ကြွေးဟောင်းကိုလည်းဆပ်ပါမည်

Posted on

ကြွေးဟောင်းကိုလည်းဆပ်ပါမည်(စ/ဆုံး)
——————————————–

“အစ်ကို ဘာဖြစ်လို့လဲ။ထမင်းစားရတာ အဆင်မပြေဘူးလား ဟင်။ဟင်းက အရသာ မရှိလို့ လား။အစ်ကို ထမင်းစားတာ နည်းတယ်နော်။တစ်ပန်းကန်တောင် မကုန်ဘူး။”

“မဟုတ်ပါဘူး သင်းရယ်။ဟင်းက ကောင်းပါတယ်။ချက်ထားတာလည်း အဆင်ပြေပါတယ်။အရသာလည်းရှိပါတယ်။အစ်ကို ကိုယ်တိုင်က စားချင်စိတ်မရှိတာပါ။”

ဇနီးဖြစ်သူ သင်းသင်းအေး က ထမင်းစားပွဲပေါ်မှ ဟင်းများကို ငုံ့ကြည့်ရင်း ဇွန်နဲ့ ခပ်ကာ မြည်းကြည့်နေပါတယ်။ပုစွန်တုပ်ဆီပြန်၊အမဲနှပ်၊မြင်းခွါရွက်သုပ်၊အစိမ်းကြော်၊မုန်လာဥချဉ်ရည်ဟင်း။

“ဟင်းက ချက်ထားတာ အရသာရှိပါတယ် အစ်ကိုရယ်။ဒေါ်ကြိုင်က ဟင်းချက်လက်ရာ ကောင်းပါတယ်။ဘာလဲ။အစ်ကို နေမကောင်းဘူးလား။”

“ကောင်းပါတယ်။အစ်ကို ဘာမှ မဖြစ်ပါဘူး။ဒီလိုပဲ အခုတလော အစ်ကို ထမင်း စားချင်စိတ်၊သောက်ချင်စိတ် မရှိဘူးဖြစ်နေတာပါ သင်း။ရာသီဥတု ပူလို့နဲ့ တူပါရဲ့ ကွာ။”

“ဒါဆိုအစ်ကို ကြာဇံပြုတ်ဖြစ်ဖြစ်၊ခေါက်ဆွဲပြုတ်ဖြစ်ဖြစ် ချဉ်စပ်လေး စားမလား။သင်း လုပ်ပေးမယ်။”

“ရပါတယ် သင်းရယ်။မလုပ်ပါနဲ့။အစ်ကို ခေါက်ဆွဲပြုတ်လည်း စားချင်စိတ်မရှိပါဘူး။အလိုလိုနေရင်းကို ဗိုက်ပြည့် နေတာပါကွာ။သားနဲ့ သမီးကိုပဲ သေချာကျွေးလိုက်ပါ။”

ထမင်းစားပွဲပေါ်မှာ သားကြီးကောင်းဆက်နဲ့ သမီးငယ် သင်းရနံ့လှိုင်တို့ကတော့ ပုစွန်တုပ်ဆီပြန်ဟင်း၊အမဲနှပ်တို့နှင့် အားရပါးရ စားနေကြတယ်။သူတို့ကို ကြည့်ပြီး ကျွန်တော် ပြုံးမိသွားရတယ်။သားကြီးက ၅နှစ်။သမီးငယ်က ၃နှစ်။သူတို့ရဲ့နှုတ်ခမ်းတဝိုက်မှာ ဆီလေးတွေ ဝေ့လို့။ပေနေတာ လေးက ချစ်စရာ။သားကြီးရဲ့ ခေါင်းလေးကို ကျွန်တော် ခပ်ဖွဖွ ပုတ်ရင်း မေးမိတယ်။

“စားကောင်းလား သား။ကြီးကြီးကြိုင် လက်ရာ ပုစွန်တုပ်ဟင်း ကောင်းလား။ထမင်းထပ် ယူဦးမလား။”

သားကြီးက ပါးစပ်ထဲမှာ ထမင်း ပလုတ်ပလောင်း ဝါးသံနဲ့ ခေါင်းငြိမ့်ပြတယ်။

“ဝုတ် ၊ကောင်းတယ် ဖေဖေ။”

ကျွန်တော် သားကြီးပန်းကန်ထဲ ထမင်းတစ်ဇွန်း ခပ်ထည့်ပေးလိုက်တယ်။

“ဖြည်းဖြည်းစား။ထမင်း နင်နေပါဦးမယ်ကွာ။ရော့ ဒီမှာ ရေခွက်။”

ရင်မှာ ဖြစ်တဲ့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာအပြည့်နဲ့ သားနဲ့ သမီးကို ကျွန်တော် ချစ်မဝစွာ ငေးကြည့်မိတယ်။ဪ ချစ်စရာကောင်းလိုက်တဲ့ သားလေးနဲ့သမီးလေး။သမီးငယ်လေးကိုတော့ သူ့အမေက ပေမှာစိုးလို့ ခွံ့ကျွေးနေတယ်။မျက်လုံးဝိုင်းဝိုင်း၊ပါးဖောင်းဖောင်းလေးတွေနဲ့ သားနဲ့ သမီးကို မြင်ရတာ ကျွန်တော်ငယ်ငယ်က ပုံရိပ်လေးတွေကို ပြန်မြင်နေရ သလိုပါပဲ။

