ကံဆိုးသူ မောင်ရှင်

Posted on

ကံဆိုးသူ မောင်ရှင်
______________________ မြသန်းတင့်
အနောက်ယွန်းယွန်းကို ခုတ်ပါ။
အနောက်ယွန်းယွန်းကို ခုတ်ပါ။
(ကိတ်ဟွန်းအငူအနီးတွင် ဖြတ်သန်းသွားသော သင်္ဘောများသို့ ရေကြောင်းပြ ညွှန်ကြားချက်။)
မေခလာသင်္ဘောသည် အတ္တလန်တိတ် သမုဒ္ဒရာ တောင်လတ္တီတွဒ် ၅ဝံ နှင့် ပစိဖိတ်သမုဒ္ဒရာတောင်လတ္တီတွဒ် ၅ဝံ ကြားသို့ ရောက်နေသည်မှာ သီတင်းပတ် ခုနစ်ပတ် ရှိသွားပြီ။ တနည်းပြောရလျှင် ကိတ်ဟန်းခေါ် ကျွဲချို အငူကို ပတ်၍ ခုတ်ရန် မေခလာ ကြိုးစားနေသည်မှာ ခုနစ်ပတ် ကြာသွားလေပြီ။ မေခလာသည် ခုနစ်ပတ်လုံးလုံး သောင်တင်လုနီးပါးရှိနေခဲ့၏။
တခါသော် ကြောက်စရာကောင်းသည့် တယ်ရာဒယ်ဖေ့ဂို ကျောက်တန်းကြီးကို တွယ်၍ လေခိုပြီး ကပ်ထားစဉ် ရုတ်တရက် လေပြင်းတိုက်၍ လှိုင်းကြီးလာသောကြောင့် ကျောက်ဆောင်နှင့် ကိုင်ရိုက်မလိုပင် ဖြစ်ခဲ့သေး၏။ မေခလာသည် ကျွဲချိုအငူအနီးရှိ ကျောက်ဆောင်ကျောက်တန်းများနှင့် ခုနှစ်ပတ်လုံးလုံးနပန်းလုံးနေခဲ့ရ၏။
ကျောက်ဆောင်ကျောက်တန်းများ၏ ရိုက်ပုတ်ထု
ထောင်းခြင်းကို ခံခဲ့ရ၏။ မေခလာသည် သစ်သားများဖြင့် ဆောက်ထားသည့် သင်္ဘောဖြစ်သည်။ အမြဲတစေ ရုန်းကန် လှုပ်ရှားခဲ့ရသဖြင့် ပျဉ်ချပ်တွေ ဟနေသည့်နေရာက ဟကုန်ပြီ။ ထို့ကြောင့် တနေ့ကို နှစ်ခါ ရေထုတ်ရသည်။
မေခလာသည် ပင်ပန်းလှပြီ။ သင်္ဘောသားများလည်း ပင်ပန်းလှပြီ။ ကိုယ်လုံးကိုယ်ထည်ကြီးကြီးနှင့် ခပ်ဖိုင့်ဖိုင့် မာလိန်မှူးကြီး ဒန်ကာလင်လည်း ပင်ပန်းလှပြီ။ အပင်ပန်းဆုံးဟုပင် ဆိုနိုင်သည်။ ရေကြမ်း လေကြမ်း၊ လှိုင်းကြမ်း ကမ်းကြမ်း ဖြစ်သော ဤကျွဲချိုမှ မေခလာ အောင်မြင်စွာ ကွေ့ပတ်ခုတ်ရေးသည် သူတဦးတည်း အပေါ်တွင် အဓိက တာဝန်ကျနေသည် မဟုတ်လော။
မာလိန်မှူးကြီးသည် ကောင်းကောင်း မအိပ်နိုင်။ အိပ်သည့်အခါတွင်လည်း အဝတ်အစားကလေးကိုမျှ မလဲနိုင်။ ညညဆိုလျှင် မာလိန်မှူးကြီးသည် တစ္ဆေခြောက်သည့်နှယ် သင်္ဘောတစင်းလုံးကို အနှံ့လျှောက်သွားနေသည်။ သူ့ အသွင်သဏ္ဌာန်က ကိုယ်လုံးကိုယ်ထည်ကြီးကြီး သန်မာတောင့်တင်းသည့် သစ္ဆေကြီးတကောင်လို။
ပင်လယ်တွင် အနှစ်သုံးဆယ်မျှ ကျက်စားခဲ့သဖြင့် သူ့ အသားအရေတို့သည် နေစား လေစား၍ မည်းနေလေပြီ။ အမွေးအမှင်တွေကလည်း ထူလှသဖြင့် အဝေးကနေကြည့်လျှင် မျောက်ဝံကြီးတကောင်နှင့်သာ တူတော့သည်။ မာလိန်မှူးကြီးသည် တစ္ဆေတကောင်လို သင်္ဘောကို ခြောက်လှန့်သည် မဟုတ်။ သူကိုယ်တိုင်လည်း ကျွဲချိုအငူအနီးတွင် ဖြတ်သန်းသွားသည် သင်္ဘောများကို သတိပေးသည့် ရေကြောင်းပြညွှန်ကြားချက်ကို သတိရကာ သစ္ဆေခြောက်ခံရသူလိုဖြစ်နေသည်။
“သင်ဘာလုပ်လုပ်အနောက်ယွန်းယွန်းကို တိုးခုတ်ပါ၊ အနောက်ယွန်းယွန်းကို ခုတ်ပါ” ဟု ရေကြောင်းပြသတိပေးချက်တွင် ပါရှိ၏။ ထိုသတိပေးချက်ကို မာလိန်မှူးကြီး မေ့ပျောက်ပစ်၍ မရ။ တခြားဘာကိုမျှ မတွေးနိုင်။
ထိုသတိပေးချက်သာလျှင် ခေါင်းထဲတွင် ရောက်နေသည်။ သည်လောက် ဆိုးသည့် ရာသီဥတုမျိုးကို ဖန်တီးရကောင်းလား ဟုတော့ ဘုရားသခင်ကို ပစ်မှားချင်သည်။
အနောက်ယွန်းယွန်းကို တိုးရမည်တဲ့။ မာလိန်မှူးကြီးသည် ကျွဲချိုအငူကိုပတ်ကြည့်၏။ သို့ရာတွင်မရ။ ကျွဲချို အငူ ကျောက်တန်းကြီးနားသို့ရောက်တိုင်း လန်လန်ထွက်သွားသည်။ အငူနှင့် မိုင်အနည်းငယ်ကွာလောက် ရောက်သည်နှင့် မြောက်လေ ပင့်တိုက်လိုက်သည့်အတွက် အရှေ့ယွန်းယွန်း သို့မဟုတ် အရှေ့မြောက်ယွန်းယွန်းသို့ မိုင်နှစ်ဆယ်လောက် လွင့်ပါသွားတတ်သည်။
ကွေ့ပတ်ရန် ရွက်တိုက်လိုက်တိုင်း လန်လန်ကျကာ လွင့်ပါသွားသည်မှာ အကြိမ်ပေါင်း တဒါဇင်လောက်ရှိတော့မည်။ ကွေ့ ၍တိုက်ရန် ပြင်လိုက်တိုင်း အနောက်လေပြင်းက ဝင်ဆောင့်သဖြင့်အရှေ့
