အောက်လမ်းဘိုးထင် နှင့် သက်တမ်း

Posted on

*အောက်လမ်းဘိုးထင် နှင့် သက်တမ်း *📖📖📖

****************************************
အခန်း (၁)
“ဘိုးထင် မင်းတို့ဆီ ပြန်မလာဘူးဆို ”
“ဟုတ်တယ် ကိုသာရရေ ဘကြီးအုန်းလည်း သူ့အိမ်ကို ပြန်မလာဘူး ဘိုးထင်လည်း အိမ်ကို ပြန်မလာဘူး”
“မင်းတို့တွေ သလဲကုန်းရွာကိုလိုက်မသွားကြဘူးလား”
“လိုက်သွားတာပေါ့ဗျာ မတွေ့ခဲ့ပါဘူး ”
“အေးကွာ ဒီကောင် မပြောမဆိုနဲ့ ဘယ်များသွားနေလဲမသိဘူး ”
မောင်ဘိုးထင်၏အိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်ပြီး စကားပြောနေသူနှစ်ယောက်မှာ ပေတူးနှင့် သာရတို့ပင်ဖြစ်သည်။သူတို့နှစ်ယောက်သည် မောင်ဘိုးထင်တယောက် ဦးဝေလာနောက်လိုက်သွားသည်ကို မသိသေးချေ။ထို့ကြောင့် မောင်ဘိုးထင်သွားတတ်လာတတ်သောနေရာများကို လိုက်ရှာနေကြသည်။သူတို့နှစ်ယောက်စကားဆိုနေကြစဥ် အိမ်ဝိုင်းထဲသို့ သာအေးနှင့် အောင်သန်းတို့ဝင်လာလေသည်။သာအေး၏မျက်နှာမှာ စိတ်ဆိုးမာန်ဆိုးဖြစ်နေပြီး ပေတူးနှင့် သာရတို့နှစ်ယောက်ထိုင်နေ‌ကြသောကွပ်ပျစ်ပေါ်သို့ ဝင်ထိုင်လိုက်လေ၏။ထိုအချင်းအရာကြောင့် သာရသည် ကွပ်ပျစ်ပေါ်ထိုင်မည့်ဟန်ပြင်နေသော အောင်သန်းအား အမေးစကားဆိုလိုက်လေသည်။
“အောင်သန်း မင်းကောင် သာအေး ဘာဖြစ်လာတာလဲကွ”
“ဘာဖြစ်ရမှာလဲ ကိုသာရရာ ဒီကောင် ဘိုးထင်အကြောင်း ကြားပြီးစိတ်တိုနေတာ ဘာကြောင့် ဒီလောက်စိတ်တိုနေလဲဆိုတာတော့ ကျုပ်လည်း မသိဘူး”
“နေပါဦး ဘိုးထင်က ဘာဖြစ်လို့လဲ ”
“သလဲကုန်းရွာက အထက်လမ်းဆရာကြီးနောက်ကို လိုက်သွားတယ်တဲ့လေ ”
“ဘိုးထင် ဘာတွေလုပ်နေတာတုန်းကွာ”
သာရမှ စိတ်မသက်မသာဖြင့်ညည်းညူလိုက်စဥ် သာအေးသည်လည်း မကျေမနပ်ဖြင့် စကားဆိုလာပြန်သည်။
“ဘိုးထင်ဆိုတဲ့ကောင် ကြိုးပြောမိုးပြောနဲ့ နောက်ဆုံးတော့ ဒီကောင် ငွေနောက်လိုက်သွားတာပဲ ”
သာအေး၏စကားကြောင့် ပေတူးနှင့် သာရမှာ နားမလည်နိုင်ဖြစ်သွားပြီး အလျင်စလိုဖြင့်မေးလိုက်ကြသည်။
“ဘာတွေပြောနေတာလဲကွ ဘိုးထင်က ဘာလုပ်လို့လဲ ”
“အိမ်ဆောက်နေတဲ့သူတွေပြောတာလေဗျာ ဘိုးထင်က ဦးဝေလာရဲ့တပည့်ဖြစ်သွားပြီ အခုလည်း သူ့နောက်လိုက်သွားတယ်တဲ့လေ ”
“မဖြစ်နိုင်တာကွာ ဘိုးထင်က အဲ့လိုကောင်မျိုးမဟုတ်ပါဘူး”
“ဟာ ကိုသာရကလည်း ဦးဝေလာကြီးက ဘကြီးအုန်းထက်ချမ်းသာတယ်လေဗျာ ဒီကောင်က သန္ဓေကိုမမှန်တာပါ”
သာအေး၏မကျေမနပ်ဖြင့် ပြောလာသောစကားများကြောင့် ပေတူးနှင့် သာရတို့ အံ့သြနေကြသည်။သူတို့၏စိတ်ထဲတွင်တော့ မောင်ဘိုးထင် ထိုသို့လုပ်လိမ့်မည်ဟု မထင်ပေ။သို့ပေမဲ့ ‌ အတိုင်းအထက်အလွန်ချမ်းသာနေသော ဦးဝေလာမှ မောင်ဘိုးထင်အား မက်လုံးပေးပြီးခေါ်ထားလျှင်ဟုတွေးမိကာ အသက် အရွယ်တခုရောက်လာပြီဖြစ်သော မောင်ဘိုးထင်၏စိတ်ကို သူတို့ခန့်မှန်းလို့မရဖြစ်လို့နေပါလေတော့သည် ။
အခန်း (၂)
ကြီးမားသည့်သစ်ပင်သစ်ရိပ်များကြီးစိုးနေသော တောအုပ်ကြီး၏အပြင်ကမ္ဘာ၌ နေရောင်ခြည်ပြင်းစွာကျရောက်နေပါသော်လည်း ထိုသစ်တောကြီးထဲသို့ နေပျောက်လေးပင်တိုးမ ပေါက်နိုင်ပေ။ထို့ကြောင့် တောအုပ်ကြီးထဲတွင် အလင်းရောင်ပျောက်လို့နေသည်။နေ့လည်နေ့ခင်းဖြစ်၍သာ မြင်သာထင်သာရုံလောက်အလင်းရောင်ရှိ၏။ထိုတောအုပ်ကြီးထဲတွင် လူနှစ်ယောက် လမ်းလျှောက်လို့နေသည်။တယောက်မှာ အသက်တဆယ့်လေးနှစ်အရွယ် မောင်ဘိုးထင်ဖြစ်ပြီး ကျန်တယောက်မှာ မောင်ဘိုးထင်၏ဆရာသမားအသစ် ဦးဝေလာဖြစ်သည်။ဦးဝေလာသည် လမ်းလျှောက်နေရင်းမှ ကြီးမားသောအင်ကြင်းပင်ကြီးတပင်၏ရှေ့အရောက်တွင် ရပ်လိုက်ပြီး မောင်ဘိုးထင်အား စကားဆိုလာလေသည်။
“ဘိုးထင်ရေ ငါ ရွှေအိုးကို ဒီမှာ ထား ထားတာကွ ဒီမှာက လူသူအရောက်ပေါက်လည်း နည်းတယ်လေ ”
“ကျုပ်တို့လမ်းလျှောက်ရတဲ့ရက်တွေက နည်းတာမှမဟုတ်တာ ဆရာကြီးရာ ”
“အေး မင်းပါလာလို့သာ ငါ စိုစိုပြေပြေလေးစားရတာ အရင်အခေါက်တွေလာတုန်းကဆို တယောက်ထဲ ထမင်းခြောက်ပဲဝါးရတာ ငါ့ကောင်ရ ”
“ဘိုးထင်ရှိရင် အစားအသောက်ကတော့ အဆင်ပြေစေရမယ်လေ ”
မောင်ဘိုးထင်သည် ထိုသို့သောစကားကိုပြောဆိုပြီးနောက် ချက်ခြင်းပင် ငေးငိုင်လို့သွားသည်။အကြောင်းမှာ သူ့အားမွေးစားထားသော ဦးအုန်းနှင့် ပထမဆုံးခရီးထွက်စဥ်ကလည်း အစားအသောက်နှင့်ပတ်သက်ပီး သူပြောခဲ့မိသည်ကို အမှတ်ရသွားခြင်းကြောင့်ပင် ဖြစ်သည်။ပေပင်ရွာနှင့် သစ်ဆိမ့်ရွာအား ဦးအုန်းနှင့် သွားခဲ့စဥ်အခါများ၌ ထမင်း၊ဟင်းတို့အား သေချာထုတ်ပိုးခဲ့ပြီး ဦးအုန်းအား ကျွေးမွေးခဲ့သည်။သူ ထိုသို့ငေးငိုင်သွားသည်ကိုသတိထားမိ‌သွားသော ဦးဝေလာသည် မောင်ဘိုးထင်အား စူးစိုက်ကြည့်လာကာ။
“ဘိုးထင် မင်းဘာတွေတွေးနေတာလဲကွ ငအုန်းကိုအမှတ်ရသွားတာလား ”
“မ မဟုတ်ပါဘူး ဆရာကြီးရာ ”
“ငါ့ကို မညာပါနဲ့ကွာ ငအုန်းကလည်း လူကောင်းတယောက်ပါပဲ သူက ငါ့ထက်တောင် လူကြီးလူကောင်းပိုဆန်သေးတယ် ငါကမှ အယောင်ဆောင်ပြီး နေသေးတာ သူက အောက်လမ်း ပညာသည်ဆိုပြီး ရဲရဲဝင့်ဝင့်နေရဲတယ်လေ ”
“ဆရာကြီး အဲ့လိုမပြောပါနဲ့ဗျာ ကျုပ်ကတော့ ဆရာကြီးရဲ့လုပ်ရပ်ကို ပိုသဘောကျတယ်”
“မင်း ငါ့‌ရှေ့မို့လို့ ပြောတာလား ဘိုးထင် ”
“ကျုပ်က ဟန်မဆောင်တတ်ပါဘူးဗျာ အမှန်အတိုင်းပြောရရင် ဆရာကြီး ဖိုးသူတော်ကြီးကိုသတ်လိုက်တာ ကျုပ်အစကတည်းက သိနေတယ်”
“ဟေ ”
