ဘဝမုန်တိုင်း(စ/ဆုံး)
——————
“ဖလေးကနေကျောက်တန်းဘူတာကို လမ်းလျှောက်မှရမယ် ”
ကြားလိုက်ရတဲ့အသံက နားထဲကို မိုးကြိုးပစ်ချလိုက်သလိုပါပဲ။ ရန်ကုန်သူ ကျွန်မအဖို့ ဖလေးရွာနဲ့ကျောက်တန်းဘူတာ မိုင်ဘယ်လောက်ဝေးလဲဆိုတာ မသိပေမဲ့ အလာတုန်းက လှေတစ်တန် လှည်းတစ်တန်နဲ့ လာခဲ့ရတာမို့ ခရီးအကွာအဝေးကို သိနေတယ်လေ။သာမန် အနေအထားမျိုးနဲ့သာဆို ဆယ်ခုနစ်နှစ်အရွယ် ကျွန်မကလည်း အသက်ငါးဆယ်ကျော် ရွာသူ အဒေါ်ကြီးထက် ပိုမလျှောက်နိုင်ရင် တောင် အမှီလိုက်လျှောက်နိုင်ဖို့ မကြောက်ပါဘူး။ ဒါဒါပေမဲ့ ပေါ့လေ….
*****************
ဖလေးရွာက ထွက်တော့ ချောင်းတစ်ခုကို အရင်ဖြတ်ကူးရတယ် ။တော်သေးတာက ဒီချောင်းကိုကူးဖို့တော့ ကတို့လှေလေးတွေ ရှိတယ်။ဒီချောင်းရိုးကိုကျော်ပြီးမှသာ ရွာလေး ငါးရွာကို ခြေကျင်သွားရမှာဆိုလား။
လှေဆိပ်ရောက်တော့ ရန်ကုန် အတူသွားမဲ့ ဒေါ်ကြီးအေးကြည်ကလှေပေါ် အရင်တက်တယ်။ သူလှေပေါ်တက်သွားတော့ ကျွန်မရဲ့ ခရီးဆောင်ပီနံအိတ်အကွက်လေးကိုပါ ဆွဲယူသွားတယ် ။ပြီးတော့ ကျွန်မကို လက်ကမ်းပေးတယ်။ ကျွန်မ ဒေါ်ကြီးအေးကြည်ရဲ့လက်ကိုဆွဲကိုင်လိုက်ပြီးတော့ ကျန်တဲ့လက်တစ်ဖက်က လှေကိုကိုင်လို့ လှေပေါ်ကို လေးဖက်ထောက်ပြီး တက်လိုက်တယ်။ ကျွန်မအသက်ဆယ့်ခုနစ်နှစ်ပါ။အသက်ငါးဆယ်ကျော် အမျိုးသမီးကြီးက လှေပေါ်ကို မတ်မတ်ရပ်ပြီးတက်သွားချိန်မှာ ဆယ့်ခုနစ်နှစ် အရွယ် ကျွန်မက လှေပေါ်ကို လေးဖက်ထောက် တက်ခဲ့ရတယ်။ကျွန်မသိပ်ရှက်တယ်။ဒါပေမဲ့ ကျွန်မသိတယ်။ရှက်နေလို့ ဒီနေရာက မလွတ်မြောက်သွားဘူးဆိုတာ ။ အဲ့ဒါ့ကြောင့် ခဲတွေဆွဲထားသလို လေးလံနေတဲ့ ကျွန်မရဲ့ ခြေထောက်တွေကို လက်နှစ်ဖက်ရဲ့ အင်အားနဲ့ လှေပေါ်ကိုရောက်အောင် ဆွဲတင်လိုက်တယ်။ ကျွန်မရဲ့ ခြေထောက်တွေက ညီညာပြန့်ပြူးနေတဲ့နေရာမျိုးမှာ နှေးကွေးလေးလံစွာ ဟန်မပျက် လျှောက်နိုင်ပေမဲ့ အနိမ့်အမြင့်နေရာ မျိုးတွေ ဆိုရင် တောင်တစ်တောင်ကို တက်ရသလိုမျိုး ခက်ခဲပင်ပန်းလှပါတယ်။
လှေပေါ်ကိုရောက်တော့ အဝေးက မြင်နေရတဲ့ ထုံးသင်္ကန်းဖြူဖြူနဲ့ ဖလေးဘုရားကြီးကို နောက်ဆုံးအနေနဲ့ လက်အုပ်လေးချီပြီးရှိခိုးကန်တော့လိုက်တယ်။အဲ့ဒီအချိန်မှာပဲ ရွာရဲ့ကန်သင်းရိုးလမ်းအတိုင်း ခပ်သုတ်သုတ် လျှောက်လာတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန်ပါဝါထောင်ကျော်တပ်နေရတဲ့ ကျွန်မရဲ့ မျက်လုံးတွေက ခပ်ဝေးဝေးက အရာတွေကို သဲသဲကွဲကွဲ မမြင်ရလို့ လာနေတဲ့ သူရဲ့ မျက်နှာကို မမြင်ရပေမဲ့ လမ်းလျှောက်တဲ့ဟန်နဲ့ အဝတ်အစား အရောင်ကို ကြည့်ပြီး ရင်ထဲတလှပ်လှပ်နာကျင်လာတယ်။သွေးက စကားပြောတယ်ဆိုတာ ဒါများလား။ကျွန်မထင်တဲ့အတိုင်းပါပဲ။ ခပ်သုတ်သုတ် လျှောက်လာတဲ့ သူ့က “ဝေး” ဆိုပြီး လှမ်း အော်တယ်။ သူ့အရပ်နဲ့သူ့ဇာတ် ဆိုတော့ လှေသမားတွေကလည်း အထာပေါက်တယ်။လှေကိုကမ်းကမခွါသေးဘဲ ရပ်စောင့် နေတယ်။သူဆိုတဲ့ ကျွန်မရဲ့ အစ်ကိုကြီးက ကျွန်မရှိရာ လှေနားကိုရောက်လာခဲ့တယ်။လှေနားရောက်တော့ သူ့အိပ်ကပ်ထဲကို လက်နှိုက်လိုက်ပြီး ငါးရာတန်လေးတစ်ရွက် ထုတ်ပြီး ကျွန်မကိုကမ်းပေးတယ်။ပြီးတော့ “ကောင်းကောင်းပြန်”လို့ ပြောလိုက်တဲ့ သူ့အသံကအဖျားခတ်ပြီး တိမ်ဝင်သွားတယ်။ ကျွန်မ ငါးရာတန်လေးကိုကိုင်ပြီး အစ်ကိုကြီးကို ငေးကြည့်နေမိတယ်။ဖြစ်နိုင်ရင် မယူချင်ဘူးလို့ အော်ဟစ်ငြင်းပစ်လိုက်ချင်တယ်။ “ဒီငါးရာပေးတာ…အစ်ကိုကြီး မိန်းမသိရဲ့လား…ပြီးရင် ညီမလေး ကြောင့် အစ်ကိုကြီးတို့လင်မယားရန်ဖြစ်ကြအုံးမှာ မဟုတ်လား ” လို့ ကျွန်မစိတ်ထဲကနေ အော်ဟစ်ပြောလိုက်မိတယ်။အစ်ကိုကြီးကတော့ ကမ်းစပ်မှာရပ်လို့ငေးနေဆဲ။ကျွန်မတို့ စီးလာတဲ့ လှေကလေးက တဖြည်းဖြည်း ထွက်ခွါလာခဲ့ပြီ။ ငါးရားတန်လေးကို ဆုပ်ကိုင်ထားရင်း ကျွန်မပါးပြင်ပေါ်ကို မျက်ရည်တွေ ပေါက်ခနဲ ပေါက်ခနဲ စီးကျလာတယ်။
