ကကြိုးပြတ်ဒေဝီ

Posted on

ကကြိုးပြတ်ဒေဝီ(စ/ဆုံး)

———————-

အိမ်တံခါးကိုဖွင့်ကာ ဆောင်းရတီလှမ်းဝင်လိုက်သည်။သံဘာဂျာအပေါက်မှလက်ကိုထုတ်ကာအပြင်ဘက်မှ သော့ခလောက်ကိုပြန်ခတ်လိုက်ပြီး နွမ်းလျနေသော ခြေလှမ်းအစုံဖြင့် ဧည့်ခန်းမှဆိုဖာပေါ်တွင်ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ယနေ့…သူမခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ရိုက်ကူးနေသော ရုပ်ရှင်ဇာတ်ကားတစ်ကား၏ ဇာတ်သိမ်းပိုင်းကို ရိုက်ကူးပြီးစီးသွားသဖြင့်
တာဝန်တစ်ခုပြီးစီးသွားသလိုခံစားရသော်လည်း ရိုက်ကွင်းမှာ ညဘက်အထိ စောင့်၍ ရိုက်ကူးရခြင်းဖြစ်သောကြောင့် တစ်နေကုန်စိတ်ပန်းလူပန်းဖြစ်ခဲ့ရသည်။
ထိုကိစ္စမှာသူမအတွက် အပန်းကြီးသောအရာမဟုတ်သော်လည်း
ယနေ့ည…သူမစိတ်ထဲလေးလံနေသကဲ့သို့ခံစားနေရသည်။အထူးသဖြင့်…နယ်မြို့လေးတွင် ကျန်ရစ်ခဲ့သော သူမ၏မိခင်ဖြစ်သူနှင့် စင်္ကာပူတွင်ပညာသင်ကြားနေသော
သူမ၏ညီမဖြစ်သူကို ခါတိုင်းထက်ပို၍သတိရနေမိသည်။တကယ်တော့သူမသည် မထင်ရှားလှသော အငြိမ့်အဖွဲ့လေးတစ်ဖွဲ့မှ အငြိမ့်မင်းသမီးတစ်ဦးသာဖြစ်သည်။ဘဝကံ
အကျိုးပေးကောင်းလာသောကြောင့်လားမပြောတတ်…သူမ၏ ချောမောလှပသောရုပ်ရည်…
အချိုးအစားကျလှသောခန္ဓာကိုယ်ဖွဲ့စည်းပုံတို့ကိုသဘောကျသောကြောင့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သူ စိုးကျော် က
သူမအားရုပ်ရှင်ရိုက်ရန်ကမ်းလှမ်းလာသည်။အငြိမ့်မင်းသမီးတစ်ဦးဖြစ်သူ သူမအတွက်
ဖခင်မရှိတော့သော မိသားစုကိုဦးဆောင်နေရသည်မှာမလွယ်လှ။မိခင်ကလည်းအသက်ကြီးနေပြီ…ပြီးတော့…သူမအလွန်ချစ်ရပါလေသော ညီမဖြစ်သူ၏ ပညာသင်စရိတ်…။ထိုအကြောင်းတို့ကြောင့်
အငြိမ့်သမထက် ဝင်ငွေပိုကောင်းသော သရုပ်ဆောင်ဘဝကိုသူမ မငြင်းပယ်ပဲ
လက်ခံခဲ့ခြင်းဖြစ်သည်။ယခုတော့ သူမ နာမည်လည်းအတော်အတန်ရနေပေပြီ။နယ်တွင်ဆွေမျိုးများနှင့်ထားခဲ့သော မိခင်ထံလည်း မကြာခဏအလည်သွားပြီး
ငွေကြေးထောက်ပံ့နိုင်ခဲ့ပြီ။ထို့အပြင် ချစ်ရသောညီမဖြစ်သူအားလည်း စင်္ကာပူတွင် ဘွဲ့လွန်အတွက်ကျောင်းဆက်တက်နိုင်ရန်အတွက် ငွေကြေးများထောက်ပံ့နိုင်ခဲ့သည်။သူမတို့မိသားစုလေးအတွက်…မချမ်းသာသော်လည်း ..အပူအပင်အကြောင့်အကျမရှိသောဘဝတွင်နေနိုင်ဖို့ကသာ သူမ၏အဓိကရည်ရွယ်ချက်တစ်ခုဖြစ်သည်။

“ဟူး….”

သူမ သက်ပြင်းတစ်ခုကို လေးတွဲ့စွာချလိုက်ပြီး….ရေချိုးခန်းဆီသို့သွားကာ အားရပါးရရေချိုးနေမိသည်။ထို့နောက် ညအိပ်ဝတ်စုံအဖြူရောင်ပါးပါးလေးကိုဝတ်ဆင်ကာ မီးဖိုခန်းဘက်သို့ထွက်လာသည်။အိမ်အကူလုပ်ရန်ခေါ်ထားသော မိနီ မှာ ရွာမှသူမအမေနေမကောင်းသောကြောင့်
ရွာသို့ ပြန်ရန်ခွင့်တောင်းထားသဖြင့် သူမကလည်း ဘဝတူချင်းစာနာကာ ခွင့်ပြုခဲ့သည်။

“နင့်အမေ ကျန်းမာမှပြန်လာလေ…”

ဟုဆိုကာ သူမက ဘောက်ဆူးအဖြစ် ငွေ နှစ်သိန်းကိုလည်းပေးခဲ့သည်။မိနီပြန်သွားသည်မှာ ရက်အတန်ကြာနေပေပြီ။
ထို့ကြောင့်…ယနေ့လည်း
ညစာအတွက် သူမကိုယ်တိုင် ချက်ပြုက်ရပေမည်။ထွေထွေထူးထူးတော့
မလုပ်တော့…ကြက်ဥ နှင့် ဆူးပုတ်ရွက်ကို
ရော၍ကြော်ရန်စဉ်းစားထားသည့်အတွက်…ကြက်ဥ နှစ်လုံးကို ပန်းကန်လုံးလေးထဲ ဖောက်ထည့်ကာ ဆူးပုတ်ရွက်ကို ရေဆေးပြီး ပါးပါးလှီးလိုက်သည်။ထိုစဉ်…
သူမနောက်မှ ….

“ညစာလေးအတူတူစားချင်လိုက်တာကွယ်”

ဆိုသော အသံကိုကြားလိုက်ရသဖြင့်….
သူမ နောက်သို့အလျှင်အမြန် လှည့်ကြည့်လိုက်မိသည်။

“ဟင်….ကိုစိုးကျော်….ဘယ်လိုဝင်လာတာလဲ”

သူမ၏အမေးကို ဒါရိုက်တာစိုးကျော်က…

“ကလေးရယ်…ဒီအိမ်က မင်းကို ကိုယ်ပေးထားတာပါကွာ….။ကိုယ့်ဆီမှာ မင်းကိုပေးထားတဲ့သော့အပြင် သော့အပိုတစ်စုံရှိသေးတာကိုမင်းသိသင့်တယ်ဟ…ကဲပါ….အပိုစကားတွေပြောမနေနဲ့တော့…မင်းဘဝတက်လမ်းကို ကိ်ုယ်ပြပေးမယ်လေ…အဲ့အတွက်မင်းလုပ်ပေးရမှာက…ဘာရယ်တော့မဟုတ်ဘူး…
မင်းရဲ့ အပျိုဂုဏ်ရည်လေးပါကွာ…ကဲ…
မူမနေပါနဲ့တော့ကွယ်…ကိုယ်တို့ကြားမှာ ဟန်ဆောင်မှုမလိုပါဘူးကွယ်”

ဟုပြောဆိုကာ ရှေ့သို့တစ်လှမ်းချင်းတိုးလာသည်။စိုးကျော်ထံမှအရက်နံ့ကပြင်းထန်စွာထွက်ပေါ်နေသည်။အလွန်အကျွံမူးနေပုံပင်။

“ကိုစိုးကျော်…မူးနေရင်လည်းပြန်ပါတော့…
ကျမ ကိုမနှောင့်ယှက်ပါနဲ့”

သူမ ပြောသော်လည်း စိုးကျော်က ရှေ့တိုးလာမြဲပင်။သူ၏မျက်နှာက မူးနေသောအရှိန်နှင့် တဏှာရမက်တို့ကြောင့်
နီရဲကာအဆီပြန်နေသည်။

“မင်းဘဝကို ကိုယ်ကဒီထက်ပိုပြီး မြင့်မားစေချင်လို့ပါကွယ်…မငြင်းပါနဲ့တော့”

ဆို၍ ပလုံးပထွေးပြောကာ ယိုင်တိုင်တိုင်ဖြင့်
ရှေ့သို့တိုးလာသောကြောင့် သူမလည်း
ထိတ်လန့်စွာ နောက်သို့တဖြည်းဖြည်းဆုတ်လိုက်သည်။
သူမက ကျေးဇူးရှင်ဟု သတ်မှတ်ထားသူက
ယခုတော့ တဏှာရူးဖြစ်နေမှန်းသိလိုက်ရပေပြီ။ဖွတ်ထွက်မှ တောင်ပို့မှန်းသိရလေသောအဖြစ်။

“ကျမတောင်းပန်ပါတယ်ရှင်…ထွက်သွားပါ”

သူမ စကားမဆုံးခင် စိုးကျော်က သူမ၏ ပုခုံးစွန်းနှစ်ဖက်ကို ကြမ်းတမ်းစွာဆုပ်ကိုင်လိုက်ရာ သူမလည်း
လက်ထဲတွင်ကိုင်ထားသော အသီးအရွက်
လှီးသော ဓါးလေးဖြင့် ရမ်း၍ပက်လိုက်ရာ
စိုးကျော်၏ မျက်နှာပါးတစ်ခြမ်းအား နှစ်လက်မခန့် ရှပ်ထိသွားသည်။အရက်သောက်ထားသော
အရှိန်ကြောင့်သွေးများက မြင်မကောင်းအောင်ဖြာထွက်သွားသည်။

“ဟင် ခွေးမ…နင်က ငါ့ကို”

ဆို၍ ဒေါသတကြီးပြောကာ သူမ၏ ဓါးကိုင်ထားသောလက်အား ပုတ်ထုတ်လိုက်ပြီး သူမကိ်ုယ်ပေါ်မှ အင်္ကျီကို
ဆွဲဖြဲရင်း ကြမ်းပြင်ပေါ်သို့ဆွဲလှဲလိုက်သည်။
သူမ၏ ညအိပ်ဝတ်စုံပါးပါးလေးမှာ ပြဲသွားပြီး လူကလည်းကြမ်းပြင်ပေါ်လဲကျသွားသည်။
စိုးကျော်က သူမအားအပေါ်မှ တက်ခွပြီး
အဓ္ဓမ ကျင့်ရန်ကြိုးစားသည်။သူမ တွန်းထိုးကန်ကျောက်ကာရုန်းကန်သည်။လုံးရင်းထွေးရင်းဖြင့် စောစောက လွတ်ကျသွားသော ဓါးကလေးရှိနေသောနေရာသို့ရောက်သွားသည်။သူမလည်းနံဘေးတွင် အဆင်သင့်တွေ့ရသော ဓါးကလေးအား
ကောက်ယူကာ ရမ်း၍ထိုးလိုက်ရာ စိုးကျော်၏ဘယ်ဘက်လက်မောင်းအား
လှီးမိသွားသည်။ထိုးချက်က အားမပါလှသော်လည်း သွေးများထွက်လာပြန်သည်။

“ဟင်….ဒီခွေးမ…ဒီလောက်တောင်ဖြစ်နေတာ…သေဟာ…သေဟာ….”

