“ကျတ်ကုန်းမြေ မှ အမှောင်ည”📖📖📖
****************************************
ကိုသူ့အရင်အလုပ် …”ဂိုထောင်ညစောင့်”လုပ်ရတုန်းက ကြုံခဲ့ရတဲ့အကြာင်းပေါ့။
ကိုသူက ပရိဘောဂပစ္စည်းဂိုထောင်မှာ ညစောင့်လုပ်ရတယ်။
ညစောင့်ဆိုပေမယ့် ဂိုထောင်မှာ ညဘက်အစောင့်သဘောမျိုးနဲ့ သွားအိပ်ပေးရတာ … တစ်ညလုံး ထိုင်စာင့်ပေးနေရတာမျိုးမဟုတ်ဘူး။
အဆောက်အဦးကတော့ ဂိုထောင်တွေရဲ့ထုံးစံအတိုင်း ပတ်ပတ်လည် ရော ခေါင်မိုးရော သွပ် (သွပ်လို့ပဲခေါ်မယ်ထင်တယ်)တွေကာထားပြီး ကျယ်လည်းအကျယ်ကြီးပဲ ။
ကိုသူ နေရတာကတော့ ဂိုထောင်ရဲ့ ထပ်ခိုးလို နေရာမှာ… ။
ပရိဘောဂဂိုထောင်ဆိုတော့ ကုတင်၊ဗီရို၊စားပွဲခုံ၊ထိုင်ခုံ၊မှန်တင်ခုံ၊စာအုပ်စင်၊မွေ့ရာပါကင်ထုပ် စတဲ့ ပစ္စည်း တွေ အပြည့်ပဲ။
ဂိုထောင်ရှိတဲ့နေရာက ဆင်ခြေဖုံးရပ်ကွက်တစ်ခုရဲ့အစွန် မြေရိုင်းကွင်းထဲမှာရှိတာ …ဘေးမှာလည်း ပိတ်စဂိုထောင် ၊ ကော်ဇောဂိုထောင်၊ပလပ်စတစ်ပစ္စည်းဂိုထောင် စတဲ့ တခြားဂိုထောင်တွေရှိသေးတယ် …။ဂိုထောင်တစ်ခုနဲ့တစ်ခု ကြားမှာသံဆူးကြိုးတွေနဲ့ပဲ ခြံစည်းရိုးအဖြစ်ခြားထားတာ။
ကိုသူ အလုပ်စဝင်တဲ့ ညကတည်းက … ညဉ့်နက်ပြီဆိုတာနဲ့ ခွေးတွေအရမ်းအူတယ် …။
ဂိုထောင်တွေအရှေ့လမ်းမှာ ခွေးတွေအုပ်လိုက်ကြီးထိုင်ပြီး အကြာကြီး စွဲစွဲငင်ငင်အူနေတာမျိုး။
ကိုသူ့အတွက်ကတော့ ဒီလိုမျိုး ခွေးအူတာက ရွာမှာနေစဉ် ငယ်ငယ်ကတည်းက ကြားရလေ့ရှိတာမျိုးဆိုတော့ အရမ်းတော့ထူးပြီးမကြောက်မိဘူးပေါ့။
ခွေးအူသံတွေ နားထောင်ရင်း အိပ်ရတာများတော့ အိပ်ရာ၀င်သီချင်းလိုတောင်ဖြစ်နေပြီ ပြောရမှာပဲ။
ဒါပေမယ့် ထူးဆန်းနေတာကို
စ သတိထားမိတဲ့ည…
အဲဒီညက ကိုသူ အိပ်ပျော်ခါစ ခွေး အော်သံကြားရတာနဲ့ နိုးလာတယ်…ခွေးက နာလို့ အော်သလိုမျိုး တအုအုတကိန်ကိန်နဲ့ အော်တဲ့အသံမျိုးကိုမှ တစ်ချက်တစ်ချက် သွပ်ပြားတွေကလည်း တဘုန်းဘုန်းနဲ့ အသံထွက်လာသေးတာ။
ပုံမှန်နဲ့မတူတဲ့အသံမျိုးဆိုတော့ ကိုသူ လေးခွနဲ့ ဓာတ်မီး ယူပြီး ထပ်ခိုးက ပြတင်းပေါက်ဘက် ကို ခြေသံဖော့ပြီး ကပ်သွားလိုက်တယ်။
ပြတင်းပေါက်က ကဲလားပုံစံမျိုးဆိုတော့ အံကျမပိတ်ဘဲ အမြဲလိုလို ခပ်ဟဟလေး ပဲ ထား ထား တာ။
အဲ့အဟနေရာကနေ ကိုသူ အသံကြားတဲ့ဘက် ငုံ့ကြည့်တော့ … ခွေးက ပြေးဖို့ကြိုးစားနေသလိုမျိုး အကြောက်အကန်ရုန်းနေတာ။
ဒါပေမယ့် ရှေ့မရောက်ဘဲ နေရာမှာတင် ယက်ကန်ယက်ကန်ဖြစ်နေပြီး … အနောက်က တစ်ယောက်ယောက်က ဆွဲရမ်းလိုက်သလို ဂိုထောင်နံရံက သွပ်ပြားနဲ့ တဘုန်းဘုန်းပစ်တိုက်ပြီး လဲသွားလိုက် ၊ထပြေးလိုက်နဲ့ ဖြစ်နေတာ။
ကိုသူ ကြည့်ရင်း တော်တော်လေးအံ့သြသွားတာ … စိတ်ထဲမှာလည်း တစ်ခုခုတော့ပုံမှန်မဟုတ်တော့ဘူးဆိုတာ သတိထားမိလိုက်တယ်။
ဒါပေမယ့် ကြောက်တော့ကြောက်မသွားဘူး… ကိုသူက တော်ရုံအခြောက်အလှန့်တွေလောက်ကို ကြုံခဲ့ဖူးတဲ့သူဆိုတော့ ဒီအခြေအနေလောက်က သွေးမပျက်ဘူး။
