ကံကြမ္မာသားကောင်(စ/ဆုံး)
—————————
ဒီနေ့တော့ အပုလေး ဝမ်းအနည်းရဆုံးနေ့ပါ။ အဖေဆုံးပြီဆိုသော သတင်းက အခြားသူတွေအဖို့တော့ မသိ။ အပုလေးအတွက်တော့ နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ချခံလိုက်ရသလိုပင်။
အဖေ…အပုလေး၏ကျေးဇူးရှင်အဖေ။ ဒီကမ္ဘာပေါ်မှာ အပုလေးကို နားအလည်နိုင်ဆုံးနှင့် အကြင်နာနိုင်ဆုံးသူသည် အဖေသာ ဖြစ်ပါသည်။ အပုလေးအတွက် တကယ်ပင် ရွှေတောင်ကြီးပြိုလေပြီ။
“အပုလေးရေ၊ အဖေ့အိတ် ဆိုင်ကယ်ပေါ်တင်ပြီးပြီလား။ လာ ခြံတံခါးလိုက်ပိတ်လိုက်ဦး။ ညည်းအမေ မရှိတုန်း မောင်လေးကို သေချာကြည့်ထားနော်။ အပြင်မထွက်စေနဲ့”
မနက်က ထုံးစံအတိုင်း ပြောနေကျ မှာနေကျစကားတွေပြောပြီး အဖေအိမ်က ထွက်သည်။
အပုလေးကိုယ်တိုင် ဆိုင်ကယ်နားအထိလိုက်ပို့ ခြံဝင်းတံခါးအဖွင့်အပိတ် လုပ်ခဲ့သည်။ အဖေ့ဇနီး အမေကအိမ်တွင်မရှိ။ အိမ်အကူနှင့်အတူ ဈေးသွားခိုက်မို့ အိမ်တွင် အပုလေးနှင့် အဖေ့သားအငယ်ဆုံးမောင်လေးသာ ကျန်ခဲ့သည်။ မောင်လေးက လေးတန်းစာမေးပွဲဖြေရကာနီးပြီမို့ အပြင်ထွက်မဆော့စေရန်စောင့်ကြည့်ဖို့အဖေက အပုလေးကိုတာဝန်ပေးထားခဲ့သည်။ အဖေက တာဝန်ပေးထားသည်ဆိုသော်လည်း တကယ်တမ်း လေးတန်းနှင့်မတန်အောင်ထွားကျိုင်းသောမောင်လေးကို အပုလေးမနိုင်။ သူ တကယ် အပြင်ထွက်ချင်လျှင် အပုလေးကို တစ်ချက်တွန်းကာ၊ထွက်သွားရုံသာရှိသည်။ ထိုသို့သူအပြင်ထွက်ဆော့လေတိုင်း အပုလေး အဆူခံရ၊ အရိုက်ခံရတတ်သည်။ အကြောင်းမူ မောင်လေးသည် သာမာန်ကလေးတွေလို အိမ်ရှေ့တွင်သာ ဆော့သူမဟုတ်။ ဒီမြို့လေးတလျှောက် သူ့သူငယ်ချင်းများအိမ်အိမ်ပေါက်စေ့လျှောက်သွားတတ်သောကြောင့်ပင်တည်း။
ဤအိမ်တွင်လောလောဆယ်အဖေ၊အမေ၊ မောင်လေး၊ အပုလေးနှင့် လခပေးခေါ်ထားသော အိမ်အကူမစိုး အားလုံးပေါင်း ငါးယောက်သာ အတူနေသည်။ အဖေက အဖေ့သမီးအကြီးနှင့် အငယ်ကို မန္တလေးတွင် ကျောင်းအိပ်ကျောင်းစား ဘော်ဒါကျောင်းပို့ထား၏။ သူတို့က ကျောင်းပိတ်ရက်များတွင်သာ အိမ်သို့ ပြန်လာလေ့ရှိကြသည်လေ။ မကြီးက ဘော်ဒါသွားတက်တာ သုံးနှစ်ရှိပြီ။ ဒီနှစ် ဆယ်တန်းဖြေမည်ဆိုသည်။ မငယ်ကတော့ ဒီနှစ် ရှစ်တန်းရောက်မှ စ၍ဘော်ဒါနေရခြင်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် မကြီးနှင့်မငယ်
အိမ်တွင်မရှိကတည်းက အပုလေးကတော့နည်းနည်းအနေချောင်သွားသည်။
မကြီးနှင့်မငယ်မရှိလျှင် အပုလေးကို အရစ်ကြီးရစ်မည့်သူသည် အမေတစ်ယောက်သာ ကျန်သည်။
မောင်လေးက သူစိတ်အလိုမကျလျှင် တခါတရံ ရစ်တတ်သော်လည်း အဖေနှင့်တူ၍လားမသိ။ အပုလေးကို ကြင်နာသည့်အခါတွင်လည်း ကြင်နာတတ်သည်။ အဖေကမူ အပုလေးကို အမြဲ ကြင်နာစွာဆက်ဆံသည်။ လေအေးလေးဖြင့် နားလည်အောင် ဆုံးမတတ်သည်။ သူ့သားသမီးတွေနှင့် တန်းတူ ကျွေးမွေးသည်။ အဝတ်ဆင်သည်။ တခါကဆိုလျှင် သူ့သမီးတွေအတွက် လက်ဝတ်လက်စားတွေ ဝယ်ရင်း
