ဆင်ဖြူကျွန်းအောင်သိန်း
တနင်္ဂနွေထောင့်မှာ
အင်္ဂါထောင့်မှာ တစ်လိပ်လိပ်တက်လာသည်မှအပ ကောင်းကင်တစ်ပြင်လုံးက တစ်ခွင်လုံးမှာ ပြာစင်နေသည်။ တဟူးဟူးတိုက်နေသော လေ၏အနံ့နှင့် အငွေ့အသက်တို့တွင်လည်း မိုးရွာမည့် လက္ခဏာ မပါ။ သို့ဖြစ်ငြား အေးဆောင် စိတ်မပျက်ပါ။
တက်လာသော တိမ်လိပ်ကြီးသည် နေလုံးကြီးဘက်သို့ ဦးတည်နေသည် မဟုတ်ပါလား၊ သည်တိမ်လိပ်ကြီး နေလုံးကို ဖုံးအုပ်မိလျှင် အေးဆောင် ကျေနပ်ပြီ။ မိုးရွာသလောက်နီးနီး ဝမ်းသာမည်။ မည်းသိပ် ခဲချိပ်နေသော သည်တိမ်လိပ်သာ အုပ်မိလျှင် မနည်းအေးသွားမည်ဖြစ်သောကြောင့်ပင်။
လက်ယာဘက် ယာခရိုးတွင် ရှားစောင်းပြဿာဒ်တွေ ဖူးအံ့မူးမူး နီလွင်သော ဖူးစို့ကလေးတွေ ထွက်နေကြသည်ကို ပျပျကလေး မြင်ရသည်။ ရှားစောင်းမြင်းနားတို့မူ ရှားစောင်းပြဿဒ်နှင့် အရပ်ချင်း မပြိုင်နိုင်သောကြောင့် ရှည်လျားပြန့်ဝင်းသော လက်တံများတွင် မြရွက်နုသားမြေးတို့ကို မွေးမြူနေကြသည်။
ခရိုးဘက်တွင်ကား အေးဆောင်တို့သားအမိ၏ ယာ။ မသိသူတို့မူ “အလကား သဲပြင်ကြီးပါ”ဆိုကြမည်ဖြစ်ငြား၊ ကာလပေါက်ဈေး တစ်ဧက ရှစ်ထောင်လောက်ရှိသော မြေမသဲနုန်းယာပြင်ကြီးမှာ “တုံး” အုပ်ထားသဖြင့် ပြေပြစ်နေပေ၏ ။
သေသေချာချာကြည့်လျှင် သည်ဝါကျင်ကျင် သဲနှုန်းမြေမ အပြင်ကြီးထဲမှ မြေပဲပင်ကလေးတွေ အစို့အညှောက် ပြူထွက်လာကြပြီ။ ယာခင်း ဗဟိုမျဉ်းကြောင်းတွင်မူ ဝါငုတ်တွေကို ထိုးထိုးထောင်ထောင် တန်းစီနေကြ၏ ။
အေးဆောင်သည် ထွန်တုံးပေါ်တွင် စီးနင်းလိုက်ပါယင်း ထွန်သွားများကို ငုံ့ကြည့်နေမိ၏ ။ ထွန်ရေးဟောင်းတွင် ကဆုန်မိုးကြီး မိထားသဖြင့် ထွန်၍ ကောင်းလှ၏ ။ အမှိုက်သရိုက်နှင့် ပေါင်းများ မပါသလောက်မရှိသလောက်ပင်။
ထွန်ချေးစာများသည် ဖြူစင်တောက်ပသော ပုလဲလုံးကလေးများကိုတစ်ကြောင်း တစ်ကြောင်း ဖုံးအုပ်သွား၏ ။ ထွန်တုံးနောက် မလှမ်းမကမ်းတွင် ချိုးတစ်အုပ်သည် ထွန်ကြောင်းထဲမှ အစာကို လုယက်ကောက်ယူနေကြ၏ ။
အမှိုက်မပါ၊ ပေါင်းမငြိသော ထွန်သွားများကို အေးဆောင် ငုံ့ကြည့်နေခြင်းမှာ အကြံအိုက်နေသောကြောင့် ကြည့်မိ ကြည့်ရာ ကြည့်နေခြင်းဖြစ်၏။
ဧကတစ်မတ် သာသာရှိသော ယခု ထွန်ဆဲနေရာကလေးမှာ မြေပဲ မချရသေး။ မချရသေးချင်းမှာ တမင်ချန်ထားခဲ့ခြင်းဖြစ်ရာယခု မည်သည့်အရာချရလျှင် ကောင်းမည်နည်း၊ စဉ်းစားနေခြင်းဖြစ်၏ ။
ပဲစဉ်းငုံ ချရကောင်းမလား၊ ပဲကြီးချရကောင်းမလား။ နွားစာပဲကြဲရမလား ၊ “ဟာ ကုလားပဲရိုးနဲ့ အရွက်နဲ့ပဲ နွားစာရနေပြီပဲ။”