“ဪ အစ်ကို့ကို သင်းပြောစရာ ရှိတယ် သိလား။အစ်ကို မနက်ဖြန် ပိတ်ရက်ကျရင် အစ်ကို့အတွက်ရယ်၊သားနဲ့ သမီးအတွက်ရယ် အဝတ်အစားဝယ်ပေးရင်းနဲ့ အိမ်အတွက်လည်း လိုအပ်တာလေးတွေ ဝယ်မယ်။သင်းတို့ မိသားစု စျေးဝယ် ထွက်မလားလို့။သားနဲ့သမီးကိုလည်း သူတို့ သွားချင်တဲ့ ကစားကွင်းနဲ့ တိရစ္ဆာန်ဥယျာဉ်လည်း ပို့ပေးချင်တယ် အစ်ကို။”

“သွားလေ သင်း။ကောင်းသားပဲ။ဪ.ဒါပေမဲ့ အစ်ကို မနက်ဖြန်တော့ မအားဘူး။အစ်ကို မလိုက်နိုင်ဘူး။ဦးမြိုင်ကိုပဲ ခေါ်သွားလိုက်လေ။ဦးမြိုင် ရှိနေသားပဲ။အစ်ကို မနက်ဖြန် အမေ့ဆီ သွားစရာ ရှိတယ်။”

ကျွန်တော့စကားကြောင့် သင်း မျက်နှာညိုသွားတယ်။စူစူပုပ်ပုပ်ဖြစ်လာတယ်။

“အစ်ကိုရယ် ပိတ်ရက်လေး ဆုံတုန်း သင်းတို့ မိသားစု ပျော်ပျော်ရွှင်ရွှင် စျေးဝယ် ထွက်ရင်း လည်မလားလို့ သင်းက စိတ်ကူးထားတာ။အခုတော့ သွားပြီ။”

“မဖြစ်ဘူး သင်း။အမေ့ဆီကို အစ်ကို ဒီတစ်ပတ်ရအောင်သွားရမယ်။အစ်ကို မနက်ဖြန် လာမယ်လို့လည်း အမေ့ဆီ ဖုန်းကြိုဆက် ထားပြီးပြီ။အမေ မျှော်နေလိမ့်မယ်။ပြီးခဲ့တဲ့ အပတ်ကလည်း ဦးကျော်မြင့် နာရေးနဲ့ တိုက်နေလို့ အစ်ကို အမေ့ဆီ မရောက်လိုက်ရဘူး။အမေ့ဆီ မရောက်တာ အစ်ကို နှစ်ပတ် ကျော်နေပြီ။”

“အစ်ကိုရယ် အမေ့ဆီ ပို့ရမဲ့ ငွေနဲ့ ပစ္စည်း၊စားစရာ၊သောက်စရာ၊ဆေးဝါးတွေ ဦးမြိုင်နဲ့ ပို့ခိုင်းလည်း ရတာပဲ။အစ်ကိုမို့ အပင်ပန်းခံပြီး ကိုယ်တိုင်၊ကိုယ်ကျ သွားပို့ နေရသေးတယ်။”

သင်းစကားကြောင့် ကျွန်တော် စိတ်တိုသွားမိတယ်။ထိုကြောင့် သင်းကို ခပ်စူးစူးတစ်ချက်ကြည့်လိုက်ပြီး

“ဒီမှာ သင်း မင်းအခု မိဘနေရာ ရောက်နေပြီး မိဘတွေရဲ့ စိတ်ခံစားချက်ကို ကောင်းကောင်း စာနာ နားလည်​မှုမပေးနိုင် သေးဘူးလားကွာ။မင်းသားနဲ့သမီးကို မင်းချစ်သလို ငါ့အမေလည်း ငါ့ကို ချစ်တယ်ကွ။
မင်းမှာက ကလေးနှစ်ယောက်ဆိုတော့ တစ်ယောက်မရှိရင် နောက်တစ်ယောက် အနားမှာ အစားထိုပြီး ရှိနေနိုင်သေးတယ်။ငါ့အမေမှာက ပြေးကြည့်လို့မှ သားသမီးဆိုလို့ ငါတစ်ယောက်တည်းရှိတာကွ။
တစ်ခါတစ်လေ သားနဲ့ သမီး မင်းအမေအိမ် အလည်သွားရင် မင်းမှာ နေမထိ ထိုင်မသာဖြစ်လိုဖြစ် ၊သားနဲ့သမီး ဘယ်နေ့ပြန်လာမလဲ ဖုန်းတွေ တဂွမ်းဂွမ်းဆက်လို ဆက်နဲ့ အိပ်မရ၊ထမရဖြစ်နေတာမို့လား။မိဘချင်း ကိုယ်ချင်း စာစမ်းပါ သင်းရာ။မင်းလည်း မင်းအမေအိမ် အမြဲတမ်း သွားနေတာပဲ။ငါဘာပြောလို့လဲ။”

ကျွန်တော့စကားတွေကို သင်းက တွေဝေကာ ငြိမ်သက်၍ နားထောင်နေတယ်။ပါးစပ်က ဘာမှဆက်မပြောတော့ပါ။ကျွန်တော်ပြောတာ မှန်နေသည် ကိုလေ။