ဒါနဲ့ ခွေးရဲ့ ဘေးနားတစ်ဝိုက်ကို လေးခွ နဲ့ ချိန်ပြီး မမြင်ရတဲ့အရာကို ရမ်းသမ်း မှန်းပစ်တော့တာပဲ။
လောက်စာလုံး ၅လုံးလောက်နဲ့ ပစ်ပြီးတဲ့အချိန် ကျတော့ ခွေးက ပြေးလို့ရသွားပြီး …လွတ်ရာ ပြေးသွားလိုက်တာများ နောက်လှည့်မကြည့်စတမ်းပဲ။
အဲ့ကျမှ ကိုသူလည်း အိပ်ယာဘက်ပြန်လာပြီး… မအိပ်ခင် ဘုရားသေချာရှိခိုးပြီးမှ ပြန်အိပ်လိုက်တယ်။
နောက်တစ်ညကျတော့ ကိုသူ ညလယ်စာ စားနေတုန်း ဂိုထောင်ခေါင်းရင်း ဘက်ကနေ ခဲ ချင်း ထုသလို အသံကြားတာနဲ့ အသံကြားတဲ့ဘက်ကိုသွားပြီး သွပ်ပေါက်ကနေချောင်းကြည့်တာ။
မြင်လိုက်တာက … ကလေးနှစ်ယောက် … တစ်ေယာက်က ယောက်ျားလေး တစ်ယောက်က မိန်းကလေး …၀တ်ထားတာတော့ ခပ်နွမ်းနွမ်းလေးတွေပဲ။
ကိုသူ့ဘက် ကျောပေးထိုင်ပြီး မြေကြီးပေါ်က တစ်ခုခုကို ခဲနဲ့တဒေါက်ဒေါက်ထုနေကြတာ။
သူ့စိတ်ထဲ မသင်္ကာပေမယ့် မျက်နှာမမြင်ရတော့ လူလား ၊ဘာလား မကွဲပြားသေးဘူး။
အချိန်မတော်ကြီး ဒီနေရာမှာ မကြောက်မလန့်ရှိနေတာဆိုတော့ လူမဟုတ်တာလည်း ဖြစ်နိုင်သလို ၊ အနီးနား ကျူးအိမ်က ကလေး တွေ ဂိုထောင်ဘက် ခိုး၀င်ကြတာမျိုးလည်းဖြစ်နိုင်တယ်။
ဒီတော့ သဲသဲကွဲကွဲသိရအောင်ဆိုပြီး
ချောင်းဟန့်သံ အဟမ်းဆိုပြီး ခပ်ကျယ်ကျယ်ဟန့်လိုက်တယ်။
နှစ်ယောက်လုံးက ပြူးပြူးပြာပြာနဲ့ လှည့်ကြည့်ပြီး… လက်ထဲကခဲနဲ့ (အသံကြားတဲ့ နေရာက)သွပ်ကို ခဲနဲ့ ဒေါင်ခနဲ နေအောင် ထုပြီး ပြေးကြပါလေရော။
လှည့်ကြည့်တဲ့ထိကို ကလေးတွေရဲ့ သရုပ်အမှန်ကို ကိုသူ မသိသေးဘူး… ပြေးမှ သေချာသွားတော့တာပဲ။
ကာထားတဲ့ ၆ပေကျော်ကျော် သံဆူးကြိုး စည်းရိုးကို တစ်ချက်တည်းနဲ့ ခုန်သွားပြီး ဘေးက ဂိုထောင် ခေါင်မိုးပေါ်ကို တက်သွား လိုက် တာ မှ လျှောခနဲပဲ။
ကိုသူလည်း ကြောက်သွားတာတော့မဟုတ်ပေမယ့် ရင်တုန်သွားတာတောအမှန်ပဲ။
အရင်က ကြုံဖူးတဲ့ နာနာဘာ၀ အတွေ့အကြုံက အရိပ်မြင်၊အသံကြား ခါးတို့ခြေတို့လောက်တင်။
ဒီလို အနီးကပ်ထင်ထင်ရှားရှားမြင်ဖူးတာက ပထမဆုံး ဆိုတော့ နည်းနည်းတော့ ခြေမကိုင်မိ၊လက်မကိုင်မိနဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိဘူး။
ဒါနဲ့ ထမင်းကြော်ထည့်ထားတဲ့ ဖော့ဘူးကြီးဆွဲပြီး ထပ်ခိုးပေါ်ပြေးတက်တော့တာပဲ။
အပေါ်ယောက်မှ အိမ်က ယူလာတဲ့ ပုတီးလေး လက်မှာပတ်ပြီး တတ်သလောက်မှတ်သလောက် ရွတ်ဖတ်နေလိုက်မှ စိတ်ကပြန်ငြိမ်သွားတယ်။
နောက်ပိုင်းညတွေ မှာ နည်းနည်းပိုသိသာလာတယ် … ဂိုထောင်ဘေးမှာ ပတ်ပြေးနေတဲ့ ခြေသံတွေ ၊ ကလေးရယ်သံငိုသံတွေ ကြားရတာ စိပ်လာတယ်။
အစပိုင်းတော့ လူကပ်တယ်တယ်ထင်လို့ ကိုသူ ထကြည့်သေးတယ် … နောက် အကြောင်းသိလာတော့ မကြည့်တော့ဘူး။
နောက်ပိုင်းရက်တွေမှာ ဂိုထောင်ခေါင်မိုးပေါ်မှာ တဒုန်းဒုန်း ပြေးတဲ့ခြေသံတွေပါ ကြားလာရတယ် … ။ဂိုထောင်က မြင့်တဲ့အပြင် ဘေးမှာအပင်ကြီးမရှိတော့ သစ်ကိုင်းကျိုးကျတာ လည်းမဖြစ်နိုင်လို ကြောင်တို့ ရှဉ့်တို့ တက်ပြေးတာမျိုးလည်း မဖြစ်နိုင်ပြန်ဘူး။
ခြေသံက အရမ်းကျယ်ပြီး အားလည်းပြင်းတယ်။