သို့အစဉ်တွင် တစ်စုံတရာ သတိရသဖြင့် တနင်္ဂနွေထောင့်ဘက်သို့ ဆက်ကနဲ့လည်ရှည်ကာ ကြည့်မိ၏ ။ ကန်ကြိုးကို ဆွဲမိမတတ်ဖြစ်သွားပြီးမှ တံဖျာကို မြှောက်လိုက်၏ ။
“နေမပူခင် သွားလိုက်ကြစမ်း သားတို့ရေ”
နွားနှစ်ကောင်ကို အားပေးလိုက်သည်။ သူ့လည်ပင်းကို ဆတ်ကနဲ့ ရှည်စေသောအရာမှာ ပွေးဖြစ်သည်။
သည်ပွေးမှာ ပွေးလည် ပွေးနပ်ဖြစ်၏ ။ ပွေးတွင်း အဝ ဥမင်အမိုးကို ပါးပါးကလေးရှပ်ကာ ဥမင်အဝ ဖွင့်ထားပြီး သုံးခွမှိန်းဖြင့် စောင့်၏ ။ ပွေးတို့ထုံးစံ ကျစ်စာလာထိုးမြဲရှိငြား သည်ပွေး မလုပ်။ အဝေးကြီးမှ ကျစ်စာထိုးပြီး ပိတ်သွား၏ ။
ကောင်းကင်ကျ ထောင်ချောက်၊ မြားထောင်ချောက်တို့ဖြင့် လုပ်ပြန်သည်။ မမိ။ ပွေးလမ်းကြောင်း အဆက်မပြတ် တူးပြီးလိုက်သောအခါတွင် ထနောင်းပင်အမြစ်များအောက် ဝင်ခို၏ ။
ယခု လူပြော သူပြော နောက်ဆုံးနည်းဖြင့် စမ်းသပ်ထားရာ မိမမိ သိချင်၏။ သည်နေရာသို့ သွားနေလျှင် အသွားအပြန်ဆိုပါက ထွန်နှစ်ခေါက်စာလောက် လစ်ဟင်းမည်။ သည်အထဲ ပုလဲပက်ပြီး ယခု ထွန်နေသော အကွက်တွင် ဘာချရမည် မသိသေး။
သည့်နှယ် အကြံအိုက်နေဆဲတွင် အေးဆောင်မျက်လုံးများသည် တစ်ဘက် ယာခင်းထဲသို့ ရောက်သွားပြန်၏ ။ တစ်ဘက်ယာခင်းနှင့် သည်ယာခင်းကို ဝပင်တန်းကြီးသာ စည်းခြားထားသည့်အတွက် တရွေ့ရွေ့ လှမ်းဝင်လာသူကို သေချာစွာမြင်ရ၏ ။
“မြဘွယ်”
နောက်ကျိနေသော အေးဆောင်ခေါင်းသည် ကြည်လင်သွားပါပြီ။ မရွှင်မလန်းဖြစ်နေသော မျက်နှာကြီးမှာလည်း ကြည်လင် စင်ဝင်းလာပါသည်။
မြသွယ်သည် သနပ်ခါးထူထူလိမ်းထား၏။ အင်္ကျီလက်ရှည်နှင့် လုံချည်ခပ်နွမ်းနွမ်းကိုဝတ်ကာ ရေနံဝနေသော နှီးခမောက်ကို ဆောင်းထား၏။
မည်သို့ဖြစ်စေ အေးဆောင် မျက်စိထဲတွင် မြသွယ်မှာ လှနေသည်သာ။ အစုတ်ဝတ်ဝတ်၊ အကောင်း အဝတ်ဝတ် မြသွယ်ကို ချစ်သည်။ ကြိုက်သည်။ တွယ်တာမြတ်နိုးသည်။
မြသွယ်သည် ချိုင်းကြားတွင် ညှပ်ယူလာသော အဝတ်စုတ်ကို ပစ်ချရင်း အေးဆောင်ဘက်သို့ လှမ်းကြည့်လိုက်ရာက တစ်ဆက်တည်း ပြုံးပြုံလိုက်၏။
အေးဆောင်ရင်မှာ ကြည်နူးသွားရပေ၏ ။ မောသမျှ ပန်းသမျှ နွမ်းသမျှတို့ လွင့်စဉ်ပြေးပြီ ထင်ရလေ၏ ။
– ၂-
ဟို ယာခင်းဘက်တွင် အေးဆောင်ရှိသည်။ မုန်ညင်းထူသည်ဆိုကာ မြေပဲမချသေးဘဲ ချန်ထားခဲ့သော မြေဧကတစ်မတ်ခန့်ကို ယနေ့မှ ပုလဲဓါတ်မြေဩဇာပက်ပြီး ထွန်မည်ဖြစ်သည်ကို မြသွယ်သိထားသည်။
မုန်ညင်းသည် မြေပဲ၏ ရန်သူဖြစ်သည်။ မြေပဲနုနုကလေးများကို မုန်ညင်းထိုးပြီဆိုလျှင် မြေပဲခင်းပိုင်ရှင် ငိုခန်းပေတည်း။
