ဥပေက္ခာမိခက်(စ/ဆုံး)
———————–
ရှေ့မှာ ထိုင်နေတဲ့ ဒေါ်ကြည် ကို ကြည့်ရင်း
မိခက် သက်ပြင်းချလိုက်မိတယ်။
” မိခက် ရယ်…ညည်းဟာလေ နာမည်အတိုင်း
ငါ့ကို အခက်တွေ့အောင်အမြဲလုပ်တယ်”
အမေပြောနေကျ စကားလေး ကို နားအာရုံထဲ ကြားယောင်နေရင်း “အခုတော့မိခက်လည်း အခက်တွေ့နေပါပြီအမေရယ်”လို့ အမေ့ကို တမ်းတမိတယ်။
ဒီမနက် အမေဆုံးပြီးတစ်လပြည့် ဆွမ်းသွတ်တယ်။
ညနေစောင်းရှင်းလင်းပြီးတာနဲ့ဒေါ်ကြည်က မိခက်ကို သူတောပြန်နေတော့မယ့် အကြောင်းပြောပါတော့တယ်။
“ဒေါ်ကြီးလည်း ပြောရတာ အားတော့နာပါတယ်မိခက်ရယ်၊ မမ ခင် မဆုံးခင်ကတည်းက ပြန်ဖို့ လုပ်ခဲ့ပေမယ့်
မမခင်ကအတင်းတားနေတာနဲ ့သူ့ကိုသနားလို့့မပြန်ဖြစ်ခဲ့တာပါ”
သြော်—ဒေါ်ကြည်က ဒီအိမ် မှာ နေတာ
အ မေ့သံယောဇဉ် နဲ့ကိုးလေ–
အခု အမေ မရှိတော့ သွားတော့မယ်ပေါ့။
မိခက် ကို တစ်ယောက်တည်း ထားသွားလည်း ရတယ် ထင်နေတာကိုးဟုတ်လည်းဟုတ်တာပဲ၊ မိခက် ကလည်း အမေ ရှိစဉ်ကတည်းက ဒီအိမ်မှာ ကိုယ့်သဘောနဲ့
အရာရာ ကို ဆုံးဖြတ် လုပ်ကိုင်ပြီး အိမ်ထောင်ဦးစီး နေရာ ယူထားခဲ့တာ။
ဒေါ်ကြည့်ကိုလည်း အမေကသာ ခင်ခင်မင်မင်နဲ့့တိုင်ပင်ဖော်လို စကားတတွတ်တွတ်ပြောနေပေမယ့့်မိခက်က သိပ်အရေးလုပ်စကားမပြောဘဲခပ်တန်းတန်း
နေခဲ့မိလေတော့ ဒေါ်ကြည်နဲ ့ မိခက် ရဲ့ဆက်ဆံရေးက သူစိမ်းဆန်လှပါတယ်။
ဒါပေမယ့် အခု ဒေါ်ကြည်ထွက်သွားမယ်ဆိုတော့လည်း ၀မ်းနည်းအားငယ်တာလိုလို၊ အထီးကျန်သွားသလိုလို နဲ့့ရင်ထဲမှာ တမျိုးကြီး ဖြစ်မိတာတော့အမှန်ပါ။
အမေ့ကို အမြဲပြောနေကျမိခက်ရဲ့လက်သုံးစကားဖြစ်တဲ့–
ဥပေက္ခာ ပြုလိုက်မယ် –ဆိုတဲ့စကားလေးနဲ့ တောင် ဖြေလို့မရဘူး။
ဒေါ်ကြည် က သူ့သမီး အပြင်ထွက်စျေးရောင်းမှာမို့
သူ့ကိုအိမ်စောင့်ရင်း ကလေးထိန်းခိုင်းမလို့တဲ့လေ-
ဒ်ါကြည်မပြန်ရင် သူ့သမီးလည်းအရမ်းကသီလင်တ ဖြစ်မှာတဲ့–
ဒီလိုပြောလာတော့လည်း မိခက် မှာ တားရခက်နေပါပြီ။
ဒေါ်ကြည် မရှိတော့ရင် ဒီတိုက်ခန်းမှာ မိခက်တစ်ယောက်တည်း ကျန်ခဲ့တော့မယ်
အကိုရင်း ညီမရင်းတွေ သက်ရှိထင်ရှားရှိပါရက်နဲ့့ အခု မိခက် က အထီးကျန်တကိုယ်တည်း ဖြစ်နေတာ
အမေ မြင်ရင် မသနားဘဲ ဆူပူအပြစ်တင်မှာပါ။
ပြောစကားနားမထောင်ဘဲ အမေ့ကိုစိတ်ဆင်းရဲအောင်
်လုပ်ခဲ့မိတဲ့ မိခက် ဖြစ်နေတာကို လာကြည့်လှည့်ပါဦး
အမေ ရယ်…။
xxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၂ )
မိခက် မှတ်မိသလောက် ငယ်စဉ်ဘ၀ကတည်းက အဖေဆိုတာ မိခက်ရှေ့မှာ ပေါ်လိုက်ပျောက်လိုက်နဲ့ပါ။
အမေပြောတာကတော့ အဖေ က မိခက်တို့ မုန့်တွေ
အများကြီး စားရဖို့၊ အင်္ကျီလှလှ လေးတွေ ၀တ်ရဖို့
အမြဲ ခရီးသွားနေတာတဲ့။
ဒီလိုသာပြောတ…အဖေ ကပြန်လာရင်လည်း
မိခက်တို့ကို ကြင်ကြင်နာနာ သိပ်မရှိသလိုပါပဲ။
သူများတွေ အဖေနဲ့အမေနဲ့ မိသားစု စုံစုံလင်လင် ဘုရားသွားကြ ၊ လျှောက်လည်ကြ တဲ့မြင်ကွင်းကို မြင်ရ
ရင် မိခက် စိတ်မကောင်းလို့ကြိတ်ငိုရပါတယ်။
ကလေးဘ၀ကတည်းကမိခက်တို့ကို ဂရုမစိုက်တဲ့
အဖေ့ကိုလည်း မကျေနပ်ပါဘူး။
တခါတလေ အဖေ ခဏလေးလာပြီး ပြန်သွားတဲ့အခါ
အမေ ငိုနေတတ်တာတွေ့ရတော့ အဖေ ဟာ အမေ့ကို သိပ်ရက်စက်တာပဲ လို့တွေး မိတယ်။
စာတော်တဲ့မိခက်က နှစ်စဉ် ကျောင်းမှာ ဆုပေးပွဲလုပ်တိုင်း ဆုသွားယူရရင် အဖေ မပါဘဲ အမေ နဲ့နှစ်ယောက်တည်း သွားရတာ ကို စိတ်ထဲ နာကျည်းမိတယ်။
“အမေရယ် ၊ အဖေ က လွန်လွန်းပါတယ်။
မိခက် ဆုယူတဲ့နေ့လေးတောင် ပြန်မလာနိုင်ဘူးလား”
မိခက် က ဒီလို ပြောလိုက်ရင် အမေ့ မျက်နှာဟာ
ညို့မှိုင်းသွားပါတယ်။
အကို ဖြစ်တဲ့ ကိုဆက် ကတော့ ယောင်္ကျားလေးမို့ အဖေ ပြန်လာလာ၊ မလာလာ သိပ်ဂရုမစိုက်သလိုအပေါင်းအသင်း မက်တဲ့ ညီမလေး မိသက် ကလည်း သူ့ဘာသာသူငယ် ချင်းတွေ နဲ့ ဆော့ကစားရရင် ထမင်းမေ့ ၊ ဟင် းမေ့ပါ။
မိခက်ကသာ အမေ့ကို အိမ်အလုပ်တွေ ကူလုပ်ရင်း
အမေ့မျက်နှာကို အကဲခပ်ရင်း အဖေ့အကြောင်း ကို စဉ်းစားမိနေတတ်ပါတယ်။
ဒီလိုနဲ့အလယ်တန်း လောက်ရောက်တော့ အဖေ့မှာ ချစ်ခင်စရာ မိသားစု ဆိုတာ မိခက်တို့ချည်းပဲ မဟုတ်ဘူး
ဆိုတာ ရိပ်မိလာပြီး ဒီလိုဘ၀မျိုးနဲ့ရှင်သန်နေရတဲ့
အမေ့ကိုလည်း သနားစိတ်နဲ့အတူ မိခက် ကြီးလာရင်
အမေ့ကို လုပ်ကျွေးရင်း စိတ်ချမ်းသာအောင် ထားမယ်လို့
အမြဲတမ်းတွေးနေမိပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၃ )
မိခက် ရှစ်တန်းနှစ်အရေမှာ အဖေနဲ ့အမေ အကြီးအကျယ် ရန်ဖြစ်ကြတယ်။
“ကျွန်မ ကို ဂရုမစိုက်ရင်တောင် ရှင် ကလေးတွေ မျက်နှာကိုတော့ကြည့်သင့်တယ်”
“မင်းတို့ကို ငါ ငွေအလုံအလောက်ပေးနေတာပ်ဲ
ဲမဟုတ်လား ခင်ခင် ”
“အော်–ရှင်က အချိန်တန် ပိုက်ဆံပေးလိုက်ရင်
ရှင့်တာ၀န်ကျေပြီထင်နေတာပေါ့လေ။
ကလေးတွေ အရွယ်မရောက်သေးခင် အဖေဆိုတာ ခေါ်စရာမရှိမှာစိုးလို့ ရှင့်ကို သည်းခံနေတာကို အကောင်းထင်မနေပါနဲ့၊ ရှင့်လုပ်ရပ်တွေကို ပြင်လိုက်ပါ”
“အောင်မာ–မင်းကများရာရာစစ၊
မပြင်တော့ ဘာလုပ်ချင်လဲ၊ ကွာမလို့လား ၊ကွာလေ
