ကျိန်စာသင့်ကလေးငယ်

Posted on

ကျိန်စာသင့်ကလေးငယ်(စ/ဆုံး)

——————————

မနက်ခင်းအချိန်။

ဆောင်းရဲ့ ဝတ်လွှာရုံနဲ့ အေးမြမှုတွေက ညောင်ပင်ကန်ရွာကလေးကို အုပ်လွှမ်းမိုးရစ်ထားတယ်။

ဒီအချိန် ကျေးလက်တို့ရဲ့ ထုံးသံအရ ညောင်ပင်ကန်ရွာလေးဆီမှာ ဆွမ်းအတွက်ငှါ ချက်ပြုတ်သူ၊ အလုပ်အတွက်ငှါ သွားလာသူတို့နဲ့ ရှိနေခဲ့တယ်။

ဒီအခြေအနေမှာ အများနဲ့မတူ ကွဲလွဲထွက်နေတာက ရွာတောင်ပိုင်းက အသက်ငါးဆယ်တန်းဖြစ်နေပြီဖြစ်တဲ့ အရီးမငွေ။

မနက်ခင်း မင်္ဂလာရှိတဲ့အချိန်နဲ့ မလျော်ညီစွာပဲ သူမဟာ ထဘီကို တိုတိုဝတ်လို့ ရွာမြောက်ပိုင်းဆီကို ခြေလှမ်းကျဲတွေနဲ့ လှမ်းလာနေတယ်။

ရွာမြောက်ပိုင်းရောက်တော့ အရီးမငွေရဲ့ ခြေလှမ်းတွေက အိမ်တစ်အိမ် အရှေ့ဆီမှာ ရပ်တန့်သွားခဲ့ပြီး…။

‘ ဟဲ့ သေးစိန်မ…ဟဲ့ သေးစိန်မ…’

‘ ရှင်…ဘယ်သူလဲ…’

‘ ငါဟဲ့ သေးစိန်။ နင့်ကလေးကော…’

အိမ်ထဲကနေ ပိန်သေးသေး မိန်းမတစ်ယောက် အပြေးထွက်လာလေတယ်။

‘ ဪ…အရီးငွေ။ ဘာဖြစ်လို့တုန်း…’

‘ ငါ မေးတာ နင်မကြားဘူးလား။ နင့်ကလေးကောလို့…’

‘ အိမ်ထဲမှာ အိပ်နေတယ်လေ အရီး…’

‘ မဟုတ်တာ။ အခုမနက်ကပဲ ငါ့အိမ်က ကောက်ညှင်းချက်တဲ့ အိုးကြီး ပျောက်သွားတယ်။ အဲ့ဒါ ညည်းကလေးရဲ့ လက်ချက်ပဲ။ အခုချက်ချင်း ငါ့ကို ပြန်ပေး။ မဟုတ်ရင် သူကြီးကို တိုင်ရလိမ့်မယ်…’

‘ အို…မဟုတ်တမ်းတရား မပြောပါနဲ့လား အရီးရယ်။ အရီးအနေနဲ့ အသက်တွေလည်း ကြီးနေပါပြီ…’

‘ အို…ဟုတ်လို့ ပြောတာပေါ့။ ဒီရွာမှာ အခုလိုမျိုး လက်ဆော့ခြေဆော့လုပ်တာ ညည်းသမီးကလွဲလို့ ဘယ်သူရှိလို့တုန်း။ ဟွန်း မွေးကတည်းက အောက်ပိုင်းသာ မသန်တယ်။ တစ်ရွာလုံးကိုတော့ မွှေနှောက်လိုက်ခိုးနေတာ သူ့အပြင် မရှိတော့ဘူး…’

‘ ဟူး…’

မသေးစိန် သက်ပြင်းကိုသာ ပြင်းပြင်းချလိုက်မိတယ်။

သူမ သမီးလေးက အသက် ဆယ်နှစ်သာရှိသေးတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး ဘာကြောင့်မှန်းမသိ၊ သူတစ်ပါးပစ္စည်းတွေကို ထူးဆန်စွာနဲ့ ယူငင်တတ်လာပြီးနောက် အခုလို အရေးတွေကို ဖြေရှင်းခဲ့ရတာ မနည်းတော့ဘူး။

‘ ကျုပ် ရှာပေးပါ့မယ်…’

မသေးစိန်လည်း အိမ်ထဲဝင်ပြီး ရှာဖွေကြည့်လိုက်တယ်။

မီးဖိုအထဲဆီမှာ သူမတို့မိသားစု ပိုင်ဆိုင်တဲ့ အိုးခွက်တွေက လွဲလို့ ဘာမှမတွေ့ရပေမယ့် သမီးလေး အိပ်စက်ရာ အနီးကို သွားကြည့်မိချိန်မှာတော့ အိမ်က ပိုင်ဆိုင်မှုမဟုတ်တဲ့ အိုးတစ်လုံးကို တွေ့ရလေတယ်။

‘ ဟင်း…ငါ့သမီးကတော့လေ…’

သမီးဖြစ်သူ ရွှေစိန်လေးကတော့ အိပ်နေဆဲပဲ။ မသေးစိန်လည်း မျက်နှာငယ်လေးနဲ့ အိုးကို ကောက်ယူလိုက်တယ်။

ပြီးတော့ အပြင်ဆီကို ထွက်လာခဲ့ပြီး အရီးမငွေကို ဇီးရွက်လောက်ရှိတဲ့ မျက်နှာငယ်နဲ့ အောက်ကျို့လို့ တောင်းပန်ရလေတယ်။

‘ အရီးရယ် မသိနားမလည်တဲ့ ကလေးမို့ ခွင့်လွှတ်ပေးပါရှင်…’

အရီးမငွေကတော့ မသေးစိန်ရဲ့ တောင်းပန်မှုကို သိပ်မကျေနပ်။

‘ ဟဲ့…သေးစိန်။ ဒီတစ်ကြိမ်တော့ ညည်းတောင်းပန်လို့ ငါ ခွင့်လွှတ်ပေးမယ်။ ဒါပေမယ့် ညည်းသမီးက စုန်းလိုလို သူခိုးလိုလိုနဲ့ တစ်ရွာလုံးမှာ သူမခိုးယူဖူးတာ ဘာမှမရှိတော့ဘူး။ အေး နောက်တစ်ခါများ ဒေါ်ငွေ့ပစ္စည်းကို ထိလို့ကတော့ ညည်းသမီးကော ညည်းကော မလွယ်ဘူးသာ မှတ်။ ကာလနာတိုက်ပါစေဆိုပြီး ကျိန်စာတိုက်ပစ်လိုက်မယ်။ ဘာမှတ်သလဲ…’

အရီးမငွေက ပြောဆိုပြီး ဆောင့်အောင့်လို့ ထွက်သွားခဲ့တယ်။

ကျန်ရစ်သူ မသေးစိန်တစ်ယောက်တော့ မျက်ရည်တို့သာ တလိမ့်လိမ့်ကျရင်းပေါ့…။

******

သမီးလေး ရွှေစိန်ကို မွေးတော့ မသေးစိန်ဆီမှာ လင်သားထွန်းခင် ရှိသေးတယ်။

သမီးလေး နှစ်နှစ်သားအရောက်မှာတော့ ထွန်းခင်က ကျွဲခတ်ခံရပြီး ဆုံးပါးခဲ့ပြီ။

နေတာက လင်ဖြစ်သူရဲ့ ဆွေမျိုးအကြားမှာ။

သူမက ဒီအရပ်က မဟုတ်ဘူး။ အညာ ဇာတိက။ နယ်လှည့် ကောက်စိုက်သမသုတ်မှာ အဖွဲ့ဝင်ရင်း ဒီအောက်ပြည်ကို ရောက်ခဲ့ကာ ထွန်းခင်နဲ့ အကြောင်းပါခဲ့ပြီး နေထိုင်ခဲ့သူ။

လင်သားရှိစဉ်တုန်းကတော့ ဆွေမျိုးသားချင်းတွေက ဂရုစိုက်ကြတယ်။

လင်သားဆုံးပါးတော့ အစပိုင်း ဂရုစိုက်မလိုနဲ့ နောက်ပိုင်းမှာတော့ မွေးရာပါ ခန္ဓာကိုယ်အောက်ပိုင်းမသန်တဲ့ သမီးကလေးကို ကံဆိုးမ၊ မိစ္စာမဆို စွပ်စွဲပြီး ထွန်းခင်သေရတာကိုလည်း ကလေးကြောင့် ခိုက်တာတို့ဘာတို့ ဟိုသမုတ်၊ ဒီသမုတ်ကြရင်း ဆွေခန်းမျိုးခန်း ဖြတ်လာကြတယ်။

သမီးကလေးကလည်း သမီးလေးပါပဲ။

မွေးကတည်းက ခြေထောက်တွေက မသန်မာရှာဘူး။ ဒါပေမယ့် သုံးနှစ်သမီးမှာတော့ သူမလေးကြောင့် တစ်ရွာလုံး မကြုံဖူးတာတွေ စတင်လာရတယ်။

စကားကောင်းကောင်းဆိုတတ်တာနဲ့ လူတစ်ယောက်ကို မြင်ရင် ဘာဖြစ်မယ်ဆိုတာ သူစိတ်ရှိရင် ရှိသလို ပြောပြတတ်လာတယ်။

