” ကလောည ” (စ/ဆုံး)
===========================
ကျွန်တော်တို့ သူငယ်ချင်းတွေ မှာ
ထုံးစံ တစ်ခုရှိတယ်ဗျ ခရီးတစ်ခုသွားဖို့ စတိုင်ပင်ပြီဆိုရင် ခရီးလိုက်မည့်သူ့ဟာ အစပထမမှာ ၁၅ ယောက် အနားနီးရင် . ၆ယောက်
သွားတော့မယ်ဆို … ၂ယောက်
အဲဒီလို ထုံးစံ က …. ဖြစ်နေကျ ဂယက်တစ်ခုပါ
ထားပါ…ကျွန်တော်တို့ Story စရအောင်ဗျ
ကျွန်တော်ပြီးခဲ့တဲ့ ၃နှစ်လောက်က
သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး
ကလောမှာ….အပန်းဖြေကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်
လူစစုတုန်းက လူက ၁၅ ယောက်လောက်ပါ
နောက်ဆုံးမှာ ၆ယောက် ….
အဲဒီ့ ၆ယောက်ကလည်း စတိုင်ပင်တုန်းကသူတွေ
မဟုတ်ကြပါဘူး မရမက ၆ယောက်ပြည့်အောင်လိုက်စု
ပြီးသွားလိုက်ရတာပါ…
ကျွန်တော်တို့ အဖွဲ့ ခရီးသွားရင် ….
သိပ်ပျော်စရာကောင်းပါတယ်
ကားပေါ်မှာလည်း တစ်လမ်းလုံးမျက်နှာပြောင်ကြတယ်
ရယ်ကြမောကြလူငယ်ဘဝတွေပေါ့
ဒီလို နဲ့……
ကျွန်တော်တို့…..ရန်ကုန်ကနေ…
တညလုံးကားစီးလာပြီး
ကလောကို မနက် ၄နာရီမှာရောက်ပါတယ်….
ကားပေါ်က ဆင်းဆင်းခြင်း
ကလောရဲ့ အေးစိမ့်နေမှု့ကြီးကို
စတင်ထိတွေ့လိုက်ရပါတော့တယ်
ရန်ကုန်မှာ လုံးဝ မအေးသလောက်ဖြစ်နေချိန်
ကလောရောက်ရောက်ချင်း တုန်ခိုက်နေအောင်ကို
ချမ်းလှပါတယ်…
ကားပေါ်ကဆင်းပြီး
အဲဒီနားမှာပဲ ကျွန်တော်တို့ Hotel က လာကြိုတဲ့
ကားကို ခဏစောင့်ရတယ်…..
ဒီလိုနဲ့ ..Hotel ကားလဲ ရောက်လာရော…
ကျွန်တော်တို့ သူငယ်ချင်းအုပ်စု ကားပေါ်အမြန်တက်ပြီး တည်းမည့် Hotel ကို မောင်းထွက်လာကြပါတော့တယ်…
Hotel ကို ရောက်သွားချိန်ဟာ
ဝေလီဝေလင်းမို့
သူငယ်ချင်းတွေ အခန်းထဲ အလျိုလျိုဝင်ပြီး
နားနေလိုက်ကြပါတော့တယ်….
