်သေးသည်။ သို့သော် စောစောက ဆာဆာနှင့်မို့ ဟင်းကိုသတိမထားမိ။ အခုမှကြည့်မိသည်။ ဟင်းခတ်မပါသော ကြက်သဟင်းရွက်ဟင်းချိုနှင့် ငရုတ်သီးထောင်းဖြစ်ပေသည်။

သူထမင်းစားနေခိုက်တွင် ကျားဘိုလည်း ပွဲတော်ကြီးတွေ့နေ၏။ အေးဆောင် အမေသည် မန်ကျည်းရိပ်တွင် ထန်းရွက်တစ်ချပ်တည်းခင်းကာ ပုတတ်ကိုင်လျက်ရှိသည်။ ရင်ခွဲ၍ ထွက်လာသမျှကို၊ အူအသည်းကလီစာမှန်သမျှ ကျားဘို့အတွက်ချည်း။

အေးဆောင်လည်း ထမင်းစားပြီးလျှင် စားပြီးခြင်း ပြေးဆင်းလာကာ၊ နွားခေါင်းထဲတွင် ရေရှိ မရှိ ကြည့်သည်။ နွားစာထပ်ဖြည့် ရေထပ်ဖြည့်ပေးပြီးနောက် အမေဘေးသို့ ရောက်လာ၏။

ပြောင်းဖူးဖက် ဆေးလိပ်အသေးကို ပါးစပ်တွင် ချိတ်လျက် လက်က တစ်မျိုး တစ်ခုလုပ်ရသည်။

ပထမ နဘူးကိုင်းတွေကို တောင်ဆုပ်မရှိ တရှိ ဖြတ်ရသည်။

ဒုတိယ ဖြတ်ပြီးသား နဘူးကိုင်းကို ထိပ်ခွဲကာ ဟထားသည်။

တတိယ ရင်ခွဲပြီး အသင့်ဖြစ်နေသော ပုတတ်ကို လက်ဖြင့် ဆားပက်ကာ တံညှပ်တွင် ညှပ်သည်။ ပုတတ်အမြီးသည် တံညှပ်ထက် ပိုရှည်နေသေးသည့်အတွက် အတွင်းသို့ ကွေးယူ ကာ ကျောပေါ် တင်ထားပြီး မလှုပ်ရွှေ့အောင် ညှပ်လိုက်သည်။ ထိပ်မှပေရွက်ဖြင့် တုပ်နှောင်လိုက်သောအခါ

“ပုတတ်ကော့ ကော့သွားမယ်” ဆိုသော စကားအတိုင်း ကားလည်းကား၊ ကော့လည်းကော့နေသော ပုတတ်ကို မီးကင်ရန် အသင့်ဖြစ်သွားချေပြီ။

ပုတတ် အကြီးအသေး အကောင်ခြောက်ဆယ်ကျော်ကို နှစ်နာရီခန့် ကိုင်ရသည်။ တံညှပ်ဖြင့် ညှပ်ပြီးသား ပုတတ်များကို တစ်တောင့်ထွာခန့်မြင့်သော စင်တွင် အချို့တင်သည်။ အချို့ကို မီးဖိုလေးတွင် ဝန်းရံပြီး ကင်သည်။

အေးဆောင်၏ တာဝန်မှာ သည်မျှနှင့် မပြီးသေးပေ။ ပုတတ်လိုက်ရာတွင် ကျောကွဲမတတ် ပူသည်။ ကျပ်တိုက်ရာတွင်လည်း မီးခိုး အခိုးခံ၊ မီးအပူခံရသေးသည်။ သို့သော် သည်မျှဖြင့် တာဝန်မကုန်သေး။

ပိုက်ဆံဖြစ်အောင် ဆောင်ရွက်ပြီး အမေ့လက်ထဲထည့်ရဦးမည်။ သို့ကြောင့် မနက်စောစော ဈေးတက်မည့် လှည်းကို စောင့်နေရသည်။

သူလှည်းကြုံစောင့်တော့မှ ရှားလိုက်သည့် လှည်း၊ အတော်ကလေး လင်းရောင်သမ်းတော့မှ အိမ်ရှေ့သို့ လှည်းတစ်စီးထိုးရပ်၏။

“ကိုအေးဆောင် လိုက်အုံးမလား”

