ကလေးငိုသံ

Posted on

ကလေးငိုသံ(စ/ဆုံး)
—————————–

“” မြရီ…နေပူကျဲတဲကြီး…ဘယ်သွားအုံး မလဲ…””

နေ့လည်နေ့ခင်းအချိန် သဘက်တစ်ထည်ကို ခေါင်းပေါင်းကာ ထီးတစ်လိုက်ချိုင်းကြားညှပ်၍ အပြင်ထွက်ရန် ပြင်နေသော ဒေါ်မြရီကို ယောက်ျားဖြစ်သူ ဦးတက်တိုးက မေးလိုက်သည်။

“” ဟိုဘက် ဆင်ရိုးတန်းရွာ ခဏ သွားမလို့… နဲနဲ ကြာချင်ကြာမယ်… မိုးချုပ်ရင်လဲ
ချုပ်မယ်တော်…ညနေစာ အတွက် အကုန်
ချက်ပြုတ်ပြီးခဲ့ပြီ… ဆာရင် စားနှင့်… စောင့်မ
နေနဲ့….””

“” ဘာလဲ… မင်းဟိုအလုပ် သွားလုပ်ဦးမလို့လား… ငါ မင်းကိုပြောတာ ခဏ ခဏရှိ နေပြီ… အဲ့ဒီ မကောင်းတဲ့ အလုပ်ကြီး မလုပ်ပါနဲ့ဆိုတာကို… “”

“” အော်… ကျုပ်မှာ အရင်ကတည်းက ဒီအလုပ်တစ်ခုပဲ ဖြစ်ဖြစ်မြောက်မြောက်တတ်တာ… ဒါမလုပ်ရင် ဘာလုပ်ရမလဲတော့…””

“”ဘာမှ မလုပ်ပဲ အေးဆေး ထမင်းယပ်ခပ်စားလေ ငါ…မင်းကို လုပ်ကျွေးနေတာပဲကွာ… “”

ဦးတက်တိုးစကားကြောင့် ဒေါ်မြရီ မဲ့ပြုံးပြုံးလိုက်ကာ

“” တော်လုပ်ကျွေးတာက စားရုံ သောက်ရုံလောက်ပဲလေတော်… ဘယ်မှာလဲ လှူရေး တန်းရေး အတွက် ပိုလျံငွေ… အသက်တွေ ကြီးလာပြီ အိုစာ မင်းစာ ရှာရတော့မယ်… ကျုပ်လုပ်တဲ့ အလုပ်က အလုပ်ပေါ်တာနဲ့ ငွေရေး ကြေးရေး မြိုးမြိုးမြတ်မြတ် လေးရတယ် တော်ရေ… “”

ဦးတက်တိုးမျက်နှာ ရှုံံမဲ့သွားကာ

“” မင်းလုပ်ရင်လည်း ကုသိုလ်ရတဲ့ အလုပ်ကို ရွေးလုပ်လေကွာ မင်းက ကုသိုလ်ရတာကော ငရဲ အင်မတန်ကြီးတာကော မရှောင်လုပ်နေလို့ ပြောနေရတာ… မင်းအဲ့ဒီ အကုသိုလ်တွေကြောင့် နေမှာ…ငါတို့ အခု အသက်အရွယ်ထိ ခလေး မရတာ …””

“” တော်စမ်းပါတော်… ကိုယ့်ဘာသာ အစွမ်းအစ မရှိလို့ ခလေးမရတာများ ကျုပ်ကို အပြစ်လာရှာနေတယ်… ဒီမှာ ကျုပ်ပြောလိုက်ဦးမယ် လက်သည် အလုပ်ဆိုတာ မွေးပေးတာ တစ်ခုတည်း အားကိုးနေရင် ကန်တော့ခ လောက်ပဲရတာ… ခလေးဖျက်ပေးတဲ့ အလုပ်ဆိုတာ ငွေ လိုသလောက် တောင်းလို့ရတယ်… လူ့အသက်တစ်ချောင်းကို သတ်တာမှန်ပေမယ့်… လူအများရဲ့ ဘဝတစ်ခုကို ကယ်တင်တာပဲ… သူတို့ မလိုချင်တဲ့ ခလေးကို မွေးလာရင် ကြုံလာရမယ့် ဒုက္ခ သုက္ခတွေက ကျုပ်က ကယ်တင်တာတော့… ကြံဖန်တွေးရင် ကုသိုလ်တောင် ရသေး… “”

