လက်ပံအိုက သရဲနီမ

Posted on
လက်ပံအိုက သရဲနီမ
အခန်း ( ၁ )
သက္ကရာဇ် ၁၉၆၀
မြန်မာနိုင်ငံ လွှတ်လပ်ရေးရပြီး အပိုင်းအခြား ကာလလေး တစ်ခုဟုဆိုရပေမည် ။ ဧရာဝတီတိုင်း ဘိုကလေး မြို့နယ် အပိုင် ရွာငယ်လေးတစ်ခုက အကြောင်းအရာအား ဇာတ်လမ်းလေး အဖြစ် ရေးသားတင်ဆက်ပေးလိုက်ခြင်းဖြစ်၏။ ( ရွာအမည်များ နှင့် လူအမည်များကို စိတ်ကူးဖြင့်သာ လှီးလွှဲရေးသားထားကြောင်း လေးစားစွာဖြင့် တင်ပြလိုက်ရပါသည်။ )
အချိန်ကား ည ၁၀ နာရီဝန်းကျင် ။ စံနု တစ်ယောက် အိမ်ရှေ့ ကွပ်ပျစ်လေးပေါ်‌တွင် ဆေးပေါ့လိပ် ခဲကာ ညနေကလက်ကျန် တောအရက် တစ်ပိုင်းခန့် ကို အရသာခံသောက်ရင်း ဇိမ်ယူနေလေ၏။ ဝါခေါင်လပြည့် မတိုင်ခင် လေးရက်သာ အလို ကာလလေး ဖြစ်သည်မို့ ကောင်းကင်ကြီးပေါ်၌ စန္ဒာလမင်းကြီးက ငွေရည်လောင်းထားသကဲ့သို့ ထိန်ထိန်လင်းနေ၏ ။
စံနုမှာ အပေါ် စွပ်ကျယ် ခပ်နွမ်းနွမ်း နှင့် ဖျင်ကြမ်းပုဆိုးကို ခပ်တိုတို ဝတ်ဆင်ထားရင်းမှ လရောင်ခံနေ လေသည်။ တစ်နေ့ကုန် လယ်ထဲဆင်း ပင်ပန်းနေခဲ့သော်လည်း အိပ်စက်လို့ မပျော်သည်မို့ အိမ်အရှေ့ အဖီအောက်‌ ကွပ်ပျစ်လေးပေါ် တွင် ထိုင်နေခြင်းလည်း ဖြစ်၏ ။ ညလည်ခေါင်လည်း ရောက်ချေတော့မည်မို့ ရွာနီးနားပတ်ဝန်းကျင်သော်လည်းကောင်း ရွာကြီး တစ်ခုလုံးပင်သော်လည်းကောင်း ရံဖန်ရံခါ သစ်ပင်ကြီးများမှ လေတိုးသည့် အသံများက ရှဲကနဲ ထွက်ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက် ရှိနေလေ၏။
အသက် ၃၈ ဝန်းကျင် လူပျိုကြီး ဖြစ်သည့် စံနု အဖို့တော့ ပျော်စရာကား အပေါင်းအသင်းနှင့် ထန်းရည်သောက် ဖဲရိုက် ကြက်တိုက်သည့် အချိန်မှ လွဲ၍ ကျန်အချိန်များကား လွန်စွာမှ အထီးကျန်စေသည်။ စံနု တွင် ရွယ်တူ အပေါင်းအသင်း သုံးယောက်ရှိ၏။ သူတို့မှာ ဘိုးလှ ၊ ဘိုးမြ နဲ့ မဲကြီး ပင်ဖြစ်သည် ။
လွန်ခဲ့သော ငါးရက်ခန့်က
” ဟေ့ … ဘိုးစံနု … တောင်ညိုရွာက မသာဝိုင်းကောင်းတယ် ကြားတယ် … မင်းလိုက်မယ် မို့လား “
စံနုလည်း စောင်ကြားကြီးကို တစ်ကိုယ်လုံး လုံအောင်ပတ်ထားရင်းမှ
” မလိုက်တော့ပါဘူး ဘိုးလှရာ … ငါနေလို့မကောင်းဘူးဟ “