မင်း ငါ့ကိုကွာလိုက်ပြီးရင် လာလုပ်စားမလဲ”
“ ရှင် ့ပိုက်ဆံ စားပြီး စိတ်ဆင်းရဲနေရတဲ့ဘ၀ထက်
်စာရင် ကိုယ့်ဘာသာကိုယ့်လုပ်အားနဲ့ ရုန်းကန်ရှာဖွေပြီး
သားနဲ့သမီးတွေကို ရှာကျွေရတာကမှတော်ဦးမယ်”
အမေ ပြောတာတွေကြားလိုက်ရတဲ့မိခက် ကတော့
အမေ့စကားကိုထောက်ခံမိပါတယ်။
နောက်ဆုံးတော့ တကယ်ပဲ အဖေ နဲ့အမေ တရား၀င် ကွာရှင်းလိုက်ကြပါတယ်။
အဖေကမိခက်တို့နေတဲ့နှစ်ထပ်အိမ်ကြီးနဲ့ကားတစ်စီး ထားခဲ့ပြီး အပြီးအပိုင်ကျောခိုင်းသွားပါတယ်။
အဖေ ထွက်သွားတော့ ကိုဆက် က ယောင်္ကျားတန်မဲ့့မျက်ရည်ကျ သလို မိသက်ကလည်း ရှိက်ကြီးတငင် ငိုတယ်။
မိခက် ကတော့ ကျောခိုင်း ထွက်ခွာသွားတဲ့
အဖေ့ကျောပြင်ကို နာကြည်းစွာ ကြည့်ရင်း
မိခက်ဘ၀မှာ အဖေ ဆိုတာ မလိုအပ်တော့လို့မေ့ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
မိခက်ရဲ့နုနယ်တဲ့နှလုံးအိမ်မှာဆူးလေးတချောင်း
စတင် စူးသွားပါပြီ။
အဖေထားခဲ့တဲ အမေ့အတွက် အကောင်းဆုံး ဖြစ်ဖို့ ဘာလုပ်ပေးရမလဲလို့တွေးတောစဉ်းစားရင်း
ညဘက်ရောက်တော့
အမေ့ကို မိခက်စိတ်ကူးလေးပြောပြမိပါတယ်။
“အခုဆို အမေ က သမီးတို့မောင်နှမ တွေ အတွက် ပိုက်ဆံရှာရတော့မယ်နော်”
“ဟုတ်တယ်မိခက်၊ သမီးတို့ကို မျက်နှာမငယ်ရအောင်
အမေ ကြိုးစားရှာရမယ်”
“အမေ ၊ မိခက်စဉ်းစားထားတာရှိတယ်၊သိလား”
“ပြောပါဦးသမီးရဲ့၊ညည်းက ဘာတွေစဉ်းစားထားတာလဲ”
“အော်– ခု သမီးတို့အိမ်လေးက လူစည်တဲ့နေရာလေး
ဆိုတော့ ကုန်ခြောက်ဆိုင်လေး ဖွင့်ရင်ကောင်းမလားလို့၊ အမေ လည်း အိုးမကွာ အိမ်မကွာစျေးထိုင်ရောင်းလို့
ရတာပေါ့၊မိခက်တို့လည်း ကျောင်းအားရက် ကူမယ်လေ”
” အို…အရွယ်နဲ့မလိုက်ငါ့သမီးလေးကတွေးတတ်လိုက်တာ၊ အမေ အားရှိသွားပြီ။သားကြီးကတော့ ဒီနှစ် ဆယ်တန်းဆိုတော့ စာကျက်ပါစေကွယ်”
“ဟုတ်ကဲ့အမေ၊ ကိုဆက် စာကျက် ရင် သမီးပဲကူလုပ်ပါ့မယ်”
“လိမ္မာလိုက်တဲ့ ငါ့သမီးလေး၊ ဒါပေမယ့်
အခုခေတ် ကုန်ခြောက်ဆိုင် တစ်ဆိုင်ရဲ့အရင်းအနှီးက
သေးတာမဟုတ်ဘူး၊အမေ စုထားတာက
အဲဒီလောက်မရှိသေးဘူးသမီးရဲ့”
“သြော်–အမေ ရယ် ၊မိခက်က အားလုံးတွေးပြီးသားပါ။
ကား ကိုရောင်းလိုက်ပေါ”့
“အင်း–ဟုတ်တော့ဟုတ်သား ပဲ ၊ ကဲ ငါ့သမီးလေး
အားကိုးနဲ့ အမေ ကြိုးစားမယ် မိခက်ရေ”
မိခက် လက်ကို ဆုပ်ကိုင်ထားတဲ့ အမေ့လက်ကို တင်းတင်းပြန်ဆုပ်ကိုင်ရင်းမိခက်ရင်ထဲမှာ
အားမာန်တွေ ၀င်ရောက်လာပါတော့တယ်။
xxxxxxxxxxxxxxxxxxxxxxx
( ၄ )
စွန့်စားပြီး ဖွင့်လိုက်တဲ့အမေ့ကုန်စုံဆိုင်လေး ဟာ တကယ်ပဲ ရောင်းကောင်းလာပါတယ်။
ဒီလို ရောင်းကောင်းလာလေလေ မိခက် က ပင်ပန်းလာ
လေလေပါပဲ။ကိုဆက် က စာတော်သလောက်
နဲနဲကြီးကျယ်တယ်။ ဒီလို စျေးရောင်းတဲ့အလုပ်မျိုးကို သူမလုပ်ချင်ဘဲ အင်ဂျင်နီယာကြီးဖြစ်ချင်တာပါ။
ဆယ်တန်းအောင်တော့ လည်း အမှတ်ကောင်းလို့့သူတက်ချင်တဲ့ ကျောင်းတော်ကြီးမှာ တက်ခွင့်ရပါတယ်။
အမေ ကလည်း တက္ကသိုလ်ကျောင်းသား သူ့သားကြီးကို ဘာမှ မခိုင်းရက်တော့ အမေ ပင်ပန်းမှာစိုးတဲ့ မိခက်ပဲလုပ်ရပါတယ်။
ဆိုင်အလုပ်တွေ ပိနေပြီ စာမှန်မှန်မကြည့်နိုင်တော့လို့
စာတော်တဲ့မိခက်ကစာမေးပွဲတိုင်းကို အောင်ရုံလောက်
အဆင့်ပဲ ဖြစ်သွားလို့ ဆရာမတွေ၊သူငယ်ချင်းတွေက ပြောကြပေမယ့်မိခက် ကတော ့ ဆိုင်ထဲမှာပဲ စိတ်ကိုနှစ်ထားလိုက်ပါပြီ။
ဆယ်တန်းကို ရိုးရိုးပဲအောင်တော့လည်း ၀မ်းနည်းမနေဘဲ အလွယ်ဆုံးမေဂျာတခု ယူပြီး အဝေးသင်တက္ကသိုလ် တက်လိုက်တာပါပဲ။
စိတ်ကူးယဉ်ခဲ့ဖူးတဲ့ တက္ကသိုလ်ကျောင်းသူ ဘ၀ရဲ့
အရသာကိုမခံစားရတော့ပေမယ့် မိခက် ဖြေပါတယ်။
အမေ မပင်ပန်းအောင် ၊အဖေ မရှိပေမယ့် အားမငယ်ရအောင် မိခက် ကြိုးစားရမယ်လေ…။
အတန်းကြီးလာတော့ ကိုဆက် ကျောင်းစရိတ်က ပိုပိုကုန်လာပါတယ်။
ဒီကြားထဲ အလှမက်တဲ့ အပျိုပေါက်လေးမိသက် အတွက် အ၀တ်အစားဖိုး ၊ အလှပြင်ပစ္စည်းဖိုးတွေကလည်း ကုန်တာပါပဲ။
ဒါပေမယ့်မိခက် အမြဲ ကြည်ဖြူခဲ့ပါတယ်။
ငယ်ငယ်လေးကတည်းက ဖခင်မေတ္တာမရတဲ
့ညီမလေးကို မိခက် သိပ်သနားပါတယ်။
အမက အလိုလိုက် မှန်းသိတော့ မိသက်ကလည်း ဆိုးချင်ပါတယ်။စာလည်းကောင်းကောင်းမလုပ်ချင်လို့ ပြောနေရတယ်။
အခုတလော မိသက် အလှတွေ အရမ်းပြင်လာလို့ အမေ့ကို ပြောပြပေမယ့် အမေက သူ့သမီးကို ကလေးလေးလို့
ထင်ပြီး သိပ်ဂရုမစိုက်ပါဘူး။
မိခက် မှာသာ မိသက်ကျူရှင်ကပြန်ရောက်ချိန်မရောက်ရင်
မျှော်ရတာအမောပါပဲ။
ကိုဆက်ကတော့ သူ့ကျောင်းစာကလွဲရင် အိမ်အကြောင်း
ဘာမှ မစဉ်းစားပေးသလို ဘာမှလည်းကူမလုပ်ပါဘူး။
ကြာတော့ နေနိုင်လွန်းတဲ့ကိုဆက် ကို မိခက် စိတ်နာချင်
သလိုလို ဖြစ်လာပါတယ်။
ကိုဆက်ဟာ အကြီးဆုံးဖြစ်ပေမယ့် ညီမတွေကိုမညှာဘဲ
သိပ်တစ်ကိုယ်ကောင်းဆန်၊ အတ္တကြီးတာပဲ။
ဒါပေမယ့် ဘာမှမလုပ်ပေးသေးတဲ့သားကိုချစ်လွန်း၊ အားကိုးချင်လွန်းတဲ့ အမေ့ကြောင့်
အကိုကြီးကို မကျေနပ်သမျှ မြိုသိပ် သည်းခံရင် း အလုပ်ကိုပဲ ကြိုးစားလုပ်နေလိုက်ပါတယ်။
ဒီလိုနဲ့…….
