#ဆင်ဖြူကျွန်းအောင်သိန်း
ပင်လက်ပံ ကြွေချိန်ဦး
(၁)
နေရာတိုင်းတွင် အပူကမ္ဗလာနီကြီးတွေ လှမ်းထားဘိသို့ အနီကိုချည်း မြင်ရ၏ ။ အိုမင်းနေသော အစိမ်းပုပ်ကန့်လန့်ကာများ၏ ဟိုဖက်တွင်လည်း အနီရောင် ကိုသာ မြင်ရသည်။ ဟင်းလင်းပွင့်နေသော ကွင်းလဟာတွင်ကား၊ အနီရောင်တဖွဲဖွဲ လျှောလွင့်နေသော ရွှေအိုရွက်လျှော်တို့နှင့် ပေါင်းစပ်ထားသည်။ အနီ ရောင်သည် မျှော်မဆုံးသော ယာခင်းများကိုပတ်ရံထားသည်။ ယာခင်းကွင်းကမ္ဘာကြီးကိုလည်း သူသာ မင်းမူသည်။
သူနှင့်အတူပါလာသော ညံညံစီစီ အသံရှင်များကား ဆက်ရက်နှင့် ကျေး။ ဆက်ရက်သည် ကျေးသံကို ဖုံးလွှမ်းနေသည်။ လက်ပံပင်တိုင်းတွင် အခြားငှက်များလည်း လာကြသည်သာ။ သို့သော် ဆက်ရက်သံကသာ စိုးမိုးနေသည်။
ကသစ်နှင့် ပေါက်တို့လည်း သည်ရာသီတွင် မြူးကြသည်သာ။ လွင်လွင် တောက်တောက် နီရဲနေကြသည်သာ။ သို့ဖြစ်ငြား လက်ပံပင်၏ အနီကသာ စိုးမိုးနိုင်လွန်းလှသည်။
ပြေးနေသော အေးဆောင်၏ စိတ်တွင်လည်း သည်နှယ်ပင် မြသွယ် ကသာ စိုးမိုးနေသည်။
“နင်ဘာမှ မပူနဲ့ ငါ့တာဝန်ထား”
ညှိုးငယ်နေသော မြသွယ်၊ အေးဆောင်အား မော့ကြည့်လိုက်ပုံမှာ အေးဆောင်အား ကမ္ဘာကြီးနှင့် ရင်ဆိုင်ချင်စိတ်ပေါက်လာအောင် တွန်းအားဖြည့်နေသည်။ သည်မျက်နှာကလေးကို ယခု ပြေးရင်းလည်း မြင်ယောင်နေပေ၏ ။
အနီရောင်ရှုခင်းများသည် အေးဆောင်၏ နောက်တွင် ချာချာလည်လျက် ကျန်ခဲ့ကြသည်။ အစိမ်းသည် အနီရောင်တံတိုင်းကို အေးအလှချယ်ထား၏ ။ နှင်းရည်ဝဝကို မှန်မှန်သောက်ချိုးရသောကြောင့် မြေပဲခင်းများသည် တစ်နေ့ထက်တစ်နေ့ ထူထပ်လာ၏ ။ တစ်နေ့ထက် တစ်နေ့လည်း အစိမ်းမှ အစိမ်းရင့် အစိမ်းရင့်မှ စိမ်းမှောင်ရောင် သို့ ပြောင်း။ူူ ဓျလာကြသည်။ သည်အစိမ်းရောင်ကလည်း အနီရောင်နှင့်ပနံသင့်လှသည်။ လဘ။ဘဒ
ဘယ်ကိုကြည့်ကြည့် အစိမ်း။ ရွှမ်းစည်သော အစိမ်း။ အနီရောင် မြင်ကွင်းများ နည်းတူ အစိမ်းရောင် ဆောင်းမြေပဲတောသည်လည်း ချာချာလည်၍ ကျန်ခဲ့သည်။ မြသွယ်တို့ ယာခရိုးရှိ ရှားစောင်းလက်ညှိုးပင်ကြီးကို မြင်ရတော့မှ အေးဆောင် အပြေး ရပ်တော့သည်။ ဆောင်းတွင်းပေမင့် အေးဆောင်တစ်ကိုယ်လုံး ရေချိုးထားသည်သို့ ချွေးဖြင့် ရွှဲနေ၏ ။
