ကစားဖော်

Posted on

ကစားဖော်(စ/ဆုံး)

—————

” မငိုပါနဲ့ – ရဲထွန်း.ရာ — -မင်းငိုရင် – -ငါလည်း ငိုချင်လို့ပါ -”

ပန်းဖိုး ငွေလေးး ပျောက်သွားလို့ ၊ ငိုနေတဲ့ သူငယ်ချင်းကို
ကြည့်ပြီး ၊ ကျနော်လည်းး ငိုချင်သည် ။

” မနေ့ကလည်း အရိုက်ခံရတယ် ၊ ဒီနေ့လည်း အီးး ဟီးးး ဒီနေ့လည်း ငါ — အရိုက်ခံရ ပြန်ဦးမယ် ကွာ – အီးး ဟီးး ”

ဝတ်ထားသော ဘောင်းဘီတိုလေးကြောင့် မြင်နေရတဲ့ အစင်းရာလေးတွေကို သူ မပြောခင် ကတည်းက ကျနော် သတိ ထားမိခဲ့ပြီး ဖြစ်သည်။ မမေးရက်၍သာ မမေးခဲ့ခြင်း ဖြစ်၏။ အခု သူ ပြောလာတော့ မေးမိသည် ။

” မနေ့ ကရော – – ဘာ လို့ အရိုက်ခံရတာတုန်းး ”
” ဆားး ၂၀၀ တန် ဝယ်ခိုင်းလိုက်တာကို ကွာ – – ၁၀၀ တန်နဲ့ – မှားယူ လာမိလို့ ”

” အဲ့တာ – သွား ပြန်မလဲ ဘူး လားး ”
” လဲတာ ပေါ့ကွာ ”

” လဲ ရက်သားနဲ့ – – ဘာလို့ – – ”
” မလဲခင်က အရိုက်ခံရတာလေကွာ – -ဝယ်လာပြီး ပြီးချင်း
မှားတယ် ဆိုပြီး – အရိုက်ခံရတာပေါ့ ၊ ပြီးမှ – – သွား ပြန် ပြောတော့မှ – – ငါ မမှားမှန်းး သိတာ ”

” ဘယ်လို ဖြစ်တာ တုန်း ”
” ဆားး.စျေးတွေ တက်လို့ တဲ့ – – ၁၀၀ တန်က ၂၀၀ ဖြစ် သွား တာ – – အဲ့ဒါကို မှားယူလာတယ် ဆိုပြီး ၊ ရိုက်တာကွာ
တကယ်တမ်းက – – ငါ မမှားဘူးး ”

” သြော် – – အဲ့ဆို – မင်းလည်း မမှားပဲနဲ့ ၊ အရိုက်ခံ လိုက်ရ တာ ပေါ့ ”
” အေးး ပေါ့ ကွာ – နာ လိုက်တာ တအား ပဲ ၊ တုတ်ကြီးနဲ့
ရိုက်တာ – – အဲ့ တုတ်ကြီးကိုကွာ ၊ ငါ လွှင့်ပစ်ချင်လာပြီ ”

” လွှင့် ပစ်ကွာ ”
” မရဘူး ကွ ၊ ဟိုတခါ အဲ့လို လွှင့်မိလို့ – – ပိုပြီး အရိုက်ခံရ တာ – – မလွှင့်ရဲ တော့ပါဘူး ကွာ ၊ ကြောက်ပါတယ် ”

” မင်းအဖေ ကရော – – ဝင်မဆွဲ ဘူးလား ”
” မဆွဲပါဘူး ကွာ – – ဆွဲမိ ပြန် ရင်လည်း – – သူတို့ချင်း ရန် ဖြစ်ကြတော့၊ အရိုက်မခံရအောင်နေ လို့ပဲ ပြောတော့တာ ”

” အဲ့ဆိုလည်း – – အရိုက်မခံရအောင် နေပေါ့.ကွာ.”
” မရပါဘူး ကွာ – – မရဘူးး၊ ငါ ဘယ်လောက်ပဲ အရိုက်မခံ ရအောင်နေ – – နေ ၊ မရဘူး၊ တခုမဟုတ် – တခုက ပေါ် ပေါ်လာတာ – – ငါဖြင့် အိမ်ကနေ ထွက်ပြေးချင်စိတ်တောင်
ပေါက်ပါတယ် ကွာ – -အဖေ့ကို သနားလို့သာ – – ”

