ကံမုန်းတဲ့ဒဏ်

Posted on

ကံမုန်းတဲ့ဒဏ်(စ/ဆုံး)

———————

ပြောမကောင်း၊ဆိုမကောင်းနဲ့ ခေါင်းမာလွန်းတဲ့
သမီးကြောင့် ဦးလှနဲ့ဒေါ်နုတို့
စိတ်ညစ်ရတယ်။ သူတို့
အနေအေးသလောက်
သမီးဖြစ်သူမှာရိုင်းစိုင်း
လွန်းတာကြောင့် …

” လုံမရယ်… စကားကို
အေးအေးဆေးဆေး၊ ညင်ညင်သာသာ ပြောစမ်းပါကွဲ့။
လူကြီးမိဘတွေကို အောင့်ဆောင့်မပြောရဘူးလေ။
ရိုသေထိုက်သူတွေမို့လည်း ဘုရားနဲ့ တဂိုဏ်းတည်း
ထားခဲ့ကြတာမဟုတ်လား ။ ငါ့သမီးကျမှ
မလေးမစားနဲ့ကွယ် ။ အဘတို့ ရှက်တယ်”

မျက်စေ့မျက်နှာပျက်စွာနဲ့ ခေါင်းပေါင်းလေး ပေါင်းခါပေါင်းခါ
ဆုံးမတတ်သူ ဖခင်ကြီးစကားကို လှရီ အရေးမစိုက် ။
ရိုင်းချင်တိုင်းသာ ရိုင်းနေတော့တယ်။

” အို… အဘတို့လည်း ဒါပဲ ပြောနေတော့တာပါ့
… ကြာတော့ စိတ်တောင်ညစ်လာပြီ ”

ပြောရင်းက တဖက်လှည့်သွားတဲ့
သမီးဖြစ်သူကို ဒေါ်နု သဘောမကျ။ စိတ်တိုင်းမကျလို့
ဟက်ဟက်ပက်ပက်
စကားမပြောဖြစ်တာလည်း ကြာပြီ။ ဒီကနေ့တော့ မပြောလို့ မဖြစ်တော့ ။ ဟိုဖက်ရွာက ကိုလူအေး သားနဲ့ ချစ်ကြိုက်ရာက သူတို့သားနဲ့ သဘောမတူဘူးပြောတဲ့ သားရှင်တဖြစ်လည်း၊
မတော်ရသေးတဲ့ ယောက္ခမနဲ့ စကားများ ကြသည်ဆိုပဲ။

” ရှက်လိုက်ထာအေ … မိလှရီ … ”

ဒေါ်နု အသံထွက်တော့တယ်။

” ညည်းကိုယ်ညည်း အဟုတ်ကြီး ထင်မနေနဲ့ …ကံကြီးထိုက်လိမ့်မယ်။ လူကြီး၊မိဘစကား ဆိုတာ နားထောင်သင့် ထောင်ရတယ်အေ့ ။ တို့ ဒီလို နေလာတာ … ညည်းကျမှ … ”

စိတ်ပျက်စရာသမီးကြောင့် မျက်နှာပျက်ရပေါင်း
များပြီ။
အခုလည်း …

” ညည်းနဲ့ ဖြစ်တဲ့ လူကိုလည်း ကြည့်ဦး ။ ခါတိုင်းလို
ရေခပ်ဖော်ရေခပ်ဖက်၊
ပွဲကြည့်ဖော်ပွဲကြည့်ဖက် မဟုတ်ဘူး။
တချိန်က ညည်းကို စာသင်ခဲ့တဲ့ ဆရာမ။ ကျေးဇူးတရားတွေ ထောက်ထား… ”

” ဟာ… တော်စမ်းပါ ၊
ဘာကျေးဇူးတရားလဲ။
အတန်းပိုင်မရှိချိန်
ခဏလေးဝင်ပြီး
ထိန်းတာ။ ဘာစာမှ မသင်ခဲ့ရဘူး။ ဘာကျေးဇူးမှ မရှိဘူး။
တော်ပြီ ။ သည်းခံချင်ရင် အမဘာသာ သည်းခံ ။ ကျုပ်ကတော့ မခံဘူး ။ သိအောင်တော့ ပြောရမှာပါ့ ။ ဘယ့်နှယ့်တော်… သူ့သားသူကျ ထိပ်တင်ပြီး သူများသမီးကျတော့ မြေလိုနင်းချင်တဲ့ဟာမကြီး ။ အဲ့လိုလူမျိုး ဆရာမ မကလို့၊ ဘာဖြစ်ဖြစ်
အရေးမစိုက်ဘူး”

” ဟယ် … ဒုက္ခပါပဲ ”

