ကျွန်းတစ္ဆေ၏သံယောဇဉ်

Posted on

ကျွန်းတစ္ဆေ၏သံယောဇဉ်(စ/ဆုံး)
————————————-

“””မခင်ရေ နေလဲစောင်းနေပြီ ငါကျွန်းဘက်ထွက်တော့မယ်ဟေ့”””

ယောကျာင်္းဖြစ်သူအသံကြောင့် မိးဖိုချောင်ထဲမှ မခင်ချိုကပျာကယာ ထွက်လာကာ

“””တော့ .. ကိုသက် ဒီမှာထမင်းဗူးယူသွားချေအုံး .. ရော့”””

ဘဲဥတစ်ခြမ်းချဉ်ရည်ဟင်းနှင့် အာလူးတစ်ဖက်သာပါသည့် အက်ကွဲကြောင်း ထနေသောထမင်းဘူးလေးအား ဇနီးဖြစ်သူလက်ထဲမှ လှမ်းယူလျက် ကိုသက် ထွက်လာခဲ့လေသည်။

ကိုသက်ထွန်းနှင့် မခင်ချိုတို့မိသားစုသည် ရခိုင်ပင်လယ်ကမ်းရိုးတမ်းရှိ ဝဲကလောင်းဟူသောတံငါရွာလေးတွင် နေထိုင်ကြသည်။ ညနေစောင်းရေကျချိန်သို့ ရောက်လျှင် ယောကျာင်္းဖြစ်သူသည် ပင်လယ်က ကျွန်းတွေပေါ်တက်ပြီး မြုံးနှင့်ဂဏန်းထောင်ကာ စျေးတွင် ပြန်ရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြခြင်းဖြစ်သည်။ တစ်နေ့လုပ်တစ်နေ့စားဖြင့် ဆင်းရဲလှသောသူတို့ဘဝတွင် အရွယ်မရောက်သေးသည့် ဆင့်ထက်ကဲ သားတစ်ယောက်နှင့်သမီးနှစ်ယောက်ရှိသည့်အပြင် မခင်ချိုမှာလဲ ကိုယ်ဝန်အရင့်အမာနှင့် ဖြစ်လေသည်။
• • • • • • •

“””ဟေ့ကောင်တွေ ရော့.. မင်းတို့က တစ်ပုံစီ ငါက ခေါင်းဆောင်ဆိုတော့ နှစ်ပုံယူတယ် ကျေနပ်လား”””

ဓားမြဗိုလ်မိုးကောင်းပြောရင်းဖြင့် သူ့ရှေ့မှ တပည့်လူမိုက်များအား ဝေ့ကြည့်လိုက်လေသည်။

“””ကျေနပ်ပါတယ် အာစိ .. အာစိကောင်းလို့ ကျုပ်တို့ခေါင်းနဲ့ကိုယ်အိုးစားမကွဲသေးတာ”””

တပည့် စကားကြောင့် မိုးကောင်းတစ်ယောက် မျက်လုံးများမှေးစင်းလျက် ကျေနပ်စွာ ခေါင်းငြိမ့်လိုက်လေသည်။

“””ကဲ မင်းတို့ပစ္စည်းတွေသိမ်းကြ ဒီညပဲ ဒီကခွာကြမယ် လူစုခွဲပြီး လိုရာဆက်ကြ နောက်6လနေရင် ဧရာဝတီမြစ်ရိုးဘေးက စဉ့်အိုးတန်းလမ်းမှာပြန်ဆုံကြမယ် သဘောပေါက်လား ဟေ့ကောင်တွေ”””

“””ပေါက်ပါတယ် အာစိ”””

ကိုသက်ထွန်း မြုံးထောင်ရန် ကျွန်းပေါ်တက်လာစဉ် ကုန်းကမူနောက်ဘက်မှ ထွက်ပေါ်လာသော စကားများကြောင့် သွားကြည့်လိုက်သောအခါ
ရွှေထည်ပစ္စည်းများအား ခွဲဝေယူနေကြသည့် ဓားမြအဖွဲ့ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

“””ဟာ ..ဟိုမှာ အာစိ ..လူ ..လူ”””

ဓားမြတစ်ယောက်က ကိုသက်ထွန်းကိုမြင်သွားပြီး ထအော်သဖြင့် ဓားမြဗိုလ်မိုးကောင်းက သူအားဆတ်ကနဲ လှည့်ကြည့်လိုက်ကာ

“””ဟေ့ကောင်တွေ ရပ်မနေနဲ့ မင်းပထွေးဟ အဲ့ဒါ .. ဒုက္ခရောက်သွားမယ် ဖမ်းကြစမ်း သွား ..”””