တစ်ခါ တလေ ဆို ခေါင်းမိုးပေါ်ကနေ လျှော ဆို ဆင်းသွားတဲ့အသံမျိုးကြားရပြီး မြေကြီးပေါ် အရှိန်နဲ့ကျသလို အုန်း ခနဲ အသံအကျယ်ကြီး ကြားရတယ်။
ကိုသူ လို ယောက်ျားလေးတောင် အသံကြားရုံနဲ့ လန့်လောက်အောင်ကို အသံမျိုးစုံ ထွက်လာတာ။
ကိုသူ အိပ်ပျော်နေတဲ့အချိန်ဆို ခေါင်းရင်းက သွယ်ပြားကို လက်သည်းနဲ့ခြစ်သလို အသံကြားလိုက် ၊ လက်ခေါက်နဲ့ လာခေါက်သလိုအသံကြားလိုက်နဲ့ ဖြစ်လာတယ်။
ခေါက်တာမှ စည်းချက်ကျကျကိုခေါက်တာ … ပြောရရင် အသံပေးတာတွေက တဖြည်းဖြည်းနဲ့ ကြမ်းလာတယ် ပြောရမလားပဲ။
ကိုသူ အိပ်မောကျနေတဲ့အချိန်မျိုးမှာဆို နားထဲ စကားပြောသံတတွတ်တွတ်ကြားရတာမျိုးပါဖြစ်လာတယ်။
စကားပြောနေမှန်းတော့ စိတ်ကသိပေမယ့် .. အိပ်ချင်စိတ်အားကြီးတော့ အသံသာကြားနေရတာ ဘာတွေပြောနေမှန်း ကိုသူ သေချာမသိဘူး။
အိပ်မက်လိုလိုတကယ်လိုလိုနဲ့ ညတိုင်းကြားရတာ။
ဒါပေမယ့် အဲလိုတွေထိလည်း ကိုသူအဆင်ပြေသေးတယ်…ထင်ယောင်ထင်မှားလိုလိုပဲ စိတ်ထဲသတ်မှတ်ထားပြီး မနေရဲမထိုင်ရဲ ကြောက်မိလောက်တဲ့မဖြစ်သေးဘူး။
ဒီလိုနဲ့ တစ်ည …
ကိုသူ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့အချိန် … အသံတစ်ခုကြောင့်နိုးလာတယ်။
အသံက ပါးစပ်ထဲမှာရေငုံပြီး ခလူး ခလူး ခလူး လုပ်သလိုအသံမျိုးကိုမှ တော်တော်ကျယ်တယ်။
အသံကြောင့် နိုးလာပြီး ကိုသူ မျက်လုံးဖွင့်ကြည့်တော့ ပတ်ဝန်းကျင်က လုံးဝမှောင်ပိတ်နေတာ …ဒီတော့ မီးပျက်နေပြီဆိုတာသိလိုက်တယ်။
ကိုသူ အိပ်ရင် အောက်ထပ်မီးတွေအားလုံးပိတ်ပေမယ့် … ထပ်ခိုးပေါ်က ၂ပေ မီးချောင်းကိုတော့ မပိတ်ဘူး။
အသံကြားရလို့နိုးလာတာမှန်ပေမယ့် အသံတွေကြားရတာရိုးနေပြီမလို့ ထူးပြီး သတိမထားမိဘူး …။
ဒါနဲ့ ကိုသူနိုးလာတဲ့အတူတူ ရေသောက်ဦးမယ်ဆိုပြီး ထထိုင်တော့ … မြင်လိုက်ရတဲ့ဟာကြောင့် အိပ်စုံမှုန်ဝါးဖြစ်နေတာတွေအကုန် ပျောက်သွားတယ်။
ခြင်ထောင်ထဲ ကိုသူ့ခြေရင်းနဲ့ တစ်ပေလောက်ပဲကွာမယ့် နေရာလောက်အမှောင်ထဲမှာ ဝါကျင်ကျင်နဲ့ ထိန်တောက်နေတဲ့ မျက်လုံးနှစ်လုံး။
ကိုသူ့ကို သေချာကြီးကိုစိုက်ကြည့်နေတာ …။
စမြင်တဲ့အချိန်မှာ လန့်သွားပေမယ့် စက္ကန့်ပိုင်းအတွင်းခေါင်းထဲ၀င်လာတဲ့အတွေးက ‘ကြောင်’ နေမှာပေါ့။
ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ပြန်တွေးမိတာက ဒီဂိုထောင်ထဲက ကိုသူသာ အပေါက်ဖွင့်မပေးရင် ကြောင် မပြောနဲ့ ကြွက်တောင်၀င်လို့မရဘူး
ပြီးတော့ မျက်လုံးက ကြောင်မျက်လုံးအရွယ်အစားမဟုတ်ဘူး … သာမန်လူမျက်လုံးထက် ကြီးလည်းကြီး ကျယ်လည်းကျယ် ပြူးလည်းပြူးတယ် …။ ရှိနေတဲ့အမြင့်ကလည်း ကိုသူထိုင်နေတာထက်တောင် ပိုမြင့်တဲ့ နေရာလောက်မှာ။
ဒါနဲ့ ကိုသူ ငြိမ်ကျသွားပြီး … သေချာကြည့်မိတော့ အဲ့မျက်လုံးကြီးကလည်း ပြန်ကြည့်နေတာမှ မျက်တောင်မခတ်ဘူး။
ဓာတ်မီးက ကိုသူ့လက်တစ်ကမ်းအကွာမှာရှိပေမယ့် ကိုသူနည်းနည်းမှမလှုပ်ရဲဘူး … ။မတော်လို့ ကိုသူ့ကိုဆွဲချသွားမယ်ဆို လှမ်းဆွဲချလို့ရမယ့်အကွာအဝေးမှာ ရှိနေတာဆိုတော့ ကိုသူ မစွန့်စားရဲဘူး။