အမေ နဲ့ မိခက် တက်ညီလက်ညီ ကြိုးစားမှုကြောင့့်တဖြည်းဖြည်းနဲ့မိခက်တို့စီးပွားတက်လာပြီး ကုန်စုံဆိုင်လေးကနေစတိုးဆိုင် အကြီးကြီး အထိ ဖြစ်လာပါတော့တယ်။
” ဥပေက္ခာ မိခက် ” အပိုင်း (၂)
(၅)
စီးပွားရေး အဆင်ပြေလာပြီး ပျော်ရွှင် ရတော့မယ့့်အချိန်
ရောက်လာတော့မှ မိသက် က ထဖောက်ပါတယ်။
ဆယ်တန်းကျူရှင် တက်ရင်း သူ့ရည်းစားကောင်လေးနဲ့ လိုက်သွားတာ အိမ်ပြန်မလာတော့ပါဘူး။
အဲဒီတော့မှ အမေ့မှာ မျက်ကလဲဆန်ပြာ ဖြစ်ပါတော့တယ်။
တစ်ပတ်လောက်နေမှ မိသက်ကို ကောင်လေးမိဘတွေက လာပြန်အပ်ပါတယ်။
သူ့ကောင်လေးမိဘတွေက ကုန်သည်တွေမို့ ပိုက်ဆံရှိ
ပေမယ့် ကောင်လေးကစာလည်းကောင်းကောင်းမကြိုးစား
ဘဲ မိသက်လိုပဲ ဆယ်တန်းကို ၂နှစ်ကျထားတဲ့သူပါ။
ဒီလိုကောင်လေးကိုမှ ကိုယ့်အိမ်ထောင်ဦးစီး အဖြစ်ရွေး
ရတဲ့မိသက်ကို ဂရုဏာဒေါသော နဲ့မိခက် က ဆူတော့ တခွန်းမခံကက်ကက်လန်အောင်ပြန်ရန်တွေ့ပါတော့တယ်။
“မခက် နော် ၊ မိသက် လူ ကို ဘာမှပြောစရာမလိုဘူး၊
သူက အခြေအနေ မဲ့နေတာလည်းမဟုတ်ဘူး၊
မိသက်တို့ကို သူ့မိဘတွေကကောင်းကောင်းမွန်မွန် မင်္ဂလာဆောင်ပေးပြီး ခေါ်ထားမှာတဲ့”
“မိသက်ရယ်၊ သူ့မိဘရှိတာ သူရှိတာမှ မဟုတ်တာ ၊
နောက်ပြီး သူ့အမ ၃ ယောက်လည်းရှိသေးတယ်ဆို။ ဘယ်လိုစဉ်းစားပြီး ဒီလောက်လွယ်ရတာလဲဟယ်
နင့်အသက် ခုမှ ၁၈ နှစ်ကျော်ရုံပဲရှိသေးတယ်နော်မိသက်”
“အို –တော်ပြီ ၊ ဘာမှလာမပြောနဲ့တော့၊
မိသက် ဘ၀ မိသက်ရွေးချယ်မှုပဲ၊
မခက် ဘာမှ ၀င်ပြောနေစရာ မလိုပါဘူး။
ဘာလဲမခက် က မိသက် ကောင်းစားမှာမနာလိုလို့လား”
“ဘာ၊ မိသက် နင် ဘယ်လိုပြောလိုက်တာလဲ ”
မိသက် စကားကြောင့် စိတ်ထဲထောင်းခနဲ ဒေါသ
ဖြစ်သွားပြီး ရင်ထဲမှာဆို့နင့်သွားကာလူကယိုင်လဲမလို ဖြစ်သွားတဲ့အထိပါပဲ။
မိခက် သိပ်ချစ်ရတဲ့ညီမလေး ရဲ့နုတ်က
ထွက် တဲ့စကားတဲ့လား-သူ ကောင်းစားမှာ မိခက် က မနာလို ဖြစ်ရ ဦးမတဲ့။ကောင်းကြသေးရဲ့လား-
“ဟဲ့၊ မိသက် ညည်းရိုင်းလှချည်လား ၊ ညည်းကို လုပ်ကျွေးနေတဲ့ ကိုယ့်အမကို ဒီလိုပဲပြောရသလားဟဲ့ ”
ပြောပြောဆိုဆို မိသက်ကို ရိုက်ဖို့လက်ရွယ်နေတဲ့
အမေ့ကို မိခက် တားလိုက်ပါတယ်။
“နေပါစေ ၊ မရိုက်ပါနဲ့အမေ ၊ သူ့သဘောထားကို
သမီး နားလည်သွားပြီ”
မိခက် အေးစက်မာကျောစွာနဲ့ မိသက်ကို ကြည့်ကာ —
“ဒီမှာ မိသက် ၊ နင် က လူဖြစ်မယ် မကြံသေးဘူး နင့်ကို အရိပ်တကြည့်ကြည့် နဲ့စောင့်ရှောက်လာတဲ့ငါ့စေတနာ ကိုစော်ကားလိုက်တာပေါ့လေ၊ ဟုတ်လား။
ရတယ် မိသက်၊ နင့်ကို ငါ ဘာမှမပြောတော့ဘူး။
နင် မှတ်ထားဖို့က…နင်နဲ့ငါ ဟာ ဒီနေ့ကစပြီး ဘာမှမဆိုင်တော့ဘူးလို့ ”
“အို -သမီးရယ်
ကိုယ့်ညီမလေးကို ဘယ်လိုပြောလိုက်တာလဲ”
“မခက် ၊ ဒီလိုတော့ မပြောပါနဲ့၊ မိသက်မှားသွားပါတယ်၊နော်–မခက်နော်”
အမေ နဲ့မိသက် ကဝိုင်းပြောပေမယ့် မရတော့ပါဘူး၊
အမေ က ငိုကြီးချက်မနဲ့ခေါ်ပေမယ့်မိသက်ရဲ့့မင်္ဂလာဆောင် ကိုလည်း မိခက် မသွားတော့ပါဘူး။
မိသက်တို့လင်မယား လာတောင်းပန်ပြီး ကန်တော့တာလည်း အတွေ့မခံတော့ပါဘူး။
မိခက် မှာ ညီမ ဆိုတာ မရှိတော့ဘူး။
မိခက်ရင်ထဲကို ဒုတိယမ္မိ အနေနဲ့
ဆူးတစ်ချောင်းထပ်စူးသွားပြန်ပါပြီ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၆)
ဒီလိုနဲ့…… အကိုကြီးလည်းနောက်ဆုံးနှစ်ကျောင်းသားဖြစ်လာပြီး မကြာခင် အင်ဂျင်နီယာဘွဲ့ ရတော့ပါမယ်။
မိသက်လည်း သားလေးတစ်ယောက်ရနေပါပြီ။
မိခက်ကိုကြောက်လို့ အမေက သူ့မြေးလေးကို ခိုးခိုးပြီးသွားတွေ့ပါတယ်။
“အမေနော် ၊ အမေ့သမီးက သူ့ဘာသာယောက္ခမအိမ်မှာ
ပျော်နေတာ ၊ သွားမတွေ့နဲ့”
“ဒီလိုလည်းမဟုတ်သေးပါဘူးမိခက်ရယ်၊
မိသက်ကယောင်းမတွေမျက်နှာကြည့်နေရတာပါအေ
အမေ သွားတော့သူအားရှိတာပေါ့၊ သူက ညည်းဆီ
လာချင်နေတာ၊ ကိုယ့်တူလေးကို မကြည့်ချင်ဘူးလား
မိခက်ရယ် ၊ အိမ်ကိုလာပါစေ”
“မကြည့်ချင်ဘူးအမေ ၊ သူ က မိခက် ညီမ မဟုတ်လို
့သူ့သားက မိခက်နဲ့ဘာမှမဆိုင်ဘူး”
“ညည်းကလဲအေ၊ ကိုယ့်ညီမက မသိတတ်လို့
့
ပြောတာလေးကို တစ်သက်လုံးနာနေတာလား”
“မိခက် မနာပါဘူးအမေ ၊ ဥပေက္ခာ ပြုလိုက်တာပါ။
မိခက် စိတ်ထဲ ရင်ထဲ အတွေးထဲမှာ နေရာမပေးတော့
တာပါ။ အမေ မိခက်ကို ဒီလောက်တော့နားလည်ပေးပါ”
“ညည်းကတော့ ခက်ပါတယ်မိခက်ရယ်”
အမေ က မိခက် ကို ကြည့်ရင်းညည်းတွားလိုက်ပါတယ်။
့မိခက်တို့စတိုးဆိုင်လေးကလည်းရောင်းကောင်းလို့
မိခက် က အမြတ်ငွေတွေ စုပြီး အထည်ဆိုင်လေးပါ
တွဲ ဖွင့်ထားနိုင်လာချိန်မှာကိုဆက်ကျောင်းပြီးသွားပါပြီ။
ကိုဆက် ဘွဲ့ယူတဲ့နေ့ရောက်လာတော့
အမေ နဲ့မိခက် အလှဆုံးပြင်ပြီး သွားကြပါတယ်။
ဘွဲ့၀တ်စုံနဲ့ ခန့်ညားနေတဲ့ကိုဆက် ကို ကြည့်ရင်း ပြုံးနေတဲ့ အမေ့ကို ကြည့်ပြီး မိခက်ရင်ထဲမှာ
ကြည်နူးလိုက်တာ။
အမေ့ကို ဒီလို ပျော်နေတာပဲမိခက်အမြဲမြင်ချင်တာပါ။
ဒါပေမယ့်မိခက်တို ့သားအမိနဲ့ဓါတ်ပုံတွဲရိုက်နေတဲ့ အကိုကြီးကို အတင်းလက်ဆွဲ ခေါ်သွားတဲ့ မိန်းကလေးတစ်ယောက်ကြောင့် အမေ့ အပြုံးတွေ အရောင်မှိန်သွားရတယ်။
ကိုဆက် ချစ်သူ က ကိုဆက် ကို သိပ်နိုင်တယ် ဆိုတာ သဘောပေါက်သွားတဲ့မိခက် ကတော့ အမေ့ကို နှစ်သိမ့်လိုက်ပါတယ်။