မိုးကောင်းစကားဆုံးသည်နှင့် လူမိုက်တပည့်များလဲ သူထံသို့ လျင်မြန်စွာပြေးဝင်လာသည်။
ကိုသက်ထွန်းလဲ ကြောင်နေပြီးမှ သတိဝင်လာကာ နောက်လှည့်ပြေးလေသည်။ သို့သော် သူရောက်နေတာက ကျယ်ပြောလှသော မြေပြင်ပေါ်မဟုတ်. ကျွန်းတစ်ကျွန်းဖြစ်နေ၍ သူ လှေပေါ်မရောက်မီ ထိုလူမိုက်များက သူ့အားဖမ်းမိသွားလေသည်။
~ ~ ~
ဓားမြဗိုလ်မိုးကောင်းရှေ့သို့ ရောက်သောအခါ
သူ၏တံခေါက်ကွေးအား နောက်မှ အားနှင့် ကန်ခံလိုက်ရသဖြင့် ဒူးထောက်ကျသွားလေသည်။
မိုးကောင်းက ကိုသက်ထွန်းဆံပင်များအား အရင်းမှဆွဲပြီး နောက်ဘက်သို့ လှန်ချလိုက်တော့ ဓားမြခေါင်းဆောင်မိုးကောင်းမျက်နှာအား မော့ကြည့်မိလျက်သား ဖြစ်သွားလေသည်။

“””ဟိတ်ကောင် မင်းက ဘယ်ကလဲ ဖြေစမ်း”””

“””ကျုပ် .. ကျုပ် ..ဝဲကလောင်းရွာကပါ”””

“””ဒီကျွန်းပေါ်ဘာလာလုပ်တာလဲ ငါတို့ကိုလာချောင်းတာလား မင်းက အစိုးရတပ်ကလား”””

“””မ.. မဟုတ်ပါဘူး ဂဏန်း လာထောင်တာပါ ကျုပ်မိသားစုစားဝတ်နေရေးအတွက် ဒီကျွန်းပေါ်မှာ ဂဏန်း လာထောင်နေကြပါဗျာ”””

လက်နက်များကိုင်ဆောင်ထားလျက် သူ့အားဝိုင်းရံထားသော ဓားမြများအား မော့ကြည့်ကာ ကိုသက် ဖြေလိုက်မိသည်။ တစ်ယောက်ချင်းဆိုရင်တော့ ကြောက်နေမည်မဟုတ်။
ယခုက အများနှင့်တစ်ယောက် လက်နက်များကိုင်ဆောင်ထားသော ထိုဓားမြများအား သူမည်သို့မျှ ယှဉ်နိုင်မည်မဟုတ်။

“””ငါတို့ ဘယ်သူတွေလဲ မင်းသိလား”””

“””မ .. မသိပါဘူး”””

“””မသိရင် မသေခင်လေးမှတ်သွား ကမ်းရိုးတမ်းရွာတွေကို ဓားမြလှည့်တိုက်နေတဲ့ ဗိုလ်မိုးကောင်းဆိုတာ ငါပဲ အစိုးရတပ်တွေနဲ့ ပြည်သူ့စစ်တွေညှပ်ပြီး လိုက်ဖမ်းနေလို့ ဒီကျွန်းပေါ်မှာ လာပုန်းနေတာကွ .. ကဲ
ဟေ့ကောင်တွေ .. ဒီကောင် ငါတို့ကို သိသွားပြီ သတင်းပေါက်ကြား သွားလိမ့်မယ် အရှင်မထားနဲ့ သတ်ပစ်လိုက်တော့”””

မိုးကောင်းစကားဆုံးသည်နှင့် ဓားမြတစ်ယောက်သူ့ရှေ့သို့ ဓားကိုင်လျက် ထွက်လာလေသည်။

“””မ .. မလုပ် ပါနဲ့ဗျာ ကျုပ်မှာ ကိုယ်ဝန်သည်မိန်းမနဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေရှိပါတယ် ကျုပ် .. ကျုပ်ကို ချမ်းသာပေးပါ”””

သူသေရမည်ကိုမကြောက်ပေ။
သူမရှိလျှင်ဒုက္ခရောက်မည့် ဆင်းရဲလှသော ဇနီးနှင့် သားသမီးများအား ထားခဲ့ရမည်ကို သူစိုးရိမ်ကြောက်ရွံလှသဖြင့် ဒူးထာက်လျက်သားဖြင့် လက်တကာကာနှင် အလျင်စလို တောင်းပန်မိလေသည်။

“””တောင်း .. တောင်းပန်ပါတယ်ဗျာ ကျုပ်ကို ..ကျုပ်ကို မသတ် ….အ…”””

• • • • • • •

“””ဘုတ် ..ဘုတ် ..ဘုတ်”””
မနက်ဝေလီဝေလင်းချိန်တွင် ထရံတံခါးအား ပုတ်နေသဖြင့် မခင်ချို အိပ်နေရာမှ ထလာခဲ့ကာ တံခါးဖွင့်ပေးလိုက်လေသည်။

“””တော့် ..ကိုသက် တော်ပြန်လာတာ ခါတိုင်းမနက်ထက် ပိုစောနေပါလား”””

ကိုသက်သည် ဇနီးသည်စကားအား မဖြေပဲ ပလိုင်းများဆွဲလျက် မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။ သူမဘေးမှ ဖြတ်သွားသော ကိုသက်ထွန်းထံမှ စူးရှလှသော သွေးညှီနံ့ကိုရသဖြင့် မခင်ချို ရင်ထဲမှ ပျို့တက်လာသဖြင့် ဂဏန်းများဆီမှ ထွက်လာသောအနံ့ဟု မခင်ချို ထင်လိုက်မိလေသည်။

“””သားတို့ သမီးတို့ မင်းတို့အဖေပြန်လာပြီ ထကြတော့”””

မခင်ချို သားသမီးများအား နှိုးကာ တစ်လက်စထဲ အိပ်ရာသိမ်း လိုက်လေသည်။ ထိုစဉ် ပလိုင်းများဆွဲလျက် အပြင်ပြန်ထွက်ရန် ဟန်ပြင်နေသော ယောင်္ကျားလုပ်သူအား မခင်ချိုမှ

“””ကိုသက် .. ဒါက.. ဘယ်တုန်း”””

“””ကျွန်းပေါ်”””

ခြောက်ကပ်အက်ကွဲနေသည့် ခင်ပွန်းသည်၏ အဖြေစကားကြောင့် မခင်ချို ကြက်သီးများထသွားလေသည်။

“””ဟင် .. ခုပဲရောက်တယ်တော် ဒါဆို နေအုံး ညကထမင်းကြမ်း နွေးပေးမယ် စားသွားအုံး”””

“””မင်းနဲ့ ကလေးတွေပဲစားလိုက်တော့ ငါမြုံးသွားပြန်ထောင်အုံးမယ်”””

ထွက်ရင်းဖြင့်ပြောသွားသော ယောင်္ကျားဖြစ်သူကိုကြည့်ပြီး ထူးဆန်းနေသည်ဟု မခင်ချိုထင်မိသည်။ ခါတိုင်းဆို မနက်ပြန်လာတာနှင့် ထမင်းကြမ်းကိုအရတောင်းတတ်သည်။ ယခုလိုလဲ ချက်ချင်းကြီး ပြန်မထွက်ဖူးပေ။
ကျွန်းသို့ပြန်သွားချိန်ကလဲ နေ့ဘက်မဟုတ် ညနေစောင်း ရေကျချိန်မှဖြစ်လေသည်။

• • • • • • •

“””ဟဲ့ .. မခင် ညည်းပြန်လာပြီလား”””

“””ပြန်လာပြီ အရီးလေး.. ရော့ အရီးလေးအတွက် လက်ဖက်ခြောက် ဝယ်လာတယ်”””

အရီးလေး ဒေါ်မြတင်သည် သူမတို့ဘေးအိမ်မှဖြစ်သည်။ ကိုသက်ပြန်လာပို့သော ဂဏန်းများအား မိုးလင်းသည်နှင့် မခင်ချိုက အရှေ့စျေးသို့ သွားပို့ကာရောင်းချရသဖြင့် အရီးလေးက ကလေးများကို လာရောက်ကြည့်ရူ့ ပေးထားခြင်းဖြစ်သည်။ ခါတိုင်း ကလေးတွေကို ကိုသက်နှင့်ထားခဲ့သော်လည်း ယခုမူ ကိုသက်က ဂဏန်းပြန်ပို့ပြီးချင်း နေ့မနားညမနား ထိုကျွန်းပေါ်သို့ပဲ ပြန်သွားတတ် လေသောကြောင့် အရီးလေးက လာရောက်ကူညီ ပေးနေခြင်းဖြစ်လေသည်။ ဒေါ်မြတင်သည် မခင်လက်ထဲမှ လက်ဖက်ခြောက်ထုတ်အား လှမ်းယူရင်း

“””ဟဲ့ မခင် ဒါနဲ့ ညည်းယောင်္ကျားလဲ မတွေ့တော့တာ ကြာပ.. ဘာလို့ အိမ်မှာပြန်မနေတော့တာတုံး”””

“””သြော် အရီးလေးရယ် ကျွန်မလဲ မွေးဖွားခါနီးပြီဆိုတော့ စရိတ်ကလိုတာကိုး အရီးလေးရဲ့ သူလဲနေ့မနားညမနား ရှာနေမှာပေါ့ မနက်တစ်ခါ ညနေတစ်ခါတော့ ပြန်လာပြီး ဂဏန်းတွေလာလာပို့တယ် အရီးလေးမတွေ့ဘူးလား”””

“””မတွေ့ပေါင်တော် .. အင်းး..ညည်းတို့ လင်များကျတော့ ဇနီးမယားကိုရှာဖွေ ကျွေးလိုက်တာ ကျုပ်တို့လင်များကျတော့လဲ ခါးလျားရှည် ပျင်းကြောထူကြီး ဆေးဖက်လိပ်သောက်ဖို့ပဲ လက်ပါလာတာတော် .. ပြော့ .. ပြောချင်ဘူး”””

အရီးလေးသည် မဲ့ကာရွဲ့ကာဖြင့် သူ့ယောင်္ကျားဖြစ်သူ ဘကြီးဖိုးစီကြားအောင် အော်ဟစ်ပြောနေသဖြင့် မခင်ချို ရယ်လိုက်မိလေသည်။

“””ဗျို့ အမေ ဘာလို့ အဖေ့မကောင်းကြောင်း ပြောနေတာတုံး”””

ရယ်ကျဲကျဲနှင့် ပလိုင်းများဆွဲလျက် မခင်အိမ်ထဲဝင်လာသော အရီးလေး၏ သားဖြစ်သူ ဖိုးမောင်စကားကြောင့် အရီးလေးမှ နှုပ်ခမ်းကို မျက်ခုံးတတ်ချိတ်မတတ် ရွဲ့လိုက်ကာ

“””နင်ကရော ဒါက ဘယ်တုန်း အဖေတူသားရဲ့”””

“””ဟာဗျာ .. အမေကလဲ ကျုပ်ကမပျင်းပါဘူး ခုပဲ ကျွန်းပေါ်ဂဏန်း သွားထောင်ကြည့်မလို့ဥစ္စာ အမေ့ကိုလာပြောတာ”””

“””ဟဲ့ .. ဖိုးမောင်ရဲ့ ဟိုတစ်လောက အဲ့မှာ ဓားမြအဖွဲ့တွေရေနစ်သေထားကြတာနော် သတိနဲ့သွားအုံး”””

“””အေးဗျ အမေရ ရေနစ်သေတဲ့ ချိန်ကလဲ ရေကျချိန်ကြီး ရေကျရင် ကျုပ်တို့ခါးလောက်ပဲရှိတာကို နစ်သေတာ ထူးဆန်းတယ်ဗျ”””

“””သေမှာပေါ့အေ လူသတ်ဓားမြတိုက်နေတဲ့ လူမိုက်တွေပဲ အသေတွေဆိုးချိန် ကျရောက်လာတော့လဲ သေရပြီပေါ့”””

“””ကိုသက်ထွန်းတော့ သွားနေတာပါပဲ အရီးလေးရယ် စိတ်ပူမနေနဲ့
သြော် .. ဟဲ့ .. ဖိုးမောင် အတော်ပဲ ခဏနေအုံး”””

မခင်ချို ပြောလျက် မီးဖိုထဲ ပြေးဝင်သွားလေသည်။

“””ရော့ နင့်အကိုဖို့ ထမင်းဗူးယူသွားအုံး
သူကြိုက်တဲ့ ဝက်သားနဲ့ ထည့်ပေးလိုက်တယ်လို့ ပြောလိုက်”””

“””ဟုတ်ကဲ့ အမ ကျုပ်ပေးလိုက်မယ် .. ကဲ ..အမေ့ ကျုပ်သွားမယ်နော်”””

အရီးလေးမြတင်မှ ထွက်သွားသော ဖိုးမောင်ကိုကြည့်လျက်

“””အလိုတော် ဂဏန်းထောင်တာ အချိန်ကုန်တယ်ဆိုတဲ့ ဖိုးမောင် ခုတော့လဲ ငသက်ထွန်းကို အားကျတယ်ထင်ပ သွားတာပဲ ဟုတ်ရဲ့လားလဲ မသိဘူးအေ ..
ကဲ .. မခင် ငါပြန်မယ် အိမ်က အဘိုးကြီးစားဖို့ စီစဉ်အုံးမယ်”””

“””ဟုတ်ကဲ့ အရီးလေး”””

• • • • • • •

“””ဗျို့ ..သူကြီးရေ့ ..သူကြီး”””

သူကြီးဦးသာအောင်သည် အနီးရှိ မျက်မှန်အား ကောက်တပ်လိုက်ကာ ခြံထဲသို့ အမောတကော ပြေးဝင်လာသူအား ကြည့်လိုက်လေသည်။

“””ဟဲ့ ..ဘာတုံးကွဲ့ ဖိုးမောင်ရဲ့ အလောတကြီးနဲ့”””

“””သူကြီး ..ဟို ..ဟို ..ဂဏန်းထောင်တဲ့ ကျွန်းပေါ်မှာ ခေါင်းပြတ်နေတဲ့ ကိုသက်ထွန်းအလောင်းကို တွေ့ခဲ့လို့ဗျ”””

“””ဟေ”””

~ ~ ~ ~ ~ ~ ~

မသတီစရာမြင်ကွင်းကြောင့် မခင်ချို နှာခေါင်းကိုလက်ဖြင့်အုပ်လိုက်ကာ

“””အို .. မဖြစ်နိုင်တာ ဒါ ကျွန်မယောင်္ကျားမဟုတ်ဖူး”””

ရွာသားများသယ်လာသော ပုပ်ပွကာ ပုံပျက်နေသည့် အလောင်းအား ကြည့်လျက် မခင်ချို ငြင်းဆန်လိုက်သည်။

“””သေချာကြည့်ပါအုံး မခင်ရဲ့ဒါက ညည်းယောင်္ကျား အမြဲဆောင်းလေ့ရှိတဲ့ ဦးထုတ်နဲ့ ဟော့ အလောင်းအပေါ်က ချည်ကြမ်းပုဆိုး အစိမ်းကွက်ကြီးက သူဂဏန်းထောင်သွားတိုင်း ဝတ်နေကျတွေမလားကွယ့်”””

သူမနံဘေးမှ အရီးလေးက အလောင်းအားလက်ညှိုးထိုးလျက် ဝင်ပြောလေသည်။

“””ဟုတ်ပါတယ် အရီးလေးရဲ့ ဒါပေမယ့်….”””

မခင်ပြောလက်စ စကားအားရပ်ကာ အလောင်းအား သေချာစွာ ထပ်ကြည့်လိုက်လေသည်။
ထိုကျွန်းပေါ်တွင် သေဆုံးနေတာ 1လလောက် ရှိပြီထင်၏ ။ အရိုးအသားများအား အကောင်တွေစားထားသဖြင့် ကုန်သလောက်ရှိနေကာ ပြတ်ရန်တဲတဲသာ ကျန်နေသော ဦးခေါင်းမှ မျက်နှာမှာလဲ မည်သူမည်ဝါ ဆိုတာဝေခွဲမရ။ အဝတ်များမှာ ကျွန်းပေါ်တက်တိုင်း ကိုသက် ဝတ်နေကျ အဝတ်အစားများ ဖြစ်သော်လည်း ဤအလောင်းမှာ ဘယ်နည်းနှင့်မှ သူမယောင်္ကျား ကိုသက်တော့ မဖြစ်နိုင်။

“””အဝတ်အစားဆိုတာ တူနိုင်တာပဲ ဒီအလောင်းကြီးက သေတာကြာပြီပဲ အသားတောင်မရှိတော့ဘူး ကျွန်မ ယောင်္ကျားကိုသက်က မနက်ကတင် ဂဏန်းတွေလာပို့ပြီး ကျွန်းပေါ်ပြန်သွားတာ ကျွန်မယောင်္ကျားမှ မသေတာကို ရှင်တို့ မဆင်မခြင်မပြောကြနဲ့”””

မခင်ချို ဒေါသနှင့် ပြန်အော်ပြောခဲ့လိုက်ပြီး အိမ်ထဲသို့ ဝင်ခဲ့လေသည်။ မည်သို့ပင်ပြောပြော မခင်ချိုက မယုံကြည်,လက်မခံသဖြင့် ရွာသားများလဲ လက်လျော့လိုက် လေတော့သည်။

• • • • • • •

မွေးပြီးတာ ရက်ပိုင်းမျှသာရှိသေးသော မခင်ချို၏ရင်ခွင်ထဲမှ သားငယ်လေးအား ငုံကြည့်ရင်း ကိုသက်တစ်ယောက် ကြည်နူးနေလေသည်။

“””မခင်”””

“””ပြောလေ ယောင်္ကျား”””

ကိုသက်၏ မျက်နှာသည် ချက်ချင်းညှိုးလျော်သွားကာ

“””နောက်ဆို ရွာထဲကို ငါလာလို့မရတော့ဘူး
ငါမကျွတ်လွတ်ချင်သေးဘူး မခင် ငါ့ကိုရည်စူးပြီး အမျှမဝေပါနဲ့အုံး”””

ခင်ပွန်းသည်စကားကြောင့် မခင်ချို အလွန်အံ့အားသင့်သွားလေသည်။

“””ကိုသက် ..ဒါ .. ဒါဆို .. တော် ..တော်က .”””

“””ဟုတ်တယ် မခင် .. ငါ့ကို ဓားမြတွေသတ်လို့ ငါသေသွားခဲ့ပါပြီ မင်းတို့သားအမိတွေကို စိတ်မချလို့ ငါ မကျွတ်လွတ်နိုင်သေးဘူး သားကိုရှင်ပြု သမီးတွေကိုနားသပြီးမှ ငါ့ကိုအမျှဝေပါ ငါကျွန်းပေါ်မှာပဲ ရှိနေတယ် .. ရေကျချိန်ဆို ကျွန်းပေါ်မှာဂဏန်းတွေလာယူပါ ငါသွားမယ် မခင်”””

“””ကိုသက် …ကိုသက်…”””

သူမရှေ့မှ မှုန်ဝါးစွာ ပျောက်ကွယ်သွားသော ယောင်္ကျားဖြစ်သူအား အော်ဟစ်ခေါ်ရင်း အိမ်မက်မှ ဖျပ်ကနဲလန့်နိုးလာသည်။ ကိုသက်သည် နေ့စဉ်နေ့တိုင်း ဂဏန်းတွေဖမ်းကာ လာလာပို့တာ အရင်ကထက်ပင် ပိုများသဖြင့် မခင်လဲ မီးဖွားစရိတ်ပင် စုဆောင်းမိနေပြီဖြစ်သည်။ ယခုလို နေ့ဘက်တွေတောင်မနားပဲ အလုပ်လုပ်နေတာလဲ မိသားစုအတွက် အလုပ်ပိုလုပ်နေသည်ဟုပဲ သူမထင်ခဲ့သည်။ ယခုတော့ ကိုသက်သည် အမှန်ပင်ဆုံးပါးသွားခဲ့ခြင်း ဖြစ်နေလေသည်။ မခင်ချိုသည် စဉ်းစားရင်း ခင်ပွန်းသည်အား သနားလှသဖြင့် ဝမ်းနည်းစွာပင် ငိုရှိုက်လိုက်လေတော့သည်။

မခင်ချိုသည် ညနေစောင်းရေကျချိန်တွင် ခင်ပွန်းသည်၏ ဝိဥာဉ်ရှိနေသော ကျွန်းပေါ်သို့သွား၍ အသင့်တွေ့ရသော ဂဏန်းများအား ကောက်ယူထည့်ပြီး စျေးဒိုင်သို့ရောင်းချကာ တဖြည်းဖြည်းနှင့် စီးပွားရေးအတန်သင့် ကောင်းမွန်လာလေသည်။ ရက်မှ လစား လမှ နှစ်စားကာ အငယ်ဆုံးသားလေးပင် အသက်6နှစ်အရွယ်သို့ ရောက်ရှိခဲ့ပြီ။
~ ~ ~ ~ ~ ~ ~

နေဝင်ရီတရော အချိန်တွင် ထိုကျွန်းပေါ်၌ အမျိုးသမီးတစ်ဦးသည် မျက်ရည်များရစ်ဝဲလျက် အတန်ကြာအောင် ငြိမ်သက်စွာဖြင့် ရပ်နေလေသည်။ သူမကတော့ မခင်ချို …

“””ကိုသက် ရှင့်ရဲ့ဆန္ဒအတိုင်း မနက်ဆို သားကိုရှင်သာမဏေအဖြစ်သွတ်သွင်းပြီး သမီးတွေကိုသီလရှင်အဖြစ် ချီးမြှောက်မယ့် အလှူနေ့ကို ရောက်ပြီ တော့်ကိုရည်စူးပြီး ရေစက်ချ အမျှဝေပါ့မယ် တော်ရောက်အောင် လာခဲ့ပါ ကျွန်မ ဖိတ်ခေါ်ပါတယ် ကိုသက်ရယ် အဟင့် ..ဟင့်”””

သူမနှုတ်ဖျားမှ တတွတ်တွတ်ပြောရင်းဖြင့် ထိန်းမနိုင်သော မျက်ရည်တို့က အတားအဆီးမဲ့စွာ စီးကျလာသည်။ မိသားစုအား စိတ်မချသဖြင့်
တမလွန်ဘဝကနေတောင် မိမိတို့ကို သံယောဇဉ်ကြီးစွာဖြင့် ရှာဖွေကျွေးကာ စောင့်ရှောက်ပေးသော တာဝန်ကျေလှသည့် ခင်ပွန်းသည်အား ထိုဘဝမျိုးမှ ကျွတ်လွတ်ပြီး ငြိမ်းချမ်းသော ဘဝကိုရစေချင်မိသည်။
~ ~ ~ ~ ~ ~ ~
ဇနီးသည်ကို လှမ်းကြည့်နေသော တမလွန်သားတစ္ဆေကိုသက်ထွန်း၏ မျက်ဝန်းမှ မျက်ရည်တို့ လိမ့်ဆင်းလာသည်။
ဒီမယား ဒီသားသမီးတို့နှင့် မရှိအတူ ရှိအတူ ပျော်ရွှင်စွာဖြင့် မခွဲအတူ နေချင်ခဲ့သည်။ သားရှင်သာမဏေ၏ အလှူ့ဒါယကာအဖြစ် ခံယူကာ
သပိတ်လွယ်၍ ရင်ကော့ပြီး လျှောက်လိုက်ချင်သေးသည်။
ယခုတော့ သူ့ရည်ရွယ်ချက်တို့က မသမာသူလူတစ်စု၏ လက်အောက်တွင် ပျက်သုဉ်းရကာ သူတို့ လွတ်မြောက်ရေးအတွက် ကိုသက်ထွန်း၏ အသက်ကို လွယ်လွယ်ပင် စတေးပစ်ခဲ့ကြသည်။

မျက်ရည်များသုပ်လျက် လှေပေါ်တက်ကာ ထွက်ခွာသွားသော ဇနီးသည်၏ ကျောပြင်အား ငေးကြည့်လျက်

“””မခင်ရယ် မင့်အနားမှာ ငါမရှိနိုင်တော့ဘူး
ငါ့ကိုခွင့်လွှတ်ပါကွာ မနက်ဖြန် အလှူတရားနာကို ငါလာပြီး သာဓုခေါ်ပါ့မယ် … ပြီးရင် မင်းနဲ့ သားသမီးတွေအနားကနေ ငါ အပြီးတိုင် ပျောက်ကွယ်သွားရတော့မယ် အီးးဟီးးးဟီးးး”””

ကိုသက်ထွန်း မျက်ဝန်းမှ လိမ့်ဆင်းကျလာသော မျက်ရည်စက်များက သူရပ်နေရာကျွန်းပေါ်သို့ ကျရောက်မလာပဲ လေထဲတွင်သာ လွင့်ပျယ်ပျောက်ပျက် သွားလေသည်။

တစ္ဆေတစ်ကောင်၏ ငိုညည်းသံကို မည်သူကများ ကြားနိုင်မည်နည်း။

• • • • • • •

ကိုသက်ထွန်း ကျောင်းဆောင်၏ အနောက်ဘက်ထောင့်၌ ကြုံကြုံလေးထိုင်ရင်း ဇနီးသည်နှင့် သားသမီးများအား လှမ်းကြည့်ကာ ပီတိမျက်ရည်တို့က ရစ်ဝိုင်းလာသည်။
ယခုတော့ ဒီမိသားစုကို ထားခဲ့ဖို့ သူစိတ်ချလေပြီ။

“””ကဲ ဒကာမကြီးရေစက်ချ အမျှဝေမယ်”””

“””တင်ပါ့ဘုရား”””

ဆရာတော်စကားကြောင့် ကိုသက်ထွန်း အသေအချာနားစိုက်ထောင်၍ ဘုရားကို အာရုံပြုထားလိုက်လေသည်။
“””——————————–
——————————–
——————————–“””
“””အလှူ့ဒါယကာမ ဒေါ်ခင်ချို
ယခုကဲ့သို့ ပြုလုပ်ရသော ကောင်းမှုကုသိုလ်အလှူတော်သို့ ကြွရောက်လာကြသော ဆွေမျိုးမိသင်္ဂဟအပေါင်းနှင့်တကွ ကွယ်လွန်သူ ကိုသက်ထွန်းအား ရည်စူး၍ အမျှပေးဝေပါသည် –
အားလုံး ကြားကြားသမျှ
အမျှ – အမျှ – အမျှ
ယူတော်မူကြပါကုန်သော်
သာဓု – သာဓု – သာဓု”””
• • • • • • •

မခင်ချို လှေငယ်ပေါ်မှဆင်းကာ ကျွန်းပေါ်တက်ခဲ့လေသောအခါ
တွေ့နေကျနေရာတွင် ရနေကျဂဏန်းများမရှိတော့။ နေရာအနှံ့ပတ်ကြည့်ပေမယ့် ဂဏန်းတစ်ကောင်တစ်လေမျှ မတွေ့ရတော့သဖြင့် မခင်ချို လှိုက်လှဲစွာပင် ပြုံးလိုက်မိလေသည်။

အကြောင်းမှာ —–
သူမ၏ ခင်ပွန်းဖြစ်သူ ကိုသက်တစ်ယောက် ဝိဥာဉ်ဘဝမှကျွတ်လွတ်ကာ ကောင်းမွန်ရာဘဝသစ်သို့ ရောက်ရှိသွားခြင်းကြောင့်ပင် ဖြစ်လေတော့သည်၊၊
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

#ကုန်ကြမ်းလာပေးသူအား_ကျေးဇူးအထူးတင်ပါသည်၊၊

THE END.
THANDS FOR ALL READING.

#WB – Sue Yint Marn

Credit – SMT