သို့ပေမယ့် ယခု ကျွန်တော်တို့ ဝင်နားနေတဲ့အခန်းဟာ အမှန်တကယ် တည်းရမည့်အခန်းမဟုတ်သေးပါဘူး
ဘာဖြစ်လို့လဲ တော့ မသိပေမယ့် …
တည်းရမည့်အခန်းထဲတော့ ကျွန်တော်တို့ကိုချက်ချင်းပေးမဝင်ပါဘူး
ဒီလိုနဲ့ တစ်ညလုံး ကားစီးလာရတော့
ခနလှဲရင်း ထိုခဏပေးထားသောအခန်းမှာ
ကျွန်တော်တို့တွေအိပ်ပျော်သွားကြပါတော့တယ်…
ကျွန်တော် ပြန်နိုးလာတော့ မနက် ၇နာရီရှိပါပြီ
ကျွန်တော်မျက်လုံးဖွင့်ဖွင့်ချင်း ပြတင်းပေါက်မှ
လှန်းမြင်လိုက်ရသော မြင်ကွင်းဟာ
မြူတွေဆိုင်းပြီး သိပ်ကိုလှတဲ့ ထင်ရှူးတောကြီးကို စတင်
တွေ့မြင်လိုက်ရပါတော့တာပါပဲ…
အရမ်းလှလွန်းတာကြောင့်…..Hotel တံခါးဝကိုဖွင့်ပြီး ပထမဆုံး ကလောရဲ့ အလှကို တဝကြီးခံစားပြီး လတ်ဆတ်တဲ့လေကိုလည်း တစ်ဝကြီးရှူရှိုက်လိုက်ပါတော့တယ်…
ထို့နောက် အိပ်နေတဲ့ သူငယ်ချင်းတွေကို လိုက်နှိုး…
အပြင်သွားရန် အမြန်ပြင်ဆင်ခိုင်းပြီး….ကျွန်တော်တို့ အုပ်စု ကလောစျေးထဲ တွင် တို့ဟူးနွေး သွားစားကြပါတော့တယ်…
တစ်ပွဲမှ ၅၀၀ ကို အရသာအတော်ရှိလှတဲ့ တို့ဖူးနွေးပါ စားလို့ကောင်းပြီး ရိုးသားလွန်းတဲ့ ဒေသခံ လေးတွေရဲ့ ဖြူစင်တဲ့ အပြုံးတွေ ဟာ
သူတို့ရဲ့မျက်နှာမှာ ထင်ထင်ရှားရှားကို မြင်နေရတာပါ
ထို့နောက် ကျွန်တော်တို့ ဘဘာဝကြီး နဲ့
စတင်ထိတွေ့ဖို့ ကားစင်းလုံး တစ်နေ့စာငှားပြီး
ကလောစျေးမှ စတင် ထွက်ခွာလာပါတော့တယ်
လိုက်ပို့တဲ့ ကားသမားအစ်ကိုမှာလဲ
အလွန်သဘောမနောကောင်း
ဘယ်ကားသမားနဲ့ မှ မတူ
ကလောမှ ဖြစ်ရပ်လေးတွေ …ရှင်းပြပြောပြတာတွေကို နားထောင်လိုက် အနွေးထည်အကြီးကြီးတွေ
ဝတ်ပြီး….သီချင်းတွေအော်ဆိုလိုက်…အရမ်းလှတဲ့တောင်တန်းတွေကို တအံ့တသြလှန်းကြည့်လိုက်နဲ့
သိပ်ကိုပျော်စရာကောင်းခဲ့ပါတယ်…
ဒီစာဖတ်သူလဲ ကလောရဲ့ အလှတွေကိုမြင်ယောင်ပြီး….ပြုံးနေမိမှာ အမှန်ပါပဲ
ဒီလိုနဲ့ …ကျွန်တော်တို့
လည်လိုက်ပတ်လိုက် စားလိုက်သောက်လိုက်ဖြင့်ညနေ နေအတော်စောင်းတော့ Hotel ကို ပြန်ရောက်လာခဲ့ပါတော့တယ် ပြန်ရောက်လာတော့ ကျွန်တော်တို့
အမှန်တကယ်တည်းရမယ့် အခန်းမှာပြန်နေရပါတော့မယ်ဆိုပြီး လာပြောတာကြောင့် အောက်ထပ် က ကပ်လျှက် အခန်း၂ခန်းအား ပြောင်းရွှေ့ပေးပါတော့တယ်
ထိုသို့ဖြင့်
ညရောက်လေတော့ ..ကျွန်တော်တို့ သူငယ်ချင်း
၆ယောက် စကားလက်ဆုံပြောကြဆိုကြရင်း
စားကြသောက်ပျော်ပါးနေပါတော့တယ်
ထိုစဥ် ကျွန်တော်တို့ တစ်ခု သတိထားမိလိုက်သည်မှာ ညရောက်လာချိန် မှောင်လာတာနဲ့ Hotel မှာ
ဝန်ထမ်းတစ်ယောက်မှ မတွေ့ရတော့တာပါပဲ
ကျွန်တော်တို့ ရေနွေးလေးလိုချင်လို့
ထွက်တောင်းတာ မည်သည့်ဝန်ထမ်းကိုမှ ရှာမတွေ့ပါဘူး သို့ပေမယ့် ဂစ်တာတီးနေတဲ့ အသံသဲ့သဲ့ကိုတော့
ကြားနေရတယ်
ကြားနေရတဲ့ နေရာကို မှန်းပြီးလိုက်ရှာပြန်တော့လည်း အသံက အဲ့နားကလာတာမဟုတ်ပြန်ပါဘူး
အသံကတော့ ကြားနေရပါတယ်…..
