မြင်စေချင်တယ်(စ/ဆုံး)
……………………..
“ဒေါ်လေးမေ…. လျှော်စရာအဝတ်တွေက ဒါအကုန်ပဲလား….”
“ဟုတ်တယ် ထားရီရေ ငါ မနက်ကတည်းက
ရှေ့မှာ ချထားတာ…”
.”စောင်ထူက (၂)ထည်။အဝတ်ပါးက (၂၅)ထည်။အဝတ်ထူက (၁၀)ထည်နော် ။ဒီမှာ ထားရီယူသွားပြီ။ တခြားအိမ်လည်း..သွားယူရမှာမို့ ထားရီ သွားပြီ ဒေါ်လေးမေ.”..
“ဟဲ့…နေအုံးလေ”
“စောင်က ဘယ်စျေးလည်းဟဲ့”
“ထုံးစံအတိုင်းပါပဲ ဒေါ်လေးမေရယ်
တထည် (၂၅၀၀)ပဲပေါ့ ”
“အမလေး အေ သူများတွေ (၁၅၀၀)ထဲပါအေ”
“စောင်အသေးဆို ရပါတယ်။ ခုက ခြုံစောင် အထူကြီးလေ ဒေါ်လေးမေ… ထားရီ အများကြီးမယူပါဘူး..သူများတွေယူတဲ့ စျေးပဲ ယူထားတာပါ”
“၂၀၀၀”ပဲထားအေ၊ လျှော်နေကျ ပဲမဟုတ်လား”
ထားမေ ဘာမှ ပြောမနေချင်တော့
“အင်းပါ…ထားမေ သွားပြီနော်..ခုတောင်နောက်ကျနေပြီ…တခြားအိမ်က အဝတ်တွေလည်း ယူရအုံးမှာမို့”
သြော်…
အဝတ်လျှော်တဲ့ အလုပ် လွယ်တယ်မှတ်လို့။.
ကိုယ်အိမ်မှာ လျှော်ရင် ရေခပ်ရအုံးမှာ မို့
အများ ဘုံပိုင် ရေတွင်းမှာသာ ထားရီ လျှော်ပါသည်။ ခု ထားရီ အသက် လေးဆယ်ကျော်ပြီ။
အဝတ်လျှော် စားလာတာ နှစ်နှစ်ဆယ်ကျော်ပြီမို့
အမြဲတမ်း ရေနဲ့ထိတွေ့နေတဲ့ လက်တွေ ပဲကြီး ရေစိမ်ထားသလို တွန့်တွနေပြီ။ဆပ်ပြာစားထား၍ လက်မှာလည်း အရည်လန်နေပြီဖြစ်သည်။
နွေ၊မိုး၊ဆောင်း နှစ်ကြာရှည် လုပ်နေရ၍ ထုံကျင်နေသောလက်တွေက ညဆို ကိုက်ခဲ၍ အိပ်မပျော်ပေ။
စားအိုးကြီးတဲ့ ဒေါ်ထားရီအဖို့ အမေအိုကြီးရယ်၊
မောင်နှစ်ယောက်က ထားခဲ့ တဲ့ တူ၊တူမ ငါးယောက်ရှိသည်။ အမေနဲ့ သူ နှစ်ယောက်တည်းဆို ပိုလိုတောင်နေမည်ဖြစ်သည်။ ခုတော့ အရွယ်မရောက်သေးသော တူ၊တူမ ငါးယောက်ကို ခဏ ကြည့်ပေးပါ တခြားနယ်မှာ စီးပွားသွားရှာအုံးမယ်ဟု ပြောပြီး
လင်မယားတွေ သွားလိုက်ကြတာ ခုဆို သုံးနှစ်သုံးမိုးရှိတော့မည်။သတင်းအစအနပင်မရ။
ဒီတော့ အားလုံးရဲ့ အရေးက ဒေါ်ထားရီ က တာဝန်ယူရတော့သည်။
အသက်(၆၅)နှစ်အရွယ် အမေကတော့ အိမ်မှာချက်ပြုတ်၊ မြေးတွေနဲ့ နေပေါ့။
အကြီးဆုံး ဆယ်နှစ်နှစ်အရွယ် ပူစူးမကတော့ ထားရီနဲ့အတူတူ အဝတ်လိုက်လျှော်ကူ၍ ထားရီ နည်းနည်း သက်သာသည်။
စာမလာ၊ သတင်းမကြားတဲ့ သူတို့မိဘတွေကို ကလေးတွေက သတိမရကြ။ရောက်စတုန်းက
မေးကြသည်။ ခုတော့ ပါးစပ်က ယောင်လို့တောင်မဟကြ။
သူ့ အဒေါ်ကို သာ မိဘသဖွယ် ချစ်ခင်ကြသည်။
ကြီးကြီးထား လိုသာ ခေါ်ကြသည်။
ထားရီ အဝတ်သွားလျှော်ရင်…အရင်က အမေတစ်ယောက်တည်း ပျင်းနေတာ..ခုတော့ သူ့မြေးတွေနဲ့ အဆင်ပြေနေပြီဖြစ်သည်။
စားလိုက်၊သောက်လိုက်၊ အော်လိုက်၊ဟစ်လိုက်နဲ့
ကျန်းမာရေးတောင် အတော်ကောင်းနေပုံရသည်။
အမေ့ကိုကြည့်၍ လည်း ထားရီ စိတ်အေးရသည်။