ဘက်သို့ချည်း ပါသွားတတ်သည်။
မာလိန်မှူးကြီးသည် ကျွဲချို အငူကို ပတ်၍ရွက်တိုက်ရင်း မိုးသက်မုန်တိုင်းတွေကို တခုပြီးတခု ကျော်ဖြတ်ခဲ့ရသည်။ တောင်လတ္တီတွဒ် ၆၄ အထိ တွေ့ခဲ့ရသည်။ အန္တာတိတ် ရေခဲစီးကြောင်းကြီးထဲကိုလည်း ရောက်ခဲ့ရသည်။ သူ့အသက်ကို အပေါင်ပေးခဲ့ရသည်။
သို့ရာတွင် မေခလာသည် အနောက်သို့မရောက်၊အရှေ့သို့သာ ပြန်ပြန်လွှင့်နေသည်။ စိတ်ပျက်လက်ပျက်ဖြင့် မာလိန်မှူးကြီးသည် လိမေယာ ရေလက်ကြားထဲကို ဝင်သည်။ ထိုရေလက်ကြားမှဖြတ်၍ ကျွဲချိုအငူကို ပတ်ရန်ဖြစ်သည်။ ရေလက်ကြားထဲသို့အဝင် တဝက်လောက်အရောက်တွင် မြောက်ဘက်မှ လေပြင်းတိုက်လာသည်ကို တွေ့လိုက်ရသည်။
ပြဒါးချိန်သည် ၂၈.၈၈ အထိ ကျသွားသည်။
ဆိုင်ကလုံး မုန်တိုင်းကြီး နီးပါးပြင်းသည့် လေလုံးကြီးတခု ရေလက်ကြားထဲသို့ မြောက်ဘက်မှစွတ်၍ ဝင်လာသဖြင့် မေခလာကို ပြန်လှည့်ကာ မနည်းလွတ်အောင် ပြေးခဲ့ရသည်။ ကံကြီး၍ သီသီကလေးလွှတ်ခြင်းဖြစ်၏။
မေခလာသည်လည်း ကျောက်ဆောင်ကြီးတွေပေါ် တင်တော့သည်။ ဒိုင်ယာဂိုယာမီးရက်ဇ် ကျောက်တန်းကြီး၏ အနောက်ဘက်သို့လည်း နှစ်ကြိမ်ရောက်ခဲ့ရသေးသည်။ တကြိမ်တွင်မူ ရှေ့ မိုင်တစိတ်လောက်အကွာတွင် ကျောက်တုံးတွေစိုက်ထားသည့်သင်္ဘောသင်္ချိုင်းကိုလှမ်းမြင်လိုက်ရသဖြင့် မုန်တိုင်းနှစ်ခုကြားမှ မနည်းလွတ်အောင် ထွက်ပြေးခဲ့ရသည်။
ပြင်းလိုက်သည့်လေ။ ပင်လယ်တွင် မာလိန်မှူးကြီး ကျက်စားခဲ့သည်မှာ အနှစ် သုံးဆယ်ရှိပြီ။ အနှစ်သုံးဆယ်အတွင်း သည်လောက်ပြင်းသည့် လေပြင်းကို တခါမျှ မတွေ့ဖူးသေး။ မေခလာသည် လှိုင်းလုံးကြီးများပေါ်တွင် နိမ့်လိုက်မြင့်လိုက် ဖြစ်နေသည်။
နာရီဝက်အတွင်း၌ မေခလာသည် ငုံးတိတိဖြင့် ရောချည်းသာ ကျန်တော့သည်။ လင်းယာဉ်တိုင်က ရွက်ကြီးကို လဲထားသည်မှာ ဘာမျှ မကြာသေး။
တပင်တိုင် ရွက်ဆိုလျှင် အသစ်စက်စက်ကြီး ရှိသေးသည်။ ယခု လေပြင်းကြောင့် ထိုရွက်နှစ်စုံစလုံး စက္ကူလေးများနှယ် စုတ်ပြတ်သတ်ကုန်ကြပြီ။ရွက်ဆိုင်းကြိုးနှစ်ထပ်ဖြင့် ကျစ်နေအောင်ချည်ပြီး လိပ်တင်ထားသည့် ရွက်ငါးဖုံလည်း တိုင်များတွင် မရှိတော့။
မနက်လင်းအားကြီး မတိုင်မီတွင် မေခလာသည် နှစ်ကြိမ်မျှ စောင်းသွားသည်။ ကုန်းပတ်များပေါ်တွင် တအားဖိနေသော ပင်လယ်ရေ၏ အလေးချိန်
လျော့သွားစေရန် ကုန်းပတ်နံရံတွင် အပေါက်တွေ ဖောက်ပေးရသည်။
မာလိန်မှူးဗန်ကာလင်သည် တပတ်လျှင် တကြိမ်လောက်သာ နေကို မြင်ရသည်။ တခါတွင်မူ နေ့လယ်လောက်တွင် နေလုံးကို ဆယ်မိနစ်လောက် မြင်လိုက်ရသည်။ နောက် ဆယ်မိနစ်လောက် ကြာသည့်အခါ၌ လှေပြင်းတိုက်စ ပြုလာ၏။ ပဲ့စင်တွင် တာဝန်ကျသူတို့က ရွက်ကို လိပ်တင်လိုက်ကြသည်။
ခဏကြာလျှင် နှင်းမုန်တိုင်းကြီး ကျလာသည်။ သင်္ဘောပေါ်တွင် ဘာကိုမျှ သဲသဲကွဲကွဲ မမြင်ရ။ အားလုံး မှုန်မှုန်ဝါးဝါးမျှသာ။ နေမွန်းတည့်အချိန်ကို မမြင်ရ။ ကြယ်မွန်းလတ်ချိန်ကို မမြင်ရ။ ဘယ်လတ္တီတွဒ်ရောက်၍ ဘယ် လောင်ဂျီကျု ရောက်နေသည်ကိုလည်းမှခန့်မှန်းနိုင်။ ကုန်းမြေကို မြင်ရမှ ကုန်းနားကမ်းနား ကပ်နေမှန်း သိရသည်။ နေနှင့်ကြယ်များသည် တိမ်ညိုတို့ နောက်ကွယ်တွင် ပုန်းအောင်းနေကြသည်။ တမိုးလုံး မှောင်နေသဖြင့် ကုန်းနှင့်ရေကိုပင် မခွဲခြားနိုင်။ မိုးကုပ်စက်ဝိုင်းပင်လျှင် ပျောက်နေသည်။
တိမ်တို့ မည်းမှောင်လျက်ရှိသဖြင့် ပင်လယ်ရေပြင်သည်လည်း ခဲသားပြင်ကြီးလို မည်းမှောင်နေသည်။ ကောင်းကင်ကကျလာသော နှင်းပွင့်တို့ပင်လျှင် ဖြူဖွေးခြင်းမရှိ။ ညိုမှောင်သော ကောင်းကင်ရောင်နှင့် ရေရောင်ကြောင့် မည်းမှောင်နေကြသည်။