” ဟ … ဒါမျိုးပွဲက ရှားတယ်နော် … အချီကြီးမိလို့ကတော့ တို့ တစ်ပတ် ဆယ်ရက်လောက် အသာ ထိုင်စားရုံပဲ “
ထိုအခါ ဘိုးမြကပင်
“ဟုတ်တယ် စံနုရ … ဒီညနိုင်ရင် မြို့ပေါ် အလည်သွားပြီး … အရက်အကောင်းစားလေးသောက် အပျော်အပါးလေး ရှာရကောင်းပါရဲ့”
ဝင်ရောက်ပြောဆိုလေသည်။ သို့သော် စံနုမှာ စောင်ပတ်ထားသည့်ကြားက ကိုယ်တွေပူပြီး အဖျားကြီးနေသည်မို့ စကားပြောဖို့ရာကို ပင် အားမရှိနိုင်ဘဲ တအင်းအင်းသာ ခေါင်းငြိမ့်ညည်းညူနေနိုင်ရှာသည်။ မဲကြီးက စိတ်မရှည်ဟန်ဖြင့်
” မင်းမလဲ … ယောကျာ်းမဟုတ်ဘူးလား … ခုနစ်အို ရှစ်အို ဂီလာနကြီး ကျလို့ … လိုက်မယ် မလိုက်ဘူးသာ တို့ပြောကွာ … တော်နေကြာ ဝိုင်းနောက်ကျနေတော့မယ် “
” ငါ တကယ်မလိုက်နိုင်လို့ပါ မဲကြီးရာ … မင်းတို့သာ အဆင်ပြေသလို သွားကြချေတော့ … ငါတော့ ဒီညနားမှဖြစ်လိမ့်မယ် “
” ကဲကဲ … ဒါဆိုလည်း သွားကြမယ် … စိတ်ပါလို့ လိုက်လာချင်လဲ လိုက်ခဲ့လား … တို့ တစ်ညလုံး အဲ့မှာရှိမှာ “
” အေးပါ … အေးပါ “
သို့သော် ထိုညက စံနု တစ်ယောက် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည် ။
ယခုတော့ ဘိုးလှ ဘိုးမြ တို့ ညီကို နှင့် မဲကြီး၊ သူတို့ သုံးယောက် ကို မတွေ့ ရသည်မှာ ငါးရက်ပင် ပြည့်ချေပြီ။ စံနုလည်း အကြမ်းရည်ပန်းကန်ထဲ ငဲ့ထားသော အရက်ကို ကောက်ကာမော့လိုက်ရင်း
” အင်း … ဒီချိန်ဆို ဒီကောင်တွေ မြို့မှာ နိုင်ငံခြား အရက် အကောင်းစား တွေသောက်ပြီး အိပ်ကောင်းနေရောပေါ့ “
သေချာသည် သူတို့သုံးယောက် မြို့တက်သွားလောက်ပြီဟု စံနု အတပ်တွေးလိုက်၏ ။ လေးယောက်လုံးက အကျင့်တူ စရိုက်တူ တွေဖြစ်ကြသည်မို့ ညီကို ရင်းတွေပမာ ပေါင်းလို့သင်းလို့ သဟဇာတဖြစ်ကြသည်။
ယခု သုံးယောက်မရှိတော့ စံနုမှာ တစ်ယောက်တည်း ဘက်ပဲ့ရင်း တစ်နေ့ တစ်နေ့ အိမ်မှ ယာ ယာမှ အိမ် သံသရာလည်ရင်းက ပျင်းရိပြီးရင်း ပျင်းရိလို့နေသည် ။ ညဆယ်နာရီလောက် အရောက် မှာတော့ အပြင်လေငွေ့ တို့က အေးသထက်အေးစပြုလာပြီ။ သောက်ထားသော အရက်တန်ခိုးလေးဖြင့် ဘိုးစံနု မျက်လုံးများက စဉ်းလာသည့်တိုင် စိတ်က မအိပ်ချင်သေး။