မာကြောသလောက် ဝင်းညှို့မို့မောက်ပြီး ပြောင်တင်းနေသော ရင်အုပ်ကြီးမှာ အပြင်းအထန် လှုပ်ရှားနေသည်။ သည်မျှဝေးသော ခရီးကို သည်နှယ်မရပ်မနား ပြေးလွှားလာရခြင်းမှာ မြသွယ်ချောကြောင့်ဖြစ်သည်။
နေရောင်ခြည်လေးပျူစ သည်နံနက်တွင် မြသွယ်ထံ သူရောက်ခဲ့၏ ။ အကြောင်းကိစ္စ မယ်မယ်ရရမရှိ။ မြသွယ်၏ အဖေအမေရှိနေလျှင် မြသွယ်ကို မဝသောအကြည့်ဖြင့် ခပ်လှမ်းလှမ်းမှ ကြည့်နေရန်။ လူကြီးတွေမရှိလျှင် အနားကပ်ပြီး သာယာသော ကျိန်ဆဲသံများ နားဆင်ရန် ဖြစ်သည်။
အိမ်ရှေ့ပေပင်အောက်တွင် နေမြင့်အောင် မီးလှုံလေ့ရှိသော ဦးသက်ကို မမြင်။ မီးဖိုထဲတွင်လည်း ဦးသက်ဇနီး ဒေါ်မြမရှိ။ အိမ်နောက်ဖေးဘက်မှ “တီတီတီတီ”နှင့် ကြက်ခေါ်နေသော မြသွယ်အသံ ကြားရသည်။ မည်းသောမျက်နှာထဲမှ ဝါသောသွားကြီးတွေ ထင်းကနဲ့ပေါ်လာအောင် အေးဆောင် ပြုံးသည်။ အပြုံးသည် အေးဆောင် နှင့်အတူပါလာခဲ့သည်။
မြသွယ် ကြက်တွေကို အစာကျွေးနေ၏ ။နေရောင်ထဲတွင် သားနှင့် ကြက်မတွေ ပါသည်။ ရောင်မျိုးစုံတင့်နေသော အရွယ်ရောက်ကြက်တွေလည်း ပါသည်။
ပန်းပွင့်တွေအသက်ဝင်ပြီး လှုပ်ရှားနေသည်သို့ရှိသည်။ သည်ရှုခင်းကို အေးဆောင်ကြာကြာ မကြည့်လိုက်ရ။
အိမ်ခြေရင်းမှ လှည့်လာခဲ့ရာ အိမ်ထောင့်ကွေ့ သို့ ရောက်ရုံရှိသေး။ ပြင်းထန်သော တောင်ဟုန်သံကို ကြားလိုက်ရကာ ကြက်များ ကြောက်လန့်တကြား အော်သံကိုလည်း ပြိုင်တူကြားလိုက်ရသည်။
တဆက်တည်းလိုလိုပင် ကြက်တစ်ကောင်၏ အော်သံ၊ မြသွယ်၏ “ဟဲ့ရွှေး ဟဲ့ရွှေး” အော်သံကြားရသည်။ အေးဆောင် မော့ကြည့်ရင်း၊ မီးဖိုချောင်တံခါးဝတွင် ချိတ်ထားသော ဂွလောက်လေး(သားရေခွ)ကို ပြေးယူမိသားဖြစ်သွား၏ ။
ဖျန်းကနဲ့လောက်စာလုံးကို ပစ်လွှတ်သံနှင့်အတူ သားစားငှက်၏ ခြေထောက်ထဲမှ ကြက်မကြီးလွတ်ကျလာ၏ ။ လှပသော ကြက်အုပ်ကြီးမှာ ဖရိုဖရဲ ပြေးလွင့်သွားသည်။ တုန်လှုပ်တကြီးအော်သံ ကတော်သံများပေးကာ အရိပ်အောက်ဝင်ပြေးကြသည်။ အိမ်အောက်ဝင်ခိုကြသည်။