အပုလေးအတွက် ရွှေနားကွင်းလေး ဝယ်လာပေးသည်။ ထိုနေ့က အပုလေး မှန်တကြည့်ကြည့်နှင့် ပျော်လိုက်ရသည်ဖြစ်ခြင်း။ သို့သော် ထိုနေ့ညက အဖေနှင့်အမေတို့၏ အခြေမလှသော နားကွင်းရန်ပွဲကြောင့် အပုလေး၏အပျော်များ တာရှည်မခံခဲ့ပါ။
(၂)
“ဆရာ့ဆိုင်ကယ်ကို မန်းလေးဖက်ကဆင်းလာတဲ့ကုန်ကားက ဘရိတ်ပေါက်ပြီး နောက်က ဝင်တိုက်တာတဲ့။ ဦးနှောက်တွေ ထွက်ပြီး ပွဲချင်းပြီးပဲတဲ့။ သနားစရာပါအေ။ ငါ စိတ်မကောင်းလိုက်တာ။ ဒီအိမ်မှာ ဆရာက စိတ်ကောင်းအရှိဆုံးမဟုတ်လား။ ဆရာမရှိတော့ရင် ငါတော့ ဆက်မလုပ်တော့ဘူး။ ရွာပြန်မယ် စိတ်ကူးတယ်။ ရွာမှာ ယာလေးကိုင်းလေး လုပ်လဲ ထမင်းစားတော့ရပါတယ်အေ။ ဒီမှာ ငွေနည်းနည်း
ပိုရပေမယ့် စိတ်ဆင်းရဲတာနဲ့ မကာမိဘူး”
အိမ်ဖော်မစိုးက လူအလစ်တွင် အပုလေးကို တီးတိုးစကားဆိုသည်။ မစိုးပြောပြမှ အဖေ ဘယ်သို့ဘယ်ပုံဆုံးရသည်ကို အပုလေး ဂဃနဏ သိရတော့သည်။ အပုလေးက ဉာဏ်ထိုင်းသည်။ အကင်းလည်းမပါး။ သူများတွေ ပြောနေဆိုနေကြတာ ကြားလည်း နားလည်ချင်မှ နားလည်သည်။
ထို့ကြောင့် အဖေသည် အပုလေးကို ပြောစရာရှိလျှင် မျက်နှာချင်းဆိုင် သေချာနားလည်အောင်ရှင်းပြပြောဆို တတ်သည်။ နားမလည်ကောင်းလားဟု အမေတို့ သားအမိတွေလို အပုလေးကို ရိုက်နှက်ကန်ကျောက်ခြင်းမျိုး မည်သည့်အခါကမျှ ပြုလုပ်လေ့မရှိ။ မယားနှင့် သမီးတွေကို အမြဲ မနိုင်သော်လည်းအဖေသည်သူ့မျက်စိရှေ့တွင်တော့အပုလေးကိုမနှိပ်စက်နိုင်အောင်အကာအကွယ်ပေးတတ်ခဲ့သူပင်။
မစိုးမှာ ဒီမြို့နားရှိ ရွာတစ်ရွာမှ လခပေးကာ အိမ်အကူအဖြစ်ခေါ်ထားသူဖြစ်လေသည်။ မစိုးက အဖေမရှိတော့လျှင် ရွာပြန်မည်တဲ့။ ပြန်စရာအိမ်ရှိနေခြင်းအတွက် မစိုးကို အပုလေး
အားအကျကြီးကျမိသည်။ အပုလေးအဖို့ကား အဖေမရှိတော့၍ ဤအိမ်တွင်မနေချင်သော်လည်း ပြန်ပြေးစရာအိမ်က မရှိ။ ထွက်ပြေးရအောင်ကလည်း ဘယ်ပြေးရမယ်မှန်းမသိ။ အပုလေး ဒီအိမ်ရောက်ကတည်းက အဖေက အကြိမ်ကြိမ်မှာခဲ့ဖူးသည်။
“အပုလေး သမီးအမေနဲ့ မကြီး မငယ်တို့ ဆူလို့ ပြောလို့ ရိုက်လို့ မကျေနပ်ရင်အဖေ့ကိုပြော။ စိတ်ဆိုးပြီး ထွက်တော့ မပြေးနဲ့။ ကြားလား။ တော်ကြာ မအူမလည်နဲ့ ရောင်းစားမယ့်သူတွေနဲ့ တွေ့သွားရင် သမီးဒုက္ခရောက်မယ်။ ဒီအိမ်မှာ နေတာက အများကြီး ပိုလုံခြုံတယ်နော်။ အဖေပြောတာ နားလည်လား”
အဖေက အပုလေး အခန့်မသင့်လို့ထွက်ပြေးမှာ စိုးရိမ်ခဲ့သူပင်။
(၃)
လွန်ခဲ့သော ငါးနှစ်ကျော် အပုလေး အသက် ကိုးနှစ် ဆယ်နှစ်ခန့်အရွယ်တွင် ဒီအိမ်ကို ရောက်သည်။ အပုလေး၏အသက်အမှန်ကို ဘယ်သူမှ သေချာမသိကြ။ ထို့ကြောင့် ခန့်မှန်းချေသာ ပြော၍ရသည်။