ထိုအချိန်မှာပဲ သူ့ခြံနားသို့ တစ်ရွေ့ရွေ့ လျှောက်လှမ်းလာသော လူနှစ်ယောက်၏ သဏ္ဍာန်ကို လရောင်ဖြင့် ရေးတေးတေး လှမ်းမြင်လိုက်ရသည်။ ထိုလူနှစ်ယောက်မှာ လျှောက်လာရင်းမှ သူ့ခြံရှေ့ အရောက်တွင် ပြိုင်တူရပ်တန့်လိုက်‌ကြသည်။ စံနုလည်း ဇက်ကလေးပုကာ မျက်လုံးကို လှန်ကြည့်လိုက်မှ ဘိုးလှ နှင့် မဲကြီး ဖြစ်နေသည်ကို သိလိုက်ရ၏ ။
” ဟေး … ဘိုးလှ နဲ့ မဲကြီး ခြံရှေ့ ဘာရပ်လုပ်နေတာလဲ အထဲလာလေကွယ် “
စံနု ထိုသို့အသံလှမ်းပေးမှ ဘိုးလှ နှင့် မဲကြီး ခြံစည်းရိုးမှ တစ်ဆင့် သူထိုင်နေရာသို့ တစ်လှမ်းချင်းလျှောက်လာကြလေ၏။ သူတို့နှစ်ယောက် ပုံစံကား ကြိုးဆွဲထားသော ရုပ်သေးတွေ ပမာ လှုပ်လီလှုပ်လဲ့ ။ မျက်နှာများလည်း မကောင်း စိတ်ပျက် အားငယ်နေသည့်အလား ဖြူလျော့လို့နေသည်။
” ဟေ့ကောင်တွေ … ဘာဖြစ်လာကြတာလဲ … ဟင် ရေတွေလဲ ရွှဲလို့ပါလား “
ဟုတ်ပေသည်။ သူတို့ လျှောက်လာရာ လမ်းကြောင်းတစ်လျှောက် တစ်စက်စက်ကျနေသော ရေများက အတန်းလိုက် အိုင်ရင်းသား ကျန်ခဲ့၏။
“စံနု … ငါတို့ကိုကယ်ပါ ငါတို့ကိုကယ်ပါ”
အသံအက်ကြီးများဖြင့် အော်ပြောပြီးတစ်ပြိုင်နက်မှာတော့ စောစောက မြင်နေရတဲ့ ဘိုးလှ နှင့် မဲကြီးမှာ ချက်ချင်းဆိုသလို ကြောက်စရာ ရုပ်အသွင်အပြင်များ ပြောင်းသွားသည်ကို အံ့အားသင့်ဖွယ်တွေ့လိုက်ရ၏။ ဘိုးလှ ဝတ်ဆင်ထားသော အင်္ကျီတစ်ခုလုံး နီထေးထေး အရည်များစီးကျလာသလို ဘယ်ဖက်လက်ကြီး တစ်ဖက်ကလဲ စံနု ခြေရင်းသို့ ဘုတ်ကနဲ ပြုတ်ကျလာတော့သည်။
” အောင်မလေး … မြတ်စွာဘုရား “
စံနုလည်း ထိုင်နေရာ ဆတ်ကနဲ ထကုန်လိုက်တော့သည်။
တစ်ဖန် မဲကြီးမှာ ခေါင်းကြီးတစ်ခြမ်းပဲ့ကျသွားပြီး လှုပ်စိလှုပ်စိ ဖြစ်နေသော ဦးနှောက် အဖွေးသားကိုပါ ကြက်သီးထဖွယ်မြင်လိုက်ရပြန်၏ ။ ပါးစပ်အတွင်းမှ ညှီစို့စို့ ပုပ်အဲ့အဲ့ အနံ့တွေနဲ့ အတူ
” ငါတို့ကိုကယ်ပါ … စံနု ငါတို့ကို ကယ်ပါ “
ဟုသာ တစ်ဆာဆာအော်ဟစ်နေကြသည်မို့ စံနုလည်း နားနှစ်ဖက်ကို လက်ဖြင့် ဖိအုပ်ကာ မျက်စိကို အားကုန် မှိတ်ပစ်ရင်း
” မလာနဲ့ … မလာနဲ့ … မင်းတို့လူ‌ တွေမဟုတ်ဘူး … သွား … သွား “