“အမေလိုချင်တာ ငွေနဲ့စားစရာ၊သောက်စရာ ၊ပစ္စည်းတွေမဟုတ်ဘူး သင်း။သူ့သားဖြစ်တဲ့ အစ်ကို့ကိုပဲ သူအဓိက မြင်ချင်၊တွေ့ချင် ရှာတာပါ။ငွေနဲ့ စားစရာ၊သောက်စရာ ပစ္စည်းတွေက သူ့အတွက် ဘာလုပ်ရမှာလဲ။တစ်လ တစ်လ သူငှါးထားတဲ့ အိမ်ငှါးခနဲ့ ဘဏ်အတိုးတွေရနေတာနဲ့တင် သူ့မှာစားမကုန်၊သုံးမကုန်ဖြစ်နေတာ။
သူ့အတွက် ဒါတွေက အဓိက မကျပါဘူး။လိုလည်းမလိုအပ်ဘူး။အစ်ကို မပေးလည်း သူ့ပိုက်ဆံနဲ သူဝယ်နိုင်တယ်။စားနိုင်တယ်။လှူနိုင်တယ်။အမေကလည်း ပစ္စည်းတွေ ယူမလာဖို့ ခဏခဏပြောပါတယ်။
အစ်ကိုကသာ ကိုယ့်ရဲ့လုပ်အားခနဲ့ အမေ့ကို ကျွေးချင်လို့၊မွေးချင်လို့၊ပြုစုချင်လို့၊အမေ့ကျေးဇူး ကို ဆပ်ချင်လို့။သားသမီးဝတ္တရားကျေချင်လို့။အစ်ကို ချွေးနဲ့အားနဲ့ သန့်သန့်ရှင်းရှင်း ရှာလို့ရတဲ့ ပိုက်ဆံနဲ့ အမေ့ဆီကို ပစ္စည်းနဲ့စားစရာတွေ သွားသွားပို့နေတာပါ။မင်းတို့နဲ့ အစ်ကိုက နေ့တိုင်းတွေ့နေရတာပါ။
အစ်ကိုနဲ့ အမေက တစ်လမှာ တစ်ကြိမ်၊နှစ်ကြိမ်လောက်ပဲ တွေ့ခွင့်ရတာမျိုးပါကွာ။သားနဲ့သမီးအပေါ်မှာရော၊မင်းအပေါ်မှာရော ဖခင်ဝတ္တရား၊လင်ဝတ္တာ မကျေပွန်တာများ ကိုယ့်ဘက်က ရှိခဲ့လို့လား။ဒီတော့ မိဘချင်း ကိုယ်ချင်းစာပြီး အဓိကနဲ့ သာမညကို ခွဲခြားတတ်စမ်းပါသင်းရာ။

ကျွန်တော် ပြောပြီးပြီးချင်း ထိုင်ရာမှ ထလို့ ထွက်လာခဲ့လိုက်တယ်။ကျွန်တော့ ဇနီးသင်းကတော့ ဘယ်လိုခံစားချက်နဲ့ ကျန်ခဲ့မည် မသိ။

***********************************************

ကျွန်တော့ရဲ့ ဖေဖေ ဦးတင်မောင်မောင်က အရိုးနဲ့အကြော အထူးကု ဆရာဝန်ကြီး တစ်ယောက်ပါ။အရမ်းလည်း တော်သလို နာမည်လည်း အရမ်းကြီးပါတယ်။မေမေ ဒေါ်သက်သက်ဦးကတော့ ဖေဖေ့ရဲ့လက်စွဲတော် လက်ထောက် အထက်တန်းသူနာပြုတစ်ဦးပေါ့။မေမေက ရုပ်ရည်အားဖြင့် အရမ်းလှသလို သူနာပြုအလုပ်မှာလည်း အရမ်းတော်ပြီး ဖေဖေအားကို စိတ်ချရတဲ့ ဖေဖေရဲ့လူယုံ လက်ထောက်တစ်ဦးလည်း ဖြစ်တယ်။

အလုပ်အတူတူလုပ်၊တွဲသွားတွဲလာ လုပ်ရင်း သံယောဇဉ်တွေဖြစ် အနေနီးလို့ ချစ်သူတွေဖြစ်ခဲ့ကြတယ်။ဖေဖေချစ်မယ်ဆိုလည်း ချစ်ချင်စရာပါ။မေမေ ငယ်ငယ်ကဖေဖေနဲ့ မင်္ဂလာဆောင်တုန်းက ဓါတ်ပုံတွေထဲ ကျွန်တော်မြင်ဖူးတယ်။မေမေ့ရဲ့ ကိုယ်လုံး ကိုယ်ပေါက် အချိုးအဆစ် မျက်နှာအနေအထားက အရမ်းလှတာ။ဘာမှ ပြောစရာမရှိဘူး။မင်းသမီး ခင်သန်းနုလားပဲ။ကိုယ့်အမေမို့ ပြောတာမဟုတ်ဘူးနော်။ဆံပင်ဆိုလည်း အရှည်ကြီး။

ချစ်သူသက်တမ်း ၃နှစ်အကြာမှာ ဖေဖေနဲ့မေမေ လက်ထပ်ခဲ့ကြတယ်။မေမေက ဖေဖေနဲ့ အကြောင်းပါတော့ သူကိုယ်တိုင်ကျေကျေနပ်နပ်ပဲ အလုပ်ကထွက်လိုက်တယ်။ဘာဖြစ်လို့လဲဆို ဖေဖေ့ကို ပါရမီဖြည့်ချင်လို့။ဖေဖေ့ကို ပိုပြီးဂရုစိုက်ချင်လို့။ပြီးတော့ ဖေဖေက အစိုးရဝန်ထမ်းလေ။နေရာ အတည်တကျမရှိ တာဝန်နဲ့ နယ်တကာ ၊ မြို့တကာ တာဝန်ကျရာ နေရာဒေသများမှာ တာဝန်ထမ်းဆောင်ရလို့ လည်း ပါတာပေါ့။

