ကမ္ဘာပျက်တဲ့နေ့

Posted on

ကမ္ဘာပျက်တဲ့နေ့(စ/ဆုံး)
———————–

ဒီနေ့ အိမ်အကူကောင်မလေးက ဗြုန်းဒိုင်းဆိုပြီး
ရွာခဏပြန်သွားတယ် ။ သူ့အမေ နေမကောင်းလို့
ဆိုလား ။ သူမရှိတော့ အိမ်အလုပ်တွေက
အတော်လေးကို ကသီကလင်နိုင်သွားတယ် ။
ကိုယ်ကလည်း နာတာရှည်ရောဂါသည်ဆိုတော့
နည်းနည်းလေး လှုပ်လိုက်တာနဲ့ မောနေတာ ။
ဒါပေမယ့် သားသမီးတွေအတွက် ထမင်းချိုင့်ကို
ကိုယ်တိုင်ပြင်ဆင်ပေးရတာတွေ ၊ယောက်ျားဝတ်ဖို့
အဝတ်အစားကို ကိုယ်တိုင်ရွေးချယ်ရတာတွေက
ဘဝသစ်တခုကို ပြန်စနေရသလိုပဲ ။ ပျော်တယ် ။
ခါတိုင်းဆို ကောင်မလေးက အစအဆုံးသူပဲလုပ်တာ။
တော်တော်အားကိုးရပါတယ် ။
ကိုယ့်ကိုလည်း အမရင်းလိုပဲ ။
တော်တော်လည်း သွက်သွက်လက်လက်ရှိတယ် ။
သူမရှိတော့ လက်မောင်းတဖက်ပြုတ်သွားသလိုမျိုး
ခံစားရတယ် ။ ဒါပေမယ့်လည်းမတတ်နိုင်ဘူး ။
သူ့မလည်း သူ့မိသားစုအရေး အချိန်ပေးရဦးမှာပေါ့ ။
ကိုယ့်မိသားစုအတွက် ဒီလောက်စေတနာထား
လုပ်ပေးတာပဲ တော်လှပါပြီ ။

အလုပ်တွေအားလုံးပြီးတော့ ရေမိုးချိုးလို့
မှန်တင်ခုံရှေ့ဝင်ထိုင်ပြီး သနပ်ခါးလိမ်းဖို့လုပ်တယ် ။
တခါတလေကျရင်မှန်ထဲကို ကြည့်လိုက်တိုင်း
မျက်တွင်းဟောက်ပက် ၊ အသားအရည်ခပ်ညှိုးညှိုးနဲ့
ကိုယ့်ကိုယ်ကိုယ်သတ်ပစ်ချင်လောက်အောင်
မုန်းတီးမိပါရဲ့ ။ ကိုယ့်အနားကိုယ်တောင်
ကပ်ချင်စိတ်ကုန်ခမ်းနေတဲ့မိန်းမတယောက်အနားကို
ဘယ်ယောက်ျားက ဘယ်လိုစိတ်မျိုးနဲ့ ကပ်တွယ်
နေချင်မတဲ့လဲ ။ လွတ်မချပစ်ခဲ့တာတောင်
ကံကောင်းလှပြီ ။ သူ့မှာလည်း အသွေးနဲ့ကိုယ်
အသားနဲ့ကိုယ်မဟုတ်လား ။ သဝန်တိုခွင့်ဆိုတာ
မထိုက်တန်လောက်အောင် ကွာဝေးလွန်းခဲ့ပြီ ။
အိမ်ထောင်ဦးစီးတယောက်အနေနဲ့ နေ့တိုင်း
အိမ်ပြန်လာတာလေးတခုရယ် ၊
သားသမီးတွေအပေါ် ကြင်ကြင်နာနာဆက်ဆံ
တတ်တာလေးတခုရယ်က ဘုရားကပေးတဲ့
အကြီးမားဆုံးလက်ဆောင်တခုလိုပါပဲ ။
ဒီလိုပဲ သဘောထားလိုက်တာ အေးချမ်းတယ် ။