ဝုန်းကနဲ ကွပ်ပျစ်ပေါ်က ကျုံးထလိုက်တော့ အရာအားလုံးက ပကတိငြိမ်သက်တိတ်ဆိတ်လို့ ။ သူ့အနားတွင်လည်း မည်သူ တစ်ဦး တစ်ယောက်မျှ ရှိမနေချေ ။ အရည်ကုန်လို့ မှောက်လဲနေသော အရက်ပုလင်း လေးနှင့် မီးစာကုန်လု နီးပါး ရေနံဆီမီးခွက် လေးမှ အပ သက်ရှိဟူ၍ သူတစ်ယောက်သာ ။ သူ့တစ်ကိုယ်လုံး၌ ချွေးသီးချွေးပေါက် များက ရေလောင်းထားသလို ရွှဲနစ်လို့။ ” ငါအိပ်မက်ဆိုးတွေ မက်နေတာပါလား ” ဟုသာတွေးရင်း စောစောက ထွေနေသော အရက်ရှိန်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်၏။
ဘုန်းကြီးကျောင်းမှ တုံးခေါက်သံ တစ်ချက်ကို ကြားလိုက်ရသည်မို့ သန်းခေါင်ကျော် တစ်ချက်တီး အချိန် ရောက်နေပြီကို သတိထားမိလိုက်သည်။ ထို့ကြောင့် အတွေးတို့ကို ဖျောက်ပစ်ကာ အိပ်ရာအတွင်း ဝင်အိပ်ဖို့ရန် ကြိုးစားသော်လည်း စောစောက အိပ်မက်လို တကယ်လို မြင်တွေ့ခဲ့သော အခြင်းအရာများကြောင့် အိပ်လို့ မပျော်နိုင်တော့ဘဲ မိုးစင်စင် လင်းခဲ့ရလေပါတော့၏။
+++++++
မနက်အလင်းရောင် တော်တော်အားကောင်းလာတော့မှ စံနု အိပ်ရာမှထကာ ယာထဲဆင်းရန်အတွက် ပြင်ဆင်ရလေ သည်။ မနက်စာ အတွက် တော့ ညက အကျန် ထမင်းကြမ်းခဲကို ငပိရည် နှင့်မြုပ်စားပြီးမှ ပေါက်တူးကို ပုခုံးထမ်းကာ နွားနှစ်ကောင်ကို ဆွဲရင်း ရွာထဲ ထွက်ခဲ့လိုက်သည်။
ထိုနေ့မှ ပုံမှန်နေ့တွေနဲ့ မတူဘဲ ရွာထဲက လူတွေ ဟိုတစ်စု ဒီတစ်စု နှင့် စကားတွေ ပြောနေကြသည်ကို ထူးထူးခြားခြား မြင်တွေ့နေ ရသည်။ ဘာအကြောင်းပြောနေကြသည်ကို စိတ်မဝင်စားသော်လည်း မျက်နှာချင်းဆိုင်တွင် တည့်တည့်ဝင် လာသော ကာလသား ကျော်ထင်က စကားစလာလေတော့၏။ ထင်းခုတ် ဓားမတိုကို ခါးကြားထိုးထားရင်းမှ
” ကိုစံနု … ခင်များ သိပြီးပြီလား “
” ဟမ် … ဘာကိုသိရမှာလဲ ငါက ခုမှ ယာထဲဆင်းမို့ထွက်လာတာလေ “
” ဟား … ကျုပ်က ခင်များသိပြီးလောက်ပြီတောင် ထင်တာ “
” ပြောစမ်းပါအုံး … ဘာများလဲ “
” မနေ့က … ခင်များ သူငယ်ချင်း ကိုဘိုးလှ နဲ့ ကိုမဲကြီး မြို့ကနေ ဒီကို စက်စီးပြီးပြန်လာတာ အဲ့ဒါ ဒီမရောက်ခင် တောင်ညိုရွာနား ရောက်တော့ စက်ပေါ်က ပြုတ်ကျပြီး နှစ်ယောက်လုံး ဒလက်ကြားညှပ် သေကုန်ပြီတဲ့လေ “