ပတ်၀န်းကျင်တစ်ခုလုံးကလည်း တိတ်ဆိတ်နေတာဆိုတော့ ကိုသူပိုပြီး စိတ်ခေချာက်ချားလာတယ်။
ဒီအတိုင်း ငိုင်ပြီး ထိုင်ပြီးကြည့်နေမိတာကို ဘယ်နှစက္ကန့်လောက်ကြာမှန်းမသိဘူး။
ခဏလောက်ကြာတော့ သူ့စိတ်ထဲ “ဒီ အတိုင်းကြီး ထိုင်ကြည့်နေလို့တော့မဖြစ်ဘူး … စောင်ခေါင်းမြီးခြုံပြီး နေမယ်ဆိုပြီး စောင်ကိုဆွဲဖို့ လက်လှုပ်လိုက်တဲ့အချိန်
“ဟင်း”ဆိုပြီး လှမ်းဟန့်သလို အသံကြီးထွက်လာတော့ ကိုသူ ဆို တာ … နှလုံးကငယ်ထိပ်တက်ဆောင့်ပြီလားမှတ်ရလောက်အောင် လန့်ပြီး လူက တုန်တက်သွားတယ်။
ဒါနဲ့ မလှုပ်မယှက်ကြီးထိုင်ပြီး တောင်ကြည့်မြောက်ကြည့်နဲ့ လူက ချွေးတွေစိုရွှဲလာတယ် … ဘုရားစာရွတ်ဖို့လည်းမရဲပြန်ဘူး။
တော်ကြာ ဘုရားစာ ရွတ်တာသိလို့ ဒေါသူပုန်ထပြီး ကိုင်ပေါက်သောင်းကျန်းမှာလည်း ကြောက်တာကိုး။
အဲ့ဒီဟာကြီကလည်း ဘယ်မှမရွေ့ဘဲ ကိုသူ့ကိုပဲ ပြူးထိန်နေအောင် စိုက်ကြည့်နေတာ ။နာရီ၀က်ကျော်ကျော်လောက်ရှိတယ်။
ဒါပေမယ့် သူကိုကံကောင်းသွားတာတစ်ခုက နည်းနည်းကြာတော့ ဖျတ်ခနဲ မီးပြန်လာပါလေရော။
အမှောင်ထဲ မျက်စိအသားကျနေတဲ့အချိန် မီးလာလိုက်တော့ ကိုသူ မျက်လုံးက ပြာခနဲဖြစ်သွားတာနဲ့ ကိုသူလည်း မျက်လုံးကိုမှိတ်ပစ်လိုက်မိတာ။
ပြီးမှ ပြန်ဖွင့်ကြည့်တော့ ခြေရင်းမှာ ခုနက မျက်လုံးကြီးမရှိတော့ဘူး … ကိုသူ့ ခြင်ထောင်ကတော့ တစ်ယောက်ယောက်ပြေးထွက်သွားသလို လှုပ်ခါယမ်းထွက်ပြီး ကျန်နေခဲ့တယ်။
ကိုသူ ရင်တွေတုန် ပြီး … ဘေးက ဓာတ်မီး၊ဖုန်း၊ ပုတီးနဲ့ ဘုရားစာအုပ်လေးကောက်ကိုင်ပြီး ပြန်မအိပ်ရဲတော့တာ မိုးလင်းပေါက် ငုတ်တုတ်ပဲ။
အဲဒါက ပထမဆုံး အနီးကပ် ကြုံခဲ့တဲ့ ညပေါ့။
နောက်တစ်ခါကြုံတာကလည်း မီးပျက်နေတဲ့အချိန်ပဲ။
ဒါပေမယ့် ဒီတစ်ခါက အရမ်းမိုးမချုပ်သေးဘူး … ည ၉နာရီလောက်ပဲရှိသေးတယ်။
အဲဒီတုန်းက မိုးဦးကျစဆိုတော့ မီးက ခဏ ခဏ ပျက်တယ်။
မီးပျက်သွားတော့ ကိုသူဘေးက (မီးပျက်တတ်လို့ဆောင်ထားတဲ့)မီးအိမ်လေးဖွင့်ထားပြီး ဓာတ်မီးလည်း လိုရမယ်ရ ကိုင်ထားသေးတယ်။
လူက မသိစိတ်က နည်းနည်းတော့ လန့်နေတာပေါ့ … အဲဒီအချိန် အောက်ထပ်ကနေ ထုံးစံအတိုင်း အသံတွေ စထွက်လာတယ်။
ခုံတွေ ရွှေ့နေသလို တကျွီကျွီ နဲ့ အသံက တော်တော်ကျယ်တယ်။
အစကတော့ ကိုသူ ဆင်းကြည့်ဖို့မရဲသေးဘူး … ဒါပေမယ့် မကြည့်လို့ ပစ္စည်းတွေ
တစ်ခုခုဖြစ်သွားရင် ကိုသူပဲ တာ၀န်ယူရမှာဆိုတော့ အားတင်းပြီး ဆင်းလာခဲ့တယ်။
ကိုသူ လှေကားကနေဆင်းလာပြီး အောက်ရောက်တော့ အသံတွေက ပိုကျယ်လာတယ်။
ကိုသူ အသံကြားတဲ့ဘက်တွေ ဓာတ်မီးနဲ့လိုက်ထိုးကြည့်တော့ ရိပ်ခနဲ ရိပ်ခနဲတွေ အများကြီးမြင်ရတာနဲ့ လူက ချွေးစပြန်လာတယ်။
ဒါပေမယ့် ဂိုထောင်အလယ်လမ်းကနေ ဖြည်းဖြည်းချင်းလျှောက်လာပြီး … ဓာတ်မီးနဲ့ ဟိုဘက်ထိုးကြည့် ဒီဘက်ထိုးကြည့်လုပ်နေတုန်း
တစ်နေရာရောက်တော့ ….