ကြားရတဲ့ အသံ က …လူငယ် ၃..၄ ယောက်လောက်
ရိုးရာသီချင်းလို သံစဥ်လေးကို ဆိုနေသလိုကြားနေရတာပါ…
ကျွန်တော်တို့သေချာနားစိုက်ထောင်ပေမယ့် သူတို့ ဘာတွေ ဆိုနေမှန်းကို တစ်ခုမှမသိပါဘူး
သူတို့ကိုလည်း လိုက်ရှာပေမယ့် လည်း မတွေ့ပါဘူး
ဘယ်နားကမှန်းမသိတာမို့ ကျွန်တော်တို့ ဆက်ရှာမနေတော့ပဲ အခန်းထဲသို့ ပြန်လာလိုက်တာကြပါတော့တယ် …
အဲဒီ ပထမနေ့ မှာတော့ …
အကုန်အဆင်ပြေပြေပင်ဖြစ်နေကြတာမို့
အားလုံး အေးအေးချမ်းချမ်းအိပ်ပျော်သွားကြတယ်
မနက်မိုးလင်းတော့ ကျွန်တော်တို့
ဘဝသံသရာ ရထားလမ်းတို့ အင်းလေးတို့ဘက်ကို လည်ဖို့ ထပ်မံ ပြင်ဆင်၍ထွက်လည်ကြပြန်ပါတော့တယ်…
တစ်နေကုန်လည်ပတ်ပြီးနောက်..ပြန်လာတော့
လူတွေက အတော်ပင်ပမ်းနေကြပါပြီ…
သူငယ်ချင်းတွေ စကားလက်ဆုံတောင်မပြောနိုင်ပဲ
ကျွန်တော်တို့အားလုံး အိပ်ပျော်သွားကြပြန်ပါတော့တယ်….
၃ရက်မြောက်နေ့ မနက်မိုးလင်းတော့အကုန်လုံးအားအင်အပြည့်ဖြင့် ရေပြာအိုင်ဘက်သို့ ပျော်ပျော်ပါးပါး ထွက်လည်ကြပြန်ပါသေးတယ်…
လည်ပတ်ပြီးပြန်ရောက်တော့…ယခင်နေ့လို တန်းမအိပ်ကြပဲ သူငယ်ချင်းတွေစုပြီး
စကားတွေပြောကြ ရီကြမောကြဖြင့် ခေတ္တအပမ်းဖြေကြပါတယ်…အတော်လေးညဥ့်နက်လာတော့မှ ကျွန်တော်ရယ် သူငယ်ချင်းတစ်ယောက်ဟာ ကျွန်တော်တို့ တည်းရမည့်အခန်းသို့ ပြန်လာကြပါတော့တယ်…
အခန်းထဲ ဝင်လိုက်တဲ့ အချိန်မှာ ….
စက္ကူမီးရှို့လို့ ညှော်သလိုလို တစ်ခုခု မီးလောင်ထားသလိုလို ညှော်နံ့ ပြင်းပြင်းကို ကျွန်တော် ထိထိမိမိ
ခံစားရလိုက်ပါတော့တယ်…
ဝါယာရှော့ခ် များဖြစ်နေမလား တစ်ခုခုများမီးလောင်နေသလား ဘယ်နေရာက အနံ့ဖြစ်နိုင်မလဲ ဟု လှည့်ပတ်ရှာကြပါတော့တယ်..သို့သော် ဘာမှရှာမတွေ့ပါဘူး
ထိုသို့ဖြင့် အချိန်အတော်ကြာဘားမှရှာမတွေ့တော့မှသာ
ကျွန်တော်တို့ အဝတ်အစားလဲ ခြေလက်ဆေးပြီး
အနားယူဖို့ ကုတင်ပေါ်တွင် လှဲချလိုက်ပါတော့တယ်…
ကျွန်တော်တို့ နောက်ထပ်ရတဲ့ အခန်းရဲ့ ကုတင်ဟာ
၂ယောက်အိပ် အကြီးတစ်လုံးထဲပါ
ထိုကုတင်ပေါ်တွင် သူငယ်ချင်းနှစ်ယောက် တစ်ဖက်တစ်ချပ်စီခွာအိပ်၍ အနားယူအိပ်စက်ကြပါတော့တယ်…
ထိုသို့ အိပ်ဖို့အချိန်ယူနေချိန်…ကျွန်တော့်သူငယ်ချင်းကို လှန်းကြည့်တော့ သူငယ်ချင်းဟာ မအိပ်သေးပဲ ဖုန်းသုံးနေပါတယ်…
ကျွန်တော်ကတော့ မဟန်တော့လို့ ဖုန်းချပြီး မှေးကနည်း အိပ်ပျော်သွားရင်း ရုတ်တရက်
တကိုယ်လုံး…
ဇက်ကနဲ ဆွဲခါလိုက်သလို…
တုန်ရမ်းပြီး ပြင်းပြင်းထန်ထန် ခန္ဓာကိုယ်တစ်ခုလုံး
ခါထွက်သွားပါတော့တယ်….