ဖေဖေနဲ့ မေမေက တစ်ယောက်နဲ့ တစ်ယောက် ဝါသနာချင်းလည်းတူ အကြိုက်လည်း တူကြတဲ့ သူတွေပါ။ဖေဖေက မေမေ့ရဲ့ ဆရာဖြစ်ခဲ့ဖူးသူဆိုတော့ အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်းလည်း မေမေက ဖေဖေ့ကို ဆရာတစ်ယောက်လိုပဲ ရိုကျိုးခယ ဆက်ဆံမြဲပါ။သားကို သခင်၊လင်ကို ဘုရားဆိုတဲ့ အတိုင်းပါပဲ။တစ်ယောက်နဲ့တစ်ယောက်အလွန်လည်း ချစ်ကြပါတယ်။

ဒါနဲ့ အတင်းတုတ်ဦးမယ်။ရယ်ရတယ်ဗျ။ကျွန်တော်နဲ့အများရှေ့မှာ ပြောရင် မေမေက ဖေဖေ့ကို အစ်ကို (သို့မဟုတ်)ဆရာတဲ့။ဖေဖေကလည်း မေမေ့ကို သက် တဲ့။အဲလို ခေါ်တာ။ကျွန်တော်တို့ နောက်ကွယ်ကျ သူတို့နှစ်ယောက်တည်း ရှိတဲ့အခါများဆို မေမေက ဖေဖေ့ကို ကိုကို လို့ ခေါ်ပြီး ဖေဖေက မေမေ့ကို အသက်(သို့မဟုတ်)အသည်းတဲ့လေ။အခုခေတ် ဘမ်းစကားအရဆို ရိုတယ်လို့ ဆိုရမှာပေါ့နော်။

ဖေဖေအလုပ်တာဝန်နဲ့ နယ်တကာလှည့်ပြီး သွားနေရတော့ သျှောင်နောက် ဆံထုံးပါဆိုသလိုပဲ မေမေက ဖေဖေသွားရာနောက် တကောက်ကောက် ဖဝါးခြေထပ်လိုက်ရပြီပေါ့။သူကိုယ်တိုင်လည်း ဖေဖေသွားရာနောက်အဲလို တကောက်ကောက်လိုက်နေရတာကိုပဲ ပျော်နေတာလေ။ဘယ်သွားသွား မခွဲတမ်းပဲ။

ကျွန်တော့ကို တောင်ကြီးမှာ မွေးတယ်လို့ မေမေက ပြောတယ်။ကျွန်တော်က ဖေဖေနဲ့ မေမေတို့ရဲ့ တစ်ဦးတည်းသော သားပါ။ထူးဆန်းတာ တစ်ခုပြောရဦးမယ်။ကျွန်တော်က ဖေဖေနဲ့ ရုပ်ချင်းခွဲမရအောင် တူတဲ့သားမျိုးပါ။တချို့ရင်းနှီးတဲ့ ဖေဖေ့မိတ်ဆွေများကဆို ကျွန်တော်တို့ သားအဖကို အမွှာညီအစ်ကိုလို့ အမြဲစနောက် လေ့ရှိ တတ်ကြတယ်။

ကျွန်တော်က မေမေ့လို အသားဖြူဖြူ မေရိုးသွယ်သွယ် မဟုတ်ပဲ ဖေဖေလို့ အသားညိုညို၊အရပ်မြင့်မြင့်၊မေးရိုးကားကားကြီးနဲ့ပေါ့။ဘာပဲဖြစ်ဖြစ် ကျွန်တော်ဟာ ဖေဖေ့သွေးနဲ့ လူဖြစ်လာရတဲ့ ဖေဖေ့သားပဲလေ။ဖေဖေနဲ့တူတယ်လို့ ပြောကြတာကို ကျွန်တော် သဘောကျပါတယ်။ကြိုက်တယ်။ကျေနပ်ဂုဏ်ယူမိပါတယ်။

ကျွန်တော်သိတတ်တဲ့ အချိန်မှာတော့ ဖေဖေက ပုသိမ်ဆေးရုံကြီးမှာ တာဝန်ကျနေပါပြီ။ဒီလိုနဲ့ ဖေဖေတာဝန်ကျရာ မြို့တွေ၊ရွာတွေကို မေမေနဲ့ ကျွန်တော်အတူ လျှောက်လိုက်ရင်း နေထိုင်ကြီးပြင်းခဲ့ရတယ်။

ကျွန်တော် စက်မှုတက္ကသိုလ် နောက်ဆုံးနှစ်မှာ ဖေဖေအသည်းကင်ဆာနဲ့ ဆုံးတယ်။ကျွန်တော်တို့ သားအမိနှစ်ယောက်အတွက်တော့ ကျွန်တော်တို့ ဘဝထဲက ဖေဖေထွက်သွားတာဟာ ရွှေတောင်ကြီး ပြိုသလိုပါပဲ။ကူကယ်ရာမဲ့ ဆောက်တည်ရာမရ ဖြစ်ခဲ့ရတယ်။