“” မင်းကိုယ်မင်းသတိထား မိရဲ့လား မြရီ… မင်းဟာ ကြေးစား လူသတ်သမား တစ်ယောက်နဲ့ တူနေပြီဆိုတာ…အခန့်မသင့်ရင် ဥပဒေနဲ့ ငြိပြီး အဖမ်းအဆီးတောင် ခံရနိုင်တယ်… မင်းကို ဘယ်လို ဆုံးမ ဆုံးမ ပြောပြော မရဘူး… ဆင်ခြေဆင်လက် အမြဲပေးတယ်… “”

“” ပြောမရလဲ မပြောနဲ့ပေါ့ တော်ရေ… ကျုပ်လဲ အချိန်မရှိဘူး သွားတော့မယ်… ရှင့်တရားတွေ ကျုပ်နားမထောင်နိုင်တော့ဘူး… “”

တခွန်းမကျန်ခွန်းတုန့်ပြန်ပြောကာ အိမ်ပေါ်မှ ကော့ကော့ ကော့ကော့ နှင့် ဆင်းသွားသော ဇနီး ဒေါ်မြရီကို ကြည့်ကာ ဦးတတ်တိုးမှာ ခေါင်းတစ်ခါခါနှင့် ကျန်ခဲ့လေတော့သည်။

——————————————————————

“” ဟော… ကျလာပြီ…တော့… ကျလာပြီ…ခင်ငွေ… ဟင်…””

ခပ်လှမ်းလှမ်းမှာ စိုးရိမ်ပူပန်သော မျက်နှာထားနှင့် ကြည့်နေသည့် မခင်ငွေကို ဝမ်းသာစွာ လှမ်းပြောရင်းမှ ဒေါ်မြရီ မျက်စိမျက်နှာ ချက်ချင်း ပျက်သွားသည်။

“” ခင်ငွေ … ခလေးက မသေသေးဘူးတော့… နှလုံးခုန်နေတာ … ဒီမှာ ကြည့်ပါလား…””

လက်ခုပ်နှစ်ဖက်ပေါ်မှ သွေးသံ ရဲရဲနှင့်လက်သီးဆုပ်ခန့် သန္ဓေသားလေးကို မခင်ငွေအား ပြလိုက်သည်။ လူသားတစ်ယောက်အသွင် ပေါ်ကာစ သန္ဓေသားလေးမျာ နီတာရဲရဲ၊ ပျော့စိပျော့ဖတ် နှင့် အသည်းယားစဖွယ် ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေသည်။

မခင်ငွေက မကြည့်လိုဟန်ဖြင့် မျက်နှာလွှဲလိုက်ပြီး ခလေးဖျက်ချလိုက်ရသဖြင့် ပင်ပန်းကြီးစွာ နာကျင်သည့် ဒဏ်ကို ခံစားနေရသည့် သမီးဖြစ်သူ အနားသို့ တိုးသွားသည်။

“” သမီးလေး ငုဝါ… နေသာ ထိုင်သာ ရှိရဲ့လားဟင်…””

“” ဗိုက်ထဲမှာ အရမ်းနာနေတုန်းပဲ အမေရယ်… “”

“” နာမှာပေါ့… ခလေးက လေးလကျော်နေပြီဆိုတော့… သန္ဓေခိုင်နေပြီလေ… နင်တို့ အတင်းကူညီခိုင်းလို့သာ ငါ့မှာ မနည်း လုပ်လိုက်ရတယ်… ကံဆိုးရင် နင့်သမီး ဒုက္ခရောက်သွားနိုင်တယ်… “”

သားလောင်းလေးကို အဝတ်ဖြင့် ထုတ်၍ ကျွတ်ကျွတ်အိတ်တစ်ခုထဲ ထည့်ကာ လက်မှာ ပေကျံနေသောအရာများကို ဆေးကြော သန့်စင်ရင်း ဒေါ်မြရီက ပြောလိုက်သည်။

ဒေါ်မြရီမှာ အထဲမှာ လှုပ်စိစိဖြစ်နေ၍ ပိန်လိုက်ဖောင်းလိုက် ဖြစ်နေသည့် ကျွတ်ကျွတ်အိတ် ကို ကြည့်ကာ စိတ်မသက်မသာ ခံစားနေရသည်။

“” ခင်ငွေ… ဒီဟာကို မြုပ်မယ်ဆိုလဲ အမြန်သွားမြုပ်တော့ အေ… ငါကြည့်ပြီး… အသက်ရှူမဝသလို ခံစားလာရတယ်… “”

“” ဟုတ်ကဲ့ပါ အစ်မ မြရီ… ကိုဖိုးထင်ကို လုပ်ခိုင်းလိုက်ပါ့မယ်… ကိုဖိုးထင်…တော့…ကိုဖိုးထင် လာပါဦးတော်… …””

မခင်ငွေက ပြောပြောဆိုဆို သူ့ယောက်ျား ဖိုးထင်ကို လှမ်းခေါ်လိုက်သည်။ ကိုဖိုးထင်က အရက်ပုလင်းတစ်လုံး လက်ထဲကိုင်၍ အခန်းထဲ ဒယီးဒယိုင်နှင့် ဝင်လာသည်။

“” သေနာကောင်… ကြည့်လိုက်ရင် မူးနေတာပဲ… ဟိုမှာ… အဲ့ဒါကို လွတ်ရာ ကျွတ်ရာ သွားမြုပ်ချေ..””

