ကျွန်တော်နှင့် မာဆတ်

Posted on

ကျွန်တော်နှင့် မာဆတ်(စ/ဆုံး)
————————————
၂၀၀၆ ခုနှစ်ကပေါ့။
ရန်ကုန်မြို့အနှံ့မှာ မာဆတ်ဆိုတာတွေ ခေတ်စားနေချိန်။

ခေတ်သာစားနေတာပါ။
ကျွန်တော်လို အာပေတူးက မာဆတ်ဆိုတာ ဘယ်အနားကပ်နိုင်မတုန်း။

အဲ့ဒီတုန်းက ကျွန်တော်က ရုံးတစ်ရုံးမှာလုပ်တာ။
ဖုန်းကိုင်၊ ဖိုင်တွဲ၊ တံမြက်လှည်း၊ အရက်ဝယ်၊ ကြက်ဆွဲ အဆင့်ဗျာ။

လစာကလည်းမဖြစ်စလောက်။

ကျွန်တော်တို့ အဆင့်သာမွဲနေတာ…တချို့အဆင်ပြေနေတဲ့သူတွေက ရေလည်အဆင်ပြေတာဗျာ။

ရုံးမှာက ညဂျူတီ အလှည့်ကျစောင့်ရတယ်။
အဆင်ပြေတဲ့ကောင်တွေက ညဘက်မစောင့်ချင်ဘူး။

ဒီတော့ ကျွန်တော်တို့က သူတို့ဆီက တစ်ညတစ်ထောင်ယူပြီး အငှါးစောင့်ပေးတယ်။

ညအိပ်ဂျူတီသမားတွေကို ကိုယ့်ဟာကိုယ် ထမင်းချက်စားဖို့ ထမင်းဟင်းစရိတ်လည်းပေးတယ်လေ။

ရမ်လေးတစ်တောင့်ကို ဟင်းလေးနဲ့မြည်းရင်း ဂျူတီစောင့်တော့ ဇိမ်ပဲလေ။

ဒီတော့ ကျွန်တော်တို့လို ငမွဲတွေ အတွက်က ဂွင်ပေါ့။

သုံးလေးရက်ဆက် ညအိပ်စောင့်ကြတယ်။

အဲ့ဒီတုန်းက အောင်သောင်းလို့ခေါ်တဲ့ မန္တလေးရမ်တစ်လုံးကို ရှစ်ရာပေးရတယ်။

ကာလူးရော၊ မန်မန်းရော မှန်တာပေါ့။

တစ်ရက်မှာ ညဘက်ဂျူတီစောင့်နေရင်း ည ၁၁ နာရီလောက် ရုံးဖုန်းကို ဖုန်းတစ်လုံးဝင်လာတယ်။

ဖုန်းသွားကိုင်တော့…

“အခု..စကားပြောတဲ့ ကို နဲ့ ပြောချင်လို့ပါ”တဲ့။

အယ်လဲ..စော်သံလေးဗျာ။ အသံသာလေး။
ကဗျာဆရာရူး ရူးနေတဲ့ကောင်ဆိုတော့..ရမ်တန်ခိုးလေးနဲ့ ကျူ တော့တာပေါ့။

သူက ကျွန်တော့်နာမည်မေးတယ်။ ပြောလိုက်တယ်။

သူ့နာမည်ကျ…မိုးစက်တဲ့။

နောက်ရက်တွေလည်း..အဲ့ဒီဖုန်းက အချိန်မှန်လာတယ်။

ဖုန်းဆက်တဲ့ကောင်မလေးက ကျွန်တော့်ဘိုင်နိမ်းနဲ့ခေါ်တော့တာ။

ကောင်မလေးနဲ့ ကျွန်တော်တော်တော် အဆင်ပြေနေပြီ၊

သူပေးတဲ့ဖုန်းနံပါတ်ကို စုံစမ်းကြည့်တော့..အဲ့ဒါ ”နှင်းသော်တာ” ဆိုတဲ့ မာဆတ်ကဖုန်း။

နှင်းသော်တာ မာဆတ်က လမ်းမတော်က လှည်းတန်းလမ်းမှာရှိတာ။

ကျွန်တော်တို့ရုံးက ငွေရွှင်တဲ့အရာရှိကြီးတွေက အဲ့ဒီကိုသွားရင်း သူတို့စော်တွေကို ရုံးဖုန်းတွေ ပေးခဲ့ကြတာ။