လူတစ်ကိုယ်လုံး အခဲခံလိုက်ရသလို တောင့်တင်းသွားတယ်။
မွေ့ရာတွေ ထောင်ထားတဲ့ အစွန်မှာ … ပြိုကျမှာစိုးလို့ ဆက်တီတွေနဲ့ ထိန်းပြီး ခုထားတာရှိတယ်။
အဲဒီ ဆက်တီပေါ်မှာ ဒူးကြီးဖြဲကားထိုင်ပြီး ခေါင်းငိုက်စိုက်နဲ့ထိုင်နေတဲ့ ဖြူပြာပြာကြီး။
ခေါင်းက ဆံပင်ကျိုးတို့ကြဲတဲနဲ့ … ကိုယ်လုံးတီးတစ်ခုလုံးမှာ ခါးနားက ပုဆိုးလိုအကွက်ဆင်အ၀တ်ပိုင်းလေးပဲ ပါ တယ်။
ခြေထောက်တွေလက်တွေက အရှည်ကြီး … အသားရောင်က ဖြူတာကနေ ပြာတဲ့ဘက်ရောက်နေတဲ့အပြင် ဓာတ်မီးရောင် အောက်မှာဆိုတော့ အမှောင်ထဲမှာ ကွက်မြင်နေရသလိုမလို့ ပိုကြောက်ဖို့ကောင်းနေတာ။
ကိုသူ အကြောက်လွန်ပြီး အကြည့်လည်းမလွှဲဘူး ၊ ဓာတ်မီးကို လက်ကကျစ်ကျစ်ပါအောင် ကိုင်ပြီး အဲ့ဟာကြီးဆီ မီးထိုးမိထားတာကိုလည်း မလွှဲမိဘူး။
ကြောက်စိတ်ကြောင့် လက်တွေက တဆတ်ဆတ်တုန်လာပြီး မီးရောင်ကပါ လှုပ်နေတာ။
အဲ့ဒီဟာကြီးကခေါင်းငုံ့ထိုင်ရာကနေ မသိမသာမော့ကြည့်လာတော့ မျက်တွင်းဟောက်ပက်မဲမဲကြီး မြင်လိုက်တော့မှ လူက သတိပြန်၀င်လာပြီး … ထပ်ခိုးပေါ်တက်တဲ့ လှေကားဘက် ပြန်ပြေးတော့တာပဲ။
ပါးစပ်ကအော်တော့အော်နေပေမယ့် အသံ တအစ်အစ်ကလွဲလို့ဘာမှမထွက်ဘူး ။
အပေါ်ရောက်တော့ ခြင်ထောင်ထဲ အမြန်ပြေး၀င်ပြီး … အသင့်ဆောင်ထားတဲ့ ဝါးရင်းတုတ် ကောက်ကိုင်ရင်း ဘာလာလာ ရိုက်ချပစ်မယ်ဆိုတဲ့စိတ်နဲ့ ထိုင်စောင့်နေတာ။
သရဲကလည်း ကိုသူ ဝါရင်းတုတ်ဆောင်ထားတာ သိလို့လားမသိဘူး… အပေါ်လိုက်မလာဘူး။
အောက်မှာပဲ ခုံတွေရွှေ့ရင်း ဆူညံနေတာ …။
မီးပြန်လာမှ အသံလည်းတိတ်ကျသွားပြီး ဘာမှမရှိတော့သလို ငြိမ်သွားတယ်။
ကိုသူ အဲဒီညကလည်း တော်တော်နဲ့အိပ်မပျော်ဘူး … မီးလာတော့ အထဲမှာ အသံငြိမ်သွားပေမယ့် အပြင်မှာကတော့ ခြေသံတွေ ကုတ်သံ ခြစ်သံ တွေကတော့ ထွက်နေတုန်းမလို့ စိတ်ချလက်ချမအိပ်ရဲတာနဲ့ ဘုရားစာ ကြိတ်ရွတ်နေရင်း မနက် ၃နာရီလောက်မှ အိပ်ပျော်သွားတယ်။
နောက်တစ်ခါကကျတော့ ည ၈နာရီလောက် …
ကိုသူ ဂိုထောင်ရှေ့မှာ ဆေးလိပ်ထွက်သောက်ရင်း သူငယ်ချင်းတစ်ယာက်နဲ့ ဖုန်းပြောနေတာ။
အဲဒီအချိန် ဟိုဘက်လမ်းထိပ်ကနေ စကားပြောရင်း လမ်းလျှောက်လာတဲ့ ခြေသံကြားရတာနဲ့ လှမ်းကြည့်လိုက်တော့
လူတွေမမြင်ရသေးဘဲ မီးရောင် ခပ်လဲ့လဲ့မြင်ရတယ်။
မီးက ရေနံဆီ မီးအိမ်လို ဟာမျိုးကို ခပ်မြောက်မြောက်ကိုင် လာသလိုမျိုး နိမ့်လိုက် မြင့်လိုက် နဲ့ပေါ့။
ဒါနဲ့ ဒီခေတ်ထဲ ဒီလိုမီးအိမ်သုံးတဲ့သူက ရှားတဲ့အပြင် … ဒီအချိန် ဒီလမ်းထဲ လူဖြတ်တာလည်း ရှားတယ်ဆိုတော့ စိတ်ထဲထူးဆန်းပြီး သေချာကြည့်နေမိတာ။
ကိုသူနဲ့နီးလာတော့ မြင်ရတာက … လာနေတာ လူသုံးယောက်။
တစ်ယောက်က အသက်ခပ်ကြီးကြီး ယောက်ျားကြီး … နောက်နှစ်ယောက်က အသက် ၂၀ ၀န်းကျင် ယောက်ျားလေးတစ်ယောက် ၊မိန်းကလေးတစ်ယောက်။
