ကလေးတောင်းသူ

Posted on

ကလေးတောင်းသူ(စ/ဆုံး)

————————-

” အဲ့ဒီ့အိမ်မှာ ညည်းလုပ်စရာက
ကလေးထိန်းရမှာပဲ သူတို့မှာတခြားအိမ်ဖော်တွေရှိပြီးသား ငါမှာတာတွေသာမမေ့နဲ့ ”

” စိတ်ချပါ ကြီးနုရဲ့ ကလေးထိန်းတာက အကြည်အထူးကျွမ်းကျင်အလုပ်
မြင့်လွင်တို့ ဖိုးထူးတို့ဆို အကြည့်လက်ထဲကြီးလာကြတာ
ဟိုးငယ်ငယ် ဘုစုခရုထဲက
အကြည်ထိန်းးး …… ”

” တော်တော် အကြည် ညည်းကလေးထိန်းတော်တာ
ငါယုံပြီးသား ငါကြောက်တာက
ညည်းပါးစပ် လူရှာခိုင်းတဲ့လူက ရိုးရိုးအေးအေးလေးရှာခိုင်းတာ ညည်းလိုစပ်စပ်စုစုပါလေရာကို
ရှာခိုင်းတာမဟုတ်ဘူး

ညည်းမောင် ဖိုးထူးလေး ၁၀ တန်းတက်ဖို့အတွက်
အခက်ခဲဖြစ်နေလို့သာ ငါကူညီရတာ ခပ်လန့်လန့်ရယ် ”

” မလန့်ပါနဲ့ကြီးနုရယ် အကြည် ကြီးနုပြောတဲ့အတိုင်းနေပါ့မယ် ”

” အေးအေး ပြီးရော ငါဘာသံမှ မကြားချင်ဘူးနော် ”

” ဟုတ်ဟုတ် ”

ကြီးနုခေါ် ဒေါ်သိန်းနုက ရွာက မိန်းကလေးတွေကို ရန်ကုန်မှာအိမ်ဖော်အလုပ်ရှာပေးတဲ့သူ

တချို့တွေအဆင်ပြေသလို
တချို့ တွေကမြို့ မှာမနေနိုင်လို့ပြန်လာကြတဲ့လူနဲ့

အကြည်က ၁၀တန်းအထိ
ကျောင်းနေရပေမယ့် မောင်လေး
ညီမလေး တသီတစ်တန်းကြီးကိုငဲ့ပြီး ကျောင်းထွက် အထည်ချူပ်စက်ရုံမှာအလုပ်ဝင်ခဲ့တယ်
သိပ်အဆင်ပြေလှတယ်တော့မဟုတ် မိသားစုစားနိုင်သောက်နိုင်ရုံသာ အခုဆိုအကြည့်မောင်လေးဖိုးထူးက ၁၀တန်းတက်ပြီ စာတော်တာကြောင့် တစ်အိမ်လုံးအားခဲထားကြသည် ကျောင်းစရိတ်က အကြည့်လစာနဲ့မလောက်ငနိုင်တော့

တိုက်တိုက်ဆိုင်ဆိုင် ကြီးနုက
ရန်ကုန်မှာ အိမ်ဖော်ကလေးထိန်းဖို့ ရွာမှာလူလာရှာတာ လစာက နှစ်သိန်းဆိုတော့မက်လောက်စရာမဟုတ်လား မောင်လေးကျောင်းစရိတ်လည်း
ဖြေရှင်းနိုင်မယ် အိမ်လည်းချောင်လည်နိုင်မယ် ဒါကြောင့် ကြီးနုကို
အတင်းပြောပြီး အလုပ်တောင်းရတော့တာပဲ

ကြီးနုက စိတ်ရင်းကောင်းသူမို့ အလုပ်ပေးရှာပါတယ်

အဝတ်အိတ်လေးတစ်လုံးကိုင်ပြီး ကြီးနုနောက်ကနေ ရန်ကုန်မြို့ကိုလိုက်လာခဲ့ရတော့တာပဲ ကြီးနုကတော့တစ်လမ်းလုံးတဖွဖွမှာရှာတယ် အကြည်လည်း ဘာပဲဖြစ်ဖြစ်ဘယ်လောက်ပင်ပန်းပင်ပန်း မောင်လေးမျက်နှာကြည့်ပြီး သည်းခံပြီးနေဖို့ဆုံးဖြတ်လိုက်တယ်

ဒီလိုနဲ့ ကြီးနုခေါ်ရာနောက်လိုက်ရင်း အကြည်အလုပ်လုပ်ရမယ့် တိုက်ခန်းဆီရောက်လာခဲ့တယ်
ခေတ်ဆန်ဆန်နဲ့ကျော့ရှင်းလှပတဲ့အမျိူးသမီးတယောက်ကအသင့်စောင့်နေတယ်

” မြ ဒါအန်တီပြောတဲ့ကလေးပဲ သင်းကြည် တဲ့ ”

ကြီးနုမိတ်ဆက်ပေးတော့ ထိုအမျိုးသမီးက အကြည့်ကိုခြေဆုံးခေါင်းဆုံးအကဲခတ်ကြည့်ရင်း

” ကလေးမအတွက် အန်တီနု အာမခံပါတယ်နော် ”

” အာမခံပါတယ်ကွယ် ရွာမှာကတည်းက ကြီးနုလက်ထဲ ကြီးပျင်းလာတဲ့ကလေးပါ ”

” ဒါဆိုရပါပြီ နာမည်က သင်းကြည်နော် ”