သည်မုန်ညင်းမြက် မျိုးပြုတ်စေချင်လျှင် ပုလဲပက်ပြီး လေးစပ်ထွန် သုံးလေးည သိပ်ထားရသည်ဆို၏ ။ သည်နည်းကို မြစ်နောက်ဖက်ရှိ လယ်သမားများထံမှ ရသလား၊ ဥယျာဉ်သမားများထံမှ ရသလား၊ ကိုယ့်ဘာသာကိုယ် ကြံဆခြင်းလား ဟူသည်ကိုကား မြသွယ်မသိ။ မြသွယ်အဖေ ဦးသက်ကအစ သူတို့တစ်ရွာလုံး တစ်နယ်လုံး သည်နည်းကို ယုံကြည်လက်ခံနေကြကြောင်းကိုမူ မြသွယ်သိသည်။
သည်မုန်ညင်းကြောင့် ချန်ထားသောအကွက်တွင် အေးဆောင်ရှိသည်ကို ယာတဲ ခြေမလှမ်းခင်ကတည်းက မြသွယ်သိထားခဲ့သဖြင့် သူ့ကို မကြည့်ဘဲနေမည်၊ သို့ဆိုလျှင် သူမနေနိုင် မထိုင်နိုင်ဖြစ်မည်တွေးကာ မကြည့်ဘူး စိတ်တင်းထားပြီး ဝင်ခဲ့ပါလျှက် ဘာကြောင့် ကြည့်မိရ၊ ပြုံးမိရပါလိမ့်။
“ကြည့်ပါအုံး၊ ငါပြုံးတာမြင်တော့ သူပြုံးလိုက်ပုံကြီးကလဲ ပြဲသွားတဲ့ပါးစပ်က ဟိုဘက်နားရွက် သည်ဘက်နားရွက် ထိတော့မတတ်ဘဲ”
သို့ဖြစ်ငြား မြသွယ်သည် ခေါင်းပြန်ငုံပြီး ကြည်နူးနေသည်။ ရင်ထဲတွင် ချမ်းမြနေသည်။
ထန်းပင် ပင်စည်အလား နက်မှောင်သော အသားအရောင်ရှိသူ ဖြစ်သော်လည်း သူ့ကို မြသွယ် အင်မတန်ချစ်သည်။ မြသွယ် စိတ်ဆိုးလည်း အပြုံးမပျက်၊ မြသွယ် စိတ်ကောက်လည်း ပါးစပ်ကြီးဖြဲကာ တဟဲဟဲဖြင့်။
ကြည်နူးစိတ်မွှန်သွားသောကြောင့် ရုတ်တရတ်သော် မြသွယ်မှာ မေ့လျော့သွားမတတ် ဖြစ်ရ၏ ။ လူမသိ သူမသိ ကိုယ့်ဘာသာကိုယ် ဣန္ဒြေဆည်ရင်း စဉ်းစားတော့မှ ပေါ်လာတော့သည်။
“ဩော် ငါ ဝါကောက်ဖို့ လာသာပါကလား”
သည်အတွက်ကြောင့်လည်း လွယ်အိတ်ယူလာသည်။ အပြန်တွင် ဝါပေါက်တွေ ထည့်လာရန် အဖေ့ပုဆိုးစုတ်ပါ ယူလာသည်။
တစ်ဆက်တည်းပင် အဖေ့မှာစကား ကြားရ၏ ။
“ပဲချတုန်းက ဝါပင်တေ ခုတ်မပစ်သာက ပေါက်ခါနီး အသီးတေမြင်ရလို့ မခုတ်သာပဲ သမီးရဲ့၊ သည်တခါ ကောက်ပီးယင်းတော့ ခုတ်ရတော့မယ်”
မြသွယ်တို့စိုက်သော ဝါမျိုးမှာ ရေကြိုက်သော ချည်မျှင်ရှည် ဝါမျိုးမဟုတ်ပါ။ ပိုးမွှားနည်းပါးပြီး ရောဂါဒဏ်ခံနိုင်၊ ရေငတ်ခံနိုင်သော ဝါကြီးမျိုး ဖြစ်သည်။ ယင်းတို့ကိုလည်း ဦးစားပေး မစိုက်ပါ၊ မြေပဲ လေးငါးဧကကြားတွင် တစ်တန်းမှာ သုံးလေးပင်နှုန်းဖြင့် ယာကို ကန့်လန့်ဖြတ်၍ ဖြစ်စေ၊ ဘေးအစပ်တွင် ကပ်လျက်ဖြစ်စေ တစ်ကြောင်းစိုက်ကြသည်။
ချည်မျှင်ရှည်ဝါက တစ်နှစ်တစ်ကြိမ် စိုက်ရငြား မြသွယ်တို့ သီးညှပ်ဝါကြီးမူ သုံးလေးနှစ်ကြာမှသာ တစ်ကြိမ် အသစ်ပြန်စိုက်သည်။ မြသွယ် ယခု ဘိတ်ဆုံး ကောက်မည့် ဝါပင်တန်းမှာ တစ်နှစ်သားသာရှိသေး၏ ။ ပြာသိုလမှစ၍ ဝါကောက်ခဲ့ရာ ယခုထက်ထိ မတုံးသေး။