မူးနေသောအရှိန်နှင့် ဒေါသအရှိန်တို့ပေါင်းစပ်ကာ ဆင်ခြင်တုံတရားမဲ့နေသောစိုးကျော်က
သူမ၏ ရှည်လျှားလှသောဆံပင်များကို
လုံးထွေးကိုင်ကာ ကြမ်းပြင်နှင့် သူမ၏ခေါင်းကို အချက်ပေါင်းများစွာ
ဆောင့်နေသည်။သူမ၏နောက်စေ့နှင့်မျက်နှာတစ်ခြမ်းမှာ သွေးအလိမ်းလိမ်းဖြင့် ကြေမွနေပေပြီ။မသေခင်လေးနောက်ဆုံး…
သူမစိတ်ထဲတမ်းတမိသည်က…မိခင်ဖြစ်သူ
နှင့် ညီမဖြစ်သူ…။ပြီးတော့…ထပ်မံရောက်လာသည်က စိုးကျော်အားမုန်းတီးသောစိတ်…။
စိုးကျော်လည်းအားရကျေနပ်အောင် ဆောင့်လိုက်ပြီးနောက် ထရပ်လိုက်ပြီး…
ကြမ်းပြင်တွင်သေအံ့နီးနီးဖြစ်ကာ အကြောဆွဲနေသော ဆောင်းရတီအား ငူငူကြီး ခဏရပ်ကြည့်နေသည်။ဆောင်းရတီ၏ မျက်နှာနှင့်ဦးခေါင်းတစ်ခုလုံး သွေးများဖြင့်
ရွဲရွဲစိုနေသည်။ကြွေပြားခင်းထားသောကြမ်းပြင်တစ်လျှောက်တွင်လည်းသွေးများက
မြင်မကောင်းအောင်ပင်…။အကြောဆွဲနေရာမှ သူ့အားစူးရဲစွာ ကြည့်နေသော ဆောင်းရတီ၏မျက်လုံးအစုံကြောင့် သူ ကြက်သီးပင်ထသွားမိသလိုခံစားလိုက်ရသည်။ထို့နောက် ဘောင်းဘီအိတ်လေးထဲမှ
ဖုန်းကိုထုတ်ယူကာ သူ၏ တပည့်ကျော်တစ်ဦးဖြစ်သူ တင့်အောင်အား
ဖုန်းဆက်လိုက်သည်။ဆယ်မိနစ်ခန့်ကြာသောအခါ တင့်အောင်လည်း အမောတကော ရောက်လာသည်။ထို့နောက်
သူတို့နှစ်ဦးလည်း သေဆုံးနေသော ဆောင်းရတီ၏အလောင်းအား ခြေထောက်မှဆွဲကာ အိမ်အရှေ့ပေါက်ဝဆီသို့တရွတ်တိုက်ဆွဲသွားသည်။သူတို့ဆွဲသွားသော လမ်းကြောင်းတစ်လျှောက်တွင်…ဆောင်းရတီ၏ သွေးများက စွပ်ကြောင်းကြီးတစ်ခုအဖြစ် ကျန်ရစ်ခဲ့တော့သည်။

* * *

“ဒီအိမ်ပဲ အမလေးတို့…ဒီမှာသော့တွဲ…ခြံဝင်းသော့ရော…အိမ်တံခါးသော့ရော..ပြီးတော့ အိပ်ခန်းသော့တွေလည်းပါတယ်…အမတို့စိတ်အေးလက်အေးနေနော်…အိမ်အကူလုပ်ဖို့အတွက်တော့ မိနီရှိတယ်အမ…လိုအပ်တာတွေ သူ့ကိုခိုင်းပေါ့…ကျနော်ပြန်ဦးမယ်နော်…မိုးလည်းချုပ်နေပြီ…အထဲကိုလိုက်မပို့တော့ဘူးနော်…”

တင့်အောင်က ပြောပြောဆိုဆိုပင် ကားပေါ်မှအဝတ်အစားများထည့်ထားသောအိတ်ကြီးနှစ်လုံးအား သယ်ချကာ ခြံဝင်းတံခါးဝတွင်ချပေးလိုက်ပြီး ခြံဝင်းအတွင်းမှ အိမ်ကလေးကိုတစ်ချက်ကြည့်ကာ ကားပေါ်ပြန်တက်၍….

“သြော်…မနက်ဖြန်မနက် ၁၀ နာရီမှ ကျနော်လာကြိုမယ်နော်…အေးဆေးအိပ်ကြပေါ့”

ဟုဆိုကာ ကားကိုမောင်းထွက်သွားသည်။
ထိုအချိန်တွင် အိမ်ကလေးအတွင်းမှ တစ်စုံတစ်ယောက်အပြေးလေးရောက်လာကာ….

“သြော်…အမတို့ရောက်ပြီလား…လာကြလေ…ကျမက မိနီပါ”

ဟု အာသွက်လျှာသွက်ဖြင့်ပြောလည်းပြော
အပေါက်ဝတွင်ချထားသောအိတ်ကြီးတစ်လုံးကိုလည်း ဆွဲကာ အရှေ့မှဦးဆောင်၍
အိမ်ကလေးထံသို့ လျှောက်သွားသည်။
နှင်းပွင့်ဖြူ နှင့် သူမ၏အဒေါ်လည်းဖြစ်သူ
ဒေါ်သူဇာလည်း ကျန်သောအိတ်တစ်လုံးကို
နှစ်ယောက်အတူတစ်ဖက်စီဆွဲကာ ခြံဝင်းထဲဝင်ကာ ခြံတံခါးသော့ကိုပြန်ခတ်လိုက်ပြိး အိမ်ဘက်သို့ လှမ်းလျှောက်သွားလိုက်သည်။
အိမ်ဘက်ဆီသို့သွားနေရင်း သူမ မျက်လုံးများက ပတ်ဝန်းကျင်ကို အနည်းငယ်ဝေ့ဝဲကာ ကြည့်ရှုအကဲခက်လိုက်သည်။အိမ်က ခြံဝင်းကျယ်ကြီးထဲတွင်ဆောက်ထားသော
တစ်ထပ်တိုက်ပုကလေးတစ်လုံး…အိမ်၏ ညာဘက်တွင် ဂိုဒေါင်ဖြစ်ဟန်တူသော
အဆောက်အဦးလေးတစ်လုံးကိုတွေ့ရပြီး
ဘယ်ဘက်တွင်တော့ တန်းလျားတစ်ခုကိုတွေ့ရသည်။အိမ်ထဲသို့ ဝင်ဝင်ချင်း သူမ တစ်ကိုယ်လုံး အေးစိမ့်သိုခံစားလိုက်ရပြီး ကြက်သီးမွှေးညှင်းများထသွားသည်ကို
သတိထားလိုက်မိသည်။မှောင်စပျိုးနေပြီ
ဖြစ်သောကြောင့်အပြင်ဘက်တွင် အနည်းငယ်မှောင်နေသော်လည်း အိမ်ထဲတွင်တော့ မီးများလင်းထိန်နေသည်။
မိနီက သူမတို့အား အိပ်ခန်းတစ်ခန်းဆီသို့ခေါ်ဆောင်သွားကာ…

“ဒီအိပ်ခန်းက တော်တော်ကျယ်တယ်…နှစ်ယောက်အိပ်လည်းရတယ်…တကယ်လို့တစ်ယောက်တစ်ခန်း နေချင်တယ်ဆိုရင်လည်း ဟိုဘက်မှာ”

“ရတယ်မိနီ…ငါတို့နှစ်ယောက် တစ်ခန်းတည်းပဲနေမှာ”

ဟု သူမက မိနီစကားမဆုံးခင်ဝင်ပြောလိုက်သည်။

“သြော်…ဟုတ်ကဲ့…လိုတာရှိရင် ကျမကိုခေါ်လိုက်နော်…ကျမက ဟိုဘက်ဘေးက တန်းလျားလေးမှာနေတာ..
အမတိုအတွက် ညစာလည်းချက်ထားပြီးပြီ…”

ဟုပြောလိုက်ရာ သူမက…

“အင်းအင်း မိနီ…သွားတော့လေ..ရတယ်…
လိုရင်ခေါ်လိုက်မယ်နော်”

ဟုပြန်ပြောလိုက်သဖြင့် မိနီလည်း နောက်သို့လှည့်ထွက်သွားသည်။သူမလည်း
အိပ်ယာဘေးရှိ စာကြည့်စားပွဲရှေ့မှ ထိုင်ခုံတွင် ခဏဝင်ထိုင်လိုက်ကာ…

“ဒေါ်လေး….ရေချိုးရင်ချိုးလေ…ဟိုဘက်ကရေချိုးခန်းဖြစ်မယ်ထင်တယ်…ဒေါ်လေးချိုးပြီးမှ သမီးချိုးတော့မယ်…ပြီးမှ ညစာအတူစားကြတာပေါ့”

ဟုပြောလိုက်ရာ စကားနည်းသော ဒေါ်သူဇာလည်း ခေါင်းကိုသာညှိတ်ပြလိုက်ပြီး တဘက်တစ်ထည်ကိုခေါင်းပေါင်းပြီး အခြားတဘတ်တစ်ထည်ကို ခြုံကာ ရေချိုးခန်းထဲသို့ဝင်သွားတော့သည်။သူမလည်း အိပ်ခန်းပြတင်းပေါက်မှ ခြံဝင်းအတွင်းသို့ ငေးကြည့်နေမိစဉ်….

“အား….”

ဆိုသော ရင်ခေါင်းအသံကြီးဖြင့်အော်လိုက်သော မိန်းမတစ်ယောက်၏ အသံတစ်သံကိုကြားလိုက်ရသည်။အသံက
ဂိုဒေါင်ဘက်ဆီမှထွက်ပေါ်လာခြင်းဖြစ်၍
မိနီမဖြစ်နိုင်…။ခြံဝင်းထဲတွင် မီးရောင် မှိန်ပြပြသာ ဖြာကျနေသောကြောင့်လောမပြောတတ်…
လူရိပ်လူယောင်ကိုမူ မမြင်ရ။သူမစိတ်ထဲ
အနည်းငယ်ကြောက်လန့်သွားသလိုခံစားလိုက်ရသည်။ထို့ထက်ပိုထူးဆန်းသည်က…
တစ်စုံတစ်ခုသော တွန်းအားက သူမ၏စိတ်အား ထိုဂိုဒေါင်လေးထံသွားရန်
တွန်းအားပေးနေသကဲ့သို့ဖြစ်နေသည်။
သူမစိတ်ထဲ ထိုဂိုဒေါင်ကလေးထံသွားကြည့်ချင်နေသောစိတ်များဖြစ်ပေါ်နေသည်။ထိုစဉ်…အေးစက်နေသော လက်တစ်ဖက်က သူမပုခုံးပေါ်
လာတင်သဖြင့် သူမလည်း….

“အမလေး…”

ဟု လန့်အော်လိုက်မိကာ နောက်သို့ အလျှင်အမြန်လှည့်ကြည့်လိုက်ရာ ဒေါ်သူဇာကို တွေ့လိုက်ရသည်။

“ဟဲ့ သမီး ဘာဖြစ်တာလဲဟဲ့”

ဟု ဒေါ်သူဇာကလည်း အလန့်တကြားပြန်မေးလိုက်သည်။

“ဟို..ဟို…ဘာမှမဖြစ်ဘူးဒေါ်လေး….သမီးအတွေးလွန်နေလို့”

ဟု လက်ညှိးကိုဟိုထိုးဒီထိုးလုပ်ရင်းပြောလိုက်သည်။ဒေါ်သူဇာက…..

“ကဲကဲ…သွားသွား…ရေသွားချိုးတော့”

ဟုပြောလိုက်သဖြင့် သူမလည်း တုန်ယင်နေသော ရင်ဘတ်အားလက်ဖြင့်ဖိကာ ရေချိုးခန်းသို့ဝင်ကာ ရေမိုးချိုးလိုက်တော့သည်။

နောက်တစ်နေ့ဆယ်နာရီတွင် တင့်အောင်က
လာကြိုသဖြင့် သူမတို့နှစ်ယောက်လည်း စာချုပ်ချုပ်ရန်ချိန်းထားသော ရုပ်ရှင် ကုမ္ပဏီရုံးခန်းရှိရာသို့ထွက်လာခဲ့သည်။
ထိုရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်မှာ
စိုးကျော်ဖြစ်ပြီး…သူကပင် ဒါရိုက်တာလုပ်၍ သူပင်ထုတ်လုပ်သည်။
စိုးကျော်မှာ မျိုးရိုးစဉ်ဆက်ချမ်းသာသူဖြစ်ပြီး ဝါဿနာပါရာ ဒါရိုက်တာအလုပ်ကိုလုပ်ကိုင်ပြီး သူကပင်
ထုတ်လုပ်သူအဖြစ်လုပ်ကိုင်နေသူဖြစ်သည်။
အထူးသဖြင့် တက်သစ်စမင်းသား မင်းသမီးများကို မြေတောင်မြှောက်ပေးသူဟု ရုပ်ရှင်လောကတွင်နာမည်ကြီးသူဖြစ်သည်။
သို့သော်…သူ၏နောက်ကွယ်မှ ဖွက်ထားသောလက်သည်းကို သိရှိသူသိပ်မရှိလှ။သူက..နာမည်မရှိလှသော အငြိမ့်သမများ….မော်ဒယ်များကို ရုပ်ရှင်ဘက်သို့ပါလာစေရန် ငွေကြေးများထောက်ပံ့ပြီးခေါ်ယူကာ…သူ၏ကျေးဇူးများကိုအကြောင်းပြကာ ထိုမင်းသမီးများကို ခြေတော်တင်တတ်သူပင်။သူ၏အကြောင်းကို အစအဆုံးသိသူဆို၍ သူ၏တပည့်ကျော်
တင့်အောင်တစ်ယောက်သာလျှင်ရှိသည်။
ယခုလည်း မော်ဒယ်လောကတွင် နာမည်ကျော်စပြုလာသော နှင်းပွင့်ဖြူ အား
စာချုပ်ဖြင့်အရင်ချုပ်ထားပြီး…သူ့စက်ကွင်းထဲမှ မရုန်းသာတော့သည့်အချိန်တွင် အပိုင်ချည်ရန်ကြံစည်နေသူ…။နှင်းပွင့်ဖြူ သည်…ဝါဝင်းသောအသားအရည်…မျက်လုံးမျက်ဆံနက်နက်ကလေးများ…ဖြောင့်စင်းသောနှာတံ…နှင်းဆီဖူးကဲ့သို့ သဘာဝအတိုင်းနီရဲနေသော နှုတ်ခမ်းများနှင့်
ှရှည်လျှားနက်မှောင်သော ဆံပင်များနှင့်လိုက်ဖက်လှသော အရပ်အမောင်းကိုပိုင်ဆိုင်ထားသော မိန်းမလှလေးတစ်ဦးဖြစ်သည်။

“ဆရာ…ဒီမှာ လက်မှတ်ထိုးပါခင်ဗျ”

ဆိုသော အသံကြားမှ အတွေးနယ်ထဲမှ သတိပြန်လည်လာကာ…

“အေးအေး…ပေးပေး”