အိပ်နေရင်းမှ ငါဘာဖြစ်လဲ ဆိုပြီး…လန့်ဖျပ်ကာ
ရုတ်တရက် ထထိုင်လိုက်မိပါတယ်…
ဘေးက ဖုန်းသုံးနေတဲ့ သူငယ်ချင်းကလဲ …
မင်းဘာဖြစ်တာလဲ သိုပြီး ကျွန်တော့်ဘက်ကိုလှည့်မေးပါတယ်…
ကျွန်တော်လည်းဘာဖြစ်မှန်း..မသိ..ရုတ်တရက်အရမ်းမောပြီး တစ်ကိုယ်လုံးရမ်းခါသွားတာလို့ပြောတော့ သူငယ်ချင်းက သူ့ဘေးက ရေသန့်ဗူးထဲမှ ရေကို ကျွန်တော့်အား ” ရော့မင်းရေသောက်လိုက်” ဆိုပြီးလှန်းပေးပါတယ်…
သူငယ်ချင်းပေးတဲ့ ရေသောက်ပြီးအမောဖြေ ခဏနေပြီးနောက် ပြန်အိပ်ရန်လှဲချလိုက်ပါတော့တယ်
ထိုစဥ် သူငယ်ချင်းကိုလှန်းကြည့်တော့ သူကလည်းပဲ ဖုန်းကို စားပွဲပေါ်လှန်းတင်လိုက်ရင်း
အိပ်ရန်ပြင်ဆင်နေပါပြီ
ထိုအချိန်….ကျွန်တော့်ရင်ဘက်ပေါ်
အတော်လေးလံ တဲ့ အရာကြီးတစ်ခု ပိနေသလို ခံစားလာရပြီး….ဘေးက သူငယ်ချင်းကို ထပ်မံလှန်းခေါ်လေတော့ ကျွန်တော့်ပါးစပ်က
အသံလုံးဝထွက်မလာတော့ပါ…..
တကိုယ်လုံးကလည်းလှုပ်မရတော့ဘူး…
ရင်ဘက်ပေါ်ကို တခုခုက တက်စီး ထားသလို….
လူကလဲ အရမ်းမောပြီး ပင်ပမ်းလွန်းနေပါပြီ…
ထိုသို့ ရုန်းကန်နေရင်းမှ ….
အားကုန် အော်ပြီးထလိုက်တော့ …
ရုတ်တရက် ကျွန်တော် ကုတင်ပေါ်တွင် ငုတ်တုတ်အနေအထားပြန်ဖြစ်သွားပါတော့တယ်…
ဘေးမှ သူငယ်ချင်းမှာလည်း ကျွန်တော့် အော်သံကြောင့်လန့်နိုးလာပြီး မင်း ဘာထက်ဖြစ်တာလဲ လို့မေးပြန်တော့တယ်…
ကျွန်တော်လည်း နဘေးမှသူငယ်ချင်းအား ..