ဒါ့အပြင် ပိုပြီး ထူးဆန်းတာကညဘက်တွေမှာ အိပ်ရာဆီက ပျောက်သွားတတ်တယ်။

ဒါနဲ့ တစ်ပြိုင်နက် ရွာထဲမှာ ပစ္စည်းတွေ ပျောက်တဲ့ကိစ္စက သတင်းကြီးလာတယ်။ ခိုးသူကို လက်ပူးလက်ကြပ် မမိဘူး။ ဒါပေမယ့် ပျောက်ဆုံးပစ္စည်းက မနက်ဘက်ဆိုတာနဲ့ မသေးစိန်တို့ အိမ်ဆီကို ထူးဆန်းစွာ ရောက်နေတတ်တယ်။

အစကတော့ မသေးစိန်က သဘောရိုးနဲ့ပဲ ပြန်ပေးခဲ့ပေမယ့် နှစ်ကြိမ်က သုံးကြိမ်ဖြစ်လာတော့ ရွာက သူမကို သူခိုးဆိုပြီး ကွယ်ရာမှာ ယိုးစွပ်လာခဲ့ပြီ။

လင်သေပြီးနောက်ပိုင်း စားဝတ်နေရေးအတွက် ကောင်းရာကောင်းကွက် မလုပ်စားဘဲ ခိုးဝှက်စားတယ်ဆိုပြီး အတင်းတွေပြောလာခဲ့ပြီ။

ဒီအကြောင်းကို သူမစပြီး သိခွင့်ရခဲ့တာက ထွန်းခင်ရဲ့ အစ်မ မမွှေးက ဒေါသမောင်းတင်လို့ အသိုင်းအဝိုင်းကို အရှက်မခွဲဖို့ ဆူဆူပူပူ လာပြောမှသာ သိခဲ့ရတာ။

တကယ်တော့ သူမလည်း ပျောက်ဆုံးပစ္စည်းတိုင်း သူမအိမ်ကို ဘယ်လိုအကြောင်းကြောင့် ရောက်ရှိနေတာလဲဆိုတာ တွေးနေမိတယ်။

သူခိုးကပဲ တမင် ချောက်ချချင်လို့ ခိုးဝှက်သလားရယ်ပေါ့။

နောက်တော့မှ ရွာထဲမှာ သတင်းတစ်ခုက ပြန့်နှံ့လာတယ်။ ဒါကတော့ ပစ္စည်းတွေကို ခိုးဝှက်သူက မသေးစိန်ရဲ့ သမီးရွှေစိန်လေးဆိုတာပါပဲ။

အစပိုင်းတော့ မသေးစိန် မယုံချင်ဘူး။ ဘာကြောင့်ဆို သမီးလေးက မွေးကတည်းက ခန္ဓာကိုယ် အောက်ပိုင်းမသန်ရှာသူလေးလေ။ ဘယ်လိုသွားပြီး ဘယ်လိုခိုးယူပါ့မလဲပေါ့။

ဒါပေမယ့်လည်း တစ်ရက်သားမှာတော့ မသေးစိန်ကိုယ်တိုင်ကိုယ်ကျ သမီးလေးရွှေစိန်ရဲ့ လုပ်ရပ်ကို မျက်ဝါးထင်ထင် မြင်မိလိုက်ရပါတယ်။

အဲ့ဒီ့ညက သန်းခေါင်ယံမှာ မသေးစိနိ ဝမ်းဆီက တဂွီဂွီနဲ့ အလေးသွားချင်စိတ်က ထိန်းမရလောက်အောင်ပဲ။

ဒါကြောင့် အလေးထသွားပြီး အိပ်ရာဆီ ပြန်ခဲ့တယ်။

အိပ်ရာထဲ ဝင်လိုက်တော့ သမီးလေးက ရှိမနေဘူး။ သူမထသွားစဉ်တုန်းက သမီးလေးက တရှူးရှူး အိပ်လို့ပဲ။ အပေါ့အပါး ထသွားတာလည်း မဖြစ်နိုင်။ အရင်ကတည်းက အပေါ့အပါးသွားလိုရင် ရေသောက်လိုရင်လည်း အမြဲလို မသေးစိန်ကို နှိုးနေကျ။ အခုတော့ သမီးလေး ဘယ်ရောက်သွားခဲ့မှန်း မသိတတ်ပြီ။

မသေးစိန် ထူပူသွားရတယ်။

ညကြီးသန်းခေါင်ကို မိန်းမသားတန်မဲ့ ကြောက်စိတ်ကို စွန့်ကာ သမီးစိတ်နဲ့ မကြောက်မလန့် လိုက်လံရှာဖွေမိတယ်။

အိမ်ဝိုင်းထဲ မတွေ့ရဘူး။

အိမ်အပြင်ဆီ ထွက်ရှာရတယ်။ မီးမပါဘူး။ လရောင်ရှိနေတာကြောင့် လရောင်ကို အားကိုးရင်း ဟိုဒီလိုက်ကြည့်နေမိတယ်။

မတွေ့ရပါဘူး။

ဒါနဲ့ စိုးရိမ်ပူပန်စိတ်ကို ထိန်းလို့ အိမ်ကိုများ ပြန်ရောက်နေသလား တွေးကာ အိမ်ဆီကို ပြန်လာခဲ့လိုက်တယ်။ အိမ်ထဲဝင်လိုက်ချိန်မှာတော့…။

‘ ဟင်…’

သမီးဖြစ်သူ ရွှေစိန်လေးက ပစ္စည်းတစ်ခုကို သယ်ဆောင်ထားပြီး ဒူးသာသာမြင့်တဲ့ အိမ်အပေါ်ကို တက်ဖို့ ကြိုးစားနေတာကို မြင်လိုက်ရတယ်။

မသေးစိန်လည်း အသံမကြားမိအောင် ပုန်းကွယ်လိုက်ကာ ချောင်းမြောင်းကြည့်မိနေချိန် ရွှေစိန်လေးက လက်နှစ်ဖက်ကို အားပြုကာ စွေ့ခနဲ အိမ်ပေါ်ဆီကို တက်သွားလေပြီး သူယူလာတဲ့ ပစ္စည်းကို သယ်ဆောင်လို့ အိပ်ခန်းဆီကို ဝင်ရောက်သွားခဲ့ပါပြီ။

‘ ဘယ်လိုဖြစ်တာလဲ သမီးလေးရယ်…’

မသေးစိန် အိမ်အရှေ့ကလေးဆီမှာပဲ ကြောင်အမ်းကာ ရပ်နေမိရင်း ခပ်တိုးတိုး ရေရွတ်မိလိုက်ပါတယ်။

*******

မနက်က အရီးမငွေရဲ့ ကိစ္စကြောင့် မသေးစိန် ရွာမြောက်ထိပ်ကို မြေပဲချွေသွားရမှာကိုလည်း မသွားဖြစ်တော့ဘူး။

စိတ်တွေက ဝမ်းနည်းရှုပ်ထွေးနေရပြီး အိမ်ထဲမှာပဲ သမီးလေးရွှေစိန်ရဲ့ မျက်နှာကို ငေးရီကာနဲ့ မသေးစိန် ကြည့်နေမိတယ်။ စိတ်တွင်းကလည်း သမီးလေးသာ ဒီပုံအတိုင်း ထပ်မံပြီး လုပ်နေမယ်ဆို သူမတို့သားအမိ ရွာကနေ နှင်ထုတ်ခံရတော့မယ်ဆိုတာကို တွေးနေမိတယ်။

‘ သမီးလေးရယ်…’

ခပ်တိုးတိုး ရေရွတ်သံအဆုံး လှိုက်ခနဲ ဖြစ်လာတဲ့ ဝမ်းနည်းစိတ်ကြောင့် မသေးစိန် ငိုရှိုက်မိလိုက်လေပြီ။

‘ မေမေ…’

ဒူးကိုတုပ်ကာ ခေါင်းကို ငုံ့လို့ တရှုံ့ရှုံ့ငိုနေမိတာ ဘယ်လောက်ကြာသွားတယ် မသိဘူး။

ပခုံးဆီကို ထိကိုင်လာပြီး ခေါ်သံပြုလာတဲ့ သမီးလေးကြောင့် မသေးစိန် မျက်ရည်များအကြားဆီက မော်ကြည့်လိုက်တယ်။

‘ မေမေ ငိုနေတာလား…’

‘ သမီးလေး…’

မသေးစိန် သမီးဖြစ်သူကို ရင်ကနေ လှိုက်လှိုက်လှဲလှဲ ခေါ်မိကာ ရင်ခွင်ထဲဆီ စွေ့ခနဲ ဆွဲသွင်းပွေ့ယူလိုက်မိတယ်။

ရွှေစိန်လေးရဲ့ လက်ကလေးတွေက မသေးစိန်ရဲ့ မျက်ဝန်းဆီက မျက်ရည်စတွေကို တို့ထိလို့ သုတ်ပေးနေပါပြီ။

‘ မေမေ…မငိုနဲ့တော့နော်။ သမီး ဖက်ထားတယ်နော်…’

ရွှေစိန်လေးက ပြောဆိုရင်း မသေးစိန်ကို သူ့လက်ကလေးတွေနဲ့ ပွေ့ဖက်လာပါတယ်။

‘ သမီးရယ်…မေမေတော့ စိတ်ထိခိုက်ရလွန်းလို့ ရူးတော့မှာပဲကွယ်…’