ဒေါ်နု ရင်မောပြီ။
သူ့သမီးကို ကံမုန်းမှာ
စိုးလှပါဘိ။

” အဲ့လို မပြောရဘူး။
ခက်တော့တာပဲ အေ”

အဘနဲ့အမလို့သူခေါ်တဲ့ အဖေနဲ့အမေ။ သူ့အတွက်နဲ့ ဘယ်လောက်တောင် စိတ်တွေဆင်းရဲနေရလဲ လှရီ မသိ။
တွေးလည်းမတွေးမိ။
မိဘမေတ္တာဆိုတာဝေးလို့ ဂရုစိုက်မှုကိုတောင်
အသိအမှတ်မပြုလေတော့…

” မိဘဆိုပြီး နေရာတကာ မချုပ်ချယ်ချင်စမ်းပါနဲ့၊
အမတို့တုန်းကလည်း
အမတို့ စိတ်တိုင်းကျ
နေခဲ့ကြတာပဲ မဟုတ်လား။ သူများကျမှ သားသမီး
ဆိုတဲ့အဖြစ်နဲ့ မတားမြစ်ချင်နဲ့ ။ မရဘူး ။ နေချင်သလိုနေမှာပဲ။
လာမပြောကြနဲ့”

မိဘတွေခမျာ ပါးစပ်အဟောင်းသားနဲ့ အံ့သြပြီးရင်းအံ့သြရင်း။

” ဖရုဿဝါစာ၊ ရုန့်ရင်း ကြမ်းတမ်းတဲ့စကားတွေကြောင့် လူမုန်းများနေတဲ့ ညည်းအတွက်
စိတ်မကောင်းဖြစ်လွန်းလို့ပါအေ … ဝဋ်လည်မှာ စိုးလို့ပါဟဲ့ ။ ငါ မွေးထားတဲ့သမီး
ဝဋ်လည်မှာ စိုးလို့ပါ အေ့ …”

ရင်တထုထုနဲ့ ဒေါ်နု ပြောကျန်ခဲ့တော့တယ်။
လှရီကတော့ ထုံးစံအတိုင်း …

” သွားမယ်။ ပြောချင်ရာပြောကျန်ခဲ့ကြတော့။ ဘာတွေလာလာ ပြောမှန်းကို မသိဘူး။ နားမထောင်ချင်ပါဘူး
ဆိုမှ…ဒါတွေပဲလာလာ ပြောနေကြတယ်။ တကယ်ပဲ ”

( ၂)

မိဘကတစ်ခွန်းပြောရင် နှစ်ခွန်းမကပြန်ပြောတတ် သူက သူ့ကိုယ်သူတော့ လူတွင်ကျယ်မ။ မိစွာတေးရယ်လို့ အပြောခံရတာကိုပင် ဂုဏ်ယူနေတတ်သူ။

” ငါ့ကို ဘာထင်နေလဲ
… အမြဲတမ်း ဘယ်သူ့ကိုမှ အလျှော့ပေးပြီး နေလာတာ မဟုတ်ဘူး။
သတ္တိရှိ လာထိကြည့်။
မီးပွင့်သွားစေရမယ် ”

အပြောအဆို အင်မတန်မှရိုင်းစိုင်းသူမို့ ရွာထဲမှလူအများစု၊ ဘယ်သူကမှ အဖက်မလုပ်ချင်ကြ။
သူငယ်ချင်းတွေဆိုတာကလည်း
မကောင်းတတ်လို့သာ ပြောကြတာများတယ်။
စိတ်ထဲပါလှတယ်
မဟုတ်။
သူ့အခက်အခဲကို သူများပြဿနာလုပ်
လွန်းလို့ရှောင်ကြတာ များတယ်။

ဘယ်သူတွေဘယ်လို ရှောင်ရှောင် မမူ ဆိုတဲ့ တစ်ယောက်ကတော့
မြှောက်ပင့်စားတတ်
တယ်။

” လှရီ ရေ … လှရီ ”
” ဟေ့ ”

” လာဟေ့ …သွားမယ် ”
” အေးး ”

” လှတာ အေ… လှတယ် ဟဲ့ ။ ငါ့သူငယ်ချင်း ”
” ညည်းမပြောလည်း
သိပြီးသား ဟားဟား”

မိဘတွေကို ဘယ်သွားမယ်၊
ညာသွားမယ် ပြောမနေအား။ မမူရဲ့
မြှောက်ပင့်စကားမှာ
ဘဝင်လေဟပ်၊ အပြေးလိုက်သွား
တော့တယ်။

” ဘယ်ကောင်မ သတ္တိရှိလဲ ။ သတ္တိရှိတဲ့
ကောင်မ ထွက်ခဲ့… ဇ မရှိဘဲနဲ့တော့ ငါ့ကို လာမလုပ်နဲ့။ ချချင်ရင် လာ ”