အဲ့ဒီတုန်းက ဟန်းဖုန်းဆိုတာ ငွေရှိသူတိုင်းတောင် မကိုင်နိုင်သေးဘူးလေ။ ရုံးဖုန်းတွေနဲ့ဆက်သွယ်ကြတာပေါ့။

မာဆတ်က ကလေးမတွေကလည်း ဒီရုံးကလူတွေလာရင် ငွေသုံးကြတယ်ဆိုတာ သိတော့..သူတို့အတွက် ဘိုင် ရအောင်..အခုလိုဖုန်းဆက်ပြီး ဂွင်ဖန်ကြတယ်။

ဘိုင် ဆိုတာ..သူတို့နာမည်နဲ့လာတဲ့ ဖောက်သည်ကို ခေါ်တာပါ။

ဘိုင် ခေါ်ခံရရင် ဆက်ရှင်ကြေးထဲက
ပိုက်ဆံပိုရပါတယ်။
ဘိုင်ဧည့်သည်က မုန့်ဖိုးလည်းပိုပေးရပါတယ်။

ထားပါတော့။
ရှင်းရှင်းပြောရရင် အဲ့ဒီမိုးစက်နဲ့ ကျွန်တော် ဖုန်းထဲက ရည်းစားဖြစ်တယ်။

မိုးစက်က သူအပြင်ထွက်လို့မရဘူး။ မာဆတ်မှာ သူ့ကို လာတွေ့ပါတဲ့။

ဒီတော့ ကျွန်တော့်မှာ ရှင်းပြရတယ်။

ကျွန်တော်ဟာ ဒီရုံးက အောက်ခြေဝန်ထမ်းလေးသာဖြစ်ကြောင်း၊ ဝင်ငွေမကောင်းကြောင်း၊ အနည်းဆုံးနှစ်ဆက်ရှင်နေရပြီး တစ်ဆက်ရှင် နှစ်ထောင်ပေးရတဲ့ မာဆတ်ကို မလာနိုင်ကြောင်း၊ လာနိုင်ခဲ့ရင်တောင်..ကိုယ်ချစ်တဲ့ ကောင်မလေးကို စတွေ့ချိန်ဟာ မာဆတ်လိုနေရာမျိူး မဖြစ်ချင်ကြောင်း ကြွယ်ရတော့တာပေါ့၊

နောက်ဆုံး မိုးစက်ဟာ ကျွန်တော့်ကို သနားသွားတယ်ထင်ပါရဲ့။

သူ့နားရက်တစ်ရက်မှာ ကျွန်တော်တို့ အပြင်မှာ ချိန်းတွေ့ကြတယ်။

နဝဒေးမှာ ရုပ်ရှင်ကြည့်ကြတယ်။

အပြန် ကျွန်တော့်အဆောင်အထိ သူက တက္ကစီနဲ့လိုက်ပို့ပါတယ်။

မိုးစက် ရဲ့နာမည်အရင်းက မဇာ ပါ။ မဇာဟာ သိပ်အလှကြီးမဟုတ်ပေမယ့် အသားဖြူဖြူ၊ အရပ်မြင့်မြင့်နဲ့ ဆိုတော့ မာဆတ်ကစော်တွေထဲ တော်တော်ကြည့်ပျော်ပါတယ်။

ကျွန်တော်က အဲ့ဒီတုန်းက အသက် ၁၈ နှစ်ကျော်ခါစ၊ သူက ၂၅ နှစ်ဆိုတော့ ခုနှစ်နှစ်လောက်ကွာပါတယ်။

မမနဲ့ မောင်လေးဇာတ်ထုတ်ပေါ့။

အခုအချိန်မှာ ဝန်ခံရရင် ကျွန်တော့်တို့ရဲ့ ငတ်တလှည့် ပြတ်တလှည့် လူငယ်ဘဝမှာ မဇာရဲ့ ကျေးဇူးဟာ အင်မတန်မှ ကြီးခဲ့ပါတယ်။

ကျွန်တော်တို့လို့သုံးတာအကြောင်းရှိပါတယ်။

အဲ့ဒီတုန်းက ရှစ်မိုင်ကအဆောင်မှာ ကျွန်တော်ရယ်၊ ခိုင်ကျော်ထွန်းခေါ် မခိုင်ရယ်၊ စိုးကျော်ရယ်၊ စာကလေးရယ် အတူနေကြတာပါ။