” ဘာ … ဘိုးလှ နဲ့ မဲကြီးသေပြီ ဟုတ်လား “
” ဟုတ်တယ် … ဒလက်ကြား ညှပ်သွားတာဆိုတော့ အလောင်းတွေက ရုပ်ပျက်ဆင်းပျက်ဖြစ်ကုန်တယ်ပြောတယ် … ဘယ်သူဘယ်ဝါမှန်း တန်း မခွဲနိုင်ကြဘူးဗျ … သက်ဆိုင်ရာက ရောက်လာတော့မှပဲ ဘယ်ရွာက ဘယ်သူဆိုတာ အတည်ပြုလို့ရတာ … ကိုဘိုးလှ နဲ့ ကိုမဲကြီး ဖြစ်နေတာတဲ့ဗျို့ … သေတာကလဲ ရွာ အပြင်မှာ သေသွားကြတာဆိုတော့ … အလောင်းတွေကို ရွာထဲ ပြန်မထည့်တော့ဘဲ … အဲ့ညတင် အဲ့နားက လူတွေနဲ့ အားချင်းကြီး သဂြိုလ်လိုက်ကြတယ်ပြောတယ် … ကျုပ်ဖြင့်လဲ ခု မနက်စောစောလေးကမှ ရွာလူကြီး အစည်းအဝေးခေါ်လို့ သွားရင်းမှ သိရတာဗျို့ “
” ဟာ … ဒါဖြင့် ဘိုးလှ ညီ ဘိုးမြကရော … “
” ကိုဘိုးမြ တော့မသိဘူးဗျ … စက်ပေါ်က လူတွေ ပြောတာတော့ … သူတို့ နှစ်ယောက်ပဲမြင်တာတဲ့၊ ကုန်းပတ်ပေါ်ရောက်ကတည်းက ဂဏာမငြိမ်ကြဘူး ‌… ပြီးတော့ တစ်ခုခုက လိုက်နေသလို ရုတ်တရက်ကြီးပြေးလွှားရင်းကနေ … ဒလက်ထဲ ခုန်ချသွားတယ် ပြောတာပဲ… တစ်ချို့ကလဲ အရက်ကြောင်ပြီး လုပ်သွားတာ ဆိုကြတယ် “
” ဒါဆို သေချာနေပါပြီ”
” ဘာကိုသေချာနေတာလဲ … ကိုစံနုရ “
” ဘာမှ မဟုတ်ပါဘူး … ဒီတိုင်း ငါတွေးမိသွားတာရှိလို့ “
” အေးဗျာ … ခင်များ သူငယ်ချင်းတွေအတွက် စိတ်မကောင်းပါဘူး … ကဲကဲ ကျုပ်လဲ … ထင်းခုတ်သွားလိုက်အုံးမယ် … နောက်မှ အေးဆေးဆုံတာပေါ့”
စံနုတစ်ယောက် ပြန်တောင် နှုတ်မဆက်နိုင်တော့ဘဲ ညက ဘိုးလှ နှင့် မဲကြီး သူ့ဆီလာသွားသည်ကိုသာ တစ်ရိပ်ရိပ် တွေးရင်း ယာထဲမဆင်းတော့ဘဲ နောက်ကြောင်းပြန်လှည့်ကာ နေအိမ်ဆီသို့ ပြန်သွားလိုက်လေပါတော့၏။ ‌
++++++++
ထိုအဖြစ်အပျက်များ ဖြစ်သွားပြီးနောက်တိုင် စံနု တို့နေထိုင်ရာ သစ်ပုပ် ရွာလေးကား ပုံမှန်အတိုင်းလည်ပတ်စဲ လည်ပတ်မြဲဖြစ်၏ ။ စံနုလည်း သုံးလေးရက် ခန့် ဘိုးလှနှင့်မဲကြီး ၏ ညစဉ်လာရောက် အကူအညီတောင်း သည်များကို ညစဉ်ရက်ဆက် ခံရပြီး အိပ်ရေးပျက် ခဲ့ရသည်။ ဘိုးမြ နှင့်တော့ လုံးလုံးလျားလျား အဆက်အသွယ် မရ။ ဘိုးလှ နှင့် မဲကြီး တို့ရဲ့ ခုနစ်ရက်မြောက် ရက်လည် ပြီးမှသာ လာရောက် ခြောက်လှန့်ခြင်းများ အံ့အားသင့်ဖွယ် မရှိတော့ပေ ။
