*ကံဆိုးသူ*📖📖📖
**********************
နေရောင်သည် အနောက်ရိုးမကျောပေါ်၌ မေးတင် အိပ်ငိုက်စ ပြုသည်။ နီကျင့်ကျင့်နေမင်း၏ မျက်နှာပြင်မှ ဖြော့တော့တော့ ရောင်ဝါတို့ကို လွှင့်နေတော့သည်။
လျှိုဖြားထိပ် လယ်ကွင်းစဆီက အချီအချ တွန်ကျူးသော တောကြက်ဖတသိုက်၏ အသံမှာ ဝင်လုလု ဆည်းဆာအချိန်ကို သာယာသလောက် လွမ်းဘွယ်ဖန်နေတော့၏။
သစ်တောက်ငှက်တကောင်သည် အိပ်တန်းတက်ခါနီး အစာရှာဖွေနေ၏။ သစ်ကိုင်းခြောက်ကြီးလို ချွန်တက်သွားသလောက် မာကြောသောနှုတ်သီးဖြင့် တဒုံးဒုံးခေါက်၍ ထွက်လာသည့် ပိုးမွှားတွေကို စားနေသည်။ နှုတ်သီးခေါက်သံမှာ မြိုင်တွင်း၏ သဘာဝရှုခင်းသံသာ ဖြစ်တော့၏။
တပ်ကြပ်ကြီး ဘိုဝသည် ၎င်း၏ ထုံးစံအတိုင်း စခန်းနှင့် ခဲတပစ်သာသာ တောလမ်းဆုံတခု၌ အရေးပေါ်လုပ်ငန်းတခု လုပ်ကိုင်နေလေသည်။
ဘိုဝကား အလွန်သဘောကောင်းသူဖြစ်၍ လူချစ်လူခင် ပေါပါသည်။ စိတ်အေးချမ်းသူ ဖြစ်သည်။ စကားပြောရာ၌ ပါးကွက်ကလေးတွေချိုင့်အောင် ပြုံး၍ အေးဆေးကျေနပ်စွာ ပြောဆိုဆက်ဆံလေ့ရှိသည်။
သို့ရာတွင် တပ်ကြပ်ကြီး ဘိုဝသည် ကျွန်တော်၏ မုဆိုးပါတီတွင် လူစွာ လူကျယ်တယောက် မဟုတ်ခဲ့ချေ။
ကျွန်တော်နှင့် ဦးဘိုးဟန်တို့ ဦးစီးသည့် မုဆိုးပါတီတွင် ထင်ရှား၍ နာမည်ကြီးသူများသည် ပထမ သတ္တိရှိရမည်။ ဒုတိယ သေနတ်အမျိုးမျိုး လက်တည့်ရမည်။ တတိယ တောကျွမ်းကျင်ရမည်ဟူသော အဓိက ဝါဒ စည်းမျဉ်းသုံးချက်ရှိခဲ့သည်။
တပ်ကြပ်ကြီး ဘိုဝအဖို့ ပထမနှင့် တတိယအချက် ပြည့်စုံသော်လည်း ဒုတိယအချက်ဖြစ်သည့် သေနတ် မတည့်မှုကြောင့် ကျွန်ုပ်၏ မုဆိုးပါတီ၌ ဒုတိယတန်းစားအဖြစ်နှင့် အဖွဲ့သားများက အသိအမှတ်ပြုကာ ကျွန်တော်တို့တတွေ ပစ်ခတ်ရရှိသော သားကောင်များကို ထမ်းပိုးစေခြင်း၊ ချက်ပြုတ်ရေး စီမံ ခန့်ခွဲစေခြင်း၊ ရွာများသို့ ဆက်သားရိက္ခာ စုဆောင်းရေးတာဝန်များကို ထမ်းဆောင်စေခြင်းဖြစ်ကာ ဒုတိယတန်း တာဝန်ယူစေခဲ့သည်။
သို့ရာတွင် ဘိုဝအဖို့ သူ့ကို ပထမတန်း မုဆိုးစာရင်း၌ မထည့်ခဲ့၍ စိတ်ပျက်စရာ စကားတခွန်းမျှ မပြောခဲ့၊ စိတ်ဓာတ်မကျခဲ့။ ကျွန်တော်တို့နောက် တကောက်ကောက် လိုက်ပါလျက် မီးလှုံရင်း အမဲဖျက်ရင်း ရဲဘော်တွေနှင့် ဟေးဟေးဟားဟား ရယ်စရာ မောစရာ ပြောဆိုခြင်း စသည့် တောစခန်းဗဟုသုတနှင့် အတွေ့အကြုံ ရရှိခဲ့ရရုံနှင့် ကျေနပ်နေရှာပါသည်။
သို့ရာတွင် ဘိုဝအဖို့ ကျွန်တော်တို့ အားလုံးအပေါ် ကောင်းကွက်ကလေးတွေ ရှိ၏။ ထိုကောင်းကွက် ပထမအချက်မှာ ကျွန်တော်နှင့် ဦးဘိုးဟန် လမိုင်းမကိုက်ခဲ့လျှင်၊ သားကောင်တွေ ပစ်ခတ်၍ တကောင်တလေမျှ မရခဲ့လျှင် ဘိုဝ၏ ဇာတ်ကွက်နှင့် စခန်းချခဲ့လေ၏။