” ဟုတ်ကဲ့ သင်းကြည်ပါရှင့် ရွာကလူတွေတော့အကြည်လို့ခေါ်ကြပါတယ် ”

အားရပါးရဖြေပြီးတော့မှ ကြီးနုပြောတာသတိရသွားပြီး ပြန်နှုတ်ဆက်နေလိုက်ရတယ်

” ဟုတ်ပြီ အကြည်လုပ်ရမှာကလေးထိန်းဖို့နဲ့အိမ်စောင့်ပေးဖို့ပဲ ထမင်းဟင်းချက်ပေးတဲ့အဒေါ်ကြီးက မနက်အစောလာပြီး ညနေပြန်လိမ့်မယ် ဟုတ်ပြီနော် ”

မြဆိုတဲ့အမျိုးသမီးရဲ့စကားပြောဟန်ကိုယောင်ယမ်းပြီးလိုက်ငေးနေမိတယ် ကလေးအမေလို့မထင်ရလောက်အောင်ကို ကျော့ရှင်းလှပပြီးအထက်တန်းကျလှသည် ကြီးနုပြောတာတော့ သူမကော ကုမ္ပဏီတစ်ခုမှာ မန်နေဂျာဆိုလားပဲ သူ့အမျိူးသားကတော့နိုင်ငံခြားမှာ

သူ့ကိုတော့ မမမြလို့ခေါ်ရတယ် မနက်မိုးလင်းတာနဲ့ပြင်ဆင်ပြီးအလုပ်တန်းသွားရတယ် ကလေးကိုကြည့်တောင်မကြည့်နိုင်ဘူး ညဘက်ဆိုလည်းအတော်ညည့်နက်တဲ့အထိ ကွန်ပြူတာတစ်လုံးနဲ့သူအလုပ်လုပ်တယ်
တစ်ခါတလေ အကြည်ကလေးအဝတ်အစားတွေလျှော်နေတဲ့အချိန် ကလေးငိုတဲ့အခါ သူကလေးကြည့်ပေးတယ် အမြဲအလုပ်နဲ့လက်မပြတ်ဘူး

အကြည်နဲ့တရင်းတနှီးမနေပေမယ့် တခါတလေ စကားပြောဖြစ်ကြတယ် သူအမြဲပြောနေကြစကားက

”အကြည်ရယ် ငွေကငယ်တုန်းရှာထားရတယ် သူ့အဖေလည်းရှာနိုင်တယ်ဆိုပေမယ့် မမမြကမှီခိုအဖြစ်မနေချင်ဘူး မမမြမှာလည်းပညာရှိတယ် အလုပ်လည်းလုပ်နိုင်တယ် ကိုယ့်အားကိုယ်ကိုးပြီးပိုက်ဆံရှာမယ်လို့ရည်ရွယ်ပြီးလုပ်ဖြစ်နေတာပဲ ရှင်းရှင်းပြောရ ရင်အကြည်ဒီအိမ်မှာမရှိရင် မမမြလည်း အဆင်ပြေမှာမဟုတ်ဘူး ဒီတော့ကာ လေးငါးလလောက်လုပ်ပြီးမထွက်ပါနဲ့ နော် ကလေးနဲနဲကြီးလာတဲ့ထိ ထိန်းပေးပါ အဲ့ဒီ့အချိန်ကျသူ့အဖေလည်းဒီမှာအခြေကျပြီဆိုရင် မမမြလည်းအလုပ်ထွက်ပီးသားလေးအတွက်အချိန်ပေးတော့မယ် အဲ့ဒီ့အချိန်ထိ နေပေးမယ်မလား ကလေးကို အကြည်နဲ့ပဲစိတ်ချတယ် ”

အကြည့်အနေနဲ့ကအဆင်မပြေစရာမရှိ ထမင်းဟင်းချက်စရာလည်းမလို အိမ်သန့်ရှင်းရေးလည်းလုပ်စရာမလို ကလေးထိန်းရုံပင်
ကြားထဲကလေးကလည်း ဂျီမကျတတ် နေမကောင်းလည်းဖြစ်ခဲတာကြောင့်ကျေးဇူးတင်မိသေးသည် ဒီကရတဲ့လစာနဲ့ မောင်လေးလည်းကျောင်းတက် အိမ်လည်းအဆင်ပြေနေတာမို့ အကြည်အလုပ်ထွက်ဖို့အကြောင်းမရှိနိုင်ပေ

အကြည် ဒီအိမ်ရောက်ပြီး ငါးလကျော် ခြောက်လနီးပါးမှ ကလေးအဖေ နိုင်ငံခြားကတခေါက်ပြန်ရောက်လာတယ် အကိုကြီးကခန့်ချောနဲ့ရယ် မမမြနဲ့လည်းလိုက်ဖက်လိုက်တဲ့ဖြစ်ချင်း ပြန်ရောက်လာကတည်းက အကြည်ကလေးထိန်းရတယ်လို့ သိပ်မရှိ သူ့အဖေလက်ထဲမှာပင်

မိသားစုတွေအပြင်ထွက် စားကြသောက်ကြလည်ကြပတ်ကြနဲ့ ပျော်နေကြတယ် မမမြအမျိုးသားပြန်ရောက်လာတော့ အကြည့်ကိုခွင့်တစ်ပတ်ပေးတာကြောင့် အကြည်လည်းဝမ်းသာအားရအိမ်ပြန်နားရတာပေါ့

တစ်ပတ်ပြည့်လို့ အကြည်ပြန်ရောက်လာတော့
မနက်ဖြန် မမမြအမျိုးသားကပြန်ရမှာမို့ ညနေဘက်အားတာနဲ့ ညစျေးတန်းဆိုပြီး မိသားစုသုံးယောက်ထွက်သွားကြပါလေရော