မေခလာသင်္ဘောပေါ်မှ သူတို့ဘဝသည်လည်း မည်းမှောင်နေကြသည်။ သင်္ဘောသားတို့၏ မျက်နှာသည် မည်းမှောင်ညိုမှိုင်းလျက်။ ပင်လယ်ခူနာကြီးတွေ ပေါက်နေကြသည်။ ဆားငံရည် ထိထားသဖြင့် အသားနီတွေ လန်နေကြသည်။ စင်စစ် သူတို့
သည် လူများနှင့်ပင် မတူ။ အရိပ်လူတွေနှင့် တူနေတော့သည်။
ပဲ့စင်တွင် လည်းကောင်း၊ ကုန်းပတ်တွင်လည်းကောင်း သူတို့သည် နေပွင့်မည့်နေ့ကို မျှော်နေကြရသည်။ နေကို မမြင်ရသည်မှာ သီတင်းပတ် ခုနစ်ပတ် ရှိနေပြီ။ ခြောက်သွေ့ခြင်း ဆိုသည်မှာ ဘာမှန်းပင် မသိတော့။ အိပ်စက်ခြင်း ဆိုသည်ကိုပင် ကောင်းကောင်း နားမလည်တော့။
ခါတိုင်း အစောင့်ကျလျှင် ငိုက်၍ ရသည်။ ယခုမူ ငိုက်၍မရ။ နားချိန်မရ။ သင်္ဘောသားအားလုံး ကုန်းပတ်ပေါ်မှာ နေရမည်ဟု အမိန့်ထုတ်ထားသဖြင့်
အားလုံး ကုန်းပတ်ပေါ်တွင် တက်နေကြရသည်။ ကုန်းပတ်တွင် မိုးကာအင်္ကျီတွေကို ခြုံထိုင်ရင်း အပြေးအဖြန်း အိပ်ကြရသည်။
သူတို့အားလုံး ပင်ပန်းနွမ်းနယ်နေကြပြီ။
ခါတိုင်းခါတိုင်း သင်္ဘောသားတဝက်က ဂျူတီကျပြီး တစ်ဝက် နားကြရသည့်တိုင် ယခုမူ တဝက် လုပ်ရသည့် အလုပ်ကို အားလုံး ဝိုင်းလုပ်နေကြရသည်။ ထို့ကြောင့် ကုန်းပတ်ပေါ်တွင် သင်္ဘောသား အားလုံး အမြဲရောက်နေတတ်သည်။ မည်သူမျှ တာ၀န်ရှောင်၍ မရ။ သက်သာခို၍ မဖြစ်။ ခြေကျိုးသွားလျက် နှင့်ပင် အလုပ်လုပ်ကြရသည်။
ကုန်းပတ်တွင် လှိုင်းလုံး တက်အရိုက် ချော်လဲသဖြင့် ခြေကျိုးသွားသူ နှစ်ယောက်ရှိသည်။
သူတို့လည်း အအားမနေရ။
သူတို့သင်္ဘောပေါ်တွင် ပါလာသည့် တယောက် သောအရိပ်လူတဦးမှာ ဂျော့ဒိုရှက်တီဖြစ်သည်။ ဂျော့ရှက်တီသည် သင်္ဘောသားမဟုတ်ဘဲ တဦးတည်းသော ခရီးသည် ဖြစ်၏။
သင်္ဘောကုမ္ပဏီပိုင်ရှင်၏ မိတ်ဆွေတဦးလည်းဖြစ်၏။ ကျန်းမာရေးအတွက် သင်္ဘောဖြင့် ပင်လယ်သို့လိုက်လာခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ကျွဲချိုအငူတွင် သူတို့သင်္ဘော ခုနစ်ပတ်လုံးလုံး ကြာလာခဲ့သည့်တိုင် သူ့ကျန်းမာရေးသည် တိုးတက်ကောင်းမွန်လာခြင်းမရှိ။
ရှည်လျား၍ လှိုင်းတံပိုးတို့ထသောညများတွင် ဂျော့ဒိုရှက်တီသည် သင်္ဘောဝမ်းထဲက သူ့အိပ်စင်ကလေးပေါ်တွင် အသက်ရှူကျပ်ကာ မောနေတတ်သည်။ ကုန်းပတ်ပေါ်သို့တက်၍ နေပူစာလှုံသည့် အခါများတွင်လည်း အဝတ်တွေ အထပ်ထပ်ရစ်ပတ်ထားသဖြင့် သူ့ကို ကြည့်ရသည်မှာ လမ်းလျှောက်ရောင်းသည့် အဝတ်ဟောင်းရောင်းသမားနှင့်သာ တူတော့သည်။ နေ့လယ်ချိန်ဆိုလျှင် ဂျော့ဒိုရှက်တီသည် သင်္ဘောကုန်းပတ်ရှိ ထမင်းစားခန်းသို့တက်၍ ထမင်းစားသည်။ ထမင်းစားခန်းက ခပ်မှောင်မှောင်။
မျက်နှာကြက်တွင် ချိတ်ထားသည့် သင်္ဘောမှန်အိမ်များသည် လှုပ်ယမ်းလျက်ရှိကြ၏။ သို့ရာတွင် သင်္ဘောမှန်အိမ်တွေ ရှိသည့်တိုင် အခန်းသည် လင်းလင်းချင်းချင်းမရှိ။ မှောင်မြဲ မှောင်လျက်သာ ရှိသည်။ ထိုအခါမျိုးတွင်မူကား အမှောင်ထဲတွင် ကုတ်ကုတ်ကြီး ထိုင်နေသော ဂျော့ဒိုရှက်တီကို ကြည့်ရသည်မှာ လူနှင့်ပင်မတူ။ နာနာဘာဝနှင့်ပင် တူနေတော့သည်။
ဂျော့ဒိုရှက်တီသည် မျက်နှာချင်းဆိုင်တွင် ထမင်းစားနေသည့် မာလိန်မှူး ဒန်ကာလင်ကို ငေးငေးကြီးကြည့်နေသည်။ သို့ရာတွင် သူ့အကြည့်သည် တဖက်သားကို ရွှင်လန်းအားတက်စေခြင်းငှာ မတတ်နိုင်။ မာလိန်မှူးကြီးသည် မျက်မှောင်ကြီး ကြုတ်ကာ စကားတလုံးမှ မပြောဘဲ အစာကိုဝါးနေသည်။ မျက်မှောင်ကြုတ်ရင်းဖြင့် ရာသီဥတုကို ကျိန်ဆဲသည်။ စားရင်းဖြင့် သူ့ဘဝတွင် တခုတည်းသောအရာကို စဉ်းစားသည်။ ထိုအရာမှာ အခြားမဟုတ်၊ ကျွဲချိုအငူကိုပတ်ကာ အနောက်ဘက်သို့ တိုး၍ ရွက်တိုက်ရန်ဖြစ်သည်။
မာလိန်ဒန်ကာလင်က ကိုယ်လုံးကိုယ်ပေါက် ခပ်ကြီးကြီး၊ အမွေးအမှင် ခပ်ထူထူ၊ ခပ်ကြမ်းကြမ်း။ သူ့အရုပ်ကို မြင်ရရုံဖြင့် မစ္စတာ ဂျော့ဒိုရှက်တီအဖို့လည်း ထမင်းစားပျက်လောက်သည်။