အပုလေးက မကြီးထက်တော့ ငယ်ပုံရသည်ဟု အမေပြောတာ ကြားဖူးသည်။ မကြီးက “အပျိုမ” ဖြစ်နေပြီဖြစ်သော်လည်း အပုလေးက ယခုထိ အပျိုမဖြစ်သေး။ တကယ်တော့ အပုလေးက အပျိုမဖြစ်သေးရုံမက ထမီပင် ရင်မလျှားရသေး။ အရပ်ကလည်း ကလေးအရပ်သာသာရှိသည်။ မဲမဲပုပုသေးသေးညှက်ညှက်ကလေးဖြစ်သည်။ ဦးနှောက်မဖွံ့ဖြိုးသလို ခန္ဓာကိုယ်လည်း မဖွံ့ဖြိုး။ ဒါပေသိ ရောက်ကာစက မငယ်ထက်ကြီးပုံရသောကြောင့် အပုလေး၏အသက်ကို မကြီးထက်ငယ်ပြီး မငယ်ထက်ကြီးသည်ဟုအမေက မှန်းသည်။ ယခုတော့မငယ်ပင်ရင်လျှားနေချေပြီ။
အဖေက ဒီအညာမြို့လေး၏ဆေးရုံက မြို့နယ်ဆရာဝန်ဖြစ်သည်။ မြို့ထဲတွင်အဖေ့ဆေးခန်းလည်းရှိသည်။
ဒီမြို့တွင်တော့ အဖေက နတ်ဘုရားလောက်နီးနီး လူတွေက ချစ်ခင်အားထားကြသည်။ အဖေကလည်း
အသပြာဆရာဝန်မဟုတ်။ စေတနာဆရာဝန်ဖြစ်သည်။ ရှိသူကို ယူသော်လည်း မရှိလျှင် မရှိသလိုအလကားကုပေးသည်။ သို့သော်လည်း ပဲ၊နှမ်း၊ငရုတ်စိုက်ခင်းတွေနှင့် အသင့်အတင့်စီးပွားရေးကောင်းသော ဒီမြေလတ်မြို့လေးမှာ အဖေလည်း ရွှေမရှား ငွေမရှား ကျေးဇူးတင်သူမရှားပါ။
အပုလေးကို အဖေက ဒီမြို့ကို မပြောင်းလာခင်က တာဝန်ကျရာ မြစ်ဝကျွန်းပေါ်မြို့တစ်မြို့မှ ခေါ်လာခဲ့ခြင်းဖြစ်သည်။ ယခင်အပုလေးနေခဲ့သောအိမ်မှာလည်း အစိုးရအရာရှိတစ်ဦး နေအိမ်ဖြစ်ပါသည်။ ထိုအိမ်မှ အိမ်ဦးနတ်ကို အပုလေးက အဖေဟုမခေါ်ရ။ ဦးလေးဟုခေါ်ရသည်။ သူ့ဇနီးကို အန်တီဟု
ခေါ်သည်။ တစ်နေ့ ဦးလေးက နေထိုင်မကောင်းဖြစ်ကာ အဖေဖြစ်လာမည့် ဆရာဝန်၏လူနာဖြစ်ခဲ့သည်။
ရောဂါကျွမ်း၍ ဦးလေးဆုံးတော့လည်း အဖေ့လက်ပေါ်တွင်ပင် ဆုံးသည်။ ဦးလေးဆုံးအပြီး ဤမြေလတ်မြို့လေးသို့ ပြောင်းရန်အမိန့်ကျလာသော အပုလေး၏အဖေဖြစ်လာမည့် ဆရာဝန့်ကို အန်တီက တောက်တိုမယ်ရခိုင်းရန်ဆိုကာ ကျေးဇူးဆပ်သည့်အနေနှင့် အပုလေးကို လက်ဆောင်ထည့်ပေးလိုက်သည်။ သို့နှင့်အပုလေး အဖေတို့အိမ်သို့ပါလာခဲ့ခြင်းပင်။
အပုလေး အဖေတို့နှင့် လိုက်မသွားမီ အန်တီတို့အိမ်မှနောက်ဆုံးညကိုတော့ မှတ်မိလို့နေပါသည်။
ထိုအိမ်တွင် သူ့ကိုထိန်းရသည့်အပုလေးကို ခင်တွယ်လှသော ဦးလေးနှင့်အန်တီတို့သမီးမူယာလေးက
အပုလေးကို ထည့်လိုက်မည်ဆိုတော့ ကြူကြူပါအောင်ငိုကာသောင်းကျန်းလေတော့သည်။ ထိုနေ့ညကမူယာ့ကို အငိုတိတ်စေရန် သူ့အမေပြောလိုက်သောစကားက အပုလေးကို အံ့သြသွားစေသလို ဉာဏ်ထိုင်းသည့်ကြားမှပင် တသက်လုံးလည်း အမှတ်ရနေစေတော့သည်။
“အပုလေးကြောင့် သမီးဖေဖေ သေရတာသမီးရဲ့။ အပုလေးက ကံမကောင်းစေတဲ့ကလေး။ သူ့ကိုမွေးပြီး
သူ့အဖေအမေတွေ ဆုံးသွားရတာလဲ သူ့ကြောင့်ပဲ။ သူ့မွေးပြီး ရေတွေကြီးတော့ သူတို့အိမ်က မျောသွားတာ။ သူ့အဖေက သူ့ကိုဆယ်ထားလို့ ရှင်နေပေမယ့် သူ့အမေကတော့ ရေထဲမျောပါပြီးဆုံးသွားတယ်။ နောက်သိပ်မကြာဘူး။ သူ့အဖေလဲ ငါးဖမ်းလှေ ဝဲမိပြီးသေပြန်ရော။ သူ့ကိုမွေးရင်