ဟုဆိုကာ စာချုပ်တွင်လက်မှတ်ထိုးလိုက်သည်။ထို့နောက်..နှင်းပွင့်ဖြူ ကလက်မှတ်ထိုး၍ အသိသက်သေများက လက်မှတ်ထိုးကြပြန်သည်။ထို့နောက် နှင်းပွင့်ဖြူ တို့လည်း သက်ဆိုင်သူများနှင့်
မီဒီယာများကို နှုတ်ဆက်ကာပြန်ခဲ့တော့သည် ။
သူမစိတ်ထဲတွင် အိမ်သို့အမြန်ပြန်ရောက်နိုင်ရန်သာ စိတ်စောနေမိသည်။အဘယ့်ကြောင့်ဆိုသော်….သူမစိတ်ထဲ…ဂိုဒေါင်ဆီသို့သွားရန်သာစိတ်စောနေသောကြောင့်ပင်ဖြစ်သည်။

* * *

စာချုပ်ကိစ္စများပြီးစီးသည့်နောက် သူမတို့အား သုံးရက်ခန့် နားနားနေနေနေရန်
ထုတ်လုပ်သူ ဒါရိုက်တာ စိုးကျော်က ပြောထားသဖြင့် သူမပျော်ရွှင်နေမိသည်။
ပထမဆုံးရိုက်ကူးမည့်ဇာတ်ကား ဇာတ်ညွှန်းကိုလည်းပေးလိုက်သည်။
သူမတို့ အိမ်သို့ပြန်ရောက်ချိန်တွင် ညနေ ၅ နာရီခွဲနေပြီဖြစ်သည်။မိုးဥတု၏ထုံးစံအတိုင်း ထိုအချိန်သည်အလင်းနှင့်အမှောင်အားပြိုင်နေသောအချိန်ဖြစ်သည်။သူမက ခြံဝင်းအတွင်းသို့ ရောက်သည်နှင့်…

“ဒေါ်လေးရေ…အိမ်ထဲဝင်ပြီး ရေမိုးချိုးလိုက်ဦးနော်…သမီးခြံဝင်းထဲလိုက်ကြည့်လိုက်ဦးမယ်”

ဟုဆိုကာ ခြံဝင်းထဲမှ ပန်းပင်များကိုလိုက်ကြည့်နေလိုက်သည်။
ဒေါ်သူဇာအိမ်ထဲသို့ဝင်လိုက်သည်နှင့် သူမလည်း ဂိုဒေါင်ဘက်သို့ ခြေလှမ်းကြဲကြီးများဖြင့်လျှောက်သွားကာ
လက်ထဲမှ သော့တွဲဖင့် ဂိုဒေါင်တံခါးကိုခတ်ထားသောသော့ကို ဖွင့်ကြည့်သည်။တစ်ခုမှဖွင့်မရ…။ဘာကြောင့် ဂိုဒေါင်သော့ကို မပေးရသနည်း။သူမ အကြာကြီးမစဉ်းစားတော့ပဲ…အနီးအနားပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ သံတူရွင်းတစ်ခုကိုတွေ့လိုက်ရသည်။ထိုသံတူရွင်းကိုယူကာ သူမလည်း တံခါးကိုခတ်ထားသော သော့ခလောက် ကိုရိုက်၍ဖြတ်လိုက်သည်။တစ်မိနစ်ခန့်ကြာမှ သော့ခလောက်ပြုတ်သွားသည်။
သူမလည်း သော့ခလောက်ကိုဖယ်ကာ
တံခါးကိုတွန်းဖွင့်၍ဝင်လိုက်သည်။ဘေးဘက်နံရံများကိုစမ်းကြည့်လိုက်ရာ တံခါး၏ဘေးနားလေးတွင် မီးခလုတ်တစ်ခုကိုစမ်းမိသဖြင့် ဖွင့်လိုက်ရာ
မီးချောင်းတစ်ချောင်းပွင့်သွားပြီး အခန်းတစ်ခုလုံး လင်းသွားသည်။အလင်းရောင်အပြင်သို့ရောက်လျှင်အခြားသူများသိမည်စိုး၍ သူမလည်း တံခါးကိုပြန်ပိတ်လိုက်သည်။တံခါးရွက်နှစ်ခု
စေ့သွားသောအခါတွင် တံခါးရွက်တစ်ဖက်တစ်ချပ်စီတွင် စာရွက်တစ်ပိုင်စီရှိနေပြီး ထိုစာရွက်အပေါ်တွင် အင်းကွက်ကဲ့သို့သော
သူမနားမလည်သော စာများရေးထားသည်ကိုတွေ့လိုက်ရသည်။
သူမလည်း အခန်းအတွင်းသို့ဝေ့ဝဲကြည့်လိုက်သည်။
သူမ၏ ရှေ့တည့်တည့်မှ နံရံတွင်စာရွက်တစ်ခုကပ်ထားသည်ကိုတွေ့သဖြင့် ထိုအနီးသို့ သူမ တိုးကပ်ကာ ကြည့်လိုက်ရာ ပထမတံခါးတွင်ကပ်ထားသော အင်းကွက်ကဲ့သို့ စာရွက်တစ်ရွက်ကိုတွေ့လိုက်ရသဖြင့် သူမ ထိုစာရွက်ကိုဆွဲဖြုတ်လိုက်သည်။ထိုအချိန်တွင်လေပြင်းတစ်ချက်ဝေ့လိုက်သကဲ့သို့
သူမ၏ဆံပင်များလွင့်သွားကာ ကြက်သီးများထသွားပြီး အားနည်းသကဲ့သို့ဖြစ်သွားပြီး လဲကျသွားသည်။သူမ အသိစိတ်ထဲတွင်…

“သမီး…သတိထား…ထထ…”

“မမလေး….သတိထား”

ဆိုသော….အဒေါ်ဖြစ်သူနှင့် မိနီ၏အသံကိုသာ နောက်ဆုံးကြားလိုက်ရပြီး…သူမ စိတ်တစ်ခုလုံး…အမှောင်ဖုံးသွားတော့သည်။

* * *

မိနီ နှင့် ဒေါ်သူဇာတို့လည်း နှင်းပွင့်ဖြူ အား
မနိုင်မနင်းဖြင့် နှစ်ယောက်အတူ ချီမကာ အိမ်ကလေးထံသို့ပြန်လာခဲ့သည်။သူမတို့၏
နောက်ကျောဘက်မှ…သူမတို့အား စူးစိုက်ကြည့်နေသော အဖြူရောင် သဏ္ဍာန်တစ်ခုကို သူမတို့သတိမထားမိလိုက်ပေ။နှင်းပွင့်ဖြူအား ကုတင်ပေါ်တွင်တင်လိုက်ပြီး ရေပက်တိုက်ခြင်း နှိပ်နယ်ပေးခြင်းများပြုလုပ်လိုက်သောအခါမှပင် သတိပြန်လည်လာသည်။ဒေါ်သူဇာက
ဂရုဏာဒေါသောဖြင့်….

“သမီးရယ်….ဘာလို့များအဲ့ဂိုဒေါင်ဘက်သွားရတာလဲ…မိုးချုပ်နေပြီကို…
သွားချင်ရင်လည်း ဒေါ်လေးကိုပြော…မနက်မှအတူသွားလည်းရတာကိုကွယ်..မသေကောင်းမပျောက်ကောင်း”

ဟုပြောဆိုနေသည်။မိနီလည်း အခြေအနေများ အေးဆေးသွားသောအခါမှ

“ကျမ ညစာသွားပြင်ဆင်လိုက်မယ်နော်…
မမလေးရေချိုးပြီးရင် အဆင်သင့်စားလို့ရတာပေါ့”

ဟုဆိုကာ မီးဖိုခန်းဘက်သို့ထွက်သွားသည်။
သူမ မီးဖိုခန်းသို့ရောက်ပြီးထမင်းဟင်းများခူးခပ်နေစဉ်…သူမ၏ ခြေဖဝါးတွင် စေးကပ်ကပ်
အရည်တစ်မျိုးကို နင်းမိသကဲ့သို့ခံစားနေရသဖြင့် အောက်သို့ငုံ့ကြည့်လိုက်ရာ…သူမ မြင်လိုက်ရသည်က

“ဟင်….သွေး….သွေးတွေ…”

ဟု အလန့်တကြားရေရွတ်လိုက်မိသည်။
ဟုတ်သည်….သူမ၏ခြေဖဝါးအောက်တွင်
သွေးများ…ထိုသွေးများလာရာလမ်းကြောင်းကိုသူမလိုက်ကြည့်လိုက်သည်။သွေးများက စွပ်ကြောင်းတစ်ခုတစ်ဖွယ် မီးဖိုခန်းမှ အိမ်အပြင်ဘက်ဧည့်ခန်းဘက်သို့ ဦးတည်သွားသဖြင့် သူမလည်းထိုအတိုင်းလိုက်သွားပြီး ကြည့်လိုက်ရာ အိမ်အပြင်သို့ ဦးတည်သွားပြီး မြက်ပင်အချို့တွင် သွေးစများစွန်းထင်းနေသည်ကို အိမ်အပြင်မှ မီးချောင်းအလင်းရောင်အောက်တွင်ထင်ထင်ရှားရှားတွေ့လိုက်ရသည်။သူမ ဆက်၍ လိုက်သွားလိုက်သည်။တစ်ကိုယ်လုံးလည်း
ကြက်သီးများထကာ အေးစိမ့်နေသလိုခံစားနေရသည်။သွေးစီးကြောင်းက စောစောက သူမတို့ပြန်ပိတ်ထားသော ဂိုဒေါင်တံခါးဝတွင် ဆုံးသွားသည်။သော့မှာ
နှင်းပွင့်ဖြူ ရိုက်ချိုးထားသဖြင့်တံခါးကို
စေ့ရုံသာစေ့ထားခြင်းဖြစ်သည်။သူမစိတ်ထဲ
အလွန်ကြောက်လန့်နေသော်လည်း တစ်စုံတစ်ခုသော တွန်းအားက သူမအား
ဂိုဒေါင် တံခါးထံသို့ တွန်းပို့နေသည်ဟု ခံစားနေရပြီး တဖြည်းဖြည်း ဂိုဒေါင်တံခါးကို တုန်ယင်နေသော လက်အစုံဖြင့် အသာအယာတွန်းဖွင့်လိုက်သည်။သူမ၏
နှလုံးခုန်သံကို သူမပြန်ကြားနေရသည်။

“ကျီ…ကျီ”

ဟောင်းနွမ်းနေသော တံခါး ပတ္တာအသံက
အန္တရာယ်အချက်ပေးသံကဲ့သို့ထွက်ပေါ်လာသည်။

“အီး…ဟီးဟီး…”

ဆိုသော မိန်းကလေးတစ်ယောက်၏ ညည်းညူသံကို သဲ့သဲ့လေးကြားလိုက်ရသည်။

“ဘယ်က မိန်းကလေးပါလိမ့်…
သူခိုးများလား…လူမှဟုတ်ရဲ့လား…သရဲတွေဘာတွေများလား”

ဟု သူမတွေးတောရင်း တံခါးဘေးမှ မီးခလုတ်ကို ဖွင့်လိုက်သည်။

“ထောက်”

ဆိုသော အသံထွက်ပေါ်လာသည်။မီးချောင်း
က လင်းလိုက် ပိတ်လိုက် ဖြစ်နေသည်။တစ်ချက်တစ်ချက်ထွက်ပေါ်လာသောအလင်းရောင်အားကိုးဖြင့်
သူမ အခန်းတွင်းသို့ကြည့်လိုက်ရာ….အခန်းထောင့်တစ်နေရာတွင် သွေးစွန်းနေသော အဖြူရောင်အင်္ကျီကိုဝတ်ဆင်ထားသောမိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုမိန်းကလေးက သူမအားကျောပေးထားပြီး အခြားနံရံဘက်သို့မျက်နှာမူထားသည်။
ထိုမိန်းကလေးထံမှလည်း ငိုသံလိုလို ညည်းသံလိုလို
အသံများထွက်ပေါ်နေသည်။

“အီး..ဟီး…ဟင်း..”

မိနီ အသိစိတ်ကင်းမဲ့သလိုဖြစ်နေသည်။

“နင်…နင်ဘယ်သူလဲ”

ဟု ကြောက်လန့်နေသည့်ကြားမှ မေးလိုက်သည်။သူမ အမေးအဆုံး ထိုမိန်းကလေးထံမှ အသံများ တိတ်ဆိတ်သွားသည်။ထို့နောက်….ထိုမိန်းကလေး၏ ဦးခေါင်းသည် သူမရှိရာဘက်သို့ တဖြည်းဖြည်းလှည့်လာသည်။မျက်နှာတစ်ခြမ်းကိုသူမမြင်နေရပေပြီ…။ဆံပင်များဖရိုမရဲကျနေသော်လည်း အလွန်လှပသောမိန်းကလေးတစ်ယောက်ဖြစ်ကြောင်း သူမတွေ့လိုက်ရသည်။ထို့နောက်
မျက်နှာတစ်ခုလုံး သူမဘက်သို့လှည့်လာရာ

“အမလေးဘုရား….မ…မမဆောင်းရတီ”

ဟုသူမ လန့်အော်လိုက်မိသည်။ထိုမိန်းကလေး၏ ကျန်သောမျက်နှာတစ်ခြမ်းမှာ တူနှင့်အချက်ပေါင်းများစွာ ထုနှက်ခံထားရသကဲ့သို့ကြေမွနေပြီး မျက်လုံးတစ်လုံးက အပြင်သို့ တွဲလဲကျနေသည်။မိန်းကလေးက သူမအား
ကြည့်ကာ ခြောက်အက်ကွဲရှသော အသံဖြင့်….

