ကြာဖြူ

Posted on

ကြာဖြူ(စ/ဆုံး)

———–

အချိန်ကား ည ၁၂ ဝန်းကျင်ခန့်။မှောင်မည်းတိတ်ဆိတ်နေသော ညတစ်ညတွင် ကြောက်ခမန်းလိလိ အော်သံနှင့်အတူ ဆူညံသွားသည်။တစ်ခဏ အကြာ တိတ်ဆိတ်နေသော နေရာ တစ်နေရာမှ ဒေါက်ဖိနပ်သံ တစ်သံ ထူးခြားစွာ ထွက်ပေါ်လာသည်။အဖြူရောင်ဂါဝန်လေးနှင့် ခါးထိရှည်သော ဆံနွယ်များကို သပ်တင်ရင်း ကောင်မလေးတစ်ယောက် အိမ်တစ်ခု၏ လှေကားသို့ ပြာယိပြာယာ တက်ပြီး တံခါးကို အဆက်မပြတ်ခေါက်လိုက်သည်။
“အိမ်ရှင်တို့”
“အိမ်ရှင်တို့”
တံခါးခေါက်သံနှင့်အတူ မိန်းကလေး တစ်ယောက်၏ ခေါ်သံကြောင့် လွင်ထူး မျက်လုံးတွေကို အားယူဖွင့်ကာ အိပ်ယာမှ ထလိုက်သည်။၂၄နာရီ တာဝန်ထမ်းဆောင်နေရသော မီးရထားဝန်ထမ်း တစ်ဦးဖြစ်တာကြောင့် ဂျူတီနားသည့်အချိန် လာနှိုးသည့် ခရီးသည်များကို လွင်ထူး စိတ်မရှည်တတ်။စာရေးမရှိသော တောဘူတာလေးတွင် တာဝန်ကျနေသာ လွင်ထူးဆီ ခရီးသည်များ လက်မှတ်ဖြတ်ရန် ရောက်လာတတ်သည်။စိတ်ဆတ်သူပီပီ တံခါးကို ဆွဲဖွင့်လိုက်ကာ မျက်လုံးတွေကို မဖွင့်ဘဲ အိပ်ချင်မူးတူးနဲ့ အော်ပစ်လိုက်သည်။
“ဘယ်သူလဲ ။ ဘာကိစ္စလဲ ”
“ဟိုလေ..”
တစ်ဖက်က အသံလေးတိတ်သွားကာ စကားရပ်သွားလျှင် လွင်ထူး မျက်လုံးတွေ ဖွင့်လိုက်သည်။တော်တော်လှသည့် ကောင်မလေး။မီးရောင်နှင့်မို့ လှနေသည်လားတော့ မပြောတတ်။အသားဖြူဖြူ ခပ်သွယ်သွယ်၊ရှည်လျားပြီး ကော့ညွတ်နေသော မျက်တောင်ရှည်ရှည်လေးတွေ၊ဝင်းဖန့်ပြီး ချစ်စရာကောင်းလွန်းသည့် မျက်နှာဝိုင်းလေးက ဆွဲဆောင်မှု ရှိလွန်းသည်။
“ဘာကိစ္စရှိလို့လဲ ပြောလေ ”
မေးလို့သာ မေးနေပေမယ့် လေသံက မသိမသာ ပျော့ပြောင်းလာသည်။
“ညီမ လက်မှတ်ဖြတ်ချင်လို့ ”
ဒိင်္ချိန် ရထားလက်မှတ်ရောင်းရန် တာဝန်ကျ ရုံပိုင် ဘူတာမှာရှိနေ၍ လက်မှတ်ဖြတ်ချင် ဘူတာသွားလေ ပြောလို့ရပေမယ့် စကားလုံးတွေက ထွက်မလာ။သူမ မျက်လုံးတွေကိုသာ လွင်ထူး စိုက်ကြည့်နေမိသည်။လေတစ်ချက်အဝှေ့ သင်းပျံ့ ချိုအီသွားတဲ့ သူမရဲ့ ကိုယ်သင်းရနံ့လေးကိုပဲ လွင်ထူး ရင်ခုန်မိလေသလား။
“အစ္​ကို ”
“အေး ဘယ်သွားမှာလဲ ညီမလေး ”
“မန္တလေးကိုပါ အစ်ကို။ညီမက နယ်ကို ခဏပြန်လာတာ။ မန္တလေးကို ပြန်ချင်လို့ ”
“သြော်..မနက်မှတော့ မဖြတ်ဘူး..”
“ဟိုလေ .. ညီမက ဇီးကုန်းကပါ။ရထားရပ်တဲ့အချိန် ခဏဆင်းရင်း ကျန်နေခဲ့တာ။နောက်ရထားများ ရှိမလားလို့ အကူအညီ ရလို့ ရညား..”
ပြောရင်း အသံလေးသိမ်ဝင်လာသော သူမအား သနားစိတ်ဖြစ်လာမိသည်။ညကြီးအချိန်မတော် လက်မှတ်ဖြတ်ရန် သူ့ဆီရောက်လာသော ကောင်မလေးအား ဇဝေဇဝါ ဖြစ်မိသော်လည်း မိန်းကလေးတစ်ယောက်ထဲ ဒုက္ခရောက်နေသည်ကိုလည်း ကြည့်မနေနိုင်။ အသိတစ်ယောက်ယောက်က လွှတ်လိုက်၍ ရောက်လာခြင်း ဖြစ်လေမလား စဉ်းစားမရ။တစ်ဆက်ထဲ ဘာမှ ဆက်မေးမနေတော့ပဲ ကူညီဖို့ ဆုံးဖြတ်လိုက်သည်။
“ဘူတာက အစ်ကို့ဆီ လွှတ်လိုက်လို့လား ..”
“မဟုတ်ဘူး အစ်ကို။ ညီမလေး ရုံးခန်းထဲဝင်တော့ ဘယ်သူမှ အရေးမလုပ်ကြလို့။အကုန်လုံး အလုပ်ရှုပ်နေကြတယ်။အဲ့မှာ နောက်ရက် လက်မှတ်ကြို ဖြတ်မယ့် ခရီးသည်တစ်ယောက်ကို အစ်ကိုဆီ လွှတ်နေတာ။ရုံပိုင်လေးအိမ်က ဘူတာအနောက်ဘက်က လိုင်းခန်းတွေမှာ ရှိတယ်တဲ့။အာ့နဲ့ ညီမလေး လိုင်းခန်းတွေဘက် လျောက်ရင်း တွေ့တဲ့အိမ် တံခါးခေါက်လိုက်တာ။ကူညီပါ အစ်ကိုရယ် ..”
လွင်ထူးဘာပြောရမှန်းပင် မသိတော့။ခေါင်းတစ်ချက်ကုတ်ပြီး သူမကို တစ်ချက်ကြည့်လိုက်သည်။အပြစ်ကင်းစင်လွန်းသည့် မျက်နှာလေး။ ကိုယ့်ညီမလေးသာ ဖြစ်လိုက်ပါတော့လား။
“ဟုတ်ပြီလေ။ အစ်ကို ဘူတာလိုက်ပို့မယ်။မနက်၃နာရီ ရထားတော့ရှိသေးတယ် ”
လွင်ထူး အခန်းတံခါးပိတ်ပြီး အပြင်ထွက်လိုက်လျှင်..
“အစ်ကို .. ကန်တော့နော်။ညီမ ဖိနပ်လေး ပြတ်သွားလို့ အဲ့တာ အပ်ချိပ်လေး ဒါမှမဟုတ် ကော်လေး ရှိမလားဟင်။ ညီမ လမ်းလျောက်ရတာ အဆင်မပြေလို့ပါ ”
“ရှိတယ် ညီမလေး ..”
လွင်ထူး အိမ်ထဲ အမြန်ဝင်ကာ အပ်ချိပ်နဲ့ကော်ဘူး ထုတ်ပြီးပေးလိုက်လျှင် သူမက ဝတ်ထားတဲ့ ဂါဝန်အရှည်လေး မ ကာ ဖိနပ်သိုင်းကြိုးကို ဖြုတ်လိုက်သည်။ ဘုရားရေ။ ကောင်မလေး ခြေကျင်းဝတ်နဲ့ ခြေဖမိုးက ပြတ်လုဆဲဆဲပါလား။လွင်ထူး ခေါင်းတွေကြီးသွားသည်။ အိပ်ချင်မူးတူးလဲ မဟုတ်တော့တာကြောင့် အမြင်ဝေဝါးခြင်းလဲ မဖြစ်နိုင်။လွင်ထူး မျက်လုံးတွေကို သေချာပွတ်သတ်ပြီး ကြည့်လျှင် ဖိနပ်ပြတ်တဲ့နေရာ အပ်ချိတ်လေးတွယ် ကော်လေးကပ်ပြီး ဖြူနုနေတဲ့ ခြေထောက်လေးလျှိုရင်း ပြုံးနေတဲ့ သူမ မျက်နှာကို မြင်လျှင် ရင်တွေ အတိုင်းအဆမသိ ခုန်လာသည်။စောစောက ပြတ်လုဆဲဆဲ ဖြစ်နေသည့် ခြေထောက်လဲ မဟုတ်တော့။ အိပ်ရေးပျက်တာ များ၍ လွင်ထူး အမြင်မှားခြင်း ဖြစ်နိုင်သည်။လွင်ထူး အိမ်တံခါး သော့ခတ်ပြီး ကောင်မလေးရှေ့ကနေ စကားတွေပြောရင်း ဘူတာဘက်ဆီ လမ်းလျောက်လာခဲ့သည်။ကောင်မလေး နာမည်က ကြာဖြူ ။အသက်က ၂၀တဲ့။ဇာတိက ဇီးကုန်းက ။ကျောင်းတက်ရင်း အလုပ်လုပ်နေသည်ဆိုပဲ။ဘူတာနှင့် လိုင်းခန်းက သိပ်မဝေးလွန်းလှ။၅မိနစ်လောက် လမ်းလျောက်ယုံမျှဖြင့် ရောက်သည်။ဘူတာပေါ်ရောက်လျှင် တစ်ယောက်တစ်ပေါက် ပြောကာ ဆူညံနေသော ခရီးသည်အချို့နှင့်ဝန်ထမ်းများကို တွေ့လျှင် လွင်ထူး ရုံးခန်းထဲ ပြေးဝင်လိုက်သည်။
“ဘာဖြစ်လဲ..”
“ဂိတ်မှာ accident ဖြစ်လို့ ..”
“ဘယ်အချိန်က ဖြစ်တာလဲ”
” နာရီဝက်ကျော်ကျော်လောက် ရှိပြီ ဘိုင်လေး။ကျွန်တော် အခု ဂိတ်ကို သွားမလို့။လိုက်ခဲ့ဦီးမလား ..”
(မီးရထားမှာ တာဝန်ထမ်းဆောင်နေသည့် ရုံပိုင်လေးကို ဘိုင်လေးလို့ ခေါ်တတ်ကြသည်၊)
လွင်ထူး ရင်ထဲပူထူသွားသည်။ပြီးမှ သူနဲ့အတူ ပါလာခဲ့သော ကောင်မလေးကို သတိရပြီး လိုက်ရှာမိသည်။ကိုယ်တိုင်ကလဲ သတိလက်လွတ်ဖြစ်သွား၍ ကောင်မလေး အကူအညီ တောင်းထားသည်ကို ခေတ္တမေ့သွားခဲ့သည်။နောက်ဆုံး ရှာမတွေ့သည့်အဆုံး ဂျာမတာ ကောင်လေးနှင့် အတူ ဂိတ်ကို လိုက်ခဲ့လိုက်သည်။ဂိတ်မှာ လူတွေ ဝိုင်းအုံနေကာ နာရေးကားပေါ်တင်နေသည့် အလောင်းတစ်လောင်းကို မြင်လျှင် ရင်ထဲ အမျိုးအမည်မသိတဲ့ ဝေဒနာကြီး တစ်ခုက်ို ခံစားလိုက်ရသည်။ ကိုယ်နဲ့သိတဲ့ အသိတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်မျိုး။
“ကောင်မလေး တစ်ယောက်ဗျာ ဖြူဖြူချောချောလေး။ရှိလှ ၁၉ ၂၀၊ ရထားအပေါက်ဝမှာ စီးရင်းက ပြုတ်ကျတာတဲ့”
“ဘယ်ဘက် ခြေထောက်ပါသွားတယ်..”
ဟင်။ ဘေးက တစ်ယောက်ရဲ့ ပြောသံကို ကြားလျှင် လွင်ထူး လူတွေကြားထဲ တိုးဝှေ့ ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ဂိတ်တံခ ါးနားက ဒေ ါက်ဖိနပ် ပြတ်လေး တစ်ဖက်ကို တွေ့လိုက်ရလျှင် မျက်လုံးထဲ ကောင်မလေး ဖိနပ်သိုင်းကြိုး ဖြုတ်စဉ်က မြင်ကွင်းကို သတိရမိသွားသည်။ ထို ကောင်မလေးမဟုတ်ပါစေနဲ့။ လွင်ထူး စိုးရိမ်ကြီးစွာနဲ့ နာရေးကားပေါ်က အုပ်ထားတဲ့ အဝတ်စကို ဖယ်လိုက်လျှင် အခန်းတံခါး လာခေါက်ကာ လက်မှတ်ဖြတ်ပေးဖို့ အကူအညီတောင်းသည့် ကောင်မလေးကို တွေ့လိုက်ရသည်။မင်း ဖြစ်နေတာလားကွာလို့ တီးတိုးရေရွတ်လိုက်ရင်း စ်ိတ်မကောင်းယုံမှလွဲ၍ ဘာမှ မတတ်နိုင်။ရင်ဘတ်ထဲ တဆစ်ဆစ်နဲ့ နာကျင်လာသည်။ ဝေ့ဝဲနေသည့် မျက်ရည်စတွေကို ပုတ်ခတ် ပုတ်ခတ်လုပ်ပြီး မငိုမအောင် စိတ်ထိန်းလိုက်ရသည်။ အခန်း ပြန်ရောက်တဲ့ထိ တော်တော်နှင့် အိပ်မပျော်။ အခန်းတံခါး ခေါက်သံကြားလို့ “ဘယ်သူလဲ”. မေးလိုက်လျှင်လဲ “ကြာဖြူပါ အစ်ကို”တဲ့။မိုးမလင်းခင်ထိ တစ်ညလုံး သူမ တံခါးလာခေါက်သည်။ အခန်းထဲကနေ အပြင်ကို ချောင်းကြည့်မိလျှင်လဲ မျက်နှာငယ်လေးနှင့် ရပ်နေသော သူမကို မြင်ပြီး ကြောက်စိတ်မဖြစ်မိ။ ကရုဏာ သက်မိသည်။နောက်ဆုံး လွင်ထူး ချောင်းကြည့်နေသည့် နေရာကို သိပုံရကာ လှမ်းကြည့်ကာ ငိုနေလျှင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ မနက် မိုးလင်းတာနှင့် လွင်ထူး ဘုန်းကြီးကျောင်းအတွက် ဆွမ်းချိုင့်ပြင် ဘုရားသွား ကုသိုလ်ပြုရင်း ထိုကောင်မလေးကို ရည်စူးကာ အမျှအတန်းပေးဝေခဲ့သည်။ အတိတ်ဘဝက ဘယ်လိုရေစက်ကြောင့် အခုလို ဘဝမှာ ဆုံရမှန်း မသိပေမယ့် တစ်ခဏအတွင်းမှာ သံယောဇဉ် ဖြစ်မိသည်။ ကြာဖြူဆိုတဲ့ ကောင်မလေးရေ .. မင်း သွားချင်တဲ့ နေရာ လွတ်လပ်စွာ သွားနိုင်ပါစေကွာ..။

လေးစားစွာဖြင့်
နွေရွက်လွှာ
××××××××××××××××××××××××××××××××××××××××