မာလိန်မှူးကြီးသည် ဂျော့ဒိုရှက်တီကို “ကံဆိုးသူမောင်ရှင်’ အဖြစ် ကြည့်သည်။ အရေးအကြောင်းရှိ၍ စတေးစရာပေါ်လျှင် သူ့ကို ပစ်ချခဲ့မည်ဟု စိတ်ကူးထားသည်။ ထိုကြောင့် ထမင်းစားချိန်ဆိုလျှင် မာလိန်မှူးကြီးသည် “ကံဆိုးသူမောင်ရှင်”ကိုတစ်လှည့်၊ ရာသီဥတုကို တလှည့် မျက်မှောင်ကြီးကြုတ်၍ ကြည့်တတ်သည်။
ထမင်းစား၍ မကောင်းရသည့် အထဲတွင် လက် ထောက်မာလိန်မှူးကိုလည်း သူစိတ်ဆိုးသည်။
လက်ထောက် မာလိန်မှူးသည် သူ့အတွက် ဘာမျှအကူအညီမရ။ လက်ထောက်မာလိန်မှူးနာမည်က
ဂျိုရှူဝါ ဟစ်ဂင်းဖြစ်သည်။ အသွင်အပြင်အရရော အသက်မွေးဝမ်းကျောင်းအရပါ သင်္ဘောသားဖြစ်သည်။ အရည်အချင်းကမူ လက်ထောက်ထမင်းချက်လောက်သာ ရှိ၏။
ဖားသဟစ်ဂင်းက အရပ်ရှည်ရှည်၊ ရိုးကြီး ဂေါင်ဂင်နှင့်။ တကိုယ်ကောင်းဆန်သည်။ ကိုယ်ချင်းစာတရား ကင်းသည်။ သူရဲဘောကြောင်သည်။ မာလိန်မှူး ဒန်ကာလင်ကို ကြောက်သလောက် အောက်လက်သင်္ဘောသားများ အပေါ်တွင် အနိုင်ကျင့်တတ်သည်။ သင်္ဘောသားများကလည်း သူ့နောက်တွင် မာလိန်မှူးရှိနေသဖြင့် ငုံ့ခံနေကြရသည်။
ထိုကြောင့် မေခလာပေါ်တွင် ဟစ်ဂင်းသည် အရှင်သခင် ဖြစ်နေသည်။ အစစအရာရာ သူ့လက် သူ့ခြေချည်း။ ကမ္ဘာမြေကြီး၏ တောင်ဘက်စွန်း ပင်လယ်ထဲသို့ ရောက်ပြီဆိုလျှင် ဟစ်ဂင်းသည် ရေလည်းမချိုးတော့။ မျက်နှာလည်း မသစ်တော့။
ဂျော့ဒိုရှက်တီခမျာ ထမင်းလေး ဝင်ပါမည့်အရေး အနိုင်နိုင် ကြိုးစား၍ စားနေရစဉ် သူ့မျက်နှာကြီးကို မြင်လိုက်သည်နှင့် ထမင်းစားချင်စိတ်တွေ ပျောက်သွားတတ်သည်။ ခါတိုင်းဆိုလျှင် ညစ်ပတ်ပေသော ဟစ်ဂင်းကို မြင်သည်နှင့်မာလိန်မှူးကြီးသည် ဟစ်ဂင်းကို အော်ဟစ်ဆဲရေးတတ်သည်။
ယခုမူ သူ့စိတ်ထဲတွင် အရှေ့ လေပြန်နှင့် အနောက်ယွန်းယွန်းသို့ ရွက်တိုက်နိုင်ရေးအတွက် စိတ်ကူးလျက်ရှိသဖြင့် တခြားအရာတွေကို သူ့စိတ်မဝင်စားမိ။ ဟစ်ဂင်း၏မျက်နှာသည် ညစ်ပတ်သည်ဖြစ်စေ၊ သန့်ရှင်းသည် ဖြစ်စေ သူ့အဖို့ လောလောဆယ်အရေးမကြီး။ သူ့မျက်နှာ သန့်တော့ကော အနောက်ယွန်းယွန်းသို့ ရွက်တိုက်နိုင်မည်တဲ့လား၊ ဘာမှ မဆိုင်။ ထို့ကြောင့် မာလိန်မှူးကြီးသည် သူ့သင်္ဘော အနောက်ဘက်သို့ ခုတ်နိုင်ရေးအတွက်သာ စိတ်ကူးနေသည်။
သူ့ လက်ထောက်မာလိန်မှူး မျက်နှာသစ်မသစ်သည့် ကိစ္စကို စိတ်မဝင်စားနိုင်။ သူတို့သင်္ဘော ပစိဖိတ်သမုဒ္ဒရာ လတ္တီတွဒ် ၅ဝံ သို့ရောက်သည့်အခါ၌ ဟစ်ဂင်းသည် ဘာစိတ်ကူးရသည်မသိ။ ရုတ်တရက်ကောက်၍ မျက်နှာသစ်သည်။ သူ့ကိုယ်သူ သန့်ရှင်း စင်ကြယ်သည်။
ယခု လောလောဆယ်တွင်မူ ဂျော့ဒိုရှက်တီသည် ခပ်မှောင်မှောင် သဘာဝအလင်းရောင်နှင့် ခပ်မှောင်မှောင် သင်္ဘောမီးအိမ်တွေအောက် ထမင်းစားပွဲ၌ မာလိန်ကာလင်နှင့် လက်ထောက်မာလိန်ဟစ်ဂင်းတို့ကြားတွင် ထိုင်နေရသည်။
သူတို့ နှစ်ယောက်ကြားတွင် ထိုင်နေရသည်မှာ ကျားတကောင်နှင့် ခွေးအ’တကောင်ကြား ထိုင်နေရသကဲ့သို့ ရှိသည်။
ဘုရားသခင်သည် သည်လိုလူတွေကို အဘယ့်ကြောင့်များ ဖန်ဆင်းလိုက်လေသနည်းဟု ဂျော့ဒိုရှက်တီ တွေးသည်။
ဒုတိယလက်ထောက် မာလိန်မှူးတန်းနားကား တကယ့်သင်္ဘောသားဖြစ်သည်။ လူစိတ်ရှိသူ ဖြစ်သည်။ သို့ရာတွင် ဂျော့ဒိုရှက်တီသည် တန်းနားနှင့် သိပ်မဖြစ်။ တန်းနားသည် သူတို့ပြီးမှ ထမင်းစားခန်းထဲသို့ တယောက်တည်း ဝင်လာကာ တိတ်တိတ်
ဆိတ်ဆိတ် ထမင်းစားလေ့ရှိသည်။
ဇူလိုင်လ ၂၄ ရက်၊ စနေနေ့၌ ဂျော့ဒိုရှက်တီသည် ရွှင်လန်းစွာဖြင့် အိပ်ရာမှ နိုးလာသည်။ ကုန်းပတ်ပေါ်သို့ တက်လာသည့်အခါ၌ မေခလာသည် … တဝီဝီ အော်မြည်လျှက်ရှိသော အရှေ့တောင်လေပြင်းထဲတွင် လူးနေသည်ကို တွေ့ရှ၏။ ရွက်တိုင်မကြီးမှအောက်ရွက်များနှင့် ရွက်သေးကလေးများကိုသာ တင်ထားရသည်။