စကားသံတွေအရဆို ဦးလေးကြီးက တစ်ခုခုကို မကျေမနပ်နဲ့ ဆူပူမာန်မဲနေတာ။
ဒါနဲ့ ကိုသူ ပိုပြီးအာရုံစိုက်ကြည့်နေတဲ့အချိန် …
အဲဒီသုံးယောက်က ဂိုထောင်၀န်းရှေ့ရောက်တော့ လမ်းလျှောက်နေတာရပ်ပြီး ကိုသူ့ကို လှည့်ကြည့်တယ်။
လှည့်ကြည့်တာမှ သုံးယောက်လုံး လှည့်ကြည့်ပြီး … ကြည့်ပုံကလည်း စားမတတ်ဝါးမတတ်နဲ့
ဒါနဲ့ ကိုသူ ကြောင်သွားပြီး …”ဒီလူတွေက ဘာလဲဟ”ဆိုတဲ့ပုံမျိုးနဲ့ သေချာပြန်ကြည့်တော့မှ မီးအိမ် ကိုင် ထား တဲ့ လက်က လေထဲမှာတင် ဝဲနေတဲ့ လက်ပြတ်ကြီး။
ပြီးတော့ အဲဒီသုံးယောက်လုံးက ဒူးလောက်ကနေ အောက်ပိုင်းလုံး၀မပါဘဲ လေထဲဝဲနေသလိုတွေ။
ဒီလိုကြီးမှတော့ ကိုသူလည်း သိလိုက်ပြီလေ။
လူက နားပန်းအမွှေးတွေထောင်ပြီလားမှတ်လောက်အောင် လန့်သွားပြီး … ဆေးလိပ်မီးကို မြေကြီးပေါ် ပစ်ချလိုက်အပြီးမှာ တန်းမပြေးသေးဘဲ (အကျင့်ပါနေတဲ့ခြေထောက်က)ဆေးလိပ်မီးကို ဖိချေငြှိမ်းလိုက်သေးတာ ။ ပြီးမှ ဂိုထောင်ထဲ တန်းနေအောင် ပြေးတော့တာဘဲ။
ပြေးတယ်သာ ပြောတာ … လူက ဒူးတွေမခိုင်ဘဲ ဒရောသောပါးနဲ့ ပြေးတာလား လေးဘက်ကုန်းသွားမိတာလားတောင် သဲသဲကွဲကွဲမသိတော့ဘူး။
ဖုန်းပြောနေတဲ့တစ်ဖက်ကသူငယ်ချင်းကလည်း ကိုသူ ဗလုံးဗထွေးပြောနေတာတွေကြားပြီး ဘာဖြစ်တာလဲ မေးပေမယ့် … ကိုသူ မဖြေနိုင်သေးလို့ ဖုန်းချပစ်ရတယ်။
အဲဒီ နောက်ပိုင်း စပြီး ကိုသူ အလုပ်ထွက်လိုက်ဖို့ စဉ်းစားမိလာတာပဲ … အလုပ်က သက်သက်သာသာနဲ့ ပိုက်ဆံရနေတာဆိုတော့ ထွက်ရမှာကလည်း နှမြော ၊ ဆက်လုပ်ဖို့ကလည်း လူက စိတ်ကမရဲတော့ဘူး ဆိုတော့ ချိတုံချတုံတွေဖြစ်နေတာ။
ဒါပေမယ့် … အဲဒီနေရာက မမြင်အပ်တွေကလည်း ကိုသူ မပြတ်မသားဖြစ်နေတာကို သိများသိလေသလားမသိဘူး။
အဖြူအမည်းကွဲအောင် ကူညီကြတော့တာပဲ။
အဲ့ညက မိုးတွေ သည်းကြီးမည်းကြီးကို ရွာနေတာ…
ဂိုထောင်အဆောက်အဦး တစ်ခုလုံးက သွပ်တွေနဲ့ဆောက်ထားတာဆိုတော့ မိုးသံက ပုံမှန်ထက်ကျယ်ပြီး အရမ်းလည်းဆူနေတယ်။
မိုးရွာရင် မပါမဖြစ်တဲ့ ဇာတ်လိုက် မီးပျက်တာ ကလည်း ပါလာတာပေါ့။
ကိုသူကတော့ မီးပျက်ကတည်းက ဒူးတုန်နေပြီ … ဘယ်နေရာကနေ ဘာများထွက်လာမလဲဆိုပြီး ကြိုတွေးကြောက်နေပြီးသား။
ဒါနဲ့ ခြင်ထောင်ထဲမှာ ခေါင်းမြီးခြုံထားပြီး ဓာတ်မီးထွန်းထားရင်း ပုတီးကလည်း ကိုင်ထားသေးတာ။
အဲဒီအချိန် … ကိုသူ နေတဲ့ ထပ်ခိုးပေါ်မှာ လမ်းလျှောက်လာသလို ခြေသံကြားရတယ်။
ခြေသံကြားရတယ်ဆိုတာထက် လှုပ်နေတာကို ခံစားမိတာပေါ့။
အားပြင်းပြင်းနဲ့ ခပ်မြန်မြန်လျှောက်လာသလိုမျိုး လှုပ်နေတော့ ကိုသူ လည်း စိတ်ကိုကြိုပြီးပြင်ဆင်ထားလိုက်တယ်။
“ငါ့ဆီတော့ လာနေကြပြီ”ပေါ့။
ခဏနေတော့ မိုးသံလေသံကြားကနေ နားထဲမှာ ပီပီသသကြီး ကြားရတဲ့အသံက
“ကျွတ်ကျွတ် ကျွတ်ကျွတ်”နဲ့ ကလေးတွေငိုရင် အမေတွေ ချော့နေကျအသံမျိုး …
ပြီးတော့ ကလေးငိုသံ ခပ်စူးစူး။