သူသည် မုဆိုးအသိမ်အဖျင်း လုပ်ငန်းကလေးများ၌ ကျွန်တော်တို့ထက် ကျွမ်းကျင်ခဲ့သည့်အတိုင်း ပိုက်ဆံကြိုး ကျစ်၏၊ လျော်ကြိုးကျစ်၏။ ကျွန်တော်တို့ လက်ချက်ကြောင့် ကိစ္စတုံးခဲ့သော တောဝက်ကြီးတွေ၏ လည်ဆံမွှေးရှည်ကြီးကို တော်တော်များများနုတ်၍ ကျော့ကွင်းတွေထိပ်ဖျား၌ သီးခြား ကွင်းလျှောလေးတွေ ကွင်းနားပန်ကလေးတွေ ပြုလုပ်၏။ ထောက်ကိုင်းတွေကိုလည်း လုပ်၏။
ပြီးနောက် ရစ်တွေ တောကြက်တွေ ပေါသော လယ်ကွင်းစ ယာခင်းစ လျှောက်၍ လယ်ထိုးကွင်း ထောင်ချောက်တွေကို အကွက်စေ့အောင်ချကာ ထိုထဲတွင် ရှိသမျှ တောကြက်ရော ရစ်ရော ဒေါင်းတွေပါ ထောင်ဖမ်းတော့၏။ ညနေခင်း နေ့ခင်း ၂ ကြိမ် ဘိုဝသည် သူ၏ လုပ်နေကျ လုပ်ငန်းအရ ထောင်ချောက်တွေကို လှည့်လည်စစ်ဆေး၏။
သူ အပြန်တွင် သူ၏လက်ထဲမှ ရစ်တွေ တောကြက်တွေ ၃-၄ ကောင်ထက်မနည်း တပ်စခန်းသို့ ရအောင်ဖမ်းဆီးကာ အရေးပါသော ညစာဟင်းကောင်းတခွက်အဖြစ် ဘိုဝက ဖန်တီးပို့ဆောင်နိုင်သောသူ ဖြစ်ခဲ့သည်။
သူသည် လုပ်ငန်းစဉ်အရ ညနေခင်းထောင်ချောက်တွေကို လှည့်လည်စစ်ဆေးသည့်အခါတွင် သူ၏ ထုံးစံအတိုင်း .၃ဝ၃ ရိုင်ဖယ်နှင့် ကျည်ဆံအပြည့် ချိတ်ဆွဲသော ယမ်းခါးပတ်ကြီးကို ခါး၌ အခန့်သား ပတ်ရင်း ခါးနောက် ခါးပတ်ကြားထဲ၌ ဓါးရှည်တချောင်းကို အဆင်သင့်ထိုး၍ သွားလာလေ့ ရှိသည်။
ဘိုဝသည် ကျွန်တော်တို့ စခန်းချရာ စက်စက်ယိုချောင်းနံဘေး ခဲတပစ်(ကိုက်နှစ်ရာခန့်)ရှိ စက်စက်ယိုချောင်း တက်သွားရာလမ်းနှင့် ဘိုးတောင်ဘက်သွားရာ ခြေလမ်းဆုံတွင် သူ၏ လုပ်ကိုင်နေကျ အလုပ်ကိုစတင်လုပ်ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
သူသည် ထက်နေအောင် သွေးထားသော လက်သုံးဓါးနှင့် ဝါးများကို တတောက်တောက်ခုတ်နေသည်။ တတောင်သာသာခန့် အရှည်ရှိ ဝါးခြမ်းနှစ်ချောင်းကို အဖြားတွင် ထစ်ကလေးတခုစီ ကျကျနနထစ်ကာ ခြေလမ်းကလေး၏ အလယ်ဗဟိုကျကျ၌ တပေအကွာအဝေး တန်းစီ၍ ဝါးဆစ်တိုနှင့်ဖိကာ မြေတွင် ရိုက်သွင်းလိုက်လေသည်။ ထို့နောက် ကလန့်ကလေးနှစ်ချောင်းကို စုပုံပေးလိုက်ပြန်၏။ ပြီးလျှင် လက်ကောက်ဝတ်ခန့်တုတ်သော အဆစ်ပိတ်ဝါးတလုံးကို ကိုင်းတံအဖြစ် ခုတ်၍ အဖြားတွင် ကွင်းလျှောကြိုးတချောင်းကို တပ်လိုက်သည်။ သူ၏ နောက်ဆုံးလုပ်ငန်းသည် ဝါးခြမ်းများကိုစိတ်၍ တတောင်ခန့် အနံရှိသော ဝါးကပ်ကလေးကို ဖြစ်မြောက်လာအောင် လျင်မြန်စွာ ရက်လုပ်လိုက်သည်။
နေကလည်း ဝင်ခဲ့ပေပြီ။ သို့ရာတွင် တောတွင်း၌ နောက်ဆုံးဘိတ် အလင်းရောင်ကလေးသဲ့သဲ့သာကျန်တော့သည်။ တပ်ကြပ်ကြီး ဘိုဝသည် နဖူးမှ ချွေးပေါက်တွေကို လက်ဖမိုးနှင့် သုတ်လိုက်ပြီးလျှင် ဝါးကိုင်းတန်ကြီးကို ကွေး၍ ကျော့ကွင်းထိပ်၌
