ကန်ကြီးတစ္ဆေနှင့်ရွှေတူးသည့်ည(စ/ဆုံး)
——————————————–
ရွာနာမည်က “တမာကုန်း “ဖြစ်သည်။
တမာကုန်းရွာသည်
အမည်နှင့်လိုက်ဖက်စွာ တမာပင်များ ပေါများသော
အညာဒေသ ရှိ ရွာတစ်ရွာပင်ဖြစ်လေသည်။
ထိုရွာ၏ အဓိက လုပ်ငန်းသည် ယက်ကန်း ယက်လုပ်ခြင်းဖြစ်၏။
“တမာကုန်း “ရွာ၏ ယက်ကန်း ထည်များဟာ ထိုနယ်တစ်ဝိုက်တွင် နာမည်ကြီးလှပေသည်။
တမာကုန်းရွာအားအနီးနားရှိရွာများခေါ်သော
စကားတစ်ခု ရှိလေသည်။
ထိုစကားက…
“ဂျူံးဂျုံးဂျက်ဂျက် ယက်ကန်းထည် တမာကုန်းမှာဝယ်” ဟူ၍ပင်ဖြစ်ပေသည်။
အကြောင်းမှာ တမာကုန်းရွာမှထွက်သော
ယက်ကန်းထည်များသည်အရည်အသွေးကောင်းမွန်ခြင်းကြောင့်အားလုံးကကြိုက်နှစ်သက်ကြခြင်းကြောင့်ပင်။
ယက်ကန်းယက်ပြီး ဝမ်းစာ ရှာသော”တမာ ကုန်း”ရွာလေးသည်ကအမှန်ပင် အေးချမ်းသာယာလှ၏။
သို့သော်…ထို အေးချမ်းမှု့ကိုဖျက်စီးစေသော
အကြောင်းတစ်ခုသည်ပေါ်ပေါက်၍လာခဲဲ့သည်။
“ဟဲ့…ပြုံးရီ…ညည်း ဟိုကောင် ရဲမြင့်နဲ့ကြိုက်နေတာဆို…
အဲ့တာအမှန်ပဲလား ”
ပြုံးရီ တစ်ယောက် ယက်ကန်းခတ်ဖို့ကို ပြင်ဆင်နေချိန်
အနားရောက်လာပြီး မေးလိုက်သော မိခင်ဖြစ်သူ
ဒေါ်ခင်ထား ရဲ့စကားကြောင့် အယောင်ယောင်အမှားမှားဖြစ်ကုန်တော့သည်။
မိခင်ဖြစ်သူစိတ်သဘောထားကိိုသိသောပြုံးရီမှာ
ဖြေရခက်ဆိုသည်ထက် ဝန်ခံဖို့ ခက်ခဲနေခြင်းဖြစ်သည်။
သို့သော် အရဲစွန့်ပြီး…
“ဟုတ်…ဟုတ်ပါတယ်အမေ…ကိုရဲမြင့်ဆိုတာကလည်း
အလုပ်ကြိုးစားပြီး အသောက်အစားကင်းတဲ့လူမို့
သမီးရွေးလိုက်တာပါ”
ဒေါ်ခင်ထား…သမီးဖြစ်သူ ပြုံးရီ စကားကြောင့်
နှုတ်ခမ်းအား မဲ့ကာရွဲ့ကာ…
“ဟွန့်…အမလေး လေး…ညည်းရွေးတာကလည်း သူများလယ်လုပ်တဲ့မနက်ထမင်း..ညထမင်းမမှန်တဲ့
အကောင်ပါလား အေ…
ငါ့ဖြင့်ညည်း အဲ့သည်လောက် ညံ့မှန်း အခုမှသိတယ် ပြုံးရီ။ အေး…ဘယ်လိုပဲ ညည်း အမွှန်းတင်တင် ငါကတော့
အဲ့သည်အကောင်နဲ့ ညည်းကို သဘောမတူနိုင်ဘူး …”
ပြုံးရီ ဝမ်းနည်းမိ၏။
သားအမိနှစ်ယောက်ထဲရှိ၍ သူမရွေးချယ်ခြင်းကိုမိခင်
လက်ခံပေးလာလိမ့်မည် ဟု ထင်မိသော်လည်း
ယခုတော့ ဖြင့် အထင်နှင့်လွှဲခဲ့ရချေပြီ။
မိခင်ဖြစ်သူအနားမှထွက်သွားသည်ထိ
ပြုံးရီတစ်ယောက်ဝမ်းနည်းစိတ်ဖြင့်
ငေးငိုင်နေရှာတော့သည်။