ခုနလိုဖြစ်သလို ထပ်ဖြစ်တာဆိုပြီး
ပြောပြလိုက်ပါတယ်…
သူက ဘီလူးစီးတာနေမယ်…
ထမင်းလုံးတစ္ဆေခြောက်တာလဲ ဖြစ်ချင်ဖြစ်မှာပေါ့
စိတ်ကိုငြိမ်ငြိမ်ထား
အိပ်ပျော်အောင် ပြန်အိပ်လိုက်ဆိုပြီးစောင်တွေဘာတွေခြုံပေးပြီး…..သူလဲ သူ့နေရာမှာသူ ပြန်အိပ်ပါတယ်
အတန်ကြာတော့ အရမ်းပင်ပန်းလာပြီး
အိပ်ပျော်တော့မည့် အချိန်တွင် ရင်ဘက်တွေလေးလံ လာပြီး ခုနဖြစ်သလို ၃ကြိမ်မြောက်ထပ်ဖြစ်ပြန်ပါတော့တယ်
ဒီတစ်ခါမှာတော့
ကျွန်တော်ကိုယ်ပေါ်မှာ အပူရှိန်တွေ ဟပ်နေသလိုခံစားရပြီး…ဖယောင်းတိုင်အပေါ်မှာ လက်ထားရင် ခံစားရတဲ့ အနေအထားမျိုးအထိကို ပူလောင်လာပါတော့တယ်…
ရင်ဘက်မှာ လွန်စွာပူလောင်နေသလို ခံစားကြီးဟာအတော်ကို သိသိသာသာဖြစ်လာပါတော့တယ်
အဲဒီ အချိန်ကျွန်တော် ပြန်နိုးလာပြီး…
ဘေးက သူငယ်ချင်းကိုလှန်းကြည့်တော့
ဘေးကသူငယ်ချင်းက
ကျွန်တော့် သူငယ်ချင်း မဟုတ်နေတော့ပါဘူး
ကျွန်တော်သိပ်လန့်သွားတယ်
သူက ကျွန်တော့်ကိုကြည့်ပြီးလှဲနေတာ
ကျွန်တော် ဘုရားတရသည်အထိ
လွန်စွာ ထိတ်လန့်သွားရပါတယ်…
ငါဘာတွေဖြစ်နေတာလဲ …
ဘာတွေမြင်ယောင်နေလဲ ဟု စိတ်ထဲမှလည်းအတွေးပေါင်းစုံ ရောထွေးနေပြန်ပါတော့တယ်…
ဒါဟာအိပ်မက်လား….. ဒါမှမဟုတ် တကယ်လား
ဘေးက လူကြီးကရောဘယ်သူလဲ ဆိုပြီး
မဝေခွဲတတ်တော့ပါဘူး
ထိုသို့ မျိုးစုံခံစားနေရစဥ် ..
ကျွန်တော့်ကို ဖိထားတဲ့ လေးလံမှူ့ကြီးဟာ
အရင်ကထက် အဆပေါင်းများစွာပို၍လေးလံ လာပါတော့တယ်…
ကျွန်တော့်မျက်စိထဲ …မီးခိုးငွေ့တွေ အခန်းထဲမှာလွင့်နေသလို ကို ခံစားနေရတယ်….ပါးစပ်ကဘာ အသံမှ ထွက် မရ
လူကလည်းလှုပ်မရ ထမရအနေအထားမှာ…အတင်းရုန်းကန်ပြီး ဘေးက သူငယ်ချင်းကိုပြန်ကြည့်လေတော့
နဘေးမှာ အိပ်နေတာ
ကျွန်တော့်သူငယ်ချင်းပင်ပြန်ဖြစ်နေပြန်တယ်…
သူ့ကိုကြည့်တော့ သူဟာ ကျွန်တော့်ကိုကျောခိုင်းပြီး
ဘားမှ မသိသလို အိပ်မြဲအတိုင်းသာအိပ်နေပါတော့တယ်….
ထိုစဥ် ကျွန်တော်သူ့ကို လှန်းခေါ်ပေမယ့် ပါးစပ်က လုံးဝ အသံ ထွက်မလာပါဘူး အရင်ထက်ကို ဆို့နင့်နေတဲ့ခံစားချက်က ပို၍ပို၍ သာ ခံစားနေရပါတော့တယ်
ထိုစဥ် တကိုယ်လုံး…ပူလောင်ပြီး…ရုတ်တရက် …
ဝုန်း…ဆိုသော အသံ ကြီးနဲ့အတူ ရင်ဘက်ပေါ်ပိကျလာတဲ့ အရာကြီးအား အနီးကပ်မြင်လိုက်ရသည်မှာမိန်းမကြီးတစ်ယောက် တကိုယ်လုံး မီးတွေကျွမ်းလောင်နေပြီး မျက်လုံးတွေကဟောက်ပက်
မျက်နှာကြီးကလဲ …မီးကျွမ်းထားတဲ့ သစ်သားတုံးကြီးတစ်ခု လိုကျွမ်းလောင်ထားတယ် ပြီးတော့ အဲဒီ့ မိန်းမကြီးရဲ့ အသားအရည်ဟာလည်း
အက်ကွဲ ပြီး တော်တော်လေး သွေးပျက်ခြောက်ချားစရာကောင်းလှပါတော့တယ်…
ထိုအချိန်ကျွန်တော် အားကုန် ဆောင့်တွန်းပေမယ့်
သူက ကျွန်တော့်လည်ပင်းကို …ညှစ်ရင်းလူကိုတက်ဖိထားပြီး…..