ဘွဲ့ယူပြီး၃ လအကြာလောက်မှာ ကိုဆက်က လက်ထပ်
်တော့မယ်…လို့ပြောတော့ မိခက် မတုန်လှုပ်တော့ပါဘူး။
သားကို နှမြောတ သ နေတဲ့ အမေ့ကို နားချရပါတယ်။
“အမေ ရယ်၊သူတို့ချင်းအဆင်ပြေရင်ပြီးတာပဲမဟုတ်လား”
“မဟုတ်သေးပါဘူးအေ၊ အမေ နဲ့ညီမကမိန်းမသားတွေ
တန်မဲ့ချွေးဒီးဒီးကျအောင်ရှာထားတာနဲ့ကျောင်းတက်ပြီး
အခုမှအလုပ်တောင်မ၀င်ရသေးဘူး၊မိန်းမယူတော့
မတဲ့၊ငါရင်နာလိုက်တာ ”
အမေ ကသာရင်နာနေပေမယ့် ကိုဆက်ကတော့
သူ့ဆန္ဒ ကို ထုတ်ဖော်လာပါတော့တယ်။
“သားမင်္ဂလာဆောင်စရိတ်လိုတယ်အမေ ၊ သားကောင်မလေးအဖေက ဆောက်လုပ်ရေး
ကန်ထရိုက်တာဆိုတော့ လက်ထပ်ပြီးရင်
သူ့အလုပ်တွေသားကို ပေးမှာတဲ့၊
ဒီတော့ သူ့သမီးကို ဟိုတယ်မှာ ခမ်းခမ်းနားနား မင်္ဂလာဆောင်ပေးမှသဘောတူမယ်တဲ့”
“အလိုတော်၊ရာရာစစ မင်းက အလုပ်မရှိကိုင်မရှိဘဲ ဘယ်ပိုက်ဆံနဲ့ ဟိုတယ်ပေါ်တက်ပြီး
ဘယ်လို မင်္ဂလာဆောင်မှာလဲ ”
“အမေ ကလည်း…
အမေ့မှာ အိမ်ကြီးရော ဆိုင်ကြီးရောရှိတာပဲ”
“ဘာ–မင်းဘာပြောလိုက်တာလဲ ငဆက် ၊ ဒီဆိုင်ထဲမှာ မင်းလုပ်အားတစ်စက်ပါလား ၊ မင်းမို့ပြောရက်ပေတယ်”
“ဆိုင်ကတော့ထားပါ၊ ဒီအိမ်ကြီးကကျွန်တော်တို့အတွက် အဖေ ထားခဲ့တဲ့အမွေ ပဲမဟုတ်လားအမေ ။
ကျွန်တော့် ဝေစုခွဲပြီး မင်္ဂလာဆောင်စရိတ်ပေးပါ ”
သွေးအေးအေးနဲ့အမေ မသေခင် အမွေတောင်းနေတဲ့
အမေ့ရဲ့ချစ်လှစွာသော သားကြီးကိုမိခက်ကတော့ အေးစက်စွာပဲကြည့်နေလိုက်ပါတယ်။
ကိုဆက်ဟာတစ်ကိုယ်ကောင်းဆန်ပြီးအတ္တကြီးတတ်တာ၊
သူ့ဖို့ပဲ သူသိတာ မိခက် က နားလည်ပြီးသားမို့ သိပ်မခံစားရတော့ပါဘူး။
အမေ့ကို …ဘာလုပ်ရမယ်ဆိုတာ
မိခက်ပဲစီမံပေးလိုက်ပါတယ်။
“အမေ့သားက ပြောမရတော့မယ့်အတူတူ ဒီအိမ်ကြီးကို
ပေါက်စျေးနဲ့ရောင်းပြီးသူ့ဝေစု ပေးလိုက်ပါအမေ ။
မိခက်နဲ့ အမေ တိုက်ခန်းလေးတခန်း ပြန်၀ယ်ပြီးနေမယ်”
“ဒီဆိုင်ကရော”
“စတိုးဆိုင်ဖြုတ်လိုက်ပြီး ဗိုလ်ချုပ်စျေးမှာမိခက် အထည်ဆိုင်လေးဖွင့်မယ်။အစကတည်းကမိခက် အစီအစဉ်လုပ်ထားတာရှိတယ်။အတော်ဘဲ”
ဒီလိုနဲ့ အိမ်ကြီးကိုရောင်းပြီး ကိုဆက် ရဲ့ဝေစုပိုက်ဆံ
တွေကို သူ့လက်ထဲတည့်ပေးရင်းမိခက် ရင်ထဲမှာ အကိုဆိုတ့အတ္တသမားတစ်ယောက်ကို
ဖယ်ထုတ်လိုက်ပါတယ်။
မိသက်ရဲ့ရင်ထဲမှာ တတိယမ္မိ ဆူး တစ်ချောင်း
ထပ်စူးရပြန်ပြီပေါ့။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၇)
လေးလွှာက တိုက်ခန်းကို ပြောင်းကြတော့
မိခက် ကလည်း ဗိုလ်ချုပ်စျေးမှာ တနေကုန် ဆိုင်ထိုင်ရတာမို့ အမေ တစ်ယောက်တည်း
အိမ် မှာကျန်ခဲ့တာ စိတ်မချပါဘူး။
ဒါကြောင့် တောက အမေ နဲ့ ဆွေနီးမျိုးစပ်တော်တဲ့ ဒေါ်ကြည် ကိုလှမ်းခေါ်လိုက်ရပါတယ်။
အမေ ကတော့ ဒေါ်ကြည်ရောက်လာတာ ခိုင်းဖို့ထက် စကားပြောဖော် ရတာမို့ ပျော်နေပါတယ်။
အေးလေ–
အမေ့ခမျာ စီးပွားရှာဖို့ပဲ အချိန်ပြည့်တွေးပြီး အလုပ်ထဲနစ်နေတဲ့သမီးနဲ့နေရတာပျင်းနေမှာပဲလို့ စဉ်းစားမိပါတယ်။
ဒါပေမယ့် မိခက် မကြိုးစားလို့မရဘူးလေ။
မိခက် မှာ နောက်လှည့်ကြည့်စရာ ကျောထောက်နောက်ခံကလည်းမရှိဘူး။
သားသမီးတွေ ကို ပစ်သွားတဲ့အဖေ၊
အတ္တကြီးတဲ့အစ်ကို၊
အသိတရားမရှိတဲ့ညီမတွေပဲ မိခက်မှာရှိတယ်လေ–
မိခက် လဲကျ လို့မဖြစ်ဘူး–
ခက်မာ ကြံ့ခိုင်တဲ့မိခက်ဖြစ်ရမယ်။
မိခက် ရဲ့အထည်ဆိုင်လေး အတည်တကျဖြစ်လာချိန်မှာ
မထင်မှတ်တဲ့သတင်းဆိုးကြီးကြားလိုက်ရပါတယ်။
မိသက် ယောင်္ကျား ဆိုင်ကယ်မှောက်ပြီးဆုံးပြီတဲ့-
ညဘက် မူးမူးနဲ့ဆိုင်ကယ်စီးလာရင်းမှောက်တာ
ပွဲချင်းပြီး ပဲတဲ့။
ဒီသတင်းကြားကတည်းက မိသက်ဆီလိုက်သွားတ
ဲ့အမေ က အသုဘ ရက်လည်မှပြန်လာပါတယ်။
“မိခက်ရယ်၊ အသုဘ ပို့လေးတောင် မလာတာတော့ လွန်လွန်းပါတယ်အေ၊မိသက်ခမျာ ညည်းလာမလား
ဆိုပြီး အားကိုးတကြီးမျှော်လိုက်ရတာ၊
ပတ်၀န်းကျင်ကလည်း ညည်းကိုပြောကုန်ကြပြီ၊ သိလား”
“ဘာပြောပြော မိခက်ဂရုမစိုက်ဘူးအမေ ၊
မိခက် မှန်တယ်ထင်တာလုပ်မှာပဲ”
“ကိုယ့်ညီမလေးကို ဒီအတိုင်းပစ်ထားတော့မှာလား မိခက်ရယ်၊သူ့ယောင်္ကျားမရှိတော့ဘူးဆိုတော့
ဟိုဘက် အိမ်က သူစိမ်းအိမ်ဖြစ်နေပြီ။
ကလေးကလည်း ကြီးလာမှာဆိုတော့
ဒီအိမ် မှာခေါ်ထားရအောင်လားသမီးရယ်”
“ဘယ်လိုပြောလိုက်တာလဲ အမေ ၊ အမေ့သမီး က
မိခက် ရင်ကို စုံကန်ပြီး သူ့ဘာသာထွက်သွားတာပါ။
သူ့ယောင်္ကျား အသိုင်းအဝိုင်းကို သူသိပ်အားကိုးတာ။
အရှင်းဆုံးပြောမယ် ၊သူ့အတွက် အကိုကြီးယူသွားသလို ဝေစု တခု သမီးပေးမယ်။ဒီပိုက်ဆံ ကို အမေ ကိုင်ပြီး
သူ့ကိုထောက်ပံ့လို့ရတယ်။
ဒါပေမယ့်မိခက် အိမ်ပေါ် ဘယ်သူမှ တင်မထားနိုင်ဘူး၊ တကယ်လို့ အမေ မိသက် ကိုခေါ်ပြီ့း အတူနေမယ်
ဆိုရင်တော့ မိခက် ဆင်းပေးပါ့မယ် ”
“မိခက်၊ဘယ်လိုပြောလိုက်တာလဲသမီးရယ်၊
ငါ့သမီးဆင်းပေးစရာမလိုပါဘူး။
အမေ က ညည်းကိုအားကိုးပြီး ရပ်တည်နေရတာပါအေ”
“ဒါဆို လည်း အမေ့ဘာသာ စဉ်းစားဆုံးဖြတ်လေ၊
မိခက် သဘောထားကိုတော့မပြင်နိုင်ဘူး”
“မိခက်ရယ်၊ညည်းဟာလေ အမေ့ကို
အခက်တွေ့အောင်လုပ်ရက်တယ် ”
မိခက် အကြောင်းသိတဲ့အမေ က မိသက်တို့ကို အိမ်မခေါ်လာဖြစ်တော့ပါဘူး။
မိခက်ပေးတဲ့ငွေတွေနဲ့ မိသက်ဆီ သွားထောက် ပံ့နေ