သို့သော် တောင်ညို ရွာ ပြင် အစပ်က လက်ပံပင်ကြီး မှာတော့ တစ်နေ့တစ်ခြား ကြောက်စရာ အငွေ့အသက်တွေ နှင့်အတူ ထိတ်လန့်ဖွယ် ဇာတ်လမ်း တစ်ချို့က စတင်ပြီး ဖြစ်ပွားလာပါတော့၏ ။
ယခု ဖော်ပြပေးမည့် လက်ပံပင်ကြီးကား သစ်ပုပ်ရွာ နှင့် တောင်ညိုရွာ ကြားတွင် တည်ရှိလေသည်။ အပင်ကြီး နှင့် တစ်ပြလောက်တွင် မြစ်ငယ်တစ်ခုရှိပြီး တောင်ညိုရွာ နှင့်ပို၍ နီးစပ်လေ၏။
သစ်ပုပ်ရွာ မှ ဘိုးလှ နှင့် မဲကြီး ဒလက်ထဲကျကာသေဆုံးသွားသည့် ဇာတ်လမ်းမှာလည်း ငါးလနီးပါး ခန့်အကြာမှာတော့ လူတွေ မေ့ပျောက်စပြုလာချေပြီ ။ သာမန်အရက်ကြောင်ကြောင်ပြီး ခုန်ချသွားသည်ဟု ထင်ကြေးပေးနိုင်ခဲ့သော်လည်း ၎င်း နောက်ကွယ်တွင်တော့ ဘယ်သူမျှ မသိသော အကြောင်းအရင်း တစ်ခုတော့ရှိနေပေလိမ့်မည် ဖြစ်၏ ။
” ဟဲ့ နွား … သွားပါဟဲ့ “
အချိန်ကား နေဝင်ရီတရော ညီကိုမသိ တသိအချိန်။ ကျောင်းဆရာလေး ကိုချစ်ခင် နှင့် ရွာလူကြီး အိမ်က ကာလသား မောင်အုန်း တို့ နှစ်ယောက် နွားလှည်းပေါ်တွင် ရှိနေခြင်း ဖြစ်၏။ မြို့ကောလိပ်မှ ကျောင်းဆင်းပြီးပြီးချင်း ယခုတောင်ညို ရွာလေးတွင် မူလတန်းပြ ပညာရေးပိုင်း အတွက် တာဝန်ချလိုက်သောကြောင့် ကိုချစ်ခင် တောင်ညိုကို ရောက်လာရ၏ ။ လမ်းတစ်‌လျှောက် တစ်ချို့သော ပြဿနာလေးတွေကြောင့် ခရီးဖင့်ခဲ့ရပြီး ညနေ လေးချက်တီးလောက်မှသာ မောင်အုန်း အကြိုစောင့်ရာနေရာသို့ ရောက်ခဲ့ရသည်။
ကားရပ်ပေးသည့် နေရာ နှင့် တောင်ညိုရွာလေးဆီသို့ နွားလှည်းဖြင့် လေးဆယ့်ငါးမိနစ် ခန့် စီးနှင်းရ၏။ယခုလည်း ခရီးထောက်လို့ နောက်ကျသည်က တစ်ကြောင်း ရွာအဝင် လက်ပံပင်ကြီးအောက် ရောက်ကာမှ လှည်းက ဆက်မသွားဘဲ တန့်သွားသည်ကတစ်ကြောင်းမို့ ကျောင်းဆရာ ကိုချစ်ခင် အတော်စိတ် မသက်မသာ ဖြစ်သွား သည်။ တစ်လမ်းလုံး အိုက်စပ်စပ် ခရီးနှင်လာပြီးမှ ယခုလက်ပံပင်ကြီးအောက်ရောက်တော့ အေးစိမ့်စိမ့် အငွေ့အသက်တို့ကိုလည်း တစ်ဆက်တည်းဆို သလိုခံစားလာရ၏။