မေခလာသည် တနာရီလျှင် ရေမိုင် ဆယ့်လေးမိုင်နှုန်းဖြင့် ခုတ်နေသည်။ မေခလာသည် အနောက်ယွန်းယွန်းသို့ ရွက်တိုက်နေပြီ။ ကျွဲချိုအငူကို ပတ်နေလေပြီ။ သည်အတိုင်းဆိုလျှင် ဟန်ပြီ။
သည်အတိုင်း ပုံမှန် လေတိုက်သွားဖို့သာ လိုတော့သည်။ သူတို့တိုက်ပွဲ ပြီးတော့မည်။ အောင်တော့မည်။ သည်အငူကိုကျော်နိုင်တော့မည်။ သို့ရာတွင် မာလိန်မှူးကြီးဒန်ကာလင်ကို ကြည့်ရသည်မှာ စိတ်ရှုပ်နေပုံ ရသည်။ ဂျော့ဒိုရှက်တီနှင့် မျက်နှာချင်းဆိုင် တွေ့သည့်အခါတွင် မျက်မှောင်ကြီး ကြုတ်နေသည်။
လေ သည်အတိုင်း တိုက်နေသည့်အတွက် သူကျေနပ်ကြောင်းကို ကျွန်းပိုင် ရေပိုင်တွေ မသိစေချင်။ အကယ်၍ သည်လေမျိုးကို သူတို့သဘောကျမှန်းသိလျှင် ဘုရားသခင်သည် လေကြောင်းကို ပြောင်းကာ အနောက်ဘက်မှ လေပြင်း
တခုကို လွှတ်လိုက်လိမ့်မည်ဟု မာလိန်မှူးကြီး စိတ်တွင် တထင့်ထင့် ဖြစ်နေသည်။
ထို့ကြောင့် မာလိန်မှူးကြီးသည် လေကြောင်းကို သူသဘောကျကြောင်း ကျွန်းပိုင်ရေပိုင်တို့ မသိအောင် တိတ်တိတ်နေရသည်။
သဘောမကျချင်ယောင် ဆောင်ရသည်။
မျက်မှောင်ကြီးကို ကြုတ်ထားရသည်။ ဆဲရေးတိုင်းထွာကာ စိတ်တိုင်း မကျချင်ယောင် ပြုရသည်။
သည်နည်းဖြင့် ကျွန်းပိုင်ရေပိုင်နတ်တို့ကို လိမ်ရသည်။ လောကတွင် မာလိန်မှူးကြီးကြောက်သည့်အရာဆို၍ ဘာမျှမရှိ။ ကျွန်းပိုင် ရေပိုင်နတ်တို့ ဒဏ်ခတ်မည်ကိုမူ သူ ကြောက်သည်။
‘စနေနေ့ တနေ့လုံးနှင့် တညလုံး မေခလာသည် အနောက်ယွန်းယွန်းသို့ တိုက်သွားသည်။ နှုန်းကလည်း ပုံမှန်။ တနာရီကို ဆယ့်လေးမိုင်ပေါက်သည်။ တနင်္ဂနွေနေ့ညဆိုလျှင် မိုင်သုံးရာငါးဆယ်လောက် ပေါက်တော့မည်။ သည်အတိုင်းသာ လေမှန်နေလျှင် “ကျွဲချိုးအ’ ဘာခံနိုင်မှာတုံး။ ပတ်မိရာပေါ့။
သို့ရာတွင် လေကြောင်းဖောက်ပြီး အနောက်မြောက်နှင့် မြောက်ဘက်မှ ပင့်တိုက်လာလျှင်မူ မေခလာသည် အရှေ့ဘက်သို့ ပြန်လွှင့်သွားတော့မည်။ သို့ဆိုလျှင် လွန်ခဲ့သည့် သီတင်းခုနစ်ပတ်လောက်က ရောက်ခဲ့သည့် နေရာထက်ပင် ပို၍ဝေးသည့်နေရာသို့ ပြန်၍ရောက်နေပေလိမ့်မည်။
တနင်္ဂနွေနေ့မနက်တွင် ငြိမ်သွားသည်။ပင်လယ်ကြီးလည်း ငြိမ်သက်သွားသည်။ လှိုင်းတံပိုးတို့ ဘာမျှ မရှိတော့။ ချောမွေ့လျက်။
သင်္ဘောသား နှစ်ဆိုင်းစလုံးသည် ကုန်းပတ်သို့ တက်လာကြကာ သင်္ဘောတွင် တင်၍ရသမျှသော ရွက်တို့ကို တင်သည်။
မာလိန်မှူးဒန်ကာလင်လည်း ကျွန်းပိုင် ရေပိုင်တို့ရှေ့ တွင် ရင်ကော့နိုင်ပြီ။ လေငြိမ်သွားသည်ကို သဘောကျသည့်နှယ် ဆေးပြင်းလိပ်ကြီး ခဲရင်း တပြုံးပြုံး ဖြစ်နေသည်။
သို့ရာတွင် ရွက်တိုက်၍ ကောင်းတုန်း လေငြိမ်သွားသည့် အတွက်ကား ရင်ထဲတွင် ဗလောင်ဆူလှပြီ။ အနောက်ယွန်းယွန်းသို့ ရောက်အောင် ရွက်တိုက်ရမည်။ မတိုက်၍မဖြစ်။
ထို့ကြောင့် အနောက်သို့ ယွန်း၍ ရွက်တိုက်နိုင်ရန် နတ်သိကြားများကိုကျိတ်၍ ဆုတောင်းရသည်။ ကျွန်းပိုင် ရေပိုင်တို့ကို ကိုးရသည်။ စင်စစ် မာလိန်မှူးဒန်ကာလင်သည် ကျွန်းပိုင်ရေပိုင်တို့ကို အယုံအကြည်ရှိသူမဟုတ်။ ဘုရားသခင်ကိုသာ သူယုံကြည်သည်။
သို့ရာတွင် မာလိန်မှူးကြီးသည် အယူသီးသူဖြစ်သည့်အလျောက် ရေပိုင် ကျွန်းပိုင်တို့သည် ဘုရားသခင်ဖြစ်ပြီး ဘုရားသခင်သည်ပင် ရေပိုင် ကျွန်းပိုင်
ဖြစ်သည်ဟု သူထင်နေသည်။
စင်စစ် သူသည် မကောင်းဆိုးဝါး မိစ္ဆာနတ်ကို ကိုးကွယ်သူ ဖြစ်သည်။သို့ရာတွင် မိစ္ဆာနတ်တို့ကို ထိုအမည်ဖြင့်မဖော်။ အခြားအမည်ဖြင့် ခေါ်တတ်သူ ဖြစ်သည်။
နေ့လယ် ရှစ်မောင်းရိုက်ပြီးသည့် အခါ၌ မာလိန်မှူးကြီးသည် ရွက်များအားလုံးကို ချရန် အမိန့်ပေးလိုက်သည်။ သင်္ဘောသားများသည် ခါတိုင်းထက် သွက်လက်ဖျတ်လတ်နေကြသည်။ သူတို့သင်္ဘောအနောက်ယွန်းယွန်းသို့ ရွက်တိုက်လာနိုင်သည့်အတွက်ကြောင့်မျှသာမက တောင့်တင်းနေသည့်သူတို့ကိုယ်ပေါ်သို့ နေခြည်နွေးနွေး ဖြာကျလာသည့် အတွက်ကြောင့်လည်း ဖြစ်သည်။