မတုံးသေးစေကာမူ သည်တစ်ကျော့ ကောက်ပြီးလျှင် ခုတ်ပစ်တော့မည်။ အငုတ်ဟောင်းများ ထွက်လာသော အကိုင်းအခက်သည် ပိုမိုစည်ကားစွာဖြင့် ပင်သစ်အောက် မယိုသော ဝါပေါက်များကို ပေးလိမ့်မည်။
မြသွယ်သည် သူ့ကို ဝါပင်ကြားမှ လှမ်းကြည့်သေးသည်။ သူ တံဖျာ တဝဲဝဲဖြင့် ကျောပေးကာ ထွန်ကို မောင်းသွားနေသည်။ သူ့ကျောပြင် သပိတ်ရောင်ကြီးမှာ ချွေးသီး ချွေးဥများ လက်လက်ထနေပေ၏ ။
လွယ်အိတ်ကို လည်ပင်းတွင် စွပ်မိပြီးဖြစ်ငြား လက်ကိုင်ထားပြီးသား ဝါပေါက်ကိုပင် မြသွယ် မခြွေမိသေး။ အေးဆောင်ကို ငေးကြည့်ယင်း သက်ပြင်းရှိုက်၏ ။
“ငါ့ကို တောင်းဖို့ဆိုပီး ငွေစုထားသဲ့ ငွေကလေး၊ သူ့အမေ မမာသာနဲ့ တော်တော်များ လျော့သွားပြီလား။ သူ … သူ့စိတ်များ ဆင်းရဲနေရှာရော့လား”
အေးဆောင်၏ထွန်သည် ဆန့်ကျင်ဘက်သို့ ပြန်ကွေ့လာတော့မှ မြသွယ်သည် အကြည့်သိမ်းကာ ဝါပေါက်များကို လွယ်အိတ်ထဲသို့ ထည့်သည်။ ဝါကိုင်း ဝါရွက်များပေါ်တွင် လိမ္မော်ရောင်၌ အပြောက်ချယ်သော နှစ်ကောင်တွဲပိုးကောင်လေးတွေ မြူးတူးနေကြ၏။
မြသွယ်သည် တစ်ကိုင်းမှ တစ်ကိုင်း၊ တစ်ပင်မှ တစ်ပင် သွက်လက်စွာရွှေ့ရင်း အလုပ်ထဲသို့ စိတ်သွင်းလိုက်သည်။
“ငါ့ဖို့ ထမင်းထုပ် မပါဘူးလား ဟ”
နွားမောချိန်သည် ထွန်နားပြီး ထမင်းစားချိန်ဖြစ်၏။
ညက ထမင်းကြမ်းကျန်လျှင် တလက်စာတည်း ထမင်းထုပ် ထုပ်ပြီး ယူလာလေ့ရှိသည်ကို မြသွယ်သိ၏။ ထမင်းကြမ်းမကျန်လျှင် အေးဆောင် အမေသည် အပြေးအလွှားချက်ပြီး ထမင်းထုပ်ကို လူကြုံပါးလေ့ရှိသဖြင့် မြသွယ် မကြာခဏ ယူလာရလေ့ရှိသည်။ ဤသည်ကို ရည်စူးပြီး မေးကြောင်း မြသွယ် နားလည်ပါသည်။
မေးသံကြားရသဖြင့် မြသွယ် လှမ်းကြည့်လိုက်ချိန်တွင် အေးဆောင်၏ ရင်ဘတ်ကြီးမှာ ချွေးတွေရွှဲနေရုံသာမက ဖိုထိုးဘိသကဲ့သို့ ဟိုမှာ ရပ်ထားခဲ့သော နွားနှစ်ကောင်နှင့် အပြိုင်မောနေ၏ ။
မြသွယ် ရင်ထဲ သိမ့်ကနဲ့ လှုပ်သွား၏။ သည်ချွေးတွေကို သုတ်ပေးပီး အဖေ့ပုဆိုးစုတ်နဲ့ ယပ်ခတ်ပေးလိုက်ရယင် သူ ဘယ်လောက် အမောပြေလိုက်မလဲ။
သည်နှယ် ရင်မှာ အကြင်နာဝင်လာငြား သတိဖြင့် ကိုယ့်ကိုကိုယ် ချက်ချင်း ပြန်ချုပ်ရ၏ ။
“အင်မတန် လက်ရဲ ဇက်ရဲရှိနဲ့ လူ၊ မျက်နှာချို သွားသွေးလို့”
သတိကို ကိုယ်တွေ့အသိဖြင့် ပေါင်းစပ်လိုက်သောအခါ မြသွယ်၏ အငေါ်တူးသံပေါ်လာတော့သည်။
“တော့်ဖို့ ထမင်းယူလာရအောင် တော်က ကျုပ်တို့ရဲ့ စာရင်းငှားလား”
“သည်လိုတော့ မပြောပါနဲ့ဟာ”