*******************
တစ်ဖက်ကမ်းကိုရောက်တော့ကျွန်မနဲ့ ဒေါ်ကြီးအေးကြည်တို့ မြေသားလမ်းလေးအတိုင်း ခြေကျင်ခရီးကိုစတင် ခဲ့ကြရတယ်။မိုးရာသီ မကုန်သေးလေတော့မြေသားလမ်းမှာ ရွှံဗွက်ရွှံ့အိုင်တွေရှိသလို မစို့မပို့ ရွာထားတဲ့ မိုးကြောင့် မြေသားလမ်းရဲ့ အချို့နေရာတွေဟာ စေးပိုင်ပြီး ချော်နေတော့တယ်။ကျွန်မ ကော်ဖိနပ်အမာသားကိုစီးထားတာမို့ တော်ရုံလမ်းချော်တာလောက်ကို ထိန်းနိုင်ရမှာဖြစ်ပေမဲ့ ကျွန်မရဲ့ခြေထောက်အခြေအနေကြောင့် တစ်လမ်းလုံးချော်လဲလာလိုက်တာ ကျွန်မဝတ်ထားတဲ့ အညိုရောင်စကပ်အဟောင်းလေးမှာ ရွှံ့ဗွက်တွေအလူးလူးနဲ့ပေါ့။
“ဗိုင်း ”
“အ ”
ဒီတစ်ခါ လဲကျသံက အသံကျယ်လှသလို အရှိန်ပြင်းတာကြောင့် ကျွန်မ ခြေကားရား လက်ကားရားနဲ့ လမ်းပေါ်လဲကျသွားတယ်။ ဒေါ်ကြီး အေးကြည် ခမျာခြင်းတောင်းကို ခေါင်းကရွက်ရင်း လက်တစ်ဖက်က ကျွန်မရဲ့ အထုတ်ကိုဆွဲလို့ နောက်ပြန်လှည့် ကြည့်ရင်း စိုးရိမ်တကြီး လှမ်းမေးရှာတယ်။
“ဟယ် ..သမီး လဲ ပြန်ပြီလား…နာသွားလား … ထလို့ရရဲ့လား …ဒေါ်ကြီးလာထူရမလား…”
ကျွန်မ အံကိုတင်းတင်းကြိတ်ပြီးတော့ “ရတယ် ဒေါ်ကြီး …သမီး ထနိုင်တယ် “လို့ ပြန်ပြောလိုက်ပြီး အတင်းကုန်းရုနုံးပြီး လက်နှစ်ဖက်ကို မြေပြင်မှာထောက်ပြီး လေးဘက်ကုန်းကြီးက နေထလိုက်တယ်။ ဒေါ်ကြီး အေးကြည်က ကျွန်မကိုကြည့်ပြီး သနားနေပိုရတယ်။
“သမီး … မလျှောက်နိုင်ရင် ခဏနားကြမယ်လေ…ရထားကသုံးနာရီမှ ထွက်မှာ မီလောက်မှာပါကွဲ့ “ဆိုပြီးပြောရှာတယ်။ကျွန်မ ခေါင်းကို ယမ်းပြလိုက်ပြီး “သမီးလျှောက်နိုင်တယ် ဒေါ်ကြီး “လို့ လှမ်းပြောလိုက်တယ်။ ဟုတ်တယ် လဲကျတဲ့နေရာမှာတော့ ကျွန်မအမောမဖြေချင်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မမှာ ဆယ့်ခွန်နစ်နှစ်အရွယ်လူသားတစ်ယောက်ရဲ့ မာန်လေးတော့ရှိနေတယ်။တကယ်ဆို လွန်ခဲ့တဲ့ သုံးလကျော်က ဖလေးရွာကို ဒေါ်ကြီးအေးကြည်နဲ့လိုက်လာခဲ့တုန်းက ကျွန်မမှာ မျက်လုံးမှုန်တဲ့ ဝေဒနာပဲရှိခဲ့တာ။ခြေထောက်လည်း အကောင်း ။လက်တွေလည်း အကောင်းပေါ့။ရွာရောက်တော့မှ အေးမြတဲ့ရာသီဥတုဒဏ်ရယ်၊ မိုးရေ ချောင်းရေနဲ့ကန်ရေတွေကြောင့် ငုပ်လျှိုးနေတဲ့ အကြောတွေဆိုင်းတဲ့ ရောဂါက ပြန်ပေါ်လာခဲ့တယ်။ဒါကြောင့်မို့လည်း ရောက်စက အိမ်ရဲ့ အလုပ်တွေကို သိမ်းကြုံးပြီး လုပ်ခဲ့တဲ့ ကျွန်မကို ယောင်းမက ကြည်ဖြူခဲ့ပေမဲ့ ရောဂါ ဖြစ်လာတော့ သူ့အိမ်မှာ မထားချင်တော့ဘူး။ ဒီကြားထဲ ဆေးဆရာ
ခေါ်ပြီး ဆေးထိုးရတဲ့အခါ ကုန်ကျစရိတ်တွေကြောင့် အစ်ကိုနဲ့ ယောင်းမတို့နေ့တိုင်းနီးပါး စကားများရန်ဖြစ်ခဲ့ကြတယ်။ကြာတော့ အစ်ကိုကြီးက စိတ်ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ရှာတော့ဘဲ “အငယ်မ နောက်ဆို နင်တို့ ဘယ်လောက် ဒုက္ခ ရောက်ရောက် ငါ့ဆီ မလာနဲ့တော့ “လို့ ပြောတော့တာပဲ ။ အဲ့ဒီတော့ ကျွန်မမှာ ခြေထောက်တွေ မကောင်းသေးတဲ့ကြားကပဲ ဒေါ်ကြီးအေးကြည်ဆီ သွားပြီး “ဒေါ်ကြီးရယ် …ရန်ကုန်ပြန်ရင် သမီးကို ခေါ်ပါနော် “လို့ ပြောပြီး လူကြုံလိုက်ခဲ့ရတာပေါ့။ဒေါ်ကြီးအေးကြည်ဆိုတာက ရန်ကုန်မှာ သူ့သမီးတွေ အလုပ်လုပ်နေလို့ ရန်ကုန်နဲ့ ဖလေးရွာကို ကူးချည်သန်းချည်လုပ်နေတဲ့သူပဲ။လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတော့ ကျွန်မအနေနဲ့ ဖလေးရွာကို လာရဖို့ အိပ်မက်တောင်မမက်ခဲ့ဖူးဘူး။ ရုတ်တရက် မိဘနှစ်ပါးလုံး ရှေ့ဆင့်နောက်ဆင့် ဆုံးသွားကြလို့ ငှါးထားတဲ့ အိမ်လေး ပြန်အပ်ပြီး ခိုကိုးရာမဲ့ဖြစ်သွားတဲ့ဘ၀မှာ အိမ်ထောင်ကျနေကြပြီဖြစ်တဲ့ အစ်မအကြီးဆုံးနဲ့ အစ်ကို ငယ် အိမ်မှာ နေခဲ့ပေမဲ့ မမြင်မစမ်းနဲ့ ဘာမှ အားမကိုးရတဲ့ ကျွန်မကို အစ်ကိုအစ်မတွေက မငြင်းသာ မဖယ်သာ လက်ခံကြပေမဲ့ သူတို့ရဲ့ အိမ်ထောင်ဖက်တွေကတော့ ကျွန်မကို ဒုက္ခအိုးတစ်ခုလိုပဲ ထင်မြင်ခဲ့ကြတယ်။သူတို့တွေလည်း အစ်ကိုကြီးတို့လင်မယားလိုပဲ ကျွန်မကြောင့် နေတိုင်းရန်ဖြစ်ကြတယ်လေ။ ဒီလိုနဲ့ပဲ ကျွန်မ အစ်ကိုကြီးရှိတဲ့ ဖလေးရွာလေးကို ရောက်ရှိခဲ့တယ် ဆိုပါတော့ ။
“သမီးရေ …ဟိုရှေ့က ချောင်းကိုလှေနဲ့ကူးပြီးရင် ကျောက်တန်းဘူတာကိုရောက်ပြီ တွဲ့ …အမလေး တော်ပါသေးရဲ့ သမီး ဒီလောက်အထိလျှောက်နိုင်လိမ့်မယ်လို့ ဒေါ်ကြီးဖြင့် ထင်တောင် မထင်ဘူး ရယ် …”
ဒေါ်ကြီးအေးကြည်ရဲ့အသံကို ကြားမှ ကျွန်မလည်း ကျော်ဖြတ်လာခဲ့တဲ့လမ်းတွေကို မျှော်ကြည့်လိုက်မိတယ်။မနေ့ကအထိ အိမ်ရှေ့ကနေအိမ်နောက်ကို တောင် သွားဖို့ ခက်ခဲ့တဲ့ ကျွန်မရဲ့ ခြေထောက်တွေက ရွာလေးငါးခြောက်ရွာကို ကျော်ဖြတ်လျှောက်လာနိုင်ခဲ့သတဲ့လေ။
********************
” နင့်အစ်ကိုကတော့ သူ့မယားကိုကြောက်နေရတော့ နင့်ကို ခေါ်ထားဖို့အဆင်မပြေဘူးတဲ့ …အဲ့ဒီတော့ ငါ့ခြံထဲမှာပဲ နင့် အတွက် အဖီလေးဆောက်ပေးထားတယ် … ခြံရောင်း မထွက်သ၍တော့ နေပေါ့ … ခြံရောင်းထွက်သွားရင်တော့ ငါတို့လည်း ယောက္ခမအိမ်သွားနေရမှာဆိုတော့ နင့်ကို ခေါ်သွားလို့တော့ မရဘူး….အဲ့ဒီတော့ ဒီကြားထဲမှာ နင်လုပ် နိုင်တဲ့ အလုပ်တစ်ခုလောက်ရှာလုပ်ပြီး ငွေစုထား … ငါတို့ခြံရောင်းထွက်တော့ အိမ်ငှါးနေပေါ့…အလုပ်မရခင်စပ်ကြားတော့ နင့်ခဲအို မရှိတဲ့အချိန် နင့်တူမဆီက ထမင်းဟင်းတွေ ယူစားလှည့် … နင့်ခဲအိုမသိစေနဲ့နော် … ငါ သင်း (ဒင်း) နဲ့ ရန်မဖြစ်ချင်ဘူး …. တစ်နေ့တစ်နေ့ စားဖို့ သောက်ဖို့ ရှာရ … သင်း (ဒင်း) နဲ့ရန်ဖြစ်ရနဲ့ ကြာရင် ငါလဲ အသက်တိုမှာပဲ ”
ရန်ကုန်ကို ပြန်ရောက်ရောက်ခြင်းမှာပဲ အစ်မကြီးဆီက ကြားရတဲ့စကားဖြစ်တယ်။
**********************
ရန်ကုန်ကို ပြန်ရောက်တဲ့ညမှာပဲ ခဲအိုကြီး မလစ်လို့ ကျွန်မမှာ ထမင်းမစားရဘူး။လက်ထဲမှာ အစ်ကိုကြီး ပေးလိုက်တဲ့ငွေငါးရာရယ် ရွာမှာ ကျွန်မရဲ့ ဆံပင်ရှည်ကြီးကို ဖြတ်ရောင်းခဲ့ရတဲ့ငွေရယ်နဲ့ ငွေ ထောင်ကျော်ရှိပေမဲ့ မသုံးရဲဘူး။ရှေ့ခရီးက ဘယ်လိုဖြစ်မယ်မှန်းမသိလေတော့ တစ်ဆယ်တန်ပေါင်မုန့်တစ်ခုနဲ့ ရေသောက်ပြီး အိပ်ရာဝင်ခဲ့ရတယ်။
******************
တကြုတ်ကြုတ် မြည်နေတဲ့ ဝမ်းဗိုက်ကို လက်နဲ့ အသာဖိပြီး “ဗိုက်ဆာလိုက်တာ”လို ကျွန်မ ရေရွတ်လိုက်မိတယ်။ဒီအချိန်မှာ ထမင်းဖြူလေးကို ငါးပိရည်လေးဆမ်းပြီး သုံးလေးလုတ်လောက် စားလိုက်ရရင် သိပ်ကောင်းမှာပဲလို့ တွေးလိုက်မိတော့ ကျွန်မရင်ထဲမှာ တဆစ်ဆစ်နာကျင်လာတယ်။ခုတလောမှ ခဲအိုကြီးကလည်း အိမ်ထဲကအိမ်ပြင်ကို မထွက်သလောက်နီးပါပဲ။ထွက်ရင်လည်း တူမလေးမရှိတဲ့ အချိန်မှ သော့ခတ်ပြီးသွားတော့ ကျွန်မ ထမင်းမစားရတာ နစ်ရက်ကျော်နေပြီ။ရှိတဲ့ပိုက်ဆံကလည်း ဆေးကုနေရတော့ မသုံးရဲလို့ နေ့တိုင်း တစ်ဆယ်တန်းမရွေး မုန့်ထုတ်လေးပဲ ဝယ်စားပြီး ရေနဲ့ ဝမ်းဗိုက်ကို ဖြည့်နေရတယ်။ခြေထောက်တွေ သက်သာလာရင်တော့ ရရာအလုပ်လုပ်ဖို့ ကျွန်မ ဆုံးဖြတ်ထားပြီးသားပါ။
*******************
“နင် တကယ်လုပ်မှာလား…”
သူငယ်ချင်းဖြစ်သူ စန္ဒာရဲ့ အမေးကို ကျွန်မ ခေါင်းငြိမ့်ပြလိုက်တယ်။
“တကယ်လုပ်မှာပေါ့ စန္ဒာရဲ့ … အလုပ်လုပ်မှ ထမင်းစားရမှာလေ…ပြီးတော့ နေဖို့လဲ စရိတ်လဲရာရအုံးမှာ ”
