“တောက ကောင်မလေး”(စ/ဆုံး)
————————-
ကျုပ်တို့ရွာက ပုသိမ်-ကန်ကြီးဒေါင့်လမ်းမှာရှိတဲ့ရွာလေးတရွာပါ၊ ကျုပ်တို့ဧရာဝတီတိုင်းဘက်ကတော့ဆန်အိုးကြီး၊ စပါးကျီလို့အမျိုးမျိုးတင်စားခေါ်ဆိုကြသလို၊ ရွာတိုင်းကတော့ဆန်စပါးစိုက်ကြတာချည်းပါဘဲ၊
ကျုပ်တို့ကတော့ဆင်းရဲတဲ့တောင်သူတွေမို့၊လယ်ပိုင်မရှိပါဘူးတော်၊ သူများလယ်မှာအငှားလိုက်စိုက်ရတာပါ၊ ပျိုးနှုတ်၊ ကောက်စိုက်၊ လယ်ရိတ်၊ အဲသလိုလုပ်ရပါတယ်၊
ကောက်စိုက်ခကတော့၊ဒီနေ့အရေးပေါ်လူလိုလို့လာခေါ်ရင်တသောင်းရပါတယ်၊ ကြိုခေါ်ထားရင်တော့တနေ့ကောက်စိုက်ခ ၈၀၀၀ ရပါတယ်၊
မနက်အစောကြီးထ၊ အဆာပြေထမင်းကြမ်းစား၊ နေ့လည်စားဖို့ထမင်းထုတ်လေးထုတ်၊ (အခုလယ်ပိုင်ရှင်တွေကထမင်းမကျွေးတော့ဘူး၊) ကိုယ်စိုက်ရမဲ့လယ်ရှိရာကိုသွား၊ တခါတလေတခြားရွာကခေါ်ရင်တနာရီ၊ တနာရီခွဲလောက်လမ်းလျှောက်သွားရပါတယ်၊
ကျုပ်ကကောက်စိုက်၊ ပျိုးနှုတ်၊ လုပ်နေပေမဲ့မျော့တော့အကြောက်သား၊ မျော့တွယ်ရင်တော့အသားကုန်အော်မိတာ၊
ကိုယ်စိုက်ရမဲ့လယ်ရှိရာကိုအဝေးကြီးသွားရပေမဲ့ သွားနေကျဖြစ်တော့မောတယ်မဟုတ်ပါဘူး၊ ကိုယ်နဲ့ရွယ်တူတွေ သီချင်းတကြော်ကြော်အော်ဆိုရင်းသွားကြတာပေါ့၊
ကိုပ်အသက်က ၁၅ နှစ်ရှိပါပြီ၊ ရွာကမူလတန်းကျောင်းမှာဘဲ ၄ တန်းအထိနေဘူးပါတယ်၊ ၄ တန်းအောင်တော့တခြားရွာကကျောင်းမှာသွားတက်ရမှာမို့၊ မသွားခြင်တော့တာနဲ့ကျောင်းဆက်မတက်တော့တာ၊
ကျုပ်အမေကကျုပ်လူမှန်းမသိတတ်ခင်ကတည်းကဆုံးသွားတာဆိုတော့၊ အမေ့မျက်နှာတောင်မမှတ်မိတော့ပါဘူး၊ အဖေကတော့ရွာမှာအိမ်ဆောက်တဲ့လက်သမားပေါ့၊
တခြားရွာကခေါ်ရင်လည်းသွားဆောက်၊ နေပူမရှောင်၊ မိုးရွာမရှောင်၊ လုပ်တဲ့သူဆိုတော့ကိုယ့်ဖာသာဗိုက်အောင့် အောင့်နေတတ်တာကိုဂရုမထားခဲ့ဘူး၊
အရမ်းမခံမရပ်နိုင်အောင် အောင့်လာတော့မှဆေးခန်းသွားပြတော့ ရွာကဆရာဝန်လေးကအသည်းရောင်နေတာတဲဘ၊ ရေများများသောက်၊ နားနားနေနေ၊နေပါဆိုတာအဖေကမနေဘူးလေ၊ အလုပ်တွေလက်ခံထားတော့လုပ်ရင်း၊ ကိုင်ရင်း၊ မသက်သာလာဘဲအောင်တဲ့ဒါဏ်ကြောင့်ဘဲ၊ အသည်းပျက်စီးသွားပြီးဆုံးသွားပါတယ်၊