တပ်ထားသော ဝါးကိုင်းဖြားကို တပတ်ပြန်၍ရစ်ကာ ခိုင်သည်ထက် ခိုင်အောင် ရစ်၍ ချည်လိုက်ပြီး ကိုင်းတံကလေးနှစ်ခုကို ရင်ဘောင်တန်းကာ မြေတွင်း၌ တအား နှက်စိုက်ထားသည်။ တိုင်ကလေး နှစ်တိုင်အကြားတွင် ကြိုးကွင်းဝိုင်း၍ အရင်း၌ အသင့်တပ် ဆင်ထားသည့် ဝါးကလန့်ကလေးကို ချိတ်လိုက်သည်။
ထို့နောက် တပ်ကြပ်ကြီး ဘိုဝသည် သဘောကျစွာဖြင့် သူ၏ လက်ရာကိုကြည့်ကာ လက်မတင်ကလေးအတွင်းက ရက်လုပ်ပြီးစီးခဲ့သည့် ဝါးကပ်ကလေးကို အောက်ဆုံး ဝါးဂလန့်ကလေးပေါ်သို့ ညင်သာစွာ ခင်းလိုက်သည်။ သူသည် ကျော့ကွင်းအဝိုင်းကို ထိုဝါးကပ်ကလေးပေါ်၌ အပြည့်ချကာ ဝိုင်း၍ ခင်းချရင်း သူ၏ လုပ်ပုံကိုင်ပုံကို ကျေနပ်နှစ်သိမ့်နေပုံရသည်။
“ဘာလဲဟေ့ ဘိုဝ၊ ထုံးစံအတိုင်းဘဲလား။ ကြက်သားကြော်လားကွ”
ရိုင်ဖယ်တလက်ကို ပခုံး၌ထမ်း၍ သူ၏ လုပ်ပုံကိုင်ပုံကို မခိုးမခန့်နှင့် ရပ်လျက်ကြည့်နေသူ တပ်ကြပ်ကြီး သန်းထွန်းသည် မေးလိုက်သည်။ တပ်ကြပ်ကြီးသန်းထွန်း သို့မဟုတ် ထားဝယ်သန်းထွန်းသည် ရိုင်ဖယ်ပစ်ရာ၌ အတော်လက်တဲ့သူဖြစ်ပြီး ကျွန်တော်နှင့် ဦးဘိုးဟန်တို့၏ နောက်မှ လိုက်ရသော အရံ သေနတ်ကိုင်မုဆိုး (ပထမတန်း) ဖြစ်သည်။ ထို့ကြောင့် ဒုတိယတန်း မုဆိုး တပ်ကြပ်ကြီး ဘိုဝကို ခနဲ့ရင်း မေးလိုက်ခြင်း ဖြစ်ပါသည်။
အမှန်မှာ ဘိုဝနှင့် သန်းထွန်းသည် တွဲဘက်တရှဉ်းဖြစ်ပါသည်။ သွားလေ လာလေရာ၌ တတွဲထဲတွဲ၍ အိပ်ရာ၌ တခြင်ထောင်ထဲ အိပ်နေသူများဖြစ်သည်။ ပြောမနာ ဆိုမနာ မင်းနှင့် ငါနှင့် ပြောဆိုရင်းနှီးသူနှစ်ဦးလည်း ဖြစ်ပါသည်။
“အေးပေါ့ကွ ထားဝယ်ရ။ မင်း ဘာစားချင်သတုန်း။တောကြက်သားလား … ကြောင်သားလားကွ”
“မင့်ဟာက မိဘဲ မိပါစေအုံးကွ ငမဲကြီးရ။ မင်းထောင်လို ကြောင်မိရင် ငါ အစိမ်းစားမယ်ဟေ့”
ဘိုဝသည် အသားမဲ၍ ငမဲကြီးဟု ဒုတိယနာမည် တင်စားခေါ်ဝေါ် ရင်း သန်းထွန်းက ရန်စကျီစယ်လိုက်ပြန်သည်။
“အေးပေါ့ကွာ … ဒီလိုချည့် ပြောတာ ဘယ်နှစ်ခါရှိပြီလဲ။ တကယ်ရတော့ နင်ဘဲ သွားဖြဲနားဖြဲ လက်မနှုတ်တမ်း စားတာချည့်ဘဲ”
ဘိုဝသည် ကျော့ကွင်းပေါ်၌ မြေမှုန်တွေ အနှံ့အပြား ဖြူး၍ သစ်ရွက်ခြောက်များကို ကြဲ၍ ထောင်ခြောက်မှန်း မသိစေရန် ရုပ်ဖျက်လိုက်သည်။
“ဒီနေ့ ဘာမှ မပစ်ရဘူးလားကွ ထားဝယ် ကြက်သူခိုး”
ဘိုဝ သည်သူ၏လုပ်ငန်းကို လက်စသတ်ရင်း သန်းထွန်းကို မေးလိုက်သည်တွင်-
“စက်စက်ယိုဖျားမှာ ဝက်တကောင်တွေ့လို့ ပစ်မယ် လုပ်တုံး အရေးထဲမှာ ဘိုးခေါင်တောင်ပေါ်က သေနတ်သံတချက် ပေါ် လာလို့ ဝက်က တကျိုးတည်းသုတ်ခြေတင်လိုက်တာ ဖင်တောင် မမြင်ရဘူးကွာ၊နာလိုက်ရန်ကော”