“အေးပါ လဲ့လဲ့ရာ … နင် ဆယ်တန်းလဲမဖြေလိုက်ရဘူးနော် နင့်အတွက် နှမြောလိုက်တာဟာ … ငါ့လိုစာကို စိတ်မ၀င်စားတဲ့သူက ကျောင်းထွက်လိုက်ရတာ ဘာမှမဖြစ်ဘူး နင့်လိုစာကြိုးစားတဲ့သူ ကျောင်းမတက်နိုင်တာတော့ စိတ်မကောင်းဖြစ်မိတယ် ”
******************
အလုပ်က တစ်နေ့ကို တစ်ရာ့ငါးဆယ်ရတယ်။ဆန်ကြမ်းတစ်ပြည်ကို တစ်ရာ့ရှစ်ဆယ်ပေးရတယ်။ ဒါပေမဲ့ ကျွန်မက တစ်နေ့ကို ဆန်တစ်လုံးပဲချက်တယ်။ဟင်းကိုတော့ အလုပ်ရုံရှေ့မှာ ရောင်းတဲ့ ဆိုင်ကဝယ်စားလိုက်တယ်။ ကျွန်မ အများဆုံးဝယ်စားတာက ငရုတ်သီးများများနဲ့ ချက်ထားတဲ့ ငံပြာရည်ချက်ပါပဲ။ ငံပြာရည်ချက် နှစ်ဆယ်ဖိုးဝယ်ရင် ညနေအိမ်မှာစားဖို့ပါရတယ်။အိမ်ရောက်ရင် အစ်မကြီးတို့ခြံနောက်မှာပေါက်နေတဲ့ သပွတ်ညွှန့် သပွတ်သီးနဲ့ကင်းပုံညွန့် ကင်းပုံသီးတွေရယ် ကန်စွန်းရိုးနီတွေဟာ ကျွန်မအတွက် သဘာဝကပေးထားတဲ့ စားစရာတွေပဲ။ကျွန်မ အစားကို ချွေတာစားတယ် ။အဝတ်အစားကို မိဘတွေရှိတုန်းက ဝယ်ပေးခဲ့တာတွေကိုပဲ ဝတ်တယ်။ ကျွန်မရဲ့ခန္ဓာကိုယ်ဟာ အသက်ဆယ့် ခြောက်နှစ်အရွယ်က အတိုင်းရှိနေပြီး ကြီးထွားဖွံ့ဖြိုးလာခြင်းမရှိတာကိုပဲ ကံကောင်းတယ်လို့ ပြောရလေမလား။တစ်ရက်လုပ်အားခထဲက စားစရိတ်နဲ့ ကားခလမ်းစရိတ် နုတ်လိုက်ရင် တစ်နေကို ခုနှစ်ဆယ်လောက်ကျန်တယ်။ လစာတိုးသွားတော့ တစ်နေ့တစ်ရာကျော်ကျန်တယ်။ ကျွန်မ ငွေကိုရသမျှစုတယ်။အလုပ်မှာ ထမင်းစားတဲ့အခါ အခြားသူတွေနဲ့ ရောမစားဘဲ တစ်ယောက်တည်းပဲ စားလေ့ရှိတယ် ။ကျွန်မ ရှာသမျှငွေကို ခြိုးခြံချွေတာပြီးစုဆောင်းမှဖြစ်မယ်လေ။တစ်နေ့မှာ အိုးပိုင် အိမ်ပိုင်နဲ့နေနိုင်ဖို့အတွက် ကျွန်မမှာ မျှော်လင့်ချက်တွေရှိတယ်။အိမ်ပိုင်နဲ့နေနိုင်တဲ့တစ်နေ့မှာ ကျွန်မဝါသနာပါတဲ့ စာလေးတွေရေးပြီး နေသွားဖို့ အိပ်မက်တွေရှိတယ်။ တစ်ဆွေတစ်မျိုးလုံးက အထင်သေးအမြင်သေးနေတဲ့ မသန်မစွမ်းမလေးက သူတို့နဲ့ တန်းတူနေနိုင်တယ်ဆိုတာကို ပြသဖို့အတွက် ကျွန်မ အခြားသူတွေထက်ပိုပြီးကြိုးစားရမယ်လို့ ဆုံးဖြတ်ထားတယ်။
****************
ပြောင်းရမယ်ဆိုတော့လည်း ချက်ချင်းကြီးပင် ။
” ခြံက တည့်သွားပြီး ” ဆိုတဲ့ အစ်မကြီး စကားကို ကြားပြီးတာနဲ့ ရပ်ကွက်ထဲမှာပဲ တစ်လ ထောင့်ငါးရာပဲပေးရတဲ့ အခန်းကျဉ်းလေးတစ်ခန်းကို ငှါးလိုက်တယ်။
*****************
“ကျွန်မ အလုပ်ထွက်တော့မယ် “လို့ ပြောလိုက်တော့ သူဋ္ဌေး အပါအဝင် အလုပ်ခေါင်းဆောင် အန်တီကြီး က အတော်လေးအံ့သြသွားကြတယ်။သူတို့ ကျွန်မဘဝအကြောင်းသိနေကြလို့ ကျွန်မအပေါ် ညှာတာပေးကြတဲ့သူတွေပါ။ ခုလိုကျွန်မက အလုပ်ထွက်မယ်ပြောတော့ သူတို့ မယုံကြည်နိုင်အောင် ဖြစ်နေကြပုံရတယ်။
“ဘာလို့ အလုပ်ထွက်တာလဲ… အိမ်ထောင်ပြုတော့မလို့လား ” အလုပ်ရှင် သူဌေးရဲ့အမေးကို ကျွန်မ ခေါင်းခါပြရင်းပြန်ဖြေလိုက်တယ်။
“မဟုတ်ပါဘူးရှင် …အခုမှ ကျွန်မအသက် နှစ်ဆယ့် တစ်နှစ်ကျော်ပဲရှိသေးတာ …အိမ်ထောင်မပြုပါဘူး…စျေးရောင်းချင်လို့ပါ ” ကျွန်မ အမှန် တိုင်းပဲ ပြောလိုက်တယ်။ကုန်ဈေးနှုန်းတွေ မြင့်တက်လာတဲ့ အချိန်မှာ တစ်လ တစ်သောင်းကျော်ဝင်ငွေလေးနဲ့ ဒီဘ၀မှာ အိမ်ပိုင် ခြံပိုင်ရဖို့ ဆိုတာ မဖြစ်နိုင်မှန်းသိလို့ ကျွန်မ အလုပ်ကထွက်ပြီး ဈေးဆိုင်လေး ဖွင့်ဖို့ ဆုံးဖြတ်လိုက်တာပဲ။
**********************
အလုပ်က ထွက်လိုက်တော့ ကျွန်မလက်ထဲမှာ ငွေငါးသောင်းကျော်လောက်စုမိထားတယ်။ ဒီလိုစုမိအောင် တစ်လလုံးလုံး ငါးပိဖုတ်နဲ့စားခဲ့တဲ့လတွေလည်းရှိခဲ့တယ်။ စုထားတဲ့ငွေထဲက တစ်သောင်းကျော်ကို သိမ်းထားပြီး ငွေသုံးသောင်းကျော်နဲ့ ရန်ကုန်မြို့လယ်လို့ ခေါ်ကြတဲ့ ဆူးလေဘုရားအနီးက (၃၂) လမ်းကို တိုးကြောင်းလေးဘူတာကနေ မြို့ပတ်ရထားစီးပြီးတော့ ထွက်ခဲ့တယ်။