” အိမ်ကနေတော့ – – ထွက် မပြေးပါနဲ့ ကွာ.၊ မင်း အဖေ စိတ်ပူ နေပါ့မယ် ၊ နောက်ပြီး – – မင်းမိထွေးကြီး ဆိုတာ ကလည်း ငွေကြေးနဲ့ ပတ်သက်လာရင်သာ မကောင်းတာ – – ကျန်တဲ့ နေရာလေးတွေတော့ – – ကောင်းတယ် မို့လားး
ကောင်းတဲ့ နေရာလည်း ရှိသလို – မကောင်းတဲ့ အခါလည်း
ရှိမှာပေါ့ သူငယ်ချင်းရာ၊ အမေ အရင်းမှ မဟုတ်တာ ”
” အေးး ပေါ့ ကွာ ”

“အိမ်ကနေတော့ ထွက်မပြေး ပါနဲ့ ဟ – ငါတို့လည်း – – ရှိနေသေးတာ ကြီးကို ကွာ – နော် ”

” အေးပါ ကွာ၊ ဟုတ်ပါတယ် – -မင်းတို့လည်း ရှိသေးတယ်”
” ဒါပေါ့ ကွာ – – ငါတို့လည်း ရှိသေးတယ် ၊ အားမငယ်နဲ့ – – သူငယ်ချင်းး – – အဆင်ပြေသွားမှာ ”
” အေးပါ ”

– –

ကျနော်တို့ နှစ်ယောက် အိမ်မပြန်သေးဘဲ ဆက်ထိုင်နေကြ သည်။ ဒီနေရာက သူနဲ့ကျနော် ပန်းရောင်းပြီး ပြန်လာတိုင်း၊ ဗန်းလေးတွေ ချလို့ ကစားကြရာ နေရာ ။ နေ့တိုင်းလည်း ကစားနေကျ။ ဒီနေ့ကျမှ ပိုက်ဆံက ပျောက်တော့သည်။ ဘယ်သူ ယူလို့ ယူသွားမှန်းလည်း မသိ ။ နှစ်ယောက်စလုံးက ကစားမက်နေ သဖြင့် သတိမထား လိုက်မိကြ ။ စျေးနားနီးသော.ကွင်းပြင်ကြီးဖြစ်၍ ဖြတ်သွားဖြတ်လာ လူတွေကတော့ အတော် များ၏ ။

ကျနော်က ပိုက်ဆံ အိပ်ကပ်ထဲ ထည့်ထား၍ မပျောက်ပါ။
ဗန်းထဲထည့်ကာ၊ အဝတ်အုပ်၍ ချထားခဲ့မိသော ရဲထွန်း
ပျောက်ခြင်း ဖြစ်၏။ ခါတိုင်းကတော့ သူ့မှာလည်း အိပ် ကပ် ပါသည် ။ ဒီနေ့မှ ဝတ်လာတဲ့ အင်္ကျီက တီရှပ်ဖြစ်နေ ၍ ၊ ဗန်းထဲထည့်ပြီး ၊ အဝတ်အုပ်ထားခဲ့သည် ဆို၏။

မည်သို့ ဆိုစေ ပိုက်ဆံကတော့ ပျောက်သွားခဲ့ လေပြီ ။
ယူတဲ့လူ ကိုလည်း ဒေါသထွက်သည် ။ ဆယ်နှစ်ကျော် ၊ ဆယ့်နှစ်နှစ် အရွယ် ကလေးလေးတွေရဲ့ ၊ ပိုက်ဆံကိုမှ ယူ ရက်လေသည်။ အကြင်နာတရား ကင်းမဲ့ ကြလေသည်။

– – –

ရဲထွန်း လေးက သနားစရာ ။
အမေ မရှိတော့တဲ့ ဘဝမှာ အဖေက နောက်မိန်းမ ယူလို့ ၊ မိထွေးနဲ့ နေရသူ ။ တခါတလေ အမေ့ကို လွမ်းလို့ – – ငိုချင်ရင်တောင်မှ ၊ ငို ခွင့် မရှိ ။ အပြောခံရ၏ ။

