ကြမ္မာလေပွေ(စ/ဆုံး)
——————-
နေဝင်သွားပြီဖြစ်သော်လည်း အလင်းရောင်က
ရှိနေသေးသည်။ ညနေကရွာထားသည့်
မိုးကြောင့် လမ်းတလျှောက်ရေအိုင်ခွက်များ
ဖြစ်နေသည်။ တစ်ချက်တချက်တောင်ဘက်မှ
တိုးဝင်လာသော လေပြင်းများကြောင့်
သစ်ပင်များယိမ်းနွဲ့လှုပ်ရှား၍နေကြလေသည်။
နေ့တိုင်းဒီအချိန် ဖိုးမောင်တစ်ယောက်
အလုပ်ကပြန်လာချိန်ဖြစ်သည်။ အိမ်ရောက်
ရောက်ချင်း အိမ်အပေါက်ဝက အမေလှမ်း
ပေးသည့် ရေလဲပုဆိုးကိုယူ၍ ရေချိုးရန်
အိမ်နံဘေးကချောင်းဆီသို့ထွက်လာခဲ့သည်။
မိုးရေကြောင့်ကြည်လင်နေသော
ချောင်းရေမှာ နောက်ကျိကျိဖြစ်နေသည်။
ချောင်းဟိုဘက်ကမ်းနှင့်ဒီဘက်ကမ်းကို
နှစ်ခေါက်လောက်အားရပါးရလက်ပျစ်
ကူးလိုက်သည်။
ခန္ဓာကိုယ်တစ်ခုလုံးရေထိလိုက်တော့မှ
တနေကုန်ပင်ပန်းသမျှ အပန်းပြေသွားသည်ဟု
ထင်မိသည်။ သဲကြမ်းဖြင့်ခန္ဓာကိုယ်တခုလုံးကအညစ်အကြေးတွေကိုပွတ်တိုက်ရင်း
သန့်ရှင်းရေးလုပ်လိုက်သည်။
” သားထမင်းစားတော့မလား…
အမေ ပဲဆီသပ်နဲ့ငါးခြောက်ဟင်းချက်
ထားတယ်”
“ဒီနေ့တော့ အမေ ခူးခပ်မပေးနိုင်တော့ဘူး
နေရတာ မောမောနေလို့ ”
ကုလားထိုင်လေးပေါ်တွင်လဲလျှောင်းရင်း
နွမ်းလျှသောလေသံဖြင့် အမေကပြောနေသည်။
“ရတယ်အမေ သောက်ဆေးတွေကျန်သေးလား”
“နှစ်ရက်စာတော့ကျန်သေးတယ်
ခုတစ်ခါကုန်ရင် ဆေးမထုတ်တော့ဘူး
တစ်ခါဆေးထုတ်ရင်ငွေအများကြီးကုန်တာ
သားကိုလည်းသနားတယ် ”
“မဟုတ်တာအမေရယ်…အမေရှိတုန်းလေး
သားပြုစုခွင့်ရတာပါ သားမပင်ပန်းပါဘူး”
“သားအလုပ်သမားခေါင်းဆောင်ဆီက
အမေ့ဆေးပြဖို့ မနက်ဖန်ကြိုတင်
ငွေထုပ်လာခဲ့မယ် ”
ဖိုးမောင်အဖေဆုံးတော့ ဖိုးမောင်ကဆယ်နှစ်
သားရှိသေးသည်။ အမေတစ်ခုသားတစ်ခု
ဘဝဖြင့် လူ့လောကတွင်ငြိုးငယ်စွာရပ်တည်
နေထိုင်ခဲ့ရသည်။ အမေကစျေးတောင်းရွက်
ပြီးအရပ်တကာလှည့်စျေးရောင်းကာ
သားအစ်မိနှစ်ယောက်ဝမ်းရေးကိုဖြေရှင်းခဲ့
သည်။
ပညာရေးနှင့်ပတ်သက်၍ လေးတန်းအထိ
သင်ခဲ့ရသည်။ အမေကကျောင်းဆက်တက်ဖို့
ပြောသည်။အဖေမရှိတော့သည့်အတွက်
ဖိုးမောင်အရမ်းအားငယ်ရသည်။ အမေ့ကိုလည်း
ရွာစဥ်လှည့်စျေးရောင်းရတာကို စိတ်မချသည့်
အတွက် ကျောက်ဆက်မတက်ပဲအမေနဲ့အတူ
စျေးရောင်းလိုက်ခဲ့သည်။
အဖေဆုံးတော့အမေက အသက်ငါးဆယ်
ခန့်ရှိသေးသည်။ အမေ့ကိုလိုချင်သည့်
ယောက်ကျားတွေနှစ်ယောက်သုံးယောက်လောက်ရှိသည်။ သို့သော်အမေက သူ့သား
ပထွေးလက်အောက်မှာမျက်နှာငယ်ရမည့်
အဖြစ်ကိုတွေးမိသောကြောင့် နောက်အိမ်ထောင်
ပြုမည့်အရေးကိုးမစဥ်းစားခဲ့ချေ။
အမေ့အသက်ခြောက်ဆယ့်ငါးပြည့်ပြီ။
နုလုံးရောဂါကြောင့်ပင်ပင်ပန်းပန်းမလုပ်နိုင်
ခဲ့တာ သုံးနှစ်ခန့်ရှိခဲ့ပြီ။ ဖိုးမောင်၏ ပန်းရံအလုပ်
ကလေးဖြင့် သားအစ်မိနှစ်ယောက်စီးပွား
မဖြစ်သော်လည်း ထမင်းနပ်မှန်အောင်စား
နိုင်ခဲ့သည်။
ယခုအမေက သူ့အတွက်ဆေးမထုတ်တော့
ဘူးလို့ပြောနေသည်။ လူပျိုတယောက်ဖြစ်
ပါလျှက်နှင့် ခေတ်ပေါ်ဖုန်း အဝတ်အစား
တစ်စိုးတစိမျှ မရှိသော သူ့သားကိုသနား၍လည်း
ဖြစ်နိုင်သည်။
” ဒီရက်ထဲအသက်ရှုရတာ အရမ်းကြပ်တယ်
အမေ့ရင်ဘတ်ကိုသားလက်နဲ့ဖိထားပေး
ပါလားသားရယ် ”
တဒိတ်ဒိတ်နဲ့ခုန်မြည်သံမြန်နေသော
အမေ့ရင်ဘတ်ကိုလက်နဲ့ဖိရင်း အသက်ကို
ပြင်းစွာအားယူ၍ရှုနေရရှာသောအမေ့ကို
အရမ်းသနားမိသည်။ အမေ့ကိုယ်စားဖိုးမောင်
ဝင်ခံလိုက်ချင်မိသည်။
အမေ့ရောဂါတွေအမြန်ပျောက်အောင်
ကုသပေးချင်သည်။သို့သော်ဖိုးမောင်တို့
သားအမိမှာတစ်နေ့စာတနေ့ စားရဖို့ပင်
အနိုင်နိုင်ပါ။ ဒီကြားထဲဖိုးမောင်ကျန်းမာနေတာ
ပဲတော်သေးသည်။
မိုးလင်းသည်နှင့်ဖိုးမောင်တို့ရပ်ကွက်ကလေးက
ဆူညံစဖြစ်လာသည်။ဖိုးမောင် မီးမွှေး၍ ထမင်းအိုးအရင်တည်လိုက်သည်။ ညက
ဟင်းကျန်ရှိသောကြောင့် အမေ့အတွက်
ကြက်ဥကလေးတစ်လုံးကြော်သည်။
ဒီအလုပ်တွေက နေ့တိုင်းအမေလုပ်နေကြ။
အမေထည့်ပေးသည့်ထမင်းချိုင့်ကိုအဆင်
သင့်ယူ၍ အလုပ်သွားလိုက်ရုံသာ။
ညကအမေ့ရောဂါတိုးသည့်အတွက် ဖိုးမောင်
အလုပ်မသွားခင်အကုန်လုပ်ခဲ့ခြင်းဖြစ်သည်။
” အမေ သားအလုပ်သွားတော့မယ်
အမေ့အတွက်ကြက်ဥကြော်ခဲ့တယ်
ညနေစာ အမေမချက်နဲ့ ၊သားရောက်မှ
ချက်မယ်”
အမေ့ကိုမှာရင်း လွယ်အိပ်ကလေးလွယ်လျှက်
အလုပ်နေရာသို့ထွက်လာမိသည်။ စိတ်ကတော့
လေးနေသည် အမေ့ကိုလည်းစိတ်မချ။
ဖြစ်နိုင်ရင်အလုပ်မဆင်းပဲ အမေ့အနားမှာ
ပြုစုချင်သေးသည်။
သို့သော်အလုပ်ပျက်လို့မဖြစ်။တနေ့လုပ်မှ
တနေ့စားရသည့်မိမိဘဝကိုလည်း
ရင်နာမိသည်။
” ဆရာ ကျွန်တော့်အမေနေမကောင်းလို့
ဆေးပြဖို့ ကြိုတင်ငွေလေးလိုချင်ပါတယ် ”
” ဖိုးမောင်ခုရက်တွေအရမ်းငွေကြပ်တယ်
လကုန်လောက်မှ အလုပ်ရှင်ကငွေထုတ်မှာ
အဲဒီကျမှယူကွာ ”
နေ့လည်ပိုင်းထမင်းစားနားချိန်အလုပ်သမား
ခေါင်းဆောင်ကိုငွေပြောကြည့်သာ်လည်း
အဆင်မပြေလကုန်မှယူရန်ပြောနေသည်။
လကုန်အထိဆေးမသောက်ရလျှင်
အမေ့ကျန်းမာရေးပိုဆိုးတော့မည်။
ရက်ကွက်ထဲက ဘကြီးသာအောင်ဆီမှာလည်း
ငွေထပ်ပြော၍မဖြစ်။ ပထမယူထားသည့်
ငွေတောင်မဆပ်ရသေးလို့ သူ့အိမ်ရှေ့တောင်
ဖြတ်မလျှောက်ရဲပေ။ ဖိုးမောင်စဥ်းစားရကြပ်
နေသည်။
ညနေပိုင်းအလုပ်ဆင်းချိန် ဖိုးမောင်အလုပ်တွင်
စိတ်မပါ အမေ့ဆီသာစိတ်ကရောက်နေသည်။
ငွေမပါပဲ အိမ်သို့မပြန်ချင်ပေ။
ညနေအလုပ်သိမ်းချိန် ပစ္စည်းများသိမ်း
ပြီး အလုပ်ရှင်၏နေအိမ်ရေချိုးခန်းအတွင်းသို့
ဝင်၍ ခြေဆေး၊လက်ဆေးပြုကြသည်။
ရေကန်ပေါ်မှာတွေ့ရသည့်အရာ
တစ်ခုကြောင့် ဖိုးမောင်စိတ်တွေလှုပ်ရှားသွား
သည်။ အလုပ်ရှင်ရေချိုးစဥ် ချွတ်ပြီးမေ့ကျန်
ခဲ့သည့် လက်စွပ်တစ်ကွင်းပင်ဖြစ်သည်။
” အင်း ဒီအချိန်မှာငါ့အမေကို ကယ်နိုင်တာ
ဆိုလို့ဒီလက်စွပ်ပဲရှိတယ် ”
ဖိုးမောင် လက်စွပ်ကိုယူရန်စိတ်ကူးမိ
သည်။ အတူအဖော်များရေးဆေးပြီးချိန်ကို
စောင့်ဆိုင်းလိုက်ပြီး တစ်ယောက်ထဲကျန်
တော့မှ လက်စွပ်ကိုယူရန်ဟန်ပြင်လိုက်စဥ်
” သူများပစ္စည်းကို ပိုင်ရှင်မသိပဲမယူရဘူး
ယူမိရင် ငရဲမှာခံရမယ် …သားရေ ”
ငယ်ငယ်က အဖေဆုံးမခဲ့သည့်စကားကို
ပြန်လည်ကြားယောင်မိကာ ယူဖို့ရန်လက်တွန့်
သွားခဲ့သည်။ တစ်ဖန်အိပ်ရာထဲလဲနေသည့်အမေ့
မျက်နှာကိုမြင်ယောင်မိပြန်သည်။ ဒီနေ့မှ
ပိုက်ဆံမပါလျှင် နောက်နေ့အမေဘာဖြစ်မယ်
မှန်းမသိ။
ဒီအချိန် ဖိုးမောင်အတွက်အရေးအကြီးဆုံးက
အမေ့ဆေးဖိုးပိုက်ဆံရဖို့ပဲ။ ငရဲခံရတော့လည်း
ခံတော့မည်။ လူမမယ်ကလေးဘဝက အဖေ
တစ်ယောက်ကိုဆုံးရှုံးခဲ့ရပြီးပြီ။
ယခုတကြိမ် ဖိုးမောင်တစ်ယောက်လုံးရှိနေ
ပါလျှက်နဲ့ အမေ့ကိုထပ်ပြီးအဆုံးရှုံးမခံနိုင်တော့
ဘူး။ ဖြစ်လာသည့်ပြဿနာကို နောက်မှကြည့်
ရှင်းတော့မည်ဟု စိတ်ပိုင်းဖြတ်ကာ လက်စွပ်ကို
လွယ်အိတ်ကလေးထဲ အမြန်ထည့်လိုက်ကာ
အလုပ်ရှင်အိမ်က အမြန်ထွက်လာခဲ့သည်။
မိုးဦးကာလဖြစ်သည့်အလျှောက်
တောင်ဘက်မှ လင်းလက်
လာသောလျှပ်စီးများနဲ့အတူ မိုးရိပ်များတဖြည်း
ဖြည်းတက်လာနေသည်။ တစ်ချက်တချက်
တိုက်ခတ်လာသောလေပွေများကြောင့်
သစ်ကိုင်းတချို့ကျိုးပဲ့ကျလာနေသည်။
မကြာမှီမိုးရွာတော့မည်
ဖြစ်သောကြောင့် ဖိုးမောင်ခြေလှမ်းကို
ခက်သွက်သွက်လျောက်ပြီး သူတို့နေထိုင်ရာ
ရပ်ကွက်လမ်းထိပ်အရောက်တွင်…
” ဟေ့ ဖိုးမောင်ခဏနေဦး..”
နောက်ကခေါ်သံကြောင့် နောက်ဘက်ကို
လှည့်ကြည့်မိသည်။ မကြာမှီဖိုးမောင်အတွက်
ကံဆိုးမိုးမှောင်ကျတော့မည်ဆိုတာကို
ချက်ခြင်းသိလိုက်၏။ အလုပ်ရှင်နှင့်
ရဲနှစ်ယောက်ကားတစ်စီးဖြင့်ရောက်ရှိလာ၍
ဖြစ်သည်။
” ဟိုကောင်နှစ်ယောက်ဆီလိုက်ပြီး
ရှာပြီးပြီ၊ မင်းပဲကျန်တော့တယ် ငါ့လက်စွပ်
မင်းယူသွားတာမလား ”
” ကျွန်တော် မ ..မ ..မယူပါ…”
ပြန်ရှင်းပြချိန်တောင်မရလိုက်ပါ
ရဲနှစ်ယောက်က ဖိုးမောင်လွယ်အိတ်ထဲက
လက်စွပ်ကိုရှာတွေ့သွားသည်။
” ဦးခင်မောင်…ပစ္စည်းပြန်ရပြီ တရားခံကို
ဘယ်လိုလုပ်ချင်လဲ ”
” ဒီလို စာရိတ္တမကောင်းတဲ့ အောက်တန်းစား
တွေကိုခိုးမှု့နဲ့ တရားစွဲထောင်ချလိုက်ကွာ ”
ရဲတစ်ယောက်ရဲ့အမေးကို အလုပ်ရှင်
ဦးခင်မောင်ပြန်ဖြေသည့် စကားကြောင့်
နားထဲမိုးကြိုးပစ်လိုက်သလို ဖိုးမောင်ခံစား
လိုက်ရသည်။
စာရိတ္တမကောင်းတဲ့ အောက်တန်းစားတွေတဲ့။
ပြောရက်လိုက်လေခြင်း၊
ဖိုးမောင်ရင်ထဲမကောင်းလိုက်တာ
ကိုယ်တွေလိုအောက်ခြေလူတန်းစားတွေရဲ့
ဘဝအခက်အခဲပြဿနာတွေကို သူတို့
သိပါလေစ။ ဘဝကံအခြေအနေကြောင့်
မခိုးချင်ပဲခိုးလိုက်ရတာ။
ဖိုးမောင်အသက် နှစ်ဆယ်ကျော်လေးရှိသေး
သည်။ တသက်လုံးနာမည်ပျက်မည့်အလုပ်ကို
ဘယ်လုပ်ချင်ပါ့မလဲ။
” ကျုပ်အမေ ဆေးကုဖို့ ခင်ဗျားတို့အထက်တန်းစားလူတွေက ဘယ်သူကလာပြီးငွေကူပေးလို့လဲ
ဖိုးမောင်ဘဝမှာ ခိုးတဲ့ငွေနဲ့ ထမင်းတလုပ်မှ
မစားခဲ့ဖူးဘူး။ ဒီတစ်ခါ ဖိုးမောင်ခိုးတာ
မိဘအတွက်ဗျ “လို့
အော်ဟစ်ပြောလိုက်ချင်သော်လည်း
အချိန်မရလိုက်ပါ ရဲနှစ်ယောက်က
ဖိုးမောင်ကို လက်ထိပ်ခပ်၍ စခန်းသို့ခေါ်
ဆောင်၍ သွားလေပြီ။
တညနေလုံးသဲသဲမဲမဲရွာနေသော မိုးကြောင့်
ယနေ့သည်နေလုံးကွယ်ချိန်ပင်မရလိုက်ပါ။
နေ့တိုင်းဒီအချိန်ဆိုရင် ဖိုးမောင်အိမ်ပြန်ရောက်၍
အမေကမ်းပေးသည့် ရေလဲပုဆိုးဖြင့်ချောင်းထဲမှာရေချိုးပြီးလေပြီ။
ဒီနေ့သူ့သား အချိန်မှန်ပြန်ရောက်မလာသည့်
အတွက် ရောဂါသည်အမေအိုက အိမ်အပေါက်
ဝမှာ သူ့သားကိုမျှော်နေရှာတော့မည်။
ဒီနေ့ သူ့သားပြန်ရောက်မလာသည့်အတွက်ရောဂါသည်အမေအို ထမင်း
စားရပါ့မလား…
ခုည အမေမောနေခဲ့ရင် ဘေးကနေ
ယပ်ခတ်ပေးဖို့၊ရေခပ်ပေးဖို့၊ ရင်ဘတ်ကို
ဖိထားပေးဖို့ သူ့သားမရှိရင် အမေတစ်ယောက်
ထဲအဆင်ပြေပါ့မလား…
အမေတသက်သူ့သား အိမ်ကိုပြန်မလာ
နိုင်တော့ဘူးဆိုတာကို ရောဂါသည်အမေအို
သိနိုင်ပါ့မလားတွေးတောရင်း အချုပ်ခန်း
နံရံကိုမှီလျှက် ဖိုးမောင်မျက်လုံးအိမ်က
မျက်ရည်တွေ တသွင်သွင်စီးကျလာနေသည်။
( ကျန်းမာ ချမ်းသာကြပါစေ)
#ခင်ဇော်
28-5-2022)