***************************
“ရဲမြင်…ဟကောင်..ဘာတွေငေးနေတာလဲကွ ”
လယ်တောရှိသစ်ပင်ရိပ်တွင်ထိုင်ကာ တွေးမိရာရာတွေးနေစဉ် အနောက်မှ သူငယ်ချင်းဖြစ်သူ ရန်နိုင် ရဲ့စကားကြောင့်
ရဲမြင့်အတွေးစ ပျက်သွားခဲ့သည်။
“ဘာမှမဟုတ်ပါဘူးကွာ…ဒီလိုပါပဲ ”
“အင်း…ဒါနဲ့ရဲမြင့် မင်း ပြုံးရီနဲ့တွေ့ဖြစ်ကြသေးလား ”
ရန်နိုင်ရဲ့စကားကြောင့် ရဲမြင့်သက်ပြင်းသဲ့သဲ့ချလိုက်ပြီး…
“မတွေ့ဖြစ်ပါဘူးကွာ…မတွေ့ဖြစ်ဆို သူ့အမေက ငါနဲ့သူ့ကို သဘောမတူဘူးကွ…ဘွားတော်က
ခါးခါးသည်းသည်းကိုဖြစ်နေတာငါ့ကောင်ရေ…
အဲ့တာကြောင့် ငါ သူနဲ့သွားမတွေ့တော့တာပါကွာ ”
“ဟ…သူ့အမေသဘောမတူလည်း သူကမင်းကိုချစ်တာပဲလေ မင်းသွားတွေ့သင့်တာပေါ့ကွ ”
“အဲ့တာကတော့ကွာ…ငါ့လို သူများလယ် လုပ်ရတဲ့ကောင်နဲ့
သူ့သမီးမဖြစ်နိုင်ဘူးထင်လို့ သဘောမတူတဲ့ဟာကို…နောက်ပြီး
ငါကလည်း ငါ့ဘဝထဲ သူ့ကိုဆွဲမခေါ်ရက်လို့ပါကွာ…”
“သြော်…ရဲမြင့်…ရဲမြင့် မင်းကလည်း စစ်မရောက်ခင်မြှားကုန်နေတာပဲ ငါ့ကောင်ရ…။ ဒီမယ် ငါပြောမယ်ကွ…မင်းနဲ့ရပြီးလို့ သူ့သမီးကောင်းစားရင်ကော
အဲ့လိုဆို သူ့အမေဘာပြောမလဲကွ…”
“ဘယ်လို…မင်းစကားကလည်း ငါကဘယ်လိုကောင်းစားအောင်ရှာနိုင်မှာလဲကွ…အခုတောင်မနည်းရုန်းကန်နေရတာကို”
“အေး…ကောင်းစားအောင် မင်း ငါနဲ့ ဒီည လိုက်ခဲ့ပေါ့ကွာ ”
“မင်းက ဘယ်ကိုသွားမှာမို့လို့တုန်း ရန်နိုင်ရ ”
ရန်နိုင်ရဲ့စကားကိုသူ စိတ်ဝင်စားမိ၏။
သိချင်စိတ်ကြောင့်မေးလိုက်လေရာ…
“ဒီည ငါနဲ့ တောစပ်နားက ကန်ကြီးကိုလိုက်ခဲ့ကွာ…
အဲ့ကြမှငါပြောပြမယ် ”
“မင်းကလည်း ညကြီးမင်းကြီး
တောစပ်ထိဘာသွားလုပ်မှာလဲ…”
“မင်းလိုက်ခဲ့မယ်မလား…အဲ့ကြမှ ငါပြောပြမယ်ကွာ
ဟုတ်ပြီလား ”
သူ ရန်နိုင်ရဲ့ အဖြေအားမကျေနပ်မိ။
သို့သော် သူလိုက်သွား၍အကြောင်းထူးခဲ့လျှင်
သူနှင့် ပြုံးရီ နီးစပ်ရပေမည်။
နောက်ဆုံး ဘာပဲဖြစ်ဖြစ်လိုက်မည်ဟု ဆုံးဖြတ်လိုက်ကာ
ရန်နိုင်အား ခေါင်းညိတ်ပြလိုက်တော့၏။
ဒီလိုဖြင့်… ညကိုးနာရီကျော်တော့
ရန်နိုင်ရဲ့အိမ်ဆီသို့ သူထွက်လာခဲ့လိုက်သည်။
ရန်နိုင်က တစ်ကောင်ကြွက်ဖြစ်သည်။
သူ့မိဘများကသူ ငယ်စဉ်ကတည်းကမရှိတော့၍
ဘကြီးဖြစ်သူနှင့်အတူနေထိုင်ခဲ့ရာ
မနှစ်ကမှ ဘကြီးဖြစ်သူ ဆုံးသွားခဲ့လေသည်။