ကျောင်းပြီးတော့ ကျွန်တော် လုပ်ငန်းခွင်ထဲ ဝင်တယ်။ဖေဖေသင်ပေးခဲ့တဲ့ပညာ၊ဖေဖေချန်ထားခဲ့တဲ့ ငွေကြေးဥစ္စာတွေနဲ့ အရင်းပြုပြီး ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုထူထောင်ခဲ့တယ်။ကျွန်တော့်ရဲ့ မနားမနေ ကြိုးစားအားထုတ်မှုကြောင့် စီးပွါးရေးမှာ ကျွန်တော် အောင်မြင်လာခဲ့တယ်။

မိသားစုမှာ ဖေဖေမရှိတော့ ဖေဖေ့တာဝန်တွေကို ပခုံးပြောင်းထမ်း ဖေဖေသင်ပေခဲ့တဲ့ပညာနဲ့ ဖေဖေ့ကျေးဇူး၊ဖေဖေ့ချွေးဖိုးကို ဆပ်နိုင်တဲ့ အချိန်ကျတော့ ဖေဖေ့က ကျွန်တော့ အနားမှာ မရှိတော့ပါဘူး။ကျွန်တော်ဝမ်းနည်းစိတ်မကောင်း မျက်ရည်လည်ခဲ့ရတယ်။ဒါကြောင့် မိဘဆိုတာ အသက်ရှိတုန်း တတ်နိုင်သလောက် ကျွေးကြပါ။ကျေးဇူးဆပ်ကြပါ။

ဆုံးသွာတဲ့အချိန်ကျမှ ကျွန်တော့လို ကျွေးချင်၊မွေးချင်၊ကျေးဇူးဆပ်ချင်နေလို့လည်း အပိုပါပဲ။မရတော့ပါဘူ။နောင်တရပြီး တမ်းတပူဆွေးနေလို့လည်း အသက်ပြန်ရှင်မလာနိုင်တော့ပါဘူး။ဒါကြောင့် အသက်ရှင်တုန်းလေး တန်ဖိုးထားပေးကြပါ။

ဖေဖေဆုံးပြီး ၅နှစ်ခန့်အကြာမှာ ကျွန်တော် အိမ်ထောင်ကျတယ်။ကျွန်တော်အိမ်ထောင်ကျပြီးတာနဲ့ မေမေက သူ့အစ်မ အပျိုကြီးသီလရှင် ဆရာလေးရှိရာ ရိပ်သာမှာ အပြီးသွားနေဖို့ ဆုံဖြတ်ချက်ချခဲ့တယ်။ရိပ်သာမှာ ကြီးကြီးအတွက် အဖော်လည်းရတာပေါ့လေ။

အမေတစ်ခု၊သားတစ်ခုဘဝမှာ မေမေ့ကိုအလွန်ချစ်တဲ့ ကျွန်တော်က မေမေ့ကို ကျွန်တော်နဲ့ အတူနေဖို့ ခေါ်ပြီးအတန်တန် တားခဲ့ပါသေးတယ်။ဒါပေမဲ့ မေမေက တားလို့ မရတော့ပါဘူး။ဖေဖေဆုံးပြီးတဲ့ နောက်ပိုင်းမှာ မေမေက သတိ သံဝေဂရပြီး တရားသဘောတွေ ကို အတော်လေး ဆင်ခြင် တတ်လာခဲ့ ပုံပါပဲ။ဖေဖေ ဆုံးခါနီး ခံစားရတဲ့ ရောဂါဝေဒနာတွေက မေမေ့ကို တရားပြခဲ့ပုံရတယ်။ဘာသာတရားကို အရင်ကထက် မေမေ ပိုလုပ်လာခဲ့တယ်။

ကျွန်တော့ကို စိတ်မချ၊နောက်ဆံတင်းနေလို့သာ မေမေကျွန်တော့အနားမှာ နေခဲ့ရတာ ထင်ပါတယ်။ကျွန်တော်လည်း အိမ်ထောင်ကျသွားရော မေမေကျွန်တော့အတွက် စိတ်ချသွားပုံရတယ်။မေမေ ကျွန်တော့ကို အရမ်းချစ်မှန်း ကျွန်တော်သိပါတယ်။ဒါပေမဲ့ ဒီသံယောဇဉ်ကြိုးကို မေမေ မဖြတ်ချင်ပဲ ဖြတ်သွားခဲ့တယ်။

ရိပ်သာကို သွားမဲ့ညက ကျွန်တော် မေမေ့အနားမှာ သွားအိပ်ခဲ့တယ်။အဲဒီညက မေမေ ငိုတယ်။မေမေ ငိုတာ မြင်တော့ နဂိုကတည်းက မေမေ စိတ်မကောင်းဖြစ်မှာ စိုးလို့ ဝမ်းနည်းစိတ်ကို မနည်း ချုပ်တည်းပြီး မျိုသိမ့်ထားရတဲ့ ကျွန်တော် မထိန်းချုပ်နိုင်တော့ဘူး။

မေမေ့ရဲ့ လက်ကလေးကို ကိုင်ပြီး ကျွန်တော်လည်း အားရပါးရ ငိုမိတယ်။”မသွားပါနဲ့လား မေမေရယ်”လို့ ကျွန်တော် အတန်တန် တားခဲ့မိသေးတယ်။မေမေနဲ့ ကျွန်တော်က ဒီအသက်အရွယ်ရောက်တဲ့အထိ တစ်ခါမှ အခုလို မခွဲဖူးဘူလေ။