အေးဆောင် ဝမ်းသာလိုက်သည်မှာ ဆိုဘွယ်မရှိပြီ။ လှည်းကြုံရ၍ မဟုတ်။ မြသွယ်၏လှည်း ဖြစ်နေသောကြောင့်။

စကားတပြောပြောနှင့် လာခဲ့ကြရာ ဈေးအနီးတွင် ဆုံရန်နေရာ သတ်မှတ်ပြီးနောက် လူစုခွဲကြသည်။

မြသွယ်မှာ ရောင်းစရာ လှည်းတစ်စီးစာထင်းနှင့် ပျားရည်တစ်ပုလင်း ပါသွားသည်။

အေးဆောင်မှာ ကုန်ခြောက်တန်းနှင့် ဟင်းရွက်တန်းကြားရှိ အုတ်ခုံစွန်းတွင် ပုတတ်ကင်တွေ ချရောင်းရာ မျက်နှာငယ်လှသည်။

“အမယ်လေးတော် ပြောက်တိပြောက်ကြားနဲ့ မစားရဲပါဘူး” ဆိုသူက ဆိုသွား၏ ။

“ကြားဖူးပေါင်တော် ပုတတ်တဲ့”

မြည်တွန်သွားသူကလည်း ရှိသေးသည်။ အေးဆောင်ကလည်း မညံ့ပါ။

“ကြက်သား၊ ဝက်သား၊ အမဲသား ဝယ်စားပါအမရာ တစ်ဆယ်သား တစ်မတ် မရပါဘူး၊ ကျုပ်အကောင်တွေက ပုဇွန်ခြောက်လိုလည်း ဆိမ့်တယ်၊ အမဲသားလိုလည်း ချိုတယ်ဗျ။ တစ်ကောင်မှ တစ်မတ်ပါ။ တစ်ခါဝယ်စားယင် လျှာလည်သွားမနော”

“အမလေး လျှာမလည်ချင်နေပါစေ၊ မစားရဲပါဘူး”

တစ်ယောက်လာလည်း ဟင်၊ တစ်ယောက်လာလည်း ရှုံ့မဲ့သွားနှင့် အတော်နေမြင့်သည်အထိ ဈေးဦးမပေါက်။

ထင်းလှည်းတစ်စီးလုံး ရောင်းချပြီးသော မြသွယ် ရောက်လာချိန်တွင်မူ ဆယ်ကောင်သာ ရောင်းရသေးသည်။

ဝယ်သွားသူများမှာ အေးဆောင်တို့နှင့် များစွာမခြားနားလှ။ မြို့စွန်တွင်နေသော ဆင်းရဲသားများဖြစ်ကြသည်။

“ညီလေး ဒါ ဘာတွေလဲကွ၊ တောက်တဲ့လား ပုတ်သင်ညိုလား”

အာလေး လျှာလေးနှင့် မေးလာသူထံမှ ချဉ်စူးစူးအနံမှာ ပြင်းထန်လှသည်။

နဂိုရ်ကပင် အရက်သမားကို မကြည်ညိုသော အေးဆောင်သည် ယမန်နေ့က ဦးပန်းဘူးနှင့် ဆုံသောအခါ ပိုပြီးမုန်းသည်။

ယခု လာပြန်ပြီ၊ ပုတတ်ကို တောက်တဲ့လားတဲ့။

“ပုတတ်ပါဗျာ။ ဘယ်က တောက်တဲ့ရမှာလဲ”

အေးဆောင် ငေါက်ဆက်ဆက် ဖြေပစ်သည်။

“ဘယ်လိုစားရမလဲ။ အကိုက မသိလို့ မေးတာနော်”

“တောက်တောက်စင်း စင်းကောပြီး ကြက်သွန်နဲ့ ကြော်ချင်ကြော်၊ ကြွပ်အောင်မီးကင်ပြီး ငသိုင်းခြောက်တို့ ငါးကျည်းခြောက်တို့ သုံးတဲ့နေရာမှာ အစားထိုးပြီး သုံးရင်လဲ ရပါတယ်၊ ချိုတယ် ဆိမ့်တယ်”

အရက်သမားကို မျက်နှာကြော မတည့်စေကာမူ၊ ရှည်လျားပြည့်စုံစွာ ပုတတ်ကြော်ငြာကို ရွတ်ဆိုခွင့် သည်တစ်ကြိမ်သာရသေးသောကြောင့် အေးဆောင် စိတ်ရှည်လက်ရှည်ထားကာ ရှင်းပြမိ၏ ။