‘ အို…မေမေရယ်။ ဘာကြောင့်များ ရူးမယ်ဆိုပြီး ပြောနေတာလဲ…’

မသေးစိန် သမီးဖြစ်သူကို အဖြစ်မှန်အတိုင်း ပြောပြချင်မိပေမယ့် ငယ်ရွယ်နုနယ်လွန်းသေးတဲ့အပြင် ခန္ဓာကိုယ်ရဲ့ အားနည်းချက်လည်း ရှိနေတဲ့အတွက် စိတ်ထိခိုက်သွားနိုင်မလားဆိုပြီး တွေးမိလိုက်တယ်။

‘ မေမေ သမီးကို ပြောစရာရှိနေတာပဲ။ ပြောလေ…သမီး နားထောင်နေမယ်…’

‘ သမီး…မေမေလေ သမီးလေးကို မေးချင်တာ…’

‘ မေးလေ…မေမေ…’

‘ မေမေ မေးလိုက်ရင် သမီးလေး စိတ်ထိခိုက်သွားမှာကိုလည်း စိုးရိမ်မိနေတယ်…’

‘ မေးပါနော်။ သမီး စိတ်မထိခိုက်ဘဲ ဖြေပါ့မယ်…’

တက်ကြွကြည်သာစွာ ပြောနေတဲ့ သမီးငယ်ကြောင့် မသေးစိန်လည်း မေးလိုက်တော့မယ်လို့ စိတ်က ဆုံးဖြတ်ချက်ကို ချလိုက်ကာ…။

‘ သမီး…မနက်တုန်းက အရီးမငွေ လာသွားတယ်…’

‘ ဟုတ်ကဲ့ မေမေ…’

‘ သူ ကောက်ညှင်းပေါင်းတဲ့ အိုးကို လာယူတာ။ အမေ့ကိုလည်း ရစရာမရှိအောင်ပြောဆိုသွားတယ်။ သမီးလေးကိုလည်း ကျိန်စာတိုက်သွားတယ်…’

‘ ကျိန်စာ…’

ရွှေစိန်လေးရဲ့ နှုတ်က ကျိန်စာဆိုတဲ့စကားကို နှုတ်ယောင်လိုက် ရေရွတ်တော့ သမီးလေးများ စိတ်ထိ
ခိုက်သွားပြီလားဆိုပြီး မသေးစိန် ထင်မိလိုက်တယ်။ ဒါပေမယ့် ရွှေစိန်လေးကတော့ သူမထင်သလို မဟုတ်ဘဲ ကြည်ကြည်သာသာနဲ့ ခပ်ဖွဖွ ပြုံးလိုက်ပြီး…။

‘ အဲ့ဒီ့ကျိန်စာကြောင့်ပဲ သမီးက အခုလို ဖြစ်နေတာပါ…’

‘ ကျိန်စာ…’

ဒီတစ်ခါတော့ မသေးစိန် သံယောင်လိုက်ပြီး ရေရွတ်မိတာပါ။ ရွှေစိန်လေးက ခေါင်းကို ညိတ်ပြတယ်။

‘ ဘယ်လိုကျိန်စာများလဲ သမီး။ အမေ့ကို ပြောပြလို့ရမလားဟင်…’

‘ အခုနေတော့ ပြောပြလို့ မရသေးဘူး အမေ။ နောက်တော့ အမေသိခွင့်ရှိလာမှာပါ…’

‘ ဘယ်လိုကျိန်စာများလဲ အမေ့ကို ပြောပြပါ သမီးရယ်။ အမေ စိတ်ပူလို့ပါ…’

‘ မသိချင်ပါနဲ့ဦး အမေရယ်။ သမီးလည်း ပြောပြလို့ မရသေးလို့ပါ။ ဒါပေမယ့် စိတ်မပူပါနဲ့ အမေ။ လာမယ့် လဆန်း ၈ ရက် ဥပုတ်နေ့ကျရင် ဒီကျိန်စာကနေ သမီးလွတ်မြောက်ပါပြီ’

‘ ကျိန်စာကနေ လွတ်ပြီ ဟုတ်လား ‘

‘ ဟုတ်တယ် အမေ။ အဲ့ဒိ့နေ့ကျရင်တော့ ရွာအရှေ့ဘက်ထိပ်က စေတီလေးအနားမှာ ဧည့်သည်တစ်ယောက်ကို သွားအကြိုပြုရမယ်။ အဲ့ဒါကျရင်တော့ အမေ သမီးကို ကူညီပြီး လိုက်ပို့ပေးရမယ်…’

‘ လိုက်ပို့ပေးရမှာပေါ့ သမီးရယ်…’

‘ ဒိမတိုင်ခင်တော့ သမီး ညဘက်တွေမှာ သမီး အခုလို လုပ်နေမိတာအတွက် အမေ သည်းခံပေးပါဦး…’

‘ အမေကတော့ သည်းခံပါတယ် သမီးရယ်။ ဒါပေမယ့် ရွာကတော့ သည်းခံနိုင်စွမ်းကုန်သွားရင် အမေတို့ကို မောင်းထုတ်လိမ့်မယ်။ အမေ အဲ့ဒါကိုတော့ လက်မခံနိုင်ဘူး။ သမီးအဖေ ခေါင်းချသွားခဲ့တဲ့ သမီးအဖေကိုယ်တိုင် ဆောက်ပေးထားတဲ့ ဒိအိမ်လေးမှာပဲ အမေတို့သားအမိလေး တစ်ဘဝလုံး ဆက်နေချင်လို့ပါ…’

‘ အမေရယ်။ ကြုံစေချင်တိုင်း ကြုံလာ တတ်တာမဟုတ်ပါဘူး။ ကံတရားကသာ အဓိကပါ။ ကိုယ်က မကြုံချင်ဘူးဆိုရင်တောင် ကံတရားက ကြုံဖို့စေလာရင် ကြုံလာရပါလိမ့်မယ်…’

ရွှေစိန်လေး ပြောတဲ့ စကားက ဘာကိုရည်ရွယ်တယ်ဆိုတာ မသေးစိန် နားလည်နိုင်စွမ်း မရှိဘူး။ ဒါပေမယ့်လည်း သမီးလေးကိုတော့ ဇွတ်အတင်းကြီး မပြောလိုတော့တာကြောင့်…။

‘ အင်းပါ သမီးရယ်။ လဆန်းရှစ်ရက်နေ့ဆိုတာကလည်း လိုမှမလိုတော့တာပဲ။ အမေ ဒိကြားထဲမှာ ဖြစ်လာမှာတွေအားလုံးကို ရင်ဆိုင်ပါ့မယ်နော် ‘

‘ ကျေးဇူးတင်ပါတယ် အမေရယ်…’

သားအမိနှစ်ယောက် တစ်ယောက်ကို တစ်ယောက် တင်းတင်းကြပ်ကြပ် ဖက်ထားကြပြီး စကားတွေ ဆက်လက်ပြောဆိုမှု မရှိတော့ပါဘူး။

******

အချိန်က နေမွန်းတည့်လုပြီ။

ဒီအချိန် မင်းဘုံရွာရဲ့ အပြင်ဘက် သုသာန်တစ်ခုအတွင်းက ဇရပ်အိုလေးနံဘေးဆီမှာ ရှိနေတဲ့ လူတစ်ဖက်စာလောက်ရှိမယ့် သရက်ပင်ကြီးရဲ့ ခွဆုံဆီမှာ ဆံပင်စုတ်ဖွားပြီး ပေရေပေလူးနေတဲ့ သူရူးတစ်ယောက် ခွဆုံကို ခွထိုင်လို့ မှောက်ရက်သားကြီး အိပ်စက်နေလေတယ်။

သူရူးက ဘယ်အချိန်ကတည်းက ဒီခွဆုံကြီးဆီမှာ တက်ရောက်အိပ်ပျော်နေတယ်တော့ မသိနိုင်ဘူး။

သိပ်မကြာလိုက်တဲ့ အချိန်မှာတော့ သုသာန်အတွင်းဆီကို ယောဂီဝတ်တဲ့ အသက်ကြီးကြီး အဘိုးအိုတစ်ယောက် ဝင်ရောက်လာတယ်။

အဘိုးအိုက သုသာန်အတွင်းကို ဟိုဒီကြည့်လို့ တစ်စုံတစ်ရာကို လိုက်ရှာနေတယ်။ အတန်ကြာကြာ ရှာပြီးနောက်တော့ သရက်ပင်ရဲ့ ဂွဆုံဆီမှာ အိပ်စက်နေတဲ့ သူရူးကို မြင်သွားလေပြီး တန်းတန်းမတ်မတ်ပဲ သူရူးဆီကို သွားလေတယ်။

‘ ဟဲ့…ငသူတော်…’

အဘိုးအိုရဲ့ ခေါ်လိုက်သံက သူရူးနားထဲတင်မက သုသာန်ထဲဆီမှာပါ ဟိန်းခနဲပဲ။ ဒါပေမယ့် ခွဆုံဆီမှာ အိပ်နေတဲ့ သူရူးကတော့ တုတ်တုတ်တောင် မလှုပ်ဘူး။

‘ ငသူတော် ငါ ခေါ်နေတာတောင် နင်က မကြားသယောင်ပြုရဲသပေါ့…’