တာ မိခက် သိပေမယ့်ဘာသိဘာသာ ပဲနေလိုက်ပါတယ်။
အမေ က သူ့သမီးမို့သူပေးတာပဲလို့တွေးလိုက်တယ်။
မိခက် ကတော့ မိသက် ဘာဖြစ်နေတယ်ဆိုတာထက်အထည်ဆိုင်ကနေ ကျောက်မျက်ရတနာအရောင်းအ၀ယ်လေးပါ
တွဲလုပ်နိုင်ဖို့ပဲ တွေးနေမိပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(၈)
ဥပေက္ခာဆူးတွေ အထပ်ထပ်ဆူးပြီး အေးစက်မာကြော
နေတဲ့မိခက်နှလုံးသား ထဲကို နူးညံ့မှုလေးတစ်ခု ၀င်ရောက်လာရတာ ကိုဇော့်ကြောင့်ပါ။
ကျောက်မျက်ရတနာ သင်တန်းတက်ရင်းခင်သွားတဲ့ ကိုဇော်က နိုင်ငံခြားနဲ့ဖက်စပ် လုပ်နေတဲ့
ရတနာကုမ္မဏီ တစ်ခု ထောင်ထားပါတယ်။
သင်တန်းပြီးသွားပေမယ့်လည်း မိခက်ဆိုင်လာလည်လိုက်၊ အိမ်ကိုလာပြီးအမေ့ကို စားစရာတွေလာပို့လိုက် လုပ်တတ်တဲ့ ရည်မွန်သားနားတဲ့ကိုဇော့်ကို အမေ က သဘောကျနေသလိုမိခက် ရင်ထဲကလည်း သံယောဇဉ်တွယ်လာမိပါတယ်။
ဘယ်သူ့မှ အားမကိုးဖူးတဲ့မိခက်လေ
ကိုဇော့်ကို အားကိုးမှီခိုချင်တယ်။
ကိုဇော် နဲ့သာဆို ဆက်လျှောက်ရမယ့် ဘ၀ခရီးလမ်း
လေးက ပျော်စရာကောင်းမယ်လို့စိတ်ကူးတွေ ယဉ်တတ်လာတယ်။
အထည်ဆိုင်နဲ့တိုက်ခန်းလေးပဲပိုင်ဆိုင်မှုရှိတဲ့မိခက် အနေနဲ့ ကိုဇော်တို့အသိုင်းအဝိုင်းနဲ့ယှဉ်ပြီးအားငယ်စိတ် ၀င်မိပေမယ့်ချစ်ချင်းမေတ္တာတရားကိုတော
့တားဆီးလို့မရခဲ့ပါဘူး။
အမေ ကလည်း မိခက်တို့နှစ်ယောက်ကို ကြည့်ပြီး ကျေနပ်နေပါတယ်။
ချစ်သူတွေဖြစ်ပြီးတစ်နှစ်ကျော်ကြာတော့ကိုဇော်က
တရား၀င်လက်ထပ်ခွင့်တောင်းတဲ့အခါ မိခက်တို့မိသားစု အခြေအနေကိုပွင့်ပွ င့်လင်းလင်းပဲ ပြောပြလိုက်ပါတယ်။
“ကိုယ့်ကို ဒါတွေပြောဖို့မလိုပါဘူး ခက်ရယ်၊
ကိုယ်ချစ်တာမင်းကိုပါ။
မင်းရဲ့ထက်မြက်တဲ့အရည်အချင်းနဲ့ စိတ်ဓါတ်ကိုပါ”
“ခုတော့ ဒီလိုပဲပြောကြတာပေါ့ကိုဇော်ရယ်၊
တကယ်တမ်း အသိုင်းအဝိုင်းနဲ့ချစ်သူယှဉ်ပြီး ရွေးရရင် တွေဝေ တတ်ကြတာပဲ”
“ဒီလို ဖြစ်စရာမရှိပါဘူးကွာ၊ စီးပွားရေးအကွက်မြင်
ပြီး တော်တဲ့ခက် ကိုရွေးထားတာမေမေတို့က
သဘောတောင် ကျဦးမှာ ၊သိလား”
ကိုဇော် တွေးထားသလို ဖြစ်လာပါစေလို့ ဆုတောင်း
ခဲ့ပေမယ့် တကယ်တမ်း ကျတော့ အခြေအနေ တွေက တင်းမာကုန်ပါတယ်။
ကိုဇော်တို့မိဘတွေက မိခက် နဲ့သဘောမတူဘဲ ကိုဇော့်ကို သူတို့သဘောကျတဲ့သူနဲ့စေ့စပ်ပေးဖို့လုပ်လာ လို့
ကိုဇော် အိမ်နဲ့စကားများပြီးထွက်လာရတယ်။
“ကိုဇော်ရယ်၊ဒီလို တော့ မလုပ်နဲ့လေ၊ ကိုယ့်မိဘတွေက စေတနာနဲ့လုပ်တာပဲ။အခု ကိုဇော် အိမ်ပေါ်ကဆင်းလာ
တော့ရောဒီပြသနာကပြေလည်သွားမှာလား”
“ပြေလည်တယ်၊ ကိုဇော်နဲ့ခက် လက်ထပ်ကြမယ်လေ”
“ကိုဇော့်မိဘတွေ သဘောမတူတဲ့မင်္ဂလာပွဲ ကို
မိခက် လက်မခံနိုင်ပါဘူး၊ ကိုဇော် အိမ်ပြန်ပြီးမိဘတွေ နဲ့
သေချာ ညှိနှိုင်းပါ။ အချိန်ဘယ်လောက်ကြာကြာ မိခက်စောင့်ပါ့မယ်”
မိခက်ရဲ့စကားကြောင့်ကိုဇော် အိမ်ပြန်သွားပါတယ်။
မိခက်လည်း ကိုဇော် နဲ့သူ့မိဘတွေ ညှိနှိုင်းပြီးမယ့်
အချိန်ကို စိတ်ရှည်ရှည်နဲ့စောင့်နေခဲ့ပါတယ်။
ဒါပေမယ့် အချိန်တွေသာကုန်လာတယ် ၊
မိခက် စောင့်ရကျိုးမနပ်ပါဘူး။
ကိုဇော် က တဖြည်းဖြည်းနဲ့ သူ့အိမ်ကသဘောတူတဲ့့ကောင်မလေးနဲ့နေ့ရော ညပါ တတွဲတွဲ ဖြစ်လာ
ပါတော့တယ်။
မေးလိုက်ရင် အိမ် ကိုမလွန်ဆန်နိုင်လို့၊ အချိုသတ်ပြီး
တွဲနေတာပါလို့ဆိုပေမယ့် ကိုဇော့်ရင်ထဲကို မိခက်မြင်နေရတော့ ၀မ်းနည်းမိပါတယ်။
ကိုယ့်ချစ်သူဟာ အနေ နီးစပ်တိုင်း သာယာသွားမယ့် လူစားမျိုးမဟုတ်ပါဘူးလို့အားတင်းပြီးစိတ်ဖြေနေ
ရပေမယ် မိခက် ဘယ်လို မှ ဖြေမရနိုင်တော့တဲ
့နေ့တစ်နေ့ကိုရောက်လာပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၉ )
အဲဒီနေ့က စျေးပိတ်ရက်မို့ မိခက် ရဲ့စိန်ထည်တွေ ၀ယ်နေကျ ဖောက်သည် အံတီကြီး ရဲ့ကွန်ဒိုတိုက်ခန်း ကို စိန်ထည်လေးတွေ သွားပြတာပါ။
အံတီကြီးက တော်တော်လေးအားပေးလိုက်လို့မိခက် ၀မ်းသာအားရ နဲ့ ပြန်ခါနီး တံခါးပေါက်၀အရောက်မှာ မျက်နှာချင်းဆိုင် အခန်းထဲကထွက်လာတဲ့ စုံတွဲ ကို
ိုမြင်လိုက်ရလို့ကြောင်ပြီးငေးကြည့်နေမိပါတယ်။
ကိုဇော် တစ်ယောက်လည်း မိခက်ကို ဘယ်လို မှ
မမျှော်လင့်ထားတဲ့နေရာ မှာ တွေ့လိုက်ရလို့
ထိတ်လန့်အ ံ့သြတဲ့မျက်နှာနဲ့ကြည့်နေတုန်းမှာ
သူ့ကောင်မလေးက ဆွဲခေါ်သွားပါတယ်။
အံတီကြီးကတော့ ဘာမှမရိပ်မိဘဲ ပြောပြနေပါတယ်။
“ဒီကောင်လေးနဲ့ကောင်မလေးက ယူတော့မယ့်
စုံတွဲလေ ၊အံတီ့မိတ်ဆွေ ရဲ့သမီးလေးပဲ။ ဒီအခန်းက
သူတို့အတွက် ကောင်မလေးဘက်ကလက်ဖွဲ့ထားတာ၊
သူတို့က မင်္ဂလာမဆောင်ရသေးပေမယ့် ဒီမှာ
လာလာနေတတ်တယ်။အခုခေတ် မိန်းကလေး တွေ က
သိတဲ့အတိုင်းပဲ မိခက်ရေ၊ လွယ်ကုန်ကြပြီလေ”
အံတီကြီး ပြောတဲ့စကာေးတွကို နားထဲကြားယောင်ရင်း မိခက် အိမ်ကို ဘယ်လိုပြန်ရောက်လာမှန်းမသိတော့ပါ။
မိခက်ရဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်ရပ်လိုက်တာ–
နောက်ဆုံးတော့မိခက်အထင်ကြီးအားကိုးခဲ့တဲ့့ချစ်သူဟာလည်း သာယာမှုနောက်လိုက်တတ် တဲ့့ယောင်္ကျားပါပဲလား–
အိမ်ရောက်တော့ ကိုဇော် ရောက်နေပါတယ်။
အမေ့ကိုလည်း နား၀င်အောင်ရှင်းပြထားပုံရပါတယ်။
“ရှင်-ဘာလာလုပ်တာလဲ ၊ ပြန်ပါ။
ရှင်နဲ့ကျွန်မ ဇာတ်လမ်း ပြီးသွားပါပြီ”