“တစ်ကောင် ဘယ်လောက်လဲ”
“တစ်မတ်ထဲပါဗျာ”

“အကောင်နှစ်ဆယ်ဆိုတော့ ငါးကျပ်။ ငါးကျပ်ဖိုးကို နှစ်ကောင် အဆစ်ပေးကွာ”

အေးဆောင် ငြင်းမနေတော့။ သေးသေးနှစ်ကောင် အဆစ်ပေးလိုက်သည်။

သည်လိုလူမျိုး ကြုံခဲဘိခြင်း။

နောက်တစ်နာရီအတွင်း ဝယ်သူတစ်ယောက်မှ မလာပေ။ ပုတတ်ကင်ပါဟု ပြောလိုက်တိုင်း နှာခေါင်းရှုံ့ သွားသူ ကြက်သီးထသွားသူက များနေချိန်မို့ အေးဆောင်မှာ အော်၍လည်း မရောင်းရဲ။

“ဒီနားမှာ ပုတတ်ကင်တွေ ရောင်းတယ်ကြားပါတယ်။ ကုန်သွားဘီလား”

သူ့ညာဘက် ငါးယောက်ကျော်လောက်မှ ဟောင်ဖွာ ဟောင်ဖွာနှင့် မေးသံကြားလိုက်ရသဖြင့် အေးဆောင် ဝမ်းသာအားရ လှမ်းကြည့်သည်။

“ဒီမှာပါဗျာ… ဒီမှာပါ”

လူသုံးယောက် ဖြစ်သည်။

သုံးယောက်စလုံး အရက်စော်ဖြင့် ဟောင်နေရုံသာမက ယိမ်းထိုးနေသေးသည်။ ပါးစပ်တွင် ကွမ်းတွေးပေကျံနေသည်။ အင်္ကျီအောက်နားမှာ လုံချည်အပြင်သို့ ဖရိုဖရဲထွက်နေကာ ပုလင်းကို ခါး၌ထိုးထားသေးသည်။

သည်ပုံကို အေးဆောင် မရွံ့တော့ပါ၊ အော့နှလုံး မနာတော့ပါ။

“နှစ်ကျပ်ဖိုး ပေးပါ အစ်ကို “

“ငါ့လည်း နှစ်ကျပ်ဖိုးကွ “

“ကျန်တာ အကုန်လုံး ငါယူမယ်ဟေ့”

ပထမ နှစ်ယောက်က ကျပ်တန်နှစ်ရွက်စီနှင့်၊ နောက်ဆုံးလူက ငါးကျပ်တန်တစ်ရွက် ထုတ်ပေးယင်း၊ နတ်ဝင်သည် ယိမ်းကနေဘိအလား ယိမ်းထိုးနေကြသည်။

သူတို့ ပါးစပ်ဟလိုက်တိုင်း ဟလိုက်တိုင်း ထွက်ပျံလာသော ရနံ့သည် အေးဆောင်နှာခေါင်းထဲ၌ ချဉ်စုတ်စုတ် တူးတူးခါးခါး မဟုတ်ချေပြီ။

နှင်းဆီနံ့ စပယ်နံ့နှယ် သင်းပျံ့ကြူမွှေးနေလေသည်။

“အကိုတို့ နှစ်ကျပ်ဖိုးသမားတွေကို တစ်ကောင်စီ အဆစ်ပေးလိုက်ပါတယ်။ လေးကျပ်ဖိုးသမားကိုတော့ နောက်ဆုံးပိတ် အိတ်နှင့်လွယ်၊ သုံးကောင် အဆစ်ပေးလိုက်ပါတယ်။ လမ်းမှာ ကျကုန်မှာစိုးလို့၊ သေသေချာချာ ကြိုးနဲ့ စည်းပေးလိုက်ပါတယ်”

အေးဆောင်၏အပြောသည် ချိုသာပါဘိ။ ယမန်နေ့က အရက်သမားတစ်ဦးဖြစ်သော ဦးပန်းဘူးကို ကြည့်ခဲ့စဉ်က မျက်လုံးများနှင့်လည်း မတူ၊ နူးညံ့လှပါဘိ။ ကြည်လင်လှပါဘိ။

– ပြီး –

စာရေးသူ – ဆင်ဖြူကျွန်းအောင်သိန်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