ဂျော့ဒိုရှက်တီသည် မာလိန်မှူးဒန်ကာလင်နှင့်အတူ ပဲ့ပိုင်းတွင်ရပ်နေသည်။ ခါတိုင်းလို အဝတ်တွေ ထူထူထဲထဲဝတ်ထားခြင်းမရှိ။ နေရောင်ထဲတွင်ရပ်ကာ သင်္ဘောသားတွေ သွက်လက်စွာ အလုပ်လုပ်
နေကြပုံကို ငေးကြည့်နေသည်။
ထိုစဉ် “ဟာ လူကျသွားတယ်ဟေ့ ၊ လူကျသွားတယ်” ဆိုသောအသံများကို ဦးပိုင်းဆီမှကြားလိုက်ရသည်။ သင်္ဘောသားတယောက်က အသက်ကယ်ဘောကို ချပေးလိုက်၏။ ဒုတိယလက်ထောက် မာလိန်မှူးတန်းနားက “ပြန်ကွေ့ ၊ ပြန်ကွေ့ ” ဟု အသံကုန်အော်သည်။
ပဲ့ကိုကိုင်သူသည် ပဲ့လက်ကိုင်ဘီးကို တအား ဆုပ်ကိုင်ထားကာ ပဲ့ကို မရွေ့အောင် ထိန်းထား၏။ သူ့အနားတွင် မာလိန်မှူးကြီးရှိသဖြင့် သူသည် ပဲ့ကို အတင်းထိန်းထား၏။ ပဲ့ကိုင်ဘီးကို မလှုပ်ရဲ။ သူ့စိတ်ထဲတွင်မူ လက်ကိုင်ဘီးကို တအား လှည့်ပစ်လိုက်ချင်သည်။
လက်ကိုင်ဘီးကို တအားလှည့်ကာ ပြန်ကွေ့ချင်သည်။
ရေထဲတွင် သူ့ ရဲဘော်တယောက်နစ်နေပြီမဟုတ်လော။ အဘယ်မှာလျှင် မဆယ်ဘဲ နေချင်မည်နည်း။ သို့ရာတွင် ခက်သည်က သူ့အနားတွင် မာလိန်မှူးကြီး ရှိနေသည်။ ထို့ကြောင့် ပြန်လှည့်ရမည်လောဟု မေးသည့်အနေဖြင့် မာလိန်မှူးကြီးကို မော့ကြည့်လိုက်သည်။ သို့ရာတွင် မာလိန်မှူးကြီး က တုတ်တုတ်မျှမလှုပ်။
ဒုတိယလက်ထောက် မာလိန်မှူးသည် ပဲ့စင်ပေါ်သို့ ခုန်တက်လာကာ
“ဟေး ပြန်လှည့်ပါလို့ ပြောနေတာ မကြားဘူးလားက္ခ”ဟု ဟိန်းသွားအောင် အော်သည်။
သို့ရာတွင် ပဲ့လက်ကိုင်ဘီးတွင် မာလိန်မှူးဒန်ကာလင်ထိုင်နေသည်ကို မြင်သည့်အခါ၌ ဒုတိယလက်ထောက် မာလိန်မှူးတန်းနားသည် မအော်ရဲတော့။´ အမိန့်မပေးရဲတော့။ ကျောက်ရုပ်ကြီးလို ငူငူကြီးရပ်နေသည်။ မာလိန်မှူးကြီး ဒန်ကာလင်သည် ဆေးပြင်းလိပ်ကို စိမ်ပြေနပြေဖွာနေသည်။ ဘာမှတော့မပြော။
နောက်သို့ပြန်လှည့်လျှင် ရေထဲသို့ ကျသွားသော သင်္ဘောသားကို တွေ့နိုင်သည်။
ယခုလောက်ဆိုလျှင် သက်ကယ်ဘောကို ဖမ်းမိကာ တွယ်မိလောက်ပြီ။ မည်သူမျှ လှုပ်ရှားခြင်းမရှိကြ။ ရက်တိုင်ပေါ်တွင် ရောက်နေသူများသည် ရွက်များကို ဖြန့်တင်ရင်း ထိတ်လန့်သော မျက်နှာများဖြင့် ကြည့်နေကြသည်။ မေခလာသည် အနောက်ယွန်းယွန်းသို့ တရိပ်ရိပ် ပြေးနေသည်။ သို့ဖြင့် တမိနစ်ခန့်ကြာသွားသည်။
“ကျသွားတာ ဘယ်သူလဲ” ဟု မာလိန်မှူးဒန်ကာလင်က မေးသည်။
“ဆံရှည်ကိုယ်တော်ပါဆရာ” ဟု ပဲ့ကိုင်က ဖြေသည်။
သင်္ဘော ပဲ့ပိုင်းမှ လှမ်းကြည့်လိုက်လျှင် လှိုင်းလုံးကြီး တလုံးပေါ်တွင် လူတယောက်ကို မြင်လိုက်ရ၏။ ထို့နောက် လှိုင်းအိထဲတွင် ခဏပျောက်သွားသည်။ လှိုင်းလုံးက တော်တော်ကြီးသည်။ သို့ရာတွင် ဖျာလိပ်လှိုင်းကြီးမဟုတ်။ သည်မျှလောက်လှိုင်းကိုတော့ လှေငယ်ကလေးတစင်းဖြင့် သွားလျှင်ပင် အလွယ်တကူ သွားနိုင်သည်။
အထူးသဖြင့် မေခလာလိုသင်္ဘောဆိုလျှင် ဆိုစရာ မရှိ။ လွယ်လွယ်ဖြင့် တခဏအတွင်း ရောက်နိုင်သည်။
သို့ရာတွင် မေခလာသည် နောက်သို့ပြန်မလှည့်။ အနောက်ယွန်းယွန်းသို့သာ တရကြမ်းခုတ်နေသည်။
ဂျော့ဒိုရှက်တီသည် သူ့တသက်တွင် သေရေးနှင့် ရှင်ရေး လွန်ဆွဲသည့် လွန်ပွဲကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
သို့ရာတွင် သည်လွန်ပွဲသည် ကြည့်မကောင်း။ သည်ဇာတ်လမ်းသည် ကြည်နူးဖွယ်မဟုတ်။ သည်ဇာတ်လမ်း၌ သူတို့ သင်္ဘော အနောက်လောင်ဂျီတွဒ်သို့ မိုင်အနည်းငယ် လုပြီး ခုတ်နိုင်ဖို့အတွက်“ဆံရှည်ကိုယ်တော်”ဆိုသည့် သူမသိသောလူတယောက်ကို စတေးပစ်ခဲ့ရပြီ။
ပထမသော် ဂျော့ဒိုရှက်တီသည် ပဲ့ကိုင်နေသူကို လှမ်းကြည့်မိသေး၏။ နောက်ပြန်လှည့်၍ ဆံရှည်ကိုယ်တော်ကို ဆယ်လေမလား ဟူသောမျှော်လင့်ချက်ဖြင့် ကြည့်ခြင်းဖြစ်၏။ သို့ရာတွင် ယခု ကြည့်လိုက်သည့်အခါ၌ ပဲ့စင်တွင် ပဲ့သမား