“ဒီအနားက အမဲတွေလဲ ဘဝအတွေ့အကြုံအရ တိုက်ပွဲတွေ နေ့စဉ်နွှဲနေရတော့ အားလုံး ကုန်ပြီပေါ့ကွ ထားဝယ်ရ။ ဘယ်မှာ ခံနိုင်ပါတော့မလဲကွာ။ ဗိုလ်မှူးနဲ့ အဖိုးကြီးက နေ့စဉ်ရက်ဆက် တွယ်နေတော့ အတော်ကံကောင်းမှ မျက်စိလျှင်မှ ကျန်မယ့်အ ကောင်တွေပါကွာ”
“ဟုတ်တယ် မဲကြီးရ။ အရင်နှစ်တုန်းက ဒို့အဖွဲ ရောက်ခါစကဆိုရင် ဂျီရော၊ ဝက်ရော၊ ဆတ်ရော၊ ဆင်ရော ဝေးဝေးမှာ မနေဘူး။ ချင်းရွာနားမှာ ကပ်ပစ်ရတယ်။ ခုတော့ ဖြတ်ခနဲဆိုရင် သေနတ်ချိန်လို့ မရဘူး။ မပြေးမိရင်လဲ ဒို့သေနတ်က ချမ်းသာမပေးနိုင်ဘူးကိုကွ။
ကိုင်း … ဒီနေ့ ဘာမှ ပစ်လို့မရရင် နင့်ထောင်ချောက်က တကောင်ကောင် မိမှ ဖြစ်မဟေ့။ နို့မဟုတ်ရင် အသားမပါရင် မဖြစ်ဘူးဟ။ လည်ပင်းအောက်ကို ထမင်းလုပ် ဖို့နိုင်မှာ မဟုတ်ဘူးကွ မဲကြီးရ”
“ဒါကြောင့် အစက ငါမပြောလား။ နောက်ဆုံး ငါ့လက်ရာနဲ့ စားတော်ခေါ်လို့ ကောင်းရမယ်လို့။ လာဟေ့ စခန်းကို ပြန်ပြီး ရေနွေးကျိုရအောင်။ ဗိုလ်မှူးတို့ ပြန်လာခါနီးပြီ။ ပစ်တော့ ပစ်တာဘဲ။ မှန်ပုံဘဲကွ … အသံတိုတယ်”
၂-ယောက်သားသည် ဘေးခြင်းယှဉ်ကာ လေတချွန်ချွန်နှင့် ကျေနပ်ပြီး ပျော်ရွှင်ခြင်းအရင်းခံသော ရဲဘော်ရဲဘက်စိတ်တခုတည်း ဦးဆောင်မှုအောက်ဝယ် ပျော်ပျော်ပါးပါး စခန်းဆီသို့ ပြန်ခဲ့ကြသည်။
X X X
“ဗျို့ … ဦးတုတ်ဖြူတို့ လာပါတော့ဗျို့”
ဆရာဟန်က စခန်းနှင့် ခပ်လှမ်းလှမ်းက “ဗျို့ဟစ်” ၍ ဦးတုတ်ဖြူနှင့် သား ကိုဝိုက်တို့ကို အသံပေးလိုက်သည်။
“လာပါ … လာပါ၊ အဘိုးကြီး အားကြီး နောက်ကျလှချည့်ကလားဗျ”
ဦးဘိုးဟန်သည် စခန်းဆီသို့ လာနေသော ဦးတုတ်
ဖြူ သားအဖကို ဆီးကြိုခေါ်ငင်လိုက်သည်။
ကျွန်တော်သည် ဘိုးခေါင်တောင် “မြစ်စခန်း” နားက စိုင်တကောင်ကို ပစ်ခတ်ရရှိခဲ့၍ ပစ်ပြီးသော .၃၇၅ မဂ္ဂဇင်းရိုင်ဖယ်ကို စနစ်တကျ ချွတ်တိုက်သန့်ရှင်းရေး လုပ်နေစဉ်က ဖြစ်ပါသည်။
“နောက်ကျဆို စပါးကလေးကို လက်စသိမ်းလိုက်ရသေးသဗျ။ ခက်တာက အလစ်အလစ် လယ်ထဲကို ဝက်တွေက ဝင်သေးတယ်။ ၃ ကောင်တောင် ပစ်ပြီးလို့လဲ မမှတ်သေးဘူး။ ဝက်သားစားရချင်လို့ဘဲလို့ အောက်မေ့တယ်”
ဦးတုတ်ဖြူသည် မီးဖိုမှ လက်ဖဝါးများကို တင်းအောင် မီးကင်ရင်း ပြောလိုက်သည်။
“ဟေ့ ဘိုဝ … လဘက်ရည်ကြမ်း ထပ်ပေးကွာ။ ပြီးတော့ ဒို့အားလုံး ညစာစားဘို့ ပြင်ကြဟေ့”
ကျွန်တော်သည် တပ်ကြပ်ဘိုဝကို အမိန့်ပေးလိုက်သည်။ မှောင်ကလည်း အပြီးမှောင်ခဲ့လေပြီ။ ကျိကနဲ … ကျိကနဲ မြေဝပ်ငှက်တကောင်၏ ညစာရှာဖွေရင်း အော်မြည်သံသာ စခန်းတဝိုက်၌ လွှမ်းမိုးနေလေသည်။
