ကိုဆိုး‌ပေနှင့်အမြန်လမ်းကကျွဲမိစ္ဆာ

Posted on

ကိုဆိုး‌ပေနှင့်အမြန်လမ်းကကျွဲမိစ္ဆာ(စ/ဆုံး)

—————————————————-

သက္ကရာဇ် ၂၀၀၃

တောင်ပေါ်ဒေသကလေး ဖြစ်သည့် အလျောက် အခြားသော မြေပြန့်ဒေသများနှင့် နှိုင်းစာလျှင် ရာသီဥတု၏ အအေးဓာတ်က ပိုကဲသည်။ ဒီဇင်ဘာလရဲ့ လလည်ပိုင်းလည်းဖြစ်သည်မို့ အချိန်ကား နေ့တာတိုပြီး ညတာရှည်၏ ။ ညကိုးနာရီဝန်းကျင် ဆိုပါက မြို့မဈေးကြီး၏ အနီးအပါး သို့မဟုတ် မြို့လည်ခေါင်ကျကျ နေရာများတွင်သာ လူစည်ကားတတ်ပြီး ကျန်နေရာများကတော့ ငြိမ်သက်လို့နေချေပြီ။

ညအမှောင်ထုက အားကောင်းကောင်းနှင့် ကြီးစိုးနေလင့်ကစား လမ်းဘေးမီးတိုင် ဝါကျင့်ကျင့်လေးများက ၎င်းကို အစွမ်းကုန် တွန်းလှန်ပြီး မှိန်ပျပျအလင်းရောင်လေး အချို့ကို လမ်းမကြီးပေါ်သို့ ဖြာကျပေးထားသည်။ ညပုရစ်လေးများ၏ တစ်ကျီကျီအော်နေသံ တို့ကလည်း တိတ်ဆိတ်သော ဒီအချိန် အခါ နှင့် အလွန်ပင် လိုက်ဖက်ပနံရနေ၏ ။

အေတီတံတား၏ တစ်ဖက်ခြမ်းတွင်တော့ မီးပွင့်လေး နှစ်ပွင့်က တဖြေးဖြေး ဆိုသလို နီး၍နီး၍ လာနေ၏။ အင်ဂျင်သံလေး ခပ်ပြင်းပြင်းနှင့်အတူ ဆန်နီကားငယ်လေး တစ်စီးက ထိုတံတားကြီးပေါ်ကို ရွေ့လျားရင်း ရောက်ရှိလာသည် ။ မောင်နှင်လာသူမှာ ကားဆရာ ကိုမြဝင်း ပင်ဖြစ်၏။ အဆိုတော်ကြီး မာရဇ္ဇ သီဆိုထားသော အိပ်ရေးပျက် ဆိုသည့် သီချင်းသံလေးက ကားပြတင်းပေါ်မှ နေတစ်ဆင့် ကတ္တရာ လမ်းလေးအတိုင်း တဖြုတ်ဖြုတ် ကျကျန်ခဲ့သည်။

အေးစက်စက်လေစိမ်းတစ်ချို့ အသားထဲ စိမ့်သွားအောင် တိုက်ခတ်သည့်တိုင် ကိုမြဝင်းမှာတော့ ကားမှန်ကို တစ်ဝက်ခန့်သာ တင်ထားသည် ။ ကားမီးရောင်အောက်က လမ်းမကြီးမှာလည်း ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မရှိအောင် ရှင်းလွန်းလှသည်မို့ လီဗာကို သာမန်ထက် အနည်းငယ်လေးပိုနင်းခဲ့လိုက်၏။ နမ့်စလပ်မှ နေ့ခင်း နှစ်နာရီလောက်ပြန်ရောက်ကာ ဘီယာဖာများသွားချခဲ့ပြီး ဂိတ်ပြန်အရောက် သိန္နီဖက် ခရီးသည် ရသည်မို့ ယခု သွားပို့ပြီး ပြန်လာခဲ့ခြင်းဖြစ်၏ ။ ထိုည အဖို့တော့ သူအိမ်ပြန်နောက်ကျချေပြီ။

ဒရိုင်ဘာလဲ ကိုယ် စပါယ်ယာလဲ ကိုယ်သာ ဖြစ်သည်မို့ အချို့သော နာရီတွေ စက္ကန့်တွေက ပေးဆပ်ရမှန်းမသိ ပေးဆပ်ခဲ့ရသည် မဟုတ်ပါလား ။ ယခု အေတီ တံတားကိုကျော်ခဲ့ပြီးပါက လားရှိုးကြီးမှ တစ်ဆင့် သူနေထိုင်ရာ နမ္မတူလမ်းခွဲ အနီးက အိမ်လေးဆီသို့ ရောက်ရန် သိပ်ပင်မလိုတော့ ။ ကားဆရာ လုပ်လာသည့် သက်တမ်းကလည်း မသေးတော့သလို ဒီမြို့လေး အတွင်း နေလာခဲ့သည်မှာလည်း အချိန်တစ်ခုပင် ရှိနေခဲ့ပြီ ။

ထုံးစံအတိုင်းပင် ပြန်နေသွားနေကျလမ်းလေး အတိုင်းကားကို ချိုးကွေ့ကာ ဝင်ခဲ့လိုက်တော့၏ ။ ကတ္တရာလမ်းမှ လမ်းသွယ်တစ်ခုထဲရောက်လာခဲ့ပြီမို့ လမ်းဘေးမီးတိုင်များ၏ ဝါကျင့်ကျင့် အလင်းရောင်များက ကားနောက်ခန်းမှ တစ်ဆင်း တစ်ရိပ်ရိပ် နှင့် နောက်တွင် ကျန်ရစ်ခဲ့ချေပြီ။ ဆန်နီကားငယ်လေး၏ ရှေ့မီး နှစ်လုံးကသာ သူ့အတွက် အဖော်ကောင်းများဖြစ်၏။

တချို့အိမ်များကတော့ မအိပ်ကြသေးဟန်တူသည် မီးလေးများလင်းလို့ တစ်ချို့အိမ်များကျပြန်တော့လည်း မှောင်အတိကို ချကာ အိပ်မောကျလို့နေကြသည် ။ ကိုမြဝင်းချိုးဝင်လာသော လမ်းအတွင်း၌ နှစ်ချို့ ကုက္ကိုလ်ပင်အိုကြီး တစ်ပင်ရှိ၏ ။ နေ့ခင်းဖက်ဖြတ်သွား ဖြတ်လာလုပ်တိုင်း ထိုအပင်ကြီးကို သတိထားမိသော်လည်း ဘာမျှအထူးအဆန်းတော့ မဟုတ် သာမန်အပင်ကြီး သပ်သပ်သာ ။ ကိုမြဝင်းလဲ ကားကတ်ဆတ်မှလာသော သီချင်းလေးကိုသာ အသာညည်းရင်း အရှေ့တည့်တည့်ကိုသာ မောင်းလာခဲ့လိုက်သည်။

ရုတ်ချည်းဆိုသလို သီချင်းသံမှာ တစ်ဂျီဂျီမြည်ရင်း ပကတိတိတ်ဆိတ်သွားလေတော့၏ ။ သီချင်းသံပျောက်သွားလျှင်ပျောက်သွားချင်းပဲ တစ်လောကလုံးတွင် သူတစ်ယောက်ပဲ ကျန်တော့သည့် အလား ကိုမြဝင်းအတွေးက စတင်ပြီး ခေါင်းထဲဝင်လာတော့သည် ။ညဆယ်နာရီဝန်းကျင် ၏ တိတ်ဆိတ်နေမှုကြီးက ခြောက်ချားဖို့တောင်ကောင်း‌နေ ၏ ။ ထို့ကြောင့် ကိုမြဝင်းလဲ ကားလီဗာကို လျော့ကာ အသံအတိုးအချဲ့ ခလုတ်ကိုလှည့်ကြည့်သည်။ အဖွင့်အပိတ် ခလုတ်ကို နှစ်ချက် သုံးချက်နှိပ်ကြည့်လိုက်၏။

သို့သော် သီချင်းသံမှာတော့ ပျောက်ကွယ်လို့ နေတုန်းပင် ။ သူသတိမထားမိသလို ကားလေးမှာလည်း တစ်ရွေ့ရွေ့သွားနေရင်းမှ ကုက္ကိုလ်ပင်အိုကြီး နှင့် ဝါးတစ်ပြန်စာလောက်သာ ဝေးပါတော့၏။ ကားပြတင်းပေါက်က တစ်ဆင့် အရှိန်နှင့် ပြေးဝင်လာသော လေဝှေ့ တစ်ချက်ကြောင့် ကိုမြဝင်း ကြက်သီးများ ဖြန်းကနဲထသွားသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် လေအတိုးမှာပဲ Volume မလျော့ထားသော သီချင်းသံက ရုတ်ချည်းထွက်လာတော့ ကိုမြဝင်း တစ်ယောက် ယောင်၍ပင် အော်မိသွားတော့သည်။

“အောင်မလေး … မြတ်စွာဘုရား ”

ပြီးမှ သတိပြန်ကပ်ကာ ကြောက်မိတဲ့ သူ့ကိုယ်သူပင် ရှက်သလိုလို ဖြစ်သွားပြီး ခပ်ကျဲကျဲ ပြုံးလိုက်၏။ သိစိတ်က ဘာမျှမဖြစ်သော်ငြားလဲ မသိစိတ်က ကြောက်သွားသည်ကား ပယောဂ တစ်ခုခုရှိလာတော့မည်ကို သတိပေးနေသည့်အလား ။ ကိုမြဝင်းမှာတော့ အိမ်ပြန်လိုသည့် စိတ်တစ်ခုတည်း နဲ့သာ ကားကို အသာမောင်းနှင်လာရင်းမှ ထိုကုက္ကိုလ်ပင်ကြီးအောက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့၏ ။

+++++++

” အုန်း ”

အပင်ကြီးအောက် တည့်တည့်အရောက်မှာတော့ ဖြေးဖြေးမှန်မှန်မောင်းလာသော ကိုမြဝင်း၏ ဆန်နီကားကလေးမှာ အိကနဲ တုန်ခါသွားပြီး ချက်ချင်းပင် အရှိန်များလျော့ကျသွား‌ေလတော့သည် ။ ထိုအရာကို ကိုမြဝင်းကောင်းကောင်းသိသည်။ ကားအနောက်ခန်း ထဲသို့ တစ်စုံတစ်ယောက် ခုန်တက်လိုက်သော ခံစားချက်။ ကားတစ်စီးလုံးတောင် အိကျသွားတဲ့ အထိ ဘယ်လို အရာက ခုန်တက်လာသည်ကို သိလိုသဖြင့် ကားနောက်ကြည့်မှန်က တစ်ဆင့် ကိုမြဝင်းတန်းကြည့်လိုက်မိသည်။

သူမြင်လိုက်ရသော အရာကြောင့် သူ့အသက်ဝိညာဉ် တွေပါ ဆွဲနှုတ်ခံလိုက်ရသည့်အလား ခေါင်းမွေးများ ထောင်တက်သွားကာ စတီယာရင် ကိုင်ထားသော လက်များပင် ချက်ချင်းတောင့်တင်းသွား‌လေတော့သည်။

ကားနောက်ခန်း တစ်ခုလုံးပြည့်လုနီးပါး ခန္ဓာကိုယ်ကြီး တစ်ခု ။ တစ်ကိုယ်လုံး မဲပြောင်ရှည်လျားတော့ အမွှေးအမြင် တို့က ဖုံးလွှမ်းထားပြီး နီရဲရဲ မျက်လုံးအစုံကြီးကို ကားရှေ့ခန်းဘက်မှန်က တစ်ဆင့် မြင်လိုက်ရသည် ။ ကိုမြဝင်းအကြည့်တွေ ဘက်မှန်ကနေပြီး လွှဲလို့မရ ။ အာဆေးမိထားသလို လူက အကြောအချဉ်များတုန့်ဆိုင်းပြီး ကြက်သေသေနေ၏ ။ ကားလေးမှာတော့ ရွေ့လျားနေဆဲ ။ တစ်ဆက်တည်းမှာပင် ထိုကားနောက်ခန်းက သတ္တဝါကြီးက ၎င်း၏ လက်သည်းရှည်ကြီးများဖြင့် မှန်ကို တစ်ဂျစ်ဂျစ် ကုတ်ဆွဲနေပြန်သည်။

မှန်တစ်ထပ်ခြားသည့်တိုင် ထိုကုတ်ခြစ်သံကြီးကို ကိုမြဝင်းအတိုင်းသားကြားနေရသည် ။ ဘာဆက်လုပ်ရမည်ကိုပင် မစဉ်းစားနိုင်တော့ဘဲ ကိုမြဝင်းတစ်ယောက် နဖူးပြင်ကျယ်ကြီးထက်တွင် ချွေးသီးချွေးပေါက်တို့ တွဲခိုလာတော့၏။ လီဗာနင်းထားသော ‌ညာဖက်ခြေထောက်ကြီးမှာလည်း ထုံတက်လာကာ ပိုလို့ပင် နင်းမိလျက်သားဖြစ်သွားပါတော့၏ ။ အထိန်းအကွပ်မဲ့သွားသော ခန္ဓာကိုယ်ကြီးကြောင့် ငါတော့ သေတော့မှာပဲ ဆိုပြီးသာ ကိုမြဝင်း‌ နောက်ဆုံး တွေးမိလိုက်တော့သည် ။

ကားကလေးက မြို့တွင်း ကီလိုမီတာထက် နှစ်ဆလောက်ပိုမြန်လာသည်။ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေပြီမို့ ယခုသူ့အဖြစ်ကို မည်သူမျှမကြားနိုင် မသိနိုင်တော့။ ဒီညက သူ့အတွက် နောက်ဆုံးညလေးသာ ဖြစ်သွားခဲ့မည်ဆိုပါက ။

++++++

“ဟော … ရှေ့မှာမီးအလင်းရောင် ”

အရှေ့ ကိုက်‌ငါးဆယ် ဝန်းကျင် ညာဖက်‌မျက်စောင်းထိုးလေးက အလင်းရောင်လေး တစ်ပြောက်ကို ကိုမြဝင်းသတိထားမိလိုက်သည် မို့စိတ်ထဲက ရေရွတ်လိုက်သည်။ ငါအဲ့အလင်းရောင်ထဲကို ရောက်အောင်ဝင်နိုင်ရင် ငါလွတ်ပြီ ငါမသေတော့ဘူး ဟူ၍ တွေးလိုက်မိ၏ ။ ကားနောက်ခန်းက ကုတ်ခြစ်သံများက တစ်စထက်တစ်စ ပိုပို၍ ပင်ကျယ်လောင်လာသလို အလင်းရောင်လေးကလဲ တစ်ဖြေးဖြေး နီးကပ်လာချေပြီ။

ကိုမြဝင်းလည်း ထိုအလင်းရောင်လေး အနားအရောက် တောင်းတင်းနေသော လက်နှစ်ဖက်ကို အတင်းအားထည့်ကာ ၎င်း၏ ဆန်နီကားငယ်လေးကို ညာဖက်သို့ ဆွဲချလိုက်ပါတော့၏ ။

“‌ ဟေ့ … ဟေး … ဘာလုပ်တာလဲ”

” ဟာ သေကုန်တော့မှာပဲ … ဒီလူကတော့ ”

” ဟေ့လူ မျက်လုံးကန်းနေလား ”

လူလေးငါးယောက်၏ အော်သံကြောင့် ကိုမြဝင်းသတိဝင်လာကာ ကားဘရိတ်ကို ကျွီကနဲနေအောင် ဆောင့်အုပ်ချလိုက်တော့၏ ။ သူရောက်လာသည်ကား မီးများမြိုင်နေအောင်ထွန်းထားတဲ့ ခြံဝင်းကျယ်ကြီးတစ်ခု ထဲတွင်ဖြစ်၏ ။ စောစောက သူ့ကား ဒုန်းဆိုင်းဝင်လာသည်မို့ ခြံထဲက ထိုင်နေသူ ကစားနေသူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။ ကိုမြဝင်းမှာတော့ ကားပေါ်ကပင် မဆင်းနိုင်သေးပေ။ သူ့နှလုံးခုန်သံ တစ်ဒုန်းဒုန်းကို သူ့နားက တစ်ဆင့် သူပြန်ကြားနေရသည် ။

ဆူဆူညံညံ အသံများကြောင့် ခြံဝန်းကျယ်ကြီးထဲရှိ အိမ်ကြီးပေါ်မှ ခပ်ဖြူဖြူလူဝကြီးတစ်ယောက် ပြေးထွက်လာတော့သည်။

” ဟေ့ … ဘာဖြစ်ကြတာလဲ ”

ထိုလူကြီးကမေးတော့ အသက် ၂၀ ကျော်အရွယ် ပြင်ဦးလွင်ဆွယ်တာအညို ခပ်နွမ်းနွမ်း နှင့် အားကစားဘောင်းဘီ ရှည် ကိုဝတ်ထားသော လူငယ်က

” ဒီကားသမား … မူးပြီးအတင်းဝင်လာတာ ဆရာ … ကျွန်တော်တို့ကိုတောင် တိုက်မိတော့မလို့ ”

” ဟေ ”

” ဟုတ်တယ် ဆရာ … ကျွန်တော်တို့ အရှောင်ကောင်းလို့သာပေါ့ … ဆပ်ပြာရည်ပုံးအမဲ နှစ်ပုံးကတော့ သူတိုက်ပစ်လိုက်ပြီ ကျွန်တော်တို့ လည်း ခုမှ ဟိုကားဆေးပြီးလို့ တံခါးပိတ်ဖို့ ကြံနေတုန်းရှိသေးတယ် ”

မှန်ပေသည်။ ကိုမြဝင်း ဒုန်းဆိုင်းမောင်းဝင်သွားသော ခြံကြီးကား ကားရေဆေး ဆီလိုက်သည့်နေရာကြီးပင် ။ ပုံမှန်ဆို ဒီနေရာလည်း ယခုအချိန်လောက်ထိ မဖွင့် ယနေ့မှ နောက်ကျကားတစ်စီးဆေးနေရင်းမို့ ကားရေဆေးသည့် ချာတိတ်များ အချိန်လင့်နေခြင်းပင် ။ ကိုမြဝင်းပဲ ကံကောင်းသည်လားတော့ မပြောတတ် ။ သူဌေးဖြစ်ဟန်တူသော ထိုလူဖြူလူဝကြီးမှာလည်း ဆန်နီ ကား‌လေး ၏ ဒရိုင်ဘာခုံနားလျှောက်သွားလိုက်တော့ ဖားဖိုကြီး တစ်ခုလို ရင်ဘက်ကြီးနိမ့်ချည်မြင့်ချည် အသက်ရှူနေသော ကိုမြဝင်းကို အခန့်သင့်တွေ့လိုက်ရတော့သည်။ ကိုမြဝင်း အပေါ်ပိုင်း တစ်ခုလုံး ချွေးများဖြင့်ရွှဲကာ နစ်လို့။

” ကားဆရာ … ဘာဖြစ်လာတာလဲ ”

ကိုမြဝင်းလဲ ထိုလူကြီးကို ကားပြတင်းပေါက်ကနေ အသာကြည့်လိုက်ပြီး စကားပြောဖို့ကို အတော်အားယူနေရသည်။

” ကျုပ် … ကျုပ် ကို ရေလေး … နည်း … နည်းနည်းလောက် အရင် တိုက် … တိုက်ပါလား ”

” ခန ”

ထိုလူကြီးလည်း ကိုမြဝင်းအား လက်အသာကာပြကာ ဝန်ထမ်းကောင်လေးတစ်ယောက်ကို ရေတစ်ခွက်သွားခပ်ခိုင်းလိုက်သည် ။ တစ်အောင့်အကြာ ကောင်လေးက စတီးခွက်ငယ်ဖြင့် ရေတစ်ခွက်ကို ၎င်း၏သူဌေး ဖြစ်သူ ထိုလူကြီးထံလာပေးသည်။ ကိုမြဝင်းလဲ ကမ်းပေးသော ရေခွက်ကို အငမ်းမရသောက်လိုက်ရင်းမှ အသက်ကို ခပ်ပြင်းပြင်းရှူနေလေ၏ ။ ပြီးမှ

” ကျုပ် … ကျုပ်ကားနောက်ကို အကောင်ကြီး တစ်ကောင် လိုက်လာလို့ဗျ ”

” မဟုတ်တာ … ဒီကားပေါ်ခင်များ တစ်ယောက်တည်းပါတာပါ ”

” မဟုတ်ဘူး … မဟုတ်ဘူး … ကျုပ်ကားနောက်ခန်းကို မဲမဲ တုတ်တုတ်အကောင်ကြီး တစ်ကောင် ခုန်တက်ပြီး လိုက်လာတာ … ကျုပ်ကား ဘက်မှန်ကနေ အသေအချာမြင်လိုက်တယ် ”

ကိုမြဝင်းစကားကြောင့် ထိုလူကြီးလဲ စဉ်းစားဟန်ဖြင့် ခေါင်းကို သုံးလေးချက်အသာငြိမ့်လိုက်ပြီး သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ ကားရေဆေးသည့် အလုပ်သမားကောင်လေး တွေမှာတော့ ကိုမြဝင်းအပြောကြောင့် ကားနောက်ခန်းကို ပတ်ကြည့်သည့်တိုင် ခွေးတစ်ကောင်ကြောင်တစ်မြီးပင် မရှိ။

” ဧကန္တခင်များ … ဟိုအပင်ကြီးအောက်ကနေ … ဖြတ်မောင်းလာတာ မို့လား ”

ထိုလူကြီး၏ အမေး ကြောင့် ကိုမြဝင်းလဲ တစ်ချက်မျှတွေသွားရင်း

” ဟုတ်တယ် … ကျုပ်မှတ်မိပြီ အပင်အောက် တည့်တည့်မှာပဲ အဲ့အကောင်ကြီး ကျုပ်ကားပေါ် ခုန်တက်ပြီး လိုက်လာတာ ”

” ဖြစ်ရမယ် … ဖြစ်ရမယ် … ကဲပါ ကားပေါ်က ဆင်းပြီး ခနနားလိုက်ပါအုံး ”

ကိုမြဝင်းလဲ လောကွတ်ပြုနေသည်ကို လေးစားသမှုဖြင့် ကားပေါ်က ဆင်းလိုက်တော့သည်။ သို့သော် ကြောက်စိတ်အဟုန်က မပြေသေးသည်မို့ သူ့ဒူးတွေက သိပ်မခိုင်ချင် ။ ရပ်နေရင်းမှ လဲသွားတော့မည့် အလား ခံစားနေရသည်မို့ အနားရှိ ခွေးခြေပုလေးပေါ် ပစ်ထိုင်ချလိုက်တော့သည်။

” အဲ့လောက်လဲ ကြောက်မနေပါနဲ့တော့ ကားဆရာရယ် … ဒီထဲရောက်လာမှတော့ အန္တရာယ်ကင်းပါပြီ … ဘယ်နှယ့်လုပ် ဒီလောက်မိုးချုပ်ကြီး မှ ပြန်လာရတာလဲ ”

” ဟုတ်တယ်ဗျ … ကျုပ် နမ့်စလပ်က‌ပြန်တော့ … သိန္နီအော်ဒါရလို့ လိုက်ပို့ရင်း ခု အိမ်ပြန်နောက်ကျတယ်ပဲ ဆိုရမှာပေါ့ … ဒါနဲ့ စကားမစပ် ကျုပ် အဲ့အပင်အောက်က ဖြတ်လာမှန်း ခင်များ ဘယ်လိုသိလဲ ”

ထိုမခါ ရေဆေးဆီလိုက်ပိုင်ရှင် ဦးတရုတ်ကြီးလည်း နှုတ်ခမ်းများပင့်သွားအောင် ပြုံးလိုက်ပြီး

” သိဆို … အဲ့အပင်ကြီးနားမှာ ခုလို ကြုံဖူးတာ ခင်များတစ်ယောက်တည်း ဘယ်ကတော့မလဲ ကားဆရာရဲ့ … နယ်ခံ လူတွေပြောတာတော့ အဲ့ကုက္ကိုလ်ပင်ကြီးမှာ နှစ်ချို့ သဘက်ကြီး တစ်ကောင် ရှိတယ် ဆိုပဲ … ဒီလမ်းထဲ ပရိတ်ရွတ်ပေးတာတောင် အဲ့ကောင်ကြီးက မကျွတ်ဘဲ ဒီတိုင်း ကျန်နေတာတဲ့ … ကျုပ်တော့ မကြုံဖူးပေမယ့် အခု ခင်များလို လူတွေ ဆီက ဇာတ်လမ်းတွေ တော်တော် များများ နားထောင်ဖူးခဲ့ပြီးပြီလေ … အဲ့ဒါကြောင့် သိနေတယ်ဆိုပါတော့ ”

” အင်း … သဘက်ကြီး … ဟုတ်မယ် … မျက်လုံးကြီးတွေကလည်း လက်တစ်ဝါးစာလောက် ရဲတောက်လို့ဗျ … အမွှေးတွေလည်း ဘာထူသလဲ မမေးနဲ့ … နက်မှောင်နေတာ … နောက်ပြီး ကျုပ် ကားနောက်ခန်းကို တစ်ဂျွမ်းဂျွမ်း လက်သည်းတွေနဲ့ ကုတ်ခြစ်နေတာများ… နားကွဲ မတတ်ဘဲ … အမလေး ကျုပ် ပြောရင်းတောင် ကြက်သီး‌တွေ ပြန်ထလာပြီဗျာ ”

ကိုမြဝင်းလဲ မျက်လုံးကလေး ကျီးကန်းတောင်းမှောက်ဖြင့် ပြောရင်းက သူ့လက်ကို သူအသာပွတ်သပ်နေလိုက်သည် ။

” ကားဆရာက … ဘယ်ထိပြန်ရမှာလဲ ”

” ကျုပ်က ရပ်ကွက် ၁၀ ဖက်ပြန်ရမှာ … ”

” အော … သိပ်တော့ မဝေးတော့ပါဘူး … စိတ်မပူပါနဲ့ … ကျုပ်ကလေးတွေ ခင်များကားကို … အန္တရာယ်ကင်း တရော်ကင်မွန်းတွေ ဘာတွေ ပက်ခိုင်းလိုက်မယ် … ခင်များလဲ ပြန်ရင် ကားထဲ ပရိတ် ပဠာန်းလေး ဘာလေး ဖွင့်သွားပေါ့ ”

” ဟုတ်ကဲ့ပါ … ကျေးဇူးလည်း တကယ်တကယ်တင်ပါတယ် … ”

” ရပါတယ် … တစ်မြို့တည်းသား အချင်းချင်းပဲ ကူညီရမှာပေါ့”

ကိုမြဝင်းတစ်ယောက် သဘောကောင်းသော ကိုတရုတ်ကြီး နှင့် တွေ့သည်မို့ အစစအရာရာ အဆင်ပြေသွားခဲ့သည်။ မကြာမီမှာပဲ အလုပ်သမားကောင်လေးတွေ သူ့ကားကို အန္တရာယ်ကင်းအောင် တရော် ကင်ပွန်းများနှင့် ပက်ဖြန်းပေးပြီးပြီ မို့ သူလည်း အိမ်ပြန်ရန်သာကျန်လေတော့သည်။ ထို့ကြောင့် ကားလေးပေါ်အသာတက်ကာ ပရိတ်ပဠာန်း ခွေလေးကို ဦးစွာဖွင့်လိုက်သည်။ ပြီးမှ ကိုတရုတ် ကြီးနှင့် ကောင်လေးများအား ကျေးဇူးတင်ကြောင်း အထပ်တလဲလဲ ပြောရင်း ထိုရေဆေးဆီလိုက်သည့် ခြံကြီးထဲမှ မောင်းထွက်ခဲ့လိုက်လေပါတော့သည် ။

( ယခုအခါမှတော့ ကိုမြဝင်းကြုံခဲ့ရသည့် သဘက်ကြီးလည်း ထိုနေရာတွင် မရှိတော့သလို ၎င်း အမှီသဟဲပြုရာ ကုက္ကိုလ်ပင်ကြီးမှာလည်း အစိုးရစီမံချက်အတိုင်း ထိုနေရာ ထိုဒေသတွင် မရှိတော့ပေ ။ )

++++++++

မနက်ခင်း အာရုဏ်တက်ချေပြီ ။ အ‌မျိုးမျိုး အထွေထွေသော လူသားတို့ ဝမ်းရေးအတွက် စတင်ရန် အချိန်တစ်ခု အလား လောကကြီးက သတ်မှတ်ပေးထားဟန်တူ၏ ။ မြို့မဈေးကြီး ဝန်းကျင်တွင် အထူးသိသာ ထင်ရှားသည်။ ဈေးဝယ်များ ဈေးသည်များသာမက လက်တွန်းလှည်းများ မြို့တွင်း လိုင်းကားငယ်များ လိုင်းကားကြီးများ စသဖြင့် ကားဆိုပါက ကားအလျောက် ဘီးချင်းလိမ် လူဆိုပါက ခြေချင်းလိမ်နေကြသည်။

နမ့်ပေါင်ကားဂိတ်အနီးရှိ လက်ဖက်ရည်ဆိုင် အတွင်းတွင်လည်း ဆန်/ဆီ/ဆား ဝေနေသည့် အလား ခရီးသွားမည့် ခရီးသည်များသာမက ကားဆရာများ နှင့် ကြိတ်ကြိတ်တိုးစည်ကားနေလေသည်။ အနီးအပါးတွင်လည်း ကွမ်းယာဆိုင်ငယ်လေးများ လည်းရှိသလို အချဉ်ပေါင်း ကြက်ဥပြုတ်/ ငုံးဥပြတ် ရွက်ရောင်းနေသော အသည်များလည်း ရှိ၏ ။ လက်ဖက်ရည်ဆိုင်၏ လမ်းတစ်ဖက်တွင် တော့ ဆန်နီကားငယ်လေးများ Light Truck /Hilux စသဖြင့် အမျိုးအစားစုံလင်လှသော ခရီးသွားယာဉ် ကုန်တင်ယာဉ်များကို အစီအရီရပ်ထားသည်မှာလည်း တစ်မျိုးကြည့်ကောင်းနေလေ၏။

လက်ဖက်ရည်ဆိုင်ထဲတွင်တော့ ကားဆရာ ကိုမြင့်မောင်က ရှမ်းခေါက်ဆွဲ မဟုတ်သော ရေစိမ်ခေါက်ဆွဲကို ခေါင်းမဖော်တမ်း တစ်လုပ်ပြီး တစ်လုပ် ပါးစပ်ထဲထိုးသွင်းနေလေသည်။ ရှမ်းပြည်၏ မနက်စာဆိုပါက ရှမ်းခေါက်ဆွဲ ရေစိမ်ခေါက်ဆွဲ တိုဖူးနွေးတို့သည် ယခုလို ဆောင်းရာသီဥတု နှင့် လွန်စွာမှ လိုက်ဖက် ပနံရသည်။ ကိုမြင့်မောင်လည်း စားသောက်ပြီးသွားသည်မို့ အသင့်ပါလာသော နားကြားမှ ဆေးပေါ့လိပ် အတိုကို မီးညှိကာ ခဲနေလိုက်သည်။

လမ်းတစ်ဖက်ကို ကြည့်လိုက်တော့ ဖားမ ကွမ်းယာဆိုင်တွင် ကွမ်းဝင်ထုပ်နေသော လုပ်ငန်းတူ ကားဆရာ သူငယ်ချင်း ကိုမျိုးကို တွေ့လိုက်သည် ။ ကိုမျိုးလည်း ဒီဖက်ကို စောင့်ငဲ့ကြည့်နေသည်မို့ ကိုမြင့်မောင်အား မြင်လျှင်မြင်ချင်း လက်ထောင်ပြကာ သူလာခဲ့မည်ဟု အချက်ပေးလိုက်၏ ။ ကွမ်းထုပ်ပြီးနောက်မှာတော့ ကားဆရာ ကိုမျိုးလည်း ကိုမြင့်မောင် ထိုင်နေရာ စားပွဲငယ်လေးဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့သည်။

” ဘယ်နှယ့်လဲ … ဒီနေ့ခြေနေ …”

ကိုမျိုးစကားစတော့

” ခရီးသည်တွေကရပြီ … ကိုမြင့်မောင်ရ … နောက် နာရီဝက်လောက်ဆိုထွက်တော့မှာ ”

” နမ့်စလပ် ခရီးသည်တွေပဲလား ”

” ဟုတ်တယ် … ဒါနဲ့ ခင်များရော … ”

ကိုမျိုးက မေးလိုက်တော့

” အင်း … တစ်ပတ်လောက်ထပ်ဝှိုက်လိုက်အုံးမယ် … လူက နှစ်ယောက်စာလောက်လိုသေးတာကိုး ”

” အေးပါ … ဒါနဲ့ ကိုမြဝင်းအကြောင်း ကြားပြီးပြီလား ”

ကိုမြင်မောင်က ဌဲ့ထားသော ရေနွေးကို တစ်စုပ်လောက်သောက်လိုက်ရင်း

” ရပ်ကွက် ၁၂ ဖက်မှာ … သဘက်ကြီး သူ့ကားပေါ် ခုန်တက်တဲ့အကြောင်းပြောမို့လား … ကိုမျိုး ”

” ဟုတ်ပဗျာ … ဟုတ်ပ …”

” ကြားပီးပီဗျ … သူတောင် စောစောလေးကပဲ ခရီးသည်ပြည့်လို့ ထွက်သွားပြီ … ”

” အေးဗျ … သတ္တိတော့ မနည်းဘူးနော် … လူကောင်ကသာ ပုပြက်ပြက်နဲ့ …”

” ဘယ်ကသာ … သူ့ပြောပုံအရ … အဲ့ညက ကံကောင်းပြီး ရေဆေးခုံနဲ့ တွေ့လို့ … မဟုတ်ရင် ခများလူလဲ … နတ်ဆရာပင့်နေရလောက်ပြီ … လိပ်ပြာခေါ်ဖို့ ”

ကိုမြင့်မောင် အရွှန်းဖောက်လိုက်တော့ ကိုမျိုးလည်း ရယ်ကျဲကျဲဖြင့်

” အမှန်တိုင်းပြောရရင် … ကျုပ်တို့ ကားဆရာတွေနဲ့ နာနာဘာဝ ဇာတ်လမ်းတွေက … အထူးအဆန်းလည်း မဟုတ်တော့ပါဘူး … တစ်နေ့ မဟုတ် တစ်နေ့ တစ်ကွေ့ မဟုတ် တစ်ကွေ့ ကြုံနေရတာပဲ မဟုတ်လား ”

ကိုမြင့်မောင်လည်း ကိုမျိုးပြောသမျှကို ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ထောက်ခံရင်း ဆေးပေါ့လိပ်မီးခိုးများကို ဆိုင်အပြင်ဖက်သို့ မှုတ်ထုတ်လိုက်ပြီး

” လောလောဆယ်ထိတော့ … ကျုပ်က မကြုံသေးဘူးဗျ … သရဲတွေကပဲ ကျုပ်ကို ကြောက်လို့ လာမခြောက်တာ လား မသိဘူး ”

” ဟုတ်လောက်တယ် … ခင်များရုပ်က … သရဲထက်ပိုကြောက်ဖို့ကောင်းနေတာကိုး … ”

” ဒါတောင် မိန်းမ ငယ်ငယ်လေး ရထားတာ ထည့်ပြောအုံးလေ ဆရာမျိုးရ … ဟားဟား ”

” ဟုတ်ပါပြီ … ကိုမြင့်မောင်ရယ် … ကျုပ်ကပဲ အရှုံးပေးပါတယ် … ဟုတ်ပီလား … အော် … ဒါနဲ့ … ခင်များမသိသေးတာ တစ်ခုရှိသေးတယ် ”

” ဘာများပါလိမ့် ”

” အင်ကြင်းခိုင် တို့ လင်မယား ကားမထွက်တာ လေးရက်လောက်ရှိနေပြီလေ ”

” အင်း … ဟုတ်သား … ကိုမျိုးပြောမှ ကျုပ်သတိထားမိတယ် … သူတို့လင်မယား ပျောက်နေပါကောလား”

” ပျောက်ဆို … နမ္မတူဖက် ခနအလည်ပြန်ကြတယ်ပြောတာပဲ ”

” ဆိုင်းမဆင့်ဘုံမဆင့် ကြီးပါလား ”

” ဟုတ်တယ်ဗျ … သူတို့ကလဲ လင်မယား နှစ်ယောက် တက်ညီလက်ညီနဲ့ အလုပ်တော့ဖြစ်သား … ဒါပေမယ့် ခရီးလမ်းကို ကလေးခေါ်ခေါ်သွားတာ ကျုပ်တော့ သိပ်သဘောမတွေ့လှဘူး ”

ကိုမျိုးက ဝေဖန်ထောက်ပြလိုက်တော့ ကိုမြင့်မောင်က

” အော် … သူတို့ကလေး သူတို့ခေါ်သွားတာ ဘာများဆန်းသလဲ … နောက်ပြီး ထားခဲ့ရင် ထိန်းကျောင်းပေးမယ့် … ဆွေမျိုးရင်းချာ မရှိလို့နေမှာပေါ့ … နောက်ပြီး ကလေးက ကျောင်းနေတဲ့ အရွယ်လည်းမဟုတ် ”

” အဲ့ဒါပြောတာပေါ့ … ကလေးက ငယ်ငယ် နဲ့ဆိုတော့ စောစောက ကျုပ်တို့ ပြောနေတဲ့ သရဲ တစ္ဆေတွေကြုံလာရင် လူကြီးက ခံနိုင်ပေမယ့် ကလေးက မခံနိုင်ဘူးလေ ”

” ခင်များပြောတာလဲ ဟုတ်တုတ်တုတ်တော့ ရှိသား ”

” အဲ့ဒါပြောတာ ကိုမြင့်မောင်ရေ … သူတို့ နမ္မတူကို အလည်ပြန်သွားတာလဲ တခြားမဟုတ်ဘူး … အဲ့မပြန်ခင် တစ်ရက် က … သူတို့လင်မယား ညကြီး လားရှိုးကိုဆင်းလာတာ … သိန္နီမရောက်ခင် လမ်းတစ်နေရာ ရောက်တော့ ကမ်းပါးနားကနေပြီး လူတစ်ယောက်က ကားရှေ့ပြေးထွက်လာတာတဲ့ ကိုယ့်လူရေ ”

” ဟင် … ကားတားတဲ့ ခရီးသည်ဖြစ်မယ်ထင်တယ် ”

ကိုမြင့်မောင် စကားဖြတ်ပြောတော့

” ဘယ်ကသာ … အဲ့လူက သူတို့ကားရှေ့လည်း ရောက်ရော … ဝတ်ထားတဲ့ အကျီကို ဆွဲလှန်ပြတာ ကိုမြင့်မောင်ရေ … အဲ့မှာပဲ ရင်ဘက်ကြီး ဟောင်းလောင်းနဲ့ … အူတွေ အပုံလိုက်ကြီး ကတ္တရာလမ်းပေါ် တဘုတ်ဘုတ် ပြုတ်ကျနေတာကို လင်မယား နှစ်ယောက်လုံး ကားမီးရောင်ကနေ အတိုင်းသားကြီး မြင်လိုက်ရတယ်တဲ့ …”

” ဟာ … ဒါဆို သရဲပေါ့ ”

” ခင်များကလဲ … ကျားကိုက်ပါတယ်ဆိုမှ အပေါက်လေးနဲ့လား လာလုပ်နေတယ် ”

” ခင်များပြောတဲ့ အဲ့နေရာက … နာမည်ကြီးပဲ ကားဆရာ တော်တော်များများ အဲ့မှာ ဇာတ်လမ်းတွေရှိတယ် ”

” အဲ့ဒါပြောတာပေါ့ … ကံကောင်း‌သွားတယ်ဆိုရမယ် အဲ့ညက သူတို့ကလေးက ကြားထဲ အိပ်ပျော်နေလို့ … မဟုတ်ရင် မလွယ်ဘူး … သူ့ယောကျာ်းကလဲ သတိကောင်းကောင်းနဲ့ ထိန်းသိမ်းလိုက်နိုင်တာ ကားရော လူရော ဘာမှ မဖြစ်တယ် … ခုတော့ အဲ့ကိစ္စကြောင့်ပဲ သူတို့ မိသားစုတွေ စိတ်ပြေလက်ပျောက်ပြန်သွားကြတာ ကိုမြင့်မောင်ရ ”

” အေးဗျာ … ဒီတစ်ခုကတော့ ကျုပ်မသိထားဘူး ခင်များပြောမှပဲ သိရတော့တယ် … ဒါနဲ့ တို့လူ ဆိုးပေကြီး တစ်ယောက် ခုထိပေါ်မလာသေးပါလား ”

ကိုမြင့်မောင်ပြောမှ ကိုမျိုးလည်း သတိရသွားဟန်ဖြင့် ဘေးဘီဝဲယာကို တောင်ကြည့်မြောက်ကြည့် ကြည့်လိုက်သည် ။ မနက်ခင်း ခုနစ်နာရီကျော်အချိန်ပင် ဖြစ်သော်ငြားလည်း မြူလေးတွေက ထနေတုန်းပင် ။ ထိုအချိန်မှာပဲ မြို့မမိန်းလမ်းကြီးမှ တစ်ဆင့် သူတို့ကားဂိတ်ရှိရာသို့ ချိုးဝင်လာသော Hilux ကား အဖြူတစ်စီး ကို သူတို့ ပြိုင်တူ တွေ့လိုက်ရတော့သည် ။ ထိုကားအဖြူကို မောင်းနှင်လာသူမှာ တော့ သူတို့၏ မိတ်ဆွေ တစ်ဖြစ်လဲ ညီကိုလို ခင်ရသော ကားဆရာ ကိုဆိုးပေ ပင် ဖြစ်နေပါတော့၏ ။

++++++++

ကိုဆိုးပေ နှင့် အမြန်လမ်းက ကျွဲမိစ္ဆာ

အခန်း ( ၂ )

မနက် ငါးနာရီလောက်တည်းက ကိုဆိုးပေ အိပ်ရာမှထသည် ။ မျက်နှာသစ်သည် ။ ကိုဆိုးပေ နိုးလာတော့ သူ၏ ဇနီးဖြစ်သူလည်း ဆက်အိပ်မပျော်တော့ဘဲ အိမ်မှုကိစ္စများကို သံပတ်ပေးထားသလို စတင်လုပ်ရန် ပြင်ဆင်ရတော့သည် ။ သူတို့၏ သားဖြစ်သူ နှစ်နှစ်သား အရွယ် ကောင်လေးတစ်ယောက်ကတော့ အိပ်မောကျလျက်ပင် ရှိသေးသည်။ ကိုဆိုးပေလည်း ကိုယ်လက်သန့်စင်မှုများကို လုပ်ပြီးနောက်မှာတော့ အကျီအဝတ်အစားများ လဲကာ အိမ်ထဲမှ ထွက်သွားတော့သည်။

ဆယ်မိနစ်ခန့်အကြာမှာတော့ အဖြူရောင် Hilux ကားကိုမောင်းနှင်ကာ ခြံထဲသို့ ပြန်ရောက်လာတော့သည်။ ကိုယ်ပိုင်ကား မဝယ်နိုင်သေးသည့် ကာလ လည်းဖြစ်သည်မို့ အဌားကားဖြင့် သာ ခေါက်ကြေးယူပြီး တစ်နေ့တစ်နေ့ကို သူတို့မိသားစု သုံးယောက် ရုန်းကန်ကြရသည်။ ကိုဆိုးပေ လည်း ခြံထဲ ကားထိုးပြီး စက်ကို နှိုးပေးထားသည်။ ဆောင်းတွင်း၏ မနက်ခင်းမို့ ကားဘက်ထရီများ အေးပြီး ဝပ်နေတတ်သည်။ ထိုအခါ ကားစက်နှိုး၍ မရ တွန်း၍ နှိုးရတတ်သည်။ ထို့ကြောင့်လည်း ကိုဆိုးပေတစ်ယောက်ကားအင်ဂျင်ပူသွားနေစေရန်အလို့ဌာ စက်နှိုးထားခြင်းလည်း ဖြစ်လေသည်။

ပြီးနောက် ကားမှန် နှင့် ကားဘော်ဒီပေါ်မှ မြူများကို အဝတ်ဖြင့်ပြောင်သွားအောင် သုတ်နေလိုက်သည်။ ကိုဆိုးပေ၏ ဇနီးမှာတော့ မနေ့ညက ကျန်သည့် ထမင်းကြမ်းနှင့် စောစောကမှ ဝယ်လိုက်သော စတော်ပဲပြုတ်ကို မီးမွှေးကာ အငွေ့တစ်ထောင်းထောင်းထသည် အထိ ရောကြော်နေလိုက်သည်။ ကိုဆိုးပေ ၏ အနှစ်သက်ဆုံးသော မနက်စာမှာ ထမင်းကြော် နှင့် ရေနွေးကြမ်းပင် မဟုတ်ပါလား ။ ကားအား အတော်အသင့်သန့်ရှင်းပြီးနောက်မှတော့ ဇနီးဖြစ်သူ ပြင်ပေးသော ထမင်းကြော်ကို မြိန်ယှက်စွာ စားသောက်လိုက်သည်။

” အဂူးလေး … မရောက်လာသေးဘူးပဲ”

” ဟုတ်တယ် … စော‌စောကတော့ တွေ့လိုက်သေးတယ် … ထမင်းစားပြီးရင် လာမယ်တဲ့ ”

အဂူးလေး ဆိုသူကား အခြားတော့ မဟုတ်။ ကိုဆိုးပေ၏ ညီအရင်း မောင်နှမများထဲ မှ အငယ်ဆုံးကောင်လေး ဖြစ်၏။ အသက်မှာ ၁၅ ဝန်းကျင်သာရှိသေးပြီး ယခုကျောင်းပိတ်နေသည့်ကာလ ပျင်းနေသည်မို့ သူနှင့်အတူ ကားစပါယ်ယာ လိုက်လာနေခဲ့ခြင်းဖြစ်သည် ။ တစ်ရပ်ကွက်တည်း နေကြသည်မို့ ဝေးဝေးလံလံ သွားခေါ်စရာလဲ မလို သကဲ့သို့ အဂူးလေးအဖို့လဲ လာရလွယ်ကူသည် ။ သူတို့ လင်မယား နှစ်ယောက် စကားပင် မဆုံးလိုက် ကချင်လွယ်အိတ်အနီလေး ကို လွယ်ကာ အဂူးလေး တစ်ယောက် သူတို့ ရှိရာ လျှောက်နေသည်ကို နှစ်ယောက်သား လှမ်းမြင်ကြရသည်။

” ဟော … ပြောရင်းဆိုရင်း လာပြီ”

အဂူးလေးမှာတော့ လူငယ်ပီပီ စပါယ်ယာလိုက်ကာ ခရီးသွားရသည်ကိုပဲ စွန့်စားခန်း တစ်ခုလို ကျေနပ်အားရနေသည့်အလျောက် အမြဲတစေ တက်ကြွ နေလေ၏ ။

” စိုးစိုး … စားပြီးပြီလား … စားပြီးရင် သွားရအောင်လေ ”

အဂူးလေး ထိုသို့ပြောတော့ မရီးဖြစ်သူက

” အေး နင့် အကိုကတော့ … စားပြီးပြီ နင်လည်း စားခဲ့ပြီလား ဗိုက်မဝသေးရင် ထပ်စားပါလား … ဒီမှာ ထမင်းကြော်တွေ အများကြီး ”

” ထပ်စားချင်ပေမယ့် ဗိုက်က ပြည့်နေပြီဗျ … ဒီမှာလဲ အမေက စိုးစိုးကော ကျွန်တော်ကော စားဖို့ … မုန့်ဖတ်ထုပ်တွေ ထည့်ပေးလိုက်သေးတယ် … နေ့လည် နေ့ခင်းအားရင် … သူ့မြေးကို ခေါ်ပြီး အိမ်ဖက်လာလည်အုံးလို့လည်း မှာလိုက်တယ် ”

” အေအေ … နေ့လည်ကျသွားလိုက်မယ်လေ ”

သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပဲ ကိုဆိုးပေမှာတော့ အိမ်နံရံတွင် ချိတ်ထားသော ဇစ်ပိတ်စလွယ်အိတ်လေးကို လှမ်းယူကာလွယ်လိုက်တော့သည်။

” ကဲ … ဒါဖြင့် သွားကြရအောင် ”

” ဟုတ်ပြီ … စိုးစိုး ”

အဂူးလေးကတော့ ခပ်သွက်သွက်ပင် ကားရှေ့ခေါင်းခန်းထဲသို့ လှစ်ကနဲပြေးတက်သွားချေပြီ ။ ကိုဆိုးပေလည်း ဇနီးဖြစ်သူအား မှာတန်တာရှိတာ မှာကြားနေ၏ ။ ပြီးမှ ကားပေါ်တက်ကာ မြို့မဈေးကြီး အလွန်က ကားဂိတ်ဆီသို့ မောင်းထွက်ခဲ့လိုက်ပါတော့၏။

+++++++

” ဟော … ပြောရင်း ဆိုရင်း မောင်မင်းကြီးသား လာနေပါပြီဗျာ … ဒီကောင်ကတော့ အသက်ရှည်အုံးမယ် ”

” ဟုတ်ပ … ”

ကိုမြင့်မောင် နှင့် ကိုမျိုးလည်း သူတို့ ကားများထိုးရာသို့ ဆိုက်ဆိုက်မြိုက်မြိုက်မောင်းနှင် လာသော အဖြူရောင် Hilux ကားကိုကြည့်ကာ ပြောနေလိုက်ကြသည်။ ကိုဆိုးပေ မှာတော့ ကားကို ဂိတ်တွင် ထိုးလိုက်လျှင် ထိုးလိုက်ချင်းပဲ အဂူးလေးက အနီးအပါးမှ ခရီးသည်ဖြစ်ဟန် တူသူများကို လိုက်မေးစမ်းတော့သည်။

” နမ့်စလပ် … သိန္နီ …. အမ ဘယ်သွားမလို့လဲ နမ့်စလပ်လား … သိန္နီလား … ခနနေရင် ကားထွက်မယ် ”

စသဖြင့် အလိုက်သိစွာဖြင့် ခရီးသည်လိုက်ရှာလေတော့သည်။ ကားဂိတ်လည်း ဖြစ်သည့် အလျောက် အချိန်ကြာကြာပင် ပတ်ဝှိုက်နေစရာမလို နာရီပိုင်းနှင့်ပင် ကိုဆိုးပေတို့ကားလေးမှာ ခရီးစတင်ရန်ပင် အဆင်သင့်ဖြစ်လို့နေချေပြီ ။ ကိုမျိုး နှင့် ကိုမြင့်မောင် တို့ နှစ်ယောက်ကတော့ စောစောလေးကပင် သူ့အား နှုတ်ဆက်ပြီး ထွက်သွားကြပြီ မဟုတ်ပါလား ။

” ကဲ … အဂူးလေး တို့လဲ လူပြည့်ပြီဆိုတော့ သွားရအောင်လေ …”

” ဟုတ်ပြီ စိုးစိုး … ငါကွမ်းခနသွားထုတ်လိုက်အုံးမယ် ”

” အေအေ … သွားထုတ်လေ … ပိုက်ဆံ ဒီကယူသွား ”

ဟုပြောရင်း သူ့စလွယ်အိတ်ထဲမှ ရာတန် တစ်ရွက်ကို ကို ကိုဆိုးပေထုတ်ပေးလေသည် ။ ကိုဆိုးပေ၏ အိတ်ကား ပိုက်ဆံအိတ်ဟုဆိုသော်လည်း ပိုက်ဆံထက် ဂေါ်လီလုံးတွေက များသည်။ လမ်းခရီးဝေးသွားရတာ ဖြစ်သည့် အလျောက်လဲ ကိုဆိုးပေမှာ ၎င်း၏ အိတ်အတွင်း လောက်လေးဂွ တစ်လက် နှင့် ဂေါ်လီလုံးများကိုတော့ မပါမဖြစ် အမြဲလိုလို ဆောင်ထားတတ်သည်က အကျင့်တစ်ခုလိုပင် ဖြစ်လို့နေသေး၏ ။

အဂူးလေးလဲ ခပ်သွက်သွက်ပင် ဖားမဆိုသော ကောင်မလေး ယာရောင်းပေး သည့် ကွမ်းယာတစ်ထုပ်ကို ကိုင်ကာ ကားဆီသို့ ခပ်သွက်သွက်ပြန်ပြေးလာတော့သည်။ စောစောကတည်းက သူလှမ်းမှာထားခဲ့သည် မဟုတ်လား ။ ထို့ကြောင့်လည်း ခပ်ကြာကြာ မစောင့်လိုက်ရဘဲ တန်းယူကာ တန်းပြန်လာခဲ့ခြင်းဖြစ်သည် ။

” ရပြီ … စိုးစိုး သွားကြရအောင် ”

” အေအေ … ခရီးသည်ကော စုံပြီလား ”

” စုံပြီ … လားရှိုးကြီး ဖက်မှာတော့ နှစ်ယောက် သွားခေါ်ပေးရမှာ … ”

” အဲ့ကနေ … တခါတည်းသွားကြတာပေါ့ ”

ထိုသို့ တိုင်ပင်စရာရှိသည်များ တိုင်ပင်ပြီးနောက် ကိုဆိုးပေလည်း ဒရိုင်ဘာ ခုံတွင် ထိုင်လိုက်ပြီး ကားကို စတင်စက်နှိုးလိုက်တော့သည်။ အရှေ့ခန်း ခရီးသည်ပါသည်မို့ အဂူးလေးမှာ ကားအနောက်ခန်းတွင် ခရီးသည်များနှင့် အတူထိုင်ရလေသည်။ မိနစ်ပိုင်းလေး အတွင်းမှာပဲ ကိုဆိုးပေတို့၏ ကားကလေးမှာ ထိုဂိတ် အား ကျောခိုင်းရင်း တစ်ရွေ့ရွေ့စတင်ထွက်ခွာလာခဲ့လိုက်ပါတော့၏ ။

+++++++

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသလေး ဖြစ်သည်အလျောက် ကားလမ်းခရီးတစ်လျှောက် အေးစိမ့်စိမ့် လေရိုင်းလေးများနှင့် အတူ စိမ်းညှို့ညှို့ တောင်တန်းကြီးတွေက လှချင်တိုင်းလှနေ၏ ။ ယနေ့ခတ်လို တော့ ခေတ်မှီကားလမ်းကြောင်းများ မရှိသေးသလို ခရီးသည်တင် ယာဉ်ငယ်လေး ဖြစ်သည်မို့ ရောက်ရာ အရပ်တွင် လူတင်လူချ ရသည့် ကိစ္စများလည်း ရှိသည့် တိုင် အချိန်ကုန်တိုက်စား သည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။ ( ယနေ့ခေတ်တွင်တော့ တစ်နာရီခွဲ နှစ်နာရီလောက်နှင့်ပင် ထိုလမ်းခရီးကို ကောင်းစွာ သွားနိုင်နေချေပြီ ဖြစ်၏။ ) ကိုဆိုးပေ တို့ ကားလေး နံနက်ခင်း ကိုးနာရီ လောက်မှ လားရှိုးမြို့ကြီးကို ကောင်းကောင်းကြီး ထားရစ်ခဲ့လာနိုင်ခဲ့သည် ။

အသွားတော့ မဖြစ်မနေ ခရီးသည်ရှာရသော်လည်း နမ့်စလပ်မှ ပြန်ချိန်တွင်မူ ခရီးသည် မရလဲ ကိစ္စမရှိပေ ။ ထိုမှ ဘီယာဖာများ မုန့်ဖာများ တင်လာပါက အဆင်ပြေသည် ။ နေ့ချင်းပြန်ခရီးဖြစ်သည်မို့ ရံဖန်ကရံခါ အိမ်ပြန်နောက်ကျတတ်သည်။ အစောဆုံး ဆိုလျှင်လည်း ညနေစောင်း သုံးနာရီလေးနာရီဝန်းကျင်လောက်မှပါ ပြန်ရောက်ကြရစမြဲ ။

နေ့ခင်း ၁၁ ဝန်းကျင်‌လောက်မှာတော့ ကိုဆိုးပေတို့ကားလေး ရေပူဂိတ်ကိုရောက်လေသည် ။ ထိုဂိတ်တွင်တော့ အစိုးရဝန်ထမ်း အချို့က ကုန်ပါသောကား များကို စစ်ဆေးကာ လမ်းကြေး အခွန်ငွေများကို ကားဆရာများ အုံနာများက အဆင့်ဆင့်ဝင်ရောက်ပေးဆောင်ကြရသည်။ တစ်ချို့ ကျန်းမာရေး အရ အပေါ့အပါး သွားချင်သော ခရီးသည်များ သွားလိုပါက ခေတ္တ ခနနားနိုင်သော နေရာ ဖြစ်သလို အဆာပြေ စားဖို့ ကားအနီးကို လာရောက်ရောင်းချပေးသော ကောက်ညှင်းပေါင်းနှင့် အမဲခြောက်‌များရောင်းသည့် ဈေးသည် အချို့ကိုလည်း တွေ့နိုင်သည်။

ဆယ်မိနစ် ဆယ့်ငါးမိနစ်ခန့် နေတော့ ကိစ္စဝိစ္စများပြီးစီး သွားပြီမို့ လိုရာခရီးကို ဆက်လက်မောင်းနှင်ခဲ့လိုက်ပြီး နေ့လည် ၁၂ နာရီ စွန်းစွန်း တွင် နမ့်စလပ်ရွာကလေးသို့ ရောက်လေ၏ ။ ခရီးတစ်ခု အောင်မြင်သွားပြီမို့ အဂူးလေးမှာ တက်ကြွနေသည် ။ ပါလာသော ခရီးသည်များကိုလည်း ဂိတ်တွင်သာ ဆင်းစေပြီး ကိုဆိုးပေ တို့နှစ်ယောက်မှာတော့ နေ့လည် စာအတွင် တရုတ်အမျိုးသမီးကြီး ရောင်းချသော ထမင်းဆိုင်သို့ ချီတက်ခဲ့လိုက်ကြပါတော့၏ ။

ကိုဆိုးပေမှာ တိုင်းရင်းသား ကပြားတစ်ယောက် ဖြစ်သလို ကားဆရာလည်း ဖြစ်သည်မို့ အပေါင်းအသင်းဝင်ဆံ့သူတစ်ဦးဖြစ်သည်။ လူပုံက အသားဖြူဖြူ တောင့်တောင့်ဖြောင့်ဖြောင့် ဖြစ်ပြီး အားလုံးနှင့် အလိုက်အထိုက် ပြောဆိုနေထိုင်တတ်ပြီး လူချစ်လူခင်ပေါများ သည်။ ယခုလည်း နမ့်စလပ်ထမင်းဆိုင်က တရုတ်အမျိုးသမီးကြီးမှာ ကိုဆိုးပေအား ၎င်း၏ တူအရင်း မောင်အရင်း သဖွယ်လွန်စွာမှ လည်း ရင်းနှီးလေသည်။

တချို့သော ခရီးရောက် နောက်ကျရက်များတွင် ထိုဆိုင်တွင်သာ တစ်ညအိပ်နေကြပြီးမှ ပြန်တတ်သလို ဆွေမျိုးရင်းများ ပမာဖြစ်နေသည်ကလည်း အဆန်းတော့ မဟုတ်ပေ။

” အဂူးလေး … ဆာနေပြီလား ”

” ကွမ်းဝါးထားတော့ သိပ်မဆာသေးဘူး … ”

ဟုပြောရင်း ကားပြတင်းပေါ်ကနေ လမ်းပေါ်သို့ ကွမ်းတံတွေးကို ပျစ်ခနဲထွေးလိုက်တော့သည်။ တစ်အောင့်လောက် အကြာမှာတော့ ကိုဆိုးပေလည်း ထမင်းဆိုင်ရှေ့ရောက်ပြီမို့ ကားကို ဘရိတ်အုပ်ကာ စက်သတ်လိုက်၏။

ဆိုင်ထဲသို့ ဝင်လျှင်ဝင်ခြင်း ထမင်းပွဲများပြင်နေသော အသက် ၅၀ ကျော် ၆၀ အရွယ်ဝန်းကျင် တရုတ်အမျိုးသမီးကြီးက သူတို့အားလှမ်းနှုတ်ဆက်လေသည်။

” ရောက်လာကြပြီလား … ဒီနေ့တော့ စောသားပဲ ”

” ဟုတ်တယ် တာမားရေ … ဝေးဝေးလံလံ ခရီးသည်တွေပါမလာလို့ … ကျွန်တော့်ကို တော့ ထုံးစံအတိုင်း လုပ်ပေးပါ … အဂူးလေး မင်းကော ဘာစားမလဲ ”

” ငါတော့ … ခေါက်ဆွဲကြော်ပဲ စားလိုက်မယ် ”

” အေအေ … မှာထားလိုက်ကွာ ငါ နောက်ဖေး ခနသွားအုံးမယ် ”

ကိုဆိုးပေလည်း အပေါ့အပါးသွားပြီး ပြန်လာတော့ ဘီးတပ်လှည်းကလေး နဲ့ ဆိုင်ခန်းထဲ တောင်ပြေး မြောက်ပြေး ပြေးနေသော တာမား၏ မြေး အာလူး နှင့် သွားကလူနေသည်။ အာလူးမှာ တစ်နှစ် မပြည့်တစ်ပြည့် တရုတ်ကလေး ဖက်တီး လေးဖြစ်၏။ များမကြာမီမှာပဲ စားပွဲပေါ်သို့ အငွေ့ထောင်းထောင်း ထနေသော စားသောက်ဖွယ်ရာများ ရောက်လာခဲ့သည်။ ကိုဆိုးပေတို့ ညီကို နှစ်ယောက်လည်း ခရီးပန်းလာကြပြီမို့ နှစ်ယောက်သား ခေါင်းမဖော်တမ်း လွေးလိုက်ကြပါလေတော့၏ ။

+++++++

” အပြန် လူကဲ့ အုံးမှာလား စိုးစိုး ”

” မကဲ့တော့ဘူး … လမ်းမှာရတဲ့ ခရီးသည်လောက်ပဲ တင်တော့မယ် … ရပ်ကွက် ၅ က တရုတ်လောပန်း လောက်အဲ ဆိုင်ကို ဘီယာဖာတွေ တင်သွားပေးရမှာ ”

” အင်းကောင်းတာပဲ … လူမပါတော့ အေးဆေးမှ ထွက်လို့ရတာပေါ့ ”

ကိုဆိုးပေလည်း ဘာမျှဆက်မပြောတော့ဘဲ ရေနွေးကြမ်း ပန်းကန်လုံးကို တဖူးဖူး မှုတ်ကာ ဇိမ်ယူသောက်နေလိုက်တော့သည်။

ညနေ သုံးနာရီကျော်လောက်မှ လားရှိုးသို့ ပြန်သယ်မည့် ဘီယာဖာများကို ကားတစ်စင်းလုံး နီးပါး တင်လို့ ပြီးစီးလေသည်။ ဒီလိုဆို သူတို့ လေးနာရီလောက်မှသာ နမ့်စလပ်က ထွက်ဖြစ်မည် ။ ခြောက်နာရီ ကျော် ခုနစ်နာရီလောက် လားရှိုးကို ရောက်မည်ဟု တွေးထားသော်လည်း နမ့်စလပ်မှ မထွက်ခွာမီကို ကားနောက်ခန်းက ဗြောင်း ကနဲ မြည်သံကြီး တစ်ခုက ကြောက်ခမန်းလိလိ ထွက်ပေါ်လာခဲ့တော့သည်။

” ဟာ … စိုးစိုး … ဘာသံကြီးလဲ ”

အဂူးလေးက စိုးရိမ်တစ်ကြီးဖြင့် မေးလေသည်။

” ဝိတ်များသွားလို့ … ကားလေးကျိုးတာထင်တယ် ”

ကိုဆိုးပေလည်း သူ့ညီအား ပြောရင်း ကားအောက်ဆင်းကြည့်လိုက်တော့ အမှတ်ပင် ညာဖက်ပိုင်းက ကားလေး ကျိုးနေခြင်း ဖြစ်သည်။ အဂူးလေးလဲ ကားပေါ်မှ သူ့အနားဆင်းလာရင်း

” ဘယ်လိုလုပ်ကြမလဲ … စိုးစိုး ”

” ဘယ်လိုမှ လုပ်မရဘူးလေ … ဝပ်ရှော့ထိ ရောက်အောင်မောင်းပြီး လေးအသစ်တပ်ရင်တပ် ဒါမှ မဟုတ် … ဂဟေဆော်ပြီး ဟိုထိရောက်အောင် မောင်းရမှာပေါ့ ”

” ဟင် … ဒါဆို ကားပေါ်က ဖာတွေကရော ”

” ပြန်ချရမှာပေါ့ဟ ”

” သေလိုက်ပါတော့ကွာ ”

အစောလေးကမှ ပင်ပင်ပန်ပန်း စီကာရီကာ တင်ထားရသော ဘီယာဖာများ ပြန်ချရမည် ဆိုသောကြောင့် အဂူးလေးတစ်ယောက် လူငယ်ပီပီ ကိုယ့် နဖူးကိုယ် ခပ်စပ်စပ်လေး ရိုက်လိုက်ရင်း ငြီးတွားလိုက်ပါတော့၏။

ကားဝပ်‌ရှော့မှာ သိပ်မဝေးလှသည်မို့ ရောက်အောင်မောင်းကာ ကားကိုအပ်ခဲ့လိုက်သည်။ အဆိုးထဲက အကောင်းဟုဆိုရမလို ကားလေးမှာ အသစ်လဲစရာမလိုဘဲ ဂဟေဆော်ပြီး ပြန်တပ်သုံးလို့ ရသည်ဟု ဝပ်ရှော့ ဆရာက ဆိုသည်။ ကားဂျိုက်ထောက်ရန် အတွက်တော့ ကားပေါ်မှ ဘီယာဖာ သုံးပုံနှစ်ပုံလောက်ကို သူတို့နှစ်ယောက်အပါ အဝင် ကားဝပ်ရှော့ရှိ လူများက ကူညီ ချပေးသည်မို့ ခပ်သွက်သွက်ပင် ပြီးမြောက်ခဲ့သည်။

လွမ်းဆွေးဆွေး အငွေ့အသက်များကို အပြည့်အဝ ရရှိလို့နေသည်။ တစ်နေကုန်လုံး အားမာန်အပြည့်ဖြင့် လင်းလင်းထိန်နေသော နေမင်းကြီးက အနောက်ဖက် တောင်များအောက်ကို ငုပ်လျှိုး စပြုနေပြီ။ ပုစွန်ဆီရောင် ခပ်ပျပျ အလင်းရောင်လေးက မကြာခင်မိုး ချုပ်တော့မည် ဟု အချက်ပေးနေသည့် အလား ။ ငါးနာရီခွဲလုခွဲခင် ပြင်ဆင်လို့ ပြီးတော့ ချထားသော ဘီယာဖာများကို ပြန်တင်လိုက်ကြသည်။ သူတို့ကားလေး ပြန်ထွက်ဖို့ တာဆူနေပြီ ။ နမ့်စလပ်ရွာလေးမှ မထွက်ခွာမီ ထမင်းဆိုင်က တာမားကို အပြန် ဝင်နှုတ်ဆက်နေကြ ဖြစ်သည်မို့ ကိုဆိုးပေလည်း ဆိုင်ရှေ့ကားလေးရပ်ကာ

” တာမား … သွားတော့မယ်နော် ”

ဟုသာ ကားပေါ်မှ လှမ်းနှုတ်ဆက်လိုက်သည်။ ထိုအခါ ဆိုင်ရှေ့မှာပင် ကုလားထိုင် နှင့် ထိုင်နေသော တာမားက

” နင်းတို့ နောက်ကျနေပါလား … ခြောက်နာရီတောင် ထိုးတော့မယ် … မနက်ဖြန်မှပြန်ကြလေ ”

တစ်နာရီခွဲ နှစ်နာရီသာ မောင်းရသော ခရီးလည်း ဖြစ်သလို အိမ်တွင် အမျိုးသမီး နှင့် သားလေး တစ်ယောက်သာ ရှိသည့်အတွက် စိတ်မချနိုင်သော ကိုဆိုးပေမှာတော့

” ရတယ် … တာမား … ခုချိန်ပြန်ရင် မှီပါတယ် နက်ဖြန်တော့ ပြန်တက်လာချင်မှ လာဖြစ်မယ်နော် ”

” အေးအေး … ဂရုစိုက်သွားအုံး နင်းတို့ လက်နှိပ်ဓာတ်မီးတွေ ဘာတွေပါသေးလား ”

” မပါဘူး တာမား …”

” မပါရင် … ငေါ တို့ဆီကယူသွား … ”

ဟုပြောကာ ဆိုင်ထဲမှ သုံးတောင့်ထိုး စတီး ဓာတ်မီးကို ကိုင်ကာ ကိုဆိုးပေတို့ ကားဆီထိလာပေးရှာလေသည်။ အမှောင်ရိပ်က လည်း သမ်းစပြုလာပြီ မဟုတ်ပါလား ။ မြောက်ပိုင်းဒေသများ၏ ဆောင်းအကုန်နွေအကူးကာလ များသည့်တိုင် ညတာက ရှည်လို့ကောင်းတုန်းပင် ။ ကိုဆိုးပေတို့လည်း တာမားအား ကျေးဇူးတင်စကားများပြောကာ နှုတ်ဆက်ရင်း နမ့်စလပ်မှ သည် လားရှိုး သို့ ခရီးပြန်ဆက်လာခဲ့လိုက်ကြပါတော့၏။

+++++++

စောစောက ကားလေးကျိုးထား၍လား အိမ်ပြန်နောက်ကျ တော့မည်ကို တွေးမိ၍လား မပြောတတ် ကိုဆိုးပေရဲ့ စိတ်အစုံက လေးလံနေသည်။ နဂိုတည်းက နည်းနည်း ဆို ချွေးများ စို့တတ်သူမို့ ယခုလည်း ကားခေါင်းခန်း ဝါးကျင့်ကျင့် မီးရောင်အောက်မှ သူ့နဖူးထက် ချွေးသီး ချွေးပေါက်များကို တစ်လက်လက် မြင်နေရသည်။ အဂူးလေးမှာတော့ ကွမ်းလေး တစ်မြုံ့မြုံ့ဝါးရင်း ကိုယ့်အတွေးလေးနှင့်ကိုယ် အပူအပင်ကင်းစွာ ဘေးမှ ပါလာလေ၏။

နမ့်စလပ်ရွာ ဆိုသော မှတ်ကျောက်တိုင်လေးမှာ သူတို့ ကားလေးရဲ့ အနောက် ဝါးနှစ်ပြန်လောက်တွင်ကျန်ရစ်ခဲ့ပြီ။ ညအချိန်သို့ ကူးပြောင်းလာပြီမို့ အေးစက်စက် လေငွေ့ အချို့က ကားခေါင်းခန်းထဲကို အလုအယက် တိုးဝှေ့လို့ ။ ကိုဆိုးပေလည်း အအေးသက်သာစေရန် ကားမှန်ကို တစ်ဝက်ခန့် လှည့်တင်လိုက်သည် ။ အချိန် ခြောက်နာရီ‌ခွဲ ဝန်းကျင်၏ အမှောင်ထုက ယနေ့မှပင် ပို၍ ကြီးစိုးနေလေသလား ။

အိမ်ကို မြန်မြန်ရောက်ချင်ဇော နှင့် ကားလီဗာကို ခပ်ပြင်းပြင်း နင်းနေသည့်တိုင် ကားမှာ လိုရာသို့ သိပ်မရောက် ။ အနောက်ခန်း ဘီယာဖာများ၏ ဝိတ်များ၍ ပဲလား သူ့စိတ်ထင်နေခြင်းပဲလား ကိုတော့ ဝေခွဲမပြတတ် ။ ပုံမှန် နှစ်နာရီဝန်းကျင်နှင့် ရောက်သည့် ခရီးဖြစ်သော်လည်း ယခု နာရီဝက်ကျော် မောင်းနှင်လာသည့်တိုင် နမ့်စလပ် ရွာ နှင့် သိပ်မဝေးသော အကွာအဝေးမှာသာ သူတို့ကားလေးက ပြေးနေလို့ကောင်းတုန်းပင် ။

အဂူးလေးက ဘာမျှ သတိမထားမိသော်လည်း ထိုလမ်း ထိုခရီးကို နောကြေနေသော ကိုဆိုးပေ အဖို့ မသင်္ကာသည့် စိတ်များက တစ်စတစ်စ အဖက်ဖက်က တိုးဝင်လို့လာချေပြီ။ ကား Desk board ပေါ်မှ Digital နာရီလေးမှာတော့ သူ့အလုပ်သူ တာဝန်ကျေနေသည့် အလား စက္ကန့် နံပါတ်လေးမှသည် မိနစ် သို့ ခပ်မှန်မှန်လေး ကူးပြောင်းနေလေပါတော့၏ ။

ယခုလို အချိန်ကြီး နမ့်စလပ်မှ လားရှိုးသို့ အမြန်လမ်းမပေါ်တွင် သူတို့ကားလေးမှ အပ လှုပ်ရှားနေသော အရာဟူ၍ အလျဉ်းမရှိ ။ ကိုဆိုးပေလည်း လမ်းများ မှားလေသလား ဆိုသည်အထိ သံသယ ဝင်လာသည်မို့ ကားအပေါ်မီး အောက်မီးကို သုံးလေးချက် ကစားကြည့်လိုက်သည်။ မှားစရာအကြောင်းကလဲ မရှိသလို ခပ်ကြမ်းကြမ်း လမ်းမကြီးက သူ့ကားမီးရောင် အောက်တွင် ပကတိ ငြိမ်သက်လို့သာ။

” စိုးစိုး … တို့ …. (….) နားတောင် မရောက်သေးပါလား ”

” အင်း … ပုံမှန်ဆို ရောက်သင့်နေပါပြီ … ခု မှ ဘာဖြစ်တယ် မသိဘူး ”

” ကားဝိတ်များနေလို့ လား … ဒါမှမဟုတ် လေးကျိုးထားလို့ ကားက သိပ်မပြေးတာလား ”

” မသိတော့ပါဘူးကွာ … အချိန်တန်တော့ ရောက်မှာပေါ့ … ဘာလဲ မင်းကကြောက် လို့လား ”

” ပေါက်ပေါက်ရှာရှာ … ဘာကိုကြောက်ရမှာလဲ … ”

” မသိဘူးလေ … မင်းက ကြောက်လန့်တကြီး မေးနေတာကိုး ”

ကိုဆိုးပေ တို့ ညီကို နှစ်ယောက်မှာ အသက်အရွယ် အားဖြင့် ၁၀ နှစ်ကျော်မျှ ကွာသော်လည်း ညီကို လို သူငယ်ချင်းလို ပေါင်းသင်းကြသည်မှာ ယခင်တည်းကပင် ။ အပျင်းပြေရန် အလို့ဌာ ငြိမ်သက်နေရင်းမှ တစ်ယောက်ကို တစ်ယောက် စကားများပြောကာ ဆက်လက်မောင်းနှင် လာခဲ့လိုက်တော့သည်။ အရှိန်ဖြင့် ပြေးနေသော ကိုဆိုးပေတို့ Hilux ကားလေးမှာ တစ်နေရာ အရောက်တွင်တော့ ရှေ့မီး နောက်မီးများ ဖယောင်းတိုင်မီးမှုတ်လိုက်သကဲ့သို့ တစ်ပြိုင်တည်း မှိတ်သွားတော့သည်။ ကိုဆိုးပေလည်း ဘာမျှ မမြင်ရတော့သည်မို့ လမ်းဘေးတစ်နေရာလောက်ကို မှန်းကာ ကား ဘရိတ်ကို အတင်း နင်းလိုက်လျှင် နင်းလိုက် ချင်း အင်ဂျင်စက်က တန်းသေသွားတော့သည်။

မှောင်မည်းနေသော အမြန်လမ်းမပေါ်တွင် အဝေးကကြည့်မည်ဆိုပါက ကားရှေ့ခန်း ဝါကျင့်ကျင့် မီးရောင်လေးအောက်က ကိုဆိုးပေ တို့ညီကို နှစ်ယောက်ကို အတိုင်းသားမြင်ရမည်။ ည၏ အမှောင်ထုက မိစ္ဆာမြူးတော့မည့် အလား တစ်စထက် တစ်စ နက်နက်ရှိုင်းရှိုင်း ဖြစ်လာတော့သည်။ ကိုဆိုးပေလည်း ကားသော့ကို လှည့်ကာ လှည့်ကာ စက်နှိုးဖို့ ကြိုးစားသော်လည်း ကားမှာ လုံးလုံးကို ဝပ်သွား ချေပြီ ။

” အရေးထဲမှကွာ … ”

အင်္ဂါသား ဖြစ်သည့် အလျောက် စိတ်ကလည်း လက်တစ်ဆစ်ပင် ကား စတီယာရင်ကို နှစ်ချက်ခန့် ခပ်ပြင်းပြင်း ထုရင်းမှ ပေါက်ကွဲလိုက်၏ ။

” စိုးစိုး … ဘာဖြစ်တာလဲ ”

” မသိဘူး … ဘက်ထရီဝပ်တာလား … ဘာလားပဲ … ဆီကတော့ နမ့်စလပ်မှာ ထည့်လာတော့ ကုန်စရာအကြောင်းမရှိဘူး …နေအုံး … ငါဆင်းကြည့်လိုက်မယ် ”

” အေး … ငါပါလိုက်မယ် ”

အဂူးလေး လည်း ခပ်သွက်သွက်ပင် ကား ဂီယာတိုင်ဘေးက ‌သုံးတောင့်ထိုး စတီးဓာတ်မီးကို ယူရင်း ကားပေါ်မှ ခုန်ဆင်းလိုက်တော့သည်။ ကိုဆိုးပေမှာတော့ ၎င်း၏ စလွယ်အိတ်ကို ကောက်လွယ်ရင်းမှ ကားရှေ့ဖုံးကို ဖွင့်ကာ ဟိုနှိုက် ဒီနှိုက်နှင့် ပြန်ကောင်းလို ကောင်းငြား ကလိနေ‌လိုက်သည် ။ အဂူးလေးကတော့ ကိုဆိုးပေ လုပ်နေရာသို့ အလိုက်တသိဖြင့် ဓာတ်မီးကို ထွန်းပေးထား၏ ။ ရှစ်နာရီလည်း ထိုးလုတော့မှာမို့ သုံးတောင့်ထိုး ဓာတ်မီး၏ အလင်းရောင်က အလွန့်ပင် အားကောင်း‌လို့နေလေ၏။ ကားစက်ပိုင်း ဆိုင်ရာမှာ ပြစ်ချက်ရှိလောက်သည့် အထိ ချို့ယွင်းမနေသော်လည်း ဘာကြောင့် စက်သေသွားသည်ကို မစဉ်းစားတတ်အောင် ဖြစ်နေစဉ်မှာပဲ အတော်ဝေးဝေးမှ မြေပြိုသံကြီးကို အဂူးလေး တစ်ယောက် ခပ်သဲ့သဲ့ကြားလိုက်ရလေတော့သည်။

ကိုဆိုးပေ နှင့် အမြန်လမ်းက ကျွဲမိစ္ဆာ

အခန်း ( ၃ )

အစမှာ အမှုမဲ့ အမှတ်မဲ့နေ လိုက်သော်လည်း ၎င်း မြေပြိုသံကြီးကား သူတို့နှင့် နီး သထက် နီးလာသလို စတင်ခံစားလာရသည်။ ကိုဆိုးပေမှာတော့ သူ့အာရုံနှင့် သူ ဘေးဘီပတ်ဝန်းကျင်ကို ဂရုမစိုက်အား ။ အဂူးလေးလဲ အသံလာရာကို စူးစမ်းချင်သော်လည်း ကိုဆိုးပေ စိတ်တိုနေသည်ကို သဘောပေါက်သည်မို့ ဓာတ်မီးကို အခြားဖက်သို့ ကြည့်ဖို့ရန် မရဲရှာပေ ။ တစ်ဒုန်းဒုန်း တစ်အုန်းအုန်း မြည်သံကြီးက သူတို့ နှင့် ဝါးနှစ်ရိုက် အကွာလောက်ရောက်လာနေသည့် အချိန်တွင်တော့ အဂူးလေးလဲ အောင့်အည်းမနေတော့ဘဲ ဓာတ်မီးကို အသံလာရာသို့ ဆတ်ခနဲ လှည့်လိုက်တော့သည်။

ည‌အမှောင်ထု အားကောင်းသလောက် ဓာတ်မီး၏ အလင်းရောင်ကလည်း အနိုင်မခံ အစွမ်းကုန် ထွန်းလင်းလိုက်သော အခါမှာတော့/ သူတို့ ထံ ဒုန်းဆိုင်း ပြေးလာနေ သည့် ကျွဲနက်ကြီးတစ်ကောင်ကို အဂူးလေးသာ ကနဦးမြင်လိုက်ရတော့သည်။

ကျွဲဟုဆိုသော်ငြားလည်း တဟုန်ထိုးပြေးလာနေသည့် ၎င်းကျွဲနက်ကြီးမှာ ထန်းပင်တစ်ဖျားခန့်လောက် မြင့်မားနေပြီး ပီပါသာသာ ကြီးမားသော ပတ္တမြားရောင် ရဲရဲတောက် မျက်လုံးကြီးများက အဂူးလေး၏ ဓာတ်မီးရောင် အောက်တွင် တစ်ဖျပ်ဖျပ်လတ်နေသည်။ ကျောကြီးပေါ်မှ အမွှေး အမျှင်များက ဝမ်းဗိုက်အောက်ကိုကျော်လွန်ကာ ကတ္တရာလမ်းနှင့်ပင် တရွတ်တိုက် ဆွဲလို့နေပြီး နှာမှုတ်သံ ခပ်ပြင်းပြင်းကြီးက ကြောက်မက်ဖွယ်ကျယ်လောင်စွာ ထွက်ပေါ်နေလေ၏ ။

အဂူးလေးလဲ တဒင်္ဂ ကြက်သေသေသွားကာ စိတ်နှင့် လူ ကွဲကွာနေသော်လည်း ထိုမြင်ကွင်းကြောင့် ဓာတ်မီးကိုင်ထားသော လက်တစ်ဖက်ကတော့ တစ်တုန်တုန် တစ်ရမ်းရမ်းဖြစ်လို့နေ၏။

“ဟေ့ကောင် … အဂူးလေး ပြင်နေတာ က ဒီမှာကွ … မင်းမီးက ဘယ်ကိုထိုးနေတာလဲ ”

ကိုဆိုးပေ အသံကြားကာမှ အဂူးလေးလဲ သတိပြန်ဝင်လာပြီး

” စိုး … စိုးစိုး … ဟိုမှာ ကျွဲ ကျွဲကြီး ငါတို့ဆီ ပြေး လာနေပြီ ”

ကိုဆိုးပေလည်း ကား ရှေ့ဖုံးတစ်ဖက်မှ ခေါင်းပြူကာ ဓာတ်မီးရောင် တစ်လျှောက်ကို ကြည့်လိုက်တော့ အဂူးလေး ပြောသလိုပင် သူတို့ထံ ပြေးလာသော ကျွဲနက်ကြီး ။ ဂျိုဖျား ဖြင့် မဝှေ့ ဘဲ နင်းမိလျှင်ပင် ကားရော သူတို့ နှစ်ယောက်ပါ စိစိညက်ညက် ကြေမည့် အနေအထားပင်။ သို့သော်လည်း ကိုဆိုး‌ပေမှာ နဂိုတည်းက သတ္တိမခေသူ ဖြစ်သည်က တစ်ကြောင်း ကားပျက်လို့ စိတ်တိုနေသည်က တစ်ကြောင်းမို့ ချက်ချင်းပင် စလွယ် ဇစ်ဆွဲအိတ်ထဲက လောက်လေးဂွ နှင့် ဂေါ်လီလုံးများကို ထုတ်ကာ ထိုကျွဲနက်ကြီးဆီသို့ တစ်ရကြမ်း ပစ်နေတော့သည်။

” အဂူးလေး … မီးကိုသေချာထိုးထား ”

” ထိုး … ထိုးထားပါတယ် ”

ဂေါ်လီလုံး ဆယ်လုံးကျော်ခန့် ထိမှန်သွားသည့်တိုင် ကျွဲကြီးမှာ ပြေးလာနေဆဲ ။ အဂူးလေးမှာတော့ ခေါင်းနပန်းများကြီးကာ လူပင် ခွေယိုင်လဲ လုမတတ် ဒူးဒူးချင်း ရိုက်နေချေပြီ။

” ပြေး … ပြေးလာနေ ပြေးလာနေတုန်းပဲ … စိုး .. စိုး ”

ကိုဆိုးပေမှာတော့ အာရုံမလွှင့်သေးဘဲ ပစ်မှတ်ကိုသာ တစ်စိုက်မှတ်မှတ် ပစ်ကာ ဂေါ်လီအလုံး ၃၀ ခန့်ကုန်အပြီး ကျွဲကြီး သူတို့နှင့် တစ်လဲ အကွာခန့် အရောက်မှာတော့ တဖြေးဖြေး သေးငယ်သွားကာ အခိုးအငွေ့များ အဖြစ် ပျောက်ကွယ်သွားတော့သည်။ အဂူးလေး တစ်ယောက် ဇောချွေးများ တစ်ကိုယ်လုံး နစ်ရွှဲကာ ဓာတ်မီးကိုင်လျက်သား ဖင်ထိုင်လဲကျသွားလေ၏။

ထိုအခိုက်မှာပဲ ကိုဆိုးပေ၏ Hilux ကားမှာ ရှေ့မီးနောက်မီး စုံလင်းလာပြီး ကားအင်ဂျင်သံကြီးလဲ တစ်ဝုန်းဝုန်း မြည်ဟီးလာတော့သည်။ ထို့ကြောင့် ထိုင်လျက်သား သတိလစ်နေသော အဂူးလေးကို လက်တစ်ဖက်ဖြင့် ချိုင်းက ကိုင်မြောက်ကာ

” ဟေ့ကောင် … သတိကပ်စမ်း … သတိကပ်စမ်း … ကားစက်နှိုးပြီ ”

ထိုအခါမှ မျက်စိလေး ပြူးကလယ် ပြူးကလယ်ဖြင့် အဂူးလေးလည်း ကားရှေ့ခန်းထဲ ပြေးဝင်ကာ ထိုင်လိုက်တော့သည်။ ကြောက်စိတ်များကလည်း မပြေသေးသည်မို့ ရဟတ်စီးထားသလို ရင်တွေက တလှပ်လှပ် တုန်နေ၏။ ကိုဆိုးပေမှာတော့ ဒရိုင်ဘာခုံတွင် ဝင်ထိုင်ကာ စတီယာရင်ကို ကျင်လည်စွာ လှည့်လိုက်ရင်း ကားခေါင်းကို နမ့်စလပ်ရွာ ဆီသို့သာ တည်လိုက်တော့သည်။

” ဒီညတော့ … လားရှိုး ပြန်လို့မဖြစ်တော့ဘူး … နမ့်စလပ်ကိုပြန်မယ် ”

ဟုဆိုကာ တစ်ချိုးတည်း အသားကုန်မောင်းနှင်ခဲ့လိုက်လေပါတော့၏ ။

++++++

” တာမားရေ … တာမားရေ … ကျွန်တော်ပါ ဆိုးပေပါ ”

ဓားလှံများ ကိုင်ဆောင်ထားသည့် နန်းတွင်း ဝတ်စုံဝတ်၊ တရုတ်နတ်ဘုရား ပုံတော်များ ကပ်ထားသည့် သစ်သားတံခါးကို ထုရင်း အသံပေးနေလိုက်သည်။ အချိန်ကား ကိုးနာရီထိုးလုတော့မည် မို့ တာမားတို့ လည်း မီးများပိတ်ကာ အိပ်နေကြ ဟန်တူလေသည်။ ထို့ကြောင့် အတန်ကြာ အသံပေးပြီးချိန် အထဲမှ ဂလန့် ဖွင့်သံ ချောက်ကနဲကို ကိုဆိုးပေကြားလိုက်ရသည် ။

” ဟင် … ဆို့ပေ ”

” ဟုတ်တယ် … တာမား … ကျွန်တော် တို့ ကို နမ့်စလပ်အကျော် ( …. ) ရွာက ပြန်လှည့်လာတာ … ကျွန်တော့် ညီကို ကားပေါ်က ‌တွဲပေးပါအုံး ”

” ဘယ်လိုဖြစ်တာလဲ … နင်းတို့လဲ ညကြီး မိုးချုပ်မှ ကျိန်းဖူလ် … ကျိန်းဖူလ် ခနထွက်လာအုံး ”

တာမားလဲ သူ၏ သားအငယ်ကောင်ဖြစ်သူ ကျိန်းဖူလ်ကို အော်တော့ အထဲမှ အသက် ၂၀ ကျော်အရွယ် ကောင်လေးတစ်ယောက် အိပ်မှုန်စုံမွှားနှင့် ထွက်လာလေသည်။

” ဟိုမှာ … ဆို့ပေ ညီကို ကားပေါ်က ခေါ်ဆင်းအုံး ”

တာမားပြောလိုက်တော့ ကျိန်းဖူလ် ရော ကိုဆိုးပေ ပါ အဂူးလေးကို ကားပေါ်က တွဲချပေးရသည်။ အဂူးလေးမှာ ခြေထောက်ပင် ကောင်းကောင်းမထောက်နိုင်တော့ ။ တစ်ခါမျှ မကြုံဖူးတော့ အကြောက်လွန်သွားဟန် တူလေသည်။ သို့သော် သတိတော့ လစ်မသွား။ ဆိုင်ထဲရောက်တော့ အဂူးလေးအား ရေတစ်ခွက်တိုက်ကာ Dream Bed ပေါ် လှဲခိုင်းထားလိုက်သည် ။ ကိုဆိုးပေ လည်း မကြောက်ဟုသာ ဆိုသည် ကွပ်ပျစ်ပေါ်ထိုင်ရင်း ရေနွေးပန်းကန်လုံးကိုင်ထားသော သူ့လက်တွေ မသိမသာတုန်‌လို့ ။

” ဘယ်လို ဖြစ်လို့ ပြန်လှည့်လာတာလဲ … နင်းတို့ ဟိုရောက်လောက်ပြီတောင် ငေါထင်တာ နင်း ညီကရော ဘာဖြစ်တာလဲ ”

” ဟုတ်တယ် တာမား … ကျွန်တော် တို့ အဲ့ရွာ အကျော်မှာ တစ္ဆေခြောက်ခံလိုက်ရလို့ ”

” တစ္ဆေ … ဘာတစ္ဆေလဲ ”

” ကျွဲ တစ္ဆေ… အမဲရောင် ကျွဲကြီး … ကျွန်တော် တို့ကားကို ဝှေ့မလို့ပြေးလာတာ … အရမ်းကြီးတာပဲ … လေးဂွနဲ့ ပစ်မှ ပျောက်သွားတယ် ”

” အင်း … ကျွဲ သရဲ နဲ့တွေ့လာကြတာပဲ … နင်းတို့ ငေါမပြန်နဲ့ ပြောတာကို ရမှ မရတာ … အဲ့ရွာ အကျော်မှာ ကျွဲသရဲ ကနာမည်ကြီးပဲ ”

” ဟုတ် တာမား … အဲ့ဒါနဲ့ ကျွန်တော် တို့လဲ ဆက်မပြန်ရဲတော့လို့ ဒီဘဲ ပြန်လာလိုက်တာ ”

” အေးအေး ကောင်းတယ် ကောင်းတယ် … ဆက်သွားရင် အန္တရာယ်မကင်းဘူး နင်း တို့ အဲ့ရွာ အကျော် လမ်းက ကျွဲသတ်ရုံရှိတယ်လေ … ကားဆရာ တော်တော်များများ ကျွဲသရဲကို ကြုံဖူးကြတယ် ငေါ မပြောပြဖူးဘူးလား ”

” ကျွဲသတ်ရုံရှိတာတော့ သိတယ် ကျွဲ သရဲ ကတော့ ကျွန်တော်တို့လဲ ခုမှသိလို့ပေါ့ တာမားရယ် … မဟုတ်ရင် ဘယ်ပြန်မှာလဲ ”

” နင်းတို့ ကားဆရာ တွေ ဘဝကလဲ မလွယ်ဘူးနော့် … ငေါသား အကြီးကောင်လဲ မှတ်မှတ် ရရ မူဆယ်လမ်းမှာ တစ်ခါ ဖြစ်ဖူးတယ် … ကြုံရင် ပြောပြပေးမယ်လေ … ညီလေး ကိုလဲ ‌အိပ်ဆေး တစ်လုံး တိုက်ထားလိုက် … ငေါယူပေးမယ် … နင်းလဲ နားပြီးစောစောအိပ်လိုက်တော့ … ဒီရောက်ရင် အန္တရာယ်ကင်းပြီ စိတ်ချလက်ချအိပ် ကြားလား ဆို့ပေ ”

ကိုဆိုးပေလည်း ဟုတ်ကဲ့ ဟုသာ ခေါင်းငြိမ့်ပြလိုက်၏။ တာမားမှာတော့ အခန်းထဲ ဝင်သွားပြီး ဆေးတစ်လုံးယူကာသူ့အား လာပေး၏ ။ အအေးခံထားသော ရေနွေး နှင့်ပင် အဂူးလေးအား ဆေးတိုက်လိုက်သည်။ အဂူးလေးမှာ ရုတ်တရက်မို့ သွေးလန့်သွားသော်လည်း ဘာမျှတော့ မဖြစ် ဆေးကမ်းပေးသည့် အခါမှာတော့ သူ့လက်ဖျားတွေ ရေခဲ တစ်မျှအေးစက်နေသည်ကို ကိုဆိုးပေ သတိထားလိုက်မိသည် ။ ဆေးသောက်ပြီးနောက်မှာတော့ အသာလေးပင် ဘေးတစ်ဖက်သို့ စောင်းကာ မျက်စိမှိတ်သွားလေသည် ။

ပြီးနောက် ကိုဆိုးပေလည်း ၎င်း၏ ကွပ်ပျစ်လေးပေါ်တွင် တက်ကာ ကျိန်းဖူလ် လာပေးသွားသော စောင်ကြမ်း နှင့် ခေါင်းအုံးကို ခင်းရင်း ကျောဆန့်နေလိုက်တော့သည်။ ယနေ့ သူတို့ကြုံခဲ့ ရသော အမြန်လမ်းက ကျွဲမိစ္ဆာ ကြီးအကြောင်းကို အထက် မျက်နှာကျတ်အား ကြည့်ကာ တွေးနေလိုက်ရင်း ဖြင့် ……….

+++++++

သူရေး ရေးသားသော အမြန်လမ်းက ကျွဲမိစ္ဆာ ဇာတ်လမ်း တိုလေး ဤတွင် ပြီး၏ ။

ဖတ်ရှူပေးကြပါသော စာချစ်သူ မိတ်ဆွေ အပေါင်း စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှစ်ဖြာသော မင်္ဂလာနှင့် ပြည့်စုံကြပါစေဟု ဆုမွန်ကောင်း တောင်းရင်း ….

သူရေး

( ပြီးပါပြီ )