အဘိုးအိုက ထပ်ပြောတယ်။

သူရူးကတော့ မသိသယောင်ပြုကာ အိပ်နေဆဲပါပဲ။ အဘိုးအိုက သူရူးရဲ့ ပုံစံကို စေ့စေ့စပ်စပ်ကြည့်ကာ ပြုံးလိုက်လေတယ်။

‘ ဒင်းကလေးကတော့ ငါ့ကိုစမ်းလေပြီ…’

အဘိုးအိုက ခပ်တိုးတိုး ရေရွတ်လိုက်တယ်။

ပြီးတော့ သူရူးကို ဆုံးမဖို့ အကြံနဲ့ နံဘေးပတ်ချာလည်ကို လှည့်ပတ်လို့ ကြည့်လေတယ်။ စိတ်တိုင်းကျတာ မတွေ့ရတော့ သရက်ပင်ဆီက သူရူးကို ပြန်မော့ကြည့်တယ်။

‘ ရပြီ…’

သူရူးအိပ်စက်ရာ ခွဆုံအထက်နားဆီမှာ ပုတ်သင်ညိုတစ်ကောင် ကပ်နေတာကို မြင်ပြီး အဘိုးအိုက ရေရွတ်လိုက်တာပါ။

ပြီးတာနဲ့ အဘိုးအိုက သူလွယ်လာတဲ့ လွယ်အိတ်ထဲက လက်သီးဆုပ်လောက်သာ ရှိမယ့် ဗူးသီးခြောက်ကလေးကို ထုတ်ယူပြီး မန္တာန်တစ်ပုဒ်ကို ခပ်တိုးတိုးရွတ်ဆိုလိုက်ကာ အထဲက ရေကို လက်ခုပ်တစ်ဖက်ထဲ နည်းနည်းလောင်းထည့်လိုက်တယ်။

‘ မောင်ပုတ်သင်။ ရေသောက်ဆင်းခဲ့တော့…’

အဘိုးအိုက ပုတ်သင်ညိုကို မော်ကြည့်လို့ ရေရွတ်လိုက်တော့ ပုတ်သင်ညိုကောင်လေးက နားလည်တဲ့အလား အောက်ဆီကို ဆင်းသက်လာပြီး လက်ခုပ်ထဲက ရေကို လာသောက်တယ်။

ရေသောက်လို့ ပြီးစီးလေတော့ ပုတ်သင်ညိုကောင်လေးက ချက်ချင်း ပြန်မတက်ဘဲ အဘိုးအိုမျက်နှာကို မော်ကြည့်လာတယ်။

‘ ရပြီ မောင်ပုတ်သင်။ သစ်ပင်ပေါ် ပြန်တက်ပြီးတော့ ဟိုက ငနာလေးကို နှိုးပေးပါ…’

ပုတ်သင်ညိုကောင်လေးဟာ သစ်ပင်ဆီကို ပြန်လည်လို့ တက်လေတယ်။

ဒီအခါမှာ ထူးဆန်းတာ ဖြစ်ပေါ်လာတယ်။

ပုတ်သင်ညိုကောင်လေး အပေါ်ကို တက်ဖို့ ခြေလှမ်းလိုက်လေတိုင်း လူတစ်ဖက်စာလောက်ရ်ှတဲ့ သရက်ပင်ကြီးကို သိမ်သိမ့်တုန်အောင် လှုပ်ရှားသွားတာပါပဲ။

သရက်ပင်ကြီးသာ သိမ့်သိမ့်တုန်နေပေမယိ့ သူရူးကတော့ တရှူးရှူးအသံပေးရင်း အိပ်နေဆဲပဲ။

‘ မောင်ပုတ်သင်ရေ။ ရအောင်သာ နှိုးချေကွယ့်…’

အဘိုးအိုက ပြောလိုက်တော့ ပုတ်သင်ညိုကောင်လေးဟာ သူရူးကို ကျော်လိုက်ပြီး မျက်နှာလှည့် အိပ်စက်နေရာဆီကို သွားကာ သူရူးမျက်နှာကို လျှာနဲ့ လှမ်းထိုးလိုက်လေတယ်။

‘ ပလပ်…’

‘ အဲ့…ဘာဖြစ်တာလဲ…’

မျက်နှာဆီက အေးခနဲ ဖြစ်သွားရတာမို့ သူရူးက မျက်လုံးမဖွင့်ဘဲ လက်နဲ့ သပ်ကာ လူးလွန်ဖယ်ရှားလိုက်တယ်။ ပြီးတော့ ပြန်အိပ်တယ်။

‘ ပလပ်…’

‘ ဟ…မဟုတ်သေးဘူး။ ငါသူတော်နတ်သားလေးကိုများ ရာရာစစ။ ဘယ်သူလာလုပ်နေတာလဲ…’

သူရူး စိတ်အလိုမကျစွာနဲ့ ရေရွတ်လိုက်ပြီး မျက်လုံးများကို ပွတ်သပ်လို့ ဖွင့်ကြည့်လာတယ်။

‘ ဟဟ…ဘာ…ဘာကြီးလဲ…’

သူရူး အလန့်တကြား ထအော်တယ်။

သာမန်အကောင်အထည်အတိုင်းသာ ရှိနေတဲ့ ပုသင်ညိုကောင်လေးဟာ အဘိုးအိုရွတ်ဖတ်ထားတဲ့ မန္တာန်ကြောင့် သူရူးအမြင်မှာတော့ နွားသိုးကြီးတစ်ကောင်စာလောက် ဖြစ်နေတော့ သူရူးခမျာ လန့်အော်ရင်း ရုန်းရင်းဆန်ခတ်ဖြစ်ကာ သစ်ပင်အောက်ဆီကို ခြေလွတ်လက်လွတ် ပြုတ်ကျလေပြီ။

‘ ဘုတ်…’

‘ အာ ရိုး…ရိုး…’

မြေပြင်ဆီကို မှောက်လျက်သား ပြုတ်ကျတဲ့ သူရူးခမျာ အခြေအနေမလှပေမယ့် အခုနက ပုတ်သင်ကောင်ကြီးကို လန့်စိတ်က ရှိနေတာမို့ အတင်းကုန်းရုန်းထလိုက်လေတယ်။

‘ ကဲ…ဘယ်နှယ့်ရှိစ ငသူတော်…’

‘ အဲ…’

ကိုယ့်ဇောနဲ့ ကိုယ်မို့ အနီးမှာ ဘယ်သူ ရှိနေသလဲဆိုတာ သိတမထားမိတဲ့သူရူး။ အဘိုးအိုဆီက အသံထွက်လာတော့မှ ကပြာကယာ ကြည့်လာကာ…။

‘ အဲ…ဘိုးသိကြား…အဟီး…’

ခေါ်ရင်း ပြောရင်း သူရူးက စပ်ဖြီးဖြီးနဲ့ စကားပိတ်ကာ မချိသွားဖြဲရယ်ပြလေတယ်။

ပြုတ်ကျထားတဲ့ အရှိန်ကြောင့်ကော အောက်ဆီက သစ်ရွက်ဖုံမှုန်တို့ ပေလူးမှုကြောင့် သူရူးမျက်နှာက နဂိုထက်ကို ပေရေလူးနေပြီး ဆံပင်စုတ်ဖွားဆီမှာလည်း သစ်ရွက်တို့က ကပ်ငြိနေလေတယ်။

‘ ဘယ့်နှယ်လဲ ငသူတော်။ အိပ်ပုတ်ကြီးလှချည်လား။ သစ်ပင်ပေါ်တက်အိပ်ပြီး အောက်ကိုတောင် ပြုတ်ကျရတယ်လို့ကွယ်…’

‘ အဲ…သူတော် အိပ်ပုတ်မကြီးပါဘူး ဘိုးသိကြားဘုရား။ ပြုတ်ကျတာလည်း မဟုတ်ပါဘူး။ ဟို…ဟို…သစ်ပင်ပေါ်မှာ သ…သရဲတွေ့လို့ လန့်ပြီး ခုန်ချလိုက်တာပါ…’

‘ ဘယ်မလဲ နင့်သရဲ…’

‘ ဟို…ဟို…’

‘ မောင်ပုတ်သင်။ အဘိုးဆီ ဆင်းခဲ့ပါဦး…’

အဘိုးအိုဆီက စကားသံအဆုံး သရက်ပင်ခွဆုံကြီးဆီကနေ အောက်ကို ငုံ့ကြည့်နေတဲ့ ပုတ်သင်ညိုကောင်လေးက ခုန်ဆင်းလာတယ်။

‘ ဒီကောင်လား နင်ပြောတဲ့ သရဲ…’

‘ ဟုတ်…ဟုတ်ပါတယ်…’

‘ ပြောတော့ နတ်သား။ ကြောက်တော့ သရဲ နင့်ဟာကြီးက မဟန်သေးပါဘူး…’

အဘိုးအိုရဲ့ အပြောကြောင့် သူရူး မျက်နှာက စပ်ဖြီးဖြီး ဖြစ်သွားကာ…။

‘ ဪ…ဟော် ဟော် ဘိုးသိကြားရယ်။ သူတော်က နတ်သားပေမယ့်လည်း တစ်ခါတစ်လေတော့ သရဲကြောက်တတ်ပါတယ်လေ အဟီး’

သူရူးစကားကြောင် အဘိုးအိုက ပြုံးလိုက်လေတယ်။

‘ ဒါနဲ့ ဘိုးသိကြားက သူတော့်ဆီကို ဘာလာလုပ်တာလဲ…’