တနေကုန်အိမ်ထဲမှာတယောက်တည်း
စာအုပ်ဖတ်လိုက် ၊ ဟိုလျှောက်တွေး ဒီလျှောက်တွေး
လုပ်နေလိုက်နဲ့ နေလာလိုက်တာ ညနေတောင်
တော်တော်စောင်းသွားခဲ့ပြီ ။ ကောင်မလေးကို
ရုတ်တရတ်သတိရသွားတာနဲ့သူ့မိခင်ရဲ့
ကျန်းမာရေးအခြေအနေအရပ်ရပ်ကို ဖုန်းဆက်ပြီး
မေးကြည့်လိုက်တယ် ။ ကောင်မလေးက
ဖုန်းထဲကနေ ငိုယိုပြီး ဆေးရုံတက်မှ ဖြစ်တော့မယ့်
အခြေအနေအကြောင်းပြောပြနေတာနဲ့
နောက်ဆံမတင်းဖို့ ၊ဆေးရုံတက်ဖို့ ကုန်ကျစရိတ်ကို
နောက်နေ့ မနက်လာယူဖို့ ၊ အရမ်းစိုးရိမ်မကြီးဖို့
နှစ်သိမ့်အားပေးစကားပြောပြီး ဖုန်းချလိုက်တယ် ။

သူနဲ့ဖုန်းပြောပြီးတော့ ကိုယ့်ရင်ထဲလည်း
သိပ်မကောင်းတော့တာနဲ့ပဲ ကိုယ်သောက်နေကျ
ဆေးကို ယူသောက်ပြီး အိပ်ယာပေါ် ခဏ
မှိန်းနေလိုက်တယ် ။ ဒေါက်တာပေးတဲ့ဆေးထဲမှာ
ညဘက်ဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတဲ့
ဆေးအချို့ပါတယ် ။ ဆေးသောက်ပြီး မျက်ခွံတခုလုံး
လေးလံနေပေမယ့် မအိပ်ရဲဘူး ။
ခင်ပွန်းဖြစ်သူပြန်လာလို့ နှိုးမရရင်ဘယ်လိုလုပ်မလဲ ။
ခါတိုင်းတော့ ကောင်မလေးရှိလို့ ဆေးသောက်ပြီး
စောစောအိပ်ရတာလေ ။ ကလေးတွေကတော့
ဘာသိမှာလဲ ။ စာကျက် ၊ အိမ်စာလုပ်ပြီးတော့
အိပ်ယာထဲ အလျှိုလျှိုဝင်သွားကြပြီ ။
ဟောက်သံလေးတွေတောင် အစီအရီ ထွက်နေ
လိုက်သေး ။

နာရီကိုကြည့်တော့ ည ဆယ့်တစ်နာရီ
တိတိရှိပြီ ။ ဟော ။ ပြောရင်းဆိုရင်း ကားသံကြားတယ်။
ပြီးတော့စက်သပ်လိုက်သံ ၊ ကားတံခါးပိတ်လိုက်သံ ၊
ဒရိုင်ဘာဦးလေးကြီးရဲ့ချောင်းဟန့်သံ ၊ပြီးတော့
အိမ်တံခါးအနားကို တိုးတိတ်စွာ လျှောက်လာတဲ့
သူ့ ခြေသံကိုလည်း ကြားတယ် ။ ကိုယ်လည်း
တံခါးနားလျှောက်သွားပြီး တံခါးကို ဟလိုက်တယ်
ဆိုရင်ပဲ ကိုယ့်ပါးပြင်တခုလုံး နူးညံ့တဲ့ တစုံတရာနဲ့
ထိကပ်လိုက်သလို ပူနွေးရှိန်းမြသွားတယ် ။
ဘုရားရေ …..ကိုယ့်ကို သူနမ်းလိုက်တာလား ။
ဟုတ်တယ်… သူနမ်းလိုက်တာ ။ သူ့ခန္ဓာကိုယ်ကနေ
ဝီစကီအနံ့က နှာခေါင်းထဲ ထောင်းခန ဲတိုးခွေ့
ဝင်ရောက်လာတယ် ။ ခပ်မှိန်မှိန်ထွန်းထားတဲ့
ညအိပ်မီးအလင်းရောင်အောက်မှာ သူ့မျက်နှာက
အဆီတဝင်းဝင်းနဲ့ ပြောင်လက်နေတယ် ။
တော်တော်လေးမူးနေပုံပဲ ။ ဒါပေမယ့် ပျော်တယ် ။
တကယ်ကျေနပ်တာပါ ။ သူ ကိုယ့်ကို မနမ်းတာ
နှစ်ပေါင်းဘယ်လောက်ကြာမြင့်ခဲ့ပြီလဲ ။
ကိုယ့်ခံစားချက်နဲ့ကိုယ်ကျေနပ်နေတုံး သူက
ကိုယ့်နားကိုတိုးတိုးလေးကပ်လို့ ခါးကိုဖက်လိုက်ရင်း
မေးခွန်းတခုမေးတယ် ။

” နင့် အစ်မ အိပ်ပျော်သွားပြီလား ” တဲ့ ……. ။

Credit# Hsu AyarZaw