လင်းယုန် အသုတ်ခံရသော ကြက်မှာ ကြက်သားအုပ်မကြီးဖြစ်၏ ။ လင်းယုန် တောင်ဟုန်သံကြားတွင် အခြားသော ကြက်များ ပြေးရှောင်နိုင်ငြား သူ မပြေးနိုင်။ သူ့မှာ ကလေးတွေနှင့်။ ကလေးတွေကို အုပ်မိုးကာကွယ်ပေးထားရသဖြင့် ကုတ်ခြစ်ယူသွားခြင်းခံရသည်။
အေးဆောင်၏ လောက်စားလုံး ငှက်ကို ထိပေမင့် ငှက်ကျမလာ၊ အစာသာကျလာ၏။
ခွလောက်လေးကို ထားပစ်ခဲ့ပြီး အေးဆောင် ပြေးသွားသောအခါ ကြက်မကြီးကို ပိုက်ကာ မြသွယ်ငိုနေပြီ။ ဘိလပ်ကြက်မျိုးနှင့် စပ်ထားသော ကြက်မို့ အကောင်ကြီးလှသည်၊ ထွားလှသည်။
“ရှင်သေးလား မြသွယ်”
မြသွယ်သည် မျက်ရည်ပြည့်လျှမ်းသော မျက်လုံးကြီးများနှင့် မော့ကြည့်ကာသာအဖြေပေး၏။ နှုတ်မှ အသံမထွက်။ ကြက်မကြီးမှာ တုံးလုံးလဲလျက် ငြိမ်သက်နေပြီ၊ ကျောကုန်းမှ သွေးစိမ်းသွင်သွင် စီးနေဆဲ။
“တခြားကြက်တွေ သုတ်ပါတော့လား။ အခုတော့ ဒီမှာ ကြက်ကလေးတွေ ၁၅ ရက်သားပဲ ရှိသေးတယ်၊ ဟင်း သင်းတော့လား မိယင် ဓားနဲ့ နုတ်နုတ်စဉ်းပစ်မယ်”
“မပူနဲ့ မြသွယ်၊ ဒီကောင်ကို မိအောင် ငါ့တာဝန်ထား”
“တကယ်လား ဟင်”
“တကယ်လားဟင်” မေးလိုက်သံကလေးမှာ ယခုထက်ထိ အေးဆောင်နားထဲမှ မထွက်၊ ဝမ်းသာခြင်းဖက်သော အားကိုးတကြီး အကြည့်ကိုလည်း ယခုထိ အေးဆောင် မြင်ကာ ကြည်နူးနေရဆဲ။
သည်အသံ၊ သည်အရိပ်ကလေး အာရုံမှာ လွတ်မထွက်မီ အေးဆောင်ပြေးလာခဲ့ရ သည်။ မောပေမင့် သူ့ရင်တွင် ကြည်နူးမှုမပြယ်။
(၂)
ကလေးတွေ တိုးလို့တန်းလန်းနှင့် ကြက်မကြီးအား သတ်ပစ်သော လင်းယုန်ကို အေးဆောင် ထောင်ဖမ်းမည်။ ထောင်ချောက်သည် မခက်ခဲ၊ သို့သော် လုပ်ရန်ကြာမည်။
အေးဆောင်စိတ်ထဲမှာက မြသွယ် ချက်ချင်းပြုံးလာစေချင်သည်။ အချစ်တိုးရင်း ပွားဆင့်သောအပြုံးကို ခဏမဆိုင်း ခံယူချင်သည်။
သူစဉ်းစားကြည့်သောအခါ ညွှတ်တွေက မသေချာ။ လင်းယုန်မှာ လည်သည်၊ ပါးနပ်သည်။ အားကောင်းသည်။ သို့ကြောင့် ထောင်စရာ ထောင်ချောက်ကောင်းကောင်းကို အေးဆောင် စဉ်းစားသည်။
စဉ်းစား၍ရသည်။ ပွေးထောင်ချောက်။