‘ ဪ…အင်း။ နင် အိပ်ပုတ်ကြီးနေလို့ နင့်ကို နှိုးဖို့လုပ်ရင်း လာရင်းကိုတောင် မေ့နေပြီ…’

‘ ဟီး…ဟီး…’

‘ ဟီး…ဟီး…မနေနဲ့။ အသေအချာ နားထောင်။ ဒီကနေ တောင်အရပ်ကို သွားရင် ညောင်ပင်ကန်ဆိုတဲ့ ရွာလေးကို ရောက်လိမ့်မယ်…’

‘ ဟုတ်ကဲ့ ဘိုးသိကြား။ ရောက်ပြီးရင် သူတော် ဘာလုပ်ရမလဲ…’

‘ အဲ့ဒီ့မှာ လွန်ခဲ့တဲ့ သုံးဘဝကတည်းက ဘုမ္မစိုးတစ်ကောင် တိုက်ခဲ့ရတဲ့ ကျိန်စာတစ်ခုရဲ့ သက်ရောက်မှုကို လက်ရှိ ဒီဘဝအထိ ခံစားနေရတဲ့ ကလေးမလေးတစ်ယောက်ရှိတယ်။ သူ့ကို နင် သွားပြီးကူညီရမယ်။ လာမယ့် လဆန်းရှစ်ရက်နေ့ မနက် အာရုံတက်တာနဲ့ အဲ့ဒီ့ရွာထိပ်က စေတီကလေးဆီကို နင်အရောက်သွားပြီး စောင့်နေနှင့်ချေ…’

‘ ဟုတ်ကဲ့ ဘိုးသိကြား။ ဒါနဲ့ သူတော်က ဘယ်လို ကူညီရမှာလဲ…’

‘ ဒါကတော့ ကလေးမလေးက နင့်ကို ပြောပြလိမ့်မယ်…’

‘ ဪ…ဟုတ်ကဲ့။ သူတော် အခုပဲ သွားလိုက်ပါ့မယ်…’

‘ အေး…သွား။ တစ်လွဲတစ်ချော် မဖြစ်စေနဲ့…’

‘ ဟုတ်ကဲ့…’

အဘိုးအိုအရှေ့ကနေ သူရူးက ထရပ်လိုက်တယ်။ ပြီးတော့ ကျောခိုင်းလှည့်ထွက်ဟန်ပြုပြီးမှ ချက်ချင်းပဲ ပြန်လှည့်လာကာ…။

‘ ဘာပြောမလို့လဲ ငသူတော်…’

‘ ဪ…အင်း။ ဘိုးသိကြား…ဟို ဟ်ုလေ။ သူတော် အဲ့ဒီ့ကို ဘယ်လိုပုံစံနဲ့ သွားရမလဲလို့…’

‘ ဟဲ့…ငသူတော်။ နင့်ကို အပြစ်ဒဏ်တစ်ဝက်ဆေးကြောပြီးချိန်မှာ ဝိဇ္ဇာကြီးတွေက ဘာပြောသတုန်း…’

‘ အပြစ်ဒဏ်တစ်ဝက် ဆေးကြောပြီးပြီမို့ အလိုရှိတိုင်း မူလပြန်လို့ရပါပြီတဲ့…’

‘ အေး…အဲ့ဒါဆို နင်နားလည်ပြီမဟုတ်လား…’

‘ ဟုတ်ကဲ့ နားလည်ပါပြီ…’

သူရူး တစ်ဖက်ကို လှည့်လို့ ကျောခိုင်းလိုက်တယ်။ ပြီးတော့ ခြေလှမ်းကိုစတင်လိုက်ရင်း…။

‘ ဟီ…ဟီ…ယောဂီဝတ်တဲ့ လူချောလေးသူတော်အဖြစ်နဲ့ ညောင်ပင်ကန်ရွာကို သွားရမယ် အဟေဟေ…’

လို့ ရေရွတ်ကာ သုသာန်အတွင်းကနေ သူရူးက ထွက်ခွာသွားပါတော့တယ်။

အဘိုးအိုကတော့ သရက်ပင်ကြီးအောက်ဆီမှာ ရပ်လို့ သူရူးကို လှမ်းကြည့်နေရင်း သူရူးမြင်ကွင်းက ကွယ်ချိန်မှာတော့ အခြားတစ်ဖက်ဆီက အုတ်ဂူများအကြားကို ဝင်ရောက်လို့ ကွယ်ပျောက်သွားခဲ့ပါတော့တယ်။

******

မကြာခင်ရောက်ရှိလာတော့မယ့် လဆန်းရှစ်ရက်နေ့ဆိုတာကို မသေးစိန် စိတ်ဆောလျင်လွန်းစွာ
နဲ့ စောင့်မျှော်နေမိတယ်။

သမီးလေးရွှေစိန်ကတော့ ဒီကြားရက်တွေထဲမှာ သူမ ကျိန်စာသင့်ခဲ့ရတဲ့ အကြောင်းအရင်းနဲ့ ပက်သက်ပြီး ဘာဆိုဘာမှထပ်မပြောတော့ဘူး။

ဒီ့အတူပဲ ညရေးညတာဘက်မှာလည်း အပြင်ထွက်ပြီး ပစ္စည်းတွေ ခိုးဝှက်ယူငင်နေတာမျိုးကိုလည်း မလုပ်တော့ပြန်ဘူး။ ဒါကို မသေးစိန် မေးမိတော့ ရွှေစိန်လေးက ပြုံးပြီး…။

‘ အမေက အသေအချာမှ သတိမထားမိဘဲကိုး။ သမီး ပစ္စည်းတွေ ထွက်ထွက်ပြီး ခိုးယူမိနေတဲ့ ညတွေက အပါတ်စဉ် ဥပုတ်နေ့တွေလေ အမေရဲ့…’

‘ ဟင်…ဟုတ်ပေသား…’

မသေးစိန် ရွှေစိန်လေးပြောမှပဲ သတိထားမိပါပြီ။

သမီးဖြစ်သူက တစ်ပါတ်မှာ တစ်ရက်လောက်သာ အပြင်ထွက်ပြီး သူတစ်ပါးပစ္စည်းဥစ္စာတို့ကို ခိုးယူတတ်လေတာရယ်။ အဲ့ဒီ့ရက်ကိုသာ မသေးစိန်သတိမထားမိလဲ့တာလေ။

‘ အမေ…သမီးတော့ ပျော်နေမိတယ် သိလား…’

‘ ကျိန်စာက လွတ်မြောက်တော့မှာကြောင့်လား သမီး…’

‘ ဟုတ်တယ် အမေ။ သမီးလေး အဲ့ဒ်ိကျိန်စာကိုလေ သုံးဘဝဆက်တိုက်ရှိခဲ့ပြီ…’

‘ အို…သုံးဘဝတောင် ဟုတ်လား သမီး…’

မသေးစိန်တစ်ယောက် သမီးဖြစ်သူက သူမခံယူနေရတဲ့ ကျိန်စာအကြောင်းကို အခုလို ပြောပြလာမယ်လို့ မထင်မိခဲ့ဘူး။ အခု ထင်မှတ်မထားဘဲ ပြောပြလာတော့ အလွန်အမင်း အံ့အားသင့်ရလေပြီ။

‘ ဟုတ်ပါတယ် အမေ။ သမီး အဲ့ဒီ့ကျိန်စာကို ခံယူခဲ့ရတာ သုံးဘဝရှိခဲ့ပါပြီ။ ပထမဘဝတုန်းက သမီးဟာ မုဆိုးဖိုနယ်ထဲက ဇီးတိုင်းအမည်ရှိတဲ့ ရွာဆီမှာနေရင်း ခုနှစ်ရွာစား သူကြီးအဖြစ် ရွာခုနှစ်ရွာကို အုပ်ချုပ်ရတယ်။ ကာလတစ်ခုမှာတော့ သမီးအုပ်ချုပ်တဲ့ ရွာတွေထဲမှာ ပစ္စည်းဥစ္စာတွေ ခိုးယူခံရပြီး ပျောက်ဆုံးတာ အလွန်အမင်းဖြစ်လာတယ်။ သူခိုးကို မမိဘူး။ စောင့်ကြည့်လည်း မထူးဘူး။ သိက္ခာတွေလည်း ကျဆင်းနေရပြီမို့ ဒေါသက အလွန်ထွက်မိတယ်။ တစ်ညသားမှာတော့ အောက်လမ်းဆရာတစ်ယောက်ရဲ့ အစီအရင်နဲ့ သူခိုးကို မိခဲ့တယ်။ သူခိုးက သာမန်လူမဟုတ်ဘူး။ တစ်စုံတစ်ယောက်က စေခိုင်းနေတာကို ခံနေရတဲ့ ဘုမ္မစိုးတစ်ကောင်ပဲ။ သမီးလည်း သူကြီးသိက္ခာကို ကျဆင်းစေလို့ ဒေါသထွက်တာနဲ့ စေခိုင်းခံရတဲ့ သူ့ကို မညှာတာမိဘဲ နှိပ်စက်ခဲ့တယ်။ စေခိုင်းသူကို အရဖမ်းပြီး အပြစ်ပေးခဲ့တယ်။ အဲ့ဒီ့မှာ ဘုမ္မစိုးက ကျိန်စာတိုက်တော့တာပဲ။ သုံးဘဝမြောက်အထိ ငါလုပ်ခဲ့ရသလို နင်လုပ်ရပါစေ။ သုံးဘဝမြောက်အထိ ဥပုတ်ရက်အခါတိုင်း ခိုးသူအဖြစ် ပြောင်းလဲပါစေ။ သုံးဘဝမြောက်အထိ ငါ့ရဲ့ ကျိန်စာက နင့်အပေါ်ကို စူးသင့်ပါစေ၊ သုံးဘဝလုံးမှာ ငါကသာ နင့်ကို စီရင်သူ ဖြစ်ရပါစေလို့ ကျိန်ဆိုခဲ့တယ်…’