“ဟာ-ဒီလို မဟုတ်ဘူး ခက် ၊ ကိုယ်ရှင်းပြပါရစေ၊
ခက် အထင်လွဲနေတာ”
“ဘာ–မျက်စိနဲ့တပ်အပ်မြင်တာတောင် ရှင်းပြချင်သေးတာလား”
“မဟုတ်ဘူးခက် ၊ ကိုယ် သူ့ကို မချစ်ဘူး၊ သူဘယ်လောက်လိုက်လျောပေးလည်းမယူနိုင်ဘူး။
သူ့ကိုလည်း ပြောခဲ့လိုက်ပြီ၊ ကိုယ်ချစ်တာခက်ပါ၊
ခက်ကိုပဲ လက်ထပ်မှာပါ”
“အော်–လွယ်လိုက်တာရှင် ၊ အစက ရှင့်ကို
်တော်တော် အထင်ကြီးမိခဲ့တာပါ။
အခုတော့ ရှင်ကလည်း အလကားပဲ၊
နီးစပ်မှုကိုသာယာပြီးနှမချင်းမစာနာ
အခွင့်အရေးယူတတ်တဲ့ လူမျိုးပဲ ”
“ခက်ရယ်၊ကိုယ်မှားသွားပါတယ်၊ ကိုယ့်ကိုဒီတခါတော့ခွင့်လွှတ်ပေးပါနော်။
ခက် ကိုပဲ ကိုယ့်အိမ်ထောင်ဖက်အဖြစ်ရွေးထားတာပါ၊ တခြားသူကိုယ်မယူပါဘူး”
“မရတော့ဘူး၊ခုမှတော့ဒီစကားတွေလာ
မပြောနဲ့တော့–ရှင်ပြန်ပါတော့”
ဘယ်လိုတောင်းပန်လို့မှမရတော့ကိုဇော်ပြန်သွားပါတယ်။
နောက်ရက်တွေလည်း လိုက်တောင်းပန်နေပေမယ့်
မိခက် ကတော့ သူ့ကို လုံး၀ ဖြတ်လိုက်ပါတယ်။
အမေ ကတော့ထုံးစံအတိုင်းမျက်ရည်လေးတစမ်းစမ်းနဲ့ မိခက်ကိုနားချပါတယ်။
“ပြောရခက်လိုက်တာ မိခက်ရယ်၊ ညည်းလောကကြီး
အကြောင်းဘယ်လောက်သိလို့လဲအေ၊
ယောင်္ကျားဆိုတာ တခါတလေ သာယာမှုနောက် လိုက်သွားမိတတ်တာပဲ၊သူကိုယ်တိုင်က သမီးကိုပဲ လက်ထပ်မယ်ပြောနေတာ လက်ခံလိုက်ပါလား၊
ငါ့သမီးလေးတစ်ယောက်တည်း ရုန်းကန်နေရတာ ပင်ပန်းလိုက်တာ ၊ အမေ ကလေ
အမေ့သမီးလေးကို ကိုယ်ပိုင်မိသားစု ဘဝလေးနဲ့ ပျော်ပျော်ရွှင်ရွှင် နေတာမြင်ချင်လို့ပါ်။ ”
“မရတော့ဘူးအမေ ၊ မိခက် အကြောင်းကိုသိရဲ့
သားနဲ့လာပြီးနားမချပါနဲ့တော့၊သူ့ကိုမိခက် အချိန်အကြာကြီး နားလည်မှုတွေပေးပြီး
စောင့်ခဲ့ပေမယ့် အလကားပဲ၊မိခက်မေတ္တာ နဲ့မတန်တဲ့
ဒီလိုလူမျိုးကို မိခက် ဥပေက္ခာ ပြုလိုက်တော့မယ်
မိခက် ဘ၀ ကို တစ်ယောက်တည်းဖြတ်သန်းရဲပါတယ်အမေ”
အဲဒီ့အချိန်ကစလို့ဘယ်လိုတောင်းပန်ပေမယ့်
မိခက် လက်မခံတဲ့အဆုံးမှာ ကိုဇော်လည်း စိတ်ဓါတ်ကျ
ကာ မိဘတွေ နဲ့အတိုက်အခံပြောဆိုပြီး နိုင်ငံခြားကို
အပြီးထွက်သွားတယ်လို့အမေ ကပြောပေမယ့် မိခက်ဘယ်လိုမှ မခံစားရတော့ပါဘူး။
ဒီတစ်ခါ လည်း …
မိခက် နှလုံးသားကိုသွေးစိမ်းရှင်ရှင် ထွက်အောင် ဆူးတစ်ချောင်းက ထပ်မံစိုက်စူး သွားပါပြီ။
ဇာတ်သိမ်းပိုင်း
(၁၀)
ဒီလို နဲ့ပဲ မိခက် ဟာ
အမေ နဲ့နှစ်ယောက်သားနေထိုင်ရင်း ၊ အလုပ်တွေကြားမှာ
နစ်မြုပ်ရင်းအသက် ၃၀ကျော်လို့၄၀နားနီးနေတဲ့
့အပျိုကြီး ဘ၀ ရောက်လာပါတယ်။
ရတနာရောင်း၀ယ်တဲ့လုပ်ငန်းတစ်ခုတည်းပဲ အိုးမကွာ အိမ်မကွာလုပ်ရင်း ထပ်၀ယ်ထားတဲ့တိုက်ခန်းတွေ ကို အိမ်ငှားတင်ထားတဲ့မိခက် ရဲ့၀င်ငွေ က မနည်းပါ။
ဒီလို အခြေအနေ အထိ မိသက်ကို မခေါ်ထားလို
့အမေ က ပြောချင်ပေမယ့် မိခက်မသိချင်ယောင်
ဆောင်နေလိုက်ပါတယ်။
အတ္တကြီးတယ်ပဲပြောပြော မိခက် က အမေ နဲ့
ဒီလို နှစ်ယောက်တည်းပဲ အေးချမ်းချမ်းနေချင်တာပါ။
အမေ ဟာ မိခက်ရဲ့တစ်မျှင်တည်းသော သံယောဇဉ်နှောင်ကြိုးပါ။
အမေ ကလွဲရင်တလောကလုံး မိခက်နဲ့ဆိုင်တဲ့သူ တယောက်မှမရှိဘူးလို ့ပဲ ခံယူထားတဲ့မိခက်ဆီ
အဖေ့ သတင်းသယ်လာတာက ဒေါ်ကြည်ပါ။
” သမီးရေ၊ ခု သမီးအဖေ က အဆုတ်ကင်ဆာ ဖြစ်နေပြီ။
နောက်အိမ်ထောင် ကလည်းဆုံးပြီး သားသမီးတွေ
ကလည်း အဆင်မပြေလို့ ဆေးမကုပေးနိုင်ဘူးတဲ့”
” အဲဒီတော့ ဘာဖြစ်လဲအမေ ”
” သမီး ပဲ ခေါ်ထားပြီးဆေးကုပေးပါလားကွယ်”
” ခက်တာပဲ အမေရယ်၊ သမီးမှာ ဘယ်တုန်းက
အဖေ ရှိခဲ့လို့လဲ ”
” အဖေ ဆိုတာ ဘာဖြစ်နေနေ အဖေ ပါပဲသမီးရယ်”
“မဟုတ်ဘူး၊ ဖခင် ၀တ္တရားကျေပြီး မင်္ဂလာတရား
တော်နဲ့အညီ သားသမီးကိုချစ်ခင်ကြင်နာစွာ
ကျွေးမွေးပြုစု လုပ်ကိုင်ပေးမှ အဖေ လို့ခေါ်တာ”
” မိခက်၊ ညည်းအသက်လည်းမငယ်တော့ဘူး၊
နားလည်ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်ပေးလိုက်
ပါလားသမီးရယ်…
ဒီလိုပဲလုပ်နေရင်သမီးလည်းစိတ်ချမ်းသာမှာမဟုတ်ဘူး”
“သမီးကဘာလုပ်နေလို့လဲ ၊ဥပေက္ခာပြုသင့်သူတွေမို
ဥပေက္ခာ ပြုလိုက်တာ အပြစ်လားအမေ ၊ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ဗြမ္မစိုရ်တရားလေးပါးထဲ
မှာတောင် ဥပေက္ခာ တရားဆိုတာ ပါသေးတာပဲ”
” တော် တော့မိခက်၊ညည်းက ညည်းလိုတာဆွဲယူနေတာ။
့ဗြမ္မစိုရ်တရား လေးပါးထဲမှာတောင် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ ပြီးမှ ဥပေက္ခာလာတာပါ။
နောက်ပြီး မိသားစု၀င်ချင်း ထဲမှာ မေတ္တာ၊ ဂရုဏာ ပ
ဲထားမှ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့တစ်သက်လုံး အတူနေနိုင်မှာပေါ့။
ကိုယ် က မှန်နေတယ်ဆိုပြီး သတိလက်လွတ်မှားသွား
တဲ့ကိုယ့်သွေးသားတွေကို ဘာမှမကူညီ မစောင့်ရှောက်
်ဘဲဘာဖြစ်ဖြစ်ဆိုပြီးပစ်ထားတာ ဥပေက္ခာမဟုတ်ဘူး”
အမေ ကဘယ်လိုပြောပြော မိခက် ကတော့
မိခက် မူအတိုင်းဆက်သွားပါမယ်။
အဖေ ့ကို ဆေးရုံကြီးတစ်ခု မှာ အထူးကုဆရာ၀န်ကြီးနဲ့ ကုသပေးခဲ့ပေမယ့် အဖေ ဆုံးတဲ့အထိ တစ်ခေါက်မှ သွားမကြည့်ဖြစ်ခဲ့တဲ့မိခက် ကိအားလုံးက ဝိုင်းအပြစ်တင်ကြပါတော့တယ်။
အမေ ကလည်း အဖေ ဆုံးပြီးကတည်းက မိခက် ကို သိပ်စကားမပြောဘဲ ခပ်တန်းတန်းနေလို့