ခိုင်ကျော်ထွန်းတစ်ယောက်ကလွဲပြီး ကျန်တဲ့ကောင်တွေက ဆယ့်နှစ်ရာသီမွဲပါ။

ငွေရလာရင်လည်း ဆေးခြောက်ဝယ်ချ။ အရက်ဝယ်သောက် အပြတ်ဖြုန်းပစ်ပြီး နောက်နေ့ကျ ခေါက်ဆွဲပြုတ်သောက်ကြတဲ့ကောင်တွေ။

အဲ..မခိုင် ပါ အဆင်မပြေဘူးဆိုရင်တော့…ကျွန်တော်တို့ ထမင်းငတ်ပါပြီ၊

အဲ့ဒီအခါတိုင်း ကျွန်တော်က လမ်းထိပ် PCO ကနေ မဇာကြီး ဆီ ဖုန်းဆက်ပါတယ်။

ပြီးတာနဲ့…ကျွန်တော်နဲ့စိုးကျော် တက္ကစီငှါးပြီး မဇာကြီးတို့ မာဆတ်ကိုသွားပါတယ်။

မာဆတ်အောက်ကားရပ်ပြီး ခေါင်းလောင်းကြိုးဆွဲတာနဲ့ မဇာကြီးက တက္ကစီခ ပိုက်ဆံပစ်ချပေးပါတယ်။

ပြီးတာနဲ့ မာဆတ်ပေါ်တက်။ နှစ်ဆက်ရှင်ဝင်ပြီး မဇာကြီးနဲ့…ကွိကွိကွကွ ချစ်သူ့သဘာဝကြသည်ပေါ့။

စိုးကျော်ကလည်း ကျွန်တော့်ကောင်းမှုနဲ့ အဲ့ဒီက ချစ်စနိုး ဆိုတဲ့ကောင်မလေးနဲ့ငြိနေပါပြီ။

နှစ်ဆက်ရှင်ပြည့်ရင်…မဇာကြီးက သူ့ပိုက်ဆံအိတ်လေးထဲ ကျစ်ထားတဲ့ ထောင်တန်လေးဆယ်ရွက်ထုတ်ပြီးကျွန်တော့်ကို ပေးပါတယ်။

ကျွန်တော်က အပြင်ကောင်တာမှာ ဆက်ရှင်ကြေးရှင်းပြီးရင် ပိုတဲ့ခြောက်ထောင်အိတ်ထဲထည့်ပေါ့။

စိုးကျော်လည်း ဒီလိုပဲ။

ရတဲ့ငွေလေးနဲ့ ဆန်ဝယ်၊ ဝက်ခေါက်ကင်လေးဝယ်၊ အရက်လေးဝယ်ပြီး အဆောင်ကိုပြန်ပါတယ်။

အဆောင်မှာ ကျန်ခဲ့တဲ့နှစ်ကောင်ကတော့..အစာရှာထွက်တဲ့ ဖခင်ကြီးနှစ်ပါးကို မျှော်နေတဲ့ သနားစရာစာကလေးတွေလိုပဲ။

ဆန်ထုတ်လေးပြေးယူ ထမင်းချက်ကြ။ ပုလင်းတွေ၊ဖန်ခွက်တွေပြင်ကြနဲ့။

မဇာကြီး က တခါတလေ အဆောင်ကိုလိုက်လာတတ်တယ်။ ကျွန်တော်တို့ ငတ်ပြတ်နေတာမြင်ရင် ရှမ်းခေါက်ဆွဲတွေဘာတွေလိုက်ကျွေးတယ်။

ချူစားတယ်လို့ပြောလဲ ခံရမှာပဲ။ ကိုယ်လည်း အဆင်မပြေဘူးလေ။

အဲ့ဒါတွေထားပါတော့။ တကယ့်ကိစ္စက အခုမှရေးမှာ။

တစ်နှစ်ကျော်လောက်ကြာတော့ မဇာကြီးက အဲ့ဒီမာဆတ်မှာ မန်နေဂျာတပိုင်းဖြစ်လာတယ်။

ပိုင်ရှင်အမ မရှိတဲ့အခါ သူက ကောင်တာထိုင်ရတယ်။ငွေကိုင်ရတယ်။

ပိုင်ရှင်အမက ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီးတစ်ယောက်ရဲ့ စမော။