သို့သော် ယာထဲမှာ။ ပွေးထောင်ချောက် ယာထဲရောက်နေပုံမှာ ပွေးတစ်ကောင်ကြောင့်ဖြစ်သည်။
ထိုပွေးသည် ပွေးပါး၊ ပွေးနပ်။
သူ့ကို မိလျှင်အသေအချာ ကြည့်ချင်ပါဘိ။ နားရွက်မှ ရှိပါသေးစ၊ ခြေလက်မှ ပြည့်စုံပါသေးစဟူ၍။
သည်ပွေးသည် မြောက်ဖက်ခြမ်းတွင်ရှိသော ပဲကြီးခင်းအစပ်သို့ ရောက်လာသည်ဆိုလျှင် အေးဆောင် သိခဲ့၏ ။ သိလျှင် သိခြင်း ပွေးစုံကိုဖယ်ပြီး တွင်းဝပေါ်အောင်ဖော်သည်။
ပွေးက ပွေးမုဆိုးကြီး အေးဆောင်ကို “လိုက်ရဲရင် လိုက်ခဲ့” စိန်ခေါ်ပြီ။
အေးဆောင် မလိုက်ရဲ။
အဘယ်မှာ လိုက်ရဲပါမည်နည်း။ ပွေးတွင်းလိုဏ်ခေါင်းသည် ပဲကြီးခင်းထဲ ဝင်သွားသည်။ သည်လိုဏ်ခေါင်းအတိုင်း စိတ်လိုက်မာန်ပါ တူးဖြိုပြီး လိုက်သွားလျှင် တစ်ပြည်ကျပဲခင်းကလေး ပြုတ်ပြုတ်ပြုန်းရချေရဲ့။ ပဲခင်းကြီးသည် အပွင့်လှိုင်နေပြီ။
မကြုံဖူးသူတို့ ခေါင်းမူးမည်။ အေးဆောင်အတွက်မူ ပဲကြီးပွင့်ရနံ့သည် သင်းပျံကြူ၍ လှိုင်နေ၏။ သည်ပဲကြီးခင်း၏ အလှကလေးများသည် ပွင့်ဖြူကလေးတွေ ထောင်ပွင့်နေသည်။ နှင်းရည်ချိုချိုအေးအေး သောက်ချိုးထားရသဖြင့် လန်းစွင့်နေသည်။ လေအေးချော့ရာ တနော့နော့ ကြည်နူးနေကြသည်။
ပဲပွင့်ကလေးတွေက လေယူရာ ညွှတ်ယိမ်းနေကြသော်ငြားအေးဆောင်စိတ်ထဲတွင် တစ်မျိုးမြင်နေသည်။ မဝင်ခဲ့နဲ့ မဝင်ခဲ့နဲ့ သံပြိုင်ကြွေးဟစ်ကာ ခေါင်းရမ်းပြနေကြသည် ထင်၏ ။
အေးဆောင် မလိုက်ရဲ။
မလိုက်ရဲသည့်အတွက် လိုဏ်ခေါင်းအဝကိုချဲ့သည်။ အဝ၏ အပေါ်ယံမြေသားကို ပါးပါးကလေးကျန်အောင် ရှပ်ထားသည်။ သည်နေရာတွင် လက်စွဲတော် သုံးခွမှိန်းကြီး အသုံးဝင်ပြီ။
ပွေးတို့၏ သဘောမှာ အပလေကို မကြိုက်။ တွင်းဖြောင့်နေလျှင် အလင်းရောင်မကြိုက်။ ထိုအပလေဖြစ်စေ၊ အလင်းရောင်ဖြစ်စေ တွင်းထဲ ဆက်လက် ဝင်မနေစေရန်ပွေးကြိုးစားသည်။
လိုဏ်ခေါင်းအတွင်း တစ်နေရာမှ မြေစာများကို တွန်းပို့ခြင်းဖြင့် သယ်ယူလာကာ အဝကို ပိတ်သည်။ ပိတ်လေ့ရှိသည်သည်သို့ အေးဆောင် သိထားသည်။
လိုဏ်ခေါင်းအဝတွင် မြေစာမှုန်များ ငြိမ့်ကနဲ့ရောက်လာသည်နှင့် တစ်ပြိုင်နက်၊ ပါးပါးရှပ်ထားသော လိုဏ်ခေါင်းအမိုးကို ထိုးလိုက်မည်။ သည်ပွေး ဘယ်ပြေးမည်နည်း။
