ကင်းခ ဖူးစာ

Posted on

ကင်းခ ဖူးစာ(စ/ဆုံး)

-–—————
ဘေးမှာ တခူးခူးနဲ့ အိပ်နေတဲ့မိပေါက်ကို သနားဂရုဏာမျက်ဝန်းဖြင့်ကြည့်မိသည်။ အိမ်အလုပ်တွေကို ဒိုင်ခံလုပ်ထားရသဖြင့် ပင်ပန်းကြီးစွာဖြင့်အိပ်မောကြနေရှာသည်။
အပြင်မှာတော့ ပထမဝါဆိုလရဲ့မိုးရည်ပေါက်များတဖွဲဖွဲရွာနေသည်။
ကျန်ခဲ့သော နှစ်ပေါင်း ၂၈ နှစ်က သူနဲ့ကျနော်ရဲ့ ကြည်နုးဖွယ် ဖူးစာ
ဖက်ဖြစ်တဲ့အကြောင်း ပြန်ပြီးသတိရနေမိသည်။
အဲ့နှစ်ကလဲ ဒီနှစ်လို ဝါထပ်နှစ်တစ်နှစ်ဖြစ်သည်။ တစ်ကယ်တော့
သူနဲ့ကျနော်နေတဲ့ရွာက သုံးမိုင်လောက်ဝေးတဲ့ တစ်ယောက်တစ်ရွာပါ။
ကျနော်တို့ရွာနဲ့သူတို့ရွာကို မင်းလမ်းမကြီးတစ်ခုနဲ့ချိတ်ဆက်ထားပါသည်။
ရွာနှစ်ရွာရဲ့ကြားမှာတော့ လယ်ကွင်းများရှိပါသည်။ ကျနော်အဖေဖက်က
အဖိုးအဖွားများအိမ်နဲ့ မိပေါက်မိဖများအိမ်က ခြံခြင်းကပ်လျှက်ပါ။
ခြံဆိုပေမယ့်မြို့တွေမှာလို ခြံကျဉ်းကျဉ်းလေးများမဟုတ်ပါ။ အုန်းခြံစိုက်
ပြီးကျယ်ကျယ်ဝန်းဝန်းနေကြသူများဖြစ်ပါသည်။ကျနော်တို့အရပ်ဒေသမှာ
အုန်းခြံများကို အရင်ခင်းလို့ခေါ်ကြပါသည်။ကျနော်အဖိုးအဖွားအုန်းခြံ
အရင်ခင်းကငါးဧကလောက်ရှိပြီး မိပေါက်ရဲ့မိဘများအုန်းခြံ အရင်ခင်း
လဲ ငါးဧကလောက်ရှိပါသည်။
သူတို့ခြံနဲ့ ကျနော်အဖိုးတို့ခြံနှစ်ခြံအစပ်တွင် အလေ့ကျပေါက်ရောက်
သော ချုံ တစ်ခုရှိသည်။ထိုချုံကို မရှင်းလင်းပဲ တောဓလေ့သဘာဝ
အတိုင်းတောတိုးရန်သီးသန့်ထားခြင်းဖြစ်သည်။ (မှတ်ချက်။။ထိုအချိန်က
ကျနော်တို့အရပ်မှာ အခုခေတ်လို ယင်လုံအိမ်သာများမဆောက်ကြသေးပါ.. အပေါ့အလေးသွားရန် သီးသန့်ထားတဲ့ ချုံတောကို တော ဟုခေါ်ပါသည်။)
သူနဲ့ကျနော်အကြောင်းပါမဲ့ ဝါထပ်နှစ်တစ်နှစ်မှာတော့အသက်တွေကြီးနေပြီဖြစ်တဲ့ အဖိုးအဖွားများ
ကိုစောင့်ရှောက်ပြီး လယ်ယာလုပ်ငန်းကို ဦးစီးလုပ်ကိုင်ရန် အဖေရဲ့တာဝန်ပေးချက်အရ မိပေါက်တို့ရွာကိုရောက်လာဖြစ်ပါသည်။

ထိုနေ့က မိုးအုံးနေသည်။လောကဓာတ်တခွင်လုံး မိုးသားမိုးလိပ်များကြောင့် အုံးမှိုင်းနေသည်။ အဝေးမှအရာဝတ္ထုများကို
သဲသဲကွဲကွဲမမြင်ရ။ မနက်က အဖွားချက်ပေးတဲ့ ငရုတ်သီးချက်ကြောင့်
ကျနော် တောခဏခဏ တိုးနေရသည်။ဗိုက်က ခဏခဏနာနေသဖြင့်
ချုံထဲကမထနိုင်ဖြစ်နေသည်။
ထိုအချိန်မှာ မမျှော်လင့်ပဲ
ကျနော်ရှေ့မှ လူတစ်ယောက် ကျနော်ကိုကျောခိုင်းပြီး သူရဲ့ မင်းမနိုင်တံခါးကို ဖွင့်ချလိုက်သည်။
“ဗွမ်း”
ဘယ်သူတစ်ဦးတစ်ယောက်မှ မရှိနိုင်ဆိုတဲ့အသိနဲ့ စိတ်လွတ်ကိုယ်လွတ်
အသိနဲ့ဖွင်ချလိုက်သည်ထင်ပါသည်။
နံလိုက်သည်ဖြစ်ခြင်း။ ကျနော်အနေနဲ့ မမျှော်လင့်ပဲဖြစ်ခြင်းကြောင့်
သူရဲ့တင်သားဖွေးဖွေးများကိုကြည့်နေမိသည်။ ကျနော်ကစ္စ ကလဲပြီး
နေပြီဖြစ်ခြင်းကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေသည်။
ရှေ့ကအနံကလဲ ကျနော် နာခေါင်းသိုလာ၍ ဒုက္ခပေး နေသည်။