မွေးတဲ့သူက ကံဆိုးတော့တာ။ အဲ့ဒီလိုကလေးကို အိမ်မှာ ဆက်မွေးထားရင် မေမေတို့ ကံဆက်ဆိုးနေမှာစိုးလို့ ပေးလိုက်တာ။ သမီးကစားဖော်ရအောင် မေမေ
ကောင်မလေးအသစ်ရှာပေးမယ်နော်” တဲ့။
ထိုအန်တီပြောမှ အပုလေးမိဘတွေ မရှိတော့ကြောင်းသိခဲ့ရသည်။ အပုလေး လူမှန်းသိကတည်းက
ဒီအိမ်မှာ မူယာလေးကို ထိန်းဖို့ ရောက်နေခြင်းဖြစ်၍ အပုလေးတွင် မိဘရှိ မရှိ သိခွင့်မရခဲ့။မေးရကောင်းမှန်းလည်းမသိ။ ယခုတော့အပုလေးမိဘများက အပုလေးကြောင့်ဆုံးသည်တဲ့။ အပုလေးက ကံမကောင်းစေတဲ့ကလေးတဲ့။ အဲဒီ့တုန်းက အပုလေး ဝမ်းနည်းလိုက်တာဆိုသည်မှာ မပြောပါနှင့်တော့။ အဖေတို့အိမ်ရောက်သည့်အချိန်အထိကျိတ်ကျိတ်ငိုနေတတ်၍ အဖေတို့က မူယာလေးကို လွမ်းတယ်ထင်တယ်ဟု ပြောတတ်ကြသေးသည်။ ဒါပေမယ့် အိမ်ပြောင်း မြို့ပြောင်း မိသားစုပြောင်းသွားတော့ အပုလေးလည်း
မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့သည်ပင်။ အဖေက အပုလေးကို အိမ်ဖော်လို မမွေး။ မိသားစုလို နွေးနွေးထွေးထွေး
မွေးခဲ့သောကြောင့်လည်း ဖြစ်မည်ထင်သည်။
(၄)
အဖေ့အသုဘအတွက် ပြင်ဆင်နေကြသည်ကို မျက်ရည်များကြားမှ အပုလေးငေးကြည့်နေမိသည်။
အမေက တက်မတတ်ချက်မတတ်အော်အော်ငိုသည်။ တခါတရံ မြေပြင်တွင်ပင် လူးလိုက်လှိမ့်လိုက်သေးသည်။
“သတိထားပါမမရယ်။ သတိထားပါ” ဟူသောအသံများကိုလှိုင်လှိုင်ကြားနေရသည်။
ထောင့်တစ်ထောင့်တွင် ကပ်ငိုနေသော မောင်လေးက ယခုလိုတော့ ကလေးလေးတစ်ယောက်လို။ မယုံမရဲဖြစ်နေသည့်အသွင်က တကယ့်ကိုသနားစဖွယ်ပင်။
“အကြီးမနဲ့အငယ်မတော့ညနေလောက်ရောက်မယ်ထင်တယ်”
တစ်ယောက်ယောက် ပြောနေသံ ကြားရသည်။ မစိုးကမူ သတင်းမေးလာသူ ဧည့်သည်များကို ဧည့်ခံဖို့ အရပ်ထဲမှ
အဒေါ်ကြီးတချို့နှင့်အတူ စတင်ပြင်ဆင်နေပြီဖြစ်သည်။ အပုလေးကား အရာအားလုံးကို ကြောင်၍ ငေးကြည့်နေမိသည်။ ဘာလုပ်၍ ဘာကိုင်ရမှန်း မသိ။ မောင်လေးကို သွားချော့ချင်သော်လည်း မောင်လေးက အပုလေးကို ထုံးစံအတိုင်း တွန်းထုတ်မည်မှာ သေချာသလောက်ပင်။
ဒီအိမ်မှာ နဂိုကတည်းက အပုလေးကို တာဝန်ကြီးကြီးမားမားတွေ မခိုင်း။ အထူးသဖြင့် မီးနှင့်ပတ်သက်သော ကိစ္စများဖြစ်သည်။ မီးဖိုသုံးခိုင်းဖို့ အပုလေးက စိတ်မချရဟု အမေက ဆိုသည်။ပန်းကန်ဆေးတာ၊ ငြုတ်သီးထောင်းတာ၊ အဝတ်လျှော်ကူတာ၊ အဝတ်လှမ်းတာ၊ ခေါက်တာလောက်သာ
သုံးလို့ရသည်။ အဝတ်ကို အပုလေးတစ်ယောက်တည်း လျှော်ခိုင်းလျှင် ဆပ်ပြာမစင်။ အပုလေးက သေးသဖြင့် အလေးအပင်မမ,နိုင်၊ အလုပ်လည်း သိပ်မနိုင်။ မီးပူတိုက်ခိုင်းပြန်တော့ မီးပူကျွမ်းသည်။ ထို့ကြောင့် အပုလေးက လက်တိုလက်တောင်းသာ အဖော်ရသည်။ တခါတလေတော့လည်း နှိပ်ခိုင်းနင်းခိုင်း၍ရသည်ဆိုပါတော့။
အနာဆိုတာ အချိန်ကြာကြာမေ့ထားသော်လည်း တစ်ခါတစ်ခါ ပြန်ပေါ်တတ်သည်။ တစ်ခါက အပုလေး