နှစ်နာရီလောက်အကြာပြန်ရောက်လာတော့ ကလေးငိုသံကို အိမ်နားမရောက်ခင်ကတည်းကကြားနေရတယ်

” အကြည်ရေလုပ်ပါဦး သားလေးကအရမ်းငိုတာပဲ ဘယ်လိုမှကိုချော့မရဘူး ”

မမမြလက်ထဲမှာ ကလေးက စူးစူးဝါးဝါးကိုအော်ငိုနေတာ အကြည်ခေါ်ပြီး နာရီဝက်လောက်ချော့လိုက်တော့ မောပြီးအိပ်ပျော်သွားတယ်

” အဲ့ဒါပဲ ကိုရေ မြတော့ အကြည်မရှိရင်ဘယ်လိုနေမယ်မသိဘူး သားကသူမှသူပဲ ”

အကြည်လည်းကလေးကိုအခန်းထဲသိပ်ပြီး မမမြဝယ်လာတဲ့အစားအသောက်တွေ လှယ်ထည့်နေတော့ သူတို့လင်မယားက အထုပ်အပိုးတွေပြင်ဆင်နေကြတယ်

” အကြည် ညစာစားတော့လေ အကြည့်အတွက်ဝယ်လာတာ မမမြတို့က စားပြီးပြီ ”

” ဟုတ် မမမြ ဒါဆိုအကြည် ထမင်းစားတော့မယ် ”

ထမင်းစားသောက် ပန်းကန်တွေဆေးပြီးတော့ အိပ်ရာဝင်ခါနီး ကလေးလေးကိုသွားကြည့်တော့အိပ်မောကျလို့ တရေးနိုးငိုတဲ့အခါ နို့ဘူးဘာညာလည်းမီးဖိုချောင်ထဲ အဆင်သင့်ပြင်ထားပြီးသား အကုန်လုံးစစ်ဆေးပြီးမှ အကြည်အိပ်ရာဝင်ခဲ့တယ်

ခရီးပန်းလာတာကြောင့် ခေါင်းအုံးနဲ့ခေါင်းထိတာနဲ့တန်းအိပ်ပျော်သွားတယ်

အကြည်အိမ်မင်မက်တယ် အိမ်မက်ထဲမှာ အကြည်ကလေးထိန်းနေတုန်း မိန်းမတယောက်က သားလေးကိုအကြည့်လက်ထဲကလာလုတယ် ငါ့ကလေးပေး ငါ့ကလေးပေးဆိုပြီးတော့ ကလေးကိုအတင်းဆွဲတော့တာပဲ အကြည်လည်းမပေးဘူးဆိုပြီးပြန်ဆွဲ ပါးစပ်ကလည်း မမမြရေလုပ်ပါဦးဆိုပြီးအော်နဲ့ဆူညံနေတာပဲ ကလေးကလည်း စူးစူးဝါးဝါးငိုတာ ငိုတာ ရုတ်တရက် ကလေးလာလုတဲ့မိန်းမ မျက်နှာကြာ့်လိုက်တော့ မျက်နှာတခြမ်းကရစရာမရှိအောင်စုတ်ပြတ်နေပြီး သွေးစိမ်းတရဲရဲနဲ့

” အားးးးး အမေရေ ”

လန့်နိုးသွားမှအိမ်မက်မက်နေပါလားဆိုပြီး အကြောက်ပြေတယ် အိမ်မက်မက်တာပဲကိုအပြင်မှာတအားမောနေတာ ရင်တွေလှပ်လှပ်လှပ်လှပ်နဲ့ ခဏနားပြီး ဒီချိန်ခါတိုင်းတရေးနိုးကလေးငိုသံမကြားရလို့ ထသွားကြည့်ရသေးတယ် ကလေးအခန်းက အကြည့်အခန်းဘေးကပ်ရပ်တင်

အခန်းတံခါးဖွင့်မလို့လုပ်တော့ ”ကျွှီ ………ကျွှီ ”

ဆိုတဲ့ကလေးပုခက်လွှဲတဲ့အသံကို ကြားလိုက်ရတယ်

တံခါးဖွင့်လိုက်တော့ မှောင်မှောင်မည်းမည်းကြီးထဲ တစ်ခုခုကလှုပ်နေပုံမို့ ရင်ထဲ ထိပ်ကနဲဖြစ်သွားတယ် မီးအမြန်ဖွင့်လိုက်တော့ ကလေးရဲ့ သစ်သားပုခက်ကလေးက လှုပ်နေတယ်

မမမြများတရေးနိုးလာသိပ်သွားသလားမသိ
ကလေးညတရေးနိုးငိုပြီဆို ပုခက်လေး လေးငါးချက်လောက်လွှဲပြီး ပြန်သိပ်မှအိပ်သည်
စောနကကလေးသိပ်တော့ အခန်းမီးပိတ်မိသလား မပိတ်မိသလားလည်းမမှတ်မိတော့

ကလေးနိုးမှာစိုးလို့အကြည်လည်း ခြေထောက်ဖွဖွလေးနင်းပြီးပြန်ထွက်ခဲ့တယ် အခန်းထဲပြန်ရောက်တော့ ခုနကလိုအိမ်မက်ဆိုးတွေမက်မှာစိုးလို့ ပရိတ်ရေသောက်ပြီး ပြန်အိပ်ရတယ်