မရှိတော့။
မာလိန်မှူးကြီးဒန်ကာလင် ထိုင်နေပြီ။
သူ့ ကိုယ်က အမွေးအမှင်တို့ ဖုံးလျက်။ သူ့အသားက မည်းမှောင်လျက်။ လူတယောက်၏ သေရေးရှင်ရေးကို ဆုံးဖြတ်နိုင်သည့် အာဏာကို ဆွဲကိုင်လျက်။ ဆေးပြင်းလိပ်ကို စိမ်ပြေနပြေ သောက်နေသည်။
မာလိန်မှူးကြီး ဒန်ကာလင်သည် အတန်ကြာမျှ ဆေးပြင်းလိပ်ကို ဇိမ်ယူသောက်လျက်ရှိ၏။ ထို့ နောက် ဆေးပြင်းလိပ်ကို ပါးစပ်မှချွတ်လိုက်သည်။ မေခလာ၏ ရွက်တိုင်ရွက်လက်တို့ကို လှမ်းကြည့်လိုက်၏။ ထို့နောက် သင်္ဘောဘေးပတ်ပတ်လည်ရေပြင်ကြီးကို လှမ်းကြည့်သည်။
“ရွက်တွေကို လိပ်တင်လိုက်တော့”
နောက် ဆယ့်ငါးမိနစ် ကြာသည့်အခါ၌ သင်္ဘောဦးခန်းမှစားပွဲတွင် သူတို့ ထိုင်မိကြသည်။ စားဖွယ်သောက်ဖွယ်တို့က စားပွဲပေါ်တွင် အစီအရီ။ ဂျော့ဒိုရှက်တီ၏ တဖက်တချက်တွင် ကျားကြီးနှင့်တူသည့် မာလိန်မှူးကြီးဒန်ကာလင်ထိုင်ပြီး တဖက်တွင် ခွေးအ ဟစ်ဂင်း ထိုင်နေသည်။ စကားတခွန်းမျှ မပြောကြ။
ကုန်းပတ်ပေါ်တွင်မူ သင်္ဘောသားများသည် ရွက်များကို လိပ်နေကြသည်။ ဂျော့ဒိုရှက်တီသည် သူတို့၏ ညာသံများကို ကြားနေရသည်။ သို့ရာတွင် သူ့မျက်စိထဲတွင်မူ ဆံရှည်ကိုယ်တော်ဟုခေါ်သော သင်္ဘောသားကို မြင်ယောင်နေသည်။ မျက်လုံးထဲ ဖျောက်၍မရ။
ဆံရှည်ကိုယ်တော်ဟု ခေါ်သော ကျန်းမာသန်စွမ်းသည့် သင်္ဘောသားလေးတယောက် သင်္ဘောနောက်က
ပင်လယ်ပြင်ကျယ်ကြီးထဲတွင် သက်ကယ်ဘောကလေး တွယ်ပြီး ကျန်ရှစ်ခဲ့ပြီ။ ဂျော့ဒိုရှက်တီသည် အစာကို မြိန်ရေရှက်ရေ စားနေသည့် မာလိန်မှူးကြီး ဒန်ကလင်ကို လှမ်းကြည့်လိုက်ပြီး အော်ဂလီ ဆန်လာ၏။
“မာလိန်မှူးကြီးခင်ဗျာ၊ မာလိန်မှူးကြီးဟာ သင်္ဘောကို အုပ်ချုပ် ကွပ်ကဲရတဲ့လူပါ၊ မာလိန်မှူးကြီး လုပ်တာကိုင်တာနဲ့ ပတ်သက်လို့
ကျွန်တော် ဘာမှမပြောသင့်ပါဘူး။ ဒါပေမယ့် ကျွန်တော် တခုပြောချင်တယ်၊ ကျွန်တော်တို့မှာ နောက် တမလွန်ဘဝရယ်လို့ရှိတယ်ဗျ၊ နောင်ဘဝမှာဆိုရင်တော့ မာလိန်မှူးကြီး ဝဋ်လည်မှာပဲ”
မာလိန်မှူးကြီး ဒန်ကာလင်က မျက်မှောင်ပင် ကုတ်ခြင်း မရှိ။
စိတ်မကောင်းဖြစ်သည့် လေသံမျိုးဖြင့်
“လေက တော်တော်ပြင်းပြင်းတိုက်နေတယ်ဗျာ၊ ဘယ့်နှယ်လုပ်မှ ဆယ်လို့မရဘူး ဖြစ်နေတယ်”
ဂျော့ဒိုရှက်တီက ခပ်ကျယ်ကျယ်ဖြင့်
“ဘာဖြစ်လို့ဆယ်လို့ မရရမှာလဲဗျ၊ အဲ့ဒီ သင်္ဘောသားက ရွက်တိုင်စင်ပေါ်က ကျသွားတာပဲ၊ အဲဒီတုန်းက ခင်ဗျားရွက်တွေကို အတင်ခိုင်းနေတယ်၊ နောက် ဆယ့်ငါးမိနစ် ကြာတော့လဲ ရွက်ကလေးတွေ အားလုံးကို အတင်ခိုင်းနေတယ်”
“လေက တော်တော်ပြင်းတယ်ဗျ၊ ဟုတ်တယ်မဟုတ်လား ဟစ်ဂင်း’
မာလိန်မှူးကြီးက သူ့လက်ထောက် မာလိန်မှူးဘက်သို့ လှည့်၍ မေးသည်။
“နောက်ပြန်လှည့်ရင် ရွက်တိုင်တွေ အကုန်ကျိုးထွက်သွားမှာပေါ့၊ ဘယ်ပြန်လှည့်လို့ ဖြစ်ပါ့မလဲ၊ မာလိန်မှူးကြီးလုပ်တာ မှန်တယ်၊ မြန်မြန် ဇာတ်သိမ်းသွားတော့ ကောင်းတာပေါ့ဗျာ”
ဂျော့ဒိုရှက်တီသည် ဘာမျှ ပြန်မပြောတော့။ သူတို့ သုံးယောက်သားသည် ထမင်းစားပြီးသည်အထိ စကားမပြောမိကြဘဲ တိတ်ဆိတ်နေကြသည်။ ထို့နောက်တွင်ကား ဂျော့ဒိုရှက်တီကို သင်္ဘောဦးခန်းတွင် ထမင်း မကျွေးတော့ဘဲ အလယ်ခန်းတွင်သာ ထမင်းကျွေးတော့သည်။ သူတို့နှစ်ယောက်သည် တယောက်ကိုတယောက်လည်း စကားမပြောကြတော့။ မာလိန်မှူးကြီးသည် ဒိုရှက်တီကို မျက်မှောင်ကြုတ်၍ ကြည့်ခြင်းလည်း မရှိတော့။ မေခလာသည် မြောက်ဘက်သို့ ရွက်တိုက်လာခဲ့ရာ ပူနွေးသည့် လတ္တီတွဒ်အတွင်းသို့ ရောက်လာခဲ့သည်။ ရက်သတ္တတပတ် ကုန်သည့်အခါတွင် မာလိန်မှူးကြီးဒန်ကာလင်သည် ကုန်းပတ်ပေါ်တွင် ဂျော့ဒိုရှက်တီ၏ရှေ့မှ ဆီးပိတ်၍ ရပ်ပြီး….