လက်ပံပင်ကြီးကတော့ ပကတိငြိမ်သက်လို့ တစ်ချက်တစ်ချက် လေတိုးသံ ဌက်မြည်သံလေးတွေကလွဲပြီး တိတ်ဆိတ်နေသည်ကလည်း တစ်မျိုး ခြောက်ချားစရာကောင်းနေပြန်သည်။ ကိုချစ်ခင် သတိထားမိလိုက်သည်ကား အပင်ကြီး၏ ပင်စည်နေရာတွင် ခုတ်ထစ်ထားသော ဓားရာများနှင့် မြောက်ဘက်ကျကျတွင် နတ်ကွန်း သဏ္ဍာန် ဗိမ္မာန် လွင်လွင်လေးတစ်ခု ။ ထိုဗိမ္မာန်လေးထဲတွင် ဘာရှိသည်ကို သေသေချာချာ မမြင်ရသော်လည်း အနီစလေး တစ်စကိုတော့ သူမြင်လိုက်ရသည်။
ဘာအတွက်ကြောင့် ဒီအပင်ကြီး ဒီလိုမျိုး ရှိနေတာလဲကို စပ်စုချင်သည့်တိုင် မောင်အုန်း တစ်ယောက် လှည်းမရွေ့သဖြင့် အလုပ်ရှုပ်နေသည်မို့ ရွာရောက်မှသာ မေးမြန်းရန် သူဆုံးဖြတ်ချက်လိုက်သည်။
လှည်းမှာ တစ်လမ်းလုံးအကောင်း အေးအေးသာသာ စီးလာရင်းမှ ဒီအရောက် ဆက်မသွားတော့သည်ကား ထူးဆန်းလှ၏။ မောင်အုန်း လည်း နွားနှစ်ကောင်ကို ကြိမ်ဖြင့် ခပ်ဆတ်ဆတ် တို့ကာ ရွေ့လို့ရွေ့ညား ကြိမ်းနေ လိုက်သည်။
သို့တိုင်အောင် နွား နှစ်ကောင်မှာ ပေကပ်ကပ် ဖြင့် ဆက်မဆွဲဘဲ နှာ တစ်ဖူးဖူး သာ မှုတ်လို့နေ၏။
” တယ် … ဒီနွားတွေနဲ့တော့လား … ဆရာလေး … ခနဆို ရွာရောက်ပါပီ … ခရီးပန်းလာတော့ အားတော့နာပါရဲ့ဗျာ”
မောင်အုန်းက ကိုချစ်ခင်ရဲ့ မျက်နှာပေးကိုသတိထားလိုက်မိသည်မို့ အပြောလေးနှင့် အရင်ချုပ်လိုက်၏။
” ရပါတယ် … ဒီနဲ့က သိပ်မလှမ်းတော့ဘူးလား “
” မလှမ်းတော့ဘူး … ဆရာလေး … တစ်အောင့်လောက်ဆို ရွာဝင်ပြီ ခက်တာက နွားတွေက ဒီနေ့မှဘာဖြစ်တယ် မသိဘူး မဆွဲဘူးဗျာ … ကဲ ဒီလောက်တောင် ရှိလှတာ … ကိုင်းဟာ … ကိုင်းဟာ “
မောင်အုန်း ပြောပြောဆိုဆို နဲ့ ကြိမ်ဖြင့် ခပ်နာနာတီးလိုက်တော့သည်။ သို့တိုင်အောင် ထူးမခြားနား နွားတွေမှာ ချည်တိုင်မှာ ချည်ထားသည့် အလား ကြိမ်ကိုပင် မမှုပဲ ရပ်မြဲရပ်နေကြ သည်။
” ဒီနွားမသား တွေကတော့ … သေချင်ပြီထင်တယ်ဟေ့ “
မောင်အုန်းတစ်ယောက် ဒေါသက ထောင်းကနဲ ထွက်လာပြီမို့ ဆရာလေး ကိုချစ်ခင်ကိုပင် အားမနာနိုင်တော့ဘဲ စိတ်ရှိတိုင်း နွားနှစ်ကောင်ကို ကြိမ်ဖြင့်ရိုက်ရင်း ဆဲရေးနေ လိုက်တော့သည်။ ဆဲဆိုသံများပင် ပျောက်မသွားသေး လက်ပံပင်ကြီးမှာ တစ်စုံတစ်ယောက်က လှုပ်ယမ်းလိုက်သည့် အလား တစ်သိမ့်သိမ့်တုန်သွားပြီး ။ လက်ပံပွင့်တွေ က သူတို့ အပေါ် တစ်ဖုတ်ဖုတ် ကြွေကျလာတော့သည်။