ထနောင်းပင်ရိပ်အောက်မှာ ပြာမှောင်မှောင် နှင်းရိပ်များပင် ပြယ်လွင့်ချေပြီ။ သည်မြေနီယာတောမှာ၊ အအေးပြေးလျှင် အပူလာစမြဲတည်း။ နေလုံးမြင့်သည်နှင့်အမျှ အပူက ရင့်စမြဲ။
ပူသည်ထက် ပူ၍ ပူ၍ လာသည်။ ပွေးကား မလာသေး။ အေးဆောင်မှာ ယင်နားသည်ကိုမျှ မပုတ်နိုင်၊ ပရွက်ဆိတ်ကိုက်သည်ကိုလည်း အောင့်ခံနေရ၏။ မွဲမှောင်သော ကျောပြင်ကြီးမှ ရေတံခွန်စီးသည့်အလား ချွေးပြိုက်ပြိုက် စီး၏ ။ သည်စီးသော ချွေးထဲတွင် နေတစ်စင်း လာရောက်ခိုနားသည်သို့ တပြောင် ပြောင် တဝင်းဝင်း လင်းလက်နေ၏ ။
မြသားလွင်လွင် မြေပဲပင်တို့ မရောက်သော မြေလွတ်မြေပြင်များတွင် တံလှပ်ထစပြုပြီ။
မျက်တော်မခတ်ဘဲ ပွေးတွင်းဝသို့သာ အာရုံစိုက်ထားသော အေးဆောင် အမြင်အာရုံသည် ဝါး၍ဝါး၍ လာ၏။ မျက်တောင်ခတ်လိုက်လျှင် မြင်ကွင်း ကြည်လင်လာပြန် သည်။
“ပွေးကလဲ လာခဲလိုက်တာ”
တစ်နာရီခန့် ကြာပြီ။
အေးဆောင် စိတ်မရှည်စွာ တွေးတောသည်။ စိတ်မရှည်သော်ငြား၊မလူးလွန့် မလှုပ်ရှားသင်းဘဲ မလာဘဲနေနိုင်မလား၊ ငါပဲ စောင့်နိုင်မလား’ မခံချင်စိတ်ကြောင့် အာရုံသည် ပိုမို ထက်မြက်လာ၏ ။
“ဟကောင်၊ ဒါ ဘာလုပ်နေတာလဲ”
သုံးခွမှိန်းကြီးဖြင့် တအား ပစ်ထိုးချင်အောင် အေးဆောင် ဒေါသထွက်မိသည်။
ထနောင်းပင်အကွယ်မှ ဘွားကနဲ့ပေါ်လာသူမှာ ဦးရွှေခဲ။ ပါးစပ်ဖြင့် နှောက်ယှက်ယုံသာမက လူကပါ အနားသို့ ရောက်လာသည်။ သူ့ လက်ထဲတွင် တစ်ထောင့်ထွာခန့် ရှည်သော ဝါးတစ်လုံး၊ ပါးဟက်လည်း ထစ်ထား၏ ။ မျှော့ကြိုးလည်း ချီထား၏။
ဒေါသတကြီးဖြင့် ဆတ်ကနဲ့လှည့်ကြည့်လိုက်သော အေးဆောင်၊ မုန်ယိုနေသော မျက်နှာသည် ထိုဝါးလုံးကို မြင်သည့်ခဏတွင် လျှော့ကျသွားသည်။
“အဲဒါ ပွေးထောင်ချောက် မဟုတ်လားဟင်”
“နေပါအုံး၊ အခု နေပူကြီးထဲမှာ ဒုက္ခစရိယာ ကျင့်နေတာက … ဩ … ဩ ပွေးစောင့်နေတာကိုး”
ဦးရွှေခဲသည် မေးလည်း မေး၊ ငုံ့လည်းကြည့်ရာက သူ့ဘာသာသူ ဆက်လက်အဖြေထုတ်၏ ။