“မိနီ….နင့်အလှည့်ရောက်ပြီ….နင်သေရမယ့်အလှည့်ပဲ…ဟားဟားဟား…ဟီးဟီးဟီး”

ဟု ပြောဆိုရယ်မောရင်း သူမထံသို့ လက်နှစ်ဖက်ကိုဆန့်တန်းကာ လျှင်မြန်သော အရှိန်ဖြင့် လေပေါ်မှရွေ့လျားလာရာ သူမလည်း သတိပြန်ဝင်လာပြီး…နောက်သို့လှည့်ကာ
အိမ်ဘက်ဆီသို့ အလျှင်အမြန်ပြန်ပြေးလာမိသည်။အိမ်ထဲဝင်ပြီးသည်နှင့် အိမ်တံခါးကို ပြန်ပိတ်ပြီး မီးဖိုခန်းဘက်သို့ ပြေးဝင်ကာ အမောဖြေနေလိုက်မိသည်။

“ဘုရားရေ…ဘာတွေဖြစ်ကုန်တာလဲ…သူ…
သူပြန်လာပြီလား…ငါ့စိတ်ထဲကပဲထင်နေတာလား…တကယ်ပဲ သူပြန်လာတာလား…
တကယ်သာဆိုရင်…ငါ…ငါ”

သူမစိတ်ထဲတွင် အတွေးများက တောင်စဉ်ရေမရပေါ်လာသည်။ထိုအချိန်တွင် သူမ၏ခြေဖဝါးအောက်တွင် စေးကပ်ကပ်သွေးများကိုနင်းထားလျက်သားဖြစ်နေသည်ကို သတိပြုလိုက်မိသည်။

“မဖြစ်ဘူး…ဒီသွေးတွေသူများတွေတွေ့သွားလို့မဖြစ်ဘူး…”

သူမတစ်ယောက်တည်း တီးတိုးရေရွတ်ကာ
ကြမ်းတိုက်သော အဝတ်တစ်ထည်ကို ယူကာ ရေစွတ်လိုက်ပြီး ထိုသွေးများကို သုတ်နေမိသည်။ထိုသို့ သုတ်နေရင်း သူမ၏ စိတ်သည် လွန်ခဲ့သော ကာလတစ်ခုဆီသို့
ရောက်ရှိသွားသည်။

“မိနီ….ဒီမှာ နင်သုံးဖို့အတွက် ပိုက်ဆံ ၅ သိန်း…တနင်္လာနေ့ကျရင် နင့်အမေကျန်းမာရေး
မကောင်းလို့ရွာပြန်မယ်ပြော…ပြီးတော့
နင်သိတယ်မဟုတ်လား…ခါတိုင်းလိုပေါ့…
နင်သွားနေချင်တဲ့နေရာမှာသာ သွားနေ…
ငါဖုန်းဆက်မှပြန်လာခဲ့”

ဟု အိမ်ရှင်ဖြစ်သူ ကိုစိုးကျော်၏ အမိန့်ကို
သူမ မလွန်ဆန်သာပေ…။ပြီးတော့ ထိုကိစ္စမှာ သူမအတွက်ထူးဆန်းလှသည်မဟုတ်။
ကိုစိုးကျော်သည် ခါတိုင်းလည်း ထိုကဲ့သို့ပင်
တက်သစ်စမော်ဒယ်များ…မင်းသမီးအသစ်များကိုခြေတော်တင်နေကျမဟုတ်လား။
ထိုအချိန်မျိုးတွင် သူမအား ထိုကဲ့သို့ပင်
ပိုက်ဆံပေး၍ အခြားတစ်နေရာသို့ရှောင်ခိုင်းနေကျပင်။
သူမအတွက်တော့ နယ်မှ မိဘများထံငွေကြေးပို၍ ထောက်ပံ့ပေးနိုင်သဖြင့် ထိုကိစ္စကို သဘောကျမိသည်ကအမှန်။

“ဟုတ်ကဲ့ဆရာ….ကျမဒီတစ်ခေါက်တော့
ရွာကိုမပြန်တော့ဘူး…အမေ့ဆီပိုက်ဆံလွှဲပီးတော့ ရွာကနေ ဒီမှာအလုပ်လာလုပ်တဲ့ ရွာက သူငယ်ချင်းတစ်ယောက်ရဲ့အဒေါ်အိမ်မှာသွားနေမယ်”

“ကဲကဲ…နင့်ဘာနင် ဘယ်မှာပဲနေနေ…ငါဖုန်းဆက်မှ ပြန်လာ…”

သူမစကားမဆုံးခင် စိုးကျော်က ဖြတ်ပြောလိုက်ပြီး အိမ်ထဲမှ ထွက်သွားတော့သည်။သူမလည်း ဆောင်းရတီအား ရွာမှသူမအမေနေမကောင်းသဖြင့် ခွင့်ယူ၍
ရွာပြန်ချင်ကြောင်း ပြောလိုက်ရာ သဘောကောင်းလှသော ဆောင်းရတီက ကြည်ဖြူစွာခွင့်ပြုသည့်အပြင် သူမအား
မုန့်ဖိုးပင် ထပ်ပေးလိုက်သေးသည်။သူမလည်း ရွာမှ
မိခင်ထံ ငွေအချို့လွှဲပေးလိုက်ပြီး သူငယ်ချင်း၏ အဒေါ်အိမ်တွင်သွားနေနေလိုက်သည်။
သူငယ်ချင်းဖြစ်သူနှင့် သူမ၏အဒေါ်ကိုမူ
အိမ်ရှင်များ ခရီးရက်ရှည်ထွက်သွားသဖြင့်
ခွင့်ရထားပြီး အိမ်ရှင်များပြန်လာမှ အလုပ်ပြန်လုပ်ရမည်ဟုပြောထားခဲ့သည်။
စနေနေ့ညတွင် ကိုစိုးကျော်က သူမအား
ဖုန်းဆက်လာပြီး သူမနေထိုင်သည့် အိမ်လိပ်စာကိုမေးကာ သူ၏ တပည့်တစ်ယောက်အား လာကြိုခိုင်းလိုက်သဖြင့် သူမလည်း
ကမန်းကတန်းပင်း လိုက်ခဲ့ရသည်။သူငယ်ချင်းဖြစ်သူအား အိမ်ရှင်များ ယခုရောက်လာသဖြင့် ချက်ချင်းပြန်ရမည်ဟု ပြောခဲ့သည်။အိမ်သို့ပြန်ရောက်သောအခါမှ
သူမတွေ့လိုက်ရသည့်မြင်ကွင်းကြောင့် ထိတ်လန့်သွားမိသည်။ကြမ်းပြင်တစ်လျှောက်တွင် သွေးစီးကြောင်းတစ်ခု…။
ကိုစိုးကျော်က တည်ငြိမ်စွာပင်….

“နင့် မမလေးကတော့ ကြမ်းပြင်ပေါ်ချော်လဲကျပြီးတော့ သေသွားပြီ”

ဟုပြောလိုက်ရာ သူမက…

“ရှင်”

ဟုသာ ရေရွတ်လိုက်မိသည်။
ဘာများပြောနိုင်ဦးမည်နည်း….။

“ကဲကဲ…ထားလိုက်တော့…သူကတော့သေပြီ…သူသေတာကို ပတ်ဝန်းကျင်ကသိသွားရင်
ငါတို့အားလုံးအမှူပတ်ကုန်လိမ့်မယ်…ဒီကိစ္စမှာနင်လည်းကြံရာပါဖြစ်သွားပြီ…အဲ့တော့
ဒီကိစ္စကိုအပြင်ကိုမပေါက်ကြားစေနဲ့နော်…
နင့်အတွက် အန္တရာယ်တွေအများကြီးရှိတယ်…နားလည်လား”

စိုးကျော်က လေသံခပ်မာမာဖြင့် ခြမ်းခြောက်သလိုလို…သတိပေးသလိုလို
ပြောလာသည်။

“ရှင်….ဟုတ်…ဟုတ်ကဲ့”

ဟု တုန်ယင်နေသော အသံဖြင့် ပြန်ပြောလိုက်သည်။

“ကဲ…နားလည်ရင်လည်းပြီးရော…
ဒီသွေးတွေကို ပြောင်စင်အောင် သုတ်လိုက်…မပြောင်မချင်းနင်မအိပ်နဲ့…
ပြီးတော့ နောက်ထပ်ဒီမှာနေမယ့်လူတွေ မရောက်မချင်းနင်ဒီအိမ်မှာပဲအလုပ်လုပ်နေ…ငါနင့်ကို လစာပေးထားမယ်…ဟုတ်ပြီလား”

“ရှင်…ဟုတ်…ဟုတ်ကဲ့”

“ကဲ…ဒါဆိုလည်း လုပ်တော့…ငါတို့ပြန်တော့မယ်…နင့် မမလေး ဘယ်ရောက်သွားလဲလို့ ဘယ်သူပဲမေးမေး…နယ်ပြန်သွားတယ်လို့ပဲပြောလိုက်..ဟုတ်ပြီလား…ကျန်တာ ငါကြည့်ရှင်းယူမယ်”

စကားအဆုံးတွင် စိုးကျော်နှင့် သူ၏ တပည့်တို့ အိမ်ထဲမှ ထွက်ခွာသွားသည်။
သူမလည်း ကြမ်းတိုက်သောအဝတ်ဖြင့်
ထိုသွေးတို့ကို တစ်ညလုံးနီးပါး ပြောင်စင်အောင်ရှင်းလင်းခဲ့ရသည်။
ထိုအဖြစ်အပျက်များဖြစ်ပွားပြီးနောက်…
သူမလည်း ထိုအိမ်ကြီးတွင်တစ်ယောက်တည်း နေခဲ့ရပြီး…အိမ်သန့်ရှင်းရေးကိုနေ့စဉ် ပြုလုပ်ပေးခဲ့ရသည်။ထိုအတောအတွင်း…
ဧည့်ခန်းရှိ တီဗီက သူ့အလိုလို ပွင့်လာခြင်း…
မီးဖိုခန်းဘက်မှ အိုးခွက် ပန်းကန်များကျကွဲသံများကိုကြားရသည့်အပြင် အဖြူရောင်သဏ္ဍာန်တစ်ခုကို ရိပ်ကနဲ
ရိပ်ကနဲ မြင်နေရသည်ဖြစ်ရာ သူမစိတ်ထဲ
မသိုးမသန့်ခံစားနေရသည်။သူမ တံမြတ်စည်းလှည်းနေစဉ် ကြမ်းပြင်တွင်
ခြေရာများပေါ်လာခြင်း…တစ်ယောက်တည်း ထမင်းဟင်းချက်ပြုက်နေစဉ်တွင် တစ်ယောက်ယောက်က အနောက်မှ ကြည့်နေသလို ခံစားနေရခြင်းတို့ကို ကြုံတွေ့ရသည်။ထို့ကြောင့် သူမလည်း ထိုအကြောင်းတို့ကို စိုးကျော်နှင့်တွေ့ဆုံချိန်များတွင်ပြောပြခဲ့သည်။စိုးကျော် က…

“အင်း…ဟုတ်ပြီ…နင်ဘာမှစိတ်မပူနဲ့…ငါ့အသိဆရာတစ်ယောက်ရှိတယ်…အားလုံးအဆင်ပြေသွားလိမ့်မယ်…နင်သာနှုတ်လုံအောင်နေ”

ဟုပြန်ပြောခဲ့သည်။မကြာမီမှာပင် စိုးကျော် နှင့် တင့်အောင်တို့သည် အသက် ငါးဆယ်ကျော်ခန့်ရှိမည့် ပုဂ္ဂိုလ်တစ်ဦးနှင့်အတူ ရောက်လာကြသည်။
ထိုစဉ်မှစ၍ မည်သည့်ခြောက်လှန့်မှုမှ မရှိတော့ပေ…။ယခုတော့…

“ဟဲ့ မိနီ…ဘာလုပ်နေတာတုန်း”

ဆိုသော ဒေါ်သူဇာ၏အသံကြားမှပင် သူမလည်း ကြောင်အမ်းအမ်းဖြင့်….

