ကိုပါယ့်ကို ငါးဟင်းတစ်ခွက် အကြွေးဆပ်ရအုံးမယ်

Posted on

“ကိုပါယ့်ကို ငါးဟင်းတစ်ခွက်
အကြွေးဆပ်ရအုံးမယ်..”(စ/ဆုံး)

————————————–

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကပေါ့..
လူငယ်သဘာဝ စူးစမ်းချင်တဲ့ စိတ်ရယ် ၊
ထိုင်းဘက်မှာ အလုပ်အကိုင်ပေါတယ်ဆိုတဲ့
မက်လုံးရယ်ကြောင့် မြဝတီကို ကျွန်တော်နဲ့
သူငယ်ချင်းနှစ်ယောက် အလုပ်လုပ်ဖို့
သွားခဲ့ဖူးတယ်။

အတိုချုပ်ပြောရရင် လမ်းမှာ
ကားတိုက်ပါလေရော..။
သူငယ်ချင်းနှစ်ယောက်က ဘာမှ မဖြစ်ပေမယ့်
ကျွန်တော့်မျက်နှာတစ်ခြမ်းကတော့
စုတ်ပြတ်သွားပြီး ခြေထောက်တစ်ဖက်
အရိုးအတ်သွားခဲ့တယ်။

ရောက်လိုက်တဲ့ ဒုက္ခဆိုတာဗျာ..

လမ်းကလည်း ကောင်းကောင်းမလျှောက်နိုင်၊
မျက်နှာမှာလည်း ဒဏ်ရာတွေနဲ့မို့
ထိုင်းဘက်ကိုလည်း ဝင်လို့မရ ၊
မြဝတီမှာ သူငယ်ချင်း သုံးယောက်သား
သောင်တင်နေတာပေါ့။

မြို့စွန်က ပျံကျရပ်ကွက်လေးတစ်ခုမှာ
အိမ်ငှားပြီး သူငယ်ချင်းနှစ်ယောက်က
အလုပ်ရှာကြတယ်။ ဒါပေမဲ့ အလုပ်မရပါဘူး..
ပါလာတဲ့ပိုက်ဆံတွေက ဆေးကုလို့ကုန်တော့
ထမင်းစားဖို့ ဆန်တောင် အနိုင်နိုင်ဝယ်ရတယ်။

ဇာတ်လမ်းက ခုမှစမှာ..

ကျွန်တော်တို့ငှားနေတဲ့ အိမ်ရဲ့ သုံးလေးအိမ်
အကျော်မှာ မျက်စိတစ်ဖက် ကွယ်နေတဲ့
ကိုပါယ်ဆိုတဲ့ ပျံကျအလုပ်သမား
ကရင်ကြီးတစ်ယောက်ရှိတယ်။

ကိုပါယ်က မနက်ဆို ချစ်ကြည်ရေးတံတားထိပ်မှာ
မဲဆောက်ဘက်ကိုသွားဖို့ လက်မှတ်မလုပ်တတ်တဲ့
လူတွေကို ကူညီပေးတယ်။
ဟိုက မုန့်ဖိုး ပဲဖိုးလေး ပြန်ပေးတာပေါ့။

အဲဒီဝင်ငွေလေးကို တစ်နှစ်တစ်ယောက်နှုန်းနဲ့
မွေးထားတဲ့ ကလေး လေးယောက်ရယ် ၊
တစ်နေကုန် ဆေးလိပ်ထိုင်ဖွာနေတဲ့
သူ့မိန်းမရယ်က မှီခိုစားသောက်တာဖြစ်လို့
ကိုပါယ်တို့မိသားစုဟာ
ကျပ်တည်းဆင်းရဲလှပါတယ်။

ကိုပါယ်မနက်ခင်း အလုပ်သွားတဲ့အခါ
ကျွန်တော့်ကို လှမ်းနှုတ်ဆက်သွားတတ်တယ်။
ညနေပြန်လာရင်လည်း ကျွန်တော့်ကို အရက်လေး
မူးမူးနဲ့ လှမ်းနှုတ်ဆက်ပြီးမှ အိမ်ပြန်နေကျ။

တစ်ရက်ပေါ့..
ညနေဘက် ကျွန်တော် ထမင်းစားဖို့ ပြင်နေတုန်း
ကိုပါယ်တစ်ယောက် အရက်လေးခပ်ထွေထွေနဲ့
ကရင်သီချင်းလေးဆိုပြီး အိမ်ထဲဝင်လာတယ်။

ကိုပါယ်ကကျွန်တော့် ထမင်းပန်းကန်ကို
လှမ်းကြည့်ပြီး မေးတယ်။

“ဖိုးခွား ထမင်းစားနေတာ ဟင်းလည်း
မပါပါလား..”