ကျုပ်အသက် ၁၀ နှစ်လောက်မှာအဖေကဆုံးသွားတော့ အဖေ့အမေ၊ အမေကြီးကကျုပ်ကိုခေါ်မွေးထားရတာပေါ့၊ ကျုပ်မှာလည်းနေစရာမရှိဘူးလေ၊ ကျုပ်တို့ကမောင်နှမ ၂ ယောက်ထဲရှိတာ၊
ကျုပ်အကိုကြီးကအဖေမဆုံးခင်ကတည်းကဖားကန့်ဘက်မှာကျောက်သွားတူးအုန်းမယ်ဆိုပြီး၊ ရွာကအဖော်တွေနဲ့ထွက်သွားတာ၊ ဘာမှသတင်းမကြားရတော့ဘူး၊
အမေကြီးကလည်းအသက်ကြီးပြီ၊ အားကနုးအားထားစရာ၊ သားသမီးကလည်းမရှိတော့၊ ကျုပ်ကဘဲကောက်စိုက်၊ ပျိုးနှုတ်ရတဲ့လက်ခလေးနဲ့ မြေးအဖွား ၂ ယောက်စားနေရတာပါ၊
အမေကြီးရဲ့သမီးတယောက်ကရွာထဲမှာရှိပေမဲ့၊ သူကလည်းသူ့အိမ်ထောင်နဲ့ သားသမီးတွေနဲ့ဆိုတော့အမေကြီးကိုပြန်မကြည့်နိုင်ပါဘူး၊
ကျုပ်အသက် ၁၁ နှစ်လောက်ကတည်းက ဒီကောက်စိုက်၊ ပျိုးနှုတ် တဲ့အလုပ်ကိုလုပ်လာခဲ့တာခုဆိုကျုပ်အသက် ၁၅ နှစ်ရှိပါပြီ၊ ကျုပ်တို့ရွာမှာကမီးမရှိ၊ ဘာမရှိနဲ့ တော်တော်ခေါင်ပါတယ်၊
တနေ့မှာတော့ကျုပ်တို့ရွာတောင်ပိုင်းက ဒေါ်ကြီးမအေးရဲ့သမီးကရွာကိုလာလည်ရင်း၊ ကျုပ်ကိုတွေ့တော့သူတို့ရန်ကုန်ကသူ့ညီမအိမ်မှာကလေးထိန်းဖို့၊ ကျုပ်တို့အရွယ်ကောင်မလေးတယောက်လိုခြင်လို့တဲ့၊ အဲဒါကျုပ်ကိုရန်ကုန်လိုက်မလာလို့မေးတယ်၊
ဒေါ်ကြီးမအေးသမီးကပွဲစားတော့မဟုတ်ပါဘူး၊ သူ့ညီမအိမ်အတွက်ကလေးထိန်းဖို့လူကတကယ်အရေးတကြီးလိုနေတာကတကြောင်း၊ ကျုပ်ကိုနေပူစပ်ခါး၊ မိုးရွာမရှောင်ကောက်စိုက်စားနေရတာကိုသနားတာတကြောင်း၊ကြောင့်ကျုပ်ကိုလာခေါ်တာပါ၊
ကျုပ်ကတော့မှာကောက်စိုက်၊ ပျ်ုးနှုတ်အလုပ်ဘဲလုပ်ဘူးတာ၊ကလေးထိန်းအလုပ်လည်းမလုပ်တတ်ဘူးလေ၊ အဲဒါတွေကိုတော့သူတို့ကသင်ပေးမှာပါတဲ့၊ ရိုးရိုးသားသားလူဘဲလိုခြင်တာမို့ကျုပ်ကိုခေါ်တာပါတဲ့၊
ကိုပ်လည်းတောမှာဆင်းဆင်းရဲရဲ၊ ထမင်းတလုပ်ရှာစားနေရတဲ့ဘဝကလွတ်ခြင်တာနဲ့ရန်ကုန်ကိုလိုက်လာခဲ့ပါတယ်၊ ရန်ကုန်ကအန်တီတို့အိမ်ရောက်တော့ခြံကလည်းအကျယ်ကြီး၊ တိုက်ကြီးကလည်းအကြီးကြီး၊
ဒါပေမဲ့အိမ်သားတွေကတော့မမယောက်ခမအန်တီရယ်၊ မမရယ် ၊ ကျုပ်ရယ်၊ ခလေးလေးရယ်၊ ခွေးတကောင်ရယ်ဘဲရှိပါတယ်၊