ရွှေစိန်လေး ပြောတာကို မသေးစိန်လည်း အသေအချာ နားထောင်ရင်း စိတ်မကောင်းဖြစ်ရလေတယ်။

‘ အဲ့ဒီ့ဘဝမှာ သမီး လုပ်ကြံခံရပြီး နောက်ဘဝဆီမှာ ချမ်းသာသူ မိသားစုဆီမှာ လူအဖြစ်ပြန်ရတယ်။ ဘုမ္မစိုးကျိန်စာကြောင့် ဥပုတ်နေ့အခါရောက်တိုင်း စိတ်က ထိန်းမရဘဲ သူတစ်ပါးပစ္စည်းတွေကို လိုက်လံခိုးယူမိတယ်။ မိသားစု ဂုဏ်သိက္ခာကျဆင်းစေလို့ အဖေက နှင်ထုတ်တယ်။ အဲ့ဒီ့ကနေ လူအပေါင်းအသင်းမှားတော့ ဘဝတွေပျက်ရင်း သူတစ်ပါးသတ်လို့ သေလွန်ရတယ်။ နောက်တစ်ဘဝကျ နွားမဖြစ်ရတယ်။ နွားဘဝမှာလည်း ခိုးယူတတ်တဲ့ ကျိန်စာက စူးသင့်နေတုန်းပဲ။ ရရာကို ခိုးယူမိခဲ့တယ်။ အဲ့ဒီ့မှာ သခင်ကို မျက်နှာပျက်စေတာမို့ စိတ်ဆိုးပြီး သားသတ်သမားဆီကို ပို့ခဲ့တယ်။ နွားဘဝကလွန်တော့ ဒီဘက်ဘဝမှာ အတိတ်ဝဋ်ကြွေးအဖြစ်နဲ့ ဘုမ္မစိုးကို စေခိုင်းသူကို နှိပ်စက်စဉ်က တန်ပြန်မှုအဖြစ် ဒုက္ခိတဖြစ်ရတယ်။ ဒါပေမယ့် ခိုးယူရမယ့် ကျိန်စာကတော့ သင့်နေဆဲပဲ…’

‘ သမီးလေးရယ်…’

ရွှေစိန်လေးရဲ့ အတိတ်ဘဝအကြောင်းအရာတွေကို ပြန်နားထောင်မိပြီး မသေးစိန် ရင်ထဲ ဝမ်းနည်းလှိုက်တက်လာရတယ်။ မြတ်ဗုဒ္ဓဟောကြားအပ်တဲ့ သံသရာရဲ့ လှည့်ပတ်ခြင်းသဘော၊ ဝဋ်ကြွေးရဲ့ တန်ပြန်မှုသဘောတွေကိုလည်း နင့်နင့်နဲနဲ ခံစားမိလေတယ်။

သားအမိနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ် ဖက်ထားမိကြတယ်။ မသေးစိန်က ငိုနေပေမယ့် ရွှေစိန်လေးကတော့ မျက်ရည်စတွေအကြားက ပြုံးနေတယ်။

မကြာခင် သူ ကျိန်စာဆီကနေ လွတ်မြောက်ခွင့်ရတော့မှာမို့ ပြုံးနေတာဖြစ်မယ်။

မသေးစိန်က သားအမိချင်း ဖက်ထားရာက ခွာလိုက်တယ်။ ပြီးတော့ မိခင်တစ်ယောက်ရဲ့ ရဲဝံ့တဲ့ အကြည့်တွေနဲ့ ရွှေစိန်လေးရဲ့ မျက်ဝန်းတွေကို ကြည့်လိုက်ကာ…။

‘ အမေရှိတယ်နော် သမီးလေး။ အမေရှိတယ်။ သမီးလေးအတွက် အမေ ဘာမဆို ရင်ဆိုင်မယ်…’

‘ ရပါတယ် အမေရယ်။ သမီးအတွက် ရွေးချယ်စရာမရှိဘူးဆိုတာ သိမိပြီးကတည်းက အခုဘဝတိုင်တဲ့အထိ နေသားတကျ နေနေပါတယ်နော်…’

‘ သမီးရယ်…အမေ ကာကွယ်ပါ့မယ်နော်…’

‘ ဟုတ်ကဲ့ သမီး ခွန်အား ရှိရပါတယ်…’

သားအမိချင်း နှုတ်ခမ်းက ပြောတဲ့စကားတွေထက် မျက်ဝန်းတွေက ပြောတဲ့ စကားတွေက ပိုမိုလို့ အဓိပ္ပါယ် ပြည့်ဝနေပါတယ်။

******

မသေးစိန်တို့သားအမိ စောင့်မျှော်နေတဲ့ နတ်တော်လဆန်း ၈ ရက်နေ့ကို ရောက်ရှိလာပါပြီ။

သားအမိနှစ်ယောက် တစ်ညလုံးလည်း အိပ်မပျော်ခဲ့သလို မှေးခနဲ အိပ်ပျော်တော့လည်း တစ်ခဏသာ။ မနက်မိုးဝေလီဝေလင်းအချိန်မှာတော့ ရွှေစိန်လေးက မသေးစိန်ကို လှုပ်နှိုးလာတယ်။

‘ အမေ…ဘုရားပန်းတွေ လဲလှယ်ပေးတော့နော်။ ပြီးရင် သမီးဘုရား ရှိခိုးချင်တယ်…’

မနေ့ညကတည်းက ဝယ်ယူထားပြီးသားဖြစ်တဲ့ ဘုရားပန်းတို့ကို မသေးစိန်လဲလှယ်လိုက်တယ်။ ရွှေစိန်လေးက ဘုရားရှိခိုးနေတော့ နံဘေးနားထိုင်ရင်း ရင်ထဲက လှုပ်ခတ်ဝမ်းနည်းမှုကို ခံစားရတယ်။ သမီးဖြစ်သူကို ကြည့်ရင်း မျက်ဝန်းမှာ မျက်ရည်စတို့ ရစ်ဝိုင်းလာရရဲ့။

အာရုံတက်ချိန်ကို ရောက်လာတော့ ရွှေစိန်လေးက ရွာထိပ်ဆီက စေတီကလေးဆီကို သွားဖို့ ပြောလာခဲ့ပြီ။

မသေးစိန်က ရွှေစိန်လေးကို ချီပြီး သားအမိနှစ်ယောက် ရွာထိပ်ကို ထွက်လာခဲ့ကြတယ်။

စေတီကလေးဆီရောက်တော့ အရှေ့အရပ်က ရောင်နီသမ်းနေပြီ။

သားအမိနှစ်ယောက် ပါလာတဲ့ ပန်းတွေနဲ့ စေတီကလေးဆီ ဆက်ကပ်ပြီး လှူကြတယ်။

‘ သံသရာဝဲဂယက် လှည့်ပတ်မြဲမို့ သာပေသာညွန့် သာကွန့်စာချေ ဘယ်မှာမလွတ် ပြေးလို့မကွယ် ဝဋ်တန်လည်မြဲ၊ ငရဲရယ်ပ၏။ ကျိန်စာမူကား ဒီကနေ့ဝယ် ပြယ်ချိန်တန်လို့ ပျက်လေပြီ…

အနောက်ဘက်ဆီက အသံကြားလို့ မသေးစိန်တို့သားမိတွေ လှည့်ကြည့်မိကြတော့ ရင်ပြင်ကလေးအပေါ်ကို အုန်းလက်မြင်းကြီးစီးပြီး ပါးစပ်က တောင်စဉ်ရေမရ စကားတွေရွတ်ရင်း တက်လာနေတဲ့ သူရူးတစ်ယောက်။

မသေးစိန်က သူရူးကို မြင်တော့ လန့်သလိုဖြစ်သွားပေမယ့် ရွှေစိန်လေးကတော့ သူရူးကို ကြည့်ပြီး ပြုံးနေလေတယ်။

‘ မိတ်ဆွေပါ အမေရဲ့…’

မသေးစိန်ကို ရွှေစိန်လေးက နှစ်သိမ့်အားပေးတယ်။

သူရူးကတော့ စေတီကလေးကို တစ်ပါတ်ပတ်ရင်း တစ်ဖက်ကို ကွယ်သွားခဲ့လေပြီ။

သားအမိတွေ စကားမဆိုမိဘဲ ထိုင်နေမိကြတယ်။

‘ ညီမငယ်…ကျုပ် ရောက်ပါပြီ…’

စေတီကလေး တစ်ဖက်ဆီက အသံနဲ့အတူ ထွက်ပေါ်လာတဲ့ ယောဂီတစ်ယောက်။ အသက်က ၂၅ ဝန်းကျင်ခန့်ရှိမယ်။ လူပုံက ခပ်ချောချော။ အသားအရည်က ကြည်လတ်နေပြီး ဆံထုံးကို သေသေသပ်သပ် ထုံးဖွဲ့ထားပုံက ကြည့်ကောင်းလွန်းတယ်။