“စောင့်မနေနဲ့တော့ကွာ နေကပူသနဲ့၊ အဲ မင့်တွင်းက ဖြောင့်ရဲ့လား၊ ဒီထောင်ချောက်က တွင်းဖြောင့်မှ ဖြစ်တာ။ မောင့်တွင်းသာ ဖြောင့်လိုက်လို့ကတော့ ပွေးရဲ့မျက်နှာကို တန်းနေတာပဲ”
ပြောရာမှ လွယ်အိတ်စုတ်ထဲမှ သံမြားတစ်ချောင်းထုတ်ပြသည်။
“ဖြောင့်လား မဖြောင့်လား ခင်ဗျားပဲကြည့်ပီး ထောင်ပေးစမ်းပါဗျာ”
အေးဆောင် ဘေးတိမ်းပေး၏ ။
ဦးရွှေခဲ တွင်းဝတွင် ဒူးထောက်ထိုင်ကာ ထောင်ချောက်ကို ပြင်ဆင်သည်၊ ဝါးလုံးကြီးထဲမှ ဝါးလုံးကလေးကို ဝါးလုံးကြီး ပါးဟက်နှင့်ညှိ မျှော့ကြိုးကိုဆွဲတင်၍ပါးဟက်တွင် လျှာဖြင့် ထိန်းပေးလိုက်၏ ။
အစုံ့မြေစာသည် လက်တစ်လုံးခန့် အပြင်ထွက်နေသောအတွင်းဝါးကို တိုးသည်နှင့် ချက်ချင်း လျှာပြတ်မည်မျှော့ကြိုးဖြင့် ကန်ထားသော သံမြားက ပွေးမျက်နှာနှင့် ရင်ဘတ်တစ်ခုခုကို ထုတ်ချင်းခတ် ဝင်စူးမည်။
(၃)
ယခု သည်ထောင်ချောက်ကို အေးဆောင် သတိရသည်။
မြေပဲခင်းဘေးမှ မြှောင်၍ ပဲခင်းကြီးသို့ ခြေလှမ်းကြဲကြီးဖြင့် လာခဲ့သည်။ ပဲကြီးခင်းရနံ့ကို ရှူရှိုက်လိုက်ရသဖြင့် အမောပြေသည်။
ပွေးတွင်းဝ၌ ဒူးထောက်လိုက်၏ ။
ကျည်တောက်ထောင်ချောက်မှာ မောင်းကျနေနှင့်၏။ ထောင်ချောက်ကျည်တောက်ကို ဝမ်းသာအားရဆွဲယူသည်။ ပွေးမရှိ ပွေးကို မိမနေ။
အတွင်းကျည်တောက် ပြုတ်ကျလျှင် ကျချင်း အရှိန်ပြင်းစွာ ပြေးဝင်စူးနစ်နေမည့် သံမြားထိပ်တွင်လည်း သွေးစသွေးနများ မရှိ။
ပွေးစုံ့မှု ရှိသည်။
ပွေးစုံ့ကို ယက်ကြည့်သည်။ ပွေးသေကို မတွေ့ရပါ၊ ပွေးနှင့်တူသော အရာဟူ၍ ပွေးချေးဖြူဖြူ ရှည်မျောမျောကလေးတွေသာ တွေ့ရသည်။ အေးဆောင် သံသယဖြစ်ရပြီ။
အလာသွက်ခဲ့သော အေးဆောင် ခြေထောက်တို့သည် သံသယညှောင့်စူးပြီမို့လေးကန်သည်။
လေးလေးကန်ကန်နှင့်ပင် ထောင်ချောက်ကို မောင်းတင်ကြည့်သည်။ အနေအထားကား အထိမခံတည်း။ တွန်းကန်အားမှာလည်း အမှန်ပင် ပြင်းထန် သည်သာတည်း။
သူ့အား မြသွယ်က အားကိုးတကြီး မျက်လုံးများဖြင့် ဆီးကြိုလိုက်သောအခါ “နောင်ခါလာ နောင်ခါဈေး၊ မမိလို့ ဆဲခါမှ ဆဲရော့၊ သူကျေနပ်အောင်တော့ လုပ်ပေးရမှာ ပါကလား” သဘောပိုက်လိုက်ရတော့သည်။