ဒီတော့ မေမေက ကျွန်တော့ရဲ့နဖူးလေးကို နမ်း၊ကျွန်တော်ရဲ့ မျက်ရည်လေးတွေကို သုတ်ပေးပြီး ခေါင်းလေးကို ခပ်ဖွဖွ ပွတ်သပ်ရင်း

“မေမေသားကို ခွဲနိုင်လို့ ခွဲသွားတာ မဟုတ်ပါဘူး သားရယ်။မေမေ သားနဲ့ အတူတူ နေချင်ပါတယ်။မခွဲချင်ပဲ ခွဲသွားရတာမျိုးပါ။လူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ပဲချစ်ချစ်၊သံယောဇဉ်တွေ ဘယ်လောက်ပဲရှိရှိ တစ်နေ့ဒီလိုပဲ ခွဲကြရမှာပဲ သား။သေကွဲလား။ရှင်ကွဲလား။တစ်နေ့ လူသားတိုင်း ရင်ဆိုင်ရမှာ မလွဲပဲ။သား ဖေဖေကိုပဲ ကြည့်လေ။သားဖေဖေ မေမေတို့သားအမိကို ဘယ်လောက် ချစ်လဲ။ဒါပေမဲ့ သားဖေဖေ မေမေတို့ သားအမိကို ဘယ်လောက်ပဲ ချစ်ချစ် မခွဲချင်လည်း တစ်နေ့ သေကွဲခွဲသွာခဲ့ရတာပဲလေ။
တရာသဘောနဲ့ ဆင်ခြင်စမ်းပါ သားရယ်။သားလည်း အိမ်ထောင်ကျနေပြီပဲ။သားရဲ့ဘေးမှာ သင်းသင်းရှိနေပြီလေ။သားအတွက်မေမေစိတ်ချပါပြီ။
မေမေ့ရဲ့နောက်ဆုံးအချိန်လေမှာ ဘဝကူးကောင်းစေဖို့ နောက်ဘဝအတွက် ကုသိုလ်ကောင်းမှုတွေ မေမေအများကြီးလုပ်စရာရှိသေးတယ်သား။မေမေ့ကို ခွင့်ပြုပါသားရယ်။မေမေ့ကို မတားပါနဲ့။မေမေ့ကို နောက်ဆံတင်းအောင် မလုပ်ပါနဲ့။မေမေနဲ့တွေ့ချင်ရင် လာတွေ့လို့ရနေတာပဲ။တိတ်နော် သား။သားငိုနေတာမြင်ရင် မေမေ စိတ်မချမ်းသာဘူး။သွားရတာ မေမေ စိတ်မဖြောင့်ဘူ။မေမေ့ကို စိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့သားရယ်။”

မေမေ ပြောတာ ဟုတ်ပါတယ်။ကျွန်တော်အားတင်း၍ မျက်ရည်များကို သုတ်ပြီး မေမေ့ကို ပြုံးပြလိုက်ရင်း မေမေစိတ်ချမ်းသာအောင်

“သား ခွင့်ပြုပါတယ် မေမေရယ်။မေမေ ကောင်းတဲ့အလုပ်ကို လုပ်တာပဲ။ကောင်းတဲ့ လမ်းကို လျှောက်တာပဲ။မေမေ သားအတွက်နောက်ဆံမတင်းပါနဲ့။သားဝမ်းနည်းတာက မေမေနဲ့သားအခုလို အကြာကြီး တစ်ခါမှမခွဲဖူးလို့ ငိုမိတာပါ မေမေရယ်။သားကို စိတ်ချပါ။မေမေလျှောက်မဲ့ လမ်းကိုသာ ဖြောင့်ဖြောင့်သွားပါ။သားမတားတော့ပါဘူး။မေမေ့ကို သား တစ်လ တစ်ခါဖြစ်ဖြစ်၊နှစ်ခါဖြစ်ဖြစ်လောက်တော့ လာတွေ့ပါရစေနော် မေမေ။”

“အေးပါသားရယ်။အေးပါ။ကဲ.သားလည်းသွားအိပ်တော့ ညဉ့်နက်နေပြီ။မနက်မေမေတို့ ရိပ်သာကို စောစောသွားရအောင်။”

အခုတော့ မေမေ ကျွန်တော့ကို ခွဲပြီး ရိပ်သာမှာ ဆရာလေးနဲ့ အတူ သွားနေတာ ၅နှစ်ကျော်ခဲ့ပါပြီ။မေမေလည်း ရိပ်သာမှာ နေသားကျနေသလို ကျွန်တော်လည်း တဖြည်းဖြည်းနဲ့ ကျွန်တော့်ရဲ့မိသားစုအရေး၊စီးပွါးရေး၊အလုပ် တာဝန်တွေ ကြားမှာ နေသားကျလို့ လာခဲ့ပါတယ်။တစ်ခါ တစ်ခါ တိုက်ဆိုင်မှု ရှိရင်တော့လည်း မေမေ့ကိုလွမ်းရတာပေါ့လေ။

မေမေကို ကျွန်တော်က တစ်လ တစ်ခါ၊နှစ်ခါသွားတွေ့ဖြစ်တယ်။ရိပ်သာမှာ နေပြီ မေမေက တရားတွေဘယ်လောက်ပဲရရ၊ကျွန်တော့ အပေါ်ထားတဲ့ သားသမီးသံယောဇဉ်ကြိုးကိုတော့ မေမေ မဖြတ်နိုင်ရှာသေးပါဘူး။