ရန်နိုင်က သူ့လို သူများလယ်တွင်လုပ်ကိုင်ရသောသူမဟုတ်ပေ။
ရန်နိုင်အလုပ်က ဘာဆိုတာ သူယခုချိန်ထိမသိသေး။
သို့သော် ရန်နိုင်သည် သူ့ထက်ပို၍ တောက်ပြောင်စွာနေနိုင်သူဖြစ်လေသည်။
အတွေးများဖြင့် လျှောက်လာရင်း
ရန်နိုင်အိမ်ဆီသို့သူရောက်လာခဲ့သည်။
အိမ်အတွင်း ရေနံဆီမီးခွက် ထွန်းထား၍…
“ရန်နိုင်ရေ…ရန်နိုင်…ငါ ရဲမြင့် ပါကွ ”
သူ့အော်ခေါ်သံဆုံးတော့ ရန်နိုင် တဲအပြင်သို့ထွက်လာလေသည်။
“အေး…ငါလည်း မင်းကိုစောင့်နေတာ…လာကွာ တို့တွေ ရွာ အနောက်လမ်းက ထွက်ကြမယ် ဒါမှ လူမသိမှာကွ ”
ရန်နိုင်က လွယ်အိတ်တစ်လုံးလွယ်ထား၏။
လွယ်အိတ်ထဲတွင်လည်း မည်သည့် ပစ္စည်းများပါသည်မသိ
အိတ်ကြီးကဖောင်း၍နေလေသည်။
ရန်နိုင်စကားအားသူလက်ခံလိုက်ပြီးနောက်မှာတော့ ရွာနောက်ဘက်မှာလူမသိအောင် ထွက်လာခဲ့ကြတော့သည်။
တောစပ်ရှိရေကန်ဆီသို့ ဦးတည်သွားကြပြီး ဘေးဘီကို ဓာတ်မီးအလင်းဖြင့် ကြည့်ရသေးသည်။
ကြည့်ရခြင်းအကြောင်းက တောကောင်များ ထွက်တက်သောကြောင့်ပင်ဖြစ်၏။
“ရန်နိုင်…တို့ တောစပ်က ကန်ဆီရောက်ရင်
ဘာလုပ်ကြ မှာလဲဆိုတာ ပြောထားဦးလေကွာ ”
သူ့အမေးစကားကြောင့်…
“သြော်…အေး…ပြောပါ့မယ်ကွာ။ ဒီလိုကွ…တောစပ်က ရေကန်ဆီရောက်ရင် ငါပါလာတဲ့ အစားအသောက်တွေနဲ့ ကန်ကြီးတစ္ဆေကိုပင့်မယ်ကွာ…
ပင့်ပြီးလို့ရှိရင်ကန်မှာမြုပ်ထားတဲ့ရွှေတွေယူခိုင်းမယ်
အဲ့တာဆိုတို့တွေချမ်းသာပြီလေကွာ…”
“ဟ…မင်းဟာကဟုတ်မှာလား ရန်နိုင်ရာ…။ဘယ့်နဲ့တစ္ဆေကိုအစာကျွေးပြီးခိုင်းလို့ရပါ့မလား”
“မရရအောင်..ခိုင်းမှာပေါ့ကွာ…ငါအရင်ကဒီလိုတစ္ဆေတွေခိုင်းဘူးပါတယ်ကွာ…အခုကန်ကြီးတစ္ဆေကတော့
ပထမဆုံးပဲဟေ့…ဒါကြောင့်မင်းကိုအဖော်ခေါ်တာ ပေါ့…
မင်းမလိုက်ချင်ဘူးဆိုရင်လည်းပြန်လို့ရပါတယ်ကွာ…
ဒါပေမယ့်လို့ဒီအကြောင်းတော့ဘယ်သူ့မှမပြောနဲ့ပေါ့
ငါ့ကောင်ရာ”
ရန်နိုင်စကားကြောင့်သူစဉ်းစားရချေပြီ။
မလုပ်ချင်သော်လည်းပြုံးရီမျက်နှာက
အတွေးထဲဝင်လာလေရာ…
“ငါ…ငါ…လိုက်မယ်ကွာ…”
“အေး…အဲ့တာဆိုရင် ဆက်သွားကြတာပေါ့”
ရန်နိုင်က ကျေနပ်သွားလေသည်။
သည်လိုဖြင့် တောစပ်ရှိရေကန်သို့ရောက်လာလေတော့ ရန်နိုင်
က သူလွယ်ထားသောအိတ်အတွင်းမှထမင်းထုပ်ကို
ထုတ်ယူကာကန်ဘောင်မြေသားပေါ်သို့ ချလိုက်လေသည်။