မိခက် ၀မ်းနည်းရပါတယ်။
” အေမ ၊
မိခက် ကို စကားမပြောဘဲဒီလိုချည်းတော့ မနေပါနဲ့၊
မိခက် မှာ အမေ တစ်ယောက်တည်းပဲ ရှိတာပါ”
” အဲလိုဖြစ်အောင် ညည်းဘာညည်းပဲလုပ်နေတာ
မဟုတ်လား မိခက်ရယ်
အခု အမေ စိတ်ဆိုးနေတာ မဟုတ်ဘူး၊ ညည်းအကြောင်းစဉ်းစားပြီး ရင်လေး လို့ပါ”
” အာ–အမေကလည်း မိခက် က ဘာဖြစ်နေလို့လဲ၊
မိခက် တစ်သက်လုံး ဘာမဟုတ်တာမှ မလုပ်ခဲ့ဘူးလေ၊ ကိုယ့်ဘာသာစီးပွားရှာပြီး အမေ့ကိုလုပ်ကျွေးနေတာပဲကို”
“ဟုတ်တယ်၊ ညည်းက မဟုတ်တာမလုပ်သလို မဟုတ်တာလုပ်မိတဲ့ချစ်သူနဲ့မိဘမောင်နှမတွေ
ကိုလည်း ဥပေက္ခာ ပြုပစ် တတ်တယ်။
ဒီလိုဆက်နေရင် အမေ မရှိတော့ရင် လောကမှာ ညည်းဘယ်လို ရှင်သန်ရပ်တည်မလဲ”
” အမေကလည်း၊ ဘာတွေပြောနေတာလဲ ၊
အမေ က ကျန်းမာနေတာပဲကို…မိခက်ကမှ
ခေါင်းမူးလိုက်၊ သွေးတိုးလိုက် ၊ နှလုံးအောင့်လိုက်နဲ
့ရောဂါ ထူနေသေးတယ်။
တို့အမေ က အလန်းကြီးပါနော် –ဟုတ်တယ်ဟုတ်”
မိခက် က ရယ်ရယ်မောမော နဲ့စကားလွှဲပစ်လိုက်တော့ အမေ က သက်ပြင်းချနေပါတယ်။
” မနေ့က သားကြီး အမေ့ဆီ ဖုန်းဆက်တယ်။
သူ လည်းအခု မိသက်ကို တတ်နိုင်သလောက် ကြည့်ပေးနေပေမယ့် အတူတော့ခေါ်မထားနိုင်လို့
မိခက်ခေါ်ထားပေးဖို့ပြောချင်လို့တဲ့၊သူလည်း
ထောက် ပ ံ့ပါ့မယ်တဲ့”
“ဟာဟ–ခုကျမှ သူက သူတော်ကောင်း လုပ်နေပါလား၊
သူ မင်္ဂလာဆောင်ဖို့ငွေ လိုတုန်းက အမေ့ဆီက
ဘယ်လိုတောင်းသွားသလဲဆိုတာ
အမေ ပြန်စဉ်းစားကြည့်ပါ”
” ဟုတ်ပါတယ်မိခက်ရယ်၊ ဒါပေမယ့် ဒါတွေကပြီးခဲ့
ပါပြီ၊ခု သူ အသိတရား၀င်ပြီးညီမလေးတွေနဲ့ခေါ်ချင်
ပြောချင် ဆက်ဆံချင်တာ ၀မ်းသာစရာပဲမှတ်လား”
” မိခက် ၀မ်းမသာဘူးအမေ ၊
မိခက် ဘ၀မှာ ဘယ်သူမှမလိုဘူး”
အမေကဘယ်လောက်ပြောပြော မိခက် က
ဘူးခံနေတော့ အမေ လည်းစိတ်တိုလာပါတယ်။
” ကဲ–ဒီလောက်ပြောမရတာ အမေ မပြောတော့ပါဘူး၊
ဒါပေမယ့် ခု ပြောနေတာတွေဟာ ညည်းအတွက် ချည်းပဲဆိုတာ အမေ မရှိတဲ့တနေ့မှာ ညည်းသိလာပါ
လိမ့်မယ်မိခက်ရယ်”
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၁၁ )
အမေ ဟာ သူ သွားရတော့မယ့်ခရီးကိုကြိုသိနေလို
့မိခက် ကို ပြောဆိုဖျောင်းဖျ သွားခဲ့တာပါလား–လို့
အမေ ရုတ်တရက်ဆုံးသွားတဲ့နေ့မှာမှ
မိခက် ရင်နာစွာသိလိုက်ရပါတယ်။
အဲဒီနေ့က မိခက် မနက်ပိုင်းအပြင်သွားမယ်ဆိုတဲ့အထိ အမေ က အကောင်းပါ။
အမေ မူးလဲလို့ဆိုပြီးဒေါ်ကြည် ဖုန်းဆက်လို့ မိခက် ဆရာ၀န်ခေါ်ပြီးအိမ်ပြန်ပြေးလာတဲ့အချိန်မှာ အမေက အသက်ငင်နေပြီးစကားတောင်မပြောနိုင်တော့ပါဘူး။
ယဲ့ယဲ့လေးသာ ကျန်တော့တဲ့ သတိတရားလေးနဲ
့အမေ ဟာ မိခက်ဘက်ကို စောင်းကြည့်ရင်း ကွယ်လွန် အသက်ထွက်သွားတဲ့အခါ မိခက် ဟာ မယုံနိုင်ဘဲ အရူးတစ်ယောက်လို ဆောက်တည်ရာမဲ့ဖြစ်မိပါတယ်။
အမေ က ဒီလို မျိုး မိခက် ကို ခွဲသွားမယ်ဆိုတာ
မိခက် မယုံနိုင်ပါဘူး-
မိခက်လေ အမေ့ကို အိုမင်းတဲ့အထိ အတူတူနေပြီး
ပြုစု လုပ်ကျွေးချင်တာပါအမေရဲ့
မိခက် ကို အမေ စိတ်မချဘူးမှတ်လားဟင် ၊
မိခက် ဟာ အမေ ဆိုတဲ့သံယောဇဉ်ကြိုးလေး
တစ်ချောင်းတည်းနဲ့ ချည်နှောင်ပြီး အားလုံးကို
ဥပေက္ခာ ပြုထားတာပါအမေရဲ့၊
မိခက် အကြောင်းကို သိရဲ့သားနဲ့ အမေ ထွက်သွားရက်တယ်နော်
မိခက် ဘယ်လို တမ်းတနေပေမယ့် အမေ ကတော့ မရှိတော့ပါဘူး။
အမေဆုံးပြီးပြီးချင်း ဒေါ်ကြည်ဖုန်းဆက်လို့
ကိုဆက်နဲ့မိသက် အပြေးအလွှားရောက်လာပါတယ်။
သူတို့ အမေ့ဘေးမှာ ဖွဲ့နွဲ့ငိုနေကြတော့ မိခက် မျက်ရည်စတွေ ခန်းသွားပြီး ရယ်ချင်လာသလိုပဲ။
အမေ ရေ–အမေ့သားကြီးနဲ့သမီးလေးက
အမေ ဆုံးလို့လာငိုနေတယ်၊
မိခက် မသိလို့မေးချင်ပါတယ်။ မိဘဆိုတာ
ဒီလို သေမှလာငိုရုံ ပဲ အသုံး၀င်တာလားအမေ ၊
ဒီလို စိတ်ဓါတ်ရှိသူတွေနဲ့များသမီးကို ပြန်ခေါ်ခိုင်းရ
တယ်လို့အမေရယ်၊
အမေ့ရက်လည်တဲ့အထိ အိမ်မှာနေပေးကြပေမယ့်
အိမ်ရှင် ဖြစ်တဲ့မိခက် က စကားတခွန်းမှမပြောလို့
ကိုဆက် လည်း မိခက်ကို စိတ်တိုလာပုံရပါတယ်။
“ဒီမယ် မိခက် ၊ငါတို့ဟာမခေါ်ချင်ရင်ပဲနေလို့ရမယ်၊ မတော်ချင်လို့မရတဲ့တအူတုံဆင်းမောင်နှမတွေပါ။
နင် ငါတို့ကိုစိတ်နာနေတာသိတယ်။ နင် ရုန်းကန်
ပြီး အမေ့ကို လုပ်ကျွေးခဲ့တာလည်းသိတယ်။
အရင်တုန်းက မသိတတ်ခဲ့တာတွေကို ငါ တောင်းပန်
တယ်မိခက်…ခုချိန်ကစပြီး ငါ ဟာ နင်တို့ကို အကိုကြီးတစ်ယောက်အနေနဲ့ ဖေးမကူညီပေးချင်တယ်
မိသက် လေးလည်း သူစိမ်းတွေကြားထဲမှာနေရတာ သိပ်ပင်ပန်းနေပြီ။ဒီနှစ် မိသက်သားလေး ကိုးတန်း
တက်ရမယ်။အခု မိသက်က သူ့ယောက္ခအိမ်ပေါ်က
ဆင်းပြီး သူ့ဘာသာအိမ်ငှားနေပြီးစျေးရောင်းနေရတာ။
နင့်တူလေးကစာလည်းတော်တယ်၊
လိမ်လည်းလိမ္မာတယ်၊ ဒါတွေ နင်သိရဲ့လားမိခက် ”
“မသိဘူး၊သိလည်းမသိချင်ဘူး၊
အခု အမေ့ရက်လည်နေ့ နော် ၊ အမေ့အကြောင်းပဲပြော တာကြားချင်တယ်။ကျန်တာ နားမထောင်ချင်ဘူး”
မိသက်ရဲ့မာကြောတဲ့အပြောကြောင့်ကိုဆက်ဟာ စိတ်ဆိုးပြီးပြန်သွားပါတယ်။
မိသက် ကတော့ မျက်ရည်စတွေနဲ့အတူ မပြန်ခင်မိခက်ကို ကန်တော့ပါတယ်။
“မခက် ၊ မိသက် ပြန်တော့မယ်နော်၊
မခက် မနေစေချင်ရင်လည်း ရပါတယ်၊မိသက် အတင်းအကြပ်မတောင်းဆိုပါဘူး။ မိသက်လည်း ကိုယ့်ဘာသာစျေးရောင်းပြီးသားလေးကျောင်းစရိတ်