“ရှင်…ဟို…ဟိုဒါ”

“ဘာဟိုဒါလဲ…ကဲကဲ သွားတော့…သွားအိပ်ချေတော့…အချိန်မနည်းတော့ဘူး”

ဟုပြောလိုက်မှ သူမလည်း စောစောက သွေးစီးကြောင်းကို ပြန်ကြည့်လိုက်ရာ ဘာမှမရှိတော့ပေ။

* * *

“ကဲ နှင်းပွင့်ဖြူ ရေ…ပထမဆုံးရိုက်မယ့်ကားဇာတ်ညွှန်းကို
ဖတ်ပြီးပြီမဟုတ်လား…ဇာတ်လမ်းကတော့
ရိုးရိုးလေးပါပဲ…အငြိမ့်သမ တစ်ယောက်ရဲ့
နောက်ကြောင်းအတ္ထုပတ္တိကိုပြန်ရိုက်မှာပေါ့…ဆင်းရဲတဲ့ အနှိမ်ခံဘဝကနေ နိုင်ငံကျော်အငြိမ့်မင်းသမီးတစ်ယောက်ဖြစ်လာအောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ပုံရိပ်တွေကိုပေါ့”

“ဟုတ်ကဲ့ ဆရာ…ကျမ ဖတ်ပြီးပါပြီ”

“အင်း…အိုက်တင်ပိုင်းကိုတော့ ဆရာတို့ကသင်ပေးနိုင်ပေမယ့် ဇာတ်လမ်းအရ က ရတဲ့အခန်းတွေအတွက်ကတော့ အက သင်ပေးမယ့် ဆရာမတစ်ယောက်ကို ခေါ်ထားတယ် အခြေခံလေးသင်ထားမှ
အဆင်ပြေမယ်လေ…အဲ့တော့ မင်းသမီးအနေနဲ့. လောလောဆယ် ရိုးရိုးအခန်းတွေရိုက်နေရင်း အားတဲ့ရက်တွေမှာ အက သင်ပေးမယ့်ဆရာမနဲ့ လေ့ကျင့်ပေတော့…
အဆင်ပြေမယ်မဟုတ်လား”

“ဟုတ်ကဲ့…အဆင်ပြေပါတယ်”

သို့နှင့် နှင်းပွင့်ဖြူ လည်းသူမနှင့် သူစိမ်းပြင်ပြင်ဖြစ်နေသော သရုပ်ဆောင်ခြင်း ပညာရပ်ကို ခက်ခဲစွာ ရင်ဆိုင်ရင်း ညနေဘက်တွင် အကသင်ပေးသော ဆရာမ ဒေါ်နန်း နှင့်
အကတိုက်ရပြန်သည်။ဒေါ်နန်း က ယခင်က
ဇာတ်ပွဲထဲတွင် ခေါင်းဆောင်မင်းသမီးအဖြစ်
ပါဝင်ခဲ့ဖူးသူဖြစ်သည်။သူမအား စိတ်ရှည်ရှည်ဖြင့် စိတ်ပါလက်ပါသင်ကြားပေးသည်။သို့သော်လည်း မြန်မာ့သဘင်ပညာမှ အမှန်တကယ်
လေ့လာသင်ယူမှ အလွန်ကျယ်ပြန့်နက်ရိူင်း
လှကြောင်း သူမ သိခဲ့ရသည်။အချိန် နှစ်လခန့် ကြာခဲ့ပေပြီ….။ဒေါ်သူဇာ သည်
အိပ်နေရာမှ သီချင်းညည်းသံတိုးတိုးလေးကို
နားထဲကြားနေရသဖြင့် နိုးလာသည်။ညဦးပိုင်းက သူမ၏ဘေးတွင်
အိပ်စက်နေသော တူမလေးဖြစ်သူ နှင်းပွင့်ဖြူ မရှိ။အပေါ့အပါးသွားခြင်းဖြစ်မည်ဟု
သူမ တွေး၍ မျက်လုံးကိုပြန်မှိတ်မည်လုပ်ပြီးမှ မျက်လုံး
ထောင့်စွန်းတစ်နေရာတွင် လှုပ်ရှားနေသော
သဏ္ဍာန်တစ်ခုကို တွေ့လိုက်ရသဖြင့် သူမ
မျက်လုံးကိုဖွင့်ကာ ပြန်ကြည့်မိသည်။

သူမ၏ ရှေ့တည့်တည့်တွင် ရှိနေသည်က အလှပြင်ခုံထက်မှ မှန်။မှန်အကြည်တပ်ဆင်ထားသော ပြတင်းပေါက်မှ လရောင်တို့က အခန်းတွင်းဖြာကျနေသဖြင့် မြင်ကွင်းမှာ မကြည်လင်သော်လည်း ရှင်းလင်းစွာမြင်နေရသည်။မှန်ထဲတွင် သူမ တွေ့လိုက်ရသည်က…နှင်းပွင့်ဖြူ နှင့်အတူအဖြူရောင်ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသော အခြားမိန်းကလေးတစ်ယောက်။

“ဘုရားရေ…”

ဒေါ်နန်း မဖြစ်နိုင်…ဒေါ်နန်းက ပြန်သွားတာကြာပြီပဲ…။ပြီးတော့ ထိုမိန်းကလေး ၏ မျက်နှာကိုလည်းတစ်ချက်တစ်ချက် သူမ မြင်နေရသည်။ထိုမိန်းကလေးက နှင်းပွင့်ဖြူ
၏ အနောက်မှ နေ၍ နှင်းပွင့်ဖြူ၏ လက်တို့ကိုကိုင်ကာ စည်းချက်ကျကျ အကသင်ပေးနေသကဲ့သို့ ရှိနေသည်။ဒေါ်သူဇာလည်း တစ်ဖက်စောင်းအိပ်နေရာမှ သူမ ကျောဘက်သို့ အသံမထွက်စေရန်ထိန်းပြီး
ခေါင်းကို အသာအယာလှည့်ကြည့်လိုက်ရာ
ုမြင်လိုက်ရသောမြင်ကွင်းကြောင့် သူမတစ်ကိုယ်လုံးကြက်သီးများထသွားမိသည်။သူမ၏ နောက်ကျောဘက်တွင် နှင်းပွင့်ဖြူ တစ်ဦးတည်းသာ က နေသည်ကို
တွေ့လိုက်ရသောကြောင့်ပင်။ဒေါ်သူဇာ
ခေါင်းကို အသာပြန်လှည့်ကာ မှန်ကိုပြန်ကြည့်မိပြန်သည်။သူမအမြင်မမှားပါ…မှန်ထဲတွင် နှင်းပွင့်ဖြူ၏အနောက်မှ မိန်းကလေးကို ရှင်းလင်းစွာမြင်နေရသည်။
ဒေါ်သူဇာကြောက်စိတ်ကြောင့် ဇောချွေးများပြန်လာသော်လည်း ခြုံထားသောစောင်ကို မခွာရဲ။သူမ၏ရင်သည် အဆမတန်လှုပ်ရှားနေသည်။တဖြည်းဖြည်း
ခေါင်းကို အနောက်သို့ပြန်လှည့်ကြည့်မိသည်။အဖြူရောင်ဝတ်စုံနှင့်မိန်းကလေးကို မတွေ့ရ။နှင်းပွင့်ဖြူတစ်ဦးတည်းကိုသာတွေ့နေရပြန်သည်။ဘုရားရေ…သူမ မှန်ဘက်သို့ပြန်လှည့်ကာ မှန်ထဲမှ ပုံရိပ်ကိုသာ မရဲတရဲကြည့်နေမိသည်။
နှင်းပွင့်ဖြူသည် ပါးစပ်မှ…

“မှံ ုရွှေရည်…ခိုင်မာလာနှင်းဆီ…”

ဆိုသော တစ်ခေတ်တစ်ခါကအလွန်နာမည်ကြီးခဲ့ပြီး
ယခုထိလည်း လူကြိုက်များဆဲဖြစ်သော သီချင်းတစ်ပုဒ်ကို ပါးစပ်မှ တိုးတိုးလေး
ညည်းနေရင်း စည်းချက်ကျစွာ က နေသည်။သူမ၏ နောက်မှ မိန်းကလေးကလည်း သူမအား အကူအညီပေးပြီး ထိန်းပေးထားသကဲ့သို့
ရှိနေသည်။ထိုအချိန်တွင် အဖြူရောင် မိန်းကလေး၏ မျက်လုံးနှင့်မှန်ကို စူးစိုက်ကြည့်နေသော သူမ၏ မျက်လုံးတို့
အကြည့်ချင်း ဆုံမိသောအခါ…သူမလည်း
ကမန်းကတန်းမျက်လုံးတို့ကိုပြန်မှိတ်လိုက်မိသည်။ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားသည်။အဝေးဆီမှ ခွေးအူသံ သဲ့သဲ့က တစ်ချက်တစ်ချက် လေနှင့်အတူ
ပါလာသည်။ထိုစဉ် သူမအိပ်နေသော မွေ့ယာမှာ သိမ့်ကနဲ့လှုပ်ရှားသွားကာ….
တစ်စုံတစ်ယောက်က သူမဘေးတွင် ရောက်လာပြီး လဲလျောင်းလိုက်သည်ကို
သူမစိတ်ထဲအလိုလိုသိလိုက်ရသည်။တစ်ဖြည်းဖြည်း တစ်ဖက်သို့ စောင်းငဲ့ကာ မျက်လုံးများကို မသိမသာ ပွင့်သည်ဆိုရုံမျှ
ဖွင့်ကြည့်လိုက်ရာ…..

“ဟူး….တော်ပါသေးရဲ…တူမလေးဖြစ်နေလို့”

ဟု ညည်းညူရင်း စိတ်သက်သာရာ ရသွားပြီး သက်ပြင်းကိုချလိုက်မိတော့သည်။ထိုညက…ဒေါ်သူဇာသည် မျက်လုံးအပြူးသားနှင့်
မိုးလင်းခဲ့ရတော့သည်။

* * *

အောက်လမ်းဆရာကြီး ဆရာ ဒေဝ ခေါ်
ဦးဒေဝ သည်ဒါရိုက်တာဘေးမှခုံတွင် လိုက်ပါလာရင်း အတွေးများ ပျံ့လွင့်နေသည်။မနေ့ကပင် သူနှင့်အလွန်ရင်းနှီးသော မိတ်ဆွေ၏ သားဖြစ်သူ စိုးကျော်က ဖုန်းဆက်ကာ….

“ဆရာရေ…ဟိုကောင်မပြန်ထွက်လာပြီထင်တယ်…အိမ်ဖော်မလေးကလည်းပြောနေတယ်…ပြီးတော့ ကျနော့်စိတ်ထဲလည်း ဒီရက်ပိုင်းတွေ တစ်မျိုးပဲဗျ…ဘယ်သွားသွား ဘာလုပ်လုပ်..
တစ်ယောက်ယောက်က စောင့်ကြည့်နေသလိုမျိုး ခံစားနေရတယ်…
အဲ့ဒါကြောင့် ဆရာ အားရင် ရန်ကုန်ခဏလာခဲ့ပါဦး…ပြီးတော့ ခဏလောက် စစ်ဆေးကြည့်ပေးပါလားဆရာ”

ဟုပြောလာသဖြင့် သူလည်း မနက်ဖြန် လာခဲ့မည်ဟုပြောဆို ကတိပေးလိုက်ရသည်။နောက်တစ်နေ့တွင်
တပည့်တစ်ယောက်က အိမ်သို့မနက်အစောကြီးရောက်လာကာ…

“ဆရာ…ကျနော့် ဇနီးဘာဖြစ်နေတာလဲမသိဘူး…ငူငူငေါင်ငေါင်နဲ့…မေးလည်းမရဘူး…အော်ပဲအော်နေတယ်…အဲ့ဒါ သူများလုပ်ထားတာလားလို့
လာကြည့်ပေးပါဦး”

ဟု ပြောဆိုပင့်ဖိတ်လာသဖြင့် ထိုတပည့်ထံသို့ရောက်သွားရသည်။ထင်သည့် အတိုင်းပင်…အောက်လမ်းအတိုက်တစ်ခုဖြင့် ပြုစားထားခြင်းဖြစ်သည်။သူလည်း ထိုလူနာအား ကုသပေးပြီးနောက် အိမ်သို့ပြန်ရောက်ချိန်တွင် နေ့လည် နှစ်နာရီကျော်နေလေပြီ။သူက ပဲခူးတွင်
နေထိုင်ခြင်းဖြစ်သည်။ရန်ကုန်နှင့်ပဲခူးမှာ
သိပ်ဝေးလှသည်မဟုတ်။ထို့ကြောင့် ထမင်းစားသောက်ပြီးသည်နှင့် သူ၏ ဒါရိုက်ဘာ ကိုခေါ်ကာ ကားဖြင့်ရန်ကုန်သို့
ထွက်ခဲ့သည်။လမ်းတွင် ကားကစက်ပျက်နေသဖြင့် ဝေါ့ရှော့ ကိုဖုန်းဆက်ကာ ကားကိုပြင်ရသေးသည်။
စိုးကျော်က သူ့ထံသို့အရင်လာပြီးမှ နောက်တစ်နေ့တွင် ထိုသရဲမ ရှိသောအိမ်မှလူများအား
အပြင်သို့ ပ ထုတ်ပြီးမှအိမ်ထဲသို့ဝင်ကြရန်
ပြောထားသဖြင့် စိုးကျော်၏အိမ်သို့သွားရပေမည်။ရန်ကုန် အဝင်တွင် မိုးက သည်းသည်းမည်းမည်း ရွာချလာသည်။

“လမ်းတွေ ချောတယ် သတိထားမောင်းကွ”

ဟု ဒါရိုက်ဘာအားသတိပေးပြီးနောက် ကုလားထိုင်ကို မှီကာ မှိန်းရင်း လိုက်ပါလာသည်။ဒါရိုက်ဘာလည်း ကားကိုထိန်းမောင်းလာသည်။လမ်းမီးများရှိနေသဖြင့် မိုးရွာနေသော်လည်းဘေးဘီဝန်းကျင်အား
မြင်နေရသည်။သူကားမောင်းရင်း ဘေးဘက်သို့ ခဏအကြည့်ရောက်သွားတိုင်း အဖြူရောင် အင်္ကျီနှင့် မိန်းကလေးတစ်ယောက်ကို တွေ့နေရသည်။တစ်နေရာထဲမဟုတ်…ရန်ကုန် စဝင်ကတည်းကပင် ဟိုမှာတွေ့လိုက်…
ဒီမှာတွေ့လိုက်နှင့်။သူလည်း နည်းနည်းတော့
ထူးဆန်းနေသည်ဟု စိတ်ထဲခံစားနေရသော်လည်း ဆရာဖြစ်သူအား ဘာမှမပြောတော့ပဲ ကားကိုသာ ဂရုစိုက်၍မောင်းနှင်လာသည်။
တစ်နေရာအရောက်တွင် သူ၏ ကားရှေ့မှန်ပေါ်သို့ သွေးသွန်းနေသော အဖြူရောင် အင်္ကျီကိုဝတ်ဆင်ထားသော
မိန်းကလေးတစ်ယောက်ခုန်ဝင်လာသည်ကို
တွေ့လိုက်ရသဖြင့် သူလည်း ကားစတီယာရင်ကို ယောင်ယမ်း၍ ဆွဲလှည့်လိုက်သည်။ထိုအချိန်တွင် သူတို့ကား၏ ရှေ့တူရှူမှ အရှိန်ပြင်းစွာမောင်းနှင်လာသော ကုန်ကားတစ်စင်းကိုတွေ့လိုက်ရသဖြင့် ဘရိတ်ကိုနင်းလိုက်သော်လည်းမမီတော့။