ဒေါင်ကနဲ အသံနှင့်အတူ “အိုင်” ဟူသော ခွေးတကောင်၏ အသံကြောင့် အသံသည် ကိုက်တရာအတွင်း ပေါ်လာပြီး ဘိုဝ၏ လမ်းလျှောက်ကိုင်းထောင်ချောက်နဲ့ ဆွဲထားသော အချက်ပေး ကျွဲခလောက်သံများသည် ညံနေကာ တခဲနက် ပေါ်ထွက်လာပါတော့၏။
“ဟ … ခွေးမိပြီဟ၊ ဘိုဝ … နင့်ထောင်ချောက် ခွေးမိနေပြီကော၊ နက်ဖန်ကာ ဟင်းအတွက်လေ”
တပ်ကြပ်ကြီးသန်းထွန်းသည် လက်ဆွဲမီးအိမ် ပြင်နေရာမှ ရယ်ရင်းမောရင်းနှင့် ဘိုဝကို စတင်ကာ နောက်ပြောင်လိုက်ပါသည်။
“အရေးထဲမှာ အိမ်ကခွေးက နောက်ရောင်ခံလိုက်လာပြီကိုး။ ဒီခွေး မိမှကောင်းတယ်။ အလွန်ရှုပ်တဲ့ခွေး”
တကိန်ကိန် အော်မြည်နေသော ခွေးသံများကြားမှ ကိုဝိုက်သည် အပြစ်တင်ပြောလိုက်သည်။
“ကိုင်းဟေ့ … သန်းထွန်း ထားဝယ်ကောင်၊ မိတဲ့အသား စားမယ်ဆိုရင် လုပ်လေ၊ ခွေးမိနေပြီလကွာ”
ဘိုဝသည် ကိုဝိုက်နှင့်အတူ ထောင်ချောက်ဆီ မိရသော ခွေးကို သွားရောက်ဖြုတ်ပေးရန် ပြင်ဆင်နေရာက သန်းထွန်းကို စလိုက်သည်။
“နင်တော့ ဒီအဆင့်အတန်းက တက်မှာမဟုတ်ဘူး မဲကြီးရ။ ထောင်ချောက်မုဆိုး နင့်ဖါနင် မိတဲ့ခွေးကို နင်ဘဲ စားပေါ့”
သန်းထွန်းသည် ရယ်မောရင်းနှင့် ပြောလိုက်သည်။
ဘိုဝနှင့် ကိုဝိုက်တို့သည် တောတဖက်၌ တန်းလန်းမိကာ ခွေးစင်စစ်က ကောင်းကင်၌ ဝဲနေသော လေယာဉ်စီးသလို တွဲလောင်းကြီးဖြစ်သည်ကို ရယ်မောကြရင်းနှင့် ကိုဝိုက်သည် ခွေးကိုပွေ့၍ လက်၌ မိနေသော ကြိုးကို ဖြုတ်ပေးလိုက်သည်။
“ဘိုဝရေ … ကြိုးတော့ ခွေးစားလို့ ပြတ်လုလုဘဲ ကျန်တော့တယ်ဗျို့ … အသစ်လဲအုံး”
ဘိုဝသည် သူ၏ စစ်လွယ်အိပ်ထဲ၌ နှိုက်၍ ရှာဖွေလိုက်ပြီး ကြိုးတချောင်းကို ဆွဲထုတ်လိုက်သည်”
“ချည်ကြိုး မရှိဘူး၊ သံနန်းကြိုးဘဲ ရှိတယ်”
ကွမ်းသီးကြီးကြီးခန့် တုတ်နေသော သံနန်းကြိုးခွေကိုပြရင်း ပြောလိုက်သည်။
“ဖြစ်ပါတယ်၊ ပြော့ရင်ပြီးတာဘဲ။ ဒါမှ ကြောင်တွေမျက်စိရှံပြီး သံနန်းကြိုးမှန်း မသိဘဲ တိုးမယ်။ ချည်ကြိုးနဲ့ ခဏခဏ ထောင်လွန်းလို့ ကြောင်တွေက ချည်ကြိုးမှန်းသိပြီး ပါးနေကုန်ပြီကွ”
ကိုဝိုက်က ကိုင်းတံကို အားနှင့်ဖိ၍ ကွေးပေးသည်။ ဘိုဝက နန်းကြိုးကို ကွင်းလျှောလုပ်၍ ကပ်ပြားပေါ်၌ ဝိုင်းနေအောင် ဖြန့်၍ ထားလိုက်ပြီး ထုံးစံအတိုင်း အပေါ်မှ ဖုံမှုန့် သဲမှုန့်တွေကို ဖြူးလျက် ကွင်းလျှောအထိ လျှောက်လိုက်သည်။ ပြီးမှ အပေါ်က သစ်ရွက်ခြောက်များကို ဟန်ကျပန်ကျခင်း၍ နိဂုံးချုပ်လိုက်တော့၏။
“ကိုဝိုက်ကြီး ပြောတဲ့အတိုင်း သံနန်းကြိုးက ပြော့လို့ တော်ပါသေးတယ်။ ကဲဟေ့ … ဘိုဝ ထောင်ရင် ဆင်ကောင်ကြီးကအစ ကြွက်အဆုံး သိမ်းကျုံးမိကွ။ မလွတ်တမ်းနော်၊ မရှောင်တမ်း”