********************
(၃၂)လမ်းထဲကိုရောက်တော့ မျက်မှန်ထူကြီးကို ပင့်တင်ပြီး တွေ့သမျှဆိုင်ကို ကျွန်မလိုက်ကြည့်တယ်။”ကျော်သိန်း” စာပေတဲ့ ။ စာအုပ်တွေ အများကြီးပဲ။ ၀ယ်သူတွေလည်း အများကြီးပဲ။ ဖြုန်းခနဲဆိုတော့ ကျွန်မ မဝင်ရဲဘူး ။ငွေလေး သုံးသောင်းကျော်နဲ့ ၀င်ရမှာကို အားငယ် ကြောက်ရွံ့ပြီး (၃၂)လမ်းထဲမှာ နှစ်ခေါက်လောက်လျှောက်လိုက်တယ်။ပြီးတော့ မဝင်ရဲသေးလို့ (၃၁) လမ်းထဲကို ယောင်နနနဲ့ ရောက်သွားပါလေရော။ (၃၁) လမ်းထဲမှာလည်း စာအုပ်ဆိုင်တွေ အများကြီး တွေ့ပေမဲ့ ထုံးစံအတိုင်း မဝင်ရဲလို့ ဆက်လျှောက်ခဲ့ရင်းကနေ လမ်းဘေးမှာချရောင်းနေတဲ့ စာအုပ်အဟောင်းဆိုင်အများအပြားကိုတွေ့လိုက်ရတယ်။ဝမ်းသာအားရနဲ့ မဝံ့မရဲ စာအုပ်လေးတွေကို သွားကိုင်ကြည့်လိုက်တော့ စာအုပ် ရောင်းတဲ့ ဦးလေးကြီးက ပြုံးပြီးပြောတယ်။
“ကြည့်လေ သမီး…ဖတ်ဖို့လား…ဦးလေးတို့လမ်းဘေးဆိုင်တွေက ဆိုင်ကြီးတွေထက် ထက်ဝက်မက သက်သာတယ် သမီးရဲ့..စာအုပ်ဆိုတာ မဖတ်ရသေးရင် အသစ်ပဲကွဲ့ သိလား ”
ဦးလေးကြီးပြောတာမှန်တယ်။စာအုပ်ဆိုတာ မဖတ်ရသေးရင် အသစ်ပဲ။ အခု ကျွန်မနေတဲ့မြို့သစ်က ရပ်ကွက်မှာ စာအုပ်ဆိုင်မရှိတာ ကြာပြီလေ။ရပ်ကွက်က တည်ထားတာ ဆယ်စုနှစ်မပြည့်သေးတော့ မီးလည်းမရှိဘူး။ အဲ့ဒါကြောင့် ညနေဆို ရပ်ကွက်ထဲက လူတိုင်းနီးပါး မီးစက်နဲ့ရုပ်ရှင်ပြတဲ့ လက်ဖက်ရည်ဆိုင်နဲ့ ဗီဒီယိုရုံတွေကို အပြေးအလွှားသွားကြည့်နေကြရတာ။
“တစ်အုပ် ဘယ်လောက်လဲ ဦးလေး ”
” တစ်ရာ … နှစ်ရာ အစားစားပေါ့ …များများယူရင် လျှော့ပေးမယ် သမီး ”
အိမ်ပြန်လမ်းမှာ ကျွန်မရဲ့လက်နှစ်ဖက်လုံးမှာ စာအုပ် သုံးရာနီးပါး ပါလာခဲ့တယ်။ (၃၁) လမ်းကနေ ဘူတာကြီးကို နားလိုက်သွားလိုက်နဲ့လျှောက်လာခဲ့ရင်း ညမှောင်ရီပျိုးတဲ့ အချိန်မှ ရပ်ကွက်လေးထဲကို ပြန်ရောက်ခဲ့တော့တယ်။
*********************
ထင်ထားတာထက်ကို ပိုပြီးကျွန်မရဲ့ “လင်း”စာပေဆိုတဲ့စာအုပ်ဆိုင်လေးက အငှါးသွက်တယ်။ တစ်နေ့ကို အနည်းဆုံးဝင်ငွေ နှစ်ထောင်ကျော် ရတယ်လေ။
****************
စာအုပ်ဆိုင်လေးဖွင့်ပြီး နှစ်နှစ်အကျော်မှာကျွန်မ ခြံလေး တစ်ကွက် ဝယ်နိုင်ခဲ့တယ်။ဘ၀ကိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပြီလို့ ထင်တဲ့အချိန်မှာ ရပ်ကွက်ထဲမီးတွေ ရလာတယ်။လူတွေ စာအုပ်ကို စိတ်မဝင်စားကြတော့ဘူး။ အဲ့ဒီတော့ ကျွန်မ လုပ်ငန်း ပြောင်းရပြီ။ စာအုပ်နဲ့ အတူ နိုင်ငံခြားဇာတ်ကားလေးတွေ၊သီချင်းကူးခွေလေးတွေရောင်းမိတယ်။
ရပ်ကွက်ထဲက အခွေဆိုင်က ကျွန်မဆိုင်လေးကို မပိတ်ရင် ရဲစခန်းတိုင်မယ်ဆိုလို့ အခွေရောင်းတဲ့ အလုပ်ကို စွန့်လွှတ်ပြီး ဖန်စီလေးတွေရောင်းခဲ့တယ်။ ဖန်စီဆိုင်လေးက ရောင်းရမယ်မှ မကြံသေးဘူး ကံကြမ္မာဆိုးက ပေါ်ပေါက်လာခဲ့တယ်။ဘ၀ဆိုတာ ပင်လယ်ပြင်ထဲမှာ သွားလာနေရတဲ့ လှေသမ္မာန်တွေ၊ သင်္ဘောတွေလိုပဲ ရာသီဥတုသာယာနေရာကနေ ရုတ်တရက် မုန်တိုင်းနဲ့ ကြုံနိုင်တယ်ဆိုတာကို ကျွန်မ သိခဲ့ရတယ်။
*** *************-
” အမြန်ဆုံး ခွဲစိတ်ရမယ်ကွဲ့ … မျက်လုံးရဲ့ အတွင်းဆုံးအပိုင်းဖြစ်တဲ့ အမြင်လွှာ ကွဲပြတ်သွားတာပဲ…”
“ရှင် ”
ကျွန်မ အာမေဍိတ်သံအကျယ်ကြီးနဲ့ တုန်လှုပ်ချောက်ချားသွားမိတယ်။ဆိုင်ထဲမှာ စျေးရောင်းရင်း အပိုဝင်ငွေရအောင် အိမ်တွင်းဗောင်းတော်လေးတွေယူထိုးခဲ့တာ။ မနေ့က ဗောင်းတော်တွေ ထိုးနေရင်းကနေ ဘယ်ဘက်မျက်လုံးထဲမှာ အခိုးအငွေ့တွေ မြင်ရလို့ မျက်စိအထူးကုဆေးရုံကြီးကို လာပြခဲ့တာလေ။
****************
” ဟဲ့ … ဘာလုပ်ဖို့ရောင်းမှာလဲ …. ဒီခြံဝယ်ရဖို့ နင် အငတ်ငတ်အပြတ်ပြတ်နဲ့ပိုက်ဆံရှာခဲ့ရတာ မဟုတ်လား..”
အိမ်ခြံမြေပွဲစား အစ်မကြီးက မယုံကြည်နိုင်တဲ့ ပုံစံနဲ့ မေးလာတယ်။
” မျက်လုံးကုဖို့ ငွေလိုလို့ပါ အစ်မ…ပေါင်တာကို လုပ်ချင်တာမဟုတ်ဘူး…ခုက ငွေ အရေးတကြီးလို့နေလို့သာ … အစ်မကို အပ်ပါတယ်နော်…ဒီနေရာကို ရောင်းပြီး ဈေးသက်သာတဲ့ နေရာကို ပြန်ဝယ်ပေးလေ ….ရတဲ့စျေးနဲ့ အမြန်ဆုံးရောင်းပေးနော် အစ်မ …..”
******************
“အမြင်လွှာပါးလျ ပျက်စီးခြင်း” ဆိုတဲ့ ရှားပါးတဲ့ရောဂါကြောင့် ခြံရောင်းရတဲ့ငွေ ဆယ့်သုံးသိန်းမှာ လေးသိန်းကျော်လောက် ကုန်သွားခဲ့ပေမဲ့ မျက်လုံး ခွဲစိတ်မှုက မအောင်မြင်ခဲ့ပါဘူး။ အခုဆို ကျွန်မရဲ့ ဘယ်ဘက်မျက်လုံးက လုံးဝ မမြင်ရတော့ဘူးလေ။တစ်ပတ်ဆယ်ရက်အတွင်းမှာ ဖြစ်ပျက်သွားခဲ့တဲ့ အခြေအနေက မယုံကြည်နိုင်စရာကောင်းလောက်အောင် ဖြစ်ခဲ့ရတယ်။
*****************
” လဲ့လဲ့ရယ် နင် ဆယ့်သုံးသိန်းနဲ့ရောင်းလိုက်တဲ့ ခြံလေ … ခုဘယ်လောက်လဲ သိရဲ့လား…လေးဆယ့်ငါးသိန်းအေ့ …. အခုဆို ရပ်ကွက်ထဲမှာ ဈေးအနည်းဆုံးခြံကွက်က နှစ်ဆယ်လောက် ပေါက်တယ် သိရဲ့လား …အဲ့ဒါကြောင့် နင့်ကို မရောင်းနဲ့လို့ပြောတာပေါ့…”
” ရှင် ….ဒါ…ဒါဆို …ကျွန်မ ခြံဝယ်လို့မရတော့ဘူးပေါ့နော်…”
ကျွန်မမှာ ငွေကိုသိန်းပဲရှိတော့တာမို့ အထိတ်တလန့်နဲ့ မေးလိုက်မိတယ်။စိတ်မကောင်းတဲ့ဟန်နဲ့ ခေါင်းငြိမ့်ပြတဲ့ ပွဲစားအစ်မကြီးကို ကြည့်ပြီး ကျွန်မနေရာမှာတင် သေဆုံးသွားချင်စိတ်ဖြစ်ပေါ်လာမိတယ်။ တစ်လအတွင်းမှာ အိမ်ခြံမြေဈေးတွေက မယုံကြည်နိုင်အောင်အဆပေါင်းများစွာ တက်သွားခဲ့တယ်။မျက်လုံးတစ်ဖက်က မမြင်ရတော့တဲ့အပြင် နေစရာအိမ်ပါ ပြန်ပျောက်သွားတဲ့ အဖြစ်က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က နေစရာမဲ့မဲ့၊ စားစရာမဲ့မဲ့ ဘဝကို ပြန်ရောက်သွားသလို ခံစားခဲ့ရတယ်။
***************
ငွေကိုးသိန်းရယ်ဈေးရောင်းတဲ့ ပစ္စည်းတွေနဲ့ အိမ်ငှားဘ၀ကို ချက်ချင်းပြန်ရောက်ခဲ့ရတဲ့ ကျွန်မဘ၀က အိပ်မက်တစ်ခုလိုပဲ။တစ်လလေးသောင်းနဲ့ ခြောက်လစာ စာချုပ်ချုပ်လိုက်ပြီး ဆိုင်အတွက် လိုအပ်တာတွေ ပြင်ဆင်ပြီးချိန်မှာ ကျွန်မလက်ထဲမှာ ငွေလေးသိန်းကျော်ပဲကျန်ခဲ့တော့တယ်။ဈေးဆိုင်ကလည်း အပြိုင်အဆိုင် တွေပေါ်လာလို့ အရင်လို အရောင်းမသွက်တော့ဘူး။နောက်ထပ် အိမ်ပိုင်နဲ့ နေရဖို့ဆိုတာကျွန်မအတွက် ဝေးသထက်ဝေးလာခဲ့တယ်။ဒီလိုအခြေအနေမှာ ” သေသွားရင် ကောင်းမှာပဲလို့ “အချိန်တိုင်း တွေးရင်း စိတ်ဓါတ်တွေကျသထက်ကျလာမိတယ်။ခြောက်လ ပြည့်ရင် ဆိုင်လခထပ်တင်နိုင်ပါ့မလား ဆိုတဲ့ အတွေးတွေက ကျွန်မကို ဖိစီးနှိပ်စက်နေခဲ့တယ်။
*****************
“အား ….နာလိုက်တာ…ငါသေတော့မှာများလား ”
ညာဘက်ခါးစပ်ဆီက စူးခနဲစူးခနဲ ထိုးအောင့်နေတဲ့ နာကျင်မှုကို မခံရပ်နိုင်လွန်းလို့ ကျွန်မနှုတ်ကနေ ညည်းညူလိုက်မိတယ်။နေ့တိုင်း သေဖို့ အကြောင်းများတွေးခဲ့မိလို့လားမသိဘူး။ လူက သေတော့မလိုကို စူးစူးဝါးဝါးနာနေတာ။ကျွန်မအားတင်းပြီး ဆေးခန်းကို ထွက်လာခဲ့တယ်။
***************
“ဗိုက်ထဲမှာ အလုံးကြီးစမ်းမိတယ် …ဆေးရုံ အမြန်သွားပါ…အခုတော့ နာနေတာသက်သာအောင် ဆေးထိုးပေးလိုက်မယ်…”
“ရှင်”
ဆရာဝန်ရဲ့ စကားအဆုံးမှာ ကျွန်မရဲ့ ခေါင်းတွေတရိပ်ရိပ်မူးလာတယ်။”သေသွားရင်အေးရော ” လို့ အချိန်ပြည့်ညည်းတွားနေခဲ့ပေမဲ့ တကယ်တမ်း သေဘေးနဲ့ ကြုံရတော့ ကျွန်မ ထိတ်လန့်ချောက်ချားသွားမိတယ်။
******************
“အလုံးက တော်တော်ကြီးနေပြီ …အမျိုးသမီးတွရဲ့လစဉ် ကိစ္စတွေကို ပေါ့ဆခဲ့လို့ အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ ပေါက်ရမယ့်အဖြစ်ပဲ…လိုအပ်ရင် သားအိမ်ကိုပါထုတ်ပစ်ရမယ်…”
ဆရာဝန်မကြီးရဲ့ စကားအဆုံးမှာ အစ်မကြီးက ကျွန်မရဲ့လက်ကို ဆတ်ခနဲဖျစ်ညှစ်လိုက်တယ်။ သူ့စိတ်ထဲမှာ ကျွန်မသိပ်လန့်သွားမယ်လို့ထင်နေပုံရတယ်။ ဒါက အိမ်ထောင်မပြုရသေးတဲ့ အသက်သုံးဆယ်ကျော်စအရွယ် မိန်းမတစ်ယောက်အတွက်သွေးပျက်စရာ သတင်းဆိုးပဲမဟုတ်လား။ကျွန်မ မတုန်လှုပ်တော့ပါဘူး။အမှန်အတိုင်းပြောရရင် ကျွန်မအတွက် ချစ်သူတစ်ယောက်။ မိသားစုတစ်စုထက် နေစရာ အိမ်ပိုင်တစ်လုံးပဲလိုအပ်တယ်လို့တွေးနေမိခဲ့တယ်။
****************
ဆေးရုံမှာ တစ်လနီးပါး ကုသခဲ့ရပြီးတဲ့နောက် ဆေးရုံကဆင်းလာချိန်မှာတော့ ကျွန်မလက်ထဲမှာ ငွေတစ်သိန်းကျော်ပဲရှိတော့တယ်။ဈေးရောင်းတဲ့ပစ္စည်းတွေကလည်း ငွေလိုနေလို့လျှော့စျေးနဲ့ ရောင်းထုတ်လိုက်တာမို့ ကျွန်မမှာ အိုးခွက် အနည်းငယ်နဲ့ အဝတ်အစားတွေကလွဲလို့ ပိုင်ဆိုင်တာ ဘာဆိုဘာမှ မရှိတော့ပါဘူး။ မျက်လုံးတစ်ဖက်က မမြင်ရဘူး။ ဗိုက်ကခွဲစိတ်ထားတာကြောင့် အလေးအပင်တွ မလို့မရတော့ဘူး။ ငှါးထားတဲ့ အိမ်ခန်းကလပြည့် သွားရင် ကျွန်မအတွက်နေစရာအိမ်ပါ မရှိတော့ဘူး။ဒီတစ်ခါ တိုက်ခတ်တဲ့ မုန်းတိုင်းကကြမ်းလွန်းလှတယ်။ကျွန်မရဲ့ ဘ၀က ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်မှာ တွယ်ရာမဲ့မျောနေတဲ့ လှေငယ်လေးတစ်စင်းလိုမျိုး ဘ၀ကို ပြန်ရောက်သွားခဲ့တယ်။
******************
“အိမ်ဘေးမှာ အဖီဆွဲနေချင်နေ…စားတာတော့ ကိုယ့်ဘာသာ ရှာစားပေါ့ …နင်စျေးရောင်းတတ်တာပဲ…ငါတို့လည်း ကလေးတွေက ကြီးလာတော့ ကုန်ကျစရိတ်တွေ များတယ်… ဒီလောက်ပဲ ကူညီနိုင်မယ် ”
အစ်ကိုငယ်ရဲ့ စကားဆုံးသွားတော့ ယောင်းမက ဆောင့်ခနဲထပြီး အိမ်ထဲဝင်သွားတယ်။သူ သဘောမတူတဲ့အကြောင်းကို အမှုအရာနဲ့သိသိသာသာပြသွားတယ်။ ဒါပေမဲ့ ကျွန်မ မသိချင်ယောင်ဆောင်ပြီး အစ်ကိုငယ်ရဲ့ အိမ်ဘေးက မြေပိုငါးပေးနဲ့ လမ်းဘေးစည်ပင်မြောင်းပေါ်မှာ အဖီလေးဆွဲပြီးနေဖို့ဆုံးဖြတ်လိုက်တယ်။
********************
အဖီလေး ဆောက်ပြီးတော့ ပိုတဲ့ငွေလေးနဲ့ အရင်းသိပ်မများတဲ့ မုန့်ဆိုင်လေးဖွင့်လိုက်တယ်။အမြတ်ငွေက တစ်နေ့နှစ်ထောင်ရဖို့တောင် အနိုင်နိုင်။ ကျွန်မက ဘ၀ကို အရှုံးပေးလိုက်ပြီမို့ ရတဲ့ငွေလေးနဲ့ မ၀တ၀စားပြီး သေမဲ့ နေ့ကိုစောင့်နေဖို့ပဲ တွေးထားလိုက်တော့တယ်။ အစ်ကိုရဲ့အိမ်ဘေးက တာလပတ်မိုး ၊ ထရံကာထားတဲ့ ခြောက်ပေပတ်လည် တဲစုတ်လေးထဲမှာ သေတဲ့အထိနေသွားတော့မယ်လို့ တွေးပြီး ကျွန်မ အရာရာကို အရှုံးပေးပစ်လိုက်တယ်။နေ့တိုင်း ငြူစူစောင်းမြောင်း ပြောဆိုနေတဲ့ ယောင်းမ အပါအဝင်ပေါ့။
******************
“မင်းအထားမှားလို့ နေမှာပေါ့.. သေချာရှာကြည့်အုံး ”
“အိုတော် အထားမှားစရာလား…. တစ်သက်လုံး ဒီနေရာမှာပဲ ထားနေတာကို ”
” ဒါဆို ရှိမှာပေါ့ကွ…ဘယ်လောက်မို့လဲ….”
” တစ်သိန်း ”
မုန့်ထုတ်တွေကိုချိတ်နေရင်းကနေ အိမ်မကြီးပေါ်က အစ်ကိုနဲ့ယောင်းမတို့ရဲ့ ပြောနေတဲ့ အသံတွေကို ကျွန်မအတိုင်းသားကြားနေရတယ်။
“ကော်ဖီမစ်ထုတ်တွေပျောက်တယ်” ။” ခေါက်ဆွဲခြောက်ထုတ်တွေပျောက်ကယ်” ။
“ကြက်သွန်တွေ လျော့နေတယ်” စသဖြင့် နေ့တိုင်း ပစ္စည်းတစ်မျိုးပြီးတစ်မျိုးမရိုးအောင် ပျောက်နေတဲ့ ယောင်းမက ဒီနေ့တော့ ငွေတစ်သိန်း ပျောက်ပြန်သတဲ့။ ကျွန်မအနေနဲ့
“နင်ယူလား” လို့ လာမမေးမချင်း … ” ကျွန်မ မယူဘူးနော် “လို့ ရှင်းပြနေစရာမလိုသလို့ အိမ်မကြီးပေါ်မှာ ဘာပစ္စည်းပျောက်ပျောက် မလုံမလဲ ဖြစ်တဲ့ ခံစားချက်မျိုးလည်း မဖြစ်မိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ အဖီခန်းလေးက အိမ်မကြီးရဲ့ ထမင်းစားခန်းနေရာကနေ အဖီဆွဲချထားတာ။ ထမင်းစားခန်းက ချက်မလုံတဲ့ ပြတင်းပေါက်က ကျွန်မအခန်းနဲ့ အိမ်မကြီးကို ဆက်သွယ်ထားတာပဲ။ မီးဖိုချောင်ထဲဘယ်သူဝင်တယ်၊ ထမင်းစားခန်းနဲ့ အိပ်ခန်းထဲ ဘယ်သူဝင်တယ်ဆိုတာ ကျွန်မမြင်နေရတာပဲ။ပြီးတော့ သူတို့မိသားစုက နေ့တိုင်း အပြင်ထွက်နေကြပေမဲ့ ကျွန်မက မိုးလင်းကမိုးချုပ် အိမ်မှာရှိတယ်။ ပြောရမယ်ဆိုရင် ကျွန်မက အစ်ကိုငယ်တို့အတွက် လစာမပေး၊ ထမင်းကျွေးစရာမလိုဘဲ အိမ်ဘေးမှာနေစရာလေးပဲ ပေးထားရတဲ့အိမ်စောင့်လိုမျိုးပဲ။ အိမ်ပေါ်က ပစ္စည်း ကျွန်မမှမခိုးရင် ဘယ်သူမှ ၀င်ခိုးလို့ မရဘူး။ အဲ့ဒီတော့ ကျွန်မလည်း မခိုးတဲ့အတွက် ပစ္စည်းတွေ ပျောက်တယ်ဆိုတာဖြစ်နိုင်မတဲ့လား။
” ဒီအိမ်မှာနေလာတာ ကလေးတွေ တစ်သက်ရှိနေပြီ.. အပ်တိုတစ်ချောင်းတောင် ပျောက်ဖူးတာမဟုတ်ဘူး…ခုမှ ဆီကအစ ကြက်သွန်အထိ ထားလို့ကို မရဘူး …”
“ဒုန်း ”
ကျွန်မ အတွေးမှ မဆုံးသေးဘူး ယောင်းမရဲ့ ကျယ်ကျယ်လောင်လောင်အသံနဲ့အတူ ကြမ်းပြင်ကို ခပ်ဆောင့်ဆောင့်နင်းတဲ့အသံ ။ ပြီးတော့ ကျွန်မအခန်းနဲ့ ဆက်ထားတဲ့ ပြတင်းပေါက်ကို”ဒုန်း “ခနဲ ဆောင့်ပိတ်လိုက်တဲ့အသံ။ကျွန်မ မုန့်ချိတ်မပျက်ဘူး။ အံ့သြစရာကောင်းလောက်အောင် ကျွန်မခံစားချက်တွေ အရေထူနေခဲ့တယ်ပဲပြောရလေမလား။
*******************
“ငါတို့အိမ်ပြင်ဆောက်ချင်လို့ …အစ်မကြီးအိမ်မှာ ခဏလောက် ပြောင်းနေလိုက် အငယ်မ ” လို့ အစ်ကိုငယ် ပြောလာတဲ့နေ့မှာပဲ စာအုပ်ကြားထဲမှာ စုထားတဲ့ ငွေကို ကျွန်မ ထုတ်ယူစစ်ကြည့်လိုက်တယ်။ တကယ်တော့ ဒီငွေက ကျွန်မသေရင် အခြားသူတွေ ဝန်ပိမှာစိုးလို့ ဒီအိမ်ကို စပြောင်းလာချိန်ကစလို့ ဒီနေ့အထိတစ်နှစ်ကျော်ကျော် မစားရက်မသောက်ရက် စုထားခဲ့တဲ့ငွေတွေပေါ့။ငွေကနှစ်သိန်းစွန်းစွန်းပဲဆိုတော့ အိမ်ငှါးနေမယ်ဆိုရင် သုံးလစာပဲရှိတယ်။အရာရာကို ဒူးတောက်လက်မြှောက်ထားတဲ့ ကျွန်မကို ကံကြမ္မာက အလွတ်မပေးဘူးဆိုတော့ နောက်ဆုံး ခွန်အားရှိသလောက်နဲ့ ပြန်တိုက်ခိုက်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တော့တယ်။
*****************
“အစ်မ…ကျွန်မမှာ ငွေရင်းတော့သိပ်မရှိဘူး …ရှိတဲ့ငွေလေးနဲ့ အစ်မတို့ဆီ စျေးရောင်းလာချင်တယ် … ဘာတွေ ရောင်းရလဲအစ်မ ”
” အညာလေ မိလဲ့ရဲ့ ..ငါးပိ ငါးခြောက်သာတင်လာခဲ့အေ… ဈေးကြီးတဲ့ ငါးခြောက်တွေတင်မလာနဲ့ …ငါးပုတ်သင်ခြောက်သာ များများတင်ခဲ့ မကုန်မှာ မပူနဲ့ …စားဖို့လည်းမပူနဲ့ ဟုတ်ပြီလား …လာသာလာခဲ့…အပြန်ကျ ငရုတ်သီးနဲ့ လက်သုတ်ပဝါတွေပဲသယ် အရူံးမရှိစေရဘူး စိတ်ချ ….”
အညာဘက်မှာအိမ်ထောင်ကျနေတဲ့ မိတ်ဆွေအစ်မတစ်ယောက်ဆီကိုဖုန်းဆက်ပြီး အကူအညီတောင်းပြီးတာနဲ့ ကျွန်မပိုင်ဆိုင်တဲ့ အိုးခွက်တွေနဲ့ အဝတ်အစား ထုတ်တွေကို အစ်မကြီးအိမ်မှာ သွားအပ်ထားလိုက်တယ်။ ဒီလောက်ကတော့ဖြင့် သူတို့အတွက်ဝန်ထုတ်ဝန်ပိုးမဖြစ်လောက်ဘူး ထင်ရတာပါပဲ။
****************
အစ်မကြီးရဲ့ အိမ်မှာ ပစ္စည်းတွေး သွားထားခဲ့ပြီးတော့ ကျွန်မမှာရှိတဲ့ ငွေနှစ်သိန်းကျော်ရယ်။ ကျောပိုးအိတ်အဟောင်းလေးကို လွယ်ပြီး ပါဝါနှစ်ထောင်နီးပါးလောက်ရှိတဲ့ မျက်မှန်နဲ့မှ မြင်ရတဲ့ မျက်လုံးတစ်ဖက်တည်းနဲ့ပဲ ကံကြမ္မာ မုန်တိုင်းတွေကို အံတုရင်ဆိုင်ဖို့ ကျွန်မခြေလှမ်းတွေကို ရဲရဲရင့်ရင့်နဲ့ ပြန်လည်စတင်လိုက်တယ်။
****************
” ညီမ… စာချုပ်မှာလက်မှတ်ထိုးလေ… လက်ဗွေလဲ နှိပ်လိုက်အုံး…ဘာတွေတွေးနေတာတုန်း… ဟိုမှာ ရောင်းသူက ထိုးပြီးပြီလေ…”
ဘေးနားက အိမ် ခြံမြေပွဲစားအစ်မကြီးရဲ့ အသံကို ကြားမှ ကျွန်မရဲ့ စိတ်တွေ ပစ္စုပ္ပန်ကို ပြန်လည် အမှတ်ရ လာမိပြီး လက်ထဲက ငွေသိန်းခြောက်ဆယ်ကို စားပွဲပေါ်တင်ပေးလိုက်တယ်။ပြီးတော့ ဆယ်ပေခြောက်ဆယ် မြေကွက်အရောင်းအ၀ယ်စာချုပ်လေးကို ကျွန်မ ရဲရဲဝံ့ဝံ့ ကောက်ယူသိမ်းလိုက်တယ်။
ဘ၀ပင်လယ်ပြင်ရဲ့ မုန်တိုင်းတွေကို ကျွန်မတစ်ဖန် အနိုင်ရခဲ့ပြန်ပါပြီ။
@@@@@@@@@@@@@
#ဧကြည်ဖြူ