“ဒုန်း”

ဆိုသော ကားချင်း ဆောင့်တိုက်သံကိုကြားလိုက်ရပြီး သူလည်း
ကားတံခါးအပြင်ဘက်သို့ လွင့်စဉ်ကျသွားတော့သည်။သူ့တွင် ဒါဏ်ရာကြီးကြီးမားမားမရ။ဒူးနှင့် တံတောင်တို့တွင် ပွန်းပဲ့ရာလေးသာရရှိခဲ့သည်။သူ၏ဆရာဖြစ်သူကို ကြည့်လိုက်ရာ မတွေ့ရသဖြင့် ထိုကားတိုက်သော နေရာသို့ အပြေးအလွှားသွားကြည့်လိုက်ရာ ဆရာကြီးဦးဒေဝ မှာ ကားအပြင်သို့ ထွက်နေသော်လည်း သူ၏ ကိုယ်တစ်ပိုင်းကမူ ကားနှင့်ပိနေသည်ကိုတွေ့လိုက်ရတော့သည်။ဦးဒေဝ သည် နာကျင်သောဝေဒနာကို မချိမဆန့်ခံစားကာညည်းညူနေသည်။ကားအောက်မှ လွတ်ရန်ရုန်းကန်သော်လည်း
မည်သို့မျှလှုပ်မရ။ထိုစဉ်…သူ၏ မျက်နှာအနီးသို့ရောက်ရှိလာသော ဦးခေါင်းတစ်ခြမ်းကြေမွနေသော မိန်းကလေးတစ်ဦး၏ မျက်နှာကိုတွေ့လိုက်ရသည်။

“အမလေး…”

နာကျင်နေသည့်ကြားမှ ကြောက်လန့်စိတ်များကကြီးစိုးသွားသည်။
သူ၏ စိတ်အစဉ်ကလည်း လွန်ခဲ့သော အတိတ်တစ်ခုထံရောက်သွားသည်။ထိုစဉ်က စိုးကျော်၏ အကူအညီတောင်းမှုကြောင့်
ဆောင်းရတီ ဆိုသော မိန်းကလေးတစ်ဦး၏
ဝိညာဉ်ကို အပြင်သို့ မထွက်နိုင်စေရန် သူ၏ ပညာဖြင့် စီရင်ထားသော အင်း ဖြင့်ချုပ်ပေးခဲ့ဖူးသည်။ထိုကိစ္စအတွက် သူ့ကို စိုးကျော်က ငွေအမြောက်အများပေးထားသဖြင့် ထိုလူသတ်မှုကို သူရေငုံနှုတ်ပိတ်ထားခဲ့သည်။ယခုတော့…
သူဝဠ်လည်ပေပြီ။သူသည် နာကျင်လွန်းသော ဝေဒနာကိုခံစားရပြီး
ခဏအကြာတွင် ငြိမ်သက်သေဆုံးသွားတော့သည်။

* * *

တင့်အောင် နှင့် စိုးကျော် ခေါင်းချင်းရိုက်ပြီး
တီးတိုးတိုင်ပင်နေကြသည်။မနေ့ညက…
ယာဉ်တိုက်မှုဖြစ်ပွားပြီး ဆရာကြီးဦးဒေဝ
သေဆုံးသွားလေပြီ။သူတို့ ဘာဆက်လုပ်ရမည်ကို မသိတော့။သူတို့၏ မကောင်းမှုသည် သူတို့ထံသို့ တစ်ကျော့ပြန်ရောက်လာလေပြီလား မပြောတတ်။

“ကဲကွာ…ဘာမှစိတ်မပူနဲ့…ငါ တစ်ခြားဆရာတစ်ယောက်ကိုခေါ်ပြီး
ဒီကိစ္စကို ကြည့်စီစဉ်လိုက်မယ်…စိတ်အေးအေးထား”

“ဟုတ်ကဲ့ ဆရာ…”

ထိုစဉ် သူတို့အနီးသို့ တပည့်တစ်ဦးရောက်ရှိလာကာ…

“ဆရာ…အားလုံးအဆင်သင့်ဖြစ်နေပြီ”

ဟုပြောလာသဖြင့် စိုးကျော်လည်း…

“အေးအေး…စကြတာပေါ့ကွာ”

ဟုပြန်ပြောလိုက်သည်။နှင်းပွင့်ဖြူ က….
ဇာတ်စင်ပေါ်တွင် အငြိမ့်သမ ဝတ်စုံကို လှပစွာ ဝတ်ဆင်ထားပြီး အဆင်သင့်နေရာယူထားပြီးပြီ။သူ့ဘေးတွင်
လူပြတ်အဖြစ်သရုပ်ဆောင်မည့် ဇာတ်ပို့နှစ်ဦးကလည်း အဆင်သင့်။မော်နီတာဖန်သားပြင်မှ နှင်းပွင့်ဖြူ အားကြည့်ကာ စိုးကျော်စိတ်ထဲ
ရင်းနှီးနေသလိုခံစားနေရသည်။

“ဖိုက် ဖိုး သရီး တူး ဝမ်း..အက်ရှင်”

ဟု သူအော်လိုက်သည်နှင့် နောက်ခံသီချင်းသံက ထွက်ပေါ်လာသည်။
မှုံရွှေရည် သီချင်း။ထိုသီချင်းနှင့်အတူ နှင်းပွင့်ဖြူ ကလိုက်ဖက်စွာ စည်းချက် ကျကျ က နေသည်။တင့်အောင် က….

“ဆရာ…နှင့်ပွင့်ဖြူ ကိုကြည့်ရတာ ဆောင်းရတီနဲ့ တစ်ပုံစံတည်းပဲနော်…ဆောင်းရတီအငြိမ့်က တုန်းက ပုံစံနဲ့တော်တော်တူတယ်…ရုပ်ရည်တွေကအစ…သူ က နေတဲ့ပုံစံကိုကြည့်ရတာ တကယ့် ဆောင်းရတီလိုပဲ”

ဟု ပြောလာမှသူလည်း သေသေချာချာကြည့်လိုက်မိသည်။ဟုတ်သည်…နှင့်ပွင့်ဖြူ သည် ဆောင်းရတီနှင့် အလွန်တူနေသည်။ကင်မရာမင်း(န်း)က
နှင့်ပွင့်ဖြူ ၏ မျက်နှာကို အနီးကပ်ဆွဲယူရိုက်ပြလာသဖြင့် မော်နီတာပေါ်တွင် နှင်းပွင့်ဖြူ၏ မျက်နှာက
အနီးကပ် ပေါ်လာသည်။မော်နီတာထဲမှ နှင်းပွင့်ဖြူ၏ အကြည့်တို့က စူးရဲလွန်းပြီး
သူ၏ စိတ်ထဲသို့ပင်ရောက်ရှိနေသလားဟု
သူတွေးထင်လိုက်မိပြီး အကြည့်ကို လွှဲလိုက်ရသည်။သီချင်းသံက ဆုံးသွားလေပြီ။သူတို့၏ ဇာတ်ကားမှာလည်း အောင်မြင်စွာ ပြီးဆုံးသွားလေပြီ။ယနေ့သည် နောက်ဆုံးခန်းကို ရိုက်ကူးနေခြင်းဖြစ်သည်။
ရိုက်ကွင်းမှ အဖွဲ့သားများ…သရုပ်ဆောင်များအားလုံးက
နှင်းပွင့်ဖြူ အားချီးကျူးကြသည်။အလွန်တော်သည့်
မင်းသမီးတစ်လက်ဟု ပြောဆိုကြသည်။
နှင်းပွင့်ဖြူ အားလုံးအားနှုတ်ဆက်ကာ
အိမ်သို့ပြန်သွားလေပြီ။မပြန်ခင် နှင်းပွင့်ဖြူကစိုးကျော်အား ယနေ့ညနေထွက်မည့်ကားဖြင့် မန္တလေး သို့ပြန်ပြီး မိခင်ထံ ရက်အနည်းငယ်သွားနေလိုကြောင်းပြောသဖြင့် သူလည်း ခွင့်ပြုလိုက်သည်။
စိုးကျော်နှင့် တင့်အောင် တို့ကအိမ်သို့မပြန်သေးပဲ အနီးရှိ
ဘီယာဆိုင်သို့ဝင်ကာ သောက်စားနေကြသည်။သူတို့ဝိုင်းမှာ တိတ်ဆိတ်လျက်ရှိသည်။စကားကို
သိပ်မပြောဖြစ်ကြပဲ ဘီယာကိုသာ တစ်ခွက်ပြီးတစ်ခွက် သောက်နေမိကြသည်။
သို့ဖြင့် ည ကိုးနာရီပင်ထိုးသွားမှ ဝိုင်းကိုသိမ်းလိုက်ကြသည်။ထိုစဉ် စိုးကျော်၏ တယ်လီဖုန်းက မြည်လာသဖြင့်
ကိုင်လိုက်ရာ…တစ်ဖက်မှ…

“ကိုကြီး ဘယ်မှာရှိနေတာလဲ…အချိန်ရရင်
နှင်း ဆီလာပါဦး”

ဆိုသော နှင်းပွင့်ဖြူ၏ အသံကိုကြားလိုက်ရသည်။စိုးကျော်က လေးတွဲ့နေသော လေသံဖြင့်…

“ဟင်…မင်းသမီး…မန္တလေး ကိုပြန်မယ်ဆို”

ဟုပြန်ပြောလိုက်ရာ တစ်ဖက်မှ…

“ဒေါ်လေးကိုပဲ ပြန်ခိုင်းလိုက်တာ…နှင်းက
အကို့နဲ့မခွဲချင်လို့မပြန်တော့တာ…အကိုလာမှာလားဟင်”

ဟု ပြန်ပြောလိုက်ရာ အလွန်မူးနေပြီဖြစ်သော စိုးကျော်က…

“သြော်…မင်းသမီးက လာစေချင်မှတော့ အကိုကြီးက ဘယ်ငြင်းလို့ရမှာလဲကွယ်…
ခုပဲလာခဲ့မယ်”

ဟုဆိုကာ ဖုန်းကိုချလိုက်ပြီး….

“ကဲ…တင့်အောင်ရေ…စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲပြီဟေ့…ငါတော့ မင်းသမီးလေးနဲ့ ပျားရည်ဆမ်းခရီးထွက်ရတော့မယ်ဟေ့…
မင်းကတော့ ငါ့ကို ပါရမီဖြည့်တဲ့အနေနဲ့ တက္ကစီငှါးပြီးတော့ပဲပြန်ပေတော့”

ဟု စပ်ဖြဲဖြဲဖြင့် ပြောလိုက်ရာ တင့်အောင်လည်း….

“ကောင်းပါပြီဆရာသမားရယ်…ဒါနဲ့ ဆရာက ဘယ်ကိုသွားမှာလဲ”

ဟုပြန်မေးလိုက်ရာ စိုးကျော်က…

“ဒါကတော့လျှိ့ဝှက်ချက်ပေါ့ကွာ…ကဲ…ငါတော့လစ်ပြီ”

ဟုဆိုကာ ဒယီးဒယိုင်ခြေလှမ်းများဖြင့် ဆိုင်အပြင်သို့ထွက်ကာ ကားမောင်းသွားတော့သည်။တင့်အောင်လည်း လက်ကျန်ဘီယာကိုမော့သောက်လိုက်ကာ ပိုက်ဆံရှင်းပြီး ဆိုင်အပြင်လမ်းမဘက်သို့ထွက်ကာ
တက္ကစီကားကို စောင့်နေလိုက်သည်။ထိုစဉ်
သူ၏ ဘေးနား အမှောင်ရိပ်ဘက်မှ…

“အကိုလေး…ညီမကို အကို့နဲ့အတူတူ လိုက်ခွင့်ပေးပါလားဟင်”

ဆိုသော မိန်းကလေးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

“မင်းက ဘယ်သွားမှာလဲ”

ဟု ပြန်မေးလိုက်ရင်း စိတ်ထဲမှလည်း ညဉ့်ငှက်မလေးတစ်ဦးဖြစ်မည်ဟု တွေးလိုက်မိသည်။မိန်းကလေးက…

“အကို ခေါ်တဲ့နေရာကို လိုက်ပါ့မယ်..အကိုသာ လိုက်ခွင့်ပြုပါ”

ဟုပြန်ပြောလိုက်ရာ တင့်အောင်က…

“ကောင်းပြီလေ. .လိုက်ခဲ့ပေါ့…ဒီအလင်းထဲထွက်လာလေ…
မင်းမျက်နှာကို ကြည့်ရတာပေါ့”