ကိုဝိုက်ကြီးသည် တောကို ယုံကြည်သူဖြစ်၍ ဤသို့ပါးစပ်မှ တွေ့ကရာမပြောရန် တားလိုက်၏။ သို့ရာတွင် ကျွန်တော်နှင့် ဦးဘိုးဟန်တို့ မုဆိုးအဖွဲ့သည် ဘာတော ဘာလမိုင်း မှ စာရင်းထဲ၌ ထည့်၍ မမှတ်ဘဲ ဘယ်လိုလမိုင်းမှ အရေးမစိုက်သူဖြစ်၍ ကိုဝိုက်သည် မပြောရဲတော့ဘဲ ပြုံးရုံသာ ပြုံးလိုက်၏။
ကိုဝိုက်၏ ထောင်ချောက်မိသော အမဲလိုက်ခွေးသည် ကိုဝိုက်နှင့် ဘိုဝတို့နောက်မှ အမြီးကုတ်၍ စခန်းဆီသို့ လိုက်ပါခဲ့သည်။
ပုရစ်သံနှင့် မျောက်မောင်းမတို့၏ စူးစူးဝါးဝါး အော်မြည်သံများသည် တော၏ ပတ်ပျိုးစီ အသံသာဖြစ်ချေတော့၏။
စခန်းတဝိုက်၌ အောက်လင်းဓာတ်မီးတလုံးနှင့် မီးဖိုကြီးတွေက မီးရောင်သည် ထိန်ထိန်လင်းနေတော့သည်။ စိုင်သားကို ကျပ်တင်သူတင်၊ ချက်သူချက်၊ ကြော်သူကြော်၊ ကြိုက်ရာ စားချင်ရာ သီးခြား ချက်ပြုတ်သူများနှင့် အတော်အလုပ်အရှုပ်နေပေသည်။
ကြီးမားသော စိုင်ကြီး၏ နောက်ပိုင်းသားများနှင့် ပေါင်ကြီးနှစ်ဖက်ကား ဝါးလုံးလေးလုံးစီ ဆိုင်၍ ထိုးထားသော စင်အောက်၌ တွဲလွဲဆွဲထားသည်။
ရှမ်း ဦးနုမှာ ချွေးတလုံးလုံးနှင့် ကျွန်တော်တို့အတွက် ပြင်ဆင်ချက်ပြုတ်နေသည်။ ထမင်းဆာရသည့်အ ထဲ စိုင်သားဟင်းကို စောင့်ပါဟု ဦးနုက တောင်းတောင်းပန်ပန် ထမင်းစားပွဲ ဆိုင်းထားမှုကြောင့် ကျွန်တော် စိတ်တိုနေမိသည်။
အချိန်ကလည်း ည ၉ နာရီကျော်လွန်ခဲ့လေပြီ။ တော်ပါသေးသည် လဘက်ရည်ကြမ်းနှင့် စိုင်ဝမ်းတွင်းသား အသဲနှလုံးတွေကို ကြော်၍ အဆာပြေ မြည်းစားခဲ့ရသည်ကြောင့် ဣန္ဒြေမပျက် ထိန်းသိမ်းထားနိုင်တော့၏။
နာရီဝက်ခန့်အကြာတွင် ဟင်းခွက် ဆယ်ခွက်မနည်းသော ထမင်းဝိုင်းကြီးသည် ကျွန်တော်တို့၏ ရှေ့မှောက်ပေးအပ်လာသည် စိုင်သားဆီပြန်၊ စိုင်သားကြော်၊ ဘိုဝ၏ မနေ့က ရစ်တကောင်၊ တောကြက်ဖတကောင် ချက်ပြုတ်ထားသည့် ဟင်းနှစ်ခွက်၊ ငါးပိကြော်၊ စိုင်သားဒူးရိုးစွတ်ပြုတ် စသည့် ထမင်းပွဲကြီး မြိုင်ဆိုင်လှတော့၏။
ကျွန်တော်၊ ဦးဘိုးဟန်၊ ဦးတုတ်ဖြူ၊ ကိုဝိုက်၊ ကိုသန်းမောင် စသည့် လူကြီးဝိုင်းသည် ဆိုင်းမဆင့် ဗုံမဆင့် ထမင်းစား ဘယ်သူမှ အခေါ်မစောင့်ဘဲ ခပ်ကြမ်းကြမ်းခြေလှမ်းတွေဖြင့် ထမင်းပွဲသို့ဝင်ကာ တက်သုတ်လှော်ကြသည်။
ဘိုဝ၊ သန်းထွန်း၊ ကျော်လှိုင်၊ အောင်ထွန်း၊ ဦးနု တို့သည် ရရာမှီရာ ထမင်းပန်းကန်အစား လင်ဗန်း ဒယ်အိုးဖုံးကြီးအပြင် စလောင်းဖုံးတွေဖြင့် ထမင်းနှင့် ဟင်းတွေထည့်ကာ စားနေကြသည်။
နောက်လိုက် ရွာသားတွေကလည်း ဟင်းကောင်းကောင်းကို လဘက်ရည် အမြည်းတုံးကြီးများအဖြစ်နှင့် စားရင်း ဘယ်တော့ ဘယ်နေရာ ဘယ်သူကပစ် လိုက်သည်ဟု ကျားဇာတ်ကြောင်းတွေကို တလှည့်စီ အကျယ်ချဲ့ကာ လေကန်နေကြသည်။