မမူ စျေးဝယ်သွားတာ လိုက်ပေးရာက စျေးသည်အလေးခိုးတဲ့ အကြောင်းနဲ့ရန်တွေဖြစ်တယ်။
သူ့ကိစ္စမဟုတ်ပေမဲ့
စျေးသည်ကို ရန်တွေ့၊ ဆူဆူညံညံပွဲဖြစ်တာကြောင့် လူတွေ ဝိုင်းအုံလာတော့တယ်။

(၃)

” သား… အမေကတော့
သူနဲ့သားကို ဘယ်လိုမှ သဘောမတူနိုင်ဘူး။ သူက ရိုင်းလွန်းတယ်။
အမေတို့နဲ့ဖြစ်မှာ မဟုတ်ဘူး … ခုလည်း စျေးထဲမှာ ရန်ဖြစ်နေလေရဲ့”

စျေးခြင်းတောင်းကိုချ
စိတ်ပျက်စွာပြောနေတဲ့
မိခင်စကားကြောင့်
လှရီ ရည်းစား၊
မြင့်မောင်တစ်ယောက် မျက်နှာငယ်ရတယ်။
သူကလည်းသူပဲ ။ ဒီလောက် တာတေလန်
ဆိုးပါတယ် ဆိုသူကိုမှ
ချစ်နေမိတယ်။ ဘယ်သူဖျက်လို့မှ မပျက်ချင်သူ။

” ဟင်းး”

ရိုင်းတာလေးကလွဲ ပြောစရာမရှိတဲ့
တစ်ဦးတည်းသော
သမီး၊ လှသွေးကြွယ်တဲ့ အရွယ်၊
ဆံပင်နှစ်ဖက်ခွဲစည်းလေးနဲ့
လှချင်တိုင်းလှနေတဲ့
သူမကို သူ မစွန့်လွှတ်နိုင်။ ငယ်ကတည်းက ဟိုဖက်ရွာဒီဖက်ရွာ ဘာပွဲရှိရှိ တွေ့နေကျ။
အောင်သွယ်တော် မမူက သူတို့ကြား အခရာ။

” ဟဲ့… နင် လက်နှေးနေရင် သူများနောက် ပါသွားမယ်နော်။ အဲ့ကျမှ ငါမပြောဘူး
မလုပ်နဲ့ ”

ဒီတစ်ယောက်တည်းကိုသာ ချစ်နေမိတော့ မပတ်သက်နဲ့ ပြောလည်း ပတ်သက်ချင်သူ။ အမေနဲ့ ချစ်သူကြား
စိတ်ညစ်ရာက မြင့်မောင် အရက်စွဲတော့တယ်။

(၄)

” သားမိုက်… မအေ ဒီလောက်တားနေတဲ့ကြားက ရအောင် ယူသွားတယ်။ ခွေးဖြစ်မဲ့ကောင်… ”

သားရှင်ဆိုတဲ့အသိနဲ့
ကိုလူအေးတို့ ဇနီးမောင်နှံမှာ သားမင်္ဂလာပွဲ တင့်တောင့်တင့်တယ်
နွဲပေးချင်သော်လည်း
ချွေးမဖြစ်သူကို သဘောမကျလို့၊
တောင်းရမ်းတာတွေ လုပ်မပေး။ တခါ ဦးလှတို့ ဘက်ကလည်း အိမ်ပေါ်အတက်မခံ။

” အမိုက်မ… နေပေ့စေ
ဦး။ ပစ်ကိုထားမယ် ။
ဘယ်လို နေနေ အိမ်ပေါ် ပြန်မလာစေနဲ့ ”

မပြေးသော်လည်း ကံရာရှိ။ ဝဋ်က စပြီ ။

(၅)

တစ်ရက်တစ်ရက်နဲ့
အိမ်ကထွက်လာတုန်းကပါလာခဲ့တဲ့ ရွှေတိုငွေစတွေလည်း ကုန်။ စားမဲ့သောက်မဲ့ ပါးစပ်ပေါက်တွေကတိုး။ အလုပ်မရှိ၊အကိုင်မရှိနဲ့
အရက်သမား လုံးလုံးဖြစ်နေတဲ့ ခင်ပွန်းသည်က နှိပ်စက်။ လှရီ ဝဋ် လည်လေပြီ။

” အမလေး !! လုပ်ကြပါဦး…
ကယ်ကြပါဦး တော့… ဟီးး အီးး ”

” မငိုနဲ့ ကောင်မ… နားငြီးတယ် ။ သွား ပိုက်ဆံရှာချေ။ အရက်ဖိုး မရရင် ပြန်မလာနဲ့ ”