“ဒီမှာ ရှေ့ကအစ်မ ချီးကုန်းတန် အပိုပါရင် တစ်ချောင်းလောက်ပေးပါလား”

ကျနော်စကားအဆုံးမှာ ရှေ့ကနေပြီးစိတ်ရှိလက်ရှိ ကိစ္စ ရှင်းနေတဲ့
မိပေါက်တစ်ယောက် တောထဲမှာမမျှော်လင့်ပဲ သရဲအခြောက်ခံလိုက်ရ
တဲ့လူလို လန့်ဖြတ်ပြီး ကျနော်ဖက်ကို လှည့်ကြည့်ပြီး ပါးစပ်ကလဲ
စက်သနတ်ပစ်သလို ဆဲဆိုပြီး ထ ပြေးသွားပါတော့သည်။

“သေနာကြီး …..သေခြင်းဆိုးကြီး”

=====

မိပေါက်နဲ့အပေါင်းပါတစ်စုကို ကျနော်မကျေနပ်ဖြစ်နေသည်။
ဟိုနေ့က အဖေတို့အမေတို့ရွာဖက်ကအပြန် အဖိုးအဖွားတို့စားဖို့
ပေးလိုက်တဲ့ ဝက်သားဟင်းကို သူတို့ကောက်စိုက်နေတဲ့ လယ်ကွက်ဘေး မင်းလမ်းမကြီးကအဖြတ် ကင်းခ ဆိုပြီးလူအုပ်အားကိုးနဲ့ယူထားလိုက်သည်။ သူတို့ကောက်စိုက်သမအဖွဲ့
ထမင်းစားချိန်မှာ ကျနော်ဆီကယူထားလိုက်တဲ့ ဝက်သားနဲ့ မှိန်ရည်ရြှက်ရည်စားနေမည်ကို မြင်ယောင်ပြီးဒေါသထွက်နေမိသည်။
(မှတ်ချက်။ ။ကျနော်တို့အရပ်ဒေသတွင် မိုးဦးကျ ကောက်စိုက်နေ
သော လယ်ကွင်းဘေး ကမ်းသင်းဘောင်(သို့မဟုတ်)လယ်ကွက်ဘေး
လမ်းမကြီးများပေါ်မှ ဖြတ်သွားခဲ့ပါလျှင် ကင်းခ. ဆိုပြီးပိုက်ဆံပေးရပါ
သည်။ပိုက်ဆံမပေးနိုင်ရင် တခြားပါလာတဲ့ ပစ္စည်း တစ်ခုခုပေးရပါသည်။
ဘာမှ ပေးစရာမပါခဲ့ပါက ကောက်စိုက်သမများအလိုကျ သီချင်းဆိုရသည်။ တစ်ချို့က က ခိုင်းသည်။ မျောက်က ၊ဘီလူးက၊
ဇော်ဂျီက တစ်ခုမဟုတ် တစ်ခုကို သူတို့စိတ်ကျေနပ်အောင်ခိုင်းကြသည်။)
ဒီနေ့ မိပေါက်တို့အဖွဲ့ကို တစ်ခုခုပြန်လုပ်ရန် စဉ်းစားနေမိသည်။
သူတို့အဖွဲ့ အဖေတို့ရွာသို့သွားတဲ့မင်းလမ်းမကြီးဘေးတွင်ကောက်စိုက်
နေသည်ဟု သတင်းအတိအကျရထားသည်။
မျက်စီရှေ့တွင် ခွေးချီးပုံတစ်ပုံ လတ်လတ်ဆတ်ဆတ်တွေ့သည်။
အကြံတစ်ခုကို ချက်ခြင်း အကောင်းအထည်ဖော်လိုက်သည်။
အိမ်ဘေးက ငှက်ပျောရွက်တစ်ခုကို ခုတ်ယူပြီး ဒုတ်တစ်ချောင်းအားကိုး
ဖြင့် ခွေးချီးကို ကော်ထည့် ၊ကြိုးဖြင့်သတ်သတ်ယပ်ယပ် ချီနှောင်ပြီး
သကာလ အဖေတို့ရွာဖက်သို့ မင်းလမ်းမကြီးအတိုင်း ထွက်လာခဲ့ပါတော့
သည်။မင်းလမ်းမကြီးဘေး မိပေါက်တို့ကောက်စိုက်သမများအနီးအရောက်မှာတော့ ၊
သူတို့အဖွဲ့ ဝမ်းသာအားရဖြင့်ပြေးတက်လာပါတော့သည်။