်ရှာမှာပါ။ မခက်နဲ့အတူလာနေချင်တာဟာ မခက် ပိုင်ဆိုင်မှုတွေကြောင့်မဟုတ်ပါဘူး။
မိသက်လေ မခက် ရဲ့ မေတ္တာရိပ်မှာ ခိုလှုံချင်တာပါ ။
ပြီးတော့မခက်တစ်ယောက်တည်း နေနေရတာလည်း
စိတ်မချလို့ပါ။ တကယ်လို့ တစ်ခုခု မခက် လိုအပ်
လာရင် လှမ်းခေါ်လိုက်ပါ မိသက်လာခဲ့ပါ့မယ်။
မခက်အပေါ်ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် မိသက်ကန်တော့ခဲ့ပါတယ် ”
မိသက် ကန်တော့တာကို ကျောခိုင်း ဥပက္ခောပြုထားရင်း လည်ချောင်းထဲတင်းကြပ်ဆို့နင့်စွာနဲ့ မိခက်ရဲ့ မျက်ရည်တစ်ပေါက် လွင့်စင်ကျသွားပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၁၂ )
ဒေါ်ကြည်ပြန်သွားပြီးနောက်ပိုင်း မိခက် နေရတာ ပိုပြီး ခြောက်သွေ့အထီးကျန်လာပါတယ်။
နေ့ခင်း ဟိုဒီ သွားကာ အလုပ်လုပ်နေလို့မသိသာပေ
မယ့် ညဘက်ရောက်လို့ တိုက်ခန်းမှာ တစ်ယောက်တည်း
နေရတဲ့အချိန်ဆို ပိုသိသာပါတယ်။
အမေ့ကိုပဲ ဂရုစိုက်ပြီး စီးပွားရေးဖိလုပ်နေတဲ့မိခက်မှာ ရင်ဖွင့်တိုင်တည်စရာ မိတ်ဆွေရင်းချာဆိုတာလည်း
မရှိသလောက်ပါပဲ။
TV ကလာတဲ့ချန်နယ်လိုင်းမျိုးစုံပြောင်းကြည့်လည်း ခဏတာစိတ်ပြေရုံပါပဲ။
ရုပ်၀တ္တုပစ္စည်းတွေ ထက် မိခက်ဘေးမှာရင်ဖွင့်
့်တိုင်ပင်စရာ တိုးတိုးဖော်လေတစ်ယောက်လောက်ကို
တမ်းတ မိပါတယ်။
ဒီလို အချိန်မှာ မှ အဖော် ဆိုတဲ့တန်ဖိုးကို ပိုသိလာ
သလို မိသက်ကိုလည်းစိတ်ထဲသတိရမိသွားပါတယ်။
ဒါပေမယ့် ချက်ချင်းကြီးလည်းမိသက်ကို
လှမ်းမခေါ်ချင်သေးတဲ့မိခက်ဟာ
မိသက်ကုန်ခြောက်ဆိုင်ထွက်နေတယ်ဆိုတဲ့ နေရာ
ကတိတ်တိတ်လေးသွားကြည့်မိပါတယ်။
မိခက် က စျေးဆိုင်အကြီးကြီးနဲ့သေသေချာချာ
ရောင်းနေတယ်ထင်ထားပေမယ် မိသက်ဆိုင်က
ဟင်းရွက်တန်းအစပ်မှာဆောက်ထားတဲ့ယိုင်နဲ့နဲ့ ဝါးတန်းဆိုင်လေးပါလား။
ချည်ထည် အင်္ကျီ အနွမ်းလေး ၀တ်ပြီး စျေးထိုင်
ရောင်းနေတဲ့ မိသက် က အသားအရည်တွေမည်း
ညစ်နေပြီး မျက်နှာကလည်း ရင့်ရော်နေလိုက်တာ။
မိသက်မမြင်အောင် ခပ်ဝေးဝေး က လှမ်းကြည့်
အကဲခတ်နေရင်း ရင်ထဲမှာ ဆို့နင့်လာပါတယ်။ အမေ့့ကိုလည်း ပြင်းပြင်းပျပျသတိရကာတိုင်တည်မိပါတယ်။
အမေ ရေ၊ မိခက် မှားခဲ့တယ်နော်။
ကိုယ့်ရဲ့ညီမလေးတစ်ယောက်တည်း ဒုက္ခရောက်
နေတာ မိခက်ပစ်ထားခဲ့မိတယ်။
အမေ လည်း မိသက်ကိုဒီလို မြင်နေရင်းမိခက် အိမ်မှာ နေရစားရတာ ဘယ်စိတ်ချမ်းသာ ပါ့မလဲနော်။
အသိခေါက်ခက် အ၀င်နက်နေတဲ့ မိခက် ကို အသက်နဲ့့ရင်း
ပြီးအသ်ိတရား၀င်အောင်လုပ်ပေးခဲ့တာလားအမေရယ်။
မျက်ရည်တွေနဲ့မှုန်ဝါးနေတဲ့မိခက်မြင်ကွင်းထဲမှာ
ကျောင်းစိမ်း၀တ်စုံလေးနဲ့ ဆိုင်သိမ်းပေးနေတဲ့ ၁၅နှစ်အရွယ်ကောင်လေးတယောက်ကိုမြင်ရပါတယ်။
အို –ကလေးလေး ကိုကြည့်ရတာဖြူဖြူ သန့်သန့်လေးနဲ့ မိသက် ငယ်၇ုပ်လေးအတိုင်းပါလား။
ဒါ မိခက် ရဲ့တူလေးပဲ။
ဆိုင်ရှေ့ကို ဘယ်လိုရောက်သွားမှန်းမသိဘဲ မိခက်ရောက်သွားပါတယ်။
“ဟယ်–မခက် ၊ ဘာလာလုပ်တာလဲ။ တစ်ယောက်တည်းလာတာလား”
မိသက် ပြောသံကြောင့်ဆိုင်သိမ်းနေတဲ့ ကောင်လေးက မိခက်ကိုမော့ကြည့်ပါတယ်။
သူ့မျက်၀န်းတွေက မိခက် ကို ရင်းနှီးကျွမ်း၀င်နေသလို ပဲ။
မိခက်ဟာ လှုပ်ရှားနေတဲ့စိတ်ကို ထိန်းပြီး ကောင်လေး
ရဲ ့လက်ကလေးကိုဆုပ်ကိုင်လိုက်ပါတယ်။
“သား ၊ မင်း အံတီ့ကို သိလား”
“သိပါတယ် ၊ မေ မေ့ဆီ မှာ ဖွားဖွားပေးထားတဲ့
ဓါတ်ပုံ ရှိပါတယ်။ဖွားဖွားကလည်း ပြောထားပါတယ်။
တစ်နေ့သားတို့နဲ့အတူနေရမယ့် သားရဲ့ကြီးကြီးတဲ့”
“ဟုတ်တယ် ၊ ခု ကြီးကြီးနဲ့အတူနေဖို့
မင်းတို့သားအမိကိုလာခေါ်တာ။”
“မခက် —- ”
အ့ံ့သြစွာ လှမ်းအော်နေတဲ့ မိသက်ကို မိခက် စေ့စေ့ကြည့်ရင်း
“မိသက် ၊ ခုချိန်ကစပြီး နင်က ငါ့ညီမ ပြန်ဖြစ်သွားပြီ။
ဒါကြောင့်နင့်ကို ငါဒီလို မထားနိုင်တော့ဘူး။ နင့်တိုသားအမိ ဒီပစ္စည်းတွေကို တစ်ဆိုင်ဆိုင်ပေး
လိုက်ပြီး ခုချက်ချင်းငါနဲ့လိုက်ခဲ့”
“မခက်ကလည်း ၊
ဒီလိုတော့ချက်ချင်းကြီးမလုပ်နဲ့လေ။ ”
“မရဘူး၊ နင် ဒီပုံနဲ့စျေးထိုင်ရောင်းနေတာ
ငါ မကြည့်ချင်တော့ဘူး။အခု နင်တို့ငှားထားတဲ့
အိမ် ရှင် ကို အခန်းပြန်အပ်ဖို့သွားပြောကြမယ်။
ပြောစရာရှိတာပြောပြီး ရင် နင်တို့ကိုဒီညကစပြီး
ငါ့အိမ်ခေါ်ထားမယ်”
မိခက်ကပြောပြောဆိုဆို သားလေးလက်ကိုဆွဲ ပြီး ထွက်လာခဲ့တာမို့မိသက် မှာ ဘေးဆိုင်ကဒေါ်ကြီးကို ဆိုင်ကပစ္စည်းတွေယူလိုက်ဖို့ကမန်းကတန်း
အော်ပြောရင်းနောက်ကနေအပြေးလိုက်လာပါတယ်။
မိခက်ကတော့ ဒီည စကားပြောသံလေးတွေ နဲ့
့ဝေစည်နေတော့မယ့် မိခက်ရဲ ့တိုက်ခန်းလေးကိုမြင်
ယောင်ရင်း ကြည်နူးစွာနဲ့
အမေ့ကို တိုင်တည်လိုက်ပါတယ်။
အမေ ရေ၊ မိခက်လေ ဒီနေ့ကစပြီးမိသက်နဲ့သားလေးနဲ့
အတူတူနေတော့မယ်။မိသက်သားလေးကို
မိခက်လည်း ပြုစုပျိုးထောင်ပေးမယ်။ကိုဆက်ကိုလည်း
ဒီအကြောင်းတွေပြောပြပြီးမောင်နှမတွေ ချစ်ချစ်ခင်ခင်ပြန်ပြီးခေါ်ကြ ပြောကြမယ်လေ။
အမေ့သမီး မိခက်ဟာ အမေ အမြဲပြောနေတဲ့
ဥပေက္ခာ မိခက် မဟုတ်တော့ပါဘူး။
မေတ္တာ တရားနဲ့မိခက်၊ ဂရုဏာ တရားနဲ့ မိခက်
ဖြစ်နေပြီမို့ရောက်ရာဘ၀ကနေ ကျေနပ်ပြုံးပျော
်နိုင်ပါစေ အမေရေ။
ခံစားနားလည်နိုင်ပါစေ
ကြာဖြူနွယ်