အမေ့ထဘီကိုမီးပူတိုက်ပေးရင်း မီးကျွမ်းသွားခဲ့ဖူးသည်။ အမေက စိတ်အလွန်ဆိုးကာ
“ခေါ်သာ လာရတယ်။ ဘာတစ်ခုမှအသုံးမကျဘူး။ ညည်းအန်တီက ညည်းကိုလာဘ်မကောင်းလို့ငါတို့ကို
ပေးလိုက်တာ ဒီလောက်တော့ ငါလည်းရိပ်မိတယ်။ ကံမကောင်းတဲ့ကလေးခေါ်ထားရတဲ့အပြင် အဖော်လည်း
မရဘူး။ ငါ့ချည်းဆိုရင်ခေါ်မလာဘူး။ အိမ်ကလူနဲ့တော့ခက်ပါတယ်” ဟုဆိုသည်။
အဖေကကြားတော့
“အပုလေးမှာ ဘာအပြစ်မှ မရှိပါဘူး။ အပြစ်မရှိတဲ့ကလေးကို ဒီလို ပြောကြတာ ငါမကြိုက်ဘူး။
သနားဖို့တောင်ကောင်းသေးတယ်” ဟုပြန်ပြောခဲ့သည်။
ဒီ့နောက်ပိုင်း မြေလတ်ရောက်လာပြီး အဖေ့စီးပွားက တရိပ်ရိပ်တက်လာချိန်တွင် အပုလေးတစ်ယောက်
ကံမကောင်းသည့်ကလေးရယ်ဟု နောက်ကြောင်းဖော်ကာ ပြောတတ်သည့် အမေ့အမာန်အမဲက
ကင်းလွတ်ခွင့်ရနေခဲ့သည်။
ယခုရော။ ယခုမှ အပုလေး သတိရသည်။ အဖေ ရုတ်တရက်သေဆုံးသွားရခြင်းသည်အပုလေးကြောင့်ဟုအမေထင်မည်လား။ မကြီး၊ မငယ်နှင့်မောင်လေးကရော အဲ့ဒီလို ယုံကြည်ကြတော့မည်လား။ နဂိုကမှ အိမ်တွင်ဖြစ်ဖြစ်မြောက်မြောက်အလုပ်မလုပ်နိုင်၍ မျက်နှာမရ အမြဲအဆူခံနေရတတ်သော အပုလေးအဖို့ ဒီလိုသာဆို ခက်ချိမ့်မည်။ အိမ်ပေါ်တွင်ပင်ဆက်မှထားပါဦးတော့မလား။ ကူပြောပေးမည့်အပုလေးရှေ့က မားမားရပ်လေ့ရှိသူ အဖေကလည်း မရှိတော့ပြီ။ တွေးရင်းဖြင့် အပုလေးကြောက်၍လာခဲ့သည်။
(၅)
ညနေစောင်းတော့ မကြီးနှင့်မငယ်တို့ ရောက်လာကြသည်။ တက်မတတ်ချက်မတတ် ငိုသံတွေက
ဆို့နင့်ကြေကွဲဖွယ်ရာ ကောင်းလှသည်။ မြို့မျက်နှာဖုံးဆရာဝန်အသုဘမို့ သတင်းမေးသူ အကူလာသူများကလည်း ပျားပန်းခတ်မျှများပြားလှသည်။ အဖေ့အလောင်းကား ရင်ခွဲစစ်ဆေးရသဖြင့် ဆေးရုံတွင်သာ ထားသည်။ ထို့ကြောင့် အပုလေး အဖေ့ကို တွေ့ခွင့်မရ။ နို့မို့ အပုလေး ဘာဆက်လုပ်ရမည်၊ ဘယ်မှာနေရမည် အဖေ့ကို အပုလေး မေးကြည့်မိဦးမည်ထင်သည်။
တစ်ခါတစ်ခါတော့ဒါတွေအားလုံး အိပ်မက်သာ ဖြစ်လိုက်ပါတော့ဟုအပုလေးဆုတောင်းမိသည်။ အမေက ရင်ထဲမီးတောက်နေချိန်မို့လား၊ ဧည့်သည်များရှိနေသောကြောင့်လားမသိ။ ခါတိုင်းလို အပုလေးကို အပြစ်တင်ရန်သတိမရ။ သို့သော်လည်း တစ်ချိန်ချိန်တော့သတိရလာလိမ့်မည်။ အပုလေးကား ကြိုးမိန့်ကို စောင့်နေရသော တရားခံလို နေမထိထိုင်မသာ ဖြစ်နေလေ၏။
တကယ်ပင် အပုလေးကြောင့် အဖေသေတာလားဟု တွေးမိတိုင်းလည်း အပြစ်ရှိသောစိတ်က အပုလေးကို ခြောက်လှန့်နေ၏။ အဖေ့လို စိတ်ကောင်း နှလုံးကောင်းရှိသူ လူအများအသက်ကယ်တင်နေသူ ဆရာဝန်တစ်ဦးက
အပုလေးကြောင့် သေရသည်ဆိုလျှင် မတန်။ သေသည့်သူသည်အပုလေးသာဖြစ်လိုက်ချင်တော့သည်။သို့သော်လည်း အပုလေးက ဘာမှတတ်နိုင်သည်မဟုတ်။ အပုလေးကို လက်ခံထားသူကို ကံမကောင်းစေရန် အပုလေးက ဖန်တီးနိုင်သည်မဟုတ်။