သို့ကြောင့် တိုင်တစ်တိုင်ထောင်ကာ ကြက်လတ်တစ်ကောင်ကို တိုင်ထိပ်တွင် ချည်ထားရသည်။ ကြက်၏အတောင်နှင့် လွတ်မည့်နေရာတွင် တိုင်ထပ်စိုက်ကာ ဝါးကျည်တောက်ထောင်ချောက်ကို အပေါ်ထောင်လျက် ဆင်သည်။
ခြေနှစ်ချောင်းကို တုပ်နှောင်ခံထားရသော ကြက်မှာ မနေတတ် မထိုင်တတ် အော်သည်။ အတောင်နှစ်ဖက်ကို ဝရုန်းသုန်းကား ခပ်သည်။
“ဒီကြက်နဲ့တော့ ဒုက္ခပဲ မြသွယ်”
တဲထဲတွင် ဘေးချင်းကပ် ထိုင်နေငြား၊ မြသွယ်သည် အေးဆောင်ကို မကြည့်၊ ထောင်ချောက်မှာသာ အာရုံရောက်နေသည်။
မကြာမတင်ကမှ အမိမဲ့သွားသော ၁၅-ရက်သား ကြက်ပေါက်ကလေးများမှာ “ဆောင်း” ထဲတွင် ဆူညံစွာ အော်ဟစ်နေကြ၏ ။ ဟိုတိုး သည်ခွေ့နှင့်။
ပြာလဲ့သော ကောင်းကင်တွင် စွန်သုံးကောင် ပျံဝဲနေ၏ ။ ရွာအပြင် လက်ပံပင်ကြီးမှာ ပင်လုံးကျွတ် နီရဲနေ၏ ။ ပင်ယံထိပ်ဖျားတွင် ညောင်းရွက်ရွှေဝါ တစ်ချို့တလေ ကျန်နေသေး၏။ သည်ရွှေရွက်များကြားတွင် ချိုးသိန်းနှစ်ကောင်ကို မြင်ရသည်။ လင်းယုန် မရှိ။
ခဏမျှ လှမ်းမျှော်ကြည့်ပြီးနောက် အေးဆောင် မျက်လုံးများ မြသွယ်ထံ ပျံဝဲလာ၏။
အငိုမျက်လုံးကလေးတွင် ဝမ်းနည်းရိပ်များ မပြယ်သေး။ မျက်ခွံမို့မို့ကလေးများမှာ နီနီရဲရဲဖူးဖူးကလေး။
“နင့်အမေနဲ့နင့်အဖေကောဟင်”
“ဈေးသွားကြတယ်”
မပွင့်တပွင့် ဖြေပင် ဖြေသော်ငြား၊ မြသွယ် မျက်လုံးများက ထောင်ချောက်မှ မခွာ။
“လူကြီးတွေ မရှိဘူး။ နင်နဲ့ ငါနှစ်ယောက်ထဲ၊ ပွတာပဲ”
ပြောပြောဆိုဆို ကျုံးဖက်လိုက်ရန် လက်ကိုလှုပ်လိုက်စဉ် ငှက်တောင်ဟုန်သံကြားရ၏။ အမြင့်မှ ထိုးဆင်းလာသော အသံ။
အေးဆောင်လက်တွေ တုံ့ဆိုင်းသွားရ၏ ။ ထောင်ချောက်ဖက်သို့ မျက်လုံး စွေ ကြည့်လိုက်ရာ ကြီးမားလှသော ငှက်ကြီးလင်းယုန်။
ကြက်ကို ခြေဖြင့်ကုတ်ကာ ထိုးသုတ်သည်။
မပါ ၊ ချက်ချင်း ပြန်လှည့်ပြီး လာသည်၊
အေးဆောင် အသက်ပင်မရှုရဲ။
လှည့်လာပြီ။
သားစားငှက်သည်သည် တစ်ခါတော့ မသုတ် မကုတ် ထောင်ချောက်ပေါ် ဝင်နားသည်၊ “ဖျောင်း”ကနဲမျှော့ကြိုးပြုတ်သွားသည်။ သားစားငှက်ကြီး တအားထိုးပျံသည်။ မြားမှာ အလွတ်မဟုတ်၊ ကြိုးချည်ထားသည်။ သို့ကြောင့် သားစားငှက်ကြီးမှာ