” ကျက်သရေ မရှိတဲ့ မျက်နှာနဲ့ ငို မနေနဲ့ – – နင့် အမေ – – လွမ်းရင် – – လိုက်သွားး – – အိမ်မှာတော့ – – မ ငို နဲ့
ကျက်သရေ တုံးလွန်း လို့ ”

ဒီစကားတွေက သူ့အိမ် ရောက်တိုင်း၊ ကြားနေကျ။
တခါတလေတော့လည်း သူ ရင်ဖွင့်သည် ။

” ငါ ကွာ – – အမေ့ကို လွမ်းလိုက်တာ – -အမေ သေသွားလို့
သာ – – ဒီမိန်းမကြီး ရောက်လာတာ ၊ အဖေ နောက်မိန်းမ ယူတာ ၊ အမေသာ ရှိနေသေးရင် ဒီမိန်းမကြီး – ရောက်လာ မှာ မဟုတ်ဘူး ”

– – –

သူ စိတ်မကောင်းဖြစ်တိုင်း၊ ကျနော် အိမ်ခေါ် သွား လေ့ရှိ သည် ။ သူတမ်းတနေသော မိခင် မေတ္တာကို အမေ့ဆီမှ ရရန်ဖြစ်သည် ။ အမေသည်လည်း သူ့အပေါ်မှာ ကြင်နာ ရှာ၏ ။ ကျနော်နှင့် သက်တူရွယ်တူ ဖြစ်တာက တကြောင်း လေးငါးအိမ်ကျော် ပတ်ဝန်းကျင်က၊ မျက်စိအောက်မှာ ကြီးပြင်းလာသည့် ကလေးဖြစ်တာက တကြောင်းတို့ဖြင့် သံယောဇဉ် ရှိရှာသည်။ သူကလည်း ခင်တွယ်ရှာသည်။

ကျနော်တို့က အတန်းလည်း အတူတူ ဖြစ်သည် ။ ၄ တန်း
အထိ သင်ခဲ့ရသည်။ စာမေးပွဲတွေဖြေအပြီး ကိုဗစ် ကြောင့် ကျောင်းတွေ ပိတ်သွားချိန်တွင် ၊ သူ ပန်းရောင်းမည် ဆို၍
အဖော်ရစေရန် လိုက်ပေးရာမှ၊ ကျနော်ပါ ရောင်းဖြစ် ခဲ့ သည် ။ ပန်းမရောင်းခင်က ကျောင်းသွား /ပြန် အတူတူ ဖြစ်သလို ၊ ပန်းရောင်းတော့လည်း အတူတူ ဖြစ်၏ ။

– – –

– – –

ကျနော်တို့ ထိုင်နေရာမှ ထလိုက် ကြသည်။ မိုးချုပ်တော့မည်။ ပြန်မှ ရတော့မည် ။
ပြန်ကာနီး ဗန်းလေး ကို ကိုင်ကာ – ရဲထွန်းက – –

” ငါ ဖြင့် – စိတ်တွေ ဆင်းရဲလိုက် ကွာ – – ပိုက်ဆံလေး ၁၀၀ နဲ့ တောင် – – အတင်းကြီး ရိုက်သေးတာ – – အခုလို
၅ ထောင် ၊ ၆ ထောင် သာ ဆိုလို့ကတော့ – – ဟင်းးးး – – ”

သူ့ကို ဘာမှ မပြောလိုက်သော်လည်း ၊ အရိုက်မခံရမည့်
နည်းလမ်းကိုတော့ ကျနော် စဉ်းစားနေသည် ။
ဘယ်လို ကူညီ နိုင်မည်နည်းး ။

အရိုက်ခံရမှာ သိလို့ ၊ ကြောက်နေတဲ့ သူငယ်ချင်းကို ကူညီ
ချင်သည် ။ ဘယ်လို ကူညီ ပေးနိုင်မလဲ ။
သူ မတောင်းဆိုသော်လည်းး ကျနော် ကူညီချင်နေသည် ။

.- – –

အိမ်ပြန်လမ်း တလျှောက် နှစ်ယောက်သား တိတ်ဆိတ်လို့ နေသည် ။ ကျနော့် အိမ်က အရင်ရောက်သည် ။ သူ့အိမ်က
ဆက်သွားရ ဦးမည် ။