ဝါပင်တန်းများကို အလယ်ကထားလျက် မြသွယ်ရှေ့သို့ အေးဆောင် ရောက်လာသည်။
“ပြောမှာ”
“တော့်ဖို့ ထမင်းယူလာရအောင် ကျုပ်က တော့်ဇနီးလားမေးပါ … ဟီးဟီး”
“သေနာကြီး”
ဟန်လုပ်ပြီး သေနာကြီးဆိုလိုက်ရငြား ထိုးသော မျက်စောင်းတွင် ကျေနပ်ရိပ်ကလေးများ ပါသွားသည်ကိုကား မြသွယ် မတားဆီးနိုင်။
“နွားမောလို့ နားနေတုန်းမှာ ထမင်းစားမှ အလုပ်တွင်မှာပေါ့ဟ။ နွားအမောပြေလို့ ပြန်ထွက်ခါမှ ထမင်းရောက်လာရင် ဘယ်မှာ အလုပ်တွင်ပါတော့မလဲ။ အမေကလဲနော်”
အေးဆောင် ညည်းညည်းညူညူဖြင့် ခေါင်းကုတ်သည်။ သည်ညည်းတွားသံကြောင့် မြသွယ် မျက်လုံးလှန်ကြည့်မိသည်။
“ကြည့်စမ်း သူ့ခမျာ ခုထက်ထိ အမောမပြေသေးဘူး။ ရင်ဘတ်မှာလဲ ချွေးတွေ ဖုန်တွေနဲ့ ရောလို့ ပါကလား”
မြသွယ် ကြည့်သည်ကို အေးဆောင်မသိ။ ဝါပေါက် လေးငါးပေါက်ကို လှမ်းပေးယင်း မေးသည်။
“နင့်အဖေက ဘာစိတ်ကူးနဲ့ ဒီအပင်တွေကို ခုထက်ထိ မခုတ်ဘဲ ထားသေးတာလဲဟ”
“ခု ခုတ်တော့မယ် ပြောလိုက်ပါသယ်တော့်”
“အခုလို အရိပ်ခိုစရာရှားတုန်းမှာ ခုတ်မှ ဝါပင်မှာ ကပ်နေသဲ့အကောင်တွေ သေမှာဗျား”
ဝါပင်တွင် ကျရောက်သော လိမ္မော်ရောင် ပြောက်တောက်တောက်နှင့် သည်နှစ်ကောင်တွဲ ပိုးကောင်များသည် ဝါပင်နှင့် မျိုးရင်းချင်းတူသော ချဉ်ပေါင်ပင်၊ ဗောက်ခွေးပင်၊ ရုံးပတီပင်များတွင်လည်း မှီခိုနိုင်သည်။ လက်ပံပွင့်ကိုလည်း မှီခိုနိုင်၏ ။
ယခုနှယ် ပဲကြီးပြီးစကာလ မှီခိုစရာ နားနေစရာ အရိပ်အာဝါသ ခေါင်းပါးချိန်တွင် ဝါကိုင်းများကို ခုတ်ပစ်ပါက ကျဲကျဲတောက် နေရောင်အောက်က သဲပြင်တွင် နှစ်ကောင်တွဲပိုးကောင်များ ပျက်စီးကုန်လေ့ရှိပေသည်။
အရိပ်ခိုစရာ ပေါင်းပင်၊ သီးနှံပင်ရှိလာခါမှ ခုတ်ပစ်လျှင်ကား ရှေ့နှစ်တွင် ထွက်လာမည့် ဝါပင်၏ ရွက်သစ်ကိုင်းသစ်များမှာ ပိုးဟောင်းပိုးသစ် နှစ်အား နှိပ်စက်သဖြင့် ကောင်းလှရန် မလွယ်တော့ချေ။
အေးဆောင်က ဤသည်ကို ရည်ရွယ်ပြောလိုက်ရာက တနင်္ဂနွေထောင့်မှ ပွေးကို ဖြတ်ကနဲ့ သတိရ၏ ။
သို့ကြောင့် ဝါတန်းဘေးမှ ခွာမည်ပြုစဉ် လူတစ်ယောက်ကို လှမ်းမြင်၏။ မြသွယ်၏အဖေ ဦးသက်ဖြစ်၏။
“ဟိုမှာ ယောက္ခမကြီးလာနေဘီဟေ့”
မြသွယ် လှည့်ကြည့်ပြီး နှစ်ကိုယ်ကြား ဆဲရေးသည်။
“မသာကြီး … သူ့မှာ သာနဲ့ပဲ အိုသေတော့မယ်”
– ၃ –
ဦးသက်သည် ယာတဲသို့ ယနေ့လာရန် စိတ်ကူးမရှိချေ။ ဝါပင်များကို နက်ဖြန်မှ လာခုတ်မည် ကြံစည်ထားသည်။