“ဟုတ်တယ် အတီး.. ပါလာတဲ့ ပိုက်ဆံက
ဆေးဖိုးနဲ့ ကုန်သွားလို့ ထမင်းအဖြူကို
ကြက်သွန်နီနဲ့ ရောပြီး စားနေရတာလေးရက်ရှိပြီ..
ဒါနဲ့ ကိုပါယ့်လက်ထဲမှာ ကိုင်လာတဲ့ အထုပ်က
ဘာလဲဗျ..မွှေးလှချည်လား..”

ကိုပါယ်က သူ့လက်ထဲက အထုပ်ကို
ကြည်နူးဟန်နဲ့ မြှောက်ကြည့်ပြီး ပြုံးတယ်။

“ငါးဟင်းကွ..
ဒီနေ့ အလုပ်က တော်တော် အဆင်ပြေတယ်..”

“အော်..”

ငါးဟင်းကို ကြိုက်လှတယ်မဟုတ်ပေမဲ့
ထမင်းဖြူချည်း စားနေရတာ လေးရက်လောက်
ကြာနေပြီဖြစ်တဲ့ လူတစ်ယောက်အတွက်
အသားဟင်းတစ်ခွက်ရဲ့ မဆလာနံ့ဟာ
တော်တော် ဆွဲဆောင်နိုင်ပါတယ်။

ကျွန်တော့် မျက်လုံးဟာ ငါးဟင်းကနေ
ခွာမရတော့ဘူး။
ကျွန်တော် စားချင်နေမှန်း ကိုပါယ်ရိပ်မိသွားတယ်
ထင်ပါရဲ့…။

“ရော့ကွာ..ဒီဟင်းထုပ်ယူထား..
မင်းထမင်းစားတာ ခဏ ရပ်ထားအုံး..
အတီး အိမ်ခဏပြန်လိုက်အုံးမယ်..”

ကိုပါယ်က သူလက်ထဲက ငါးဟင်ထုပ်ကို
ကျွန်တော့်လက်ထဲ ထည့်လိုက်ပြီး ပြန်ထွက်သွားတယ်။ခဏကြာတော့ ပုလင်းလေးတစ်လုံးနဲ့
ပြန်ရောက်လာရော..
အရက်ဖြူ တစ်ပိုင်းတဲ့..

ဘာပြောကောင်းမလဲဗျာ..
အရက်လေးသောက်လိုက် ၊ ငါးဟင်းအရည်လေး
ရွတ်ဆို မြည်းလိုက် ၊
အရက်သောက်ပြီးတော့ ငါးဟင်းစပ်စပ်လေးနဲ့
ထမင်းကို တရှူးရှူး တရှဲရှဲမြည်အောင်ကို
ပလုပ်ပလောင်း စားပြစ်တာ။
အို…
ကောင်းလိုက်တာဗျာ။
ကျွန်တော့် ဘဝမှာ အကောင်းဆုံး ထမင်းတစ်နပ်ပဲ။

ထမင်းစားပြီးတော့ ကိုပါယ်က ဆေးလိပ်
အတိုလေး တစ်လိပ် ပေးပြီး

“စားလို့ကောင်းရဲ့လားဖိုးခွား”လို့
ကြည်နူးပုံနဲ့ မေးတယ်။

“ကောင်းလိုက်တာ အတီးရာ ၊
ငါးဟင်းကလည်းကောင်း ၊ အရက်လေးကလည်း
ဝင်ထားတော့ စားလို့ မြိန်လိုက်တာဗျာ..
ဒါနဲ့ အတီးက အရက်ကို အိမ်မှာဝယ်ထား
တာလား..ခုနက အိမ်ပြန်မယ်ဆိုပြီး ပြန်လာတော့
အရက်ပါလာလို့..”

“မဟုတ်ပါဘူး ဖိုးခွား..
အရက်က ဆိုင်ကနေ အကြွေးသွားယူလာတာ..
ခုနက အိမ်ပြန်သွားတာက မင်းအဒေါ်နဲ့
ကလေးတွေကို ထမင်းစားနှင့်တော့လို့
သွားပြောတာ..
ငါးဟင်းက သူတို့စားချင်တယ် ဆိုလို့
ဝယ်လာတာလေ..
သူတို့လည်း ဟင်းနဲ့ ထမင်းမစားရတာ ကြာပြီကွ..”

“ဟာဗျာ…ကိုပါယ်…”

အဲဒီအချိန် ကျွန်တော့် စိတ်ထဲ
ဘယ်လိုဖြစ်သွားတယ်ဆိုတာ
စာနဲ့တောင် မရေးပြတတ်ဘူး။
ကျွန်တော့် မျက်လုံးထဲ မြင်ယောင်မိတာက
ဇနီးနဲ့ သားသမီးတွေက ထမင်းစားဖို့
ဖခင်က ဟင်းထုပ်နဲ့ ပြန်လာတာကို
မျှော်လင့်တကြီး စောင့်နေကြတဲ့ ပုံတွေ..