မခင်ငွေက စူစူဆောင့်ဆောင့်ပြောရင်း သားလောင်းကလေးထည့်ထားရာ အိတ်ကို ညွှန်ပြလိုက်သည်။ ကိုဖိုးထင်က အိတ်ကို ကောက်ယူလိုက်ပြီး ချက်ချင်း မသွားသေးပဲ ဟိုယောင်ဒီယောင်ယောင်နှင့် လုပ်နေသေးသည်။

မခင်ငွေက မူးကြောင်ကြောင်လုပ်နေသော ကိုဖိုးထင်ကို မျက်စောင်းထိုးကြည့်ရင်း

“” အစ်မ မြရီ… ဒီအကြောင်းတွေ ဘယ်သူမှ မသိပါစေနဲ့နော်…ကျွန်မတို့ မိသားစု ဂုဏ်သိက္ခာနဲ့ သမီးလေးရဲ့ အရှက်အတွက် နှုတ်ပိတ်ပေးပါ အစ်မရယ်…””

“” အေးပါ ခင်ငွေရယ်… ငါ့ အလုပ်က အကုသိုလ် များပေမယ့်… နှုတ်လုံမှ လုပ်စားလို့ ရတဲ့ အလုပ်ပါအေ… စိတ်သာ ချ… “”

“” ကျေးဇူးပါ အစ်မရယ်… ကျွန်မသမီးလေးလည်း နောက်၂လ လောက်ဆိုရင် မြို့က သူ့ကောင်လေးနဲ့ ယူကြတော့မှာ ဆိုတော့… မပေါ့မပါးကြီးနဲ့ဆို လူကြားမကောင်း သူကြားမကောင်း အရှက်တကွဲ အကျိုးနည်းတွေ ဖြစ်ကုန်မှာ စိုးလို့ပါ…””

မခင်ငွေက ထပ်ကာ ထပ်ကာ တောင်းပန်၍ နှုတ်ပေးပေးရန်တောင်းဆိုနေသဖြင့် မမြရီမှာလည်း မိခင်တစ်ယောက်၏ ပူပန်မှုကို စာနာမိကာ အကြိမ်ကြိမ်ကတိပေးလိုက်သည်။

“” တောက်… အဲ့ဒါ… လာသင့်.. မလာသင့်… အချိန်မသိ…အခါမသိ…လာချင်တဲ့ ဒီကောင်ကြောင့် ဖြစ်ရတာ…ကဲကွာ…ကဲကွာ…လာချင်အုံး…””

“” ဒုန်း.. ဒုန်း…ခွမ်း… “”

“” ဟာ…””

“” ဟင်… “”

“” အောင်းမလေး… “”

ဒေါ်မြရီနှင့် မခင်ငွေတို့ စကားပြောနေစဉ် ဝုန်းဝုန်းဒိုင်းဒိုင်း ထလုပ်လိုက်သော ကိုဖိုးထင်ကြောင့် အားလုံး ထိတ်လန့်သွားကြရသည်။

ကိုဖိုးထင်မှာ မူးမူးရူးရူးနှင့် သန္ဓေ သားလောင်းထည့်ထားသော ကျွတ်ကျွတ်အိပ်အား အရက်ပုလင်း စောင်းနှင့် ထုနှက်နေလေသည်။

အထဲမှာ အသက်ဝိညာဉ် မကြွေသေးသော သားလောင်းလေးမှာ စိစိညက်ညက်ကြေမွကုန်သည် ဖြစ်ပေမည်။ထုပ်ပိုးထားသော ကျွတ်ကျွတ်အိပ်မှာ ကွဲထွက်သွားကာ အသားစများ သွေးစများ စင်ထွက်လာပြီး ဒေါ်မြရီ ခန္ဓာကိုယ်ပေါ်သို့ စင်ကုန်သည်။ဒေါ်မြရီမှာ ထိတ်လန့်လွန်းသဖြင့် အသားများပင် ဆတ်ဆတ် တုန်ကုန်သည်။

ကလေးဖျက်ချထား၍ သွေးနု သားနုလို ဖြစ်နေသော ငုဝါမှာလည်း ထိတ်လန့်ကာ မျက်လုံးပြူး မျက်ဆံပြူးနှင့် အသံမထွက်နိုင်ရှာပဲ အံကြိတ်ကာ မျက်ရည်မျည်များသာ စီးကျနေလေသည်။