“ထွက်သွားးးးးးး ” ဆိုတဲ့ အသံ နက်ကြီးနဲ့ထအော်လိုက်စဥ်…
ကျွန်တော်လည်း “အားးးးးးးး”ဟု အားကုန််အော်ဟစ်ရင်း ကျွန်တော့်ရင်ဘက်ပေါ်မှ ထိုမိန်းမကြီးအား
ကုတင်ဘေးသို့ တွန်းလှဲ ပစ်ချလိုက်လေရာ
ထိုမိန်းမကြီး ကုတင်ဘေးသို့ ဝုန်းကနဲ ပြုတ်ကျသွားပါတော့တယ် ထိုပြုတ်ကျတဲ့ အသံကို ကြားပြီး
ဘေးမှ သူငယ်ချင်းမှာ အိပ်နေရာမှ လန့်နိုးလာပါတော့တယ်…..
”ရဲကြီး ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ …ဘေးကို ဝုန်းကနဲ ဘာကြီးကျသွားတာလဲ” ဟုမေးပြီး အိပ်နေရာမှအလျှင်အမြန် ထလာကာ
ကျွန်တော့်ကုတင်ဘေးအောက်သို့ သူ လှန်းကြည့်နေပါတော့တယ်…
ကုတင် ဘေးမှ ဘားမှမရှိပေမယ့် …ပြုတ်ကျတဲ့ အသံကို ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်လုံးအတိုင်းသားကြားလိုက်ရတာဟာ အလွန်ကျောချမ်းစရာကိစ္စပါ…
သူငယ်ချင်းက ကတုံကယင် ဘာကြီးလဲ မေးလေတော့…ကျွန်တော်သူ့ကို ခုနအဖြစ်အပျက်အားကြောက်ကြောက်လန့်လန့်ဖြင့်ပြောပြလိုက်ပါတော့တယ်….
သူငယ်ချင်းအားပြောပြပြီးနောက်
“ငါဒီအခန်းထဲတွင် ဆက်မနေရဲ တော့ဘူး” လို့ သူငယ်ချင်းကိုပြောလိုက်ပါတယ် ….သူလည်း စိတ်တွေရှုပ်ပြီး ဘာလုပ်ရမှန်းမသိ ခေါင်းကုတ်နေပါတော့တယ်..
ညဖက်ဆိုလျင် Hotel တွင်လဲဝန်ထမ်းတစ်ယောက်မှ မရှိတာမို့ ဘယ်သူ့ကို ဘာသွားပြောရမှန်းကို မသိတော့ပဲ ကြောင်တောင်တောင်ဖြင့် နှစ်ယောက်သား
ဘာလုပ်ရမှန်းမသိ အကြံအိုက်နေကြပါတော့တယ်….
ကျွန်တော်ကတော့ လုံးဝ ဆက်မနေရဲ တော့ပါဘူး
ကျွန်တော် ဘေးအခန်းက မိန်းကလေး
ထိုအချိန်
ဘေးအခန်းကသူငယ်ချင်းတွေကို သတိရသွားပြီး
ဖုန်းဆက်တော့ သူတို့က ဖုန်းမကိုင်ပါဘူး
ဒီလိုနဲ့ ရင်တမမနဲ့
နောက်တခါထပ်ခေါ်တော့ ဖုန်းကို ကိုင်လိုက်ပါတော့တယ်…
ဒီလိုနဲ့
ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်
သူတို့ အခန်းမှာလာအိပ်လို့ ရမလားမေးတော့
သူတို့က လာခွင့်ပြုတာမို့ ကျွန်တော်တို့
စောင် ခေါင်းအုံးတွေမပြီး ဘေးက အခန်းအား
အလျင်အမြန် ထွက်ပြေးလာကြပါတော့တယ်…
မိန်းကလေးတွေချည်းနေပေမယ့်လည်း
ပြဿနာမရှိကြပါဘူး သူတို့က အချိန်မတော်ဖုန်းဆက်ကတည်းက မရိုးတော့ဘူးဆိုတာ သိနင့်နေကြပါပြီ
ရဲကြီး ..မထော်တွေ မြင်ပီလားမသိဘူးဆိုပြီး
သူတို့ အခန်းတံခါးအားလာဖွင့်ပေးကြပါတော့တယ်
အခန်းထဲ ရောက်တော့ ….