သို့သော် မြသွယ် ဝါကောက်ရန်ထွက်သွားပြီးမှ တစ်ဘက်ယာတွင် အေးဆောင်ရှိနေမှန်း သတိရသည်။ သူ့သမီးနှင့် အေးဆောင် ကြိုက်နေမှန်းလည်း သူသိနေသည့်အတွက် အရံအတားအဖြစ် သမီးငယ်ကို နောက်ထပ်လွှတ်မည် စိတ်ကူး၏။ အငယ်မမှာ မြသွယ်လုပ်သမျှကို သဘောတူသူဖြစ်၏။
သို့ကြောင့် ဇနီးကိုလွှတ်မည် စိတ်ကူးသေး၏။ သည်အမယ်အိုကြီးလည်း အေးဆောင်ဘက်တော်သားမို့ မဟန်သေးချေ။ သို့အတွက် ခမောက်ဆောင်းကာ ဓားမတိုတစ်ဘက်၊ ဒန်ရေချိုင့် တစ်ဘက်ဆွဲပြီး ထွက်လာခါမှ
“ကိုဖိုးသက် ယာထဲသွားမှာဖြင့် ထမင်းထုပ်ကလေး ဆွဲသွားပေးစမ်းပါတော်”
ဟု လူကြုံပါးခံရ၏ ။ ထမင်းထုပ် ပေးလိုက်သူမှာ အေးဆောင်အမေ ဒေါ်သော့။
ဦးသက်သည် အဝေးကြီးကတည်းက သူ့သမီးကို လှမ်းကြည့်ရာ ဝါပင်တန်းဟိုဘက်ရှိ အေးဆောင်ကို မမြင်ရသဖြင့် ကျေနပ်သွားသည်။ ဝါပင်များအပေါ်တွင် ကဲကြည့်လိုက်သောအခါတွင် ထွန်နားနေသည်ကို မြင်ရ၏ ။
“အေးဆောင်ရေ ထမင်းပါသယ်ဟေ့။ ထမင်း … ထမင်း”
ထိုအချိန်တွင် အေးဆောင်သည် သူရည်မှန်းရာ တနင်္ဂနွေထောင့်သို့ ရောက်လုနေပြီ။
“ဟေး … အေးဆောင်”
“ဗျိုး”
“ထမင်းပါသဟ … ထမင်း’
ဆာလောင်လျက်ရှိစဉ်ကို ထမင်းအသံကြားရသည်။ ပွေးသည် အေးဆောင်စိတ်ကူးထဲမှ ပျောက်သွား၏
အေးဆောင် ပြေးလာသည်။ လှည်းလမ်းဘက် ရှားစောင်းရိပ်တွင် တင်ပျဉ်ခွေထိုင်ကာ ထမင်းထုပ်ကို အတင်းဖြေစား၏ ။ ဟင်းဟူ၍ မည်မည်ရရ မပါ။ ညတုန်းကကျန်သော ငါးပိအကပ်ကလေးနှင့် ငရုတ်သီးထောင်းမျှသာ။ သို့တစေ အေးဆောင် ပလုတ်ပလောင်း လွေးသည်။ ဦးသက်က သူ့အနီးမှ ခွာခါနီးတွင် လှည့်မေး၏။
“မင်း ဘာထွန်နေသာလဲကွ”
“မုန်ညင်းထနေလို့ ပုလဲပက်ပြီး ထွန်သာပါ အရီးရ”
“ငါ့လခွေးတဲ့ … မုန်ညင်းသတ်သာ သိသာပေါ့။ ပီးယင် ဘာချမယ် စိတ်ကူးလဲမေးသာဟ”
“ပဲကြီးချရ ကောင်းမလားလို့ဗျ”
“ပဲကြီးလဲ ကောင်းသားပဲ၊ နှမ်းလဲ ကောင်းသားပဲ”
“ကျုပ်တို့ မြေမျိုးက နှမ်းမကြိုက်ပါဘူး အရီးရာ။ မြေနီသဲဝင်းမှ မဟုတ်ခဲ့ဟာ”
အေးဆောင်စကား မဆုံးတဆုံးမှာပင် ဦးသက်က ဝါပင်တန်းထိပ်သို့ ရောက်သွားကာ မြသွယ်ကောက်ပြီးသား အပင်များကို ‘ငါးပိုင်း’မျှ ခုတ်ချပစ်နေပြီ။
လေသည် တဟူးဟူး တိုက်နေဆဲပင်။ သို့ဖြင့် ဦးသက်ပါးစပ်မှ ပြောင်းဖူးဖက်ဆေးလိပ်သည် ရဲကနဲ့ ရဲကနဲ့ ကျွမ်းအားကောင်းနေသည်နှင့်အမျှ မီးပွားများကလည်း အေးဆောင်ဘက်သို့ အမျှင်တန်းလျက် လွင့်လာ၏ ။
အေးဆောင်မှာ အသားကို မီးပွားမကပ်အောင်လည်း ရှောင်ရ ထမင်းလုပ်ကိုလည်း ခွံ့ရနှင့် အလုပ်များနေ၏။ အေးဆောင်အဖြစ်ကို အတန်ကြာမှ ဦးသက်မြင်သည်။ ဟားတိုက်၍လည်းရယ်သည်။