‘ ရွှေစိန်လေး အခုနကတည်းက သိပါတယ်…’

‘ ဇာတိဿရဉာဏ်ပါခဲ့တာပဲ…’

‘ ဟုတ်ပါတယ်။ ဒီဘဝမှာ ဇာတိဿရဥာဏ်တင်မက ပုဗ္ဗနိမိတ်ကိုလည်း ဖတ်တတ်ခဲ့ပါတယ်…’

‘ ချီးကျူးစရာ ကောင်းလွန်းပါတယ်။ ဒါဖြင့် ညီမငယ်ကို ကျိန်စာက လွတ်မြောက်ဖို့အတွက် ကျုပ် ဘာများကူညီပေးရပါမလဲ…’

‘ အရှေ့က ကျိန်စာသင့်ခဲ့ရတဲ့ နှစ်ဘဝမှာ ရန်ငြိုးမပြယ်သူက သူ့ကျိန်စာအတိုင်း အသက်ကို စီရင်ခဲ့တယ်။ သူကိုယ်တိုင် နစ်မွန်ခံပြီး လုပ်ဆောင်ခဲ့တာ။ ဒီဘဝမှာလည်း သူကပဲ စီရင်လိမ့်မယ်။ ဘဝကံရဲ့ မီးစာကတော့ ဆက်ရှိနေဦးမှာဆိုပေမယ့် သူစီရင်တဲ့အခါကျရင်တော့ ကျိန်စာအရ ရှောင်ဖယ်ခွင့်ရမှာ မဟုတ်ဘူး။ ကိုယ်က ပြုစဉ်တုန်းက သူဟာ ကျေးဇူးရှိသူကို ကျေးဇူးဆပ်ရင်း ကျေးဇူးနွံကြောင့် အဓမ္မ အစေခိုင်းခံဖြစ်ခဲ့ရတယ်။ နိုင်စားခံခဲ့ရတယ်။ ကူညီပေးပါလို့ သူတောင်းဆိုတာကို လစ်လှူရှုပြီး နှိပ်စက်ခဲ့တယ်။ အရှေ့နှစ်ဘဝမှာတင် ကိုယ်ပြုတဲ့ကံအတွက် နောင်တရခဲ့မိပါပြီ။ ဒီဘဝမှာတော့ ဘယ်လိုပဲ နိဂုံးငြိမ်းပါစေ ရန်ကိုတော့ ပါယ်သတ်သွားလိုပါတယ်။ ကူညီပေးပါ…’

‘ နားလည်သဘောပေါက်သလိုတော့ ရှိပါပြီ။ သူကကော ဘယ်အချိန်ရောက်လာနိုင်မလဲ…’

‘ သူ စီရင်မယ်လို့ ပြောထားတဲ့နေ့ဖြစ်တဲ့အတွက် နေမွန်းမတိုင်မီ သူရောက်လာပါလိမ့်မယ်။ စေတီအရပ်ကိုတော့ သူလာလို့ရမှာမဟုတ်လို့ သုသာန်အရပ်ဆီကို ဆက်သွားကြရပါမယ်…’

‘ ကောင်းပါပြီ…’

သူတော်လည်း စေတီလေးဆီမှာ ဝတ်ပြုပြီး မန္တာန်တို့ကို ခပ်တိုးတိုး အာဂုံပြန်ဆောင်နေခဲ့ပါတယ်။

အာဂုံဆောင်ရင်း စိတ်အလျင်က ရေစီးတစ်ခုထဲကို မျောပါသွားသလို ညင်သာစီးမွေ့နေချိန် တစ်စုံတစ်ယောက်က လာရောက်တို့ထိလို့ သူတော် စိတ်နဲ့ ခန္ဓာပြန်ကပ်မိသွားတယ်။

‘ အချိန်တန်ပြီမို့ သွားကြပါစို့…’

သုံးယောက်သား ရွာအပြင်ဆီက ပတ်လို့ ရွာအနောက်ဘက် သုသာန်ဆီကို လှမ်းလာခဲ့ကြတယ်။

သုသာန်ဆီကိုရောက်တော့ ရွှေစိန်လေးက အုတ်ဂူတစ်ခုအပေါ်မှာ ထိုင်ရင်း သီချင်းတစ်ပုဒ်ကို ညည်းဆိုလေတယ်။

သူတော်နဲ့ မသေးစိန်ကတော့ မလှမ်းမကမ်းဆီကနေ ရွှေစိန်လေးကို စောင့်ကြည့်နေတာပေါ့…။

အချိန်က နေမွန်းတည့်လုလာပြီ။

‘ ဖွီး……’

ရုတ်တရက် ကျယ်လောင်လွန်းတဲ့ နှာမှုတ်သံနဲ့အတူ ရွှေစိန်လေးထိုင်နေရာ အုတ်ဂူအပေါက်အတွင်းဆီက ပေါင်လုံးလောက်ရှိမယ့် မည်းနက်နေတဲ့ မြွေကြီးတစ်ကောင် ထွက်ပေါ်လာတယ်။

ရွှေစိန်လေးက မြွေကြီးကို မြင်တော့ အကြောက်အလန့်မရှိ ပြုံးတယ်။ မြွေကြီးကတော့ ရွှေစိန်လေးကို ကြည့်ရင်း ရန်လိုပြင်းပြစွာနဲ့ နှာတမှုတ်မှုတ် ခေါင်းတရမ်းရမ်းနဲ့ပဲ။

‘ မိတ်ဆွေ…ဒီဘဝက နောက်ဆုံးပါပဲ…’

ရွှေစိန်လေးက ပြောပြီးတာနဲ့ ပြုံးရက်သားကနေ မျက်ဝန်းကို စုံမှိတ်လိုက်လေတယ်။

မြွေကြီးက ပါးပြင်းကြီးထောင်ပြီး အုတ်ဂူအစွန်းထိကို ထိုးတက်လာတယ်။

‘ သမီး…’

မသေးစိန်က သမီးဇောနဲ့ အတင်းပြေးသွားလေပြီ။

‘ ငသူတော် နင် တားလေ။ ဒီကလေးက ဒီဘဝမှာ ထူးကဲသူအဖြစ် ရှိခွင့်ရထားတယ်။ သူနဲ့ ပက်သက်ပြီး လောကီကောင်းကျိုးတွေ ဖြန့်ဝေပေးနေလိမ့်မယ်…’

နားထဲတိုးဝင်လာတဲ့ အသံကြောင့် သူတော်လည်း ခန္ဓသုတ်တော်ဆီက သစ္စာပြုရာ အပိုဒ်တစ်ခုကို သြောင်းခံလို့ မန္တာန်အဖြစ် ရွတ်ဆိုလိုက်ပြီး မြွေကြီးဆီကို လက်ညှိုးညွှန်လိုက်တယ်။

သူတော်ရဲ့ အပြုအမူအဆုံး မြွေကြီးကို တစ်စုံတစ်ခုက အလျင်အမြန် ချုပ်နှောင်လိုက်သလိုပါပဲ။ ထိုးတက်နေတဲ့ ပါးပြင်းကြီးဟာ မြေဆီကို ပြန်လည်ဝပ်ကျလာတယ်။

‘ သမီးလေး…’

ဒိအခိုက် မသေးစိန်ကလည်း မိခင်ဇောအပြည့်နဲ့ မြွေကြီးကို ကြောက်ရွံမှုမရှိဘဲ အပေါ်ကနေ ကျော်ခွပြေးကာ ရွှေစိန်လေးကို အပြေးပွေ့ချီလိုက်လေတယ်။

‘ ဖြီး……ဖြီး…’

မြွေကြီးက မာန်တော့ မကျသေး။ ရုန်းဖယ်မရလို့သာ ဝပ်ဆင်းကျလာရတဲ့ အသွင်။

‘ မိတ်ဆွေ…မူလပြန်ပါ…’

သူတော်က မြွေကြီးအနားကို လှမ်းလျှောက်လာရင်း အမိန့်ပေးလိုက်တယ်။

ဒိအခါမှာတော့ မြွေကြီးအသွင်က ရုတ်ခြည်းကိုပဲ နှုတ်ခမ်းမွှေးကားကား၊ ပုဆိုးကွက်ကြီးကို ခါးတောင်းကျိုက်လို့ အပေါ်ပိုင်း အဝတ်ဗလာဖြစ်နေတဲ့ လူကြီးတစ်ယောက် ဒူးတစ်ဖက်တုပ်လို့ ထိုင်နေတဲ့အသွင် ဖြစ်သွားခဲ့တယ်။

‘ ဝစီ ဖွင့်ပါ…’

သူတော်အမိန့်အဆုံး လူကြီးက သူတော်ကို ဒေါသမျက်ဝန်းတွေနဲ့ ကြည့်လာတယ်။

‘ မင်း ဘာကြောင့် ဝင်ရှုပ်တာလဲ။ ဒါက ငါတို့ ကိစ္စပဲ…’

‘ ဝင်ရှုပ်တာ မဟုတ်ပါဘူး မိတ်ဆွေကြီး။ ကူညီသင့်သူကို ကူညီပေးတာပါ…’