ဒါနဲ့ လူက မျက်လုံးတွေပြူးကျယ်သွာပြီး … နားထဲမှာလည်း သတိပေးခေါင်းလောင်းတွေမြည်လာသလို တတွီတွီ ဆူညံသွားတယ်။
ပြီးတော့ နှာခေါင်းထဲ၀င်လာတာက မီးနေသည် အနံ့။
အသံက ကိုသူ့ ကျောဘက် ခြေရင်းနားလောက်ကနေ ထွက်နေတာ။
ဒါနဲ့ လက်ထဲမှာ ပုတီးကို လက်ထဲမှာ တင်းနေအောင် ဆုပ်ထားတုန်း
“ဟဲ့…ထစမ်း”
အသံ ခြောက်ကပ်ကပ်နဲ့ ပြောရင်း ကိုသူ့စောင်ကို ဆွဲလာတာ … ကိုသူ လည်း ကြောက်နေတဲ့ကြားကနေပဲ စောင်လွတ် မသွားအောင် ပြန်ဆွဲထားရင်း ပါးစပ်ကလည်း “အမေ ကယ်ပါဦး”ခပ်တိုးတိုး တ,နေမိတယ်။
“ဟဲ့… ထစမ်း လို့ ပြောနေတယ်”
ဒိတစ်ခါအသံကတော့ ကိုသူ့ နား နားလေးကပ်ပြောလိုက်တဲ့အသံမလို့ ကိုသူ ခေါင်းတင်မကဘူး … တစ်ကိုယ်လုံး ကျိန်းသွားပြီး လူကလည်း ကြောက်စိတ်ကြောင့် သွေးတွေ ပွက်ပြီလားမှတ်ရအောင် ပူထူလာတယ်။
ဒါပေမယ့်လည်း ပေါက်တဲ့နဖူးမထူးတော့ပြီမလို့ စောင်ကိုတင်းတင်းခြုံရင်း ငြိမ်နေလိုက်တော့တယ်။
ဒီလိုနဲ့ အပြင်မှာလည်း မိုးက စဲစပြုနေတော့ မိုးသံတွေက နည်းနည်းတော့ အားပျော့သွားတယ်။
အဲဒီအချိန် ကိုသူ့ဘေးက အသံကလည်း ထပ်ထွက်မလာတော့တာနဲ့ ကိုသူ စိတ်နည်းနည်းလျှော့မယ်ကြံတုန်း … ကိုသူ့ စောင်ကို အတင်းဆွဲတော့တာပဲ …ဆွဲလည်းဆွဲ အသံဩကြီးနဲ့ဆဲလည်းဆဲတယ်။
ကိုသူလည်း ဒီတစ်ခါတော့ အာပြဲကြီးနဲ့ “အမလေးဗျ”တပြီး ငိုသံကြီးနဲ့ အော်နေပြီ။
အဲဒီအချိန်မှာပဲ မီးပြန်လာတယ်… မီးလာတာနဲ့ ကိုသူ့စောင်ဆွဲခံနေရတာလည်း ရပ်သွားတော့ … ကိုသူ့ စိတ်ထဲ ထိတ်ခနဲ၀မ်းသာသွားတာ။
ရှေ့ရက်တွေကရခဲ့တဲ့အတွေ့အကြုံတွေအရ ဒီက သရဲတွေက မီးလာရင် ပြေးတယ်ပဲထင်တာကိုး။
ဒါနဲ့ ခဏစောင့်ကြည့်ပြီး ဘာမှထပ်မထူးခြားတာနဲ့ ဆိုင်ကယ်သော့နဲ့ ဖုန်းယူ ပြီး
အောက်ဆင်းပြေးလာတော့တာပဲ …။
ကိုသူ ဘယ်လိုမှ ဆက်မနေရဲတော့လို့ အိမ်ပြန်ပြေးဖို့ ဆုံးဖြတ်ပြီးသား။
ဒါနဲ့ ဒရောသောပါးပြေးဆင်းလာရင်း ဂိုထောင် အတွင်း ကနေ သံကြိုးနဲ့ပတ်ပြီးခတ်ထားတဲ့ သော့ကို ဖွင့်ရင်း ကတုန်ကယင်ဖြစ်နေတုန်း … မီးက ပြန်ပျက်သွားရော။
ကိုသူ့စိတ်ထဲလည်း
“သွားပြီ”ပေါ့
တကယ် လည်း နောက်ကနေ …
ခပ်ပြတ်ပြတ်အသံတစ်ခုထွက်လာတယ်
” မြန်မြန်ကြွ” တဲ့
ကိုသူ ယောင်ယမ်းပြီး လှည့်ကြည့်တော့ … မိန်းမတစ်ယောက် … လက်တစ်ဖက်က မီးတုတ်လိုဟာကိုင်ထားပြီး တစ်ဖက်က ကလေးပွေ့ထားတယ်။
မိန်းမပုံစံက အရိုးပေါ်အရေတင် မျက်နှာမဲ့ခွက်ခွက် မည်းခြောက်ခြောက် နဲ့ … ဆံပင်ကလည်း ကောက်ကွေးကွေး ကြဲကြဲတိုတို။
ကိုသူ့ကိုမကျေနပ်သလိုကြည့်နေတာ …
( ကိုသူ့ စိတ်ထင် မီးတုတ်လိုဟာ ကိုင်ထားပေမယ့် .. မီးတောက်နေတာမျိုးမဟုတ်ဘဲ မီးလုံးကြီးလို ရဲနေတာတဲ့)
ပြီးတော့
မရိုသေ့စကား မိန်းမက ၀တ်လစ်စလစ်ကြီး … ကိုသူ့ကို လွတ်ရင်ပြေး ဆို တဲ့ ပုံမျိုးနဲ့ ကြည့်နေတာ။
ဒါနဲ့ ကိုသူလည်း ပြေးပေါက်ပိတ်နေပြီဆိုတော့ … လူက ကြောက်စိတ်နောက်ကနေ ဒေါသက ပါ လာ တယ်။