ချပြီးသည်နှင့်…
“ကန်ကြီးတစ္ဆေကိုပင့်ဖိတ်ပါတယ်ခင်ဗျား…အစားအသောက်များလည်းယူလာပေးပါတယ် ။စားသောက်လို့ပြီးရင်ရွေစများစွန့်ကျယ်ပေးပါ…စွန့်ကျယ်ပေးခဲ့ရင်လည်း
နောက်ရက်တွေဆက်ဆက်လာကျွေးပေးပါ့မယ် ခင်ဗျား”
ရန်နိုင်လုပ်ကိုင်နေသည်များကို
သူခပ်လှမ်းလှမ်းမှ ကြည့်နေမိ၏။
ဟိုးအရင်က ဒီကန်ကြီးသည် ဂျပန်များမြုပ်နှံထားသော ရွှေသေတ္တာများရှိသည်ဟု ကြားဖူး၏။
သို့သော် မည်သူမှရှာမတွေ့ကြ။
ယခု ရန်နိုင် လုပ်နေသည်က အရာထင်ပေမည်လား ။
“ဘုတ်…..”
“ဟင်…”
“ဟာ…”
သူကြည့်နေစဉ်မှာပင် ရန်နိုင်ရှေ့သို့ အထုပ်တစ်ထုပ် ပြုတ်ကျ လာလေသည်။
မြေပေါ်ကျနေသော အထုပ်အား ရန်နိုင်ကဝမ်းသာအားရ ကောက်ယူ ဖွင့်ကြည့်လိုက်တော့…
“ဟာ…..ရွှေ..ရွှေတွေ…ဟား…ဟား…ဒီတစ်ခါ ချမ်းသာပြီကွ…….”
ရန်နိုင်ပျော်ရွင်နေသည်ကို သူငေးကြည့်နေမိ၏။
ရန်နိုင်လက်ထဲတွင်လည်း တလက်လက်တောက်ပနေသော ရွှေများက ရှိနေပေသည်။
သို့သော်ရွှေများကိုရလိုစိတ်မရှိခဲ့။
စိတ်ထဲ၌မလုံခြုံဟုထင်ကာ…
“ရန်နိုင်..တို့ပြန်ကြမယ်ကွာ…ဒီရွှေတွေကို ထားခဲ့လိုက်ပါ
တို့နဲ့ မဆိုင်ဘူးထင်တယ်ကွ ”
သူ့စကားကြောင့် ရန်နိုင်က…
“မင်းဘယ်လိုပြောလိုက်တာလဲ ရဲမြင့်…ငါဒီအလုပ်ကိုငါ့ဘကြီးဆီကသင်ခဲ့ပြီးပြီ ။အခုငါ့အလုပ်က ဒီလို သရဲတွေကို အစာကျွေးပြီး ပစ္စည်းတွေရှာခိုင်းတာ…
အခု…မင်းလည်း ဝေစုရမှာပါ…မပူပါနဲ့ကွာ ”
“မဟုတ်ဘူး…တစ်ခုခုမှားနေပြီ ရန်နိုင်။မင်းကျွေးတဲ့အစားအသောက်အတွက် မင်းကိုချက်ချင်းကြီးရွှေတွေချပေးတာက ရိုးရှင်းလွန်း မနေဘူးလားကွ ”
“ဒီမှာ ရဲမြင့် မင်းငါ့ကိုထားခဲ့ခိုင်းပြီး
နောက်မှမင်းတစ်ယာက်ထဲပြန်ယူချင်လို့မလားကွ ဟေ…”
ရန်နိုင်ရဲ့စကားကြောင့် သူစိတ်ပျက်မိ၏။
“တော်ကွာ…မင်းဘာသာမင်းယူလိုက်တော့…ငါ ပြုံးရီကို ကောင်းတဲ့နည်းနဲ့ပဲ ရအောင် ယူမယ် ။
အခုလို ဘယ်ကမှန်းမသိတဲ့ပစ္စည်းတွေနဲ့တော့
မတောင်းချင်ဘူး ငါသွားပြီကွာ…”
ရန်နိုင်အားကျောပေးကာ သူထွက်လာခဲ့လိုက်တော့သည်။
ကျန်ရစ်ခဲ့သော ရန်နိုင်တစ်ယောက် အသိစိတ်များလောဘတက်နေလေပြီး လက်ထဲရှိရွှေများအားကြည့်ကာ…
“ငါချမ်းသာပြီ…ငါ့ဘဝဒီထက်မြင့်တော့မယ်…ဟား..ဟား….ဟာ….ဟား….