ကျွန်တော် လာမဲ့ အလုပ်နားရက် မနက်ပိုင်းဆို ကျွန်တော် ကြိုက်တတ်တဲ့ စားစရာလေးတွေ ချက်ပြုတ်ပြင်ဆင်ရင်း ကျွန်တော့ကို လည်တဆန့်ဆန့်နဲ့ အခုအချိန်ထိ မေမေ စောင့်၍ မျှော်နေဆဲပါပဲ။

************************************************

မေမေနေတဲ့ သာသနာ့ရိပ်သာလေးကို ရောက်တော့ မနက်၉နာရီ ထိုးနေပါပြီ။သစ်ရိပ်၊ဝါးရိပ်တွေနဲ့ သဘာဝကျေးငှက်သာရကလေးတွေရဲ့ အော်သံလေးများနဲ့ ဆိတ်ငြိမ် အေးချမ်းလှတဲ့ ဒီသာသနာ့ရိပ်သာလေးကို ရောက်တိုင်း မိသားစုကိစ္စ၊အလုပ်ကိစ္စ၊လောဘ၊ဒေါသ၊မောဟ စိတ်တွေနဲ့ အမြဲပူလောင် မွန်းကြပ် လေးလံရှုပ်ထွေးနေခဲ့ရသမျှ ကျွန်တော့ရဲ့ စိတ်အစဉ်ဟာ မီးကို ရေနဲ့ ဖြန်းသလို အမြဲအေးချမ်းသွားခဲ့ရစမြဲပါ။

ဪ ဘုရားရိပ်၊တရားရိပ် ဟာ လူတို့ရဲ့ စိတ်ကိုအေးချမ်းစေတယ်ဆိုတာ တယ်မှန်ပါလားလေ။

မေမေတို့နေတဲ့ တိုက်ကျောင်းလေးရှေ့ကို ရောက်တော့ မေမေ့ကို ကျောင်းရှေ့ ပုန်းညက်ပင်ကြီးအောက်က ခုံတန်းလေးမှာ မေမေ့ထက် အသက်နည်းနည်းကြီးပုံရတဲ့ ကြီးကြီး တစ်ယောက်နဲ့ ထိုင်စကားပြောနေတာကို ကျွန်တော် လှမ်းတွေ့လိုက်ရပါတယ်။

ကျွန်တော့ကားဝင်လာတာကို လှမ်းမြင်တာနဲ့ မေမေက စကားပြောတာကို ခဏရပ်ပြီး လှမ်းကြည့်တယ်။မေမေနဲ့ အတူစကားပြောနေတဲ့ ကြီးကြီးကလည်း ကျွန်တော်ရှိရာဆီ လှမ်းကြည့်လာတယ်။

ကျွန်တော် ကားပေါ်မှ ဆင်းပြီး မေမေ့ဆီ လျှောက်လာတော့ မေမေက ဆီး၍ ပြုံးပြတယ်။လောဘ၊ဒေါသ၊မောဟ၊မာန်မာန ကင်းပြီး တရားအလုပ်မှာ မွေ့လျှော်နေတဲ့ မေမေ့အပြုံးဟာ ကြည်လင်သန့်စင်ပြီး မြင်ရသူရင်ကို အေးချမ်းစေတယ်။ကျွန်တော့ ရင်ထဲမှာ လမင်းတစ်စင် လင်းသွားသလို။စိမ့်စမ်းရေကြည်လေးတစ်ခွက် သောက်ရသလို မေမေ့အပြုံက အေးချမ်း လှတယ်။ငယ်ငယ်ကလို မေမေ့ကို အတင်းပြေးဖက်ပြီး မေမေ့ပါးကို အားရပါးရ နမ်းချင်လိုက်တာ။

ငယ်ငယ်ကဆို ကျွန်တော် ကျောင်းက ပြန်လာတိုင်း မေမေ့ကို ကျွန်တော်အမြဲဖက်နမ်းနေကြလေ။မေမေ့ပါးက ရှင်မတောင်သနပ်ခါး မွှေးမွှေးလေးက ကျွန်တော်တစ်နေကုန် ကျောင်းမှာ ပင်ပန်းခဲ့ရသမျှ အမောကို ပြေစေခဲ့တယ်။

“မေမေ နေကောင်းလား။”

“ကောင်းပါတယ် သားရယ်။ဒီနေ့ သားလာမယ်ဆိုလို့ မေမေက တံမြက်စည်းလှဲရင်း သားကို စောင့်နေတာ။ဒီက မမခင် လာလို့ ထိုင်စကားပြောနေတာလေ သားရဲ့။”

“မေမေ ဆရာလေးကော မတွေ့ပါလား။”

“သား ကြီးကြီး ဆရာလေးက ကျိုက်ထီးရိုးဘုရားဖူး လိုက်သွားတယ်လေ သားရဲ့။ဆရာတော်ကြီးရောပဲ။ဒီရိပ်သာက တခြားသံဃာတွေ၊သီလရှင်တွေ၊ယောဂီတွေလည်း ပါသွားကြတယ်။အများကြီးပဲ သား။”

“ဪ ဒါဆို ဆရာတော် ကျောင်းမှာ မရှိဘူးပေါ့နော် မေမေ။သားက ဆရာတော်ဆီ အရင်သွားဖူးပြီးမှ မေမေ့ဆီ ပြန်လာမလို့ တွေးထားတာ။ဆရာတော်အတွက် လှူဖို့ဆေးဝါးနဲ့ စားစရာတွေ ပါလာလို့ပါ မေမေ။”