” သွားတော့နော် – – သူငယ်ချင်းး – – ငါ နောက်က လိုက်လာ
ခဲ့မယ် – – သွားနှင့် ”

ကျနော် ဘာအဓိပ္ပါယ်နှင့် ပြောသည် ဆိုခြင်းကို –
သူ နားမလည်ပါ ။ လေးကန်သော ခြေလှမ်းများဖြင့်သာ
ခေါင်းငိုက်စိုက် လျှောက်နေရင်းမှ ခေါင်းငြိမ့် ပြ၏ ။

– –

ကျနော် အိမ်ပေါ်သို့ အပြေးအလွှား တက်ခဲ့ပြီးး

” အမေ – အမေ ”

ရေးကြီးသုတ်ပျာနှင့် အမေ့ကို ပြောတော့သည် ။

” ဟဲ့ ! ဘာဖြစ်လာတာတုန်းး ၊ ဘာလို့ – – ပျာယာခတ် နေတာတုန်းး ”
” ရဲထွန်းး လေ – – ရဲထွန်းး ”

” ရဲထွန်း – ဘာ ဖြစ်တုန်း ”
” ပိုက်ဆံ ပျောက်ခဲ့တယ် အမေ ၊ ပန်းဖိုးတွေ မရှိတော့ဘူး ”

” ဟော တော် – – ဘယ်လို ဖြစ်တာ တုန်း ”
” သားတို့ – – ထွေပစ်နေတုန်း ယူသွားတာ ထင်တယ် အမေ”

” ဘယ်သူ ယူမှန်းး – မသိလိုက်ဘူး ပေါ့ ”
” မသိဘူးး အမေ ”

” အဲ့ဒါကြောင့် – – သားတို့ကို ပြောတာ – – ပန်းရောင်းပြီးရင်
အိမ်ပြန် လာပါ ဆိုတာ – – အဆော့မက်ကြတာ ကိုးး ၊ ခုတော့ ဖြစ်ပြီ မို့လားး ”
” အဲ့ဒါတွေ – မပြောပါနဲ့ တော့ အမေ ရာ – – ရဲထွန်း အရိုက်
မခံရဖို့ပဲ အရေးကြီးတယ် – – အမေ ကူညီပေးပါ နော် – –
အမေ နော် – – ”

” ဟယ် – – အမေက – – ဘယ်လို တတ်နိုင်မှာ မို့လို့တုန်း ‘
” ရဲထွန်းတို့နဲ့ စာရင် – – သားတို့က တော်သေး တယ်လေ –
သူတို့က ပိုပြီး မပြည့်စုံဘူး – – ”

” အဲ့ဒီတော့ – – ”
” အဲ့ဒီတော့ – – သားရဲ့ – ဒီပိုက်ဆံလေးကို ရဲထွန်း ပျောက် သွားတဲ့ငွေ – – တွေ့တယ် ဆိုပြီး ၊ ပေးလိုက်ချင်တာ ၊ အဲ့ဒါမှ
သူ အရိုက် မခံရမှာ ၊ နို့မို့ဆိုရင် – – မလွယ်ဘူးး ၊ သူ့ မိထွေး ကြီး အကြောင်း အမေလည်း သိသားနဲ့ – – လုပ်ပါ.အမေ ရာ – နော် – သား သွားပေးချင်လို့ပါ ၊ နော် အမေ – နော် ”

သူငယ်ချင်း အပေါ် ကူညီချင်စိတ်နဲ့ ပျာယာခတ်နေသော
ကျနော့်ကို ကြည့်ပြီး ၊ အမေ ခွင့်ပြုပေးလိုက်သည် ။

” အေးပါ သားရယ်- – အဲ့ဆိုလည်း – – ကူညီလိုက်ပါ – – ရဲထွန်းလေးး.ခမျာ သနားစရာ – – ခဏတိုင်းသာ အရိုက်ခံနေရတယ် ”

” ဟေးးး ဝမ်းသာလိုက်တာ – – ပျော်လိုက်တာ အမေရာ –
အဲ့ဆို – သား သွားပြီနော် – – ပြေးပြီ အမေရေ – သွားပြီ
တာ့ တာ ”