ဦးဝေလာသည် အံ့သြတကြီးဖြင့် မောင်ဘိုးထင်ကိုကြည့်လိုက်ပြီးနောက် အင်ကြင်ပင်ကြီး၏အောက်တွင်ထိုင်ချလိုက် လေသည်။ထိုအခါ မောင်ဘိုးထင်သည်လည်း ထိုင်ချလိုက်ပြီး သူ၏လွယ်အိတ်ထဲမှ ‌စစ်သုံးရေဘူးကိုထုတ်လိုက်ကာ ဦးဝေလာအား အရင်ကမ်းပေးလိုက်သလို ထန်းလျက်တခဲကိုလည်း ကမ်းပေးလိုက်ပြီး
“ဆရာကြီး ဆီးဖြူသီးစားမလား ထန်းလျက်ပဲစားမလား ”
“ဆီးဖြူသီးပဲ ပေးကွာ ငါကတော့ မင်းကို တယ်သဘောကျနေပြီ ဘိုးထင်ရေ မင်းက အိမ်ရှင်မကြီးကျနေတာပဲ တယ်လည်းစေ့စပ်တာပဲ ”
“ကျုပ်ကို လုံးရာကနေ ပြားအောင်တော့ မလုပ်ပါနဲ့ ဆရာကြီးရယ် ”
“မင်းကတော့ ပြောရော့မယ် ကဲ ဆက်စမ်းပါဦး ငါ ဖိုးသူတော်ကြီးကိုသတ်ခဲ့တာ မင်း ဘယ်လိုသိတာလဲ ”
“ဖိုးသူတော်ကြီးပြောပြတာလေ ”
“ဟေ ငါ သူ့ကိုသတ်တာ နှစ်တော်တော်ကြာခဲ့ပြီကွ”
“ရေအိုးစင်ရွာအလှူမှာ ကျုပ်သူငယ်ချင်းတွေ ကိုရင်ဝတ်ကြတယ်လေဗျာ အဲ့တော့ ဖိုးသူတော်ကြီးရဲ့ကျောင်းဆောင်မှာ သူတို့ကိုထားတယ် ကျုပ် အဲ့ဒီမှာသွားအိပ်တော့ ဆရာကြီး သူ့ကိုသတ်တယ်ဆိုတာပြောပြတာပဲ အမှန်အတိုင်းပြောရရင် ကျုပ်အကြောင်းစုံမသိသေးခင်က ဆရာကြီးကို လူယုတ်မာကြီး အောက်တန်းကျတဲ့ နွားကြီး တိရစ္ဆာန်ကောင်ကြီး”
“ဘိုးထင် အဲ့လောက်ဆို ငါ သိပြီ မင်းပြောတာနဲ့ ငါ့ကိုယ်ငါတောင် တော်တော်ရွံံနေပြီ ”
“ကျုပ်က မြင်သာအောင်ပြောပြတာပါ ”
“မြင်သာပါတယ်ကွာ ဒီ့ထက်လည်း ပိုမမြင်သာချင်တော့ပါဘူး ”
ဦးဝေလာသည် မောင်ဘိုးထင်အား မျက်လုံးပြူးကြည့်လာပြီး စကားဆိုနေခြင်းဖြစ်သည်။မောင်ဘိုးထင်သည်ကား သူပြောချင်သည့်စကားကို ဆက်ပြောနေ၏။
“ကျုပ် ဆရာကြီးကို မုန်းမိတယ်ဗျ သတ်ပစ်ချင်လောက်တဲ့အထိမုန်းတာ”
“အခုရော”
“ကျုပ် ဆရာကြီးကို မသေစေ‌ချင်ဘူး အဲ့တာ ကျုပ်စိတ်ရင်းအမှန်ပဲ ”
စကားပြောနေရင်း အသံတိမ်ဝင်သွားသော မောင်ဘိုးထင်ကြောင့် ဦးဝေလာခေါင်းကိုတဆတ်ဆတ်ညိတ်ကာ ပြုံးနေလေသည်။ထို့နောက် သူသည် လေးနက်တည်ကြည်သောလေသံနှင့်စကားဆိုလာလေသည်။
“ဘိုးထင်ရေ ငါ့ဘဝတ‌လျှောက်လုံး မခံစားဖူးတဲ့ ခံစားချက်ကို ဒီနေ့ ရသကွာ ”
ဦးဝေလာ၏စကားကြောင့် မောင််ဘိုးထင်မှာနားမလည်သည့်အကြည့်တို့ဖြင့် ဦးဝေလာအားကြည့်လာလေသည်။ထိုအကြည့်ကိုနားလည်သောဦးဝေလာသည် တချက်ပြုံးလိုက်ပြီးနောက်
“ငါ့အနားကို ငါ့တပည့်အဖြစ်မဟုတ်တောင် ငါ့အတွက်အလုပ်လုပ်ပေးတဲ့သူတွေ ရှိခဲ့ဘူးတယ် ဘိုးထင် ဒါပေမဲ့ သူတို့ကို ငါ့ဆွေမျိုးတယောက်လို တခါမှမခံစားခဲ့ရဘူး မင်းနဲ့တွေ့မှ သွေးချင်းသားချင်းတယောက်ကိုတွေ့သလို ခံစားရတာကွ”
မောင်ဘိုးထင်သည် ဦးဝေလာ၏စကားကြောင့် ပြုံးမိသွားသည်။ထို့နောက် သူသည် ဦးဝေလာထံမှရေဘူးကိုပြန်ယူ‌လိုက်ပြီး တကျိုက်မော့သောက်လိုက်ကာ
“ဆရာကြီး ဘာတွေလုပ်ရမှာလဲ အချိန်ရှိတုန်းလေး တောထဲက ပြန်ထွက်ရအောင်ဗျာ မိုးချုပ်ရင် မလွယ်ဘူး ”
“အေး အေး တို့ပစ္စည်းတွေယူပြီးရင် နယ်လှည့်ရဦးမှာ”
ထို့နောက် ဦဝေလာသည် ထိုင်နေရာမှမတ်တတ်ပြန်ရပ်လိုက််ကာ အင်ကြင်းပင်ကြီးထံမျက်နှာမူလိုက်ပြီး မန္တန်တပုဒ်ကို လေသံခပ်တိုးတိုးဖြင့် ရေရွတ်လိုက်လေသည်။
ဦးဝေလာမန္တန်ရွတ်လိုက်သည်နှင့် မျက်စိရှေ့ရှိ ကြီးမားသော အင်ကြင်းပင်ကြီးမှာ ခါယမ်းလာလေသည်။ထိုအချင်းအရာကြောင့် ဦးဝေလာနောက်တွင်ရပ်နေသော မောင်ဘိုးထင်သည်ပင်‌ ကြောက်ရွံ့ခြင်းမဟုတ်သည့်တိုင် အနည်းငယ်တော့ထိတ် လန့်သွားလေသည်။များမကြာသောအချိန်တွင်တော့ အင်ကြင်းပင်ကြီး၏အောက်ခြေ သစ်ရွက်ခြောက်များဖုံးလွှမ်းနေသောမြေပြင်သည် ရုတ်ချည်းပွထလာပြီးနောက် ဆံပင်များစုတ်ဖွားနေသော ဦးခေါင်းတခု စတင်ပေါ်ထွက်လို့လာသည် ။ ထို့နောက် တဖြည်းဖြည်းချင်း မြေပြင်ပေါ်သို့ ရုပ်လုံးပေါ်လာပြီး မဲနက်နေသောအမွှေးရှည်များ တကယ်လုံးဖုံးလွှမ်းထားသောနာနာဘာဝတကောင်မှ အိုးတလုံးကိုထမ်းထားသည်ကိုတွေ့လိုက်ရသည်။ထိုနာနာဘာဝကောင်သည် ဦးဝေလာ၏ရှေ့တွင် အိုးအား‌ချပေးလိုက်ပြီးနောက် ခပ်လှမ်းလှမ်းသို့သွား၍ မတ်တတ်ရပ်နေလေသည်။ဦးဝေလာသည် အိုးတွင်ဖုံးထားသော ပိုးသားအဝတ်အားဖြည်လိုက်ချိန် တောက်ပနေသောရွှေလက်ဝတ်ရတနာများအား မြင်လိုက်ရလေသည်။လက်ဝတ်ရတနာများမှာ အိုးအပြည့်မဟုတ်တော့ပဲ တဝက်ထက်အနည်း ငယ်ကျော်လွန်သည့် အနေအထားတွင်သာ ရှိတော့သည်။ဦးဝေလာသည် လက်ဝတ်ရတနာအချို့အား သူ၏လွယ်အိတ်ထဲသို့ ထည့်လိုက်လေသည်။ထို့နောက် အိုးအဖုံးကိုပိုးသားအဝတ်ဖြင့်ပြန်ဖုံးလိုက်ပြီး
“သင်္ခ ပြန်သိမ်းတော့ ”
ဦးဝေလာမှ ထိုသို့ပြောလိုက်သည်နှင့် အမွှေးအမျှင်များထူထဲရှည်လျားစွာပေါက်နေသော နာနာဘာဝကြီးသည် ရွှေအိုးကိုထမ်းကာ ထွက်လာခဲ့သောမြေကြီးထဲသို့ ပြန်လည်ဝင်ရောက်သွားလေ၏။ထို့နောက် ‌ဦးဝေလာနှင့် မောင်ဘိုးထင်တို့ သည်လည်း ‌တောနက်ကြီးထဲမှ ပြန်လည်ထွက်ခွာသွားကြပါလေတော့သည်။
အခန်း (၃)
မြရတနာရွာလေးသည် အမည်နှင့် မလိုက်မဖက်စွာပင် ရွာသူရွာသားများမှာ ဆင်းရဲမွဲတေလှသည်။ထိုရွာလေး မွဲတေရသောအကြောင်းမှာ မိုးခေါင်ရေရှားသောကြောင့်ဖြစ်သည်။ရွာနှင့် နှစ်မိုင်မျှအကွာတွင် ဆည်မြောင်းကြီးတခုရှိပါသော်လည်း ရွာသို့မပေါက်သောကြောင့် မိုးကိုအားထား၍သာ စိုက်ပျိုးရလေသည်။သို့ပေမဲ့ မိုးခေါင်သောဒေသမို့ စိုက်ပျိုးသောသီးနှံများမှာ ကောင်းစွာမဖြစ်ထွန်းပေ။ထို့ကြောင့် တခြားသောရွာများတွင်သာ သူရင်းငှားသွားလုပ်ကြရသူများ၏။နှစ်မိုင်ဆိုသောအကွာအဝေးမှာ နီးလှသည်တော့မဟုတ်ပေမဲ့ ဝေးကွာလွန်းသည်ဟုလည်းမဆိုန်ိုင်ပါ။တာတူးခွင့်ပြုထားသော််လည်း လက်လုပ်လက်စားများဖြစ်နေသောကြောင့် ထိုတာတူးရန်အတွက် မစွမ်းနိုင်ကြပေ။ရွာလူကြီးမှာ တာတူးချင်လွန်း၍ ရွာသားများကိုအစည်းအဝေးခေါ်ပြီး တိုင်ပင်ကြည့်ပါသော် လည်း အစည်းအဝေးလာတက်ကြသူအများစုမှာ မိန်းမသားများ၊သက်ကြီးရွယ်အိုများသာဖြစ်နေ၍ ရွာလူကြီး လက်လျှော့ထားရခြင်းဖြစ်သည်။