” ဘယ်သူလဲဟေ့ … ဒီနားမှာ လာဆဲဆိုနေတာ “
အသံဩကြီးတစ်သံက တစ်ဆက်တည်းထွက်ပေါ်လာတော့သည်။
” ဘာ … ဘာသံကြီးလဲ … ဆရာလေး ကြား … ကြားလား “
” ကြားတယ် … ကိုအုန်း … ဘယ်ကအသံကြီးလဲ “
မောင်အုန်းလဲ ဘေးဘီကို ကျီးကန်းတောင်းမှောက်လျှောက်ကြည့်ကာ ရှာဖွေနေချိန်မှာပဲ
” ရှာ မနေနဲ့ … ငါအပေါ်မှာ “
ဆိုတဲ့ အသံကြီးပါ ထပ်ကြားလိုက်ရတော့သည်။ ကျောင်းဆရာ နှင့် မောင်အုန်း လဲ အသံလာရာ လက်ပံပင်ကြီးပေါ်ကို ပြိုင်တူကြည့်လိုက်တော့ ဂွဆုံတွင် ဆံပင်ကြီး ဖားလျားချကာ ဆောင့်ကြောင့် ထိုင်နေသော ဝတ်စုံအနီဝတ် အမျိုးသမီးတစ်ယောက်ကို အခန့်သား တွေ့လိုက်ရပါတော့၏။
” ဘာ … ဘာ ကြီးလဲ “
” ဆရာလေးရေ … မကောင်း … မကောင်းတော့ဘူး “
မောင်အုန်းမှာ တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် မကောင်းတော့ဘူး မကောင်းတော့ဘူး ဟုသာ တလွင်လွင်ပြောရင်း လှည်းပေါ်က ခုန်ချရန်ကြံလေတော့သည်။ သို့သော် သူ့အတွက် ကြိုးစားဖို့ အချိန်များများစားစားမရလိုက်။
” ငါ့အပင်အောက်မှာ … လာဆဲတဲ့အကောင် သေပေတော့ “
အနီရောင် အမျိုးသမီး နှုတ်က အဲ့သလိုပြောလိုက်ရင်း ချက်ချင်းဆိုသလို ၎င်း၏ လက်ကြီး နှစ်ဖက်ကို မောင်အုန်းထံ ဆန့်တန်းလိုက်တော့သည်။ လက်ပံပင်ပေါ်မှ ထိုလက်တံကြီးများမှာ အဆမတန် ရှည်ထွက်လာပြီး နောက် မောင်အုန်း၏ လည်မြိုပေါ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့၏။ အေးစက်စက်အထိအတွေ့ကြီး ကြောင့် မောင်အုန်းလဲ ခေါင်းမွှေးများ ထောင်ထလာကာ မျက်လုံးများစတင် ပြာဝေ လာတော့သည် ။ကျောင်းဆရာလေး ကိုချစ်ခင်မှာ သူ့မျက်စိရှေ့က အဖြစ်အပျက်ကို ကြည့်ပြီး နေရာမှာပင် သတိလစ်မေ့မြောသွားလေပါတော့၏ ။
+++++++
ဆက်ရန်
ဇာတ်လမ်း အသုံးပြုလိုပါက Page Messenger တွင် လာရောက် ခွင့်တောင်း အကြောင်းကြားပေးပါရန် လေးစား စွာ မေတ္တာ ရပ်ခံပါသည်။
သူရေး ( Midnight Stories )