စားပြီး သောက်ပြီးသော် ကျွန်တော်သည် မောမော ဘိုက်လေးလေးနှင့် အိပ်ရာထဲသို့ တန်း၍ ဝင်ခဲ့သည်။ အမဲလိုက်စဉ်က ဘောင်းဘီကျပ် အင်္ကျီထူများကို တစုံတရာ မလဲတော့ဘဲ တောစတိုင် တောအလိုက် ဖြစ်သလို အိပ်ရာထဲသို့ ဝင်ခဲ့သည်။
ဦးဘိုးဟန်နှင့် ဦးတုတ်ဖြူတို့သည် ရှေးဟောင်းနှောင်းဖြစ် အကြောင်းတွေ၊ စတီးဘရားသားကုမ္ပဏီတွေ ကောင်းစားစဉ်က ခေတ်အကြောင်းတွေ၊ မျက်နှာဖြူကုန်သည်တွေ အမဲပစ်ပုံတွေ တဟားဟား ဇာတ် ကြောင်းပြန်ရင်း ပွဲကျနေကြလေသည်။ ခပ်ရေးရေး ခပ်မှေးမှေးနှင့် ကျွန်တော့နားထဲသို့ ဝင်ရောက်လာခဲ့သည်။
ဒေါင်ကနဲ အသံနှင့် တဖုံးဖုံးအသံများနောက်မှ ကျွဲခလောက်သံများ ညံနေအောင် ထွက်ပေါ်လာသံနှင့် နောက်မှ …
“မိပြန်ပြီဟေ့ … ခွေးဘဲလားဟေ့”
ဒီတခါ တပ်ကြပ်ကြီးသန်းထွန်း၏ ရယ်မောရင်း ဘိုဝကို စတင်ကာ နောက်ပြောင်သံများနှင့်အတူ ဘိုဝက …
“လုပ်လိုက်ကွနော်၊ အားကောင်းတုန်း ဒီတချီတော့ ဘာကောင်မိမိ မာလကီးရားကြီးပါဘဲ”
ကြိမ်းဝါးကာ လုပ်ရိုးလုပ်နေကျ သူ၏ ရိုင်ဖယ်နှင့် ယမ်းခါးပတ်ကိုဆွဲ၍ လက်နှိပ်ဓါတ်မီး သုံးတောင့်ထိုးတလက်ကို ယူငင်ကာ တဒေါင်ဒေါင်မြည်နေ သော ထောင်ချောက်ဆီသို့ ခပ်သွက်သွက် သွားသည်ကို ကျွန်တော်၏ ဖြတ်ကနဲ ပွင့်နေသော မျက်လုံးတွေက မြင်မိသည်။
ခဏကြာလျှင် …
“ဟာ .. ဘာကောင်ကြီးမှန်း မသိဘူးဗျ။ ဦးလေးဟန် … လုပ်ပါအုံး၊ လာဗျို့ … လာ”
ဘိုဝ၏ အရေးတကြီး အသံကြီးနှင့်အတူ ဝူးကနဲ ဟင်ကနဲ ထ၍သွားကာ ကြောက်စရာအသံကြီးများသည် ရှောင်တခင်တွင် ပေါ်လာတော့သည်။
ကျွန်တော်သည် အိပ်ရာမှ ဗြုန်းကနဲထ၍ နီးရာ စ
ရိုင်ဖယ်တလက်ကို ဆွဲကိုင်ရင်း ခန်းဝဆီသို့ တအားပြေးထွက်ခဲ့သည်။
ဦးဘိုးဟန်ကလည်း ကျွန်တော်၏ အရင် ရိုင်ဖယ်တ လက်ကို ကိုင်ရင်း တအားသွန်၍ ပြေးလာသည်။
ဘိုဝဆီက ဒိုင်းကနဲ ဒိုင်းကနဲ ရိုင်ဖယ်သံနှစ်ချက်ဆင့်၍ ပေါ် ထွက်လာပြီးနောက် ကြောက်လန့်စရာ ဟိန်းသံများသည် စခန်းသာမက တတောလုံး ညံနေအောင် တုန်လှုပ်စရာ ပေါ်ထွက်လာပြန်သည်။
ဘိုဝ မြေပြင်ပေါ်၌ ချထားသော ပွင့်နေသော လက်နှိပ်ဓါတ်မီးရောင်အောက်၌ လည်ပင်းတွင် ကြိုးကြီးတန်းလန်းနှင့် ရုပ်သေးရုပ် ကြိုးဆွဲထားသလို ချုပ်မိနေသည့် ကျားသစ်ကြီးတကောင်၏ ပါးစပ်ပြဲပြဲကြီးနှင့် မာန်ဖီကာ ဟိုခုန် ဒီလှုပ်နှင့် ဆောက်တည်ရာ မရသည့် အဖြစ်ကို ကျွန်တော်သည် အံ့အားသင့်စွာ တွေ့ရှိခဲ့သည်။
ဘိုဝ၏ ရိုင်ဖယ်သည် နောက်တချက် မီးပွင့်၍ ထွက်ပေါ်လာပြန်သည်။
ကျားသစ်ကြီး (သစ်ဆင်ကြီး) သည် တုန်၍ သွားလေသည်။ ဦးဘိုးဟန်၏ ရိုင်ဖယ် ကြားဝင်၍ “ဒိုင်း”ကနဲ ပစ်သွင်းလိုက်ပြန်သည်။