“မီးပွားလွင့်သယ်ဗျို့ အော်ပြောပါတော့လားဟ”
“အဟီး … အားနာလို့ဗျ”
“မင့်ဖေကလွှား အားနာရသလား။ မင်းထမင်းစားနေသာပဲ”
သို့သော် အေးဆောင်မှာ ထမင်းတစလယ်ချက်ကို ကွမ်းတစ်ယာညက်ကြာအောင် စားသူမဟုတ်ရကား ဦးသက်ပြောနေဆဲမှာပင် ထမင်းထုပ်ကို ပြန်ထုပ်ပြီးသား၊ သစ်ကိုင်းတွင် ချိတ်ပြီးသား ဖြစ်သွားလေ၏ ။
“သည်ဘက်အရိပ်မှာ ရေရှိသယ်နော”
ဦးသက်လှမ်းပြောသော်လည်း အေးဆောင် လက်မဆေးပါ။ ရေလည်းမသောက်ပါ။ စိုက်စိုက် စိုက်စိုက်နှင့် ထွက်သွားသည်။
ဝါငုတ်များကြားမှ ဆေးလိပ်တိုကို ကောက်ယူပြီး တနင်္ဂနွေထောင့်ဘက်သို့ ဆက်လျှောက်သွားပြန်သည်။
သည်ကောင် ဘာလုပ်မလို့ပါလိမ့်တွေးယင်း ဦးသက် မျှော်ကြည့်၏။
အေးဆောင်ဘက်မှ တနင်္ဂနွေထောင့်ဖြစ်၍ ဦးသက်တို့ဘက်မှ အင်္ဂါထောင့် ဖြစ်သော ထနောင်းပင်အောက်တွင် အေးဆောင် တကုန်းကုန်းဖြင့် အလုပ်များနေ၏
“ဟေ့ကောင် ဘာတွေလဲဟ”
“ပွေး အရီးရ”
ပွေးသံကြားသည်နှင့် ဦးသက် မျက်လုံးကျယ်သွားကာ သွက်သွက်လှမ်းလာခဲ့သည်။ ပွေးဆိုလျှင် သူ့ယာထဲ ကိုယ့်ယာထဲ ရွေး၍မရ။ ယနေ့နံနက် သူ့ယာထဲရှိနေပေမင့် နေ့လယ်တွင် ကိုယ့်ယာထဲ ရောက်လာလား လာတတ်ရာ မျိုးဖြုတ်ထားမှ။
ဝင်ခုတ်တန်လျှင် ခုတ်ရန်၊ ဝင်တူးတန်လျှင် တူးရန် ဦးသက် အသော့လှမ်းလာခြင်းဖြစ်၏ ။ အေးဆောင်သည် မြေပွကို တူရွင်းငန်းပြားဖြင့် ယက်ဖယ်နေ၏ ။
“မင့်ဥစ္စာက အစုံလဲ မဟုတ်ပါကလား”
အေးဆောင် ပြန်မဖြေဘဲ ခွေးယက်သလို လက်နှစ်ဘက်ဖြင့် ဘယ်တစ်လှည့် ညာတစ်လှည့် ယက်ထုတ်နေပြီ။
“တုရွင်းနဲ့ ကော်ပါဟ”
“အဝပိတ်သွားမှာ စိုးလို့ပါ အရီးရ”
ပြောပြောဆိုဆိုဖြင့် အစိုဓါတ်ပေါ်လာလျှင် တူရွင်းကို တစ်လှည်သုံးပြီး ကော်ပြန်သည်။ သုံးကော်မျှသာ ကော်ရသေးသည်။ ပွေးတွင်းဝ ပေါ်လာသည်။ တပြိုင်နက်ပင် ထောင်းကနဲ့ အပုပ်နံ့ကြီး ထွက်လာ၏ ။
“ပြေးပါအုံးလားကွ။ သစ်မြစ်ကြားမှာ ပုန်းပါအုံးလား”
အေးဆောင်သည် ကြုံးဝါးပြောဆိုရင်း ပွေးတွင်းထဲမှ တစ်စုံတရာကို တူရွင်းဖြင့် ကော်ထုတ်သည်။ ပုပ်ဟောင်သော အနံ့ သည် ပိုမိုပြင်းထန်လာကာ ပုပ်ရိစပြုနေပြီ ဖြစ်နေသော ပွေးသည် သွားကလေးအကျဲသားဖြင့် မြေပေါ်သို့ ရောက်လာ၏ ။
“ဟား … တယ်ဟုတ်ပါလား။ မင်းဘယ်လိုလုပ်သာလဲ ဟကောင်ရ”
ဦးသက်က မေးမြန်းယင်း ပွေးဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သဖြင့် အေးဆောင်မှာ
“အရီးမကိုင်နဲ့ အဆိပ်တေ”
ဟု အလျင်တဆော အော်ပြောလိုက်မိ၏ ။
“ဘာအဆိပ်လဲကွ”
“အင်ဒရင်းလေ အရီးရ”