“ဟေ…
ကင်းခ
ကင်းခ…
ပေး”
သူတို့ကောက်စိုက်သမများ ကျနော်ကို ဝိုင်းထားကြပါသည်။
ကျနော်ကလဲ မျက်နှာငယ်လေးဖြင့်အသနာခံပါသည်။
“ဒီတစ်ခါတော့….ငါ့ကိုခွင့်လွှတ်ကြပါဟယ်..
နင်တို့ကို.. ကင်းခ ပေးဖို့ပိုက်ဆံလဲမပါလာဘူး..
အခုပါလာတဲ့…အဖေနဲ့အမေစားဖို့ယူလာတဲ့ အမဲသားလေးကိုတော့
ချမ်းသာပေးပါဟယ်..”
“ဟေ့..
မရဘူး စည်းကမ်းဟာ စည်းကမ်းပဲ…. ပိုက်ဆံပေးစရာမရှိရင်
အခုပါလာတဲ့ အဲ့အထုပ်ကိုထားခဲ့.. ငါတို့အဖွဲ့လဲ ထမင်းစားချိန်နားတော့
မှာ….”
မိပေါက်တို့
ကောက်စိုက်သမ အဖွဲ့လဲ ဟိုရက်က ကျနော်ထံကယူထားလိုက်တဲ့
ဝက်သားချက်ကောင်းမှန်းသိထားတဲ့အတွတ် အခုလဲ အမဲသား
ဆိုတာနဲ့ လက်မလွတ်ချင်ပုံပေါက်နေကြပါသည်။
“ဒီတစ်ခါ မယူပါနဲ့ နောက်တစ်ခါပေါင်းပေးပါမယ်
အခုက ငါ့အဖေနဲ့အမေ စားစေချင်လို့ပါဟယ်”
“မရဘူး.. အဲ့အထုပ် ကိုထားခဲ့”
ဆိုပြီး ကျနော်လက်ထဲကခွေးချီးထုပ်ကို သူတို့အဖွဲ့ အားနဲ့လုယူထားလိုက်ကြပါသည်။ကျနော်လဲ ဝမ်းနည်းစိတ်မကောင်းတဲ့
မျက်နှာအမူအရာဖြင့် အဖေတို့ရွာဖက်သို့လျှောက်လာခဲ့တော့ပါသည်။
နောက်ဆယ်ကိုးရက် အဖိုးတိုအဖွားတို့ရွာဖက်ကိုမပြန်ပဲ အဖေတို့ရွာမှာ
ရှောင်နေမိသည်။
နောက်သတင်းကြားတာကတော့ ၊
ကျနော်ကို သူတို့အဖွဲ့မကျေနပ်လို့ ရွာမှာလိုက်ရှာနေသည်ဟုသိရသည်။
မိပေါက်နဲ့ကောက်စိုက်သမများထမင်းစားဖို့လုပ်ကြတဲ့အခါ ကျနော်ပေးခဲ့
တဲ့ခွေးချီးထုပ်ကို အမဲသားဟင်းအထင်ဖြင့် ထမင်းဝိုင်းအလယ်မှာထားပြီး
ဖြေကြည့်တဲ့အခါ အော့အန်ပြီး ထပြေးကြသည်ဟုကြားသိရပါသည်။
=======

အထက်ပါအကြောင်းအရာများကြောင့် ကျနော်ကိုမကျေနပ်သော
မိပေါက်သည် သူတို့ခြံဘေးမှ ကျနော်အဖိုးအဖွားအိမ်သို့ ကျနော်
ရောက်မရောက် တစ်နေ့မှာ တစ်ခါ နှစ်ခါ လာလာမေးနေသဖြင့်
အဖို့နဲ့အဖွားက အဓိပ္ပါယ် အပေါက်လွဲပြီး။
မိပေါက်တို့ကောက်စိုက်သမအဖွဲ့ကိုကြောက်ပြီး အဖေတို့ရွာတွင်
ရှောင်နေသောကျနော်အား မိပေါက်ကို လူကြီးစုံရာနဲ့ ဒုတိယဝါမဝင်ခင်
အမြန်ဆုံး နီစပ်ပေးလိုက်ကြပါတော့သည်။

ကျနော်နဲ့မိပေါက်လဲ ဘာဖြေရှင်းချက်မှ မပေးလိုက်ရပဲ
အိမ်ထောင်ရက်သားကျသွားပါတော့သည်။

ပြီး

#ဒေါင်းလန်ကြီး (အရူးလွယ်အိတ်)