ဟု ပြောဆိုလိုက်ရာ အမှောင်ထဲမှ မိန်းကလေးက သူ့ထံတရွေ့ရွေ့လျှောက်လာသည်။ထိုမိန်းကလေးကို မြင်လိုက်ရသော တင့်အောင်မှာ
လန့်သွားမိပြီးအော်ရန်ကြိုးစားလိုက်သော်လည်းအသံထွက်မလာတော့ပေ။သူတွေ့လိုက်ရသည်က မျက်နှာတစ်ခြမ်းကြေမွကာ
မျက်လုံးတစ်ဖက် တွဲလဲကျနေသော ဆောင်းရတီ။သူ မှင်သက်စွာ ကြောင်ငေးကြည့်နေမိစဉ်မှာပင် ဆောင်းရတီ၏ ဝိညာဉ် က သူ၏ ကိုယ်ခန္ဓာထဲသို့ ဝင်ရောက်သွားသည်ကိုသာ
နောက်ဆုံးသိလိုက်ရသည်။အထက်မြင့်အဆောက်အဦးတစ်ခုကို ဆောက်လုပ်နေသော
ပန်းရန်ဝင်းကြီးတစ်ခုအတွင်းသို့ အသက်မဲ့နေသောခြေလှမ်းများဖြင့် လူတစ်ဦး လှမ်းဝင်လာသည်။သူ့ကို
ညဆိုင်းအလုပ်ဆင်းနေသော
အလုပ်သမားမည်သူမှ
သတိမထားလိုက်မိပေ။သူက ဆောက်လက်စ ငါးထပ်တိုက်ပေါ်သို့ တက်သွားပြီး တိုက်၏ အစွန်းတွင် မတ်တပ်ရပ်နေသည်။သူ၏အောက်တည့်တည့်တွင်တော့ ဘိလပ်မြေဖျော်စက်ကို တပ်ဆင်ထားသော ကားကြီးတစ်စင်း။
အောက်ခြေ ကွန်ကရစ်လောင်းမည်ဖြစ်သဖြင့် သံကွင်း သံခွေများချထားသည်။ထိုသံများကိုငြိမ်စေရန် သံတိုတိုလေးများကို ထောင်ထားပြီးပူးချည်ရန်ပြုလုပ်ထားသည်။အောက်မှလူတစ်ယောက်က ဘိလပ်ရေ သွန်ရန်အချက်ပေးလိုက်သဖြင့် တစ်ယောက်က ကားဘေးမှ ဘိလပ်ရေ စီးဆင်းရန်ပြုလုပ်ထားသော သံပြား ဝိုင်းကြီးကို ကိုင်ထားလိုက်သည်။ဘိလပ်မြေများစတင်သွန်ချသောအချိန်တွင် အပေါ်မှ လူတစ်ဦးပြုတ်ကျလာကာ သူ၏ မျက်လုံးတစ်လုံးက အောက်တွင် စိုက်ထောင်ထားသော သံတိုင်တိုလေးနှင့်
တည့်မက်စွာထိုးမိသဖြင့်သွေးများဖြာထွက်သွားသည်။သံက သူ၏ ဦးခေါင်းနောက်ဘက်မှ ပြန်ဖောက်ထွက်လာသည်။ထိုအချိန်တွင် ဘိလပ်ရည်များက သူ၏ကိုယ်ပေါ်သို့ လောင်းချမိလျက်သားဖြစ်သွားသည်။အဖြစ်အပျက်တို့မှာ မြန်ဆန်လွန်းလှသဖြင့် အလုပ်သမားများမှာ ကြောင်ငေး၍ ရပ်နေမိကြသည်။အတန်ကြာမှ….

“ဟာ…လူတစ်ယောက် တိုက်ပေါ်က ပြုက်ကျတယ်ဟေ့…လာကြလာကြ..ဘိလပ်ရည် တွေလည်းလောင်းမိထားတယ်…”

ဟု အလုပ်သမားခေါင်းက အော်လိုက်မှ သတိပြန်လည်လာကာ အားလုံးစုဝေးရောက်ရှိလာကြသည်။
ဘိလပ်ရည် ကိုဖယ်ထုတ်ကြပြီး ထိုသူကို ဆွဲထုတ်လာရာအသက်မသေသေးပဲ အကြောဆွဲနေသေးသည်ကိုတွေ့လိုက်ရသဖြင့် ဆေးရုံကားကိုဖုန်းဆက်သူဆက်…ရဲစခန်းကို ဖုန်းဆက်သူဆက်နှင့် အလုပ်များကုန်သည်။တင့်အောင် သေခါနီး
အကြောဆွဲနေရာမှ သူ၏စိတ်က အတိတ်တစ်ခုထံပြန်ရောက်သွားသည်။
စိုးကျော်က ဖုန်းဆက်ခေါ်သဖြင့် သူစိုးကျော်ထံအရောက်တွင် သေဆုံးနေသော ဆောင်းရတီ၏ အလောင်းကိုတွေ့လိုက်ရသည်။သူတို့နှစ်ယောက်မှာ နှစ်ပေါင်းများစွာတွဲလာသော
ဆရာတပည့်များဖြစ်သဖြင့် စိုးကျော်အကြောင်းကိုသူကောင်းကောင်းသိသည်။ပြီးတော့ စိုးကျော်က သူ့အပေါ်တွင်လည်း ကျေးဇူးရှိဖူးသည်။
ထို့ကြောင့်ပင် ထိုအလောင်းအား လက်စဖျောက်ရန်သူတို့နှစ်ယောက်သား
တိုင်ပင်ကြပြီး အိမ်ဘေးမှ ဂိုဒေါင်ထဲဆွဲသွင်းကာ အလောင်းအား ခြေထောက် များ လက်များ ခေါင်းများကို
တစ်ခုစီခုတ်ဖြတ်ကာ အုတ်နံရံကို အနည်းငယ်ထုဖြိုကာ ထို အင်္ဂါ အစိတ်အပိုင်းတို့အားအိတ်ဖြင့်သေချာထုပ်ပိုးကာ မြှပ်နှံပြီး အပေါ်မှ
ဘိလပ်မြေပြန်လောင်းထားခဲ့သည်။ခြံဝင်းမှာ ကျယ်ဝန်းသည့်အပြင် အနီးဆုံးအိမ်က
နှစ်ခြံခြားသဖြင့် သူတို့၏လုပ်ရပ်ကိုသတိထားမိသူမရှိ။
ထိုစဉ်က မည်သူမျှ မသိဟု သူထင်ထားခဲ့သော်လည်း…ယခု သိသည့်သူများရှိသည်ကို သူသိလိုက်ရပေပြီ။ထိုသူမှာ…ကိုစိုးကျော်..
မိနီ…ဦးဒေဝ နှင့် သူ…ပြီးတော့…ဆောင်းရတီ။ထိုသည်မှာ
သူ၏ နောက်ဆုံးအတွေးသာဖြစ်သည်…
ဆေးရုံကားသံကိုနောက်ဆုံးကြားလိုက်ရပြီး
သူ၏ အသိစိတ်တစ်ခုလုံး အမှောင်ဖုံးသွားတော့သည်။

* * *

စိုးကျော်လည်း သူ့တွင် အသင့်ရှိနေသော
သော့အပိုတစ်စုံဖြင့် ခြံသော့ အိမ်သော့များကိုဖွင့်ကာ ဝင်လာသည်။
အိမ်တစ်အိမ်လုံးမှောင်မည်းနေသည်။သူ အိမ်ထဲမှ မီးများကိုဖွင့်လိုက်သည်။ထို့နောက်
နှင်းပွင့်ဖြူ ၏အိပ်ခန်းရှိရာသို့သွားကာ
အခန်းတံခါးကိုခေါက်လိုက်သည်။တုန့်ပြန်သံမကြားရသဖြင့် သူ့စိတ်ထဲ ဇဝေဇဝါဖြစ်သွားသည်။အမူးလွန်နေသောကြောင့် ဘာမှထပ်မစဉ်းစားတော့ပဲ…

“မင်းသမီးရေ…ဘယ်မှာပုန်းနေတာလဲ…
ထွက်ခဲ့တော့လေ”

ဟုမတိုးမကျယ်အော်လိုက်သည်။သူ၏အော်သံမှ လွဲ၍ တစ်အိမ်လုံးတိတ်ဆိတ်ငြိမ်သက်နေသည်။
ထိုအချိန်တွင်…မီးဖိုခန်းဘက်မှ မီးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားကာ စဉ်းနှီးတုံးနှင့် ဓါးသွားထိခိုက်ရာမှ ထွက်ပေါ်လာသော…

“ဒုတ်…ဒုတ်…ဒုတ်”

ဆိုသောအသံများထွက်ပေါ်လာသည်။

“သြော်…မင်းသမီးလေးက ညစာအတွက်ပြင်ဆင်နေတုန်းကိုး”

ဟုပြောဆိုကာ စိုးကျော်လည်း မီးဖိုခန်းဘက်လျှောက်လာခဲ့သည်။မီးဖိုခန်းထဲတွင် သူ့အားကျောပေးကာ မတ်တတ်ရပ်နေပြီး စတီးဓါးတစ်ချောင်းကိုကိုင်ကာ တစ်ခုခုကို
လှီးနေသော အဖြူရောင်ညအိပ်ဝတ်စုံဖြင့်
မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။မူးနေသောအရှိန်ကြောင့်
မြင်ကွင်းက မှုန်ဝါးဝါးဖြစ်နေသည်။သူလည်း ယိုင်ထိုးနေသော ခြေလှမ်းများဖြင့် ထိုမိန်းကလေးထံလျှောက်သွားကာ အနောက်မှနေ၍ သိုင်းဖက်ထားလိုက်သည်။

“ဟင်…”

အေးစက်နေသော အထိအတွေ့ကြောင့် သူ့သိတ်ထဲတစ်မျိုးဖြစ်သွားသည်။မိန်းကလေး၏ ကိ်ုယ်ခန္ဓာမှာ အေးစက်လွန်းလှသည်။သူက အနောက်မှ
ဖက်ထားရင်း မိနိးကလေး၏မျက်နှာကို ကြည့်လိုက်ရာ သူကြည့်မိသော မိန်းကလေး၏ မျက်နှာတစ်ခြမ်းမှာ ကြေမွနေပြီး ခေါင်းခွံက အထဲသို့ချိုင့်ဝင်နေသည်။ပြီးတော့ သူအနီးကပ် တွေ့လိုက်ရသည်က…တွဲလဲကျနေသော မျက်လုံးတစ်လုံး။

“အား…”

သူကြောက်လန့်စွာ ထိုမိန်းကလေးအားလွှတ်လိုက်ပြီး အနောက်သို့ အလျှင်အမြန်ဆုတ်လိုက်ရာ
အရှိန်လွန်ပြီး ကြမ်းပြင်ပေါ်လဲကျသွားသည်။သူ ကမန်းကတန်းထပြေးရန်ကြိုးစားလိုက်သော်လည်း နောက်ကျသွားပေပြီ။ထိုမိန်းကလေးက သူ့အပေါ်တွင် ခွထိုင်လိုက်ပြီးသူ၏ ဦးခေါင်းအား လက်နှစ်ဖက်ဖြင့်ကိုင်ကာ ကြမ်းပြင်ဖြင့် အားရပါးရ တစ်ချက်ချင်းဆောင့်ချနေတော့သည်။ထိုမိန်းကလေးထံမှလည်း…

“ဟားဟားဟား…ဟီးဟီးဟီး”

ဆိုသော ခြောက်ကပ်ကပ် ရယ်မောသံကြီးထွက်ပေါ်နေသည်။

“အား…ငါတောင်းပန်ပါတယ်…ဆောင်းရတီ…ငါ့ကိုမသတ်ပါနဲ့…ငါ့ကိုခွင့်လွှတ်ပါ”

စိုကျော် ကြောက်လန့်ကာ သွေးရူးသွေးတန်း
အော်ဟစ်နေသည်။သူ၏ ခေါင်းတစ်ခြမ်းနှင့်
မျက်နှာတစ်ခြမ်းမှာ ကြေမွနေပေပြီ။ထိုအချိန်တွင် အိမ်ကြီးဘက်မှ ဆူဆူညံညံအော်သံများကြောင့် မိနီလည်း အစေခံတန်းလျားလေးမှ ထွက်လာကာ စေ့ရုံစေ့ထားသော အိမ်တံခါးကိုတွန်းဖွင့်ကာ
အိမ်ထဲသို့ ဒရောသောပါး ပြေးဝင်လာသည်။
မီးဖိုခန်းထဲတွင် စိုးကျော်အားတက်ခွကာ
ဦးခေါင်းအားကြမ်းပြင်ဖြင့် ထုရိုက်နေသော
ဆောင်းရတီကို သူမ တွေ့လိုက်ရသည်။
ခေတ္တမျှ ကြောင်အမ်းနေပြီးနောက် သတိပြန်ဝင်လာကာ အပြင်သို့ပြေးထွက်ပြီး
ဧည့်ခန်းမှ ဖုန်းကို ကောက်ကိုင်ကာ ရဲစခန်းသို့ ဖုန်းဆက်ကာ အကူအညီတောင်းလိုက်တော့သည်။ခဏအကြာတွင် မီးဖိုခန်းဘက်မှ အသံများ တိတ်ဆိတ်သွားသည်။ရဲကားတစ်စီးလည်း
ရောက်လာကာ ရဲသား သုံးယောက်နှင့်အတူ
ဒုရဲအုပ်တစ်ယောက် ရောက်ရှိလာသည်။
သူတို့ရောက်ရှိချိန်တွင် စိုးကျော်မှာ သေနေလေပြီ။သူ၏ ဦးခေါင်းနေရာတွင်
သွေးများမှာ မြင်မကောင်းအောင် အိုင်ထွန်းနေလေသည်။မျက်မြင်သက်သေဖြစ်သော မိနီကိုစစ်မေးသောအခါတွင် သူမက…

“မမလေး ဆောင်းရတီ…သူပြန်လာပြီ…
သူပဲ ဆရာ့ကိုသတ်လိုက်တာ”

ဟု ပြောသောကြောင့် ဒုရဲအုပ် ကျော်စွာက…

“နေပါဦး…ဆောင်းရတီဆိုတာဘယ်သူလဲ”

ဟုမေးလိုက်ရာ သူမက…

“သရဲ…သရဲမ…”

ဟုတုန်လှုပ်နေသောအသံဖြင့်ပြောသည်။

ဒုရဲအုပ်ကျော်စွာက စိုးကျော်၏ ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ယူကာ နောက်ဆုံးဖုန်းခေါ်ဆိုထားသော နံပါတ်ကို
ဖုန်းခေါ်ကြည့်သည်။တစ်ဖက်မှ ဖုန်းကိုင်သည်နှင့်….