မဇာကြီးနဲ့ပတ်သက်ပြီး ပိုင်ရှင်အမနဲ့ ကျွန်တော်ပါရင်းနှီးလာတယ်။

တစ်ရက်မှာ ကျွန်တော် တစ်ယောက်တည်း အဲ့ဒီမာဆတ်ကိုရောက်သွားတော့ ပိုင်ရှင်အမကြီးမရှိဘူး။

မဇာကြီးက ကောင်တာထိုင်နေတယ်။

ကျွန်တော်လည်းသူ့ဘေးကနေ မမရဲ့ မောင်လေး ဘာညာ ချစ်ကြည်နူး၊တစ်တီတူးတာပေါ့။

ခဏနေတော့ ပိုင်ရှင်အမဆီက ဖုန်းဆက်လာတယ်။

သူ့ဂရပ်ကြီးနဲ့ စားသောက်ရင်း စကားများကြရာက ဂရပ်ကြီးက သူ့ကိုစားသောက်ဆိုင်မှာ ထားခဲ့လို့တဲ့။
ငွေရှင်းဖို့က သူမှာလည်းမလောက်ဘူး။

အဲ့ဒါ ဇာကြီးကို ပိုက်ဆံယူလာပြီး စားသောက်ဆိုင်ကို လိုက်လာခိုင်းတာ။

အချိန်က ည ၈ နာရီခွဲပြီ။ ၉ နာရီနောက်ပိုင်းဆိုတာ မာဆတ်တွေရဲ့ ရွှေနာရီငွေနာရီပဲ။
လူကျတော့မှာ။

ဝိတ်တာတွေရော၊ကောင်မလေးတွေကို ကောင်တာမှာထားခဲ့ရတာကို မာဆတ်ရှင်မကြီးက စိတ်မချဖြစ်နေတယ်။

ကျွန်တော်ရှိတယ်လို့ ဇာကြီးက ပြောတော့

“ဟဲ့…နင့်ကောင်လေးကို ကောင်တာမှာထားခဲ့လေ…သူလည်းဆက်ရှင်တွေ တွက်တတ်နေတာပဲ”

ဘောက်ချာစာအုပ်တစ်အုပ်၊ အခန်းနံပါတ်စဉ်တွေနဲ့ဆွဲထားတဲ့စာအုပ်တစ်အုပ်ရယ်နဲ့ ကောင်တာပေါ်မှာ ကျွန်တော်ကျန်ရစ်ပါတယ်။

ဇာကြီး ဆင်းသွားတော့…ကျွန်တော်က ကောင်တာမှာ မိန့်မိန့်ကြီး။

ကျွန်တော်ကောင်တာထိုင်လို့လားမသိ။

ဖုန်းတွေကလာလိုက်တာ။

“ကဗျာရှိလား..ကဗျာနဲ့ပြောချင်လို့ပါ”

ကဗျာ့ကိုခေါ်ပေး။

“ကိုကြီး…ခဏနေ့ ကဗျာဧည့်သည်လာမယ်..တညလုံးနေမှာ…”

ကဗျာ၊ မြတ်နိုး၊သံစဉ်..ဘိုင်ဧည့်သည်တွေနဲ့ဝင်သွားပြီ။
ဒီတိုင်းလာတဲ့ ဧည့်သည်ကလည်း နှစ်ယောက်ရှိတယ်။

အခြေအနေကောင်းနေပြီ။

ဇာကြီးဆီက ဖုန်းလာတယ်။ ဘောစိမက မူးပြီးရင်ဖွင့်နေလို့ သူထိုင်စောင့်ပေးနေရတယ်တဲ့။

အိုကေ..မမဇာ..ခေတ္တဂျာကြီး ကျွန်တော်ရှိပါသည် ပေါ့။

ဖုန်းချပြီး မကြာဘူးဗျာ။

နောက်ထပ် ဧည့်သည်လေးယောက်တက်လာတယ်။

အောင်မယ်..စတစ်ကော်လာတွေနဲ့..လွယ်အိတ်တွေနဲ့။

သေပြီဗျိုး။

အနောက်မှာ ရဲတွေ ပါပါလာတာ။

ကျွန်တော်ထိုင်နေတဲ့ ကောင်တာရှေ့မှာ ရဲနှစ်ယောက်က ပိတ်လိုက်တယ်။

ကျန်တဲ့သူတွေက…အခန်းတံခါးတွေလိုက်ဖွင့်။

အိုဗျာ..ဟိုအတန်းရဲဝင်ဖမ်းတာကိုးဗျ။

အဲ့ဒီဟိုအတန်း မှာမှ ကောင်တာကခေါင်းဆောင်ကြီးမှာ လက်ထိပ်တန်းလန်းကြီးနဲ့ ခန့်ခန့်ညားညား။

