အရိုင်းနှင့်အယဉ်

Posted on

ခင်မောင်အေး (မန္တလေး)
အရိုင်းနှင့်အယဉ်

လက်ပန်လှရွာ ဘိုတဲ ဝရန်တာပေါ်တွင် ကုလားထိုင်တစ်လုံးနှင့် အေးအေးလူလူ ထိုင်နေရင်းက ဝင်းပေါက်မှ ဝင်လာသော မုဆိုးကြီး ဦးဖေရှင်ကို လှမ်းမြင်လိုက်လေသည်။ ဦးဖေရှင်၏ လက်ထဲမှ ပုဆိုးဟောင်းတစ်ထည်နှင့် ထုပ်၍ ပိုက်ပိုက်ပွေ့ပွေ့ ယူလာသည့် အသွင်ကြောင့် ချေပေါင်ပေလား၊ ဆတ်သားပေလားဟု စိတ်တွင်းမှ အောက်မေ့မိ၏။

စဥ့်ကူး မတ္တရာ ကားလမ်းအတွက် ကန်ထရိုက်အလုပ် ရရှိသောကြောင့် လက်ပန်လှရွာသို့ လာရောက်နေထိုင်လျက်ရှိရသည့် လပိုင်းမျှအတောအတွင်း ရွာခံမုဆိုး ဦးဖေရှင်နှင့် ဝါသနာတူချင်း ရင်းနှီးခင်မင်လာကြရ၏။

နေ့စဉ် တောတွင်းသို့ သွားလာနိုင်သူပီပီ ချေ၊ ဆတ်၊ ဝက်နှင့် တစ်ခါတစ်ရံ စိုင်၊ ပြောင်များပါ ရရှိနေကျဖြစ်၍ ကျွန်တော်စားရန် အသားက ပြတ်လပ်ခြင်း မရှိခဲ့ပါချေ။

ယခုလည်း ဦးဖေရှင်ကြီး ကျွန်တော့်အတွက် အသားတစ်ခုခုတော့ လာပေးပြန်ချေပြီဟု ထင်မိ၏။

အနားသို့ရောက်၍ စားပွဲပေါ်သို့ အထုပ်ကလေးကို ချလိုက်မှ ကျွန်တော့်အထင်မှာ တက်တက်စင်လွဲကြောင်း သိရှိရ၏။ ဦးဖေရှင်၏ ပုဆိုးဟောင်းကလေးဖြင့် ပတ်လျက် စားပွဲပေါ်တွင် မြင်လိုက်ရသည်ကား နှစ်ပတ်သားသာသာခန့်သာရှိဦးမည့် ကျားသစ်ပေါက်စကလေး ဖြစ်၏။

“ဟာ… ချစ်ဖို့ကောင်းလိုက်တာဗျာ၊ ဦးဖေရှင်ကြီး ဘယ်ကရလာပြန်ပြီလဲဗျ. . .”

ကျွန်တော်က တိရစ္ဆာန်ချစ်တတ်သူ ဖြစ်သဖြင့် ကျားသစ်ကလေးအား ရင်ခွင်တွင်းသို့ သွင်းပွေ့ရင်း လှမ်းမေးမိ၏။ အကောင်ကလေးက ကျွန်တော့်ရင်ခွင်အတွင်း ကိုယ်ငွေ့ကြောင့် မှိန်းလျက်ရှိသည်။

ရက်ပိုင်းသားကလေးဖြစ်၍ အမွေးကလေးများက ကတ္တီပါစ ကလေးများပမာ နူးညံ့ပျော့ပျောင်းလျက်။ တောက်ပြောင်သော လိမ္မော်သွေးပေါ်တွင် အနက်ကွက်ကလေးများ ခြယ်လှယ်ထားပုံကပင် ချစ်စဖွယ် လှပပါပေသည်။

“တစ်နေ့ကတည်းက မအူပင်ချောင်းဖျားဘက် သွားရင်း ရခဲ့တာလေ။ တွေ့တွေ့ချင်း မယူဝံ့သေးဘူး။ အနီးအပါးက သူ့အမေများ ရှိနေမလားလို့ ကြည့်ရသေးတယ်။ အရိပ်အယာင်ကလည်း မမြင်တာနဲ့ ငနဲလေးကို ပုဆိုးနဲ့ထုပ်ပြီး တစ်ချိုးတည်း ပြန်ပြေးလာခဲ့ရတယ်။ ခင်းဗျားတော့ ခုန်နေမှာပဲလို့တော့ အထင်သား”

ဦးဖေရှင်ကြီးက ကျားသစ်ကလေးရခဲ့ပုံကို ပြန်ပြောင်းဇာတ်လှန်ရင်း ကျွန်တော့်အား အကြောင်းသိပီပီ ထေ့လိုက်သည်။

ကျွန်တော်ကလည်း ဦးဖေရှင်ကြီး ပြောမည်ဆိုက ပြောစရာပင်။ ကြက်၊ ဘဲကအစ ကြက်တူရွေး၊ ခွေး၊ ကြောင်၊ ယုန် မွေး၍ရသမျှ စုံအောင်မွေးထားသည်။