ဆောင့်ဆွဲခံလိုက်ရကာ မြေပြင်ပေါ်သို့ တုံးလုံးကြီး ကျသွားလေ၏။
“သေပေတော့၊ မသာငှက်ယုတ်”
ဓားမတိုကို ဆွဲလျှက် မြသွယ် ပြေးထွက်သွားသည်။
အေးဆောင်မှာ ပီတိဖြစ်လျှက် ကျန်ခဲ့သည်။ သူသည် မြသွယ် အားကိုးသည့်အတိုင်း တာဝန်ကျေခဲ့ပြီ။
မြသွယ်၏ ကျေနပ်ခြင်း ပြုံးပန်းဝေဝေ ပန်ဆင်ပြခြင်းကို အမိန့်သား ခံယူရုံသာရှိတော့သည်။ သို့ကြောင့် အေးဆောင် အပြုံးမပျက် ထလာကာ တိုင်ထိပ်မှ ကြက်ကို ဖြုတ်လွှတ်လိုက်ပြီးမှ မြသွယ်ဘေးတွင် ဝင်ထိုင်လိုက်သည်။
သူ့ကြက်မအား သတ်သော သားစားငှက်ကိုမိလျှင် ဓားဖြင့် နုတ်နုတ်ပါအောင် စဉ်းပစ်မည် ကြုံးဝါးခဲ့သော မြသွယ်။ ယခုမူ ဓားမတိုကို မြေပေါ်ချထားသည်။ သွေးလူးပြီး အသက်ပျောက်နေသော ငှက်သူခိုး၏ ခေါင်းကို ပွတ်သပ်ပေးနေသည်။
“ဓားနဲ့ မခုတ်ပဲ ဘာလုပ်နေတာလဲ ဟင်”
မြသွယ်မျက်နှာကို စောင်းကြည့်မိသောအခါ အေးဆောင် အံ့ဩရသည်။ မြသွယ် မျက်နှာတွင် ဒေါသမရှိ၊ ကြင်နာခြင်း နံသာလူးလျက် နူးညံ့နေ၏။ သို့အတွက် အေးဆောင် တအံ့တဩ မေးရခြင်းဖြစ်၏ ။
“သနားစရာပါတော်”
“နင့်ကြက်မကြီးကို သတ်တဲ့ ငှက်စုတ် သနားနေရသေးလား”
“ကျုပ်ကြက်တွေကို သူသတ်မှ မသတ်နိုင်တော့တာဘဲတော်၊ သနားစရာပေါ့”
မြသွယ်၏ သဘောထားကို သဘောပေါက်အောင် အေးဆောင် အတော်ကြိုးစားရသည်။သဘောပေါက်လာသောအခါ သူသည် မြသွယ်ကို တိုး၍ မြတ်နိုးလာရတော့ သည်။
“နင်ဟာ သိပ်ပီး စိတ်ကောင်း ရှိတာပဲဟာ၊ ဒါကြောင့် နင့်ကိုလေ ငါ သိပ် သိပ်”
သို့သော် အေးဆောင် စကားမဆုံး၊ တစ်စုံတစ်ရာမျှလည်း မလှုပ်ရှားလိုက်ရ။ ဝင်ရိုးသံ တအီအီဖြင့် လှည်းတစ်စီး အိမ်ဝိုင်းထဲဝင်လာရာက
“သမီးရေ လုံမလေး”
ဈေးမှပြန်လာသော ဦးသက် ဒေါ်မြတို့ အော်ခေါ်သံကြောင့် မြသွယ်ပြေးထွက်သွားရာ အေးဆောင်မှာ ငှက်သေကြီးဘေးတွင် ငူငူကြီး ကျန်ရစ်ခဲ့လေ၏။
– ပြီး –
စာရေးသူ – ဆင်ဖြူကျွန်းအောင်သိန်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