တကယ်တော့ အိမ်ရှင်တို့ ကံဆိုးလျှင် အပုလေးလည်း ကံဆိုးသည်ပင်။ အပုလေးက ထို“ကံ”ဆိုတာကြီးကိုစေခိုင်းနိုင်သူမဟုတ်။ အပုလေးလည်းသူများတွေလို “ကံ၏သားကောင်” သက်သက်သာ ဖြစ်လေသည်။
“ဆရာ့အဖေနဲ့ညီမ ရောက်လာပြီ”
အသံကြား၍ အိမ်ရှေ့ထွက်ကြည့်တော့ကားတစ်စီးဆိုက်လာပြီး ပစ္စည်းများချနေသည်။ ညဉ့်အတော်နက်တော့မှအဖေ့အဖေနှင့်ညီမက ရန်ကုန်မှကားစင်းလုံးငှားပြီး ရောက်ချလာခြင်းဖြစ်သည်။
အပုလေး အံ့သြတကြီးကြည့်နေမိသည်။ ဒီအိမ်ကို အပုလေးရောက်ကတည်းက အဖေ့ဘက်က အမျိုးတွေ
အိမ်လာလည်တာ မတွေ့ဖူးခဲ့။ တခါတခါ အမေရေရွတ်နေတာ အဖေ့ကို ပြောနေတာတွေအရတော့ အမေနှင့် အဖေ့မိဘ မောင်နှမတွေ သိပ်အဆင်မပြေဟု ထင်သည်။ အဖေ ရန်ကုန်သွားပြီး ပြန်လာလျှင် မိဘအိမ်ကို ဘာဝယ်သွားသနည်းဟု မယုံသင်္ကာနှင့် အမေ့အစွပ်အစွဲကို အဖေခံရမြဲဖြစ်သည်။
သို့သော် အမေ့ဘက်မှအမျိုးတွေကတော့အချိန်မရွေး ရောက်ရောက်လာတတ်သည်။ အမေ့အဖေဆိုလျှင် တစ်ခါလာလျှင်
တစ်လကိုးသီတင်းနေတတ်သည်။ ဤသည်ကို အဖေကား မည်သည့်အခါကမှ မငြူစူဖူးခဲ့။
အဖေ့အဖေ အဖိုးက အဖေ့လိုပဲ ဖြူဖြူမြင့်မြင့်ချောချောဖြစ်သည်။ အဖေ့ညီမက သိပ်မလှသော်လည်း
အေးချမ်းပြီး သဘောကောင်းမည့်ပုံမျိုးပင်။ အဖေရှိစဉ်က သူ့ညီမအကြောင်း တစ်ခါတလေ ပြောတတ်သဖြင့် အပုလေး ထိုအန်တီလေးကိုနဂိုကတည်းက ရင်းနှီးနေခဲ့သည်။
“ငါ့ညီမလေးကိုငါက ကလေးလေးပဲ အောက်မေ့တာ အခုတော့တကယ့်လူကြီးကြီးဖြစ်နေပါပေါ့။ အဖေလဲ
အတော်အားရှိမှာ သေချာတယ်။ သားက အားမကိုးရပေမယ့် သမီးက အနားမှာရှိတော့ တော်သေးတယ်တဲ့။ ညီမလေးက စိတ်ကောင်းကတော့ တကယ်ရှိတာ။ ဘယ်သူ့ဖြစ်ဖြစ်သူမနေနိုင်ဘူး”
အဖေ့အပြောအရကတော့ သူ့ညီမက စိတ်သဘောကောင်းသူပါ။ ယုံပါသည်။ အဖေ့ညီမမို့ စိတ်ထားကောင်းမည်ကို ယုံပါသည်။ ယခု လူကိုတွေ့တော့ ပိုလို့တောင်ယုံချင်မိပါသည်။ ဘာပဲပြောပြော အပုလေးကတော့ အဖေ့အမျိုးတွေကို မျက်နှာမြင်ရုံမျှဖြင့် အားကိုးရသွားသလို စိတ်လုံခြုံသွားသလို
ခံစားလိုက်ရသည်။
(၆)
နောက်နေ့မှစပြီး အပုလေး အန်တီလေးတို့သားအဖကို ချဉ်းကပ်ရန်ကြိုးစားတော့သည်။
အဟိတ်တိရိစ္ဆာန်တို့သည်ပင်လျှင် မည်မျှအသိဉာဏ်မရှိစေကာမူ မိမိလွတ်မြောက်ရာလမ်းကို ရှာတတ်ကြသည်ပဲ။ အပုလေးလည်း သူမလွတ်မြောက်မည့်လမ်းကိုတိုးထွက်ဖို့ ကြိုးစားရပေလိမ့်မည်။
နံနက်စာစားပြီးသည်နှင့် အပုလေး အန်တီလေးတို့သားအဖ နားနေသောအခန်းတွင်းသို့ ဝင်လာခဲ့သည်။ ဖခင်ကို နှစ်သိမ့်ရင်း မျက်ရည်ကျနေသော အန်တီလေးကို သနားစိတ်ဖြင့်တိတ်တဆိတ်ကြည့်နေခဲ့သည်။
အန်တီလေးက အပုလေးကိုသတိထားမိသွားပြီး စတင်မေးမြန်းတော့သည်။
“လာပါဦး။ သမီးက ဘယ်သူလေးလဲ”
စကားသံကိုက ချိုသာပျော့ပျောင်းသည်။ အမေတို့သားအမိတတွေနှင့်တော့တခြားစီဖြစ်သည်။