တစ်ခါက စပါးကြီးမြွေတစ်ကောင်ပင် သံစကာအိမ်ရိုက်၍ မွေးထားခဲ့ရာ သမီးအငယ်ကလေး ကြောက်လွန်းလှသောကြောင့် တကျည်ကျည်ငိုတော့သည်။ သို့နှင့် အိမ်ရှင်မက မကျေမနပ် ကန့်ကွက်၍ တိရစ္ဆာန်ရုံသို့ လှူပစ်လိုက်ခဲ့ရပေသည်။

“ခင်ဗျားတော့ အတော်ဒုက္ခခံမွေးရမယ်။ နို့ဘူးနဲ့မှ မွေးလို့ရမယ်ထင်တယ်။ အကောင်ကလေးက သန်သန်မာမာတော့ အရှိသားဗျ”

ဦးဖေရှင်ကဆိုသည်။

“အိုဗျာ ကိစ္စမရှိပါဘူး၊ မနက်ဖြန် နို့ဆီတစ်သေတ္တာ ထပ်မှာလိုက်ရုံပေါ့။ ဝန်ထောက်မင်းကား မန္တလေးသွားမယ့်ဟာ”

ဤသို့ပင် ရဲကျော်က ကျွန်တော့်ထံရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ပြင်ကြီးတောင် သစ်တောပျိုးခင်းများအတွက် မကြာခဏ လက်ပန်လှသို့ လာရောက်နေထိုင်လေ့ရှိသည့် သစ်တောဝန်မင်း ဦးသိန်းဟန်ကပင် ကျွန်တော့် ကျားသစ်ကလေးအား “ရဲကျော်” ဟု အမည်ပေးခဲ့၏။ ရဲကျော်သည် နေ့ချင်းညချင်းပင် မျက်စိအောက်တွင် တဖြည်းဖြည်း ကြီးပြင်းလာခဲ့၏။

ယုယုယယ ကျွန်တော်ကိုယ်တိုင် ဂရုတစိုက် နို့ဘူးတိုက် ကျွေးမွေးခဲ့သဖြင့်လည်း ယဉ်ပါးခင်မင်လျက် သွားလေရာ ကျွန်တော့်နောက်သို့ အိမ်မွေးခွေးကလေးပမာ တကောက်ကောက် လိုက်နေတတ်သည်။

ကျွန်တော်တည်းခိုနေသော ဘိုတဲက တောနှင့် မဝေးလှသည့်အတွက် ညနေခင်းအချိန်များတွင် ရဲကျော်နှင့် ကျွန်တော်က တောတွင်းသို့ လည်ပတ်ကြ၏။ တောတွင်းသား ဇာတိဖြစ်သည့် ရဲကျော်ကမူ ကျွန်တော့်ရှေ့မှ ပြေးလွှားဆော့ကစားရင်း တောကြက်များ၊ ခါများ၊ တစ်ခါတစ်ရံ ယုန်ကလေးများနောက်သို့ လိုက်လံဖမ်းဆီးတတ်ပေသည်။

တောနှင့် ဆက်လျက်ရှိသော ကျောက်ဖြူတောင်ပေါ် သို့ အညောင်းပြေ တက်ကြသည့်အခါ ရဲကျော် တောင်ထိပ်ပေါ် ရောက်သည့်တိုင် ကျွန်တော်က လမ်းတစ်ဝက်မှာပင် ရှိနေတတ်သည်။

တောင်ထိပ်တွင် ကျောက်ဆောင် ကျောက်တုံးများ ပြန့်ကျဲလျက် ကျယ်ဝန်းသော လွင်သဖွယ် ဖြစ်လျက်ရှိသည်။

သစ်ပင် ဝါးပင် နည်းပါး၍ ရှင်းလင်းသောကြောင့် ရဲကျော်နှင့် ကျွန်တော်တို့ လိုက်တမ်း ပြေးတမ်း ကစားနိုင်ကြသည်။

ကျွန်တော်က ရဲကျော်ကို တောင်ထိပ် ကျောက်တုံး ကျောက်ဆောင်များပေါ်တွင် လှည့်ပတ်လိုက်လံဖမ်းဆီးသည့်အခါ ရဲကျော်သည် ကျွန်တော် မည်သည့်အခါမျှ ဖမ်းဆီးမရနိုင်အောင် ပွတ်ကာသီကာ ခုန်ပျံကျော်လွှား ပြေးသွားတတ်သည်သာ ဖြစ်၏။

ရဲကျော်အား လိုက်ရင်း ပြေးရင်းဖြင့် အတော်ကြီး မောလာသည့်အခါများတွင် မြေပြင်သဲခုံအတွင်း ခြေပစ်လက်ပစ် ကျွန်တော်က ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းလျက်

“ရဲကျော် ဖေ့သားကြီး … သားကြီး လာဟေ့… လာ လာ”

ဟု ညင်ညင်သာသာ ခေါ်လိုက်ရ၏။

ထိုအခါမျိုးတွင် ရဲကျော် ကျွန်တော့်အပါးသို့ ချဉ်းကပ်လာပုံမှာ အင်မတန် ချစ်ခင်နှစ်လိုဖွယ်ရာပင်။

ရဲကျော်သည် ၎င်းရှိရာမှ ခေါင်းကလေးကို မော့ကာ ခေတ္တမျှ တွေဝေပြီးမှ ကျွန်တော့်ရှေ့ တစ်လံကွာသို့ တစ်ရွေ့ရွေ့ ညင်ညင်သာသာ ကပ်လာတတ်သည်။ ကျွန်တော်က ထပ်မံ၍

“ရဲကျော် … ဖေ့သားကြီး လာခဲ့”

ဟု ခေါ်လိုက်သည်နှင့် လေအဟုန်ကဲ့သို့ လျင်မြန်စွာ ကျွန်တော်ဆန့်တန်းထားသော လက်ပေါ်သို့ ခုန်ဝင်လာပေသည်။

ကျွန်တော်က သူ့ကျောကို အသာအယာပွတ်သပ် ပေးသည့်အခါ ကြောင်ကလေးတစ်ကောင်ပမာ ကျွန်တော့်ရင်ခွင်အတွင်း ခေါင်းနှင့်ခွေ့၍ ငြိမ်သက်စွာ နေတတ်ပေသည်။

ကျားသစ်ကလေး ရဲကျော်မှာ တောတွင်းသတ္တဝါပင်ဖြစ်လင့်ကစား မွေးစအရွယ်မှ စတင်၍ လူနှင့် ယဉ်ပါးလာခဲ့သည်ဖြစ်ရာ သစ္စာရှိသော ခွေးလိမ္မာကလေးသဖွယ် ကျွန်တော့်အား ခင်မင်တွယ်တာလျက် ရှိပြီဖြစ်၏။

ရွာတွင်းမှ ကလေးသူငယ်ကလေးများမှအစ ရွာထဲတွင် မွေးမြူထားသော ကြက်, ဘဲများကပင် ရဲကျော်အား အကြောက်အလန့်မရှိတော့ဘဲ ရင်းနှီး လျက် ရှိကြ၏။

သို့နှင့် ရဲကျော်အား ကျွန်တော်က တောတွင်းသားစားသတ္တဝါတစ်ဦးအဖြစ် မထင်မမြင်တော့ဘဲ မေ့လျော့လျက်နေခဲ့မိချေသည်။

စင်စစ်တောကောင်သည် တောကောင်သာဖြစ်၏။ အချိန်တန် အရွယ်ရောက်သည်နှင့် ဇာတိက ပြလာရမည်သာ။ စိတ်ကမပြောသော်လည်း ကိုယ်ခန္ဓာတွင်းမှ သွေးက ဆန္ဒပြ တောင့်တလာခဲ့လျှင်မူကား. . . .

“ဟေ့. . . . တင်မြင့်ရ မင်းကောင် တော်တော်ကြီးနေပါပေါ့လားကွ၊ ဟေ… “

“ဟုတ်တယ် အဘရ၊ ရဲကျော် ခု တစ်နှစ်ပြည့်ပြီးပြီလေ၊ ပြီးခဲ့တဲ့ ဝါဆိုလဆန်းကပဲ တစ်နှစ်ပြည့်ခဲ့တာပဲ”

သစ်တောဝန်မင်း ဦးသိန်းဟန်၏ အမေးကို ကျွန်တော်က အဖြေပေးလိုက်ရ၏။ ဝန်ထောက်မင်းက လွန်ခဲ့သော ရှစ်လခန့်မှ စ၍ နိုင်ငံခြားသို့ သွားရောက်ခဲ့သည်ဖြစ်ရာ ကွဲကွာနေသော လများအတွင်း ရဲကျော်၏ ကြီးပြင်းလာမှုကို အံ့ဩလျက် ရှိရ၏။

အတွေ့အကြုံရင့်၍ မုဆိုးသက် တော်တော်ရင့်နေပြီဖြစ်သည့် အဘဦးသိန်းဟန်၏ သတိပေးချက်ကို ကြားရလျှင်ပင် ကျွန်တော်က တုန်လှုပ်သွားမိပေသည်။

“အင်း မင်းကောင်ကတော့ မကြာတော့ဘူးဟေ့၊ မိန်းမယူတော့မှာပဲ၊ အေး. … သတိလည်း ထားဦးပေါ့ကွာ”

ရဲကျော်သည် အရွယ်ရောက်ခဲ့ပြီးဖြစ်ရာ သဘာဝအတိုင်း အဖော်ရှာပေတော့မည်။ တောတွင်း သားစား ကျားသစ်လို သတ္တဝါအဖို့ ဘဝတူ၊ အမျိုးတူ အဖော်ကား တောတွင်းမှ ကျားသစ်မ, သာဖြစ်ရမည် မဟုတ်ပါလား။ သည်လိုဆိုလျှင် ရဲကျော် ကျွန်တော့်ထံမှ ခွာတော့မည်ဆိုပါတော့။ ကျွန်တော့် ရင်တွင်းမှ တလှပ်လှပ်ပင်ဖြစ်လာမိရ၏။

ကွေးလေးနုနယ် သူ့အရွယ်ငယ်ငယ်မှစ၍ သားအရင်းပမာ နို့ဘူးတိုက်လျက် ကျွေးမွေးပြုစုလာခဲ့သော ရဲကျော်အား ကျွန်တော်က စွန့်လွှတ်ရတော့မှာပါကလား။

ရဲကျော်အား ကျွန်တော်ရသည့်နေ့မှစ၍ ကျွန်တော့် အိပ်ရာဘေးတွင် သစ်သားအိမ်ငယ်ကလေးတစ်ခုဖြင့် သိပ်ထားခဲ့သည်။ ရွှေငါးစောင် အသစ်စက်စက်တစ်ထည်ဖြင့် ထွေးထွေးနွေးနွေးကလေးရှိစေရန် လွှမ်းခြုံထားပေးခဲ့လေသည်။ ညညများတွင် သန်းခေါင်သန်းလွဲ သူ့ညည်းသံကလေးများ ကြားသည်နှင့် ရုတ်ခြည်းထလျက် ပွတ်သပ်ချော့မြူပေးခဲ့ရသည်ကလည်း အမော။

အဟိတ် တိရစ္ဆာန်ပင်ဖြစ်လင့်ကစား လူသားကလေးငယ်နှင့်မခြား တယုတယ ကျွေးမွေးစောင့်ရှောက်လျက် သံယောဇဉ်တွယ်မိခဲ့ကြပြီဖြစ်ရာ တစ်ဦးနှင့်တစ်ဦး ရစ်ပတ်လျက် ရှိကြသည့် ချစ်ခြင်းမေတ္တာကို ကတ္တားခြား၍ လွယ်လွယ်နှင့် ရနိုင်ကောင်းမည် မထင်။

သို့နှင့် ညတစ်ည…

ကျွန်တော်တို့ အိပ်နေကြရာ အခန်းပြင် ဝရန်တာမှ အသံတစ်သံကြောင့် ကျွန်တော်က နိုးလာရ၏။ ဓာတ်မီးကိုကိုင်၍ ဟိုဟို သည်သည် ထိုးကြည့်လိုက်မိသည့်အခါ ရဲကျော်သည် ဝရန်တာမှ ဖြတ်၍ အိမ်ခန်းတွင်းသို့ ဝင်လာသည်ကို တွေ့ရ၏။

အသာအယာ သူ့ကိုယ်လုံးကို ပွတ်သပ်လျက် ကြည့်လိုက်ရာတွင် ရဲကျော်၏ အမွေးများသည် စိုပွလျက်ရှိကာ ၎င်းနင်းလာရာ ကြမ်းပေါ်တွင်လည်း ခြေရာများ ရွှံ့စက်များဖြင့် လူးလျက် ရှိလေသည်။

ထိုခဏတွင်း၌ပင် ကျွန်တော်က အဘ ဦးသိန်းဟန် ကြီး၏ သတိပေးစကားများကို ပြန်လည်သတိရမိလိုက်ပေသည်။ ရဲကျော်အား စောင်ဖြင့် အသာအယာလွှမ်းခြုံပေးခဲ့ပြီး အိပ်ရာသို့ပြန်လည်လဲလျောင်းလိုက်သည့်တိုင် မျက်လုံးများက ကြောင်လျက်ရှိ၏။

ရဲကျော်၏ ထူးခြားသော အပြုအမူများကြောင့်လည်း စိတ်မကောင်းဖြစ်ရသည်။

နံနက်မိုးသောက် အလင်းရောက်သည်နှင့် ရွာဖျားမှ ကြက်ဘဲ မွေးသမား အောင်ညိမ်း အူယားဖားယား ပြေးလာကာ ညသန်းခေါင်လောက်က ရဲကျော် သူ့ ကြက် (၃-၄) ကောင် ကိုက်သတ်သွားကြောင်း လာရောက် တိုင်ကြားခဲ့၏။ ကြက်များအော်သံကြောင့် မီးတိုင်ယူ၍ ထ, အကြည့် ရဲကျော် နှင့် ပက်ပင်းတိုး၍ အော်ငေါက်မောင်းထုတ်လိုက်ရကြောင်း တိတိကျကျ သတင်းပေးလေသည်။

ကျွန်တော်က အောင်ညိမ်း၏ ကြက်ဖိုးအတွက် ငွေတစ်ဆယ် အလျော်ပေးလိုက်ခြင်းဖြင့် ပြဿနာ ပြေလည်သွားခဲ့ရ၏။

လေးငါးရက်ခန့် ရဲကျော်သည် ငြိမ်ငြိမ်သက်သက်နေလျက်ရှိရာမှ တစ်ညနေ ကျွန်တော်က တောစပ်သို့ လမ်းလျှောက်ထွက်ခဲ့သည်။ မိုးချုပ်၍ အိမ်ပြန်ရာတွင်မူ ရဲကျော်က ဖျတ်ခနဲ ကျောက်ဖြူတောင်ပေါ်သို့ တက်ပြေးသွားလေသည်။

မည်သို့ပင် လိုက်လံရှာဖွေခေါ်ငင်သော်လည်း မိုးစုပ်စုပ်ချုပ်သည့်တိုင် ရှာမတွေ့ခဲ့သဖြင့် ကျွန်တော် ပြန်လာခဲ့ရ၏။ ရဲကျော်က ကျွန်တော့်အား ခွဲခွာသွားခဲ့လေတော့သည်။

ထိုနေ့မှစ၍ ကျွန်တော့်အပါးမှ ထွက်ပြေးပျောက်ကွယ်သွားသော ရဲကျော်အတွက် ကျွန်တော် ဝမ်းနည်းမိသော်လည်း မည်သို့မျှ မတတ်နိုင်ဘဲရှိရ၏။

ရဲကျော်နှင့် ကျွန်တော် နေ့စဉ် လည်ပတ်လေ့ရှိသည့်နေရာများသို့ သွားရောက်သည့်တိုင် ရဲကျော်အား အစအနမျှ မတွေ့ရသဖြင့် ကြာတော့ လက်လျှော့ခဲ့ရပေသည်။

သို့နှင့် တဖြည်းဖြည်း ရက်များက ကုန်ဆုံးသွားခဲ့ရာမှ တစ်နေ့တွင် ရဲကျော်၏သတင်းကို ကြားလိုက်ရ၏။ ရွာမြောက်ဖျား တောစပ်တွင် ဆိတ်ကျောင်းနေသော ဝင်းမောင်ကလေးကို ရဲကျော်က ကိုက်ခဲသွားခဲ့ခြင်းပင်။

ဖြစ်ရပုံက ဝင်းမောင်ကလေးသည် ဆိတ်များကို အိမ်သို့ ပြန်မောင်းလာခဲ့စဉ် ရဲကျော်က တောစပ်မှ ခုန်ထွက်လာကာ ဆိတ်တစ်ကောင်ကို ဝင်ရောက် ကိုက်ခဲ၏။ ရဲကျော်ကို ကောင်းစွာ မှတ်မိနေသော ဝင်းမောင်လေးက လက်ထဲမှ သစ်ကိုင်းခြောက်တုတ်ကလေးဖြင့် ရဲကျော်အား ခြောက်မောင်းရာတွင် ပထမ၌ ရဲကျော်က ဆိတ်ကို မလွှတ်ဘဲ မာန်ဖီရုံသာ ဟိန်းသည်။

ဝင်းမောင်ကလေးက ယခင်ကပင် ရဲကျော်အား ရင်းနှီးရင်းစွဲဖြင့် ရဲကျော်၏ ကျောပြင်ကို ရိုက်လိုက်ရာတွင်ကား ရဲကျော်သည် ဆိတ်ကိုလွှတ်၍ ဝင်းမောင်ကလေးကို တစ်ချက် နှစ်ချက် ကိုက်ခဲလျက် ဝင်းမောင်လေး လဲကျသွားမှပင် တောထဲသို့ ပြန်ဝင်ပြေးသွားခဲ့ပေသည်။ ဒဏ်ရာကတော့ သိပ်ပြင်းထန်ခြင်း မရှိ။ ပေါင်နှင့် တင်ပါးများတွင်သာ ခွေးဆွဲသလို ငုံခဲခဲသွားခြင်း ဖြစ်သဖြင့် သက်သာရာရ၏။

ဝင်းမောင် ကလေးအတွက် ကျွန်တော်ကပင် လိုသမျှ ကူညီထောက်ပံ့၍ တာဝန်ယူပေးလိုက်ရပေသည်။

“ကဲ တင်မြင့် မင်းကောင်ကို ဒီအတိုင်းထားလို့ မဖြစ်တော့ဘူး ထင်တယ်ကွာ။ ရှေ့ဆို ဒီထက် အန္တရာယ် ဖြစ်လာလိမ့်မယ်။ ခုလည်း ဒီကောင်လေးကို သူကောင်းကောင်းသိလို့ သက်သာတာ။ မရင်းနှီးတဲ့ သူစိမ်းဆို အသေခဲမှာပဲကွ”

အဘဦးသိန်းဟန်က စကားစလာသည်။ ကျွန်တော်ကမူ မည်သို့ ပြန်ပြောရမည် မသိတော့ပေ။

“အင်းလေ. . . မင်းကတော့ သံယောဇဉ်နဲ့မို့ ဘာမှ ပြောမှာ မဟုတ်ဘူး။ ငါလည်း ချစ်တော့ချစ်တာပဲ။ ဒါပေမယ့်. . .”

အဘိုးကြီးက မပြောရက်သလို စကားကို မဆက်ဘဲ အသာရပ်ထား လိုက်၏။

“ဟုတ်ပါတယ် အဘရာ၊ ကျွန်တော်လည်း နားလည်ပါတယ်။ ဒီထက်တော့ အခြေအနေ မဆိုးစေသင့်တော့ဘူးပေါ့”

ကျွန်တော့်စကားအဆုံးတွင် အဘဦးသိန်းဟန်က ဆက်လက်၍ ပြောပြန်သည်။

“ဒါပေါ့ကွာ၊ မင်း ရဲကျော်ကို တွယ်တာလို့ ရဲကျော်တော့ မင်း မသေစေချင်ဘူးပေါ့။ အေး. . . ဒီမယ် တင်မြင့် ရဲကျော်ဟာ ကျားသစ်ပဲ။ တောစိတ် ဝင်သွားပြီးရင် တောကောင်ပဲ။ တောကောင်ကို ပြန်ပြီး ယဉ်ပါးလာအောင်တော့ဖြင့် လုပ်လို့ မရတော့ဘူးကွ”

ထိုအခိုက်တွင်ပင် ဂျစ်ကားတစ်စီးက ဝင်းအတွင်းသို့ ဝူးခနဲ ဝင်လာသည်။ ကားသည် ဘိုတဲရှေ့ ဝရန်တာအနီးသို့ လာရပ်သည်နှင့် ကားပေါ် ပါ လူနှစ်ဦးက အဘ ဦးသိန်းဟန်အား လှမ်းနှုတ်ဆက်၏။

“ဟာ ဝန်ထောက်မင်းက ဒီမှာကိုး. . . ကျွန်တော်တို့က တောင်ပေါ် ရောက်နေပြီထင်တာ၊ အတော်ပဲ”

“မောင်တင့်ဆွေတို့ပါလား၊ လာကြဟေ့ အပေါ်ကို၊ တောင်ပေါ်က ငါ မနေ့ကပဲ ပြန်ဆင်းခဲ့တာကွ”

အဘက လှမ်းအဖြေပေးရင်းက ကျွန်တော့်အပါးမှ ထသွားသည်။ ဝန်စည်စလယ်များနှင့်အတူ သေနတ်အိတ်များ ဆွဲရင်း တက်လာကြသော သူနှစ်ဦးကို အသာ ကျွန်တော်က ကြည့်နေမိ၏။

အားလုံး ဧည့်ခန်းတွင် နေရာတကျ ထိုင်မိမှပင် အဘက ကျွန်တော့်အား ထိုသူများနှင့် မိတ်ဆက် ပေးလေသည်။

“ဟော … မောင်တင့်ဆွေ၊ ဒါက လမ်းကန်ထရိုက် မောင်တင်မြင့်တဲ့၊ မန္တလေးကပဲ။ လမ်းပြင်ရင်း ဒီရောက်နေတာ တစ်နှစ်ကျော်ပြီ။ အဘ အိတ်ခန်းနီးချင်း မိတ်ဆွေပေါ့ကွာ။ ကဲ . . . . တင်မြင့်ရေ သူတို့ကတော့ မိုးကုတ်က ကျောက်တွင်းသူဌေး မောင်တင့်ဆွေနဲ့ မောင်မောင်တင် မှတ်ထားကြပေါ့”

“တွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ”

နှစ်ဦးစလုံးကပင် ထ,၍ နှုတ်ဆက်ကြသည်နှင့် ကျွန်တော်ကလည်း ပြန်လည် တုံ့ပြန်လိုက်ရ၏။

“အေး. . . . မောင်တင့်ဆွေတို့လာတာ အတော်ပဲ။ ကျားသစ်တစ်ကောင် ပစ်သွားကြဦးကွာ။ မင်းတို့ ပစ်မယ်ဆိုရင် ငါ စီစဉ်ပေးမပေါ့”

အဘက ကျွန်တော့်အား လှမ်းကြည့်ရင်း ကိုတင့်ဆွေတို့အား ပြောလိုက်လေသည်။

“ဟာ. . . . ပစ်မှာပေါ့ အဘရ၊ ဒီမှာ အဘရှိတုန်း နှစ်ည သုံးညလောက် အိပ်သွားဦးမှာ”

စီးကရက်တစ်လိပ်ကို မီးညှိသောက်ရင်း ကိုတင့်ဆွေက ပျာပျာသလဲ အဖြေပေး၏။ သို့နှင့် အဘဦးသိန်းဟန်နှင့် ကျွန်တော်တို့က အစီအစဉ် လုပ်ပေးခဲ့ရလေသည်။

ကျောက်ဖြူတောင်မှ ရွာတွင်း အဆင်းလမ်းတွင် ဆိတ်တစ်ကောင်ကို ချည်ကာ အနီးရှိ သစ်ပင်တစ်ပင်ပေါ်တွင် လင့်ထိုးခိုင်းလိုက်ကြ၏။

လတ်ဆတ်သော အစာအတွက် နောက်တစ်ကြိမ် ရွာတွင်းသို့ ဆင်းလာဦးမည့် ရဲကျော်အား စောင့်ဆိုင်းနေရန်ပင် ဖြစ်လေသည်။

ထိုညအဖို့ ကျွန်တော်က တစ်မှေးမျှပင် မမှေးနိုင်ပါချေ။ ကျွန်တော့်သားကြီး ရဲကျော်အား သုတ်သင်မည့် သေနတ်သံကို နားစွင့်စွင့်နှင့် မိုးစင်စင်လင်းခဲ့ရ၏။ သို့သော် သေနတ်သံကိုမူ မကြားခဲ့ရပေ။

မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်က သက်ပြင်းကို ဟင်းခနဲချရင်း လင့်စင်ရှိရာသို့ ထွက်ခွာလာမိ၏။ လင့်နားသို့ ရောက်သည့်အခါတွင် ဆိတ်ကလေးကို ချည်တိုင်တွင် အစာစားလျက်ရှိသည်ကို တွေ့ ရသည်။ ရဲကျော် လာဟန်မတူချေ။

လမ်းကလေးအတိုင်း ဆက်၍ ကျွန်တော်က လျှောက်သွားမိ၏။ ဂိုက်တစ်ရာခန့်တွင်မူ ရဲကျော်၏ ခြေရာများကို စတင်တွေ့ရှိရ၏။ ရဲကျော်သည် တောင်ပေါ်မှ ဆင်းလာခဲ့သော်လည်း သူ့အတွက် အန္တရာယ်ရှိကြောင်း သိသည့်လက္ခဏာနှင့် တောင်ပေါ်သို့ ပြန်လည်တက်သွားသည့်သဏ္ဌာန် တူသည်။

ရဲကျော်၏ ခြေရာများသည် ကျောက်ဖြူတောင်ပေါ်သို့ ပြန်လည်တက်သွားသည်ကို တွေ့ရ၏။ ကိုတင့်ဆွေ၏ ဖိနပ်ရာများသည်လည်း ရဲကျော်၏ ခြေရာများနှင့်အတူ တွေ့ရှိရခြင်းဖြင့် ရဲကျော်နောက်သို့ လိုက်သွားကြောင်း သိရှိရပေသည်။

ကျွန်တော်သည် တစ်ဖြည်းဖြည်း ကျောက်ဖြူတောင်ပေါ်သို့ တက်သွားခဲ့၏။ တောင်ပေါ်ရောက်၍ နေရာအနှံ့အပြား လိုက်လံရှာဖွေသော်လည်း ရဲကျော်ကိုသော်လည်းကောင်း၊ ကိုတင့်ဆွေကိုသော်လည်းကောင်း၊ အစအနမျှပင် မတွေ့ရပေ။

သို့နှင့် ကျွန်တော်က ရဲကျော်နှင့် ကျွန်တော် မကြာခဏ လာရောက်ခဲ့တတ်ကြသည့် နေရာဟောင်းသို့ သွားရောက်ခဲ့မိသည်။

သဲပြင်၏ ညံ့သက်သော အတွေ့ကြောင့်တစ်ကြောင်း၊ လူတစ်ကိုယ်လုံးလည်း မောပန်းလှသဖြင့်တစ်ကြောင်း ခြေပစ်လက်ပစ် ထိုင်ချလိုက်မိ လေသည်။

ထိုခဏတွင် ကျွန်တော့်ရှေ့ ပေနှစ်ဆယ်ခန့်အကွာ ကျောက်တုံးများအကြား၌ ရဲကျော်ကို ကျွန်တော်မြင်ရသည်။ ရဲကျော်သည် ကျွန်တော့်အား မျက်နှာချင်းဆိုင်ဝပ်လျက် စူးစိုက် ကြည့်လျက်ရှိ၏။

မျက်လုံးများအတွင်း မုန်းတီးမှု၊ ရက်စက်မှုဖြင့် တောက်ပြောင်လျက်ရှိကာ သွားကိုဖြဲ၍ သို့ မာန်ဖီလျက် တစ်ချက်ချင်း တိုးတိုးဟိန်းလျက်ရှိသည်။

ကျွန်တော် လှုပ်သည်နှင့် အုပ်တော့မည့်ဟန် ပြင်လျက်ရှိသည်။ တစ်စက္ကန့်မျှ ကျွန်တော်က ကြက်သေသေသွားရာမှ ဖျတ်ခနဲ သတိရလာသည်။ ရှေ့သို့ လက်နှစ်ဖက်ကို ဆန့်တန်းလျက် ရဲကျော်အား ကျွန်တော်က ညင်သာစွာ လှမ်းခေါ် လိုက်မိပေသည်။

“ရဲကျော် ဖေ့သားကြီး. . . သားကြီး. . . လာ. . . . လာ လာ”

သူ့မျက်လုံးများအတွင်းသို့ စူးစိုက်ကြည့်ရင်း ကျွန်တော် ခေါ်လိုက်သည့် ခဏတွင် ရဲကျော်သည် ဆတ်ခနဲဖြစ်သွားသည်။ ခေတ္တမျှ တွေသွားပြီးနောက် ကျွန်တော့်အား မှတ်မိသည့်အလား ဟိန်းနေရာမှ ရပ်သွားသည်။

မျက်လုံးများအတွင်း ငယ်စဉ်ကကဲ့သို့ အပြစ်ကင်းစင်ဟန်အသွင် ထင်ဟပ်လာသည်။ ပြီးနောက် ကိုယ်ကို လျှော့ချလျက် ကျွန်တော့်အပါးသို့ နှစ်လို ဖွယ်ရာ တရွေ့ရွေ့ ချဉ်းကပ်လာသည်။

တစ်လောကလုံးတွင် သူယုံကြည်ရာ အားထားချစ်ခင်သူမှာ ကျွန်တော်ပင် မဟုတ်ပါလား။ ရဲကျော်သည် ကျွန်တော့်ရှေ့ ပေအနည်းငယ်အကွာသို့ တရွေ့ရွေ့ကပ်လာသည်နှင့် ကျွန်တော်က ထပ်မံအသံပေးလိုက်မိသည်။

“ရဲကျော် … ဖေ့သားကြီး လာခဲ့. . . ”

ရဲကျော်သည် ကျွန်တော် ဆန့်တန်းထားသော လက်မောင်းပေါ်သို့ ခုန်ဝင်ရန် ကိုယ်ကို ယို့လိုက်သည့်ခဏတွင် ကျွန်တော့်နောက်မှ ကပ်၍ ‘ဒိုင်း’ခနဲ ရိုင်ဖယ်သံတစ်ချက် ကြားလိုက်ရ၏။

ရိုင်ဖယ်သံမှာ နီးကပ် လွန်းလှသဖြင့် ရဲကျော်၏ ခန္ဓာကိုယ်ကို ဖောက်ခနဲမြည်ကာ ဝင်မှန်သွားသည့်အသံကိုပါ ကြားလိုက်ရပေသည်။ ရဲကျော်သည် တွန့်ခနဲဖြစ်သွားသည်။

သူ့မျက်လုံးများအတွင်း နာကျင်မှု၊ သံသယဖြစ်မှုများကို ကျွန်တော်က တွေ့ ရသည်။ သူ့အကြည့်တွင်

“ကျွန်တော့်ကို ဘာဖြစ်လို့ လုပ်လိုက်တာလဲဟင်. . . “

ဟု မေးသည့်အသွင် ဆောင်လျက်ရှိသည်။

စက္ကန့်ပိုင်းအတွင်း ဘေးတိုက်လဲကျသွားသည်။

ကျွန်တော်က ရဲကျော်အပါးသို့ ဖျတ်ခနဲကပ်သွားလျက် ဒူးထောက်ချလိုက်ပြီး သူ့ခေါင်းကို အသာပွေ့ထားလိုက်မိ၏။ ရင်ခွင်တွင်းသို့ ပွေ့ထားရင်းက ရဲကျော်၏ နားနားသို့ကပ်လျက် လေသံဖြင့်သာ ပြောလိုက်ရပေသည်။

“သားကြီး… သားကြီး ရဲကျော်၊ ဒါ အဖေလုပ်တာမဟုတ်ပါဘူး သားကြီးရယ်. . . ၊ မင်းကို ဒီလိုလုပ်ဖို့ ဘယ်တုန်းကမှ စိတ်မကူးမိပါဘူးကွယ်. . .”

ရဲကျော်သည် ကျွန်တော့်အား ငြိမ်သက်စွာပင် စူးစိုက်ကြည့်နေရင်းမှ သူ့မျက်လုံးများ တဖြည်းဖြည်း မှိတ်သွားလျက် တစ်ချက်နှစ်ချက် လူးလွန့်ကာ အသက်ထွက်သွားခဲ့၏။

သူ့ခေါင်းကို မြေပေါ်သို့ ချလိုက်သည်နှင့် အပါးတွင် ကိုတင့်ဆွေကိုပါ တွေ့လိုက်ရ၏။ သူ့နှုတ်မှလည်း အားပါးတရ ဆိုလာသည်။

“အားပါး … အချိန်မီကလေးပဲဗျို့၊ နည်းနည်းကလေး နောက်ကျရင် ခင်ဗျားကို ငနဲက အအုပ်ပဲဗျ”

သို့သော် ကျွန်တော်က သူနှင့်ယှဉ်ရပ်မိ၍ ကျွန်တော့် မျက်လုံးအိမ်အတွင်းမှ မျက်ရည်စများကို မြင်လိုက်ရာတွင်ကား ပြောလက်စ စကားကို ဖြတ်၍ ဇဝေဇဝါဖြစ်သွားရ၏။

ကျွန်တော်ကမူ မည်သို့မျှ စကားမဆိုတော့ဘဲ ကိုတင့်ဆွေနှင့် ရဲကျော်အား ကျောခိုင်းလျက် ထွက်ခွာလာခဲ့မိပေသည်။ စိတ်တွင်းကလည်း ရဲကျော်အား နောက်ဆုံး နှုတ်ဆက်ခဲ့ရသည်။

“သွားပြီ ရဲကျော်. . . ဖေ့သားကြီးရေ. . . . “

ဘိုတဲသို့ ပြန်ရောက်ခဲ့ပြီးနောက် ညနေပိုင်း ကိုတင့်ဆွေတို့ ပြန်ခါနီးတွင် ကိုတင့်ဆွေသည် အခန်းတွင်း ကျွန်တော့် ခုတင်ဘေးသို့ ရောက်ရှိလာကာ ကျွန်တော့်အား စကားတစ်လုံးမျှ မဆိုဘဲ စာအိတ်ဖြင့် ထည့်ထားသော စာတစ်စောင်ကိုပေး၍ ပြန်လည်ထွက်ခွာသွား၏။

ဝင်းပေါက်မှ ထွက်၍ ပျောက်ကွယ်သွားသော ကိုတင့်ဆွေတို့၏ ကားနောက်မှီကို လှမ်းကြည့်ရင်း လက်ထဲမှ စာအိတ်ကို ဖောက်ကြည့်လိုက်သည်တွင်ကား. . . .

“ရဲကျော်ကို ခင်ဗျားထားခဲ့သော နေရာတွင်ပင် မြှုပ်နှံထားခဲ့ပါသည်။ ကျွန်တော့်ကို ရဲကျော်အတွက် ခွင့်လွှတ်ပါ”

ဟူသော စာနှစ်ကြောင်းကိုသာ ရစ်ဝဲလျက်ရှိသော မျက်ရည်များအကြားမှ တွေ့ရှိရပေသတည်း။ ။

သွေးသောက်မဂ္ဂဇင်း၊ မေလ၊ ၁၉၆၄

– ပြီး –

စာရေးသူ – ခင်မောင်အေး(မန္တလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