တောကလိုက်လာတဲ့တောသူလေးပေမဲ့၊ အန်တီတို့၊ မမတို့ကကျုပ်ကိုနွေးနွေးထွေးထွေးကြိုကြပါတယ်၊ အိပ်စရာအိပ်ခန်းမှာကုတင်နဲ့ မွေ့ယာနဲ့ ကျောက်ပဥ်၊ သနပ်ခါးတုံး၊ ဘီး၊ မှန်၊ မျက်နှာသုတ်ပုဝါ၊ သွားတိုက်ဆေးမှအစအကုန်ထုတ်ပေးပါတယ်၊
ကျုပ်မှာအဝတ်အစားကလည်းတောမှာဝတ်တဲ့အဝတ်အစားတွေဘဲပါတာမို့၊ အန်တီကနောက်နေ့မှစျေးသွားပြီးဝယ်ပေးမယ်တဲ့၊ ထမင်းဟင်းလည်းအန်တီဘဲချက်တာပါ၊ ကျုပ်ကဘေးကငရုပ်သီးထောင်း၊ ကြက်သွန်ခွာ ၊ ပုဂံဆေးလောက်ဘဲဝိုင်းကူရပါတယ်၊
ထမင်းစားနော့လည်းသူတို့စားတဲ့အတိုင်းကျွေးလို့၊ ကျုပ်မှာဆန်ကောင်းကောင်းနဲ့ချက်ထားတဲ့ထမင်းကိုမစားတတ်ပါဘူးတော်၊
ခလေးလေးကယောကျားလေး၊ တနှစ်သားရှိပြီမို့ တောက်တောက်နဲ့ အရမ်းချစ်စရာကောင်းတာဘဲ၊ ကျုပ်ကခလေးမထိန်းဘူးပေမဲ့၊ အန်တီနဲ့မမကသင်ပေးလို့အခုဆိုနည်းနည်းတတ်နေပါပြီ၊
နေရောင်တောင်မထိုးတဲ့တိုက်ထဲမှာငြိမ်းငြိမ်းချမ်းချမ်းနေရတာမို့၊ ကျုပ်အရမ်းပျှော်ပါတယ်၊
ဒီအိမ်မှာကယောက်ကျားသားရယ်လို့ယောက်မှမရှိ၊ အန်တီ့သား မမယောက်ကျားကနိုင်ငံခြာမှာအလုပ်လုပ်နေတာမို့၊ ကျုပ်တို့မိန်းမသားတွေချည်းဘဲနေရပေမဲ့၊ လုံခြုံစိတ်ချရပါတယ်၊
မမတို့ခြံထဲမှာနောက်ထပ်တိုက်တလုံးရှိနေသေးတာ၊ အဲဒိီတိုက်မှာတော့အကိုကြီး၊အမကြီးတွေ၊ သူတို့မိဘတွေနေကြတာမို့၊ မိသားစုတွေတစုတဝေးတည်းနဲ့ပျှော်စရာကြီးပါ၊
ကျုပ်ရတဲ့လခကိုရွာကအမေကြီီးဆီမမတို့ကပို့ပေးတာမို့၊ အခုဆိုအမေကြီးလည်းအသက်ကြီးမှအိုဇာတာကောင်းလိုက်တာလို့ရွာကလူတွေကအားကျနေကြတာတဲ့လေ၊
အခုဆိုတောက ကောင်မလေးဖြစ်တဲ့ကျုပ်၊ မြို့မှာကလေးထိန်းအလုပ်နဲ့ ပျှော်နေပါပြီလို့၊
ကျုပ်အကြောင်းတွေပြောပြီးလို့၊ ကျုပ်နံမည်ကိုပြောရအုန်းမယ်၊ ကျုပ်နံမည်က ကိုရီးယားဇာတ်လမ်းတွဲထဲဂျင်ဆမ်းမီနဲ့တူလို့ဆိုပြီး၊ နောက်ခေါ်ကြရာကအခုဆိုကျုပ်ကို ဂျင်ဆမ်းမီ၊ ဆမ်းမီလိုဘဲခေါ်ကြတယ်၊ ကျုပ်နံမည်ရင်းတောင်မေ့နေပါပြီတော်၊
မေသင်းလှိုင် ( ရွှေဘို)