“” သေချင်းဆိုး ဖိုးထင်… တော် ပြသနာ ရှာပြန်ပြီလား… ဒီပြဿနာတွေ အကုန်လုံးက တော်က တရားခံ… ကျုပ်မပြောလိုက်ချင်ဘူး… မအေ တစ်ယောက်လုံး ယူထားပြီး… သမီးကိုတောင်… ဟာ..သေနာကြီး…ပြောရင်း ဒေါသတွေ ထွက်လာပြီ…””

မခင်ငွေမှာ သတိဝင်သွားဟန်ဖြင့် စကားကို ကမန်းကတန်း ဖြတ်လိုက်သည်။ ဖိုးထင်မှာ အခုတော့ ငြိမ်ကုတ်လျက်။

“” အစ်မ မြရီ ဘာဖြစ်သွားသေးလဲ ဟမ်… ကျွန်မယောက်ျား အတွက် ကျွန်မ တောင်းပန်ပါတယ်နော်.. “”

“” ရပါတယ် ခင်ငွေ.. ငါ ဘာမှာ မဖြစ်ပါဘူး…””

ပါးစပ်ကသာ ဘာမှ မဖြစ်ဘူး ပြောသော်လည်း ဒေါ်မြရီ စိတ်ထဲ ဖိုးထင် အမူအကျင့်ကို လုံးဝ ကြည့်မရတော့ချေ။

ရေကပျဉ်တွင် ခန္ဓာကိုယ်နှင့် အဝတ်အစားများပေါ် ပေကျံသွားသော အရာများကို ဆေးကြောသုတ်သင်ရင်းပင် တွေးတောမိသေးသည်။

မခင်ငွေ၏ ထိန်းကွပ်လိုက်သော တစ်ဝက်တပျက် စကား၊ ငုဝါ၏ ဖိုးထင်ကို ကြည့်လိုက်သည့် နာကျည်းသည့် မျက်ဝန်းတို့ကို ပြန်မြင်ကြည့်ကာ ယခု ဖျက်လိုက်သော ခလေးမှာ ပထွေးကျင့် ပထွေးကြံ ကြောင့် ရလာသည့် ခလေး ဖြစ်ရမည်ဟု စိတ်တိုတိုနှင့် တွေးမိသည်။

ပထွေးကျင့်ပထွေးကြံ ခွေးကျင့်ခွေးကြံကြောင့် ကြားထဲမှ ခလေးမှာ အပြစ်မဲ့စွာ အသတ်ခံလိုက်ရသည်။ ကြားထဲက ငရဲယူသူက ဒေါ်မြရီ ကိုယ်တိုင်ဖြစ်နေသည်။

“” ဟူး… စိတ်ကုန် စရာတွေပါလား…ငါ လုပ်တဲ့ အလုပ်ကြီးက တကယ့် အကုသိုလ်များပြီး စိတ်ပျက်စရာ ကိစ္စတွေလဲ အများကြီးလဲ ကြုံရတယ်…””

သက်ပြင်းရှည်ကြီးကို ချမိလိုက်သည်။ဒေါ်မြရီအတွက် ပထမဆုံး အကြိမ် မိမိလုပ်သည့် အလုပ်အပေါ် ဆင်ခြင်မိခြင်းပင် ဖြစ်သည်။

ဒေါ်မြရီ အိမ် ရှေ့ပြန်ထွက်လာတော့ အရာအားလုံးသန့်စင်နေပေပြီ ။ ဖိုးထင်ကို လဲ မတွေ့တော့။ သန္ဓေသားလောင်းအား မြေသွားမြုပ်ဟန် တူသည်။

“” ကဲ…ခင်ငွေ…အစ်မ ပြန်တော့မယ်…နေတောင်ဝင်နေပြီ… “”

မခင်ငွေ ပေးလိုက်သော ငွေတစ်အုပ်ကို ခေါင်းပေါင်းထဲ ထည့် ပေါင်း၍ ရွာအပြန်ခရီး ကို စိတ်မသက်သာစွာ လှမ်းခဲ့ရသည်။

—————————————————-

ဆင်ရိုးတန်းရွာမှ စထွက်သည်နှင့် နေမင်းသည် အနောက်ကောင်းကင်သို့ တိုးဝင်သွားကာ အမှောင်က ချဉ်းနင်းဝင်ရောက်လာသည်။ သပြေကုန်း ရွာသို့ တစ်နာရီခန့် ဆက်ရပေဦးမည်။

ဒီလမ်း ဒီခရီးက ဒေါ်မြရီတို့လို တောသူ တောင်သား အဖို့ ဝေးလှ သည်ဟု မဆိုသာချေ။ရိုသားအေးချမ်းသည့် နေရာဒေသမို့ သူခိုး သူဝှက် ဓားမြရန်လည်း ပူစရာ မလို။ သွားနေ လာနေကြ လမ်းလည်း ဖြစ်ကာ အမှောင်က ပိန်းပိတ်နေသည် မဟုတ်တော့ ဒေါ်မြရီ အတွက် ခရီးလည်းက အခက်အခဲ မရှိ။

ဆေးပေါ့လိပ်ကြီးတစ်လိပ်ကို မီးညှိ ဖွာရှိုက်ရင်း ဒေါ်မြရီ တစ်ယောက် အတွေးပေါင်းစုံတို့ဖြင့် သပြေကုန်းရွာပြန် ခြေလှမ်းတို့ကို လှမ်းနေလေသည်။

မျက်လုံးထဲတွင် တဆတ်ဆတ်တုန်ယင်၍ လှုပ်စိစိ ဖြစ်နေသည့် သန္ဓေသားလောင်းလေး၊ ရက်ရက်စက်စက် ပုလင်းဖြင့် ထုနှက်၍ အသားစ သွေးစများ ပြန့်ကျဲ လွင့်စင်သွားသည့် မြင်ကွင်း တို့အား ပြန်မြင်ယောင်ကာ ယောက်ျားဖြစ်သူ ဦးတက်တိုး၏ “” မင်းက ကြေးစား လူသတ်သမား “” ဟူသော စကားတို့ကို ထပ်ခါ ထပ်ခါ ကြားယောင်နေမိသည်။

… ငါဟာ တကယ်ပဲ အကုသိုလ်တွေ ကြီးမားနေခဲ့လိုက်တာ… ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်နေပြီး သူတပါး အသက်ကို သတ်ဖြတ်ခြင်းရဲ့ အပြစ်ကြီးမားမှုကို မေ့လျော့နေခဲ့တာပဲ… သတ်တာတောင်မှ ဘာမှ အပြစ်မရှိ လူလားတောင်မမြောက်သေးတဲ့ သန္ဓေသားလေးတွေကို ဖျက်ဆီးနေခဲ့တာ… ဒီအပြစ်တွေကြောင့်ပဲ ထင်တယ်… အခုထိ ငါတို့ လင်မယား သားသမီး မထွန်းကား နိုင်ခဲ့တာ… ငါဟာ ငါ့ယောက်ျားပြောသလိုပဲ တကယ့် ကြေးစား လူသတ်သမား စစ်စစ်ပါလား… တော်ပါပြီ ငရဲ အင်မတန်ကြီးတဲ့ ဒီအလုပ်ကို စွန့်လွတ်တော့မယ်…လုပ်ရင်လဲ မွေးဖွားပေးတဲ့ အလုပ်ပဲ လုပ်တော့မယ်…ဟင်း…

“” အူဝဲ…အူဝဲ…အူဝဲ…””

“” ဟင်… ဘာလဲ… “”

အတွေးမည်မျှ လွန်လာသည် မသိ။ ကလေးအော်ငိုသံ တစ်ခု ကြားမှ သတိဝင်လာသည်။ အတွေးများ ရှုပ်ထွေးနေ၍ ရွာနှစ်ရွာ စပ်ကြား ငှက်ကြီးတောင် မြောင်းရိုးနား ရောက်နေသည်ကို ပင် သတိမထား မိချေ။

မြောင်းရိုး တလျောက် လမ်းနံဘေး တစ်ဘက်တစ်ချက်တွင် ငှက်ကြီးတောင်ပင် ခြုံများ အစီအရီ ပေါက်နေကြသည်။

ကလေး ငိုသံမှာ ထို ငှက်ကြီးတောင်ခြုံများကြားမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

“” အူဝဲ…အူဝဲ…အဲ…အဲ…””

ကလေးငိုသံမှာ ပို၍ ကျယ်လောင်လာသည်။ ဒေါ်မြရီမှာ လက်ထဲ မှ ဓာတ်မီးခြစ်လေးကို မီးခြစ်ကာ ခြစ်ကာဖြင့် ငှက်ကြီးတောင် ခြုံများကြား တိုးဝင် သွားလိုက်သည်။

ဟော… တွေ့ပါပြီ။ ခြုံများကြားထဲမှာ အနှီးဖြူလေးပတ်လျက် တစာစာ အော်ဟစ်ငိုကြွေးနေသည့် ချစ်စဖွယ် လသားအရွယ် ကလေးငယ်။

ငိုရလွန်း၍ ထင် ကလေး၏ အသံများပင် ပြာနေလေပြီ။ ဒေါ်မြရီမှာ ကလေးကို မရဲတရဲ ကောက်ချီလိုက်သည်။

“” ဘယ်သူတွေ လာပစ်သွားပါလိမ့်…ခလေးက ချစ်စရာလေး… မမွေးချင်လဲ မမွေးကြနဲ့ပေါ့… မွေးပြီးမှ ပစ်ထားကြတယ်… ဘယ်လိုဟာတွေပါလိမ့်.. “”

ကလေးမှာ ဒေါ်မြရီလက်ထဲ ရောက်သည်နှင့် အငိုတိတ်သွားကာ ပြုံးရယ်နေလေသည်။

“” အို… ချစ်စရာလေး… ငါ ရွာခေါ်သွားလိုက်မယ်… ပိုင်ရှင်ပေါ်တော့လဲ ပြန်ပေးလိုက်တာပေါ့… ပိုင်ရှင်မပေါ်တော့လဲ ငါတို့ မွေးစားလိုက်မယ်… ငါတို့ လင်မယား လဲ သားသမီး မထွန်းကားတာနဲ့…အတော်ပဲ…””

ကိုယ့်အတွေးနှင့်ကိုယ် ဒေါ်မြရီ တစ်ယောက် ကလေးကို ချီကာ ရွာသို့ ဆက်သွားရန် လမ်းမပေါ် ပြန်တက်လာခဲ့သည်။

ထိုစဉ်

“” ငါ့ခလေးကို ဘာလုပ်တာလဲ … နင်… သတ်ဦးမလို့လား… ဟင်း…ဟင်း…””

ဟူသော အသံကြီးကို နောက်ကျောဘက်မှ ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သော် ဆံပင်ဖားလျားနှင့် မိန်းမတစ်ဦးကို တွေ့လိုက်ရသည်။

ထိုမိန်းမ၏ မျက်လုံးကြီးများ ပြူးလျက် အသားမရှိအရိုးပေါ်နေသော မျက်နှာကြီးကို တွေ့လိုက်ရလျင်

“” အောင်းမလေး သရဲမကြီး…””

ဒေါ်မြရီ သုတ်ခြေတင် ပြေးတော့သည်။ နောက်ဘက်မှာ သရဲမကလည်း တဖုန်းဖုန်းပြေးလိုက်လာသည်။

အတန်ကြာပြေးပြီးသော် ဒေါ်မြရီတစ်ယောက် မောလာသဖြင့် ဆက်မပြေးနိုင်တောပဲ ရပ်၍ အမောဖြေရသည်။ စိတ်မသန့်စွာ နောက်လှည့်ကြည့်သော် သရဲမကို မတွေ့ရတော့ သဖြင့် ဒေါ်မြရီ စိတ်ချမ်းသာသွားသည်။

သို့သော် ဒေါ်မြရီ နှာခေါင်း တရှုံရှုံ့ဖြစ်လာသည်။ သူမ နှာခေါင်းထဲသို့ ပုပ်အက်နံစော်နေသော အနံ့ကြီးတစ်ခု တိုးဝင်လာသည်။ လက်ထဲမှ အနှီးထုပ် ကလေးမှာလည်း ကျောက်တုံးကြီးတစ်တုံးကို မ, ထားရသကဲ့သို့ လေးလံလာသည်။

“” ဟီး…ဟီး… ဘယ်လိုလဲ… မောနေပြီလား…””

အသံအောအောကြီးကို ကြားလိုက်ရသဖြင့် ငုံ့ကြည့်လိုက်သောအခါ လက်ထဲမှ ပွေ့ထားသော ကလေးက တဟီးဟီး အသံပြု၍ လူကြီးသံကြီးဖြင့် မေးနေလေသည်။

ပါးစပ်ဖြဲ၍ တဟီးဟီးရယ်ပြနေသော ကလေးမှာ သွားများအစုံရှိကာ အစွယ်ပင် ထွက်နေသည်ကို တွေ့လိုက်ရလေသော အခါ

“” အောင်းမလေး… ဘာကြီးလဲ…””

“” ဘုန်း…””

လက်ထဲမှ အနှီးထုပ်ကို ပစ်ချကာ ဒေါ်မြရီတစ်ယောက် ပြေးရပြန်သည်။

“” အူဝဲ… အူဝဲ…အဲ…ဝဲ…””

ဆယ့်လေးငါးလှမ်းခန့်သာ ပြေးရသေးသည်။ စူးရှသော ခလေးငိုသံကြောင့် စိတ်က မပြတ်သားစွာ လှည့်ကြည့်မိပြန်သည်။ ခလေးမှာ လမ်းမပေါ်တွင် ခြေကား လက်ကားဖြင့် သည်းထန်စွာ ငိုကြွေးနေသည်ကို တွေ့ရပြန်လျင် ဒေါ်မြရီ သနားစိတ် ဝင်လာပြန်သည်။