ပထမဆုံး မွေ့ယာကြီးနှစ်ချပ်သယ်ချလာတယ်။

ဧည့်သည်ထိုင်တဲ့အခန်းရှေ့ချတယ်။

ကောင်မလေးတွေကို နံရံမှာ ကပ်ရပ်ခိုင်းတယ်။

ကျွန်တော့်ကို ကလေးမတွေ အလယ်မှာရပ်ခိုင်းတယ်။

အံဆွဲထဲကပိုက်ဆံတွေ ရှေ့ကခုံမှာချတယ်။

ဓာတ်ပုံတွေ တဖြတ်ဖြတ်။

သွားပြီ။ နောက်တပတ်ထုတ် မှုခင်းဂျာနယ်ကို ဖတ်မိတဲ့ ပဲခူးက ကျွန်တော့်အမေကျောင်းဆရာမတော့…ငါ့သားလေး…ရန်ကုန်မှာ အလုပ်လုပ်ဖို့ဆိုပြီး ထွက်သွားတာ.. အခုဆို
မာဆတ်မန်နေဂျာကြီးတောင် ဖြစ်နေသကိုး..ဆိုပြီးဂုဏ်ယူနေမှာတော့မဟုတ်တာသေချာတယ်။

“ဆရာ..ကျွန်တော်က လူစားခဏလာစောင့်ပေးတာပါ..မန်နေဂျာမဟုတ်ပါဘူး..ကျွန်တော် (…) ရုံးကပါ”

“ဟိတ်ကောင်..ဖာဂေါင်း…မင်းသောက်ပါးစပ်ပိတ်ထား..”

“ဟု”

ဘယ်လိုဆက်ဖြစ်မယ်ထင်တုန်း။

ကံကောင်းတယ်ဗျ။

မာဆတ်ကို ဝင်ဖမ်းတဲ့အချိန် မဇာကြီး နဲ့ပိုင်ရှင်အမ က အောက်မှာရောကျနပွေီ။

ဟိုအမက သူ့ဂရပ်ဗိုလ်မှူးကြီးဆီ သူ့ဖုန်းနဲ့လှမ်းဆက်နေတာ…ငနဲကြီးက ပထမစိတ်ဆိုးတော့ မကိုင်တာနဲ့ အချိန်ကကြာသွားတာ။

ဘဲကြီးဖုန်းကိုင်တော့….မှ ကိစ္စပြီးတာ။

ကျွန်တော့်ကို ဖာဂေါင်းလို့ပြောတဲ့ ရဲကြီးဆီ မြို့နယ်မှူးကဖုန်းဆက်ပါတယ်။

ဆက်ပြီးတာနဲ့ ကျွန်တော့်ကို လက်ထိပ်ဖြုတ်၊ ကောင်မလေးတွေကို ဖြုတ်ပြီး ပြန်ထွက်သွားပါတယ်။

“မင်းတို့..ဒီညတော့..ပိတ်ထားလိုက်တော့”

“ဟုတ်”

တကယ်က နှင်းသော်တာမာဆတ် ရှေ့က တိုက်မှာရှိတဲ့ မာဆတ်ကို ဝင်ဖမ်းတာမှာ နေရာမှားပြီး ဝင်ဖမ်းမိတာပါ။

ဗိုလ်မှူးကြီးကျေးဇူးနဲ့..ကျွန်တော် ဂျာကြီးအဖြစ် ဂျေးမအောင်းရတာပါလေ..။

ကျေးဇူးကြီးမားပါတယ်..အဘ…ဟဲဟဲ..ဟဲဟဲ။

အော်..တစ်နှစ်လောက်နေတော့..ဇာကြီးနဲ့ ပြတ်သွားတယ်နော်။

အဲ့ဒါတော့နောက်မှဆကျရေးတော့မယျ။

ဗြိတိသျှကိုကိုမောင်