မနက်အစောကြီး မမမြက သုတလေးအဖေကို လေဆိပ်လိုက်ပို့တယ် ပြီးတာနဲ့တန်းအလုပ်သွားတယ် ခါတိုင်းလိုပဲ အိမ်မှာကလေးနဲ့အကြည်နှစ်ယောက်ထဲကျန်ခဲ့တယ်

ကလေးကို မနက်စာကျွေးပြီး ဧည့်ခန်းထဲမှာ ခဏထား အကြည်က အဝတ်တွေပြေးလျှော်တုန်း ဘယ်လောက်မှမကြာဘူး ကလေးက အော်ငိုပါလေရော အမြန်ပြေးလာပြီးချော့ပေမယ့် တော်တော်နဲ့မတိတ်ဘူး သဲကြီးမဲကြီးကိုငိုတာ

အကြည်လည်းချော့လည်းချော့ရင်း သုတဘာဖြစ်တာလဲလို့ ပါးစပ်ကလည်းမေးတော့ ဧည့်ခန်းထောင့်ကိုလက်ညိူးလေးထိုးထိုးပြီးငိုတာ မျက်နှာကို အကြည့်ရင်ခွင်ထဲအပ်ထားလိုက် ငိုလိုက်နဲ့ အခန်းထောင့်ကြည့်လိုက် စူးစူးဝါးဝါးကုတ်ခြစ်ပြီးငိုလိုက်နဲ့ ဘာဖြစ်လို့ငိုမှန်းမသိ စိတ်ပြေလက်ပျောက် အိမ်အောက်ဖက်လမ်းထဲ နှစ်ပြန်သုံးပြန်လျှောက်ပေးလိုက်မှ အငိုတိတ်ပြီး အိပ်ပျော်သွားတော့တယ်

သူလည်းမော အကြည်လည်းမော

ည မမမြပြန်ရောက်လာတော့ ထမင်းအတူစားဖြစ်ကြတယ်

” ညက သားလေးကငိုသံကြားသလားလို့ အကြည်ပြန်သိပ်လိုက်တာလား ”

” အကြည်မသိပ်ဘူး မမမြ အကြည်တရေးနိုးလာကြည့်တော့ ကလေးကအိပ်လို့ ”

ကလေးကအခုတလော ထူးဆန်းတယ် အိပ်ရာနိုးတာနဲ့ငို တော်တော်နဲ့ချော့မရနဲ့ အတော့်ကိုဒုက္ခများရတယ် အရင်က ဒီလိုမဟုတ် ဘာနဲ့ဘယ်လိုဖြစ်မှန်းကိုမသိ

ထမင်းချက်ပေးတဲ့အဒေါ်ကြီးကတော့

ကလေးလန့်နေတာထင်တယ်တဲ့ အကြည်လည်းသေချာမသိ အရင်လိုမဟုတ်တာတော့သေချာသည် သူမောပြီးအိပ်နေတဲ့တချိန်ပဲအကြည့်မှာသက်သာရာရတယ်

အကြည်ရွာကပြန်လာတဲ့နေ့ကတည်းက
ညညဆို အိမ်မက်ဆိုးတွေမက်နေတာ
မက်တိုင်းလည်း မိန်းမတယောက်က ကလေးလာလုတဲ့အိမ်မက်ချည်းပဲ

ဒီအကြောင်းတော့ မမမြကိုမပြောပြဖြစ် စိတ်ထဲမသိုးမသန့်ခံစားနေရတာတော့အမှန် အိမ်မှာတယောက်ထဲကျန်ခဲတဲ့အချိန် တယောက်ယောက်က စောင့်ကြည့်နေသလိုခံစားရတာတွေ ဒီရက်ပိုင်းသိသိသာသာဖြစ်လာတယ် သားလေးကလည်း အိပ်ရာနိုးတာနဲ့ငို စိတ်ပြေလက်ပျောက် အိမ်ပြင်ခေါ်ပြီးချော့မှသာအငိုတိတ်တယ်
အိမ်ထဲပြန်ရောက်တာနဲ့တစ်ခါငိုပြန်ရော

တစ်ရက် သည်းကြီးမဲကြီးငိုတာဘယ်လိုမှချော့မရတဲ့အကြည့်မှာဒုက္ခတွေရောက် ခဏကြာတော့ ကလေးက အသားတွေပြာသလိုဖြစ်လာတော့ အကြည်လည်း မမမြဆီဖုန်းဆက်အကြောင်းကြားရတယ် ၁၅ မိနစ်လောက်ကြာတော့ မမမြရောက်လာတယ် ကလေးက သူ့အမေမြင်တော့လည်းမတိတ်ဘူး
ငိုတုန်း မမမြခေါ်လည်းမရတော့ အကြည်ပါဆေးရုံလိုက်ပို့ရတယ်

အိမ်မှာသာငိုတာ ဆေးရုံရောက်တော့
အကောင်းပကတိ ဆရာဝန်ကစစ်ဆေးပေးတော့လည်း ဘာမှအထွေအထူးမဖြစ် အကုန်အကောင်းဆိုတော့ အကြည်တို့အံ့သြရပြီ

ဆေးရုံကအပြန်လမ်းမှာ အကြည်မမမြကို ပြောသင့်မပြောသင့် စဉ်းစားနေမိတယ်

” အကြည် အကြည့် ”

” ရှန် မမမြ ‘

” ဘာတွေအတွေးလွန်နေလဲ မမမြခေါ်နေတာမကြားဘူးလား ”

” မမမြကိုအကြည်တစ်ခုပြောမလို့ မမမြစိတ်မဆိုးပါနဲ့နော် ”

” ဘာပြောမှာမို့ မမမြကစိတ်ဆိုးရမှာလည်း ”

” သားလေးက အပတွေဘာတွေများမှီသလားပဲ ”

” ဘယ်လိုရယ် အကြည် ”

” အကြည် အိမ်ပြန်ရောက်ကတည်းက ကလေးကမူမမှန်ဘူး အကြောင်းရင်းမရှိဘဲငိုတာ ပြီးတော့အိမ်ထဲမှာတယောက်ယောက်ရှိနေသလိုပဲ နေရတာစိတ်မလုံဘူး အစကအကြည် မမမြကိုပြောမလို့ပဲ မဖြစ်နိုင်ပါဘူးဆိုပြီးငြိမ်နေတာ တကယ်က ဟိုတစ်ည အကြည်ပြန်ရောက်လာတဲ့ညက အကြည်တရေးနိုးတော့ ကလေးကမငိုလို့ သွားကြည့်တော့ ကလေးပုခက်က လှုပ်နေတာ အစကအကြည်ထင်လိုက်တာ မမမြများလာသိပ်သွားသလားပေါ့ မမမြလည်းအဲ့နေ့ညက မထဘူးမလား ”

” မမမြမထပေမယ့် သုတအဖေထတာလည်းဖြစ်နိုင်တယ်လေ အကြည်ရဲ့ လျှောက်မပြောပါနဲ့ မမမြဒါမျိုးတွေပြောတာမကြိုက်ဘူး ”

မမမြစိတ်ဆိုးသွားပုံပေါ်တာကြောင့် အကြည်ဆက်မပြောဖြစ်တော့ မဟုတ်တာလည်းဖြစ်မှာပါလေလို့တွေးလိုက်မိတယ်

အိမ်ပြန်ရောက်တော့ အိမ်ထဲမှမဝင်ရသေးကလေးက စငိုပါလေရော

” အကြည်ဒီနားလမ်းလေးနဲနဲလျှောက်ပေးလိုက်မယ် ဒါမှသူအိပ်သွားမှာ ”

” အေးအေး ”

မမမြတယောက်ထဲအိမ်ထဲဝင်သွားအပြီး အကြည်လည်းတိုက်အောက်ဆင်း လမ်းလျှောက်ပြီးချော့သိပ်ခါမှအိပ်ပျော်သွားတယ် တနေကုန်ငိုထားရလို့ မျက်လုံးကလေးတွေတောင် မို့နေပြီ အိမ်ထဲပြန်ရောက်တော့ မမမြကဧည့်ခန်းထဲမှာထိုင်နေတယ် အကြည်လည်းကလေးသိပ်ပြီး လုပ်စရာရှိတာလုပ်နေတယ် ညအိမ်မက်ဆိုးနဲ့အိပ်ပျော်အောင်ဘယ်လိုများအိပ်ရပါ့

တစ်ညလုံးနားစွင့်ပေမယ့် ကလေးငိုသံတစ်ချက်မကြားရ နောက်ဆုံးအကြည်အိပ်ပျော်သွားသည် မနက်အစော ကလေးငိုသံကြားလို့ ထကြည့်တော့ မမမြက ကလေးကိုချော့မြူနေတယ်

” အကြည် မမမြစားဖို့တစ်ခုခုလုပ်ပေးပါဦး ဒီနေ့အစည်းဝေးရှိလို့အစောသွားရမယ် ”

အကြည်လည်း မမမြစားဖို့ ကြက်ဥတွေဘာတွေကြော်ပေး ပြီးတာနဲ့သူကထမင်းစားပြီး အလုပ်သွားဖို့ပြင်ဆင်ပေါ့

” အကြည် ဒီနေ့ ဒေါ်နွယ်လာပြီး ချက်ပြုတ်ပေးပြီးသွားတဲ့အထိ ကလေးက အရမ်းငိုနေရင် ဒေါ်နွယ်ပြန်သွားရင် စိတ်ပြေလက်ပျောက် ကလေးနဲ့အပြင်ထွက် ဒီနားနီးနီးနားနားပဲသွား အိမ်သေချာပိတ်သွားနော် ”

” ဟုတ် မမမြ ”

မမမြသေချာမှာပြီးအလုပ်သွားပြီး မကြာ ဒေါ်နွယ်ရောက်လာချက်ပြုတ်ပေးပြီး သူပြန်သွားမှ အကြည်လည်း မမမြမှာတဲ့အတိုင်း ကလေးနဲ့အပြင်ထွက်ပေးရတယ် ထူးဆန်းတာက ကလေးက အိမ်ပြင်ရောက်ရင်လုံးဝမငိုဘူး သူအိပ်ပျော်သွားရင် အိမ်မှာပြန်သိပ် နိုးလာလို့ငိုရင်အပြင်ထွက်ချော့နဲ့လုပ်ရတယ် ကလေးအိပ်နေတဲ့အချိန်တစ်အိမ်လုံးတိတ်ဆိတ်နေတတ်တယ် အဲ့ဒီ့အချိန်ဆို ဟိုနားက အသံကြားသလိုလို ဒီနားအသံကြားသလိုလို ပြတင်းပေါက်တွေပိတ်ထားပါလျက် ခန်းစီးစတွေ လေတိုက်သလိုလွင့်နေတာတွေ ကလေးပုခက်လွှဲထားတဲ့အခါ တော်တော်နဲ့အရှိန်မသတ်တာတွေ တယောက်ယောက်ကတွန်းပေးနေသလိုလိုတွေဟာ အကြည့်မျက်မြင်ကိုယ်တွေ့ပဲ အကြည်အခုတလော ဘုရားတရားပိုလုပ်ဖြစ်တော့ အိမ်မက်ဆိုးတွေသိပ်မမက်တော့ဘူး ကလေးကိုကံနိမ်တာတွေဘာတွေဖြစ်မှာစိုးလို့ မမမြကိုယတြာခြေခိုင်းချင်ပေမယ့် မပြောရဲပြန်ဘူး
သူ့ကြည့်ရတာ အခုတလောမျက်နှာသိပ်မကောင်းဘူး

” အကြည် ”

” ရှင် မမမြ ”

” အကြည်ညက တရေးနိုးအိပ်ရာထသေးလား ”

” မထဘူး မမမြ သားလေးငိုသံလည်းမကြားလို့ မမမြထတယ်လား ”

” အေး ညကတရေးနိုးလို့ ကလေးကိုထကြည့်သေးတယ် ”

မမမြ ကြည့်ရတာတမျိုး တခုခုကိုစဉ်းစားသလို တွေးတောသလိုနဲ့

”ဟော အကြည်ရေ သားငိုပြန်ပီ ချော့ပါဦး ”

အကြည်ကလေးကို အိမ်ပြင်ဖက်ခေါ်သွားပြီးစိတ်ပြေလက်ပျောက်သွားချော့တယ် တစ်နာရီနီးပါးလောက်ကြာမှ ကိုယ်တော်ချောကစိတ်ကြည်သွားလို့ အိမ်ပြန်လာခဲ့တယ် တယောက်ယောက်ကကြည့်နေသလိုခံစားရလို့ အကြည်တို့တိုက်ခန်းပေါ်မော့ကြည့်လိုက်တော့ ဝရန်တာမှာ မမမြကအကြည်တို့ကိုကြည့်နေတာ ရုတ်တရက်လန့်တောင်လန့်သွားတယ်

အခန်းတံခါးဖွင့်ပြီးအိမ်ထဲဝင်လိုက်တာနဲ့ ဧည့်ခန်းထဲမှာ မမမြကကျောပေးလျက်ထိုင်နေတယ် ကလေးနိုးမှာစိုးလို့ခြေသံဖွဖွလျှောက်ပြီး ကလေးအခန်းဆီသွားမလို့လုပ်တုန်း မမမြ ကောက်ခနဲထလာပြီး အကြည့်လက်ထဲက ကလေးကိုတောင်းတယ် ရုတ်တရက်ကြောင်သွားတယ် မမမြဘာဖြစ်တာလဲပေါ့ သူ့ကြည့်ရတာဒေါသထွက်နေပုံပဲ

” မမမြ ဘာဖြစ်လို့လဲ ကလေးအိပ်ချင်နေပြီ အကြည်သွားသိပ်မလို့ ”

ဘာမှမပြောဘဲ မျက်ထောင့်နီကြီးနဲ့စိုက်ကြည့်နေတယ် ပြီးတော့အကြည့်လက်ထဲက ကလေးကိုအတင်းဆွဲလုတော့ ကလေးကနာလို့အော်ငိုပါလေရော အကြည်လည်းကလေးကိုမလွှတ်ဘူးပြန်ဆွဲထားရတယ်
သူ့ကြည့်ရတာ တခုခုလုပ်တော့မယ့်ပုံ

” မမမြ ဘာဖြစ်တာလဲ ကလေး နာမယ်လေ မမ ”

” ပေးစမ်း ပေးစမ်း ငါ့ကလေး ဒါငါ့ကလေး ”

မမမြဆီကထွက်လာတဲ့အသံကကျောချမ်းစရာကြီး ရင်ခေါင်းသံကြီးနဲ့ ဆံပင်တွေလည်းဖွာလန်ကျဲနေပြီ သူက ကလေးကိုဆွဲလု အကြည်က ပတ်ပြေးနဲ့ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်တယ် သူကတဖြည်းဖြည်းကြမ်းသထက်ကြမ်းလာတယ် ဒါမမမြမဟုတ်ဘူးဆိုတာ အကြည်သိလိုက်တယ် သူသရဲပူးခံနေရပြီဆိုတာသိသိလိုက်ခြင်း အကြည်ဘုရားခန်းဆီပြေးတယ် သူ့လက်ကလက်မတင်ကလေးလွှတ်တယ် တံခါးကိုအတင်းဆွဲပိတ်ပြီး ဘုရားစင်က ပရိတ်ရေငိုကလေးကိုတိုက် အကြည်လည်းသောက် ကလေးကိုလည်း အကြည်စိက်နေတဲ့ပုတီးကိုစွပ်ပေး ပါးစပ်ကလည်းရသမျှ ဘုရားစာရွတ်တော့တာ အပြင်ကလည်း တဟင်းဟင်းနဲ့ တံခါးကိုထုလိုက် ကုတ်ခြစ်လိုက်နဲ့လုပ်နေတာ အတော်ကြာတဲ့အထိပဲ အကြည့်လက်မှာလဲ မမမြ ကုတ်ခြစ်ထားတဲ့လက်သည်းရာတွေက စပ်ဖျဉ်းနေတယ် ကလေးကလည်းလန့်ပြီးအရမ်းငိုနေတာ အပူးခံနေရတဲ့မမမြ အော်သံကလည်းကြောက်စရာကြီး အကြည့်တသက်နဲ့တကိုယ် ပထမဆုံးကြုံဖူးတာပဲ

အတော်ကြီးကြာမှ ညည်းသံရပ်သွားတယ်

” အကြည် အကြည် အထဲမှာလား ”

မမမြရဲ့အသံ အကြည်ချက်ခြင်းပြန်မဖြေရဲသေး

” မမျမလား ”

” ဟုတ်တယ် အကြည်အထဲမှာလား ကလေးရော ဒီနေရာဘယ်လိုရောက်နေတာလဲ ဘာတွေဖြစ်နေတာလဲ ”

အကြည်တံခါးကို ခပ်ဟဟလေးဖွင့်ကြည့်တော့ ကြမ်းပြင်မှာပုံ့ပုံ့လေးထိုင်နေတဲ့ မမမြကိုတွေ့လိုက်ရတယ် စောနကနဲ့တခြားစီပဲ

” မမမြ ဟုတ်ပါတယ်နော် ”

အကြည်ပရိတ်ရေခွက်ကိုကမ်းပေးလိုက်တော့ တခွက်လုံးကုန်အောင်တဂွပ်ဂွပ်နဲ့မော့ချပစ်တယ် သူ့အခြေအနေကိုအကဲခတ်လိုက်တော့ ပုံမှန်ပဲ မမမြ အစစ်ပါ တံခါးဖွင့်ပြီးအထဲကိုအမြန်ဝင်ခိုင်းလိုက်တယ်

အကျိုးအကြောင်းတွေ အကုန်ပြောပြတော့ သူမယုံဘူး အကြည့်လက်က ကုတ်ခြစ်ရာတွေမြင်တာတောင်ယုံတဝက်မယုံတဝက်

ဘုရားခန်းအပြင်လည်းမထွက်ရဲဘူး
မမမြကတော့ သူ့ယောက္ခမတွေဆီ
ဖုန်းဆက်ပြီးခေါ်တယ် အဲ့ဒီ့အချိန်ည ၈ နာရီလောက်ရှိနေပြီ မီးဖိုခန်းဘက်ကနေ အသံဗလာတွေကြားနေရတယ် ပန်းကန်တွေကွဲတဲ့အသံတွေ ခုံတွေ ရွေ့သံတွေကြားနေရတယ် နာရီဝက်လောက်ကြာမှ မမမြယောက္ခမက ရောက်နေပြီဖြစ်တဲ့အကြောင်းအကြောင်းကြားတယ် အကြည်လည်းကြောက်ကြောက်လန့်လန့်နဲ့ပဲရသမျှဘုရားစာအကုန်ဆိုပြီး တံခါးပြေးဖွင့်ပေးရတယ် မမမြယောက်ျားရဲ့ အဖေအမေနဲ့ ညီမလေးပါပါလာတယ် နောက်ထပ် လူကြီးလေးငါးယောက်ရယ် အိမ်ထဲဝင်လာကြတယ် လူတွေအများကြီးရှိမှပဲ အကြည်တို့လည်း အကြောက်ပြေတယ် အသက်ခပ်ကြီးကြီးလူကြီးတယောက်က အိမ်အနှံ့လိုက်ကြည့်နေတယ် မမမြကတော့ cctv ကနေ ခုနကဖြစ်ပျက်သမျှကိုပြန်ကြည့်ပြီး မယုံနိုင်ဖြစ်နေတယ်

” မမမြ ကကြောက်စရာကြီး ”

” ငါလည်းဘယ်လိုဖြစ်မှန်းမသိပါဘူး ဖြူရယ် လုံးဝကိုမမှတ်မိတော့ဘူး ”

” ဒါကလေးကံနိမ့်လို့ဖြစ်တာပဲ ညဘက်ကြီးကလေးကို အပြင်တွေဘာတွေခေါ်ရာက သူကပ်ပါလာတာပဲ အပမှီတယ်ခေါ်တယ် ”

” ဟုတ်မယ် အကြည်ရွာကပြန်လာတဲ့ညက မမမြတို့ အပြင်သွားကြတာလေ မှောင်မှပြန်လာပြီး ကလေးတောင်တအားငိုနေသေးတာ ”

” ဟုတ်မယ် အဲ့ဒီ့ညမတိုင်ခင်က ကလေးက အကောင်း အဲ့နောက်ပိုင်းမှစဖြစ်တာပဲ ”

အားလုံးစကားပြောနေခိုက် မမမြရဲ့ယောင်းမလေးက အမူအရာတွေပျက်လာတယ် မျက်ထောင့်နီကြီးနဲ့စိုက်ကြည့်နေတာ အကြည်မြင်လိုက်ရတယ်

” မမမြ မမမြ ဟိုမှာ ”

ပြောလို့မှမဆုံးသေး ကလေးချီထားတဲ့အကြည့်ဆီ
အရှိန်နဲ့ပြေးဝင်လာတယ် ဘေးနားကလူတွေဝိုင်းဆွဲကြလို့ အကြည်နဲ့ကလေးဘာမှမဖြစ်တယ် ယောက်ျားသုံးယောက်ချုပ်ထားတာတောင်မနိုင်ချင်ဘူး မမမြတုန်းကလိုပဲ ရင်ခေါင်းသံကြီးနဲ့ ကလေးပေးဖို့အော်တောင်းနေပြန်တယ် သူ့ကိုချုပ်ပြီး ဘုရားခန်းထဲခေါ်သွားကြတော့ လူးလွင့်နေတာ အဘလား ဘာလားတော့မသိထိုလူက နင်ဘယ်သူလဲ ဘယ်ကလဲမေးတော့ မဖြေဘဲ မျက်ထောင့်နီကြီးနဲ့စိုက်ကြည့်နေပြန်တာ အဲ့ဒီ့ပုဂ္ဂိုလ်က ပုလင်းထဲက ဘာရေတွေရယ်မသိဘူး ထုတ်ပြီးပက်တော့ တအားအားနဲ့အော်ဟစ်နေပြန်တယ်

” ကဲ နင်ဘယ်သူလဲပြော ဘာကိစ္စကြောင့် ဒီအိမ်ရှင်နဲ့ကလေးကို နှောက်ယှက်ရသလဲ ”

” ……………”

” ပြောလေ ”

ပုလင်းထဲကရေတွေနဲ့ထပ်ပက်တော့မှ

” အားးးးး ငါ့ကလေး ငါ့သားလေးငါပြန်လာခေါ်တာ ”

” နင့်သားမဟုတ်ဘူးလေ ဒီကလေးက မြသွန်းနွယ်ရဲ့သား နင့်သားမဟုတ်ဘူး နင်မှားနေပြီ ”

သူခဏတော့ငြိမ်ကျသွားတယ်

” မဟုတ်ပါဘူး အဲ့ဒါငါ့သား ငါ့သားပါ ”

” ဒီသားအမိကိုမနှောက်ယှက်ပါနဲ့တော့ ထပ်နှောက်ယှက်ရင် နင့်ကိုငါဒဏ်ခတ်တော့မှာ နင့်ဝိညာဉ်မီးနဲ့အမြိုက်ခံချင်သလား ”

” ဟင့်အင်း ”

” အေး ဒါဆို ဒီလိပ်ပြာရှင်ကို ဒုက္ခမပေးဘဲ နင်ဒီနေရာက အေးဆေးထွက်သွားမလား ”

တော်တော်နဲ့ပြန်မဖြေ အတော်ကြာမှခေါင်းငြိမ့်ပြတယ်
ပြီးတော့ ထွက်သွားတာထင်ရဲ့ မမမြယောက်မလည်းသတိမေ့သွားတယ်
အဲ့ဒီ့အဘက ပရိတ်ရေတိုက်ခိုင်းတယ် တစ်အိမ်လုံးကိုလည်းရွတ်ဖတ်ပြီး ရေတွေလိုက်ဖြန်းတယ် သူကတော့ သန့်ရှင်းသွားပြီပြောတာပဲ အကြည်တို့ကတော့ကြောက်နေတုန်း အဲ့ဒီ့တစ်ညတော့ အကြည်တို့ မမမြယောက္ခမအိမ်လိုက်အိပ်ကြရတယ်

” ဒါနဲ့ပြောရအုံးမယ်အကြည် မနေ့ညကလေ မမမြ အိမ်မက်မက်တယ် အိမ်မက်ထဲမှာအကြည်ကသားလေးကိုချီထားတာတဲ့ မိန်းမတယောက်ကအကြည့်လက်ထဲကသားလေးကို အတင်းလုတာအကြည်ကမပေးဘူး အော်လဲအော်တွန်းလဲတွန်းတဲ့ မမမြလည်း အဲ့မိန်းမကိုဘေးကဝင်ဆွဲနဲ့ သားလေးက ကြားထဲကကြောက်ပြီးငိုပါလေရော မမမြလည်းအဲ့အချိန်လန့်ပြီးအိပ်ရာကနိုးလာတော့ သားအခန်းထဲက အသံကြားလို့ထကြည့်တာ အကြည်ပြောသလိုပဲ ကလေးပုခက်က ဒီတိုင်းလှုပ်နေတာ သားလေးကတော့အိပ်လို့ ”

” အကြည်လည်း အဲ့ဒီ့အိမ်မက်မက်တယ် ညတိုင်းမက်လွန်းလို့ ဘုရားတရားလုပ်တော့ နောက်ပိုင်းမမက်တော့ဘူး ”

” ဟုတ်လား ငါပဲ ဘုရားမရှိ တရားမရှိဖြစ်နေတာ အရင်ကလေ ငါ့ယောက္ခမက နတ်တွေ အဘတွေသိပ်ယုံလို့ ငါအပြစ်တင်ခဲ့မိသေးတာ စောစောက အဘကအထက်လမ်းဆရာ ဒီအိမ်မှာအမြဲဝင်ထွက်နေတာလေ ငါဖုန်းဆက်တော့ ငါ့ယောက္ခမက မယုံလောက်ဘူးမှတ်တာ မမမြကိုယ်တိုင်ဆိုလည်းယုံမှာမဟုတ်ဘူး အခုတော့ အမေကအေးဟုတ်လားသမီး စိတ်အေးအေးထားမေမေတို့ခဏနေဆရာ့ကိုပင့်ပြီးလာခဲ့မယ်တဲ့ ”

” ဟုတ်လား ”

” အေး ငါတော့ယောက္ခမကြီးကို တောင်းပန်ရအုံးမယ် ကျေးဇူးလည်းတင်ရမယ် ”

ထိုညက သုတလေး ကောင်းကောင်းအိပ်မောကျခဲ့သည်အကြည်တို့လည်းထို့အတူပင် နောက်ပိုင်းမမမြကယောက္ခမများက တိုက်ခန်းမှာမနေစေဘဲ အိမ်ကိုပြောင်းနေစေသည် ထိုတိုက်ခန်းကိုတော့ မမမြပြန်ရောင်းပစ်လိုက်တယ်
ထိုအကြောင်းအရာတွေကိုတော့ သားလေးကြီးလာတဲ့အခါသေချာပေါက်ပြောပြရမယ်ဆိုပြီး မမမြနဲ့စနောက်မိကြလေရဲ့ ……………

ပြီးပါပြီ

Crd✍စာရေးသူ✍_Yin Nyein Aye