“” ငါပဲ… အကြောက်လွန်ပြီး အထင်အမြင်မှားတာများလား…သူ့ခမြာ မြေကြီးပေါ် ပစ်ချခံရတော့ တော်တော် နာရှာမှာပဲ…””

ကလေးထံသို့ ပြန်သွားရန် ခြေလှမ်းပြင်လိုက်ပြန်သည်။

“” ဘိုင်း.. “”

“” အောင်းမလေး…သေပါပြီတော့.. “”

လှမ်းနေသော သူမ၏ ခြေလှမ်းကို တစ်စုံ တစ်ယောက်က ဆောင့်ဆွဲလိုက်သကဲ့သို့ ဖြစ်ကာ မြေကြီးပေါ်သို့ ဘိုင်းကနဲ ပစ်လဲ ကျသွားသည်။

နာကျင်မှုကို ဂရုမထားပဲ မည်သူ ဆောင့်ဆွဲသနည်း ဟု ကြည့်သော်လည်း မည်သူ့ကိုမျှ မတွေ့ရချေ။ ပစ်လဲကျသည့် အရှိန်ဖြင့် နဖူးပင် ပေါက်ပြဲကာ သွေးများ စီးကျကုန်သည်။

ဒဏ်ရာဒဏ်ချက်နှင့် နာကျင်မှုကို ဂရုမထားနိုင်ပဲ ဒေါ်မြရီ မှာ အာခေါင်ခြစ်ငိုကြွေးနေသော ခလေး ထံသို့ လှမ်းသွားကာ ကောက်ချီလိုက်သည်။ ဒေါ်မြရီ လက်ထဲ ရောက်သည်နှင့် ခလေးက အငို တိတ်သွားပြန်သည်။

ဒီတစ်ခါတော့ ဘာမျှ စဉ်းစားမနေတော့ပဲ ရွာသို့ သုတ်ခြေတင်ပြန်ရန် ပြင်လိုက်သည်။

သို့သော် သူမ၏ ခြေလှမ်းတို့ လှမ်းမရချေ။ ခြေထောက်တို့ကို တစ်စုံ တစ်ယောက်၏ ဖမ်းဆွဲထားခြင်း ခံရလေသည်။မသင်္ကာ၍ အောက်ငုံ့ကြည့်လိုက်သည့်အခါ ဆံပင်ဖားလျားနှင့် မိန်းမကြီးမှာ လမ်းမပေါ် ဝမ်းလျားမှောက်၍ သူမ၏ ခြေအစုံကို ဖမ်းဆွဲထားသည်။

“” ငါ့ကို လွှတ်…ငါ့ကိုလွှတ်…””

ဒေါ်မြရီ အသံကုန်အော်ဟစ်သော်လည်း သရဲမက လုံးဝလွှတ်မပေးချေ။

“” ပြလပ်…ပြလပ်…ပြလပ်… ဟီးဟီ…ကောင်းလိုက်တာ…””

ရင်ခွင်ထဲမှ အသံသြသြကြီး ကြားရပြန် အလန့်တကြား ကြည့်မိလျင် ရင်ခွင်ထဲ ချီထားသော ကလေး၏ ပါးစပ်ထဲမှ လျှာကြီးမှာ အပြင်သို့ ရှည်ထွက်လာပြီး ဒေါ်မြရီ၏ နဖူးမှ စီးကျနေသော သွေးတို့ကို တပြက်ပြက်နှင့် လျက်နေလေသည်။

“” အံမလေး… သရဲ..တွေ…””

လက်ထဲမှ ကလေးကို လွှတ်ချရန်ကြိုးစားပြန်သည်။ဒီတစ်ခါ ကလေးက ပြုတ်ကျမသွားပဲ လက်နှစ်ဖက်ဖြင့် ဒေါ်မြရီ၏ လည်ပင်းကို တွယ်ကပ်ခိုထားလေသည်။

“” အား…ငါ့ကို…လွှတ်ကြပါ… လွှတ်…””

အတင်းရုန်းကန် အော်ဟစ်သော်လည်း ခြေထောက်မှ ဆွဲထားသော သရဲမသည်လည်းကောင်း၊ လည်ပင်းမှ တွဲခိုနေသော ကလေးသရဲသည် လည်းကောင်း ဒေါ်မြရီအား တောက်တဲ့ ကပ်သကဲ့သို ခိုင်မြဲစွာ ကုပ်တွယ်ထားကြလေသည်။