“အင်းလေ သား။ဆရာတော်က မနက်ဖြန် ညနေပိုင်းလောက်မှ ပြန်ရောက်လိမ့်မယ် ထင်တယ်။”

ကျွန်တော်တို့ သားအမိ စကားပြောနေတာကို မေမေ့ဘေးမှာ ထိုင်နေတဲ့ မေမေ့မိတ်ဆွေ ကြီးကြီးက ပြုံး၍ လိုက်ကြည့်နေတယ်။

“ဪ ဒါနဲ့ သားကို မမခင်နဲ့ မိတ်ဆက်ပေးရဦးမယ်။သား ဒီက ကြီးကြီးက ဒေါ်ခင်မေထူးတဲ့။သားဖေဖေနဲ့
ကျောင်းနေဖက် သူငယ်ချင်းတွေလေ။”

ထို့နောက် မေမေက ပြုံး၍ ကြည့်နေသော ထိုကြီးကြီးဘက်သို့ လှည့်ကာ

“မမခင် ဒါက သက်ရဲ့ သားလေး လေ။သက်ဦးမောင်မောင်တဲ့။မိုးကောင်းကင် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ပေါ့။”

“ဪ ဟုတ်ကဲ့ ကြီးကြီး တွေ့ရတာ ဝမ်းသာပါတယ် ခင်ဗျ။”

“အေးပါ သားရယ်။ကြီးကြီးကလည်း သားနဲ့တွေ့ရတာ ဝမ်းသာပါတယ်။သားက သားဖေဖေ ကိုတင်မောင်မောင်နဲ့ ရုပ်ချင်း တော်တော်ကို တူတာပဲကို။ဖအေတူ သားပဲ။ငယ်ငယ်က သားရဲ့ဖေဖေ ကိုတင်မောင်မောင်ကို ကြီးကြီး ပြန်မြင်နေရသလိုပါပဲကွယ်။တော်တော့်ကို တူတာ သားရယ်။အသံရော ပြောတာ၊ဆိုတာ၊နေတာ၊ထိုင်တာ ကအစအားလုံးပါပဲကွယ်။”

“ဒါတင်ဘယ်ကမလဲ မမခင်ရေ့ သားက သူ့အဖေနဲ့ အစားအသောက်၊အဝတ်အစား၊အကြိုက်ချင်း၊စရိုက်ချင်းလည်း တူတယ်လေ။ဝါသနာပဲ မတူတာ။သားဆယ်တန်းအောင်တော့ ဂုဏ်ထူးတွေ အများကြီးပါတယ်။ဆေးမှတ်လည်း ဝင်တယ် မမခင်။သူ့အဖေက သူ့လိုပဲ သားကို ဆရာဝန် သိပ်ဖြစ်စေချင်တာ။ဒါပေမဲ့ သားက ဆရာဝန်တော့ ဝါသနာမပါဘူး။မလုပ်ချင်ဘူး။အင်ဂျင်နီယာပဲ လုပ်မယ်ဆိုလို့ သူ့အဖေနဲ့ စကားများရသေးတယ် လေ။”

မေမေ့ကို ကြည့်ပြီး ကျွန်တော်ပြုံး၍သာ နားထောင်နေလိုက်ရတယ်။ဪ မေမေ မေမေ သားသမီးနဲ့ ပက်သက်လာလျှင် အဲလို သားရဲ့ဂုဏ်ကို ဖော်ပြီး တရှည်တလျားရှင်းပြနေရတာကိုပဲ သူ့မှာ မမောနိုင်မပန်းနိုင်။ကျေနပ် ဂုဏ်ယူနေတာ။

ဒါဟာ မိဘတိုင်းရဲ့ စိတ်ပဲလို့ ကျွန်တော် ထင်မိပါတယ်။ငယ်ငယ်ကတော့ လူကြားသူကြားထဲ မေမေအဲလိုပြောရင် ကျွန်တော်က ရှက်တတ်တယ်။မနေတတ် မထိုင်တတ် မျက်နှာပူပူနဲ့ ကွယ်ရာကျရင်

“မေမေကလည်းဗျာ။ရှက်စရာကြီး။ဘာတွေ ပြောနေမှန်းမသိ။သူများတွေ ကြားရင် ကြွားတယ်လို့ ထင်နေပါဦးမယ်ဗျာ။”

“အောင်မယ်လေး သားရယ်။ဘာရှက် စရာရှိလဲ။ဟောဒီက မေမေ့သားလေး တော်ကြောင်း၊လိမ္မာကြောင်း မေမေက အမှန်အတိုင်းပဲ ပြောပြတာလေ။အပို မပြောပါဘူးကွယ်။မကြွားရပါဘူး။သူများတွေဆို ဒီ့ထက်တောင် ပိုပြောကြသေးတာ။”

“ဟုတ်တော့ ဟုတ်တာပေါ့ မေမေရယ်။ဒါပေမဲ့ အကြောင်းမသိတဲ့ သူတွေက မေမေ့ကို ကြွားတယ်လို့ ထင်မှာပေါ့ဗျာ။”

ဒါတွေကို ငယ်ငယ်ကရှက်ခဲ့ပေမဲ့ ကိုယ်ကိုယ်တိုင်မိဘနေရာ ရောက်လာတဲ့အချိန်ကျမှ မိဘတွေရဲ့ စိတ်ခံစားချက်ကