ကောင်းမွေစံဆိုးမွေခံ(စ/ဆုံး)
—————————-
“ခင့်ကို အိမ်ပြန်ပို့ပေးပါနော် … ခင်တောင်းပန်ပါတယ်”
အချုပ်နှောင်အတွင်းမှ လွှတ်မြောက်လို၍ တောင်းဆိုနေသည့် လေသံမျိုးဖြစ်၏။ ခင်လပြည့်ဝန်း၏ ပါးစပ်သို့ အဝတ်စနှင့်စည်းလိုက်ပြီဖြစ်သောကြောင့် ဆက်လက်တောင်းပန်၍ မရတော့ချေ။
အခန်းထဲသို့ရောက်နေချိန်သည် တစ်နေ့တာ၏ အလင်းရောင်နှင့်အတူ အပူချိန်မှာ အထွတ်အထိပ်သို့ ရောက်ရမည့်အချိန်ဖြစ်သော်လည်း မည်းမှောင်၍ တိတ်ဆိတ်ခြောက်ကပ်လှပေသည်။ ပတ်ပတ်လည်တွင် သစ်ပင်များ အုံ့ဆိုင်းနေသောကြောင့် သာယာ အေးချမ်းနေရမည် မှန်သော်လည်း သူမ၏ ကိုယ်တွင် ချွေးသီးချွေးပေါက်များ ရှိနေချေပြီ။
တိတ်ဆိတ် ချောက်ချားဖွယ်ကောင်းကော အခန်း ကျဉ်းကျဉ်းထဲတွင် ဦးဘမောင်၏ အသံထွက်ပေါ်လာသောကြောင့် ခင်လပြည့်ဝန်းအဖို့ ထိတ်လန့်စရာ။
“မင်းကို ခေါ်လာတာ ပြန်လွှတ်ပေးဖို့ မဟုတ်ဘူး … ဒီကိစ္စမှာ မင်းနဲ့မဆိုင်ဘူးဆိုပေမဲ့ အဓိကတရားခံက မင်းရဲ့ဒယ်ဒီနဲ့မာမီ မင်းရဲ့ … မာမီက အတ္တကြီးတယ် … သူ့ရင်မှ ပေါက်ဖွားလာတဲ့ သူကိုမှ သားသမီးထင်တာ … ဂုဏ်တွေကိုလည်းမက် မကြံသင့်တာတွေကိုလည်း လင်မယားနှစ်ယောက်လုံး လုပ်ခဲ့ကြတယ် … မင်းရဲ့မိဘတွေမှာ စာနာမှု သနားမှု အို…ကုန်ကုန်ပြောရရင် ကိုယ်ချင်းစာ တရားတောင်မရှိဘူး … အဲ့တော့ သူတို့တွေ ကိုယ်ချင်းစာတတ်လာအောင် ဦးလေးသင်ပေးလိုက်မယ် … ဘဝတစ်သက်စာလုံးအတွက်ပေါ့ သမီးက အသက်ကိုရင်း”
မည်သည့်ရည်ရွယ်ချက်နှင့် ခေါ်ဆောင်ခဲ့သည်ကို သိချင်လွန်း၍ တိတ်တိတ်လေးနေ နားထောင်ခဲ့သည်။
မျက်နှာပေါ်မှာလည်း ဦးလေးပြောသည့် ဒယ်ဒီနှင့်မာမီတို့နှစ်ဦး၏ အကြောင်းကိုထောက်ခံရင်း။ နောက်ဆုံးစကားတစ်ခွန်းကြောင့် သူမငြိမ်မနေနိုင်တော့ အသက်မဆုံးရှုံးစေလိုပါ။
“အွန်း….ဟင်း…ဟင့်….”
ပါးစပ်မှထွက်ပေါ်လာသည့်စကား အဓိပ္ပာယ်မဖော်နိုင်ပါ။
“ကဲ……နေခဲ့ပေတော့ ဦးလေးတော့သွားပြီ”
ထိုင်နေသည့်ခုံတွင် ကြိုးတုပ် ထားခြင်းကြောင့် ထမရပေ။
“ဒုန်း”
ဦးဘမောင် တံခါးပိတ်၍ ထွက်သွားချေပြီ။ သူမ တတ်နိုင်သမျှ ရုန်းကြည့်သော်လည်း ကြိုးမှ လွှတ်မလာပေ။ ကြမ်းပြင်ပေါ်သို့သာ ခုံနှင့်အတူ လှဲကျသွားသည်။
မျက်လုံးအိမ်တွင်းမှ မျက်ရည်ပူများကျဆင်းလာချေပြီ။
ကိုယ်တိုင်ကြိုးစားမှု အထမမြောက်တော့ခြင်းကြောင့် —
“ဖေဖေနဲ့ မေမေ သမီးကိုအမြန်ဆုံး လာကယ်ပါတော့”
ဟုသာ ပါးစပ်ဖျားမှ ရေရွတ်နေမိသည်။
(၂)
” ထိုင်မယ်ဆိုလည်း ထိုင် … ထမယ်ဆိုလည်းထ … ခုတော့ ထိုင်မရထမရနဲ့ … မြေးလေးကအချိန်တန်ရင် ပြန်လာမှာပေါ့”
“မေမေ နာရီကိုလည်းကြည့်အုံး (၅)နာရီထိုးတော့မယ် … ပြန်လာချိန်ကိုကျော်နေပြီ ကိုနောင်ကလည်း သမီးလေးကိုသွားရှာတာ ခုထိပြန်မလာသေးဘူး ”
“မြေးလေးရဲ့သူငယ်ချင်းတွေအိမ်ကိုကော ဖုန်းဆက်ပြီး မေးထားပြီလား”
“မေးထားတယ် ဒီနေ့သူတို့ဆီကို သမီးလေးရောက်မလာသေးဘူးတဲ့ … ဒီကလေး ဘယ်တွေများ သွားနေတယ်မသိဘူး … မိဘတွေစိုးရိမ်နေမယ်ဆိုတာ မသိတာလဲ မဟုတ်ဘူး”
မိခင်ဖြစ်သူနှင့် စကားပြောနေရင်း အိမ်ရှေ့မှ ကားရပ်သံကြားသောကြောင့် ဒေါ်တင်မိမိခင် ပြေးထွက်သွားသည်။
“ကိုနောင် သမီးလေးကို တွေ့ခဲ့လားဟင်”
ဒေါ်တင်မိမိခင်၏ အမေးသည် တတ်ကြွပြီး မျှော်လင့်ချက်ကြီးသည့် အသံဖြစ်သော်လည်း ကိုရန်နောင်သိန်း၏ ဖြေသံသည်ကား နှုတ်မှပင်မထွက် ခေါင်းကိုခါပြပြီး အိမ်ထဲသို့ ဝင်သွားသည်။ အိမ်ပေါက်ဝတွင် ကျန်ရစ်ခဲ့သူသည် အုန်းပင်မှ အုန်းသီးပြုတ်ကျသည့်နှယ် ခွေလှဲကျသွားသည်။
“ဘုတ်”
အသံကြားမှ နောက်သို့ လှည့်ကြည့်မိသည်။
“မိ”
ဇနီးဖြစ်သူအား ပြေး၍ပွေ့လိုက်ပြီး —
“အမေ ဆရာဝန်ကို ဖုန်းဆက် မိ မူးလဲလို့”
ဟုပြောကာ အိမ်အပေါ်ထပ်သို့ တက်သွားလေသည်။
“ဆရာ မိအခြေနေ”
“သိပ်စိတ်ပူစရာတော့ မရှိတော့ပါဘူး … ရုတ်တရက် ရှော့ရပြီး မူးလှဲသွားတာ … ဆေးထိုးပေးထားပါတယ် … ခဏနေ သတိရလာပါလိမ့်မယ်”
ဆရာဝန်ပြန်သွားမှ ဒေါ်တင်မိမိခင် သတိရသွားသည်။ သတိရရချင်း သမီးဖြစ်သူအကြောင်းသာမေး၏။
“ကိုရန်နောင် သမီးလေးကော သမီးလေး”
“ကိုယ်လည်း ဆက်သွယ်စုံစမ်းနေတာပဲ အခုထိ အဆက်အသွယ်မရသေးဘူး … ရဲစခန်းကိုတော့ အကြောင်းကြားထားပါတယ်”
“သမီးလေး အဆင်မှပြေရဲ့လား မသိဘူး သမီးလေးသာ တစ်ခုခုဖြစ်လို့ကတော့ “မိ”သေသွားမှာ”
“မိ … ရယ် သမီးလေးကပြန်လာမှာပါ စိတ်မပူပါနဲ့နော်”
“သားရေ ဒီမှာ သားနာမည်နဲ့ စာတစ်စောင်လာတယ်”
ဦးရန်နောင်သိန်း၏ မိခင်ဖြစ်သူ စာတစ်စောင်ယူ၍ ဒေါ်တင်မိမိခင် အခန်းသို့ဝင်လာသည်။ သမီးဖြစ်သူ ပျောက်ဆုံးနေမှုနှင့် ပတ်သက်နေမည်လား ဟူသော အတွေးဖြင့် စာကိုဖောက်လိုက်၏။
မင်္ဂလာပါ ဦးရန်နောင်သိန်း
ခင်ဗျားတို့မိသားစုတွေ အခုချိန်တစ်ဦးတည်းသော သမီးခင်လပြည့်ဝန်းအတွက်နဲ့တော်တော် ခေါင်းမီးတောက်နေရောပေါ့နော်။ ဒီအပူကို ကျွန်တော်က အရင်ခံစားခဲ့ရတာပါ။ ကျွန်တော့်မှာလည်း သိပ်ချစ်ရတဲ့ သမီးလေးတစ်ယောက်ရှိခဲ့တယ်။ အခုတော့ လူကုံထံအသိုင်းအဝိုင်းက သတ်လို့သေပြီ။ ကျုပ်သမီး လှသွေးချယ်ကို ခင်ဗျားသိပါတယ်။ ခင်ဗျားရဲ့ တာဝန်ယူမှု မရှိလို့ ကြွေလွှင့်သွားတဲ့ သူတစ်ယောက်။ ကျုပ်ဇနီးလည်း သမီးလေးစိတ်နဲ့ပဲ ဆုံးသွားရပြီ။ ခင်ဗျားတို့ မိသားစုကို ခင်လပြည့်ဝန်းနဲ့ ပြန်ဆုံနိုင်ဖို့ အခွင့်အရေးတစ်ခုပေးမယ်။ ကျူပ်ကိုရွာမှာလာတွေ့ပါ။ ခင်ဗျားရဲ့တာဝန်ယူမှု တာဝန်ခံမှု ဆုံးဖြတ်ချက်ဟာ ခင်ဗျားတို့ရဲ့ မိသားစု ဆုံတွေ့နိုင်ဖို့အရေးပဲ။ ခင်ဗျားမြဲမြဲမှတ်ထားရမှာက
ခင်လပြည့်ဝန်း ရှိတဲ့နေရာကိုသိတာ ကျုပ်တစ်ယောက်ထဲရှိတယ်ဆိုတာပဲ။
ဦးဘမောင်
“အကို ဘယ်သူ့ဆီက စာလဲ”
“လှသွေးချယ်ရဲ့အဖေဦးဘမောင်”
“ရှင်” ဟူသော အာမေဍိတ်အသံနှင့်အတူ နှစ်ယောက်သား အတိတ်ကမ္ဘာသို့ရောက်သွားချေပြီ။
(၃)
ပွဲစားဒေါ်ဘုတ်ဆုံ၏ အကူအညီဖြင့် အိမ်ဖော် အလုပ်လုပ်ရန် လှသွေးချယ် မြို့သို့တက်လာခဲ့သည်။ တစ်ယောက်တည်းရွာမှ တက်လာသော်လည်း ဒေါ်လှထုံနှင့်အတူ အိမ်အလုပ်လုပ်ရသည်။
“လှသွေး သမီးလေးမှာ မိဘတွေရှိသေးလား”
“ရှိသေးတယ် ကြီးကြီး မေမေက နှလုံးရောဂါရှိတယ် ဖေဖေကတော့ ရွာထဲရှိတဲ့အလုပ် လုပ်ပေါ့ ခုလည်းမလွှဲသာလို့သာ ဖေဖေကလွှတ်လိုက်ရတာ သမီးကိုစိတ်မချဘူး”
“ဒီလိုပဲပေါ့သမီးရယ် … ရောဂါဆိုတာမျိုးကလည်း မျက်နှာလိုက်ပါ့ … ဆင်းရဲသားတွေမှာမှ သူဌေးရောဂါ ဖြစ်ကြရတယ်လို့ … ချမ်းသာတဲ့သူတွေကတော့ အသက်မသေအောင်ကုကြ ဆင်းရဲတဲ့သူတွေက “သူဌေးရောဂါ”နဲ့တွေ့ရင် မြန်မြန်သေကြတာပါပဲ … ဒါနဲ့ လှသွေးက မောင်နှမမရှိဘူးလား”
“ကြီးကြီးရေ လှသွေးကတစ်ကောင်ကြွက် ချမ်းသာတဲ့မိသားစုမှာဆိုရင်တော့ တစ်ဦးတည်းသောသမီးပေါ့ ကြီးကြီးရယ်”
“ဟုတ်ပါ့ … ဟုတ်ပါ့ … လှသွေးရေ အခေါ်အဝေါ်တွေကစ ဆင်းရဲတဲ့သူနဲ့ ချမ်းသာတဲ့ သူကြား ပြောင်းလဲသွားတာပဲကြည့် … ငရုတ်သီးထောင်းပြီးရင် ကြက်သွန်ဖြူနီလေး လုပ်ပေးအုံးနော်သမီး”
မီးဖိုချောင်ကိစ္စပြီးသွားသည်မို့ အိမ်ပေါ်ထပ်တွင် တံမြက်စည်းလှဲရပေပြီ။ ထို့နောက် ဖုန်ခါ၊ ကြမ်းတိုက်၊ အဝတ်လျှော် ဆက်ခါဆက်ခါ လုပ်ရပေသည်။
*****
“ဟဲ့ လှသွေး ငါ့လင်အခန်းထဲ ဘာဝင်လုပ်တာလဲ”
“ကိုကိုကြီးက နာရီကျန်ထားလို့ ယူခိုင်းလို့ပါ”
“ယူစရာရှိတာ မြန်မြန်ယူ ပြီးရင်ထွက်”
တစ်နေ့တစ်နေ့ ဒေါ်တင်မိမိခင်၏ အပြောနှင့် လှသွေးချယ်မလွှတ်ပေ။ လှသွေးချယ်၏ အလှအပကြောင့် ခင်ပွန်းဖြစ်သူကို စိတ်မချသည်လည်းပါ၏။
ယနေ့ကား ရုံးပိတ်ရက်ဖြစ်၏။ ရုံးပိတ်ရက်တွင် တင်မိမိခင် အိမ်တွင်မရှိတတ်ချေ။
“လှသွေးကို ကိုရန်နောင်ချစ်တယ်”
“ရှင်”
လှသွေးချယ် ကြမ်းတိုက်နေချိန်တွင် မထင်မှတ်ထားသည့် စကားကြားသွားသည်မို့ အံ့ဩတုန်လှုပ်သွားသည်။ ဇနီိးမယားရှိလျက် ဒီလိုစကားပြောလာသည်မို့ စိတ်ထဲထင့်သွား၏။သို့သော် “လှသွေးက ကိုရန်နောင်နဲ့ မိမိခင်ကို ချစ်လို့လက်ထပ်ထားကြတယ်လို့ ထင်နေတာလား မဟုတ်ဘူး မိဘတွေ သဘောတူလို့ ယူခဲ့ကြတာ မိမိခင်ကို ကိုယ်တစ်ကယ်မချစ်ဘူး လှသွေးကိုသာ စိတ်ထဲ”ဟု ပြောလာပြီမို့ လုပ်လက်စ အလုပ်အားပစ်၍ အိမ်အောက်ထပ်သို့ ပြေးဆင်းသွားသည်။
ရန်နောင်သိန်းနှင့်ဆုံတိုင်း ဒီစကားသာ ပြောနေသည်မို့ လှသွေးကြာကြာတောင့်မခံနိုင်ခြေ။ လှသွေး အညာလွယ်သွားချေပြီ။
“ကိုရန်နောင် တကယ်ချစ်တာပါ လှသွေးဘဝကို ကိုယ်တာဝန်ယူမယ် မိမိခင်နဲ့ ကွာရှင်းပြီး လှသွေးနဲ့ တစ်အိုးတစ်အိမ်နေမယ် ကိုယ့်ကို ယုံပါနော်”
ညရောက်တိုင်း ရန်နောင်သိန်းပြောသည့် စကားများကိုသာ ကြားယောင်နေချေပြီ။
*****
“ကိုနောင်…..မိမှာ ကိုနောင့်ရဲ့ရင်သွေးလေးလွယ်ထားရပြီ”
“တကယ်”
“တကယ်ပေါ့ကိုနောင်”
“ကိုနောင်နဲ့မိ ဒီတစ်သက်ကလေးမချီိရတော့ဘူးထင်တာဝမ်းသာလိုက်တာမိရယ်”
ကလေးရတော့မည်ဟူသော သတင်းစကားကြားလိုက်ခြင်းကြောင့် ရန်နောင်သိန်း ပျော်ရွှင်သွားသည်။ ယခင်ကမပေးဘူးသည့် ပြုစုယုယမှုမျိုး၊ အချစ်မျိုး “မိ”ကို ရန်နောင်သိန်းပေးနေပေပြီ။
*****
“ကိုရန်နောင် လှသွေးကို ဘာလို့ရှောင်နေတာလဲ”
လှသွေးကသာ အတင်းမေးနေသော်လည်း ရန်နောင်သိန်းမဖြေချေ။
“ကိုရန်နောင်က မိမွေးလာတဲ့ကလေးကိုပဲချစ်တော့မယ်ပေါ့ လှသွေးဗိုက်ထဲက ရင်သွေးလေးကိုတော့ တာဝန်မယူဘူးပေါ့”ဟုပြောရင်း လှသွေးပြေးထွက်သွားသည်။
“ဪ ရှင်တို့က ဒီအဆင့်ထိတောင်ရောက်နေကြပြီပေါ့”
“မဟုတ်ဘူး မိ ကိုယ်ရှင်းပြပါ့မယ်…မိ ထင်သလိုမဟုတ်ပါဘူး”
“ဘာတွေများ ရှင်းပြအုံးမှာလဲ ကိုနောင် …. ခုလှသွေးမှာ ရှင်နဲ့ရထားတဲ့ ကိုယ်ဝန်ရှိနေပြီဆိုတာ မိ နားနဲ့ ဆတ်ဆတ်ကြားခဲ့တာပါ”
“မိ ကိုယ်မှားခဲ့ပါတယ် မိမှာ အဲ့တုန်းက ကိုယ့်တွက်သွေးသား မျှော်လင့်ချက်ရှိလို့လား ဆေးစစ်ချက်အဖြေ ထွက်လာတိုင်း ဘယ်တော့ စိတ်ချမ်းသာခဲ့ရလို့လဲ ကိုယ်ကလေး ဘယ်လောက်ချီချင်လဲဆိုတာ မိ အသိ မိမှာ ကိုယ့်ရဲ့ရင်သွေးလေး ရလာပြီတော့ …….”
“ဒါဆို ကိုရန်နောင် လှသွေးကိုက ဘယ်လိုလုပ်မှာလဲ”
“ဒါတော့ ကိုယ်မသိတက်ဘူး မိ”
“ဒါဆို လှသွေးကိစ္စ “မိ” ရှင်းလိုက်မယ်”
*****
ရန်နောင်သိန်းသည် လှသွေးအပေါ် စိတ်ကစားခဲ့သည်မှန်သော်လည်း လှသွေးချယ် တွယ်တာနေသည်။ “တာဝန်ယူပါမယ်”လို့ ပြောခဲ့သည့်စကားကို အတန်တန်ကြားယောင်နေမိသည်။
လှသွေး…မျှော်လင့်နေသည်ကား ရန်နောင်သိန်း၏ တာဝန်ယူမှု။ သို့သော်ရောက်လာသည့်အရာသည်မှာ တင်မိမိခင်နှင့် အတူ ခရီးသွားရမည့် အရေး။
အတူတူလိုက်လာရန် အလုပ်ရှင်မှ ခေါ်နေခြင်းကြောင့် လှသွေး မလွန်ဆန်နိုင်ချေ။ တင်မိမိခင်နှင့်လှသွေး ကားနှင့် ထွက်လာခဲ့ကြသည်။ တင်မိမိခင်၏ မျက်နှာသည် တိုက်ပွဲပင်မတိုက်ရသေးသော်လည်း အောင်နိုင်မည်ကို ဧကန်မုချသိနေသည့် အောင်နိုင်သူ စစ်သူကြီးတစ်ပါးအသွင်။ လှသွေးချယ်၏ မျက်နှာအမူအရာသည်ကား တစ်ဖက်လူမှ စစ်ပွဲနိုင်၍ သုံ့ပန်းအဖြစ်အခေါ်ခံရသည့် လူတစ်ယောက်နှယ်။
မိုးကျချိန်ရောက်နေခြင်းကြောင့် အဝေးပြေးလမ်းမတစ်လျှောက်တွင် စပါးပင်ပျိုများ စိမ်းစိုနေ၏။ လှသွေးချယ် စိတ်ထွက်ပေါက်အဖြစ် တောဓလေ့၊ရွာဓလေ့ကို ကြည့်နေသည်။ စိမ်းစိုနေသော ပင်ပျိုပင်အိုများကိုမြင်ရင်း မိခင်ဖြစ်သူနှင့် ဖခင်ဖြစ်သူကို ရုတ်တရက် လွမ်းလာပေပြီ။ လှသွေးချယ် ကြာကြာပင်မလွမ်းလိုက်ရချေ။
လမ်းဘေးရှိ သက်ကယ်မိုး၊ထရံကာအိမ်သို့ ကားဝင်လိုက်သည်။တဲထဲမှ မိန်းမကြီးတစ်ဦးထွက်ပေါ်လာသည်။ လှသွေးချယ်အား လာ၍လက်ဆွဲနှုတ်ဆက်၏။ လက်ချောင်းများသည် မျက်နှာထက် မာကျောခက်ထန်နေသည်ကို လှသွေးချယ် သတိပြုမိသွားသည်။
“လှသွေး ခဏနေအုံးနော် မမမိ စကားခဏပြောလိုက်အုံးမယ်”
“ကဲသမီးလေး ဖျော်ရည်လေးသောက်လိုက်ပါအုံးနော်”
ဖျော်ရည်အား လှသွေးချယ်၏ လက်ထဲသို့ပေးသွား၏။ တင်မိမိခင်နှင့် မိန်းမကြီးစကားပြောနေသည်ကို ကြည့်ရင်း လှသွေးမျက်စိများဝေဝါးလာသည်။
“မပုကြွယ် ဟိုဟာမတော့ အိပ်ပျော်သွားပြီ သူ့ဗိုက်ထဲက ကလေးကိုဖျက်ချပေးတော့”
“ဖြစ်ပါ့မလား မိမိခင်”
“ရော့ ဒီမှာ မပုကြွယ်အတွက် …. နောက်ဖြစ်လာမယ့် ပြဿနာ ကျွန်မဘာသာ ရှင်းမယ်အဓိကက သူနိုးမလာခင် ကလေးပျက်ကျသွားဖို့ပဲ”
လှသွေးချယ်အပေါ်ထားသည့် မပုကြွယ်၏ သနားမှုအား ဒေါ်တင်မိမိခင်၏ငွေကြေးက အနိုင်ပိုင်းသွားပြီဖြစ်သောကြောင့် အိပ်ပျော်နေသော လှသွေးချယ်အား တဲပေါ်သို့ခေါ်သွားကြ၏။
မပုကြွယ်၏ ခက်ထန်မာကျောလှသော သံမဏိလက်သည် အသက်အရွယ်ရနေပြီဖြစ်သောကြောင့် လှသွေးချယ်၏ ရင်သွေးအား အနိုင်မပိုင်းနိုင်ဘဲ ဖြစ်နေ၏။ ဘေးမှထိုင်ကြည့်နေသော တင်မိမိခင်ပင် ချွေးများပြန်လာသည်။
“အမလေး”
မပုကြွယ် လန့်၍ အော်လိုက်ခြင်းကြောင့် တင်မိမိခင်လည်း နောက်သို့လဲကျသွား၏။ လှသွေးချယ်အသိဝင်ဝင်ချင်း ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေသောသောကြောင့် ဗိုက်သို့ ငုံ့ကြည့်လိုက်သည်။
“မသေရဘူး…မသေရဘူး…ကျွန်မနဲ့ကိုရန်နောင် … ကိုရန်နောင်ရဲ့ရင်သွေးလေး အပျက်စီးမခံနိုင်ဘူး…..ကိုရန်နောင်က ကျွန်မကို လက်ထပ်ယူမယ် သူတာဝန်ယူမှာ ကျွန်မကိုရန်နောင့်ဆီသွားမယ်”. ဟုတောင်စဉ်ရေမရ ပြောရင်း လက်မှလည်း ဗိုက်ကို နှိပ်ထားပြီး အဝေးပြေးလမ်းမပေါ်သို့ ပြေးထွက်သွားသည်။
“ကျွီ …….. ဒုန်း”
မပုကြွယ်နှင့် ဒေါ်တင်မိမိခင် အပြင်သို့ရောက်ချိန်တွင် လှသွေးချယ် ကွန်ကရစ်လမ်းပေါ်တွင် လဲနေသည်။ ကုန်တင်ကားမောင်းသူသည် လှသွေးချယ်ပြေးထွက်လာခြင်းကြောင့် လမ်းဘေးသို့ ထိုးချလိုက်၏။ ကုန်တင်ကားနှင့် လွတ်သွားသော်လည်း အနောက်မှပါလာသည့် အိမ်စီးကားနှင့်မလွတ်တော့ပေ။
(၄)
အတိတ်ကမ္ဘာမှ ပစ္စုပန်ကမ္ဘာသို့ပြန်ရောက်ချေပြီ။
“မိ…မိပြောတော့ လှသွေးက ရွာပြန်သွားပြီဆို ဘယ်လိုသေသွားတာလဲ ပြီးတော့ လှသွေးသေတာကိုယ်တို့နဲ့ဘာဆိုင်လို့လဲ”
ဒေါ်တင်မိမိခင် ပြန်ပြောပြမှ ဦးရန်နောင်သိန်းအံ့ဩသွားသည်။
“ဒါကြောင့် လှသွေးရဲ့အဖေက ကိုယ်တို့ကို လက်စားလာချေတာပဲ”
“ဒါဆို ကိုနောင် လှသွေးတို့ရွာကို လိုက်သွားရအောင် တော်ကြာသမီးလေး တစ်ခုခုဖြစ်နေမှ”
သမီးစိတ်ကြောင့် အိပ်ရာထဲ လှဲနေသည့် ဒေါ်တင်မိမိခင် အိပ်ရာမှ ထ၍ ခရီးသွားရန်ပြင်ဆင်နေကြသည်။
“သားတို့ရယ် မနက်မှ အေးအေးဆေးဆေးသွားပါတော့လား မိုးတောင်ချုပ်တော့မယ်ကွယ်”
“မရဘူးမေမေ နောက်ကျရင် သမီးလေးတစ်ခုခုဖြစ်သွားမှာ အမြန်သွားမှ ဖြစ်မယ် မိရေ …မိ မြန်မြန်လာပါဟ”
“ဝှီး”
ကားအားအရှိန်ပြင်း၍ မောင်းလာကြသည်။ အမှောင်ထုသည် ပိတ်သည်ထက်ပိတ်လာ၏။
“ကိုနောင် လှသွေးချယ်အဖေကိုတွေ့မှ သမီးလေးကိုတွေ့ရမှာပေါ့နော်”
“ဟုတ်တယ် မိ…..သမီးလေးကို ထားတဲ့နေရာ ဦးဘမောင်ပဲသိတာ။”
“သမီးလေး ဗိုက်ဆာနေရောပေါ့ မနက်ကထွက်သွားကတည်းက ဘာမှမစားသွားဘူး ဘုရားဘုရား သမီးလေးဘာမှ မဖြစ်ပါစေနဲ့”
ဦိးရန်နောင်သိန်းတို့၏ကားက ရွာထဲသို့ အဝင် ဦးဘမောင်သည် ရွာမှအထွက် လွဲသွားကြသည်။
ဦးဘမောင်အားမတွေ့သည်မို့ ပြန်လှည့်လာကြ၏။
ရွာမှအထွက် အဝေးပြေးလမ်းမပေါ်အရောက်တွင် ဦးရန်နောင်သိန်း၏ ကားနှင့် လူတစ်ယောက်အားတိုက်မိသွားသည်။ ထိုသူကား ဦးဘမောင်။ သူ၏အသက်အားစတေး၍ လင်မယားနှစ်ယောက်၏ တာဝန်ယူမှု၊ တာဝန်ခံမှုအား စမ်းသပ်ခဲ့ခြင်းဖြစ်သည်။
“ဟင် ကိုနောင်… ဟိုမှာသေပြီလားမသိဘူး”
“ထားလိုက်ပါ ” ဟုပြော၍ မောင်းထွက်သွားသည်။ ဒေါ်တင်မိမိခင် ကားနောက်ခန်းမှ နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် လှုပ်လှုပ်ရွရွလုပ်နေပေသေးသည်။
“အလကား တာဝန်ယူမှုမရှိတဲ့ဟာတွေ ဒင်းတို့ထိုက်နဲ့
ဒင်းတို့ကံပေါ့ ” ဟုပြောရင်း “အွတ်” ဟူသောမြည်သံနှင့်အတူပါးစပ်မှ သွေးများအန်လာသည်။
******
“ကလင် ကလင် ကလင်”
“ဟယ်လို ဒေါ်တင်မိမိခင်လား”
“ဟုတ်ပါတယ်”
“ညက ခင်တို့ ဦးဘမောင်ကို လာရှာတယ်မို့လား ဦးဘမောင် ညက ကားတိုက်ခံရပြီးဆုံးပြီ”
“ရှင် ပွဲချင်းပြီး သေသွားတာလား”
“မဟုတ်ဘူး ဆေးရုံရောက်တာ နောက်ကျသွားလို့တဲ့ မဟုတ်ရင် အသက်မီသေးတယ်”
“ရှင်”
“ကိုနောင် ကိုနောင် ဦးဘမောင် ဆုံးပြီတဲ့ ညက မိ တို့တိုက်လိုက်တာ ဦးဘမောင်ပဲနေမှာ ”
“ဘယ်လို ဦးဘမောင်ဆုံးပြီ ဟုတ်လားမိ”
“ဒါဆို သမီးလေးကော သမီးလေး……”
သမီးဖြစ်သူ ခင်လပြည့်ဝန်းအား ဖခင်ဖြစ်သူဦးရန်နောင်သိန်းနှင့် မိခင်ဖြစ်သူ ဒေါ်တင်မိမိခင်တို့မတွေ့မချင်း ရှာကြပေလိမ့်မည်။ ကမ္ဘာကုန်ကျယ်သရွေ့ ရှာကြပေဦးတော့…..။
🍁ပြီးပါပြီ🍁
မေတ္တာထား၍ရေးဖွဲ့သည်
🍁🍁🍁သိုက်(ရွှေကူ)🍁🍁🍁