ထိုသို့ ဒေါ်မြရီ မလှုပ်နိုင် မပြေးနိုင် ဖြစ်နေစဉ်မှာပင် ဘေးပတ်ဝန်းကျင်မှ ငှက်ကြီးတောင် ခြုံများ လှုပ်ခါလာပြီး ကလေး ငိုသံ ရယ်မောသံများ အတောမသတ်နိုင်အောင် ကြားလိုက်ရသည်။

ခြုံများထဲမှလည်း ပုံသဏ္ဍန်အမျိုးမျိုးနှင့် ခလေးပေါင်း မြောက်များစွာ လေးဘက်ထောက်လျက်သော် လည်းကောင်း၊ လမ်းလျှောက်လျက်သော်လည်းကောင်း ၊ လေထဲ ပျံ၍သော်လည်းကောင်း ထွက်လာကြသည်။

ဒေါ်မြရီ၏ ကြောက်ရွံထိတ်လန့်မှုတို့မှာ ပြောမပြတတ်အောင်ပင် ကြီးမားနေလေပြီ။

နေရာ အသီးသီးမှ ထွက်လာကြသော ကလေးတစ္ဆေသရဲများသည် ငိုကြွေးသော ခလေးများက ငိုကြွေးလျက် ၊ “” ငါတို့ အသက်တွေ ပြန်ပေး”” ဟု၍ အော်ဟစ်သော ကလေးများက အော်ဟစ်လျက် ဒေါ်မြရီထံ တဖြည်းဖြည်း ဝန်းရံ ချဉ်းကပ်လာကြသည်။ ကလေး အားလုံး တူညီ ကြသည်မှာ လူအသွင် မျက်နှာထားများနှင့် မဟုတ်ပဲ ကြောက်စရာကောင်းသည့် မျက်နှာထား ပုံစံများနှင့် ဖြစ်ကြသည်။

“” အ.. အ.. အောင်း..မလေး…ကယ်ကြ…ပါ…””

ကြောက်မက်ဖွယ် အချင်းအရာများကို ရုတ်ချည်း ကြုံတွေ့လိုက်ရသဖြင့် ဒေါ်မြရီတစ်ယောက် အကြောက်လွန်ကာ နေရာတွင်ပင် သတိလစ် မေ့မြောသွားလေတော့သည်။

နာရီအတန်ကြာသော အခါမှ ဇနီးကို စိတ်မချ၍ လိုက်လာသော ဦးတက်တိုးမှာ လမ်းမပေါ် လဲကျ သတိလစ်နေသော ဒေါ်မြရီကို တွေ့လိုက်ရသဖြင့် ထမ်းကာ အိမ်အမြန် ပြန်ပြေးလေသည်။ ပရိတ်ရည်တိုက်၊ ပရိတ်ကြိုးချည်၊ ဘုရား၊ တရားစာများရွတ်၍ နှာနှပ်ယူမှ ဒေါ်မြရီ တစ်ယောက် သတိ ပြန်လည်လာလေတော့သည်။

“” မိန်းမ… ဘာတွေ ဖြစ်တာလဲ…””

ဦးတက်တိုး မေးသော်

“” အောင်းမလေး… ကိုတက်တိုးရယ်… ခလေး သရဲတွေ သရဲခြောက်တာ… ကံကောင်းလို့ မသေတာပါလားတော်……””

ဟု အော်ဟစ် ငိုကြွေးလေတော့သည်။

ထိုနေ့ မှစ၍ ဒေါ်မြရီ တစ်ယောက် လက်သည်အလုပ်ကို အပြီးတိုင် စွန့်လွတ်လေတော့သည်။ ကလေး ဖျက်သည့် အလုပ်ကိုပင် မဟုတ်ချေ၊ ခကလေး မီးဖွားသည့် အလုပ်ပင် မလုပ်တော့ချေ။

အဘယ့်ကြောင့် ဆိုသော် သူမတွင် သေရာပါသည့် အကြောက်လွန် ရောဂါတစ်ခု စွဲကပ်သွားသောကြောင့်ဖြစ်သည်။

မွေးကင်းစ ကလေး၊ လသားအရွယ် ကလေး ငိုသံကြားလျင် ဒေါ်မြရီတစ်ယောက် ကြက်သီးမွေးညှင်းများ ထလာက ချွေးသီး ချွေးပေါက်များ ကျလျက် နှလုံးခုန်မြန်လာတတ်သော အကြောက်လွန် ရောဂါပင် ဖြစ်လေတော့သည်။

—————————————————

ပြီးပါပြီ။

ဝါသနာရှင်သာဖြစ်၍ အမှားအယွင်း လိုအပ်ချက်များအား ဝေဖန် ထောက်ပြ၍ နားလည်စွာ ဖတ်ရှုပေးပါရန်။

ချစ်သား မာရ်နတ်( Yan AungPhyo )