“သမီးက အပုလေးပါ။ အဖေတို့အိမ်မှာ နေတာ ကြာပါပြီ” ဟုစတင်မိတ်ဆက်ရသည်။ အဖိုးနှင့်အန်တီလေး ခရီးပမ်းလာမည်ထင်၍ အပုလေးနှိပ်ပေးပါရစေဟုလည်း မျက်နှာလုပ်သည်။
“နေပါစေကွယ်။ အန်တီလေးက အနှိပ်မခံတတ်ဘူး။ သမီးအဖိုးကိုသာ မေးကြည့်ပြီး အနှိပ်ခံမယ်ဆို နှိပ်ပေးလိုက်ဟုတ်လား”
ဒီနေရာမှာလည်း အန်တီလေးတို့ စည်းစိမ်မခံစားတတ်ပုံက အမေနှင့် ကွာသည်။ အမေ့ကိုဆိုလျှင်ညတိုင်း အပုလေး နင်းပေးနှိပ်ပေးရသည်။ တစ်နာရီ နှစ်နာရီကြာ၍ အမေအိပ်ပျော်သွားလျှင် အပုလေး ရပ်လိုက်ရမည်လား ဆက်နှိပ်ရမည်လားအသိပဲ ဒုက္ခရောက်ပေါင်းများခဲ့ပြီ။ ဘာပဲပြောပြော အန်တီလေးကို အပုလေး ပို၍ ပို၍ သဘောကျလာခဲ့တော့သည်။
(၇)
နေ့လည်ဖက်ရောက်တော့ အမေ့အဖေနှင့် အမေ့ညီမလင်မယားတို့ ရောက်လာကြပြန်သည်။ ခဏခဏ
လာနေကျလူတွေမို့ အပုလေးတို့ အကြောင်းသိပြီးသားတွေပင်။ အမေ့ညီမက အမေ့ထက် ပိုစိတ်ပုပ်သည်။ အမေက စိတ်တိုင်းအတော်မကျမှ ရိုက်တတ် ကန်တတ်သော်လည်း သူ့ညီမကတော့ အသားလွတ်လည်း ထကန်ချင်ကန်တတ်သည်။ လာပြီဆိုလျှင်လည်း အမျိုးစုံ ခေါ်ခိုင်း၍ မပြီးတော့။
ပါးစပ်ကလည်း ရုန့်ရင်းကြမ်းတမ်းသည်။ အပုလေးကိုဆိုလျှင်အမြဲဆဲဆိုနေတတ်သည်။
ယခုလည်း ကြည့်။ အပုလေးက သူတို့နှင့် တွေ့မည်စိုး၍ အန်တီလေးတို့ အခန်းထဲ ဝင်ရှောင်နေလိုက်သည်။ အန်တီလေးကလည်း အပုလေးကိုသူ့အစ်ကိုအကြောင်းများ မေးမြန်းနေသည်။
“ဟဲ့ဟိုကောင်မ အပုလေး ဘယ်ရောက်နေလဲ။ နင့်ကို ငါ ဖိနပ်တိုက်ခိုင်းထားတယ်မဟုတ်လား။ ဟဲ့အပုလေး
ကြားလား။ နားပင်းနေလား”
ဟော အဲဒါ အမေ့ညီမ အန်တီဖြူ့အသံပါ။ အသံနှင့်လိုက်ဖက်စွာ ရုပ်ကလည်း ဆိုးသည်။
“သွားလိုက်ဦးသမီး။ တော်ကြာအဆူခံနေရဦးမယ်”
အပုလေး မထချင်ထချင်နှင့်ထ,တော့ အပုလေးကို ကရုဏာသက်စွာကြည့်နေသော အန်တီလေး၏မျက်ဝန်းများကို တွေ့လိုက်ရသည်။ ဘာပဲပြောပြော အပုလေး ကျေနပ်သွားသည်။ အပုလေးကို နားလည်ပေးမည့်သူ အဖေ့အပြင်နောက်တစ်ယောက်ရှိနေသေးသည်ထင်သည်။
(၈)
ဒီလိုနှင့် အဖေ့အလောင်း မြေကျခဲ့သလို ရက်လည်ပြီးခဲ့ပါပြီ။ အမေက အပုလေးကို မျက်ထောက်ဖြင့် လှမ်းလှမ်းကြည့် နေတတ်သော်လည်း ယခုအထိတော့ ဘာမျှမပြောသေး။ အိမ်မှာ ဧည့်သည်ကုန်မှ အပုလေးကို နှိပ်စက်တော့မည်ထင်သည်။ ရသလောက်အချိန်လေးအတွင်း အပုလေးသည်လည်း
မိမိလွတ်မြောက်ရေးအတွက် တတ်နိုင်သရွေ့ ကြိုးစားရပေဦးမည်။
ဒီရက်ပိုင်းအတွင်း အပုလေးသည် အန်တီလေးတို့ သားအဖနှင့် အတော်ရင်းနှီးလာခဲ့ပြီဖြစ်သည်။ ပြောရဲဆိုရဲရှိလာပြီမို့ အပုလေး စကားစ,ကြည့်ရတော့မည်။ ဒီနေ့တစ်ရက်နေပြီး မနက်ဖြန် အန်တီလေးတို့သားအဖ ပြန်မည်ဆိုသည်။
“အန်တီလေးတို့ မနက်ဖြန်ပြန်ရင်သမီး ဒီမှာ ဘယ်လိုနေခဲ့ရမလဲ မသိတော့ပါဘူး”