‘ မလိုပါဘူး…’

‘ မိတ်ဆွေကြီးကသာ ဒေါသအလျောက် မလိုဘူး ပြောတာပါ။ တစ္ဖက်သားကေတာ့ လိုအပ်နေပါတယ်။ ပြီးတော့ အတိတ္က အငြိုးတွေဟာလည်း နှစ်ဘဝလွန်လို့ သုံးဘဝမြောက်ခဲ့ပြီးဖြစ်တဲ့အတွက် ကျေအေးသင့်ပါပြီ…’

‘ ငါ မကျေအေးနိုင်ဘူး…’

‘ ရွေးချယ်မှုပါပဲ မိတ်ဆွေ။ သင်က ကျေးဇူးဆပ်လိုလို့ သူတစ်ပါးကို ထိခိုက်စေမယ့် လမ်းကို ရွေးချယ်ခဲ့တယ်။ ကျေးဇူးတရားကို ဆပ္တာဟာ သင့်ဘက်က မှန်ပေမယ့် အများကို ထိခိုက်နစ်နာစေတာကျ သင့်ဘက်က မွားနေပါတယ်။ သင်ကိုယ်တိုင်ပဲ ဆူးထိမယ့်လမ်းကို ရွေးလေပြီး ဆူးထိတော့ တန်ပြန်ခဲ့တယ်။ ကောင်းပါသလား…’

‘ ငါ့ကို တရားလာမချနဲ့…’

‘ ပြန်တွေးပါ မိတ်ဆွေ။ ဆူးလမ်းကို သင်ရွေးပြီး ဆူးထိတော့ တန်ပြန်မှုအဖြစ် ဆူးပင်ကို နှုတ်လေတယ်။ သင့်လက် သင့်ခန္ဓာ ဆူးတွေဘယ်လောက်ထိတောင် ဆူးနစ်နေပြီလဲ။ တကယ်တမ်းသာ ပြန်တွေးမယ်ဆို သင်သာ ကျေးဇူးတရားဆပ်ဖို့ အတွက် သူအမ်ားကို မနစ္နာစေခဲ့ရင် သင်ခံစားခဲ့ရတဲ့ တန်ပြန်မှုကိုလည်း သင်ရရှိမှာမဟုတ်ဘူး။ အခု သူ သင့်အပေါ် လုပ်ဆောင်ခဲ့တယ်နော်။ သူ ပြန်ပေးဆပ်နေတာ နှစ်ဘဝလွန်ပြီး အခု သုံးဘဝတိုင်ပြီ။ သူ သင့်အပေါ် ရန်ငြိုးပြန်ပြုသလား။ သင်ဆိုခဲ့သလိုကော ကျိန်စာပြန်ခဲ့ပါသလား…’

ဒူးတစ္ဖက္တုပ္ထားတဲ့ လူကြီး တွေဝေသွားခဲ့ပြီ။

‘ မိတ်ဆွေရဲ့ အျဖစ္က သူတစ်ပါးကို မီးလောင်စေဖို့ သင်ကိုယ်တိုင် မီးစာအဖြစ် အရင်ဆုံးအလောင်ခံနေသူလိုပါပဲ။ အရင်ဆုံး ပူလောင်နေရတာ သင်ပါ။ သူတစ်ပါးကို လောင်ကျွမ်းအောင် မလုပ်နိုင်ခင် အချိန်တိုင်းပူလောင်ခံနေရတာက သင်ပါ။ သင် လက်ရှိရနေတဲ့ ဘုံဘဝဆိုတာ သင့်အတွက် ကောင်းရာတွေအများကြီး ရှိနေပါတယ်။ ဘာကြောင့်များ အမွားကို အမှန်ထင်လို့ ရွေးတော့သလဲ…’

‘ ငါက ပြာဖြစ်လုပြီ…’

‘ လောင်ကျွမ်းမှုတိုင်းကို ရေစစ်ရေမှန်နဲ့ ငြိမ်းသတ်ရင် ငြိမ်းသွားနိုင်ပါတယ်…’

လူကြီး ဘာမှမပြောနိုင်တော့ပြီ။ အခုနက ရှိနေတဲ့ ဒေါသမျက်ဝန်းတို့ကလည်း အခုတော့ ကြည်စင်သွားခဲ့လေပြီ။

‘ အမွားကို မြင်နိုင်ပါပြီ။ ကျေးဇူးတင်ပါတယ် မိတ်ဆွေ…’

‘ ကျုပ် နာမည် သူတော်ပါ။ မွတ္ထားပါ။ မိတ်ဆွေ ကျုပ် နောက်ဆုံးပြောလိုတာကတော့ ကိုယ်ပြုရာက ကိုယ့်ဆီလာမှာပါ။ မိတ်ဆွေပြုခဲ့ရာတွေအတွက် သူကြီးမင်းက ပေးဆပ်သလို သတ္တိရှိစွာနဲ့ ပြန်ပေးဆပ်ပါ…’

‘ ပေးဆပ်ပါမယ်…’

‘ သင့်ကို ချုပ်နှောင်ထားတာတွေ ပြေပါစေ…’

သူတော်က ချုပ်နှောင်မှုကို ဖြေလျော့ပေးလိုက်တယ်။

လူကြီးက ထိုင်ရာကနေ ထလေတယ်။ ပြီးတော့ အုတ်ဂူကြီးနဲ့ အလှမ်းမကမ်းဆီမှာ ရပ်နေကြတဲ့ ရွှေစိန်လေးတို့သားအမိကို လှမ်းကြည့်ကာ ပြန်လည်ဒူးထောက်လိုက်ပြီး…။

‘ သူကြီးမင်း ကျုပ်ကို ခွင့်လွှတ်ပေးပါ…’

‘ ခွင့်လွှတ်ပါတယ်။ သူကြီးမင်းဘဝမှာလည်း သင့်ကျိန်စာကို ကြားမိပြီးကတည်းက နောင်တတရားတွေ အလီလီရခဲ့တာပါ။ အခုများမှာတော့ သင့်ကို အကောင်းဆုံး ပြန်ပေးဆပ်ဖို့သာ ဆုံးဖြတ်ထားခဲ့တာပါ…’

‘ ကျေးဇူးတင်ပါတယ် သူကြီးမင်း။ ရေကို မီးက မနိုင်ဘူးဆိုတာ ကျုပ် သေဘာပေါက်ပါပြီ။ အပြစ်အားလုံးအတွက် ကျုပ် ဆိုင်ရာဆီမှာ ခံယူပါဦးမယ်။ အပြစ်တွေက လွတ်မြောက်ပြီဆိုရင်တော့ သူကြီးမင်းဆီမှာ ခစားနေပါ့မယ်…’

‘ မလိုပါဘူး မိတ်ဆွေ။ သင်နဲ့ ထိုက်ရာကိုသာ ဆက်လှမ်းနိုင်ဖို့ ကြိုးစားပါ…’

‘ ကြိုးစားပါမယ်။ ကျုပ်ကို ခွင့်ပြုပါဦး…’

‘ ကောင်းပါပြီ…’

လူကြီးရဲ့ ပုံရိပ်က တဖြေးဖြေး ကွယ်ပျောက်သွားခဲ့တယ်။

‘ ကျေးဇူးတင်ပါတယ်…ဆရာသူတော်…’

မသေးစိန်က သူတော်အနားကို ခပ်သုတ်သုတ် အပြေးလာရင်း ပြောလာတယ်။

‘ ရပါတယ် အစ်မကြီး။ ပြဿနာတွေ ကင်းခဲ့ပြီမို့ သားအမိတွေ အဆင်ပြေပြေ ဖြတ်သန်းကြပါ။ ကဲ ခရီးဆက်လှမ်းရမှာမို့ ကျုပ်ကိုလည်း ခွင့်ပြုပါဦး…’

သူတော်က ရွှေစိန်လေးကို တစ်ချက်ပြုံးပြပြီး လှည့်ထွက်သွားတယ်။

သားအမိနှစ်ယောက် သူတော်ရဲ့ ကျောပြင်ကို လှမ်းကြည့်မိနေကြတယ်။

သုသာန်အရပ်က ခြုံအကွယ်လေးတစ်ခုဆီကို သူတော်ဖြတ်သန်းဝင်ရောက်လိုက်ချိန် မြင်ကွင်းက ခဏတာ ကွယ်သွားခဲ့တယ်။

ခြုံအကွယ်လေးတစ်ဖက်ကနေ အခုနက သူတော် ပြန်ထွက်လာမယ်လို့ မသေးစိန် ထင်မိလိုက်ပေမယ့် ပြန်ထွက်ပေါ်လာတာက သူမထင်သလို ယောဂီဝတ်နဲ့ ခန့်ငြားနေသူ သူတော်မဟုတ်ဘူး။

အုန်းလက်မြင်းကို ခွလို့ ပေရေပေစုတ်နေတဲ့ စေတီကလေးဆီမှာ တွေ့ခဲ့တဲ့ သူရူးရယ်။

မသေးစိန် ဒီအချင်းအရာကို နားမလည်နိုင်ပါ။

ရွှေစိန်လေးကတော့ သူရူးကို မြင်ကွင်းက ကွယ်ပျောက်တဲ့အထိ ပြုံးပြုံးကြီး ကြည့်နေခဲ့ပါတယ်။

ပြီးပါပြီ။

နောင်ရိုး(ဆေးတပ်)