ဟား……”
ရွှေထုပ်အားပွေ့ဖက်ရင်းပျော်နေတော့၏။
ရန်နိုင်ပျော်နေစဉ်မှာ…
“ဟား…ဟား…..ဟား……….”
“အီး…ဟီ..ဟီး….ရန်…နိုင်……..ရန်….နိုင်….ရန်….နိုင်….”
ရယ်သံတချို့နှင့် သူ၏ နာမည်အားခေါ်သံသဲ့သဲ့ထွက်ပေါ်လာလေသည်။
“ဟင်…ဘယ်…..ဘယ်…သူလဲ ”
“ရန်…..နိုင်…….ရန်…နိုင်………
ရန်…..နိုင်………..”
“ဟာ…ရွှေ….ရွှေတွေ…ငါ့ရွှေတွေ
ဘယ်…ဘယ်ရောက်ကုန်တာလဲ……”
လက်ထဲကိုင်ထားသော ရွှေထုပ်သည် ပျောက်ခြင်းမလှပျောက်သွား၍ ရန်နိုင်တုန်လှုပ်သွားကာ အရူးတစ်ယောက်လို ရွှေထုပ်အား လိုက်လံရှာဖွေနေတော့၏။
“ရန်……နိုင်……ရန်….နိုင်……ရန်…..နိုင်….”
“မခေါ်နဲ့….ငါ့နာမည်ကို မခေါ်ပါနဲ့…….ငါ့…ငါ့ရွှေတွေ….
အမယ်လေး.. ဘာကောင်ကြီးတွေလဲ……… ”
ရုတ်တရက်ကန်စပ်သစ်ပင်ပေါ်မှ ခုန်ချလာသော မည်းမည်းကောင်ကြီးများကြောင့် ရန်နိုင် အနောက်သို့ ပြန်လှည့်
ပြေးတော့သည်။
နောက်မှ အကောင်ကြီးတွေသည်လည်း ရန်နိုင်၏ အနောက်သို့ သည်းကြီးမဲကြီး လိုက်ပါသွားကြတော့လေသည်။
*************************
နောက်တစ်နေ့ နံနက်၌…
“ငါ့ရွှေတွေ……ငါ့ရွှေတွေ…အီး…ဟီး..ဟီး…
ငါ့ရွေတွေပေး………”
“ဟယ်တော်…”
“ဟာ…..”
ရွာလမ်းမထက် အော်ဟစ်ပြေးနေသော ရန်နိုင်ကိုကြည့်ကာ ရွာသူ၊ရွာသားများအံ့သြ နေကြလေသည်။
ရန်နိုင်တစ်ယောက်နေ့ချင်း၊ ညချင်း ရူးသွပ်သွားသည်ကို အားလုံးနားမလည်နိုင်ကြတော့။
ထိုအဖြစ်အပျက်ကို သိသူက ရဲမြင့်တစ်ယောက်သာ
ရှိလေသည်။ရဲမြင့် သူငယ်ချင်းဖြစ်သူအတွက်
စိတ်မကောင်းဖြစ်မိသည်။
သူသာအရပြန်ခေါ်လာခဲ့လည်းယခုလိုရန်နိုင်တစ်ယောက်
မဖြစ်လောက်ဟုသောအတွေးဖြင့်နောင်တရနေရှာသည်။
လောဘကြောင့် ဖြစ်သည့်ကိစ္စပေမို့
မည်သူ့ကိုမှလည်းအပြစ် မပြောရက်။
သိထားသမျှအားလည်း ရဲမြင့်တစ်ယောက်
မည်သူ့ကိုမှမပြောပြခဲ့ပေ။
ပြောပြခဲ့လျှင် တောစပ်ရှိကန်ကြီး မှ
ရွှေများကို နည်းအမျိုးမျိုးဖြင့်ယူကြမည်ဖြစ်သည်။
ထို့ကြောင့်နူတ်ဆိတ်ကာသာ နေလိုက်တော့၏။
ပြုံးရီအမေလက်ခံနိုင်ဖို့အတွက်တော့
သူဆက်လက်ကြိုးစားရပေဦးမည်။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)
ယခင်ရေးသားထားသောစာမူလေးပါ
ပြန်စုတဲ့သဘောနဲ့ပြင်ဆင်တင်ပြဖြင်းဖြစ်ပါတယ်ရှင်။