အပုလေးက တတ်သမျှ မှတ်သမျှဖြင့် စကားစသည်။
“ဘာလို့လဲသမီးရဲ့။ ဘာထူးလို့လဲ။ အရင်ကလဲ သမီးဒီအိမ်မှာပဲ နေတာပဲမဟုတ်လား”
“အရင်က အဖေရှိတယ်လေ။ အဖေက အပုလေးကို အမြဲအကာအကွယ်ပေးတယ်။ အဖေမရှိရင် အပုလေးကို ဝိုင်းနှိပ်စက်ကြတော့မှာ။ အပုလေး အားလုံးကို ကြောက်တယ်။ အမေနဲ့ အန်တီဖြူကို ပိုကြောက်တယ်။ သမီးကို အန်တီလေးတို့နဲ့အတူ ခေါ်သွားပေးပါလားအန်တီလေးရယ်။ သမီး
လိမ်လိမ်မာမာနေပါ့မယ်”
အပုလေးက သနားစဖွယ်ငိုယို၍ ပြောသည်။
အန်တီလေးက အပုလေးပုခုံးကိုဖက်ပြီး တိုးညင်းသောအသံဖြင့်နှစ်သိမ့်၏။
“သမီးကြောက်တာ အန်တီနားလည်ပါတယ်ကွယ်။ အန်တီလဲ ဖြစ်နိုင်ရင်သမီးကို ခေါ်သွားချင်ပါတယ်။ ဒါပေမယ့် သမီးသိတဲ့အတိုင်းပဲ သမီးအမေ အန်တီ့ယောင်းမနဲ့ အန်တီတို့က သိပ်အဆင်မပြေလှဘူး။ သမီးကို အန်တီခေါ်သွားမယ်ပြောရင် သူခွင့်ပြုမယ်မထင်ဘူး။ ပြန်ကာနီး စကားများ ရန်ဖြစ်ရုံပဲရှိမယ်။ သမီးကို မထည့်လိုက်ရင်သမီးလဲ ဒီအိမ်မှာ ပိုအန္တရာယ်များမယ်။ သမီးက ပြောလို့ဆိုတာ သူတို့ရိပ်မိမှာ
သေချာတယ်။ ဒါဆိုသမီး ပိုအညှိုးခံရလိမ့်မယ်”
အန်တီလေး ပြောတောလည်း သဘာဝကျသည်မို့ဟုတ်သယောင်ယောင်ရှိသည်။ အမေ သဘောမတူလျှင် အပုလေးအဖို့ပွဲပြီးပြီမဟုတ်ပါလား။
“သမီးကို မရိုက်ဖို့ ဂရုစိုက်ဖို့ တူတွေ တူမတွေကို အန်တီမှာပါ့မယ်။ သမီးလဲ လိမ်လိမ်မာမာနေနော်။ နောက်ပိုင်းမှ အဆင်ပြေရင် အန်တီ သူ့ဆီက တောင်းကြည့်ပါ့မယ်”
အ,တီးအ,တဟု ဆိုသော်လည်း အန်တီလေးက အပုလေးကို လောလောဆယ် စိတ်ကျေနပ်စေရန် နှစ်သိမ့်နေခြင်းသက်သက် ဆိုခြင်းကို အပုလေးနားလည်နေပါသည်။
(၉)
နောက်တစ်နေ့မနက်
အန်တီလေးတို့ မပြန်ခင် ပစ္စည်းထုတ်ပိုးသည်ကို ကူညီရန် အပုလေး အန်တီလေးတို့အခန်းသို့ လာခဲ့ပြန်သည်။ အခန်းဝအရောက်တွင် အပုလေးရောက်လာသည်ကို မသိပဲ အန်တီလေးနှင့်အဖိုးတို့ စကားပြောနေကြသည်။
“အဲ့ဒီ့ကလေး သနားပါတယ်သမီးရယ်။ သမီးယောင်းမနဲ့ စကားနည်းနည်းပြောကြည့်ပါလား။ အဖေတို့အိမ်မှာလဲ အဖော်လိုနေတာ။ ကိုယ်မွေးထားလို့ရတာပဲ”
“အဖေကလဲ။ အဖေ့မြေးအကြီးမ ပြောတာ မကြားဘူးလား။ သူ့မွေးတဲ့အိမ်တိုင်း ဒုက္ခရောက်တယ်တဲ့။ အခု
အဖေက ကောင်းကောင်းနေကောင်းတာလည်း မဟုတ်ဘူး။ ဟုတ်သော်ရှိ မဟုတ်သော်ရှိအဖေတစ်ခုခုဖြစ်ခဲ့ရင်
ဘယ်လိုလုပ်မလဲ။ အမလေး မလုပ်ပါနဲ့။ မမွေးရဲပါဘူးအဖေရယ်”
အပုလေးကို ကံဆိုးစေသူဟု အများယုံကြည်ထားသလို အယုံအကြည်မရှိသည့် အဖေ့လိုပင် ကြင်နာတတ်သူဖြစ်မည်ဟု သူထင်ထားသော အဖေ့ညီမ အန်တီလေး၏စကားကို
ကြားလိုက်ရသည့်အခိုက်တွင် အပုလေးတစ်ယောက် ကျင်စက်နှင့် အတို့ခံလိုက်ရသလို တစ်ကိုယ်လုံး
အေးစက်ကျင်ခဲသွားသည်မှာ နှလုံးသားအထိပင်ဖြစ်တော့သည်။ ။
🌹မေသနပ်ခါး🌹
ရွှေအမြုတေမဂ္ဂဇင်း
ဩဂုတ်လ၊ ၂၀၁၉