ပြေးဖို့ဆို သော့ပွင့်မှရမှာမလို့ … ကြိုးစားဖွင့်နေပေမယ့်
သော့ကဖွင့်မရသေးတော့ …သော့ကို အမဲကျပြီး ငါ ကိုင် တုတ် ဆဲရင်း လူကလည်း နတ်ပူးသလိုတုန်လာတယ်။
ကိုသူဆဲတော့ နောက်က မိန်းမက လည်း
တောက်ခေါက်ပြီး အားကျမခံ ဆဲရေးတိုင်းထွာနေတာ။
နောက်ဆုံးသော့ပွင့်သွားတော့ … အပေါက်ဘေး ရပ်ထားတဲ့ ဆိုင်ကယ်ကို သော့ထိုးမောင်းထွက်လိုက်တယ်။
အပြင်ရောက်တော့ စိတ်ထဲနည်းနည်းသက်သာပေမယ့် … ခြံ၀န်းတံခါး သော့ကို နောက်တစ်ခေါက် ဖွင့်ရပြန်ရော။
မိုးဖွဲဖွဲထဲ ခြံသော့ဖွင့်နေတဲ့အချိန် …ကိုသူပဲစိတ်ထင်တာလားတော့မသိ နောက်ကနေ ငိုသံတွေရော ရယ်သံတွေရော ကြားနေရတာ … အဲဒီအချိန် ကိုသူ့ခံစားချက်က ချောက်ချားလွန်းလို့ အငွေ့ပျံချင်စိတ်တောင် ပေါက်တယ်။
သော့ပွင့်တော့ ဆိုင်ကယ်ပေါ်ပြေးတက်ပြီး .. အမြန်မောင်းပြေးတော့တာပဲ။
အစကတော့ ကိုသူ အိမ်ကိုမောင်းတော့မလို့ ကြံထားတာပေမယ့် … ဂိုထောင်က သော့မခတ်ဘဲ ဒီအတိုင်းထားခဲ့တာဆိုတော့ ပစ္စည်းတွေ ပါသွားရင် ကိုသူမလျော်နိုင်တာမလို့
အဲဒီနားက ရပ်ကွက်မှာ နေတဲ့ သူငယ်ချင်းအိမ် အရင်မောင်း … အကျိုးအကြောင်းပြော အကူအညီတောင်းတော့ သူငယ်ချင်းရယ် သူငယ်ချင်းရဲ့ အဖေရယ်က လိုက်လာပေးတယ်။
ဂိုထောင်ရော ၊ ဂိုထောင်၀န်းတံခါးရော သော့ခတ်ပြီး ပြန်လာတော့ သူငယ်ချင်းက ဒီညတော့ သူတို့အိမ်မှာပဲ အိပ်ဖို့ပြောတယ်။
အချိန်က ၁၂နာရီကျော်ကျော်ဖြစ်နေပြီဆိုတော့ ကိုသူကိုယ်တိုင်ကလည်း တစ်ယောက်တည်း မပြန်ရဲတာနဲ့ သူငယ်ချင်းအိမ်မှာပဲ နေလိုက်တယ်။
မအိပ်ခင် စကားပြောကြတော့ … ကိုသူလည်း သူ ဖြစ်ခဲ့တာတွေ အသးစိတ်ပြောပြတာပေါ့
အဲဒီကျတော့မှ သူငယ်ချင်းရဲ့အဖေက ပြောပြတာ။
‘အရင်က ဦးလေးတို့ အဖိုးအဖွားတွေ လက်ထက်က အဲဒီဂိုထောင်တွေရှိတဲ့နေရာက ကျတ်ကုန်းလို့ နာမည်ကြီးတယ်…နောက်ပိုင်း လူတွေက အဲဒီမြေပေါ်မှာ လယ်တွေစိုက်တော့လည်း လယ်ခင်းတွေက ဘာမှမဖြစ်ထွန်းလို့ ဒီအတိုင်းပစ်ထားရာကနေ … တချို့ လုပ်ငန်း ရှင် တွေက ဂိုထောင်တွေထားဖို့ စျေးပေါပေါနဲ့ လာ၀ယ်ကြလို့ ရောင်းပစ်ကြတယ် ‘လို့ ပြောတာ။
မြေရှင်းတုန်းကတောင် ၀င်ပူးတာတွေဖြစ်လို့ အမိန့်စာတွေပြန် ၊ ကန်တော့ပွဲတွေပေးပြီး တောင်းပန်ပြီးမှ ဆက်လုပ်ရတာတဲ့လေ။
ကိုသူက နဂိုကတော့ ပရလောကနဲ့ ပတ်သက်ရင် သိပ်မကြောက်ပေမယ့် နဖူးတွေ့ဒူးတွေ့ တွေ့ပြီးနောက်ပိုင်းမှ တော်တော်ကို ကြောက်တတ်သွားတာ။
အခုသာ ဘာမှမဖြစ်သလို ပြန်ပြောပြနိုင်ပေမယ့် … အဲဒီတုန်းက လပိုင်းလောက်အထိကို ညဆို ဘာကိုကြောက်လို့ကြောက်မှန်းမသိဖြစ်နေလို့ တော်တော်လေး စိတ်ကိုအနည်ထိုင်အောင် ပြန်မွေးလိုက်ရတာတဲ့လေ။
ကဲ … ဒီညတော့ ဒီလောက်ပါပဲနော်
အားလုံးပဲ ကျေနပ်ကြမယ်လို့ထင်ပါတယ်
ဒါနဲ့
ခြေရင်းဘက်တွေ သတိထားဦးနော်👻
GN,my owls
December14,2020
Myra