သစ်ဆင်ကြီးမှာကား ငြိမ်၍ ဝပ်၍ ကြိုးတန်းလန်းကြီးနှင့် ကျကာ ပြော့ကာ သွားလေသည်။
စိုင်သားနံ့ ခွေးနံ့ ရသော သစ်ဆင်ကြီးသည် ဘိုဝ၏ ထောင်ချောက်ထဲ တန်းကနဲ တိုးမိခဲ့ခြင်း ဖြစ်သည်။
ကျွန်တော်တို့အားလုံးမှာ အံ့အားသင့်စွာဖြင့် ရိုင်ဖယ် ကိုယ်စီနှင့် သစ်ဆင်ကြီးကို ချိန်ရင်း အရိပ်အကဲ ကြည့်နေမိသည်။
သစ်ဆင်ကြီး၏ တွဲလောင်းကြီးဖြစ်သည့် ခန္ဓာကိုယ်ကြီးမှာ အရုပ်ကြိုးပြတ်နှင့် ဇာတ်သိမ်းနေပုံ တွေ့ရသည်။
ကျွန်တော်နှင့် ဦးဘိုးဟန်တို့သည် ငေး၍ ပါးစပ်အဟောင်းသားနှင့် ဖြစ်နေသူ ဘိုဝကို ကြည့်ကာ ဟားတိုက်၍ ရယ်မောမိကြသည်။
“ကံကောင်းလို့ဗျာ၊ ကျွန်တော်က ကြောင်ကြီး မိနေပြီထင်လို့ သေနတ်ဒင်နဲ့ ဆော်ထဲ့မလို့ ကပ်သွားတာ … တခါထဲ လူဆီကို ထိုးအုပ်လိုက်တာ၊ ရှောင်လိုက်လို့ ဟီး … ဟီး။
ကြောင်ကြီးက မငယ်လှပါကလား။ ငါမျက်စိများမှားနေလို့လားလို့။ နောက်မှ အကွက်ကြီးတွေ ဓာတ်မီးရောင်အောက်မှာ တွေ့ရမှ သစ်ဆင်ကြီးမှန်း သိရတာ ဆော်ထည့်တာပေါ့ အရီးဟန်”
“ဒီတခါတော့ ဒီကောင်ကြီး ကံဆိုးတာပေါ့ မဲကြီးရ“
တပ်ကြပ်ကြီး သန်းထွန်းသည် ခစ်ကနဲ ရယ်လိုက်သည်။
“အေးပေါ့ကွ … ခုတင်က ခွေး ကံဆိုးတယ်”
ဘိုဝသည် ရိုင်ဖယ်မောင်းကို လျှောချကာ ပြောလိုက်သည်။
“ဒါပေမယ့် အရင်တုန်းက မင်း ကံဆိုးတယ်။ ဒီအချိန်က စပြီး ကံကောင်းပါပြီ ဘိုဝရာ”
ဦးနုသည် သစ်ဆင်ကြီးကို ကြည့်ရင်း ဝေဖန်လိုက်သည်။
“ဟေ့ ထားဝယ်၊ နင်တော့ ငါမိတဲ့အကောင် အစိမ်းစားမယ်ဆို။ ကဲ စားပေတော့ကွာ”
ဘိုဝသည် သူ၏သူငယ်ချင်း သန်းထွန်းကို မေးလိုက်သည်တွင် …
“အန်မာ … ငါ့သူငယ်ချင်း ဘိုဝ ပစ်လို့ရတဲ့ သစ်ဆင်သားကို အဝစားရအုံးမှာဘဲဟေ့ … ဘာတဲ့တုန်း”
သတ္တိရှိသော လက်တွေ့ပြရဲသော ဘိုဝ သို့မဟုတ် ကျွန်တော်တို့အဖွဲ့ ဒုတိယတန်း မုဆိုးထောင်ချောက်သမား ဘိုဝကို ကျွန်တော်သည် ပထမတန်း သေနတ်သမားများထဲသို့ ထည့်သွင်းရန် ဆန္ဒပေါ်လာသည်။
“ကဲ … လုပ်ကြလေကွာ၊ မနက်ကို ဘိုးခေါင်တောင်ပေါ်မှာ ကျန်နေခဲ့တဲ့ စိုင်တွေကို အမှီလိုက်ရအုံးမယ်။ သန်းထွန်းနဲ့ ဘိုဝနဲ့ လိုက်ခဲ့ကြဟေ့။ မင်းတို့အလှည့် ရောက်ပြီ”
ဦးဘိုးဟန်သည် အဆုံးအဖြတ် ပေးလိုက်သည်တွင် ဘိုဝသည် …
“နိပ်ဟ … ဘာတဲ့တုံး၊ ငါ ကံဆိုးလှပြီ အောက်မေ့တာ ၊ ကံကောင်းလာပြီဟေ့”
ဝါးကနဲ ပရိသတ်များ၏ ရယ်မောသံသည် တိတ်ဆိတ်သော စခန်းတပြင်၌ လွှမ်းမိုးသွားပါတော့သည်။
ငွေတာရီမဂ္ဂဇင်း
အမှတ် ၂၁
၁၉၆၂ ခုနှစ် ၊ မတ်လ
– ပြီး –
စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0