ခုနအကြောင်းပြောပြတော့ …
သူတို့အခန်းမှာလည်း ခေါင်းရင်း ပြတင်းပေါက်က
ဘယ်လိုလုပ်လုပ်
ဂျက်ကဖွင့်လိုက် ပိတ်လိုက်အလိုလိုဖြစ်နေတယ်ဆိုပြီးပြောပြပါတော့တယ်…
သူတို့ကတော့ ထိုဂျက် ဖွင့်လိုက် ပိတ်လိုက်ဖြစ်နေတာကို မသိချင်ယောင်ဆောင်အိပ်နေကြတာတဲ့
ကျွန်တော့်အဖြစ်ကတော့ မသိချင်ယောင်ဆောင်လို့ မရတဲ့ အခြေအနေမို့ ဘယ်လိုဆက်နေဖို့ ခွန်အားမရှိတော့တာပါ…
ထိုသို့ဖြင့် ကျွန်တော်တို့ မိန်းကလေးသူငယ်ချင်းအခန်းမှာ ထိုနေ့ညကို ကြောက်ကြောက်ဖြင့်အိပ်လိုက်ကြပါတော့တယ်
မနက်မိုးလင်းတော့
မနက်စာစားရင်း…ကျွန်တော်တို့ ညက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို …..ပြန်ပြောရင်း
လည်စရာရှိတာတွေ ထက်မံလည်ပတ်ကြပါတော့တယ်….ထိုနေ့မနက် အုပ်စုလိုက်
စက်ဘီး ထွက်စီးကြတော့
အကြည်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်က
သူစက်ဘီးမစီးတတ်လို့ …မလိုက်တော့ဘူးဆိုပြီး
သူ့အခန်းမှာနေခဲ့ပါတော့တယ်…
*********
ကျွန်တော်တို့တော့ ….တစ်မနက်လုံးလည်ပတ်ပြီး
ကျန်ခဲ့တဲ့ သူငယ်ချင်း အကြည်ကို Hotel ပြန်ခေါ်…..
ပြီး ကလောရဲ့ နေဝင်ချိန်ကိုကြည့်ဖို့ခရီးပြန်ဆက်ကြပါတော့တယ်…
တစ်လမ်းလုံး
အကြည့် ကို ကြည့်ရတာတစ်မျိုးဖြစ်နေပါတယ်…
တစ်လမ်းလုံးမျက်နှာက သာမယာ စကားတစ်လုံးမျှပင်မဟ
လူက တစ်ခြား အတွေးက တခြားရောက်နေပုံဖြစ်နေပါတော့တယ်….
သူငယ်ချင်းတွေက သူ့အမူအယာကြောင့်
ဘာဖြစ်နေတာလဲဟု ဝိုင်းမေးကြတော့တယ်…
“အကြည်နင် ဘာဖြစ်နေတာလဲ” ဆိုတော့သူက
ဘားမှ မဖြစ်ဘူးတဲ့
ဘားမှ ဆက်မေးမရတာမို့ အကြည့်ကိုဒီအတိုင်းသာထားလိုက်ရပါတော့တယ်…
ဒီလိုနဲ့ ကျွန်တော်တို့လဲ ….ညနေ နေဝင်ချိန်ကိုကြည့်ပြီးနောက်
Hotel ကို အမြန်ပြန်..ပစ္စည်းတွေသိမ်း
ရန်ကုန်ပြန်ဖို့ ညကားကို လာစောင့်ကြရပါတော့တယ်..
လမ်းမထက်တွင် အေးကလဲ အေး…
ကားကလဲ တောင်ကြီးကနေလာနေတာမရောက်သေးပဲနောက်ကျနေတာကြောင့် အားလုံး အထုပ်အပိုးတွေ နဲ့ လမ်းဘေးမှာ အစုလိုက် စောင့်နေကြပါတော့တယ်
အဲဒီအချိန်မှာ အကြည်က
“ငါအားလုံးကို ပြောစရာရှိတယ်” ဆိုပြီး
ထပြောလာပါတော့တယ်
အားလုံးကလဲ သူပြောမယ့် အကြောင်းအရာကို စိတ်ဝင်စားသွားပြီး သု့က်ိုအားရုံစိုက်နေမိကြပါတော့တယ်…
ကျွန်တော်လည်း သူ့ကြည့်ပြီး သူတစ်ခုခုဖြစ်နေမှန်းတော့သေချာသိနေခဲ့ပါတယ်…
အကြည်က အားလုံးကို ကြည့်ရင်းသူဘာဖြစ်ခဲ့လဲဆိုတာကို
စတင်ပြောပြပါတော့တယ်…..