“ဟယ်လို…ကိုစိုးကျော်ဆီကို ဖုန်းခေါ်ထားတယ်နော်”

ဟု မေးလိုက်ရာ တစ်ဖက်မှ ဘာသံမှမကြားရပဲ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ပြီးမှ….

“ဟုတ်ပါတယ်ရှင်…ဘာဖြစ်လို့ပါလဲ”

ဆိုသော မိန်းကလေးတစ်ယောက်၏ အသံကိုကြားလိုက်ရသည်။

“ဟုတ်ကဲ့…ကျနော်သိချင်တာက…ဖုန်းဆက်ပြီး ဘာပြောခဲ့လဲဆိုတာကိုပါ”

“သြော်…ဟုတ်ကဲ့…
သူက ကျမရဲ့ဆရာလေ….အဲ့ဒါကြောင့် ကျမတို့ မန္တလေး ကိုသွားတဲ့ကားပေါ်ရောက်နေပြီဆိုတာ လှမ်းအကြောင်းကြားတာပါ…နေ့လည်ကတည်းက သူ့ကို မန္တလေး ပြန်ဖို့ကျမ ခွင့်တောင်းထားတယ်လေ…
ဒါနဲ့ ဘာဖြစ်လို့လဲဟင်…”

“ကိုစိုးကျော် ခုလေးတင်ပဲ ဆုံးသွားပါပြီ…
အဲ့ဒါပြောပြတာပါ….ဘာမှမဟုတ်ပးတော့ပါဘူး…ခုလိုကူညီပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ…လမ်းခရီးသာယာပါစေ”

ဟုပြောဆိုကာ ဖုန်းကိုချလိုက်သည်။ထို့နောက် အလောင်းအား သယ်ယူရန်ဆေးရုံကားခေါ်လိုက်ပြီးနောက်
မိနီကို စစ်ချက်ယူရန် ဖမ်းခေါ်ခဲ့ပြီး စခန်းသို့
ပြန်လာခဲ့တော့သည်။စခန်းသို့ရောက်သောအခါ ဒုရဲအုပ်ကျော်စွာသည် ဖုန်းနံပါတ်တစ်ခုကို နှိပ်ကာ ထိုအကြောင်းတို့ကို တစ်စုံတစ်ယောက်အား
ပြောပြနေသည်။

“အေး…မင်းမြတ်ရေ…လူသေမှုလို့ပြောရမလား…လူသတ်မှုလို့ပြောရမလားမသိဘူး…
သက်သေကတော့ ဖြောင့်ချက်ပေးတဲ့အထဲမှာ သရဲမ သတ်တာလို့ပြောတယ်ကွ…သဲလွန်စလည်း
ဘာမွမက်န္ခဲ့ဘူးကြာ…”

ထိုသို့ အပြန်အလှန် ခေတ္တမျှပြောဆိုကာ
ဖုန်းကိုချ၍ မိနီထံမှဖြောင့်ချက်ကို ထပ်မံရယူသည်။

(မှတ်ချက်…..ထို ဒုရဲအုပ်ကျော်စွာမှာ မင်းမြတ်နှင့်…..ဇာတ်လမ်းရှည်တွင်
ပါဝင်သော မော်လမြိုင်မှ ဒုရဲအုပ်ကျော်စွာပင်ဖြစ်သည်…သူသည် နယ်ပြောင်းမိန့်ဖြင့် ရန်ကုန်သို့ ရောက်ရှိလာခြင်းဖြစ်သည်…
ထိုအကြောင်းတို့ကို ကျွန်ုပ် ရေးသားခဲ့သော မင်းမြတ်နှင့်….မကောင်းဆိုးရွားများ ဇာတ်လမ်းတွင် ဖတ်ရှု့နိုင်ပါသည်…စာရေးသူ)

ရန်ကုန် မန္တလေး အမြန်လမ်းမကြီးပေါ်တွင်
ခရီးသည်တင် ကားတစ်စီးက အရှိန်မှန်မှန်
ပြေးလွှားနေသည်။ထိုကားပေါ်တွင် ခရီးသည်များသည် အိပ်သူအိပ် မှိန်းသူမှိန်းဖြင့် လိုက်ပါလာကြသည်။
ကားပြတင်းပေါက်တစ်ခုဘေးမှ ထိုင်ခုံတွင်
ခေါင်းကိုမှီကာ လိုက်ပါလာသော မိန်းမချောလေးသည် အပြင်ဘက်အမှောင်ထဲသို့ အဓိပ္ပါယ် မဲ့စွာကြည့်ရှုရင်းလိုက်ပါလာသည်။
သူမ၏မျက်နှာမှာ အပြုံးရိပ်တို့စွန်းထင်းနေသည်။နားကြပ်တပ်ပြီး သီချင်းဖွင့်နားထောင်နေသော်လည်း သူမ၏ အာရုံသည် ထိုသီချင်း၌မရှိ။အတိတ်တစ်ခုထံ၌သာ ကျက်စားနေသည်။သူမ ကိုအလွန်ချစ်သော…သူမကလည်း
အလွနိချစ်ရပါသော…အမဖြစ်သူ ဆောင်းရတီ…ပြီးတော့ သူမတို့နှစ်ယောက်ကို အလွန်ချစ်ပြီး…သူမတို့နှစ်ယောက်ကလည်း
အလွန်ချစ်ရပါသော မုဆိုးမ မိခင်။သူမတို့သည် မန္တလေးတိုင်းမှ မထင်မရှား နယ်မြို့လေးတစ်မြို့တွင်
နေထိုင်ကြပြီး ဖခင်ဖြစ်သူမှာ မန္တလေး မှ အတော်အတန် နာမည်ရနေသော အငြိမ့်အဖွဲ့ကို တည်ထောင်ထားသူဖြစ်သည်။ဖခင်၏ ဇာတ်ထဲတွင် အမဖြစ်သူ ဆောင်းရတီက
ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ပြီး
နာမည်လည်း ရစပြုနေပြီဖြစ်သည်။သူမကတော့ ပညာကိုသာ အားကျိုးမာန်တက်သင်ယူကာ
ဥပဒေပညာဖြင့် ဘွဲ့ရခဲ့သည်။သို့သော် သူမက မကျေနပ်နိုင်သေးပဲ စင်္ကာပူတွင်
ဘွဲ့လွန်တက်ချင်သည်ဆိုသောအခါ တစ်မိသားစုလုံးက ဝမ်းမြောက်ဝမ်းသာ
လက်ခံပြီး သူမအား စင်္ကာပူ သို့ပို့ကာ
ပညာသင်ကြားစေပြီး ပညာသင်စရိတ်များ
ထောက်ပံ့ပေးခဲ့သည်။သူမ စင်္ကာပူသို့ရောက်ပြီး မကြာမီမှာပင် ဖခင်ဖြစ်သူမှာ ကားတိုက်ခံရပြီးသေဆုံးသွားခဲ့သည်။သို့ရာတွင် အမဖြစ်သူ ဆောင်းရတီက ဖခင်ဖြစ်သူ၏အငြိမ့်အဖွဲ့ကို ကိုယ်တိုင်ဦးစီးကာ ကိုယ်တိုင်လည်း ခေါင်းဆောင်မင်းသမီးအဖြစ် ကြိုးစား၍
ပြန်လည်ထူထောင်ပြီး သူမကိုကျောင်းဆက်တက်စေသည်။ကျောင်းစရိတ်များ…နေရေးထိုင်ရေးစရိတ်များကိုလည်း လစဉ် မှန်မှန်ပို့ပေးခဲ့သည်။မကြာမီမှာပင် အမဖြစ်သူက သူမအား ဖုန်းဆက်၍…

“ညီမလေးရေ…အမတော့ ရုပ်ရှင်သရုပ်ဆောင်လုပ်ဖို့ကမ်းလှမ်းခံထားရပြီ…အမတို့မိသားစုလေး ပြည့်ပြည့်စုံစုံနေရတော့မှာပါကွယ်…ညီမလေးသာ စာကြိုးစား…ကျန်တာဘာမှ စိတ်ပူမနေနဲ့တော့”

ဟု ပြောလာသဖြင့် သူမမှာ ဝမ်းသာခဲ့ရသည်။သူမဘွဲ့ရခါနီးတွင် မိခင်ဖြစ်သူက ဖုန်းဆက်လာပြီး….

“သမီးရေ…သမီးအမ အမေတို့ကို မဆက်သွယ်တာကြာပြီ…သမီးဆီရော..ဆက်သွယ်သေးလား…ဒီကလေးမ ဘယ်တွေရောက်နေပါလိမ့်…ရန်ကုန်မှာသွားစုံစမ်းတော့လည်း ရွာပြန်သွားတယ်လို့ပဲပြောနေကြတယ်ကွယ်”

ဟုပြောဆို၍ ငိုနေတော့သည်။သူမလည်း
ချက်ချင်းပင် မိခင်ဖြစ်သူထံပြန်လာပြီး အကျိုးအကြောင်းမေးမြန်း၍ အမဖြစ်သူ ဆောင်းရတီ အားမင်းသမီးလုပ်ရန်ကမ်းလှမ်းခဲ့သော
ထုတ်လုပ်သူ ဒါရိုက်တာ စိုးကျော်ကို မသင်္ကာသဖြင့် သူနှင့် အနီးကပ်နေပြီး စုံစမ်းရန်ဆုံးဖြတ်ကာ မော်ဒယ်လောကသို့ဝင်ရောက်ခဲ့သည်။
သူမ နာမည်ရလာသောအခါ စိုးကျော်က
သူမအားသရုပ်ဆောင်လုပ်ရန်ကမ်းလှမ်းလာသဖြင့် လက်ခံခဲ့ပြီး အချက်အလက်များစုဆောင်းနေခဲ့သည်။
ပိတ်ထားသော ဂိုဒေါင်အတွင်းသို့ သူမ ဝင်ရောက်ခဲ့ပြီး သတိမေ့သွားသည့်အချိန်တွင် အမဖြစ်သူ
ဆောင်းရတီ၏ ဖြစ်ပျက်ပုံအလုံးစုံကို ဆောင်းရတီက သူမအား ပြောပြခဲ့သည်။
ုပီးနောက် အမဖြစ်သူက စိုးကျော်အား
ကလဲ့စားချေခွင့်ရနိုင်ရန် သူမ ကူညီပေးခဲ့သည်။ရန်ကုန် မှ မန္တလေး သို့သွားသည့် ကားပေါ်ရောက်ပြီး ညကိုးနာရီခန့်တွင် စိုးကျော်အား သူမ ဖုန်းဆက်ပြီး အိမ်သို့လာရန် ပြောဆိုခဲ့သည်။
ယခုတော့ သူမ ၏ တာဝန်များအားလုံး ပြီးဆုံးသွားလေပြီ။သူမ နှစ်ခြိုက်စွာပြုံးလိုက်မိသည်။ယခုတော့ သူမအလွန်ချစ်ရသော အမဖြစ်သူအသတ်ခံရခြင်းအတွက် ထိုက်တန်စွာ လက်တုံ့ပြန်နိုင်ရန် သူမ ကူညီခဲ့ပြီးပြီမဟုတ်လား။ရှေ့လျှောက်တွင်
သူမ၏ မိခင်ဖြစ်သူနှင့် အတူ ပျော်ရွှင်စွာ
နေထိုင်နိုင်လေပြီ။ထိုစဉ်…သူမ မျက်နှာနားမှ
ကားပြတင်းပေါက်တွင် ရုပ်ဆိုးဆိုးသဏ္ဍာန်များပေါ်လာသည်။အချို့က မျက်လုံးများ ပါးစပ်များ မပါကြ။အချို့ကမူ သွေးသံတရဲရဲနှင့်…။
အချို့က….အမွှေးမည်းမည်းထူထူများနှင့်
ကြောက်မယ်ဖွယ်မျက်နှာများ။သူမ လည်း
ကြောက်လန့်စွာ အသံကုန်ဟစ်၍ အော်လိုက်မိသည်။

“အား…”

သူမ ၏အော်သံကြောင့် ဘေးတွင် အိပ်ပျော်နေသော ဒေါ်သူဇာလည်းနိုးလာကာသူမအား ကြောင်ငေးကြည့်နေသည်။တစ်ကားလုံးရှိ
လူများလည်းနိုးလာကာ သူမအား ဝိုင်းကြည့်နေကြသည်။သူမ၏ မြင်ကွင်းထဲတွင်တော့…ပုံဆိုးပန်းဆိုးဖြင့်
နာနာဘာဝများက လေထဲတွင် အခိုးအငွေ့များသဖွယ်… ဝေ့ဝဲလျှက်….။

ပြီးပါပြီ…..

စာဖတ်သူများအား….

အစဉ်လေးစားလျှက်…..

#ငဓူဝံ