အင်ဒရင်းမှာ အသက်သုံးဆက် ဆက်ပြီး သေစေသော အလွန်အဆိပ်ပြင်းသည့် ဝါပိုးသတ်ဆေးဖြစ်၏ ။
“အင်ဒရင်း ဟုတ်လား”
ဦးသက်က ထိုင်လျက်က လှည့်ကြည့်ကာ မေး၏ ။
“ဟုတ်ကဲ့။ အင်ဒရင်းက သူ့နဲ့မထိဘဲ သူ့အငွေ့ရှူမိလဲ အဆိပ်သင့်တာပဲမဟုတ်လား အရီးရ။ အဲသာကြောင့် သစ်မြစ်တွေကြားထဲမှာ ဝင်ပုန်းနေသဲ့ကောင်တွေအတွက် တွင်းဝမှာ အင်ဒရင်းတွေလောင်းပြီး ပြန်ပိတ်ထားလိုက်သာ ။ တစ်ခါတဲ တွင်းဝလာပြီး ခေါင်းစိုက်သေရော မဟုတ်လား”
အေးဆောင် လွန်စွာကျေနပ်နေချေသည်။ ဦးသက်လည်း သူ့နှယ် ဝမ်းသာကာ ချီးမွမ်းစကားဆိုလိမ့်မည် မျှော်လင့်၏။ သို့ရာတွင် ဦးသက်က အေးတိအေးစက်အမူအရာဖြင့် ထရပ်၏။
“ထောင်လို့မရ လိုက်လို့မရသေဲ့ပွေးတွင်းထဲကို နောက်ဖေးသွားထည့်လိုက်ယင်လဲ ပွေးပြေးပြီးသားပါကွာ။ ကြွက်သေကောင်ပုပ် ခွေးသေကောင်ပုတ်ကို ထည့်ယင်လဲ ရသာပဲကွ။ ပွေး သိပ်ကြောက်သာဗျား”
နည်းသစ်တစ်ခုကို သိရသောကြောင့် အေးဆောင် နားစိုက်ထောင်ကာ မှတ်သားနေ၏ ။ သို့စဉ်တွင် မြသွယ်ကလည်း စူးစမ်းသည့်သဘောဖြင့် သူတို့ဘက်လာနေပြန်ခါမှ ဦးသက်က အပြစ်တင်စကားဆို၏ ။
“မင်း အခု လောင်းထားသာ အနည်းဆုံး တစ်ပုလင်းတော့ရှိမယ်။ အင်ဒရင်းတစ်ပုလင်း အပြင်ဈေးနဲ့ဆို သုံးလေးဆယ်ကွ။ နှမြောစရာကွာ။ မကုန်သင့်သာ ကုန်သယ်”
သည်အချိန်တွင် အနား၌ မြသွယ်မရှိနေပါမူ အေးဆောင် ငြိမ်ပြီး နားထောင်နေမည်။ ယခု မြသွယ်ရှေ့တွင် ဖြစ်သောကြောင့် သူ့စေတနာကို ရင်ကော့ပြီး ထုတ်ဖော်လိုက်သည်။
“ပွေးပြေးအောင် လုပ်ယင်လဲ ကျုပ်ထဲက ပွေးက အရီးတို့ယာထဲပြေးပြီး အရီးတို့ ပစ္စည်းတွေကို ဖျက်ဆီးမှာပေါ့ဗျာ။ အဲသာကြောင့် ကျုပ်က အနစ်နာခံပြီး ကိစ္စတုံး ပစ်လိုက်သာ”
အေးဆောင် ဝင့်ကြွားစွာပြောအပြီး၌ တူရွင်းထမ်းလျက် လှည့်သွားသည်တွင် ဦးသက်က လှမ်းဆွဲ၏ ။
“အမယ်လေး မောင်မင်းကြီးသား ၊ မောင့်ပွေးကို မောင် ပြန်မြှုပ်ပါအုံးဗျာ။ မမြှုပ်ဘဲထားခဲ့လို့ ကျီးစားယင် ကျီးသေမယ်။ အဲဒီကျီးကို ခွေးစားယင် ခွေးသေအုံးမယ်။ အဲဒီကောင်တွေ ရေကန်ထဲဆင်းယင် မင်းတို့ ငါတို့ အဆိပ်သင့်တော့မှာပဲ ။ လာပါ … လာပါ။ ပြန်မြှုပ်ပါ”
မြသွယ်ရှေ့တွင် အပြစ်တင်ခံရသောကြောင့် အေးဆောင်မှာ ကုပ်ကုပ်ကလေး ပြန်အလှည့်တွင်
“ဟုတ်သားပဲ။ လူကြီးကိုက ကရော်ကမည်နဲ့”
ဟု မြသွယ်က ဝင်ပြောလိုက်သည့်အတွက် ခေါင်းကို ငုံသည်ထက် ငုံထားလိုက်ရလေ၏။
– ပြီး –
စာရေးသူ – ဆင်ဖြူကျွန်းအောင်သိန်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