“ဆိပ်ကမ်းရောက်ရင် ခင်ဗျားဘာလုပ်မှာလဲ”ဟု ပြောင်ပြောင်ကြီး မေး၏။
ဂျော့ဒိုရှက်တီက တည်ငြိမ်စွာဖြင့်
“ဘာလုပ်ရမလဲ၊ ပုလိပ်ကို တိုင်ရမှာပေါ့၊ ခင်ဗျားကို လူသတ်မှုနဲ့ တိုင်မယ်၊ ခင်ဗျားဟာ ကြိုးစင်တက်ဖို့ကောင်းတဲ့လူ’
“တကယ်လား”ဟု လှောင်ပြောင်သည့်အပြုံးဖြင့် မေးလိုက်ပြီးနောက် မာလိန်မှူးကြီးသည် ချာခနဲ လှည့်ထွက်သွားသည်။
ဒုတိယသီတင်းပတ် ကုန်ဆုံးသွားသည်။ တမနက်၌ ဂျော့ဒိုရှက်တီသည် အိပ်ရာမှ စောစွာထကာ ပဲ့စင်သို့ကူးသည့် တံတားလေးပေါ်တွင် ရပ်ရင်း ကုန်းပတ်ကိုကြည့်လျက် ရှိ၏။ လေပြင်းထဲတွင် မေခလာသည် တရိပ်ရိပ်ပြေးနေသည်။ ရွက်အားလုံးကို လိပ်တင်ထား၏။ ရွက် အသေးကလေးများပင်မကျန် အားလုံး လိပ်လျက်။
မာလိန်မှူးကြီးသည် ပဲ့စင် တံတားအတိုင်း လျှောက်
လာခဲ့သည်။ မျက်လုံးက ဂျော့ဒိုရှက်တီကို မသိမသာ ကြည့်လျက်။
ဂျော့ဒိုရှက်တီက သူ့ကို ကျောပေး ရပ်နေသည်။
မာလိန်မှူးကြီးသည် အနီးပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်၏။ အနီးတွင် မည်သူမျှမရှိ။ ပဲ့စင်တွင် လက်ထောက် မာလိန်မှူးသည် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ သည်ဘက်စွန်းသို့အရောက်တွင် ပြန်လှည့်သွားသည်။
မာလိန်မှူးကြီး ဒန်ကာလင်သည် ကုန်းပတ်
ပေါ်သို့ကုန်းကာ ရွက်ကို လိပ်တင်ထားသည့် ပင်အပ်ကို ဖြုတ်ချလိုက်သည်။ လေးလံသော ရွက်လိပ်ကြီးသည် သစ်သားတန်းနှင့်တကွ အောက်သို့ ပြေကျလာကာ ဂျော့ဒိုရှက်တီ၏ ခေါင်းကို ကြက်ဥခွံကလေး ရိုက်ခွဲသလို ရိုက်ခွဲလိုက်ပြီးနောက် ရွက်သည် လေထဲတွင် တဖျပ်ဖျပ်လွှင့်နေသည်။
ဟစ်ဂင်းသည် ပဲ့စင်တခြားဘက်အစွန်းမှ ပြန်အလှည့်လိုက်တွင် ရွက်လိပ်ကို မာလိန်မှူးကြီးဖြုတ်ချလိုက်သည်ကို မြင်လိုက်သည်။
“ကောင်ကလေးတွေနဲ့ စိတ်မချလို့ ကျွန်တော်ကိုယ်တိုင် သေသေချာချာ လိပ်တင်ထားတာဆရာ၊ ဘယ့်နှယ်လုပ်ပြုတ်ကျရတာလဲ”
မာလိန်မှူးကြီး ဒန်ကာလင်က ရွက်ကို ပြန်လိပ်တင်နေသည့် သင်္ဘောသားများကို လှမ်းကြည့်လိုက်ရင်း
“ဘာသေသေချာချာ ချည်ထားတာလဲကွ၊ သေသေချာချာ ချည်ထားရင် မင်းမေကလိန်းမို့ ပြုတ်ကျရမှာလား၊ အလကားကောင်၊ နောက်တပတ်လောက် ခပ်ကျပ်ကျပ် ချည်လိုက်ရင် ဘယ့်နှယ်လုပ်မှပြုတ်မကျနိုင်ဘူး၊ ဘာဖြစ်လို့ သေသေချာချာမချည်သလဲ ပြောစမ်း”
လက်ထောက်မာလိန်မှူးက ခပ်တိုးတိုးညည်းနေသည်။
“ဟေ့ကောင် သောက်စကားမများနဲ့”
နာရီဝက်ခန့်ကြာသောအခါ၌ သင်္ဘောဦးခန်းသို့တက်သော လှေကားရင်းတွင် လဲကျသေဆုံးနေသည့် ဂျော့ဒိုရှက်တီအလောင်းကို ကြည့်၍ မာလိန်မှူးကြီးဒန်ကာလင်သည် အများနှင့်အတူ တအံ့တဩ ဖြစ်လျက်ရှိလေသည်။
ညနေပိုင်းသို့ရောက်သည့်အခါ၌ မာလိန်မှူးကြီး ဒန်ကာလင်သည် သူ့အခန်းထဲတွင် ထိုင်ကာ သင်္ဘောမှတ်တမ်းကို ရေးလျက်ရှိ၏။
“လေပြင်းတိုက်နေစဉ် သင်္ဘောသား ကားလ်ရွှန်းသည် ရွက်တိုက်စင်မှ လိမ့်ကျသွားခဲ့သည်။ ထိုအချိန်က သင်္ဘောမှ ရွက်ကုန်ဖွင့်ထားသည့်အတွက် သင်္ဘော၏ လုံခြုံရေးကို ထောက်၍ လေကိုဆန်ပြီး မလှည့်ရဲပါ။ လှိုင်းထလျက် ရှိသဖြင့် သက်ကယ်လှေ ချ၍လည်း မရပါ”
နောက် စာမျက်နှာတခုတွင်မူ ဤသို့ရေးထား၏။
“မစ္စတာ ဂျော့ဒိုရှက်တီအား ကုန်းပတ်ပေါ်တွင် နမော်မဲ့ နမာမဲ့ သွားလေ့ရှိသဖြင့် မကြာခဏ သတိပေးခဲ့သည်။ အထူးသဖြင့် ရွက်လိပ်များအောက်တွင် သွားလေ့ရှိသဖြင့် ရွက်ပိနိုင်ကြောင်းကို အတိအလင်းပြောခဲ့သည်။ သေချာစွာ ချည်နှောင်လိပ်တင်ထားခြင်းမရှိသော ရွက်ပြုတ်ကျသည့်အတွက် မစ္စတာ ဂျော့ဒိုရှက်တီ သေဆုံးခဲ့ရသည်။
သင်္ဘောသား အားလုံးနှင့် ခင်မင်ရင်းနှီးစွာ ရှိသူတယောက်ဖြစ်သည့်အတွက် ကျွန်ုပ်တို့အားလုံး
ဝမ်းနည်းပါကြောင်း”
မာလိန်မှူးကြီး ဒန်ကာလင်သည် သူကြိုးစားပမ်းစား ရေးထားသည့် စာစီစာကုံးကို ကျေနပ်စွာ ဖတ်ပြီးနောက် မင်နှိပ်စက္ကူဖြင့် နှိပ်ကာ စာအုပ်ကို ပိတ်လိုက်သည်။
ထို့နောက် ဆေးပြင်းလိပ်တလိပ်ကို မီးညှိပြီး ရွှေ့သို့ ငေးကြည့်နေသည်။ မေခလာသည် တရိပ်ရိပ်ပြေးနေသည်။ သည်နှုန်းဆိုလျှင် မေခလာသည် တနာရီကိုးမိုင်နှုန်းလောက် ရှိလိမ့်မည်။ အမွေးအမှင် ထူ၍
မည်းမှောင်သော မာလိန်မှူး ဒန်ကာလင်၏ မျက်နှာပေါ်တွင် ကျေနပ်ရောင့်ရဲသော အပြုံးပန်းသည် တဖြည်းဖြည်းဝင်လာ၏။
မည်သို့ဆိုစေ မာလိန်ကြီးသည် ကျွန်းပိုင် ရေပိုင်တို့ကို တပတ်ရိုက်ကာ အနောက်ယွန်းယွန်းသို့ ရွက်တိုက်နိုင်ခဲ့ပြီ။
မြသန်းတင့်(ဘာသာပြန်)
[အမေရိကန် စာရေးဆရာ Jack London ၏ Make Westing ကို ပြန်ဆိုသည်။