လျှို့ဝှက်ပစ်ကွင်း

Posted on

ဗိုလ်လုံ
လျှို့ဝှက်ပစ်ကွင်း

အချို့သောဒေသခံမုဆိုးကြီးများသည် မိမိတို့နယ်မြေအတွင်းသို့ အခြားဒေသမှ မုဆိုးကြီးများ၊ သို့မဟုတ် မြို့မှ အပျော်တမ်းမုဆိုးကြီးများ၊ သို့မဟုတ် အစိုးရအရာရှိများ ရောက်ရှိလာပါက အလွယ်တကူ အမဲပစ်ခတ်နိုင်ရန် ရည်ရွယ်ပြီး သီးခြားပစ်ကွင်း ပစ်ကွက်များကို လျှို့ဝှက်စွာ ချန်ထားလေ့ရှိပါသည်။

တောကြက်များ၊ ဒေါင်းများ၏ အိပ်တန်းများ၊ နေ့ခင်းပိုင်းတွင် ထွက်တတ်သည့် နေရာများ၊ ရေဘဲများကျရောက် ကျက်စားတတ်သည့်နေရာများကို လေ့လာမှတ်သားထားကြပါသည်။

ထို့ပြင်စားပင်များ၊ ဆားတွင်းများ၊ ရေသောက်တတ်သည့်နေရာများကိုကြည့်၍ သားကောင်အမျိုးအစားများနှင့် အလေ့အထများကိုပါ လေ့လာထားကြပါသည်။

တောမောင်း တောချောက်၍ ပစ်လိုပါကလည်း တောကောင်များ ခိုအောင်းတတ်သည့် တောများ၊ ရှိုများနှင့် ၎င်းတို့၏ ထွက်ပေါက်များကိုပါ လေ့လာထားကြရပါသည်။

ထိုသို့သားကောင်များကို သေချာပေါက်အရပစ်နိုင်ရန် ဒေသခံမုဆိုးကြီးများမှ လျှို့ဝှက်စွာ ချန်ထားခဲ့ သည့်နေရာများကို “လျှို့ဝှက်ပစ်ကွင်းများ” ဟု ခေါ်ပါသည်။

အင်္ဂလိပ်နယ်ချဲ့တို့ထံမှ လွတ်လပ်ရေးရပြီးခါစ ၁၉၄၈-၄၉ခုနှစ်မှ စပြီး ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံတွင် ရောင်စုံသူပုန်များ ထကြွသောင်းကျန်းကြရာ “ရန်ကုန်အစိုးရ” ဟုခေါ်ရလောက်အောင် ရန်ကုန်မြို့၊ ရွှေဘိုမြို့နှင့် မြိတ်(ဘိတ်)မြို့ သုံးမြို့ သာ သူပုန်များလက်တွင်းသို့ ကျရောက်ခြင်း မရှိခဲ့ပါ။ ကျန်မြို့များမှာ ရက်အနည်းငယ်၊ နှစ်အနည်းငယ်မှ နှစ်ပေါင်းအတော်ကြာကြာ ရောင်စုံသူပုန်များ၏လက်အောက်သို့ ကျရောက်ခဲ့ဖူးပါသည်။

ပြည်ခရိုင် ပန်းတောင်းမြို့နယ်သည်လည်း ရဲဘော်ဖြူများ၏ လက်အောက်သို့ နှစ်အတော်ကြာကြာ ကျရောက်ခဲ့ပါသည်။ တောလက်ကျေးရွာများမှာ ပို၍ ကြာပါသည်။

မုဆိုးလေး ကိုဘိုးစသည် အသက်နှစ်ဆယ့်ငါးနှစ် ကျော်ကျော်ရှိပြီး တောကျွမ်းခြင်း၊ လက်ဖြောင့်ခြင်း၊ သစ္စာရှိခြင်းစသည့်တို့ကြောင့် ရဲဘော်ဖြူများ၏ အသုံးပြုခြင်းခံရပါသည်။

ရဲဘော်ဖြူများကား ကိုဘိုးစအား ၎င်းတို့ အတွက် အမဲရိက္ခာပစ်စေခြင်းနှင့် ရောင်းချပြီး ရန်ပုံငွေရရှိစေရန်အတွက် အစွယ်ကောင်းသည့် ဆင်ကြီးများကိုပါ ပစ်ခတ်စေ၍ ၎င်းတို့ထံသို့ ပို့သစေပါသည်။

ရဲဘော်ဖြူတို့သည် ကိုဘိုးစအား ဆန်၊ ဆီ၊ ရိက္ခာ အလုံအလောက်နှင့် လက်နက်ခဲယမ်းများပါပေးထားသည့်အပြင် လိုအပ်ပါက အသုံးပြုနိုင်ရန် ငွေကြေးအနည်းငယ်ကိုပါ ထောက်ပံ့ထားပါသည်။ ကိုဘိုးစ သည် သစ္စာရှိစွာဖြင့် အသားရိက္ခာခြောက်များနှင့် ဆင်စွယ်များကို ပို့ပေးပါသည်။

ဤသို့အားဖြင့် မုဆိုးလေးကိုဘိုးစသည် အတွေ့ အကြုံရင့်ကျက်များပြားလာပြီး တဖြည်းဖြည်း မုဆိုးကြီးဦးဘိုးစ ဖြစ်လာပါတော့သည်။ ဆယ်နှစ်ကျော်ကျော် ရဲဘော်ဖြူများ၏တာဝန်ကို သည်းခံဆောင်ရွက်ပေးခဲ့ရခြင်း၏ အကျိုးကြောင့် ဦးဘိုးစသည် တောအလွန်ကျွမ်းလာပါသည်။ ညောင်ကျိုးစခန်းများကို ဗဟိုပြုပြီး အချင်းဝက်အားဖြင့် မိုင်သုံးဆယ်ပတ်လည်ရှိ တောတောင်ရေမြေ ရှိုမြှောင်၊ ချိုင့်ဝှမ်း၊ ရေထွက်စမ်းနှင့် ချောင်းမြောင်း အင်းအိုင်တို့၏ အနေအထားကို အလွတ်ရနေပါတော့သည်။

သားကောင်တို့၏ အလေ့အထများကိုလည်း ကောင်းစွာသိနေပါသည်။ မည်သည့်ရာသီတွင် မည်သည့်အရပ်၌ မည်သည့်သားကောင်များ နေထိုင် ကျက်စားတတ်ကြကြောင်း၊ မည်သည့်စားပင်များကို စောင့်ပစ်လျှင် ရနိုင်ကြောင်း၊ နွေရာသီတွင် ရေရရှိနိုင်သည့် နေရာများတွင် သားကောင်များကို စောင့်ပစ်၍ရနိုင်ကြောင်း စသည့်အချက်များကို ကောင်းစွာသိနေပါသည်။

တဖြည်းဖြည်း ဦးဘိုးစသည် ဝါရင့်လာရာတွင် မည်သည့်သားကောင်မဆို တစ်ချက်ပစ်လျှင် တစ်ကောင်ရသည့် အခြေအနေထိ တကယ့်မုဆိုးကြီး ဖြစ်လာပါတော့သည်။

ချေ၊ ဆတ်၊ စိုင်၊ ပြောင်နှင့် ဆင်တို့ကို ဒဿမသုံးရာသုံးဆယ့်သုံး ရိုင်ဖယ်နှင့်ပင် တစ်ချက်သာ ပစ်ရပါသည်။

တောလိုက်ရာတွင် ဦးဘိုးစသည် ဖိနပ်စီးလေ့မရှိပါ။

သားကောင်နှင့် တွေ့ရာတွင် နောက်ပါတပည့် လိုလာပါက ယင်းတပည့်အား နောက်မှာထားခဲ့ပြီး လေအောက်မှ ကိုက်နှစ်ဆယ်ခန့်အထိ ခြေသံလုံလုံဖြင့် ချဉ်းကပ်သွားပြီး ချက်ကောင်းကိုချိန်ကာ တစ်ချက်တည်းဖြင့် လဲအောင် ပစ်ပါသည်။တစ်ချက်တည်းဖြင့် မလဲဘဲ တောနက်ထဲတွင် ဒဏ်ရာဖြင့်ထွက်ပြေးသွားသော သားကောင်အားအမိအရ လိုက်ရန်မလွယ်တော့ပါ။

လူများကို အန္တရာယ်ပေးတတ်သည့် ကျား၊ ကျားသစ်၊ ဆင်၊ ဝက်ဝံ၊ တောဝက်ကြီးများ၊ စိုင်၊ ပြောင် စသည့် သားကောင်များကို ဒဏ်ရာဖြင့် လွတ်သွားပါက လူများကို ဒုက္ခပေးနိုင်ပါသည်။ မုဆိုးကောင်းတို့မည်သည့်မှာ ယင်းသို့သော သားကောင်များကို နေရာမှာပင် တစ်ချက်တည်းနှင့် အပြတ်လှဲချနိုင်ရပေမည်။

ဦးဘိုးစသည် စွယ်စုံဆင်ပေါင်း ရာကျော်ပစ်ခဲ့ခြင်းနှင့် လျှို့ဝှက်ပစ်ကွင်းများရှိနေသည် ဆိုခြင်းမှာ ယုံမှားဖွယ်ရာမရှိပါ။ ပန်းတောင်း တောင်ကုတ်လမ်း ပြန်လည်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းကြီး ပေါ်ပေါက်လာသောအခါတွင် ဦးဘိုးစသည် အလုပ်သမားခေါင်းဆောင် ဖြစ်လာပါသည်။

အင်ဂျင်နီယာအဆက်ဆက်လည်း အစစအရာရာ ဦးဘိုးစကို အားကိုးကြပါသည်။ ရံဖန်ရံခါတွင် အမဲပစ်ပေးရပါသည်။ အီးအီး ဦးစောဒေးဗစ် လက်ထက်တွင် ဦးဘိုးစသည် အမဲပစ်သည့်လုပ်ငန်းကို ပိုပြီးလုပ်ရပါသည်။ ဦးစောဒေးဗစ်သည် သူကိုယ်တိုင် မုဆိုးတစ်ဦးဖြစ်ပြီး ပွိုင့်တူးတူး တစ်ဆယ့်နှစ်ဘို့ နှစ်လုံးပူး၊ ပွိုင့်သုံးဆယ့်နှစ် ပစ္စတိုနှင့် ဒသမသုံးရာ့ခုနစ်ဆယ့်ငါး ရိုင်ဖယ်သေနတ်ကြီး ပါရှိပါသည်။

ဦဘိုးစ လျှို့ဝှက်ပစ်ကွင်းတစ်ခုကို အရေးပေါ်သုံးလိုက်သည်။ ၁၉၆၁ခုနှစ် ဆောင်းတွင်းပိုင်းလောက်တွင် သိလိုက်ရပါသည်။

ဗိုလ်ကြီး အောင်ခင် (ဗိုလ်မှူးကြီး၊ မြို့တော်ဝန်နှင့် သံအမတ်ကြီးအငြိမ်းစား)နှင့် အမေရိကန်အရာရှိတစ်ဦးတို့ကို “ခြေတော်ရာနတ်တလင်းအင်း” ဆိုသည့် ညောင်ကျိုးစခန်းမှ သုံးမိုင်ခန့်အကွာရှိ လျှို့ဝှက်ပစ်ကွင်းကို လင့်ထိုးပေးပြီး ပစ်ရန် စီစဉ်ပေးလိုက်သဖြင့် နှစ်နာရီအတွင်းမှာပင် ကျားတစ်ကောင်ကို ပစ်ခတ်ရရှိပါသည်။

တစ်ဖန် ၁၉၆၂ခုနှစ် ဆောင်းဦးပိုင်းတွင်လည်း ကျွန်တော်က ဆင်ပစ်လိုကြောင်းပြောသဖြင့် ချောင်းဂွစခန်းသို့ရောက်ပြီး လေးနာရီအတွင်းမှာပင် ဆင်အုပ်နှင့် တိုးပါသည်။

ကျွန်တော်တို့သည် ဆင်များသွားလာမည့် လမ်းကြောင်းပေါ်တွင် စခန်းချထားသဖြင့် ဆင်အနင်း မခံရစေရန် မီးများဖိုထားခြင်း၊ ဝါးလုံးခြောက်များကို မီးထဲထည့်ပြီး အသံမြည်စေရန်လုပ်ပြီး ခြောက်လှန့်ရခြင်း၊ ရှိသမျှသေနတ်များကို ဝါးတန်းပေါ်တွင်တင်ပြီး မကြာခဏဆင် အုပ်ဘက်သို့ ချိန်ထားရခြင်း စသည့်တို့ကို အချိန်အတော်ကြာလုပ်မှ ဆင်အုပ်သည် နောက်ကြောင်း ပြန်လှည့်သွားပါသည်။

နောက်နေ့နံနက် ဆင်အုပ်နောက်သို့လိုက်ရင်း ဆတ်နှစ်ကောင်ပစ်ရသဖြင့် ဆက်ပြီး မလိုက်နိုင်တော့ပါ။ ကျွန်တော်လည်း အချိန်မရသဖြင့် ဆတ်သားများကို အခြောက်လှန်းပြီး တစ်ညအိပ်ကာ ပြန်ခဲ့ပါသည်။ အကယ်၍သာ အချိန်တစ်ပတ်ခန့်ပေးနိုင်ပါက ဆင်များကို တော်တော်များများ ပစ်နိုင်မည်ထင်ပါသည်။

၁၉၆၃ခုနှစ် အောက်တိုဘာလအလယ်ခန့် တစ်ခုသော စနေနေ့ နေ့လယ်တစ်နာရီခန့်တွင် ကျွန်တော်သည် မုဆိုးရောဂါပိုးဝင်လာသဖြင့် လူသူလက်နက် ရိက္ခာများစုစည်းပြီး ဆင်တဲစခန်းမှ ညောင်ကျိုးစခန်းသို့ ကားဖြင့် တက်သွားပါသည်။

ညောင်ခြေထောက်အရောက်တွင် ကိုလှမြင့်အားခေါ်ယူပြီး ထပ်မံအင်အားဖြည့်လိုက်ပါသည်။ ကိုလှမြင့်သည် အိမ်တွင် ရှိနေပါက မည်သည့်အခါမျှ ငြင်းလေ့မရှိဘဲ ချက်ချင်းလိုက်လာလေ့ ရှိပါသည်။

မိုးသည် တစိမ့်စိမ့်ရွာနေပြီး တောင်ပေါ်တက်လာသည်နှင့်အမျှ ပိုပြီးအေးလာပါသည်။

ထုံးစံအတိုင်း ညောင်ကျိုးစခန်းသို့ မရောက်မီ သုံးမိုင်ခန့်အလိုတွင် မုဆိုးကျော် စိန်ညိုအား စစ်သုံးရိုင်ဖယ်တစ်လက်နှင့် ကျည်ဆယ်ထောင့်ပေးကာ ချထားခဲ့ပါသည်။ ကိုစိန်ညိုသည် တာဝန်ကျေပွန်စွာဖြင့် ကျွန်တော်တို့ စခန်းသို့ရောက်ပြီး တစ်နာရီကျော်ခန့်တွင် ချေတစ်ကောင်ကိုထမ်းပြီး ပြန်လာပါသည်။

ထိုနေရာသည် ကိုစိန်ညို၏ လျှို့ဝှက်ပစ်ကွင်း တစ်ခုပင် ဖြစ်ပါသည်။ မိုးသည် စဲမသွားဘဲ ပို၍ သည်းလာပါသည်။ ရာသီဥတုမှာလည်း ပို၍ အေးလာပါသည်။ ကျွန်တော်တို့သည် ချမ်းချမ်းစီးစီးဖြင့် အနွေး ထည်များဝတ်ပြီး ချေသားကြော်နှင့် အာမီရမ်ကို မြည်းပြီး ညစာ စားလိုက်ကြပါသည်။

ညတွင် မီးထိုးပြီး အမဲပစ်ရန် မိုးအတိတ်ကို စောင့်နေကြသော်လည်း လုံးဝမတိတ်ပါ။ ညအခါမိုးရွာပြီး မိုးတိတ်ချိန်တွင် သားကောင်များသည် လမ်း၏ ဝဲယာဘက်ရှိ ကွက်လပ်များတွင် ထွက်လေ့ရှိသဖြင့် အလွယ်တကူပင် ပစ်ခတ်ရရှိနိုင်ပါသည်။ မိုးကတော့ မစဲဘဲ ဖွဲလိုက် သည်းလိုက်ဖြင့် တစ်ညလုံး ရွာနေပါသည်။

နောက်နေ့နံနက်အထိ မိုးသည် ဆက်လက်ရွာနေပြီး နေ့လယ် ဆယ့်နှစ်နာရီခန့်အရောက်မှ ရပ်သွားပြီး နေပါပူလာပါသည်။

ကျွန်တော် အမဲပစ်လိုစိတ်ပြင်းပြနေသည်ကို သိနေသည့် ဦးဘိုးစသည် ကျွန်တော့်ထံသို့လာပြီး ယခုကဲ့သို့ မိုးရွာပြီးနေသာချိန်တွင် အမဲကောင်များသည် မှက်ကိုက်သဖြင့် ရှိုထဲတွင် နေလေ့မရှိဘဲ တောင်ကျောပေါ် တွင် တက်၍နေလေ့ရှိကြောင်း၊ စခန်းနှင့်သိပ်မဝေးသည့် “ငန်းတောင်” ဘက် သို့ သွားကာ ပြောင်၊ စိုင်၊ ဆတ် အစရှိသည့် အမဲကောင်ကြီးများကို ပစ်ရဖွယ်ရှိကြောင်း၊ အချိန်ရှိနေသောကြောင့် ယင်းနေရာသို့ လိုက်ပြမည်ဖြစ်ကြောင်း ပြောပါသည်။

မုဆိုးကျော် စိန်ညိုကတော့ ချေသားနှပ်နှင့် အာမီရမ်ကို စားသောက်ပြီး ရေချိန်ကိုက်ကာ ဇရက်မင်းစည်းစိမ်ရနေသဖြင့် သူ့ကို မနိုးတော့ပါ။

ကျွန်တော်သည် ဦးဘိုးစ၏အကြံပြုချက်ကို သဘောတူလိုက်ပြီး အမဲပစ်ထွက်ရန် စီစဉ်ပါတော့သည်။ ကျွန်တော်က ပွိုင့် သုံးသုညခြောက် ဆီမီးအော်တိုရိုင်ဖယ်ဖြင့် ကျည်ဆန်ထိပ်ဖူးအချွန် ဆယ်တောင့်နှင့် အမာ ဆယ်တောင့်ဖြင့် လည်းကောင်း၊ ဦးဘိုးစမှ စစ်သုံးရိုင်ဖယ်နှင့် ကျည်ဆန် ဆယ်တောင့်ဖြင့် လည်းကောင်း၊ ကိုလှမြင့်မှ တစ်ဆယ့်နှစ်ဘို့ နှစ်လုံးပူးသေနတ်ဖြင့် ကိုးလုံးကျည်၊ ခြောက်လုံးကျည်နှင့် ကျည်မကြီးများပါသည့် ကျည်ခါးပတ်အပြည့်ဖြင့် လည်းကောင်း စခန်းမှ အမြန်ထွက်ခွာကြပါသည်။

ဦးဘိုးစသည် ရှေ့ဆုံးမှ၊ ကျွန်တော်က အလယ်မှ၊ ကိုလှမြင့်က နောက်ဆုံးမှနေ၍ တစ်ဆယ့်ငါးပေခန့်အကွာဆီမှ ပေလေးထောင်ကျော်မြင့်သည့် ငန်းတောင်ဘက်ဆီသို့ ချီတက်သွားကြပါသည်။

မကြာမီ ကျွန်တော်တို့အဖွဲ့သည် ငန်းတောင်ကျောပေါ်သို့ ရောက်ရှိကြရာတွင် တောကောင်အမျိုးမျိုး၏ ခြေရာအရွယ်စုံကို တွေ့ကြရပါသည်။

လတ်လတ်ဆတ်ဆတ် ရှိနေသည့် ပြောင်အုပ်ခြေရာများကို ခြေရာခံပြီး ခပ်မြန်မြန် လိုက်ကြပါသည်။ ဦးဘိုးစနှင့် တောလည်ရသည်မှာ သက်သာပါသည်။ သူသည် အတက်အဆင်းလမ်း ပြေသည့်လမ်းကိုရွေးပြီး သွားလေ့ရှိပါသည်။

ကိုစိန်ညိုနှင့် လည်ရပါက မသက်သာလှပါ။ အမဲရှိမည့်နေရာကို ဖြတ်လမ်းမှရွေးပြီး အမဲတစ်ကောင်ကောင်နှင့် အမြန်တွေ့ရန် အတက်အဆင်းကြမ်းသည့် တောင်တက်တောင်ဆင်းလမ်းကိုပါ မရှောင်ဘဲ သွားလေ့ရှိပါသည်။

ကျွန်တော်တို့သည် လေညာမှ ဖြစ်နေသဖြင့် အနံ့ရ သွားသည့် ပြောင်အုပ်သည် ကျွန်တော်တို့ရှေ့ ကိုက်တစ်ရာငါးဆယ်ခန့် ရှိသည့် တောင်ကြောကို ဖြတ်ပြီး ပြေးနေပါသည်။ တောသည် အထက်ရှုပ်ပြီး အောက်ခြေရှင်းသည့် တောကြီးဖြစ်ပြီး သစ်ထုတ်လုပ်မှု မလုပ်နိုင်သည်မှာ နှစ်ပေါင်းအတော်ကြာနေပြီ ဖြစ်ပါသည်။

ဦးဘိုးစသည် ကျွန်တော့်အား ပြောင်အုပ်ကိုပစ်ရန် ပြောလိုက်ရာ ကျွန်တော်သည် မတ်တပ်အနေအထားမှ ပြောင်အုပ်ကို လိုက်၍ ချိန်ပါသည်။ စတုတ္တမြောက်ပြောင်ကို ပစ်ကွင်းကောင်းသည့် နေရာအရောက်တွင် ထိပ်ဖူးအမာကျည်ဖြင့် ဦးခေါင်းကိုချိန်ပြီး ပစ်လိုက်ပါသည်။

ပြောင်သည် လဲမသွားသဖြင့် မထိလိုက်ဟု ထင်ပါသည်။ နောက်မှပြေးလာသည့် ပြောင်ကိုတော့ ပစ်ကွင်းမြင်ကွင်း မကောင်းသဖြင့် မပစ်လိုက်ရပါ။

ခြောက်လုံးကျည်နှင့် ကိုးလုံးကျည်များ ထည့်ထားသည့် ကိုလှမြင့်၏ နှစ်လုံးပူးသေနတ်မှာလည်း ထိရောက်နိုင်သည့်အကွာအဝေး မဟုတ်သဖြင့် မပစ်လိုက်ရပါ။

ကိုလှမြင့်ကပြောသည်မှာ ကျွန်တော်ပစ်လိုက်သည့် ကျည်ဆန်သည် ပြောင်ကို ထိသွားကြောင်း၊ ပြောင်သည် တစ်ဘက်သို့ ယိုင်သွားပြီး ပြေးရာတွင်လည်း အရှိန်လျော့သွားကြောင်း ဖြစ်ပါသည်။

ကျွန်တော်တို့သည် ပြောင်များကို ခြေရာခံပြီးလိုက်ကြရာ သွေးတန်းကြီးကို တွေ့လိုက်ရသဖြင့် သေလောက်သည့်နေရာကို ထိမှန်သွားသည်ဟု ယူဆကာ ဆက်လိုက်ကြရာတွင် ကိုက်နှစ်ရာခန့်လောက်တွင် လဲကျသေဆုံးနေသည့် ပြောင်မကြီးကို တွေ့လိုက်ရပါသည်။

ရှေ့ဆုံးမှပြေးသည့် အကောင်သည် အထီးဖြစ်ကြောင်းနှင့် ပြောင်အုပ်တစ်အုပ်တွင် အထီးတစ်ကောင်သာရှိကြောင်း ဦးဘိုးစကပြောပါသည်။ သို့သော်လည်း ယင်းအထီးသေဆုံးသွားပါက၊ သို့မဟုတ် အိုမင်းသဖြင့် ယင်းအထီးကို ငယ်ရွယ်သည့် ပြောင်ထီး တစ်ကောင်က တိုက်ခိုက်အနိုင်ယူပြီး ဗိုလ်ဝင်ခံလေ့ရှိကြောင်း တောကောင်တို့၏ သဘာဝကို ပြောပါသည်။

နောက်တစ်လခန့်ကြာသည့်အခါ ၁၉၆၃ခုနှစ် နိုဝင်ဘာလ ၂၂ရက် နေ့တွင် အမေရိကန်သမ္မတကြီး ဂျွန်အက်ဖ်ကနေဒီသည် တက်စ်စပ်စ်ပြည်နယ် ဒါးလပ်စ်မြို့တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခြင်းခံရပြီး ကွယ်လွန်သွားကြောင်း သတင်းစာထဲတွင် ဖတ်လိုက်ရပါသည်။

သမ္မတကြီးအား လုပ်ကြံသတ်ဖြတ်သည့် သေနတ်မှာ ပွိုင့်သုံသုညခြောက် အမဲပစ်ရိုင်ဖယ် ဖြစ်နေသဖြင့် ကျွန်တော်သည် စိတ်ဝင်စားလာပြီး ယင်းအမှုနှင့် ပတ်သက်သည့် သတင်းစာများ၊ စာနယ်ဇင်းများကို စုဆောင်းဖတ်ရှုလေ့လာပါသည်။

ဤတင်ပြချက်သည် နိုင်ငံရေးအရ တင်ပြချက် မဟုတ်ဘဲ ဤသေနတ်မျိုးကို ကိုင်တွယ်ပစ်ခတ်ဖူးသည့် မုဆိုးတစ်ဦးအနေဖြင့်လည်းကောင်း၊ လက်နယ် ငယ်များ၏အကြောင်းကို အနည်းငယ်သိကျွမ်းသည့် စစ်သားတစ်ဦး အနေဖြင့်လည်းကောင်း တင်ပြခြင်းဖြစ်ပါသည်။

ဤသေနတ်မျိုးသည် ဆီမီးအော်တို (Semi-auto) ခေါ် တစ်ထောင့်ချင်း အလိုအလျောက် မောင်းတင် ပြီး အမြန်ပစ်ခတ်နိုင်သည့် အမျိုးနှင့် တစ်တောင့်ချင်း မောင်းထိုးပစ်ရသည့် (Balt-action) ခေါ် အမျိုးအစားနှင့်ဆိုပါက နှစ်မျိုးနှစ်စားရှိပါသည်။ ကျည်ဆန်မှာလည်း ထိပ်ဖူးအပျော့၊ ထိပ်ဖူးအမာနှင့် ထိပ်ဖူးအချွန်ဟူ၍ သုံးမျိုးသုံးစား ရှိပါသည်။

သမ္မတကိုလုပ်ကြံသတ်ဖြတ်သူမှာ “အော့စ်ဝေါလ်”ဆိုသူ မရိန်းတပ်သားဟောင်းဖြစ်ပြီး လေးထပ်တိုက်ပေါ်ရှိ ကိုက်နှစ်ရာခန့်ဝေးသည့် နေရာမှ မှန်ပြောင်းတပ်ထားသည့် တစ်တောင့်ချင်းကျည်ထိုးပစ်ရသည့် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်သည်ဟု ထိုစဉ်က အမေရိကန်စာနယ်ဇင်းလောက၊ နိုင်ငံရေး ထောက်လှမ်းရေးလောကမှ အဆိုရှိပါသည်။

သမ္မတကြီး နှင့် ဇနီးတို့သည် နောက်ခုံတွင်ထိုင်၍ လည်းကောင်း၊ ပြည်နယ်ဘုရင်ခံ ဂေါ်နယ်လီနှင့် ဇနီးတို့သည် အလယ်ခုံတွင်ထိုင်၍ လည်းကောင်း၊ အမိုးဖွင့်ထားသည့် ကားဖြင့် လူထုပရိသတ်အား လက်ဝှေ့ယမ်းကာ နှုတ်ဆက်လာကြပါသည်။

လမ်းကွေ့တွင် ပစ်သဖြင့် ရှေ့တည့်တည့်မှ ပစ်သလော၊ နောက်တည့်တည့်မှ ပစ်သလော၊ ဘေးစောင်းမှပစ်သလောဆိုသည်ကိုတော့ မကြာခင်မှာပင် “ဂျက်ရူဘီ” ဆိုသည့် ဟိုတယ်မန်နေဂျာမှ ထပ်ဆင့်လုပ်ကြံ၍ သေဆုံးသွားသည့် အော့စ်ဝေါ်လ်တစ်ဦးသာ သိပေမည်။

အော့ဝေါ်လ် ကျည်လေးတောင့်ပစ်ရာ နှစ်တောင့်သည် သမ္မတကြီး၏ လည်ပင်းနှင့် ဦးခေါင်းတို့ကို ထိပြီး တစ်တောင့်သည် ပြည်နယ်အုပ်ချုပ်ရေးမှူးခေါ် ဘုရင်ခံ ကော်နယ်လီ၏ ကိုယ်လုံးကိုရှပ်ထိသွားကာ ကျန်တစ်တောင့်မှာ လွဲချော်သွားပါသည်။

သမ္မတကြီး၏ ဦးနှောက်အစအနများသည် နောက်ခုံတစောင်းဘက်တွင် ထိုင်နေသည့် သမ္မတကတော်၏ ရင်ခွင်ထဲသို့ ထွက်ကျလာသဖြင့် ရှေ့တစ်စောင်းဘက်မှ ပစ်သည်ဟု ယူဆဖွယ်ရာဖြစ်ပါသည်။

လက်ဖြောင့်ကြေးစား လူသတ်သမားတစ်ဦးသည် ထိပ်ဖူးအချွန်ဖြစ်သည့် ကျည်ဆန်ကိုသုံးပြီး မှန်ပြောင်းတပ်၍ ပစ်ပါက ပစ်မှတ်၏ ချက်ကောင်းကို ထိပြီးတစ်ချက်တည်းဖြင့် ကိစ္စပြီးနိုင်ပါသည်။ လေးချက် ပစ်ခြင်း၊ အပေါ်စီးဘေးစောင်းမှ ပစ်ပါလျက် ကျည်ဆန်အချို့သည် လမ်းပေါ်ထောက်ပြီး လမ်းဘေးရှိလူများကို မထိမှန်ခြင်းတို့ကို ထောက်ရှုခြင်းအားဖြင့် အော့စ်ဝေါ်လ်သည် တကယ့်လူသတ်သမား မဟုတ်ဘဲ သေနတ်သံပေးသည့် ဓားစာခံသာ ဖြစ်ဖွယ်ရာရှိပါသည်။

အဘယ်ကြောင့်ဆိုသော် ရက်ပိုင်းအတွင်းမှာပင် တရားရုံးသို့ ထုတ်လာသည့် အော်ဝေါ်လ်အား ဂျက်ခ်ရူဘီဆိုသည့် ဟိုတယ်မန်နေဂျာက ပစ်သတ်လုပ်ကြံရာတွင် ဓာတ်ပုံနှင့်တကွ ထင်ထင်ရှားရှားသတင်းစာနှင့် မဂ္ဂဇင်းများတွင် ပါလာသည်ကို တွေ့မြင်ရသောကြောင့် ဖြစ်ပါသည်။

ဂျက်ရူဘီ၏ အကြောင်းပြချက်မှာ သူအလွန်မြတ်နိုးသည့် သမ္မတကြီးကို လုပ်ကြံသူအား မခံမရပ်နိုင်ဖြစ်ပြီး ကလဲ့စားချေသတ်ဖြတ်ခြင်းပင် ဖြစ်ပါသည်။ နောက်တစ်ချက် သံသယဖြစ်ဖွယ်ရာမှာ ဂျက်ရူဘီကို အမြန်ဆုံးစစ်ပြီး အမြန်ဆုံး လျှပ်စစ်ကုလားထိုင်ဖြင့် ကွပ်မျက်လိုက်ခြင်းပင် ဖြစ်ပါသည်။

ဤမျှ ဒီမိုကရေစီ ထွန်းကားသည့် နိုင်ငံကြီးသည် သာမန်လူသတ်မှုကိုပင် အယူခံအဆင့်ဆင့် ဝင်နိုင်ရန် နှစ်နှင့်ချီပြီး အချိန်ပေးထားပါလျက် ဤနိုင်ငံတော် လုပ်ကြံမှုကြီးကို အမြန်ဆုံး ဖုံးကွယ်လိုက်ခြင်းပင်ဖြစ်ပါသည်။

အမှန်တကယ် လုပ်ကြံသူမှာ တစ်ယောက်တည်း မဟုတ်ဘဲ အသံတိတ်ကိရိယာများကို သုံးပြီး အနီးကပ်အကွာအဝေးမှ သေနတ်အတိုများဖြင့် လူလေး ငါးဦးမှ ဝိုင်းပစ်သည်ဟု ယူဆဖွယ်ရာဖြစ်ပါသည်။ ထို့ကြောင့် ကျည်ဆန်များသည် လမ်းပေါ်တွင် မထောက်တော့ဘဲ သမ္မတ၏ အပေါ်ပိုင်းဖြစ်သည့် လည်ပင်းနှင့် ဦးခေါင်းတို့ကို ထိမှန်ခြင်းဖြစ်ပြီး အပေါ်သို့ တက်သွားသည်ဟု ယူဆရပါသည်။

မမှန်သည့် ကျည်ဆံများလည်း အပေါ်သို့ တက်သွားကြမည် ဖြစ်ပါသည်။ အောစ့်ဝေါ်လ်ပစ်သည့် သေနတ်သံများမှာ အာရုံပြောင်းစေရန်သာ ရည်ရွယ်ဟန်တူပါသည်။

ထိုလုပ်ကြံမှုကြီးကို အမေရိကန်အစိုးရ၏ မီဒီယာများမှ ကေဂျီဘီ၊ ကျူးဘားသမ္မတ ကတ်စ်ထရိုနှင့် မာဖီးယားဂိုဏ်းတို့ ဖြစ်နိုင်သည်ဟု ပြောကြပါသည်။

ကမ္ဘာပေါ်တွင် တန်ခိုးအာဏာအကြီးမားဆုံးဖြစ်သည့် အမေရိကန်ပြည်ထောင်စု၏ သမ္မတကြီးကို လုပ်ကြံရန်မှာ ကေဂျီဘီနှင့် ကတ်စ်ထရိုတို့သည် လက်လှမ်းမမှီနိုင်ပါ။ မာဖီးယားဂိုဏ်းမှာ သမ္မတကြီးကို မဆိုထားနှင့် ရိုးရိုးရဲသားတစ်ဦးကိုပင် သတ်ရန် အလွန်ဝန်လေးပါသည်။

ကပ္ပလီငွေဝယ်ကျွန်များကို လွတ်လပ်ခွင့်ပေးလိုက်သည့် သမ္မတကြီး အီဘရာဟင်လင်ကွန်းကို လုပ်ကြံသည့် တရားခံကို မမိလိုက်သော်လည်း တောင်ပိုင်းပြည်နယ်များမှ ၎င်းတို့၏အကျိုးစီးပွားကို လွန်စွာထိခိုက်ခဲ့သည့် မြေရှင်ကြီးများ၏ လက်ချက်ဖြစ်ကြောင်းကို တွက်ဆလို့ ရပါသည်။

သမ္မတကြီး ကနေဒီကို မည်သူသတ်သနည်းဆိုသည့် မေးခွန်းကို တပည့်တော်လည်း မလျှောက်တတ်ပါ ဟုသာ ဖြေဆိုရပေလိမ့်မည်။ အမေရိကန်ဒီမိုကရေစီသည် ရှင်းရှင်းလေးနှင့် အလွန်ရှုပ်ပါသည်

ထိုစဉ်က ကျွန်တော်သည် ကမ္ဘာပေါ်တွင် သြဇာအာဏာအရှိဆုံး ဖြစ်သည့် အမေရိကန်ပြည်ထောင်စု၏ သမ္မတကြီးဂျွန်အက်ဖ်ကနေဒီသည် လျှို့ဝှက်ပစ်ကွင်းမှ သားကောင်တစ်ဦးဖြစ်သွားပါပေါ့လားဟု ရေရွတ်မိခဲ့ပါတော့သည်။

လျှို့ဝှက်ဆန်းကြယ်၊ တွဲ၃ မှတ်၃ (ဒီ ၁၉၉၉)

– ပြီး –

စာရေးသူ – ဗိုလ်လုံ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