မနက်က….နင်တို့ စက်ဘီး စီးထွက်သွားကြတုန်းက
ငါက အခန်းထဲ တစ်ယောက်ထဲနေနေတာ
ရေချိုးခန်းထဲ နေချိုးနေတုန်း…..မိန်းမတစ်ယောက်ရဲ့ ညည်းညူသံလိုလို စကားပြောနေသလိုလို အသံကို သူကြားရတယ်တဲ့
အဲတာနဲ့ သူ စိတ်ထဲမသန့်တော့
ရေအမြန်ချိုးပြီး…အခန်းရှေ့မှာ ….ဆံပင်လေမှုတ်နေတုန်း…..
သူ့နဘေးမှာ….မီးကျွန်းနေတဲ့ ခြေထောက်ကြီး
လာရပ်နေတာကို ရုတ်တရက် ဆံပင်လေမှုတ်နေရင်းသူမြင်လိုက်ရတယ်တဲ့
သူလဲ လန့်ပြီး….ချက်ချင်းဘေးကိုမော့ကြည့်လိုက်တော့ ဘားမှမရှိဘူးတဲ့
ထိုအချိန် မီးခိုးနံ့ တွေရပြီး တူးနံ့ကြီးလို ညှော်နံ့ကြီးရနေတာနဲ့ သူလည်း ညက ကျွန်တော်တို့ အဖြစ်ကို သတိရသွားပြီး
ကျွန်တော်တို့စက်ဘီးစီး ပြန်လာချိန်အထိ
HOTEL အပြင်မှာထွက်စောင့်နေပါတော့တယ်
အကြည်ဟာ ပထမကျွန်တော် ညကဖြစ်တဲ့ဖြစ်စဥ်ကို အယုံအကြည် မရှိပါဘူး ရဲကြီး အိပ်မက်မက်နေတာနေမှာပါဆိုပြီး
သူကထိုညက ကြောက်ကို မကြောက်တာလို့ အားလုံးကို ဝန်ခံ ပြောပြပါတော့တယ်
သို့သော် သူ ဒီမနက်မြင်လိုက်ရမှ
ရဲကြီးပြောတဲ့ မိန်းမကြီးကခုမှ သူကိုယ်တိုင်
တကယ်ကြုံလိုက်ရတာမို့ အခုထိ အရမ်းကြောက်နေတာလို့ပြောပါတော့တယ်…
ကျွန်တော်လည်း မျက်လုံးအပြူးသား
ကျန်တဲ့ သူငယ်ချင်းတွေလည်း
အားလုံး တိတ်ဆိတ်သွားပြီး ကားအမြန်လာဖို့သာ ဆုတောင်းရင်း ထိုင်စောင့်နေမိကြပါတော့တယ်
ထိုသို့ဖြင့် …ကျွန်တော်တို့ သူငယ်ချင်းတွေ
ကလောည အမှတ်တရတစ်ခုနဲ့အတူ အတွေးပေါင်းစုံဖြင့် ရန်ကုန်သို့ ပြန်လာခဲ့ကြပါတော့တယ်…..
သူဘာကြောင့် ခြောက်လှန့်သလဲဆိုတာလဲ
ကျွန်တော်အပါအဝင် မည်သူမျှမသိကြပါဘူး
သူဘာ့ကြောင့် ကျွန်တော်တို့ကို ထွက်သွားခိုင်းမှန်းလဲ
ကျွန်တော်တို့ နားမလည်ပါဘူး
သို့ပေမယ့် …..ဒီအဖြစ်အပျက်ကတော့ အမှန်တကယ်ဖြစ်ခဲ့တဲ့ ….. ကျွန်တော့်ရဲ့ အမှတ်တရရှိလှတဲ့ ကလောည တစ်ညပဲ ဖြစ်ပါတော့တယ်
#ရဲထွန်း
#crd