“ငတူး..မျောက်လောင်း ဆော့ချက်အေ ငါမယ်မနည်းထိန်းရတယ်။ငမောင်က ငပါးအေ… သူညီမုန့်တော့ လုစားတယ်။သူ့မုန်တော့ ဖွတ်ထားတယ်တော့။မိကြွေကတော့ သူ့အရုပ်တွေ၊အိုးပုတ်တွေနဲ့ ဆော့နေတာအေ၊ စျေးတောင်ဝယ်ခိုင်းမရဘူး ဒီကလေးမ။အမြင့်မကတော့ ငါ့က်ို ကူတယ်အေ့ လိမ္မာပါ့တော်။အိမ်သန့်ရှင်းရေး၊အိုးခွက်တွေ ဆေးကြောပေးပြီးမှ သွားဆော့တာအေ့”
ညနေ ထားရီနဲ့ ရွှေမိ ပြန်လာပြီဆို အမေက သူ့မြေးတွေ အကြောင်းပြောပြ ဘယ်သူကဆိုးတယ်၊ဘယ်သူက ပြောမရတာ နဲ့ တိုင် ထားရီက မာန်မဲသမား
ရိုက်ဖို့ဆိုတာ မတွေးခဲ့ပေ။
အဝတ်လျှော်ပြန်လာတိုင်း တူ၊တူမတွေအတွက်
တခုခုကတော့ ဝယ်လာခဲ့တာဖြစ်သည်။
သူတို့ လိုချင်တာ ရဖို့အတွက်။သူတို့ ကြီးထားပြန်လာလျှင် ပြေးကြိုသည်။
အငယ်ဆုံးလေးဆို အမောပြေ အနမ်းလေးပေး၍
ထားရီအတွက် အမောပြေလေးဖြစ်သည်။ကြီးကြီးထား သားနင်းပေးမယ်။သမီးနှိပ်ပေးမယ်။
အမောပြေ ရေသောက်လိုက်အုံးနော်။
သူတို့လိုချင်တာရဖို့ ပူဆာဖို့ နည်းလမ်းလေးများဖြစ်သည်။
ချစ်စရာ တူ၊တူမလေးများနဲ့ အနေကြာလာလေ သံယောဇဥ်က ပို၍ တွယ်တာ နေကြလေဖြစ်သည်။
…
“ဘယ်လို အမေ”
အလုပ်က ပြန်လာလို့ အမောမပြေသေး အမေ့စကားကြောင့် ထားရီ ထိတ်လန့်သွားသည်။
“ဟုတ်တယ် နင်မောင့် နီမောင်ဆီက ဖုန်းလာတယ်။
တာချီလိတ်မှာ ….ဆိုင်ဖွင့်ထားတာ ခု အဆင်ပြေနေပြီတဲ့…ထမင်းဆိုင်ဆိုလားအေ၊ လှမောင်လည်း…
အရောင်းအဝယ်လုပ်နေတာ အဆင်ပြေတယ်တဲ့
လင်မယားတွေ အာဒါ ဒီလကုန် သူတို့သားသမီးတွေ လာခေါ်မယ်တဲ့.”
“ဟင်”
အမေ့စကားက ထားရီရဲ့ ရင်ဝကို ဓားတွေနဲ့မွှန်းနေသလို ခံစားရသည်။
“လွယ်လိုက်တာအမေရယ်…….. အမလေး
ထားရီတို့ကို.. သက်မဲ့အရုပ်တွေလို သဘောထားတာတော့….အမေ့သားတွေက…ဟီး..ဟီး။မပြေလည်တုန်းကတော့ ရော့အင့် ဆိုပြီး…
ထိုးပေးခဲ့ကြတယ်..။ဖုန်းလေးတချက်တောင်မဆက်ကြဘူးလေ၊သူတို့သားသမီးတွေကို …ကျီးထိုးထိုး၊ ခွေးစားစား ပစ်ထားကြပြီတော့…..ခုမှတော်……”
အီး…ဟီး…ဟီ.:”
အပျိုကြီးတယောက် အပူလုံးကြွရပြီဖြစ်သည်။
“ထားရီရယ်…ညည်းအေ..သူ့သားသမီး..
သူပြန်ခေါ်တာ……. ဘာဖြစ်လို့လည်းအေ…ညည်းက
……ဟင့်..”
အမေလည်း ပြောရင်း ငိုလေပြီ။
“လွယ်လိုက်ကြတာလို့ ပြောတာအမေရယ်…..
သက်မဲ့ပစ္စည်းတခု လာထားရင်တောင်..
အချိန် ကြာလာရင်..ကိုယ့်ဟာမဟုတ်ပေမယ့်…
သံယောဇဥ် ဖြစ်တတ်သေးတာပဲ….
ခုဟာက….. ခုဟာက……
အီးဟီး ဟီး စဥ်းစားကြည့်ပါအုံးအမေရဲ့”
ထားရီတို့၊အမေတို့ရဲ ရင်ထဲ ဘယ်လို ခံစားရမယ်ဆိုတာကို….ဒင်းတို့ကို…သိစေချင်တာ
မြင်စေချင်တာ…အမေရဲ့…။မြင်စေချင်တာ….”
အိမ်အပြင်မှာဆော့နေကြသော ကလေး ငါးယောက်က ဘာမှ မသိ။လကုန်လာခေါ်သွားရင် လွမ်းနာတွေနဲ့ ကျန်ခဲ့မယ့် သားအမိနှစ်ယောက်ရဲ့ အဖြစ်ကို
ဒင်းတို့….သိစေချင်တာ။
ဒင်းတို့…. မြင်စေချင်တာ။
ကိုယ်ချင်းစာစေချင်တာ အမေရဲ့ သူတို့ အရမ်းရက်စက်တဲ့သူတွေအမေ။
ထားရီတယောက်ရင်ဘတ်ထုရင်း င်ိုနေပါတော့ သည်။
ပြီး
ဆောင်းမာန်ဝင့်အောင်
(တောင်ကြီး)
၃.၉.၂၀၁၃