– –

အမေ့ကို ကတန်းကမန်း နုတ်ဆက်ရင်းက ရဲထွန်း ရှိရာ ကျနော် ပြေးတော့သည် ။ လေး ၊ ငါး အိမ်သာ ဝေးသည်မို့
ခဏနှင့် ရောက်သွား၏ ။ အိမ်ပေါက် မရောက်မီ ကပင်
ကြားနေရသည် ။

” အဆော့ မက်နေတာကိုးး – – ပျောက်မှာပေါ့ – – အခုတော့
ဘယ်လိုလုပ် မှာတုန်း – – မနက်ဖြန် ဘာနဲ့ စားမှာ တုန်းး
မစားနဲ့ – – နင် ဘာမှ မစားနဲ့ – – နင့် လို ကောင်မျိုးး အငတ်
ကို ထားဦးးမယ် – – အသုံးမကျတဲ့ ကောင် – – – ”

ထိုအသံတို့ကို ထိုးဖောက်လျက် ကျနော် အော်လိုက်၏

” ရဲထွန်းး ရေ – ရဲထွန်းးး ”

နာမည်ကို တကြော်ကြော် ခေါ်ရင်း ၊ ဒရောသောပါးနှင့် အပြေး ဝင်သွားသည် ။ မမျှော်လင့်ပဲ ရုတ်တရက် ရောက် လာ သော ကျနော့်ကို မြင်တော့ သူတို့ အံသြ နေသည် ။

” ဟေ့ ကောင် – – ဒီမှာ.- ရော့ – – မင်း ပိုက်ဆံ – – ငါ ပြန်တွေ့တာ ”

ကြွပ်ကြွပ်အိပ် လေးကို ကမ်းပေးရင်း ကျနော် ပြောလိုက်
၏ ။

” ဟင် – – ဟုတ်လားး ၊ ဘယ်နားက တွေ့တာ တုန်း ”

” အဲ့နားး လေးက ပဲ ”
” ဟုတ် လို့လားး ”

” ဟုတ်ပါတယ် ဆို ကွာ ”
” ဘယ်လိုဖြစ်တာ ပါလိမ့် – – ”

အိတ်လေး ကို ကိုင်ကာ သူ တွေးနေသည် ။
ကျနော့် ငွေ ပေးမှန်းးတော့ သိပုံမရ ။
မသိဆို ပိုက်ဆံထည့်ပုံချင်းက တူသည်ကိုးး ။ နှစ်ယောက်
စလုံး ၊ ကြွပ်ကြွပ်အိပ် အဖြူ အသေးလေးထဲတွင် ထည့် ကြသည် ။ ၁၀၀ တန် ၊ ၂၀၀ တန်လေးများ လုံးထွေး
ထည့်ထား ပုံချင်းကအစ တူသည် ။

မသိတာပဲ ကောင်းပါသည်။ သိလျှင် သူ အားနာနေဦးမည်။
ကျနော့်ကို တနည်းနည်းနဲ့ ပြန်ပေးချင် နေဦးမည် ။ ကျနော်
ကူညီသည်က သူစိတ်ချမ်းသာဖို့ ဖြစ်သည် ။ သူ အရိုက်မခံ
ရဖို့ ဖြစ်သည် ။ ပြန်ရလိုစိတ် နည်းနည်းလေးမှ မရှိ ။
စွန့် လွှတ်ပြီးသား ဖြစ်၏။
အမေကလည်း တပုံစံတည်း ဖြစ်၏။

– –

ရဲထွန်း လက်ထဲက ပိုက်ဆံထည့်ထားသော ကြွပ်ကြွပ်အိတ် လေးကို သူ့မိထွေးကြီးက လှမ်းယူလိုက်၏ ။

” ဘယ် လို ဖြစ်ဖြစ် – – ပြန်တွေ့ ဖို့ပဲ အရေးကြီးတယ် – –
နောက် မပျောက်စေနဲ့ – – ကြားလား ”
” ဟုတ် ”

သူ့ မိထွေးကြီး တုတ်ကိုချကာ အနားက ထွက်သွားတော့မှ
ကျနော်တို့ သက်ပြင်းချနိုင်တော့သည် ။
ပြီးတော့ – –
ပြိုင်တူ ပြောလိုက်ကြသည် ။

” တော်ပါပြီ ကွာ – – နောက်တော့ – – –
အိမ်မှာပဲ ကစားတော့မယ် ” ။ ။

ပြီးပါပြီ