ယဉ်ကျေးပါတယ် ဆိုတဲ့သူက ဘယ်လိုဖြစ်တယ်မသိ။
လှရီနဲ့ ညားပြီးကတည်းက မိုက်ရိုင်းလာတော့တယ်။ ကံကြွေး ဆိုလေမလား။

” သွားလေ သွား ။ မျက်စေ့အောက်မှာ မနေနဲ့ ။ ကလေးတွေခေါ်သွား ။ ငွေ ရှာခဲ့”

အမေ့အပေါ် ဆိုးခဲ့လေသမျှ ၊ အဖေ့အပေါ် ဆိုးခဲ့လေသမျှ လှရီ စိတ်ဆင်းရဲကြီး ဆင်းရဲရတော့တယ်။
ကလေးတွေလက်ဆွဲ
ငွေရှာထွက်ရတယ်။
စျေးရောင်းကောင်းတဲ့
နေ့ အဆင်ပြေသလို ရှိပေမဲ့ ၊ အဲ့လိုနေ့ကလည်း ဆယ်ရက်တစ်ရက်သာ။

” အင်း… မမူ ဆီ ငွေလေးဘာလေး သွားလှည့်ဦးမှပဲ။ သူ့ကိုငါ အရင်က ကျွေးခဲ့မွေးခဲ့တာ သူငါ့ကိုပစ်ထားမှာတော့ မဟုတ်လောက်ပါဘူး”

တချိန်က သူမဆီက ရသမျှအကုန်ယူ၊ မြှောက်စားပင့်စားခဲ့တဲ့
မမူ ဆီကို မျှော်လင့်ချက်တွေနဲ့ သွားပေမယ့်လည်း အတွေ့မခံတော့။
ချေးမှာငှါးမှာစိုးတာနဲ့
ရှောင်နေတော့တယ်။

” မမူရယ်… ညည်းကလည်း သိသာလိုက်တာအေ။
ငါ အဆင်ပြေနေတုန်းကတော့ ဒီလို မဟုတ်ပါဘူး ။ ငါ့ကို ခင်တဲ့သူက ညည်းအပြင် နှစ်ယောက် မရှိဘူး… အခုကျတော့ သိသာလိုက်တာဟဲ့ ”

ဘာပြောပြော မမူ အရေးမစိုက်တော့ပြီ။
သူမလက်ထဲက မထွက်ရပြီးရော …

” ညည်း ယောက္ခမတွေ ဆီ တောင်းပန်ပြီး သွားတောင်းပါ့လား။ ဒါမှမဟုတ်လည်း …”

လှရီ မျက်ရည်ကျလေပြီ။
သူဘယ်လိုတောင်းပန်တောင်းပန် ခွင့်လွှတ်ကြမှာ မဟုတ်မှန်း သိတော့ ပိုရင်နာပြီပေါ့။

” ညည်းမို့ ပြောရက်တယ် မမူရယ်
သူတို့နဲ့ ငါ ဒီလောက် အဆင်မပြေတာ သိရက်နဲ့… ”

သွားစရာနေရာ မရှိတော့တဲ့ လှရီ
မျက်ရည်တွေနဲ့ မိဘတွေကို သတိရမိပြန်တယ်။

မလိမ္မာတဲ့သမီးအတွက်
စိတ်သောကရောက်ရာက တပိန်ပိန်တလိန်လိန်နဲ့
သေသွားရရှာတဲ့ မိခင်။
တစ်ယောက်တည်းကျန်ခဲ့တဲ့ ဖခင်က ညဘက်ကြီး မမြင်မစမ်းနဲ့ မီးခွက်မှောက်ကျရာက
အိမ်မီးလောင်ပြာကျ။
ဘဝက အဖြစ်ဆိုးလေပြီ။

” အေးပါ အေ… ရပါတယ် ဟဲ့ ။ ညည်း မကူညီချင်လည်း နေပါ၊ နောက် ငါ… မလာတော့ပါဘူး”

ကလေးတွေလက်ဆွဲ
တုံ့နှေးတဲ့ခြေလှမ်းတွေနဲ့ ထွက်သွားတဲ့ လှရီကို
မမူ မသနား။ ပြောပင်
ပြောနေလိုက်သေးတော့တယ်။

” ခံပေါ့… ကိုယ့်ထိုက်နဲ့
ကိုယ့်ကံ ၊ ခံ … ” ။ ။

#သိမ့်ဝတ်မှုံပြည့်စုံမိုး
၁၄၊ ၅၊ ၂၄

( ဖြစ်ရပ်မှန်တစ်ခုကို
အခြေပြု ရေးဖွဲ့ပါသည်။ )