ဖခင်က ဟင်းမပါဘဲ ပြန်လာ..
ဝယ်လာတဲ့ ဟင်းကို ခုမှသိတဲ့ ဒုက္ခသည်ကောင်လေး
တစ်ယောက်ကို ပေးလိုက်တဲ့ ပုံတွေ…

ကျွန်တော် သက်ပြင်းချတယ်။

“ကိုပါယ်ရာ..စောစောကသိရင်
ကျွန်တော့ မစားပါဘူးဗျာ..”

“မလိုဘူး ဖိုးခွား..မလိုပါဘူးကွာ..ရတယ်..
ငါ့မိသားစုက ဒီနေ့ဟင်းမစားရလည်း
နောက်နေ့တွေ ငါအဆင်ပြေရင် စားရမှာ..
မင်းက ဒဏ်ရာတွေနဲ့..
အားရှိအောင် စားဖို့လိုတယ်..
မင်းစားကောင်းတာ တွေ့ရတော့
အတီးဝမ်းသာပါတယ်..
မင်းကို ငါးဟင်းကျွေးလိုက်တာကိုလည်း
မင်းအဒေါ်နဲ့ ကလေးတွေက ကျေနပ်ကြတယ်..”

အဲဒီညက အရက်ကြောင့်လား..
ကိုပါယ့်စေတနာကြောင့် ရင်ထဲမှာ ထိခိုက်လို့လား..
ဒဏ်ရာကြောင့်လား..ဘာကြောင့်မှန်းမသိ

ကျွန်တော် ဝမ်းပမ်းတနည်း ငိုမိပါတယ်။

နောက်ပိုင်း ဒဏ်ရာတွေပျောက်သွားတော့
မဲဆောက်ဘက်ကို ကျွန်တော် ဆက်ထွက်လာခဲ့တယ်။

အဲဒီတကည်းက ကိုပါယ်နဲ့ မဆုံတော့..

မဲဆောက်မှာ တစ်နှစ်လောက်နေပြီး ဖဒိုကို
ကျွန်တော်ပြန်လာခဲ့တယ်။
၅ နှစ်လောက်ကြာတဲ့အချိန်မှာ ကျွန်တော်လည်း
အတော်လေး အဆင်ပြေသွားလို့
မြဝတီကိုပြန်သွားပြီး
ကိုပါယ့်ကို ရှာပါသေးတယ်။
နေရာစုံအောင် ရှာပေမယ့် ကိုပါယ်တို့ မိသားစုကို
မတွေ့တော့ဘူး…

ဘန်ကောက်ပဲ တက်သွားသလိုလို ၊
မော်လမြိုင်ဘက်ကိုပဲ ပြန်သွားသလိုလို ၊
ဘားအံမှာပဲ ရှိနေသလိုလိုနဲ့ ရှာမတွေ့တော့ဘူး..

ကျွန်တော့်ဘဝမှာ သူစိမ်းတစ်ရံဆီက ရခဲ့ဖူးတဲ့
အကြီးမားဆုံး မေတ္တာတရားကို ကိုပါယ်ဆိုတဲ့
မျက်စိတစ်ဖက်ကွယ် အရက်သမားပျံကျတစ်ယောက်
ဆီက ရခဲ့တာပါ။

ကိုယ့်မိသားစု ထမင်းတစ်လုပ်အတွက်
အခြားသူတွေရဲ့ ဘဝကိုချနင်းရဲတဲ့
လူယဥ်ကျေးအသိုင်းအဝိုင်းက သူတော်ကောင်း
တစ်ချို့နဲ့ ဆုံတိုင်း ဆုံတိုင်း
ပျံကျအလုပ်သမားကြီး ကိုပါယ်ကျွေးခဲ့ဖူးတဲ့
ငါးဟင်းအရသာက ကျွန်တော့် လျှာဖျားမှာ
ခပ်စပ်စပ်လေး ပြန်ပေါ်လာတတ်တယ်။

ကိုပါယ့်ကို ငါးဟင်းတစ်ခွက်
သို့မဟုတ်
ချစ်ခြင်းမေတ္တာတစ်ခွက်
အကြွေးဆပ်ရပါအုံးမယ်…။

Credit_ကိုစိုးထိုက် (ဖဒို)

(လူပီသသောလူ ဝတ္ထုတိုများ စာအုပ်မှ.)
Via ရွှေမြိုင်သူ

🪶