“တကယ်ဆို ကျုပ်တို့တာတူးတာအောင်မြင်ရင် အတော်အဆင်ပြေသွားမှာဗျ ”
“ကျုပ်တို့လည်း နားလည်ပါတယ် သူရင်းဒိုင်တွေက ခွင့်ပြုမှာ မဟုတ်ဘူးလေဗျာ ”
“အင်း ကျုပ်လည်း နားလည်ပါတယ် လယ်တွေရှိနေပေမဲ့ ဝမ်းစာစပါးမရတဲ့ကျုပ်တို့အဖြစ်က ဆိုးပါတယ်ဗျာ”
“ကျုပ်တို့ဒေသမှာ မိုးခေါင်ချက်ကလည်း စံတင်လောက်တာကိုးဗျ”
ရွာလူကြီးသည် ဆွေစဉ်မျိုးဆက်ချမ်းသာလာသူမို့ မတောင့်မတနေရသော်လည်း ရွာသားအများစု၏ဒုက္ခကိုမြင်ကာအတော်စိတ်မသက်မသာဖြစ်လို့နေသည်။ထိုသို့ဒုက္ခရောက်နေသောရွာလေးအား ကယ်တင်သောသူနှစ်ယောက်ပေါ်လာလေသည်။တနေ့သောအခါ အသက်ကြီးရင့်နေပြီဖြစ်သော လူကြီးတယောက်နှင့် အသက်ငယ်ရွယ်သောကောင်လေးတယောက်တို့သည် မြရတနာရွာလေးသို့ ရောက်ရှိလာကြသည်။လူစိမ်းနှစ်ယောက်ဝင်လာသည်မို့ ရွာထဲမှကလေးများသည် ထိုသူနှစ်ဦးတို့အား ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။ထိုသို့ကြည့်နေကြသော ကလေးများအား ‌ မျက်နှာစိမ်းနှစ်ယောက်အနက် အသက်ငယ်သောကောင်လေးသည် သူ၏လွယ်အိတ်ထဲမှ မြန်မာမုန့်များဖြစ်သော မုန့်လက်နှိပ်နှင့် ရွှေကြည်တို့ကိုထုတ်ပိုးထားသည့် အင်ဖတ်ထုတ်အားထုတ်ယူလိုက်ကာ
“ညီလေးတို့ မုန့်စားကြမလား ဒီမှာ မုန့်လက်နှိပ်နဲ့ ရွှေကြည် ပါလာတယ် ”
ကလေးများသည် ခေါင်းညိတ်ပြပြီး လူငယ်လေးပေးလာသော မုန့်များအား ယူလေသည်။လူငယ်လေးသည် မုန့်များကိုပေးလိုက်ပြီးနောက် သူ့ထက် အနည်းငယ်‌အသက်ငယ်ပုံပေါ်သော ကောင်လေးတယောက်အား စကားဆိုလိုက်လေသည် ။
“အကိုတို့ကို ရွာလူကြီးအိမ် လိုက်ပို့ပေးလို့ရမလား”
“ရတာပေါ့ ကျုပ်နောက်လိုက်ခဲ့ ”
ထိုကောင်လေးသည် တခြားကလေးများကိုကြည့်လိုက်ပြီး
“ဟေ့ကောင်တွေ ငါဖို့ ချန်ထားကြဦးနော် ဧည့်သည်တွေကိုလိုက်ပို့ပေးလိုက်ဦးမယ် ”
“အေးပါကွ ရွာထိပ်က ယူကလစ်ပင်နားကိုလာခဲ့ ငါတို့စောင့်နေမယ် ”
“အေး အေး ”
ကောင်လေးသည် သူ၏အပေါင်းအသင်းများကိုမှာကြားပြီးနောက် ဧည့်သည်နှစ်ယောက်အား ရွာလူကြီး၏အိမ်သို့ လိုက်ပို့ ပေးပါလေတော့သည် ။
အခန်း (၄)
“ကျုပ်တို့ရွာကို ဧည့်သည်တွေလာလေ့မရှိဘူး မိတ်ဆွေတို့ လာတာ ဒီနှစ်တွေထဲ ပထမဆုံးပဲ ”
“အဲ့လောက်တောင်လား ရွာလူကြီးရ ”
“အလှူအတန်းက မလုပ်နိုင် ပျော်ပွဲရွှင်ပွဲက မရှိ ဒီလိုရွာကို ဘယ်ဧည့်သည်က လာမှာလဲဗျာ ”
“အဲ့တာတွေ ဘာကြောင့်ဖြစ်ရတာလဲလို့ ရွာလူကြီးထင်လဲ ”
“အများကြီးတွေးစရာမလိုပါဘူး‌ဗျာ အဓိက က မိုးခေါင်ရေရှားလို့ပါပဲ ”
“ကျုပ်တို့လာတဲ့လမ်းမှာ ဆည်မြောင်းကြီး တွေ့ပါတယ်ဗျ တခြားရွာတွေလည်း အဲ့ဒီဆည်မြောင်းကနေပဲ စိုက်ပျိုးရေးလုပ်ကြတာထင်တယ်နော် ”
“အင်း ဟုတ်ပါတယ် ဒါပေမဲ့ သူတို့ရွာတွေနဲ့ ကျုပ်တို့ရွာနဲ့ကမတူဘူးဗျ ကျုပ်တို့က ဆည်မြောင်းကနေ သီးသန့်တူးမြောင်းဖောက်ရမှာ အကွာဝေးက ငါးမိုင်လောက်တော့ရှိမပေါ့”
“တရွာလုံးဝိုင်းတူးရင်ရော မဖြစ်နိုင်ဘူးလားဗျ ဒါမှမဟုတ် အတူးမခံလို့လား”
“အဲ့လိုလည်း မဟုတ်ပါဘူးဗျာ တူးမြောင်းတူးဖို့အတွက်က အဆင်ပြေတယ် လုပ်အားအတွက်ခက်ခဲနေတာ ခင်ဗျားတို့ သိမှာတော့မဟုတ်ဘူး ကျုပ်တို့ရွာက လူငယ်လူရွယ်တွေက တခြားရွာမှာ သူရင်းငှားသွားလုပ်ကြတယ်လေ အဲ့တော့ အားတဲ့အချိန်ရယ်လို့ကို မရှိပါဘူးဗျာ ရွာမှာကျန်ခဲ့တာတွေကလည်း အိုမင်းမစွမ်းနဲ့ ကလေးတွေ အရွယ်ကောင်းမိန်းကလေးတွေပဲမို့သူတို့ကျပြန်တော့လည်း ကောက်ရိတ်၊ကောက်စိုက်၊ပဲနှုတ် သူများရွာတွေကို နေ့စားသွားလုပ်နေရတာပါပဲ ”
ဧည်သည့်လူစိမ်းနှစ်ယောက်တို့သည် မြရတနာရွာလေး၏ ရွာလူကြီးနှင့် စကားဆိုနေကြခြင်းဖြစ်သည်။ရွာလူကြီးသည်လည်း သူ၏စိတ်ထဲတွင်ရှိနေသောစကားများကို လူစိမ်းနှစ်ယောက်အား ရင်ဖွင့်နေမိသည်။ထို့နောက် ရွာလူကြီးသည် ဧည့်သည်နှစ်ယောက်အား အမေးစကားဆိုလိုက်လေသည်။
“နေပါဦး မိတ်ဆွေတို့က ဘယ်သူတွေလဲဗျ ဘယ်သူ့ဆီကိုလာကြတာလဲ ”
“ကျုပ်နာမည်က ဦးဝေလာပါ ဒီဘက်က ကျုပ်တပည့်လေး မောင်ဘိုးထင်တဲ့ ဒီကိုလာတဲ့ရည်ရွယ်ချက်က အကူအညီပေးချင်လို့ပါ”
“ဘယ်လိုအကူအညီများပေးချင်တာလဲ ‌ဧည့်သည်ကြီးရဲ့”
“တခြားတော့မဟုတ်ပါဘူး တူးမြောင်းဖောက်ပြီးရင် ဒီရွာကအဆင်ပြေသွားမယ်မဟုတ်လား”
“အတိုင်းထက်အလွန်ပေါ့ဗျာ ”
“ဟုတ်ပြီလေ ကျုပ်တို့ တူမြောင်းဖောက်ဖို့အတွက်ကူညီပေးပါ့မယ် ”
“‌ဗျာ ”
ရွာလူကြီးသည် ဦးဝေလာကိုကြည့်ကာ မယုံမကြည်ဖြစ်လို့နေသည်။ထို့နောက် ရွာလူကြီးသည် မယုံကြည်ဟန်နှင့် စကားဆိုလာလေသည်။
“ဧည့်သည်ကြီးတို့ နောက်နေတာများလားဗျာ”
“မနောက်ပါဘူး ကျုပ်တို့ တကယ်ကူညီမှာပါ”
“ကျုပ် ဘယ်လိုမှမယုံကြည်နိုင်ဘူးဗျာ ”
“ယုံပါ ရွာလူကြီးရယ် အစီအစဉ်လေးရှိရင်လည်း ပြောပါဦး ဘယ်လိုဘယ်ပုံ စလုပ်ရမလဲဆိုတာ ”
“ကျုပ်တွေးထားတာလေး ပြောပြမယ်နော် ”
“ပြောပါ ရွာလူကြီး”
“တခြားတော့မဟုတ်ဘူးဗျာ ကျုပ် ရွာသားတွေရဲ့တနှစ်စာ လုပ်အားခကိုပေးရလိမ့်မယ် သူတို့လုပ်အားခက စပါးရတာလေ အဲ့တာပေးပြီး တနှစ်အတွင်း တူးမြောင်းကို အပြီးတူးလိုက်ချင်တာ”
“ဆယ်မြောင်းနဲ့ ခင်ဗျားတို့ရွာက ငါးမိုင်လောက်ပဲဝေးမယ်ထင်တယ်နော် ”
“အဲ့လောက်ပါပဲ ”
“ဟုတ်ပြီလေ အဲ့တာဆိုလည်း ရွာလူကြီးအနေနဲ့ အကောင် အထည်ဖော်ပါ ကျုပ်ကတော့ ဒီငွေတွေကို စိုက်ထုတ်ပါ့မယ် ”
ဦးဝေလာသည် ပြောပြောဆိုဆို မောင်ဘိုးထင်အား လှည့်ကြည့်လိုက်ရာ မောင်ဘိုးထင်သည် သူ၏လွယ်အိတ်ထဲမှ ငွေစက္ကူထုတ်တထုတ်အားထုတ်ကာ လှမ်းပေးလာလေသည်။ဦးဝေလာသည်လည်း ထိုငွေစက္ကူထုတ်ကိုယူပြီး ရွာလူကြီး၏ ရှေ့တန်းလျားပေါ်တွင်တင်ပေးလိုက်ရာ မြရတနာရွာလူကြီးသည် ဝမ်းမြောက်ဝမ်းသာစွာဖြင့် လက်ခံယူလိုက်ပါ‌လေတော့ သည်။
အခန်း (၅)
မြရတနာကျေးရွာလေးရှိ နံနက်ခင်းချိန်ခါတွင် ဖြစ်သည် ။ ရွာလူကြီးသည် တအိမ်တယောက် မလာ မနေရ ဆင့်ခေါ်ထားသောကြောင့် ရွာသားများ တဖွဲဖွဲနှင့်ရောက်ရှိလာကြသည်။ထုံးစံအတိုင်း သက်ကြီးရွယ်အိုများသာ ရောက်လာလေသည်။ တချို့တလေမှာ အိမ်ပြန်လာသော လူရွယ်လူငယ်အနည်းငယ်ဖြစ်လေ၏။ရွာလူကြီးသည် သူ၏ရွာသားများကိုကြည့်ကာ
“ခင်ဗျားတို့ကို ကျုပ် ခေါ်ရတဲ့အကြောင်းကတော့ တူးမြောင်းတူးဖို့ပဲ”
“လူကြီးရယ် ကျုပ်တို့တွေလည်း တူးချင်တာပေါ့ ဒါပေသိ အဆင်မှမပြေတာ ”
“ခင်ဗျားတို့ကလည်း ဘာမှမပြောရသေးဘူး အဆင်မပြေတာက စတာပဲ ကျုပ်ပြောတာကိုလည်း ဆုံးအောင်နားထောင်ကြပါဦး ဒီက ဆရာကြီးက ဦးဝေလာတဲ့ ဟိုဘက်က သူတပည့် သူတို့က ကျုပ်တို့ရွာ တူးမြောင်းတူးဖို့အတွက် အထမြောက်အောင်ကူညီပေးမဲ့သူတွေပဲ ”
“ဘယ်လိုကူညီမှာတုန်းဗျ”
“တူးမြောင်းတူးချင်တဲ့သူတွေကို ဒီကဆရာကြီးက သူရင်းငှားတဲ့တနှစ်စာနဲ့ညီမျှတဲ့ငွေကို ပေးမှာပါ ငွေကလည်းဒီမှာပါ ကျုပ်လက်ထဲရောက်နေပါပြီ”
ရွာလူကြီးသည်ပြောပြောဆိုဆိုဖြင့် ဦးဝေလာပေးထားသောငွေထုတ်အား ပြလိုက်လေသည်။ထိုအခါ ရွာသူရွာသားများမှ အံ့ဩနေကြသည်။ထို့နောက် ရွာလူကြီးသည် ဆက်လက်၍ စကားဆိုလာလေသည်။
“အဲ့တာ သူရင်းငှားအလုပ်ကနေထွက်ပြီး တူမြောင်းတူးချင်တဲ့သူရှိရင် ကျုပ်ကို စာရင်းပေးပြီး လာထုတ်ကြပါ ”
“ထွန်တုံးပိတ်ဖို့က လိုသေးတယ်လေ ”
ရွာသူရွာသားများမှ ထိုသို့ပြောလေရာ ဦးဝေလာသည် ရွာလူကြီးကိုကြည့်၍ စကားဆိုလိုက်လေသည်။
“ရွာလူကြီး သူတို့ထွန်တုံးမပိတ်သေးဘူးဆိုရင် စာရင်းပဲ အရင်ယူထားလိုက်ပါ ထွန်တုံးပိတ်မှပဲ တူးမြောင်းစတူးပေါ့ ”
“အဲ့လိုပဲ လုပ်ရတော့မှာပေါ့ ဆရာကြီးရေ ”
“ကဲ ကဲ အဲ့တာဆိုရင် ကျုပ်တို့ သွားဦးမယ် ရွာလူကြီးပဲ စီစဉ်စရာရှိတာ ဆက်စီစဉ်ပါ”
ထိုသို့ဖြင့် ဦးဝေလာနှင့်‌ မောင်ဘိုးထင်တို့သည် ရွာလူကြီးထံ သူတို့၏ငွေများကိုအပ်ခဲ့ပြီးနောက် မြရတနာရွာလေးမှ ထွက်လာခဲ့လေသည်။ရုတ်ချည်းထွက်လာသောကြောင့် မောင်ဘိုးထင်မှာ နားမလည်နိုင်ဖြစ်နေပြီး ရွာအပြင်ရောက်သည်နှင့် ဦးဝေလာအား အကျိုးအကြောင်းမေးမြန်းလိုက်လေသည်။
“ဆရာကြီး ချက်ခြင်းကြီး ဘာလို့ထွက်လာခဲ့ရတာလဲ”
“ငါ့အာရုံထဲမှာ မကောင်းတာတခုခုခံစားနေရလို့”
“ဘာဖြစ်လို့လဲ ဆရာကြီး”
“မင်းမကြာခင် သိပါလိမ့်မယ် ”
မောင်ဘိုးထင်သည် မည်သည့်စကားမှထပ်မမေးတော့ပဲ ဦးဝေလာနောက်ကိုသာ လိုက်သွားလိုက်လေသည်။ရွာနှင့်အတန်လှမ်းသောနေရာရောက်သည့်အခါ သူတို့နောက်သို့ လူနှစ်ယောက် လိုက်လာသည်ကိုတွေ့လိုက်ရသည်။ထိုလူနှစ်ယောက်သည် ခပ်မြန်မြန်လျှောက်လာနေသည်ကို မောင်ဘိုးထင်သိသောကြောင့် သူ၏ရှေ့မှလမ်းလျှောက်နေသော ဦးဝေလာအား စကားဆိုလိုက်သည် ။
“ဆရာကြီး နောက်ကလိုက်လာတဲ့လူနှစ်ယောက်က မရိုးဘူး”
“ငါ သိတယ် ဘိုးထင် လာ အရှေ့ကကုက္ကိုလ်ပင်မှာ နားကြတာပေါ့”
‌ဦးဝေလာသည် ပြောပြောဆိုဆို မလှမ်းမကမ်းရှိကုက္ကိုလ်ပင်ကိုညွှန်ပြလာပြီး သုတ်ချေတင်လမ်းလျှောက်ကြလေသည်။သူတို့နှစ်ယောက်ထိုင်ပြီးသည်နှင့် မရှေးမနှောင်းပင် နောက်မှလိုက်လာသော လူနှစ်ယောက်သည်လည်း ကုက္ကိုလ်ပင်အောက်တွင် လိုက်ဝင်ထိုင်ပြီး မောင်ဘိုးထင်တို့ကို မသိမသာအကဲခတ်ကြည့်နေပြီးနောက် အချင်းချင်းစကားဆိုကြသည်။
“ဟိုကောင်တွေ အခုထိ မရောက်သေးပါလား အရေးကြီးတယ်လို့ပြောထားတာကိုကွာ ”
“ရောက်တော့မှာပါကွ”
သူတို့ပြောပြီးမကြာသောအချိန်၌ နောက်ထပ်လူသုံးယောက်သည် ကုက္ကိုလ်ပင်အောက်သို့ ရောက်လာလေသည်။ထိုလူသုံးယောက်ရောက်လာသည်နှင့် အရင်ကြိုရောက်နှင့်နေသော လူနှစ်ယောက်မှာ ဆီးကြို၍ ပြစ်တင်စကားဆိုလိုက်ပြီးလျှင် ခါးကြားမှ ဓားမြှောင်များကိုထုတ်ကာ မောင်ဘိုးထင်နှင့် ဦးဝေလာတို့အား ဝိုင်းထားလိုက်ကြလေသည်။ထို့နောက် ခေါင်းဆောင်ဖြစ်ဟန်တူသူတယောက်မှ ဓားဖြင့်ချိန်ရွယ်ထားရင်းက စကားဆို‌လာလေသည် ။
“ဟေ့လူကြီး ခင်ဗျားတို့အသက်မသေချင်ရင် ပါတာတွေအကုန်ထုတ်”
“မင်းတို့က ဘယ်သူတွေတုန်း မြရတနာရွာလူကြီးအိမ်မှာ တွေ့ဖူးသလိုပဲ”
“ခင်ဗျားကြီးက ညဏ်ကောင်းသားပဲ”
ဦးဝေလာ၏စကားကို ဓားမြောင်ကိုင်ထားသော လူရွယ်တယောက်မှ ထိုသို့ပြန်ပြောလာပြီး အချင်းချင်းမျက်စပစ်ပြကာ ရှေ့သို့တိုးလာလေသည်။မောင်ဘိုးထင်သည်ကား သူ၏ လွယ်အိတ်ထဲသို့ လက်နှိုက်လိုက်ပြီး တခုခုလုပ်မယ်ဟန်ပြင်လိုက်စဉ် ဦးဝေလာမှတားဆီးလိုက်ပြီးနောက် ဓားပြတိုက်နေသူလူငါးယောက်အား စကားဆိုလိုက်သည်။
“မင်းတို့က မြရတနာရွာသားတွေမလား ငါက မင်းတို့ရွာ တိုးတက်အောင် လာကူညီတာလေ ”
ထိုစကားကြောင့် ဓားပြငါးယောက်တို့၏ခြေလှမ်းတို့ ရပ်တန့်သွားပြီး လှောင်ရယ်ကာ စကားဆိုလာလေသည်။
“သိတယ်လေ ငွေတွေဒီလောက်ပေါနေတာမြင်လို့သာ လိုက်ပြီး ဓားပြတိုက်တာပေါ့ ခင်ဗျားက ကျုပ်တို့ကိုမှတ်မိနေတာဆိုတော့ အသက်ချမ်းသာပေးလို့ မရတော့ဘူး ”
ရုပ်ဆိုးဆိုးဓားပြတယောက်၏စကားကို ကြားသောအခါ ဦးဝေလာသည် တချက်ပြုံးလိုက်ပြီး
“မင်းတို့က ငါတို့ကိုအသက်ချမ်းသာမပေးဘူးပေါ့”
“ခင်ဗျားက ကျုပ်တို့ကိုမှတ်မိနေမှတော့ ကျုပ်တို့လည်းရွေးချယ်စရာမရှိတော့ဘူးပေါ့ ”
“ကဲ ကဲ ငါတို့ကိုသတ်ပြီး ပစ္စည်းယူမှာမလား လုပ်တော့လေကွာ”
လိုလိုလားလားခိုင်းစေလာသော ဦးဝေလာကြောင့် ဓားပြငါးယောက်တို့မှာ အချင်းချင်းတိုင်ပင်နေကြသည်။ဦးဝေလာ၏ မျက်နှာအနေအထားကိုကြည့်ပြီး အနည်းငယ်ဖြုံသွားခြင်းလည်းဖြစ်နိုင်သည်။ထို့နောက် ထိုဓားပြငါးယောက်သည် ဦးဝေလာနှင့် မောင်ဘိုးထင်တို့နှစ်ယောက်အားတိုက်ခိုက်ရန်အရှေ့သို့တိုးကပ်လာချိန် ဦးဝေလာသည် သူ၏ရှေ့တည့်တည့်မှ ဓားပြတယောက်ကိုကြည့်လိုက်ပြီး
“‌ဟေ့ကောင် မင်း ဘာလို့ဟို‌ကောင်တွေကို မတိုက်တာလဲ”
ဦးဝေလာ၏စကားကြောင့် ကျန်လူများ အံ့သြသွားသည်။စကားအပြောခံလိုက်ရသော ဓားပြသည်လည်း တုံ့ခနဲရပ်တန့်သွားပြီး သူ၏ဘေးတွင်ရှိသော ဓားပြတယောက်ကို တရကြမ်းတိုက်ခိုက်ပါလေတော့သည်။မထင်ထားသောဖြစ်ရပ်ကြောင့် ကျန်ဓားပြလေးယောက်တို့သည် သူတို့အား ပြန်တိုက်ခိုက်နေသော သူတို့၏အ‌ပေါင်းအသင်းမိတ်ဆွေဖြစ်သူကိုငေးကြည့်နေမိစဥ် ဦးဝေလာမှ လေသံခပ်ကျယ်ကျယ်နှင့် စကားဆိုပြန်၏။
“မင်းတို့ ဘာလုပ်နေတာလဲ အချင်းချင်းချကြလေကွာ ”
ဦးဝေလာ၏စကားဆုံးသည်နှင့် ကြောင်ငေးနေသော ဓားပြများသည် ဆတ်ခနဲတချက်တုန်သွားကာ ဓားနှင့် အချင်းချင်းတိုက်ခိုက်ကြပါလေတော့သည််။ထိုအဖြစ်အပျက်ကြောင့် မောင်ဘိုးထင်သည် ထူးဆန်းအံ့သြနေပြီး ဦးဝေလာ၏ပညာရပ်များကို အတော်အထင်ကြီးသွားမိသည်။ဦးဝေလာသည်ကား အချင်းချင်းတိုက်ခိုက်နေသော ဓားပြများကိုကြည့်ကာ
“ဟေ့‌ကောင်တွေ အသေတော့ မလုပ်ကြနဲ့နော် လက်မောင်းကိုပဲ ထိုး ကြားလား”
ဦးဝေလာ၏စကားအတိုင်း ဓားပြများသည် အချင်းချင်းထိုးကြိတ်ကန်ကြောက်တိုက်ခိုက်နေကြပြီး လက်‌မောင်းများကိုဓားနှင့် ထိုးကြလေသည်။ဓားပြများအချင်းချင်းတိုက်ခိုက်နေသဖြင့် ထောင်းထောင်းထလာသောဖုန်မှုန့်များကြောင့် ဦးဝေလာနှင့် မောင်ဘိုးထင်သည်ကား ခပ်လှမ်လှမ်းရှိ ရုံးပင်အောက်သို့သွားလိုက်ပြီး ထိုင်ကြည့်နေကြသည်။ဓားပြများသည် သွေးသံတရဲရဲနှင့် အချိန်အတော်ကြာသည့်အထိ သူတပြန် ကိုယ်တပြန်တိုက်ခိုက်လို့နေသည်။ထို့နောက် ဦးဝေလာမှ အသံ ကျယ်ကျယ်နှင့် ထိုသူများအား အော်ဟစ်ပြီး ဟန့်တားလိုက်သောအခါမှသာ ထိုဓားပြလေးယောက်သည် တုန်တုန်ယင်ယင်ဖြင့် သူတို့ရှိရာ ရုံးပင်ဆီသို့လာပြီး ဒူးထောက်ထိုင်ချကာ တောင်းပန်လာကြသည် ။
“ဆ ဆရာကြီး ကျုပ်တို့ကို မသတ်ပါနဲ့ဗျာ ”
“ကျုပ်တို့ တောင်းပန်ပါတယ် ”
“ဟိတ်ကောင်တွေ မင်းတို့အချင်းချင်း ချနေကြတာလေ ငါနဲ့ဘာဆိုင်လို့တုန်းကွ”
“ကျုပ်တို့ တောင်းပန်ပါတယ်ဗျာ ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ မသတ်ပါနဲ့”
ဓားပြများမှာ လက်မောင်းတွင်စီးကျနေသော သွေးများကိုဂရုမပြုနိုင်ပဲ ဦးဝေလာကိုသာ ရှိခိုးတောင်းပန်နေကြသည်။အချင်းချင်းသိလျက်နဲ့ မည်သို့မှ မထိန်းနိုင်ပဲတိုက်ခိုက်နေမိ သည်မှာ ပုံမှန်အခြေအနေမဟုတ်မှန်း သူတို့သိသည်။အကြိမ်ကြိမ်ဦးချပြီးတောင်းပန်လိုက်သောအခါမှ ဦးဝေလာသည် ဓားပြများ၏မျက်နှာကို တယောက်ချင်းစီ လိုက်ကြည့်ပြီး မေးမြန်းလိုက်လေသည်။
“မင်းနာမည်က ဘယ်သူတုန်းကွ”
“ကျုပ်နာမည် ငအောင်ပါ ”
“အေး ငအောင် မင်း ဘာလို့ဓားပြတိုက်ရတာလဲ ”
“ဟို ဟို စားစရာမရှိလို့ပါ ”
ငအောင်ဆိုသူ၏စကားကို ပြုံးပြီးနားထောင်နေသော ဦးဝေလာသည် သူ၏အနီးတွင်ထိုင်နေသော မောင်ဘိုးထင်အား မေးလိုက်လေသည်။
“ဘိုးထင် မင်း ဒီကောင်ပြောတာကို ယုံလား ”
“ကျုပ်အမြင်တော့ စားစရာမရှိလို့ဆိုတာ မဖြစ်နိုင်ပါဘူး ဆရာကြီး သူ့ကိုကြည့်ရတာ တခြားလူတွေထက်တောင် စိုပြေနေ‌သေးတယ် ”
“ဟုတ်တယ် ဒီကောင် ညာနေတာပဲဖြစ်ရမယ် ညာနေရင်တော့ ငါ ဘာလုပ်သင့်လဲ ဘိုးထင်”
“ညာမှတော့ လျှာကိုသာဖြတ်လိုက်ပေါ့ ဆရာကြီးရယ် ”
“အေး မင်း အကြံကောင်းတယ်ဟ”
ဦးဝေလာနှင့် မောင်ဘိုးထင်တို့နှစ်ယောက်၏စကားကြောင့် ငအောင်ဟုအမည်ရသောဓားပြမှာ တုန်တုန်ယင်ယင်ဖြင့် ပြန်ပြောင်း၍ စကားဆိုလေသည်။
“ကျုပ် တောင်းပန်ပါတယ် ကျုပ် ညာပြောလိုက်တာပါ ”
“ကဲ အမှန်အတိုင်းပြောစမ်းကွာ ”
“ကျုပ်က ပွေးကိုင်းရွာမှာ လူငှားလုပ်တာပါ လူငှားခရတဲ့ စပါးတွေကို ကျုပ်ကြိုထုတ်ပြီး ဂျင်ထိုးလိုက်မိတယ်ဗျာ အခုကျုပ်သားသမီးလေးတွေ စားစရာမရှိလို့ အခုလိုလုပ်ရတာပါ”
“မင်းပြောတာ တကယ်လား ”
“တကယ်ပါ မညာရဲပါဘူးဗျာ ကျုပ်တို့အားလုံး အတူ သွားထိုးကြတာပါ”
“ဟိတ်ကောင် မင်းတို့အားလုံးအတူသွားထိုးတာတောင် မနိုင်ဘူးလားကွ ”
“မနိုင်ပါဘူးဗျာ ”
ဦးဝေလာသည် ဓားပြများကိုသေချာကြည့်လိုက်သည်။သူတို့အနေဖြင့် ထပ်ညာမည့်ပုံတော့ မပေါ်ပေ။သူတို့သည် တောင်သူလယ်သမားများ၏ပုံပန်းအသွင်သဏ္ဍာန်နှင့် ဖြစ်၏။ ဦးဝေလာအကဲခတ်ကြည့်နေစဥ် မောင်ဘိုးထင်မှ ထိုဓားပြများအား မေးမြန်းလိုက်ပြန်သည်။
“ခင်ဗျားတို့က ကျုပ်တို့ကိုဓားပြတိုက်ပြီးတော့ ရွာလူကြီးကိုလည်း ဓားပြတိုက်ဖို့အစီအစဥ်ရှိတာလား ”
“ဟာဗျာ ကျုပ်တို့ရွာကောင်းဖို့လုပ်တာကိုတော့ ကျုပ်တို့ မထိရဲပါဘူး ”
“အဲ့ဒီငွေတွေကို ကျုပ်တို့ပဲ ပေးခဲ့တာလေ ခင်ဗျားတို့က ကျုပ်တို့ကိုတော့ ဒုက္ခ‌ပေးတယ်လား ”
မောင်ဘိုးထင်၏ခပ်မာမာလေသံကြောင့် ဓားပြများသည် ပျာပျာသလဲဖြစ်သွားကာ
‌”ကျုပ်တို့ ညာဏ်နည်းသွားပါတယ်ဗျာ ကျုပ်တို့အ‌တွေးထဲမှာ ကိုယ်ရွာသားကို မထိခိုက်စေချင်ပါဘူး ကျန်တာတော့ ကျုပ်တို့ မတွေးလိုက်မိပါဘူး ”
“ကဲ ထားပါတော့လေ ကျုပ်ဆရာကပဲ ခင်‌ဗျားတို့ကိစ္စကို အဆုံးအဖြတ်ပေးလိမ့်မယ် ”
မောင်ဘိုးထင်မှ ထိုသို့စကားဆိုလိုက်သည်နှင့် ဦးဝေလာသည် ခေါင်းကိုညိတ်လိုက်ပြီး
“မင်းတို့တွေ ညာနေလား တကယ်လားဆိုတာ ငါ စမ်းသပ်ရလိမ့်မယ် အိမ်က မိသားစုအတွက် တကယ်လိုအပ်လို့ပဲ ဓားပြတိုက်တာလား လောင်းကစားထပ်လုပ်ချင်လို့ ဓားပြတိုက်တာလားသိရအောင် ဘိုးထင်ရေ ရေဘူးပေးစမ်းကွာ ”
‌ဦးဝေလာသည် မောင်ဘိုးထင်ထံမှရေဘူးတောင်းယူသဖြင့်မောင်ဘိုးထင်သည်လည်း လွယ်အိတ်ထဲမှ ရေဘူးကိုထုတ်ပေးလိုက်သည်။ထို့နောက် ဦးဝေလာသည် ရေဘူးကိုကိုင်ထားပြီး မျက်လုံးမှိတ်၍ နှုတ်မှ တတွတ်တွတ်ရွတ်ဖတ်ပြီးနောက် ဓားပြများကိုကြည့်လိုက်ပြီး
“ဟေ့ကောင်တွေ မင်းတို့လက်မောင်းက ဒဏ်ရာတွေနာနေပြီလား”
“နည်းနည်းပဲနာတာပါ ဆရာကြီး”
“အေး အဲ့တာ ငါ နည်းနည်းပဲထိုးဖို့ ပြောထားလို့နော် အခု လည်ပင်းကို အချင်းချင်းထိုးခိုင်းလိုက်ရမလား”
“ကြောက်ပါပြီ ဆရာကြီးရယ် မ မလုပ်ပါနဲ့ ”
“စတာပါကွာ ကဲ မင်းတို့ ဒီရေဘူးထဲကရေကို သောက်ရလိမ့်မယ် ငါ့ကိုညာပြောတာဆိုရင်တော့ မင်းတို့မသောက်နဲ့ သောက်ရင် သွေးပွတ်ပွက်အံပြီး သေရလိမ့်မယ် ကြားလား”
“ကျုပ် မလိမ်ပါဘူး ဆရာကြီး သောက်ရဲပါတယ် ဂျင်ရှုံးပြီး မိသားစုတွေကို ကျွေးစရာမရှိတော့လို့ပါ ”
“သေချာတယ်ဆိုရင်တော့ သောက်ပေါ့ကွာ ရော့”
ဦးဝေလာမှ ထိုသို့စကားဆိုလိုက်ပြီးနောက် ဓားပြများကို ရေသောက်စေသည်။ဓားပြများသည်လည်း ရေဘူးထဲမှ ရေ အား ခပ်မြန်မြန်ပင်ယူသောက်လိုက်ကြလေသည်။လူစေ့သောက်ပြီးသွားသည်နှင့် ဦးဝေလာသည် ဓားပြများကိုကြည့်လိုက်ပြီး
“ဟေ့ ဘယ်လိုလဲ အန်ချင်နေကြပြီလားကွ”
“မအန်ချင်ပါဘူး ဆရာကြီး အမောပြေသွားပါတယ် ”
“အေး အဲ့တာ‌ဆိုရင် မင်းတို့ တကယ်မညာဘူးပဲ ကဲ ကဲ နောက်တခါ ဒီလိုမလုပ်တော့ဘူးလို့ ငါ့ဆီမှာ သစ္စာဆိုကြ ဓားပြတိုက်တာတင် မဟုတ်ဘူးနော် ဂျင်ထိုးတာကိုပါ မလုပ်ရတော့ဘူး ကြားလား”
“ဟုတ်ကဲ့ပါ ဆရာကြီး အသက်ချမ်းသာပေးလို့ကျေးဇူးတင်ပါတယ် ”
“ကဲ ကဲသစ္စာဆို ”
ဦးဝေလာမှ သစ္စာဆိုခိုင်း‌‌သောအခါ ဓားပြများသည် သစ္စာဆိုလိုက်ကြလေသည်။ထို့နောက် ဦးဝေလာသည် မောင်ဘိုးထင်ထံမှ ငွေစက္ကူအချို့ကိုတောင်းကာ သူရင်းငှားလုပ်၍ရသော စပါးနှင့်တွက်ချက်စေပြီး ဓားပြများတဖြစ်လဲ ရွာသားများအား ပေးလိုက်လေသည်။ထိုသို့ပေးလိုက်သောအခါ ဓားပြများသည် မျက်ရည်များကျလာကြပြီး ထိုမျက်ရည်များအားခိုးသုတ်လိုက်ကြပြီးလျှင် ငွေများအား လက်ခံလိုက်လေသည် ။
“မင်းတို့ ရွာလူကြီးဆီမှာ နောက်တနှစ်စာထပ်ထုတ်ပြီး တူးမောင်းဖောက်တဲ့‌နေရာမှာ ရွာလူကြီးကို ကူညီပေးလိုက်ကြဦးကြားလား”
“စိတ်ချပါ ဆရာကြီး ကျုပ်တို့ လုပ်လိုက်ပါ့မယ် ”
“ရော့ ရော့ ဒါက ဆေးဖိုး ”
“ရပါတယ် ဆရာကြီး ဒါကကျုပ်တို့အပြစ်နဲ့ ကျုပ်တို့ပါ”
“ကဲ ယူသွားပါကွာ မင်းတို့ ရှုံးခဲ့တဲ့ ဂျင်ပွဲ ဘယ်နားမှာလဲဆိုတာ ငါ့ကို တယောက်လောက် လိုက်ပြကွာ သက်သာတဲ့တယောက်ပေါ့ ”
ထိုအခါ မြင့်ဝေဟုအမည်ရသောသူမှ လိုက်ပြမည်ဟုပြောလာလေသည်။ထိုအခါ ဦးဝေလာသည် ထိုသူအား အိမ်သို့ဦးစွာပြန်စေပြီး ယခုနေရာမှာပင် စောင့်မည်ဟုပြောလိုက်လေသည်။ဓားပြတိုက်ရန်ကြိုးစားသော ရွာသားငါးယောက်သည်လည်း ဦးဝေ‌လာနှင့် မောင်ဘိုးထင်တို့အားနှုတ်ဆက်ကာ ရွာဘက်ဆီသို့ပြန်သွားကြပါလေတော့သည် ။
အခန်း (၆)
“ဆရာကြီး ဟိုလူတွေကိုတိုက်လိုက်တဲ့ရေက တကယ်ပဲသစ္စာ ရေလား သူတို့ညာရင် တကယ် သွေးအန်မှာလား ဆရာကြီး”
“မဟုတ်ပါဘူး ဘိုးထင်ရာ ရိုးရိုးရေပါပဲ ငါ့ပါးစပ်က တမင် ပွစိပွစိလုပ်နေတာ ဒီကောင်တွေ တကယ့်ဓားပြတွေမဟုတ်ပါဘူးကွာ အစကတည်းက ငါ သိသားပဲ”
“သူတို့က ကျုပ်တို့နှစ်ယောက်ကိုတကယ်သတ်မှာနော် ”
“‌ငွေလိုနေတာပဲကွာ သတ်မှာပေါ့ တနှစ်ပတ်လုံးလုပ်လို့ရတဲ့လုပ်အားခကို တခဏလေးနဲ့ဖြုန်းလို့ကုန်သွားတယ်ဆိုတာ ရိုးရိုးသားသားတော့မဖြစ်နိုင်ဘူးကွ ငါးယောက်လုံးသွားတာ တ‌ယောက်လောက်တော့ နိုင်ရမှာပေါ့”
“လောင်းကစားပဲ ဆရာကြီးရာ ကံဆိုတာ ပြောလို့ရမလား ”
“မင်းမကြာခင် တွေ့ရမှာပေါ့ကွာ ”
မောင်ဘိုးထင်နှင့် ဦးဝေလာသည် ကုက္ကိုလ်ပင်ကြီးအရိပ် အောက်တွင် ပြန်ပြောင်းထိုင်ပြီးစကားဆိုနေခြင်းဖြစ်သည်။
“ဆရာကြီး ကျုပ်တို့ယူလာတဲ့ရွှေတွေကို ရောင်းလို့ရတဲ့ငွေက ကုန်ခါနီးပြီနော်”
“ကုန်ရင် ရွှေတွေ ထပ်ယူတာပေါ့ကွာ နောက်နှစ်လလောက်ဆို ရွှေ‌အိုးထဲကရွှေတွေ ကုန်တော့မယ်ကွ”
“ကျုပ် ရွှေတွေ မကုန်စေချင်သေးဘူးဗျာ”
“ဘိုးထင် တွေ့ဆုံကြုံကွဲတဲ့ကွ သိပ်ပြီးစိတ်ထဲမထားစမ်းပါနဲ့ကွာ ဒီနှစ်လအတွင်း ငါ့ဆီကပညာတွေသင်ပြီး ငါနဲ့အတူ ကောင်းတာတွေ လုပ်ကြတာပေါ့ကွာ ”
“ဆရာကြီးသက်တမ်းက နှစ်လလောက်ဆိုတာကတော့ နည်းတာပေါ့ဗျ ရွှေအိုးထဲကရွှေတွေက များသေးတာကို ကျုပ်တို့ ဒီထက်ဝေးတဲ့ ခပ်လှမ်းလှမ်းက နယ်တွေကို သွားကူညီကြမယ်လေဗျာ ”
“ဘိုးထင် ဒီနယ်မှာတင် ကူညီစရာလူတွေ မနည်းပါဘူးကွာ”
“တခြားနယ် သွားမယ် ဆရာကြီးရာ ”
မောင်ဘိုးထင်၏အကြံအစည်ကို ဦးဝေလာ နားလည်သည်။ မောင်ဘိုးထင်သည် ကလေးအတွေးဖြင့် ပိုဝေးသောခရီးများကိုထွက်ပြီး သူ၏သက်တမ်းကိုရှည်စေခြင်းဖြစ်၏။ထိုအတွက်လည်း ကြည်နူးမိ၏။
“အေးပါကွာ သွားကြ‌တာပေါ့ အခုတော့ မင်းကိုမန္တန်‌တွေ ‌ပေးရမယ် ဒါတွေကို ရအောင်ကျက်ထား စာရွတ်သလိုရွတ်ရုံနဲ့တော့ အကျိုးမရှိနိုင်ဘူးနော် ဒီမန္တန်တွေအစွမ်းထက်အောင် ကျင့်စဉ်တွေ အစီအရင်တွေရှိတယ် အဲ့တာတွေကို ဒီနှစ်လအတွင်း သင်ပေးမယ် ”
“ကျုပ် ဆရာကြီးဆီက ပညာတွေ မလိုချင်ဘူး ဆရာကြီးသက်တမ်းစေ့နေသွားတာကိုပဲ လိုချင်တယ်”
“မရဘူးလေ ငါတို့က အမှောင်ပညာသည်တွေဆိုပေမဲ့ ပေးထားတဲ့ ကတိသစ္စာတော့ တည်ရမှာပေါ့ ရွှေအိုးပိုင်ရှင်ကိုပေးထားတဲ့ကတိကို ငါ ဖျက်လို့မရသလို မင်း ငါ့ကိုပေးထားတဲ့ ကတိကိုလည်း ဖျက်လို့မရဘူးနော် ”
မောင်ဘိုးထင်တယောက် ငြိမ်သွားသည်။ထို့နောက် သူသည် ဦးဝေလာကိုကြည့်ကာ
“ဆရာကြီး ကျုပ်ကို ငွေနည်းနည်းလောက်ပေးလို့ ရမလား”
“ရတယ်လေ မင်းလိုချင်သလောက်ယူပေါ့ ”
“ကျုပ်က လိုအပ်တာပဲသုံးမှာပါ ပြီးရင် အတိုးရောအရင်းပါပြန်ဆပ်ပါ့မယ်”
“ရပါတယ်ကွာ ပြောစရာမလိုပါဘူး”
“ဒီအတိုင်းတော့မယူဘူးဗျာ အတိုးပါမှာ ယူမယ် အတိုးကို ကျုပ်ဘယ်လောက်ပေးရမှာလဲ ကြိုပြောထားဗျာ”
ဦးဝေလာသည် မောင်ဘိုးထင်ကိုကြည့်ပြီး ပြုံးလိုက်မိသည်။ဒီကလေး လမ်းခရီးတလျှောက်လုံး ဘာမှသုံးစွဲခြင်းမရှိသည်မှာ သူ့ကိုယ်ပိုင်ငွေမရှိခြင်းကြောင့်သာ မဝယ်တာဖြစ်မည်ဟုတွေးလိုက်ပြီး တချက်ပြုံးလိုက်ကာ
“မင်း ပေးချင်သလောက်သာ ပေးကွာ ”
“ပေးရမယ် ပေးကိုပေးရမယ် ဘာလို့လဲဆိုတော့ ဒါ ရွှေအိုးထဲကရွှေတွေ ရောင်းလို့ရထားတဲ့ငွေတွေလေဗျာ စည်းကမ်းရှိရမယ် ”
“ဟုတ်ပါပြီ ဆရာသမားရယ် ”
ဦးဝေလာသည် မောင်ဘိုးထင်အား ပြုံးပြ၍ ထိုစကားကိုဆိုလိုက်ခြင်းဖြစ်သည်။များမကြာသောအချိန်တွင်တော့ မြင့်ဝေဆိုသည့် သူတို့အား ဓားပြတိုက်ရန်ကြိုးစားခဲ့သည့် လူရွယ်မှာ ပြန်လည်ရောက်ရှိလာသည်။
“ဆရာကြီး ကျုပ် ရောက်ပါပြီ”
“အေး အေး မင်းတို့ရှုံးတဲ့ ဂျင်ဝိုင်းကိုသွားကြတာပေါ့ ”
“ဆရာကြီးတို့ ထမင်းမစားရသေးဘူးမလား ကျုပ် ထမင်းထုတ်ယူလာတယ် ဟင်းတော့မကောင်းဘူး ဆရာကြီးရေ”
“အေး အေး ရပါတယ်ကွာ ဗိုက်မဆာသေးပါဘူး ဂျင်ဝိုင်းကိုအရင်သွားကြတာပေါ့ ”
“ဂျင်ဝိုင်းက ညမှစတာ ဆရာကြီး ”
“ဪ အေး ကြိုသွားနှင့်တာပေါ့ကွာ ”
ဤသို့ဖြင့် ဦးဝေလာတို့သည် မြင့်ဝေခေါ်ဆောင်ရာ ဂျင်ဝိုင်းဆီသို့ ထွက်ခွာသွားကြပါလေတော့သည်။
အခန်း (၇)
“ထိုးထားနော် လက်ရှောင်ဆိုရင်မထိတော့နဲ့”
“ကြက်ခေါင်း ဖားဖင်ကွာ ”
“ဝက်အော ”
ထိုသို့စကားပြောသံများနှင့် လောင်းကစားလုပ်နေသည့် နေရာမှာ ‌ပွေးကိုင်းရွာအနောက်ဘက် သင်္ချိုင်းကုန်းနှင့် မလှမ်းမကမ်းတွင်ရှိသော တဲတလုံးပေါ်တွင်ဖြစ်သည်။မောင်ဘိုးထင်တို့ဆရာတပည့်သည် ရေနံဆီမီးခွက်အလင်းရောင်ပျပျအောက်တွင် ကြက်၊ငါးရှဉ့်၊ဝက်၊ဖား လေးကောင်သောပုံပါသည့် ဇယားကွက်တခုချပြီး လောင်းကစားလုပ်နေကြသော လေးကောင်ဂျင်ဝိုင်းတွင် ရောက်နေကြခြင်းဖြစ်သည်။ထိုဂျင်ဝိုင်းထဲတွင် ဦးဝေလာနှင့် မောင်ဘိုးထင်တို့လည်း ရှိနေကြသည်။သို့ပေမဲ့ သူတို့နှစ်ယောက်သည် ဝင်ရောက်မကစားသေးပဲ အခြေအနေကို စောင့်ကြည့်လို့နေသည်။သူတို့အားခေါ်လာသော မြင့်ဝေသည်လည်း သူတို့နှစ်ယောက်အနီးတွင်သာ ထိုင်နေသည်။ဦးဝေလာသည် မောင်ဘိုးထင်အနားသို့ကပ်ကာ
“ကောင်လေး မင်းအုပ်ထားတဲ့ ဖဲက ဘာကောင်ကျ‌နေတယ်ဆိုတာ မြင်နိုင်လား”
“မမြင်နိုင်ဘူး ဆရာကြီး”
“သရဲတ‌စ္ဆေ‌ကိုရော မြင်နိုင်လား”
“အဲ့တာတော့ အမြင်ဖွင့်ရင် မြင့်နိုင်ပါတယ် ”
“အဲ့တာဆိုရင် မင်း ကြည့်လိုက်ကွာ”
မောင်ဘိုးထင်သည် ဦးဝေလာခိုင်းသည့်အတိုင်း သူ၏ ခြေထောက်မှခြေစာမှုန့်တို့ကိုယူကာ တိုးတိုးရေရွတ်လိုက်ပြီးမျက်လုံးကို ကွင်းလိုက်လေသည်။ထိုသို့ ပရလောကသားများအားမြင်နိုင်သည့်အမြင်ကိုရချိန် ဂျင်ဒိုင်၏ပေါင်ပေါ်တွင် ထိုင်နေသည့် သရဲမတကောင်အားတွေ့လိုက်ရလေသည်။ထိုသရဲမသည် အစွမ်းရှိ၏။သူ၏လက်နှင့်အုပ်ထားသည့် အဖုံးကိုထိုးဖောက်ဝင်ကာ ကျကောင်အား ပြောင်းပေးနေလေသည်။ထိုးသားနည်းသောအကောင်များအား ပြောင်း ပြောင်းပေးနေသောကြောင့် ‌ဒိုင်ကသာ အမြဲဝိုက်နေရသည်။ထိုအချင်းအရာကိုမြင်သော မောင်ဘိုးထင်သည် ဦးဝေလာအနားကပ်ကာ
“ဆရာကြီး သရဲမ‌တကောင် အထဲက ကျကောင်တွေကိုပြောင်းနေတာ ”
“ပြောင်းနေတာတင် မဟုတ်ဘူးဟ ထိုးသားတွေထဲက တချို့ကောင်တွေကို ကြည့်”
မောင်ဘိုးထင်သည် ဦးဝေလာပြောသည့်အတိုင်း ထိုးသားများကိုကြည့်လိုက်ရာ ထိုးသားများ၏ကိုယ်ခန္ဓာထဲတွင် ဝင်ပူးနေသော သရဲများကိုတွေ့လိုက်ရပြန်သည်။ထိုအခါမှ မြရတနာရွာမှ လူရွယ်များ ဓားပြတိုက်သည်အထိဖြစ်သွားရသောအကြောင်းရင်းကို မောင်ဘိုးထင်နားလည်သွားလေ၏။ထို့နောက် မောင်ဘိုးထင်သည် လွတ်သွား‌သောနေရာတွင် ဝင်ထိုင်လိုက်ပြီး ဦးဝေလာအား သူ့အနားသို့ ခေါ်လိုက်သည်။ဂျင်ဒိုင်မှာ ကလေးသာသာ မောင်ဘိုးထင်ကို အထင်သေးသည့်အကြည့်တို့ဖြင့်ကြည့်လာကာ
“ကလေးတွေနဲ့ မဆိုင်ဘူး ထ ထ ”
“ဒါဆိုရင်ရော ဆိုင်ပြီလားဗျ”
မောင်ဘိုးထင်သည် သူ၏လွယ်အိတ်ထဲမှ ငွေအထပ်လိုက်ကိုထုတ်ပြီး ရှေ့၌ ချပြလိုက်လေရာ ဂျင်ဒိုင်မှာ မျက်နှာကြီးပြုံးဖြီးလာပြီး
“မင်းက သက်ကြီးကောင်ပုထင်တယ် ထိုး ထိုး ”
မောင်ဘိုးထင်သည်လည်း ဂျင်ဒိုင်အား မည်သည့်စကားမှထပ်မဆိုတော့ဘဲ ဦးဝေလာကိုကြည့်ကာ အနားတိုးဖို့ပြော လိုက်ပြီး စကားဆိုလေသည်။
“ဆရာကြီး ဟိုကောင် ကျုပ်ထဲဝင်ဖို့လုပ်နေပြီ ”
“အေး ငါ မြင်တယ် မင်းနိုင်တယ်မလား”
“နိုင်တာပေါ့ဗျာ အဝင်ခံလိုက်မယ် ဆရာကြီးက ပေါက်ကောင်ပြောပြပေး”
“အေး ဟိုသရဲမပြောင်းပြီးရင် ငါ ပြန်ပြောင်းပေးမယ် ကြားလား ”
“ချဗျာ ကျုပ်ဒီငွေတွေ အကုန်ချေးတယ်နော် ”
“အေးပါကွာ မင်းကတော့ ငွေတော့ရှာတတ်သား”
“ကျုပ်ငွေတွေ ဖြစ်သွားမှာနော် ”
“အေးပါဟ ချ ချ ဒီသ‌တောင်းစားတွေကို ပညာပေးရမယ် ”
မောင်ဘိုးထင်သည် သူ့အနားတွင်ဝေ့ဝဲနေသော သရဲမ သူ့၏ကိုယ်ထဲဝင်လာသည်ကိုမတားဆီးပဲ ငြိမ်နေလိုက်သည်။သူ့ကိုယ်ထဲဝင်လာသော သရဲမသည် သူ၏လက်တို့အား ပြောင်းရွှေ့လို့နေသည်။မောင်ဘိုးထင်သည်လည်း အလိုက်သင့်လေးနေပေးလိုက်သည်။ဂျင်ဒိုင်သည်လည်း တချက်ပြုံးပြီး သဘောကျနေလေသည်။ထို့နောက် ဂျင်ဒိုင်မှ ဂျင်စလှည့်လိုက်ပြီး ထိုးလို့ရကြောင်းပြောလာလေ၏။
“ထိုးလို့ရပြီနော် လက်ရှောင်ဆို ထိဖို့မစဉ်းစားနဲ့ ”
မောင်ဘိုးထင်၏ကိုယ်ထဲဝင်နေသော သရဲမသည် သူ၏ငွေတထပ်အားယူပြီး လျှောကောင်အထဲကိုထည့်ကာ အောလောင်းလိုက်လေသည်။မောင်ဘိုးထင် ပြုံးလိုက်သည်။ပညာသည်ဖြစ်နေခြင်းကြောင့် သရဲဝင်ပူးနေသော်လည်း သူ၏စိတ်တို့သည်ကား လွင့်ပါးမသွားချေ။ဖြစ်သမျှကို သိ၏။ထိုအရာကို ဂျင်ဒိုင်က မသိပေ။တဂွင်တော့ အစားခံလိုက်၏။နောက်တဂွင်၌ သရဲကောင်သည် ဝက်ခေါင်း ကြက်ဖင် ကြိုးထိုးသည် ကြက်ကျ သည် ထို့အတွက် အကင်းပြန်ရ၏။ထိုသို့ပြုလုပ်ပေးနေသည်မှာလည်း လူအများမရိပ်မိအောင် ပြုမူခြင်းသာဖြစ်လေသည်။ဂျင်ဒိုင်သည်ကား အထဲမှအကောင်အားမြင်နိုင်စွမ်းပုံမပေါ်ပေ။ထို့နောက် ‌မောင်ဘိုးထင်သည် တောက်တချက်ကိုပြင်းစွာခေါက်လိုက်ရာ သရဲကောင်မှာ သူ့အားထိန်းချုပ်၍မရတော့ပဲရှိနေလေ၏။ထိုအချင်းအရာကို ဂျင်ဒိုင်မှာ သိပုံမပေါ်ပဲ ခပ်ပြုံးပြုံးနှင့်ပင် သူ့အစီအရင်များ ပုံမှန်ရှိနေသည်ဟုသာထင်နေပုံရသည်။ဦးဝေလာသည်ကား မောင်ဘိုးထင်အနားကပ်လာပြီး
“ကောင်လေး ကြက်ကို အော်လိုက်”
ဦးဝေလာမှ မောင်ဘိုးထင်အား ကြက်တကောင်တည်းကိုပုံ အောထိုးခိုင်းခြင်းဖြစ်သည်။မကြီးနှင့် မလေးတို့နှင့် အပေါင်း အသင်းလုပ်ဖူးခဲ့သော မောင်ဘိုးထင်တို့မှာ လောင်းကစားနှင့် မစိမ်းလှပေ။ထို့ကြောင့် မောင်ဘိုးထင်သည် ကြက်ကို ငွေတထပ်လောင်းလိုက်၏။ကြက်ကျ၍ ဒိုင်မှာ သုံးဆလျော်ရသော ကြောင့် မျက်နှာကွပ်ခနဲပျက်သွားလေသည်။ဦးဝေလာသည် နောက်တခါ ဝက်ကျမည်ဟုဆိုပြန်၏။သို့သော်လည်း မောင်ဘိုးထင်သည် ကြက်ကိုသာ အောပြန်၏။ဒိုင်မှာ စားလိုက်ရသဖြင့် မျက်နှာပြန်ကောင်းလာသည်။ဦးဝေလာသည်ကား မောင်ဘိုးထင်အနားကပ်ကာ
“ကောင်လေး ဝက်ပါဆိုတာကို ဘာလို့ကြက်ကိုထိုးတာလဲ”
“အဝအပြဲစားချင်ရင် ဝမ်းလေးနည်းနည်းနှုတ်ပေးရတယ်ဆရာကြီး”
“ခွီးတဲ့မှပဲကွာ လူနားလည်အောင်ပြောပါကွ မင်းက ငါ့ကိုမယုံတာလား”
“မဟုတ်ပါဘူး ဆရာကြီးရာ ယုံပါတယ် ”
ထို့သို့ဖြင့် မောင်ဘိုးထင်သည် တဂွင်စား တဂွင်ပိုယူဖြင့် ဂျင်ဒိုင်ရှေ့မှ ငွေပုံကြီးသည် သူ၏လွယ်အိတ်ထဲတွင်ပင် မဆန့်တော့ပဲ ဦးဝေလာ၏လွယ်အိတ်ထဲအထိပါ ပြည့်သွားပါလေတော့သည်။
အခန်း (၈)
မောင်ဘိုးထင်တို့သည် ဂျင်ဝိုင်းမှနေ၍ ပွေးကိုင်းရွာရှိ မြင့်ဝေ၏အသိမိတ်ဆွေ လူပျိုကြီးတယောက်၏အိမ်တွင်တည်းခိုကြလေသည်။အချိန်လင့်မှ ပြန်ရောက်သော်လည်း မအိပ်ဖြစ်ကြသေးပေ။အိမ်ရှင်လူပျိုကြီးသည်လည်း ဂျင်ထိုးသူမို့ သူ၏ အိမ်သို့ရောက်သောအခါမောင်ဘိုးထင်၏အစွမ်းအစအား များစွာချီးမွမ်းလေသည်။
“ငါ့ညီရဲ့ကံကတော့ တော်တော်ကိုကောင်းတာပဲကွာ ”
“ဒီလိုပါပဲဗျာ အကိုကြီးဘယ်လောက်ရှုံးသွားလဲ ”
“နွားတကောင်စာလောက်လေးပါ ”
“ဒီလောက်လား အကိုကြီး”
” ဒီလောက်တော့ မရှိပါဘူး”
“မရှိလည်း ယူထားလိုက်တော့ ကျုပ်တို့ကို တည်းခွင့်ပေးလို့ကျေးဇူးဆပ်တာ”
မောင်ဘိုးထင်သည် အိမ်ရှင်လူပျိုကြီးအား ငွေတထပ်ပေးသလို ကိုမြင့်ဝေကိုလည်း ငွေတထပ်ပေးလိုက်လေသည်။ပြီးနောက် သူ့အားကြည့်ပြီးပြုံးနေသော ဦးဝေလာ၏လွယ်အိတ်ထဲမှ ငွေများကိုတောင်းယူလိုက်လေ၏။
“ဆရာကြီး လွယ်အိတ်ထဲက ငွေတွေပေးပါဦး”
“မခိုးပါဘူးကွာ ရော့ ရော့ ”
မောင်ဘိုးထင်သည် မည်သည့်စကားမှမပြောပဲ ငွေများကို ဖျာပေါ်တွင် ပုံလိုက်သည်။ထို့‌နောက် သူ၏လွယ်အိတ်ထဲမှငွေများကိုပါပုံလိုက်ပြီး ငွေတထပ်ကို ဦးဝေလာရှေ့ချလိုက်ပြီး
“ဆရာကြီး ဒီ ငွေတွေကို ကျုပ် ဆရာကြီးဆီကနေ ချေးထားတာ ဒါက အရင်းနော်”
“အေးပါကွာ ဆရာတပည့်အချင်းချင်းပဲ ရပါတယ် ”
“‌ဒီဟာက အရင်း ”
ထို့‌နောက် မောင်ဘိုးထင်သည် ငွေပုံကြီးအား ဦးဝေလာဘက်ဆီသို့ တွန်းပို့လိုက်ကာ
“ဆရာကြီး ဒါက အတိုး”
“ဟင် မင်း ဘာလုပ်တာလဲ ဘိုးထင်”
“ဆရာကြီးကိုပြောထားတယ်နော် ကတိမဖျက်နဲ့ ကျုပ်ကိုအတိုးပေးချင်သလောက်ပေးဆို ဒါက အတိုး ဒီငွေတွေနဲ့ လူတွေကို ကူညီကြမယ် ရွှေတွေထပ်ထုတ်စရာမလိုတော့ဘူးနော် ဒါရွှေရောင်းတဲ့ငွေကို အရင်းလုပ်ထားတာဆို‌တော့ ဆရာကြီးသိပါတယ်”
မောင်ဘိုးထင်၏လုပ်ရပ်နှင့်စကားကြောင့် ဦးဝေလာတယောက် ငေးငိုင်သွား‌ရလေသည်။သူ၏မျက်လုံးတို့တွင်လည်း ကျေနပ်ပီတိဖြစ်နေသည်ကို အတိုင်းသားမြင်နေရလေ၏ ။ မောင်ဘိုးထင်၏လုပ်ရပ်သည် သူ့အား မသေစေရန် သက်တမ်းတိုးပေးနေခြင်းဆိုတာကို နားလည်သွားပါလေတော့သည် ။
အောက်လမ်းဘိုးထင် နှင့် သက်တမ်းသည်က ဤမျှသာ။မကြာမီ အောက်လမ်းဘိုးထင်နှင့် သရဲ၊တစ္ဆေ၊သဘက် အမည်ရသော ဇာတ်လမ်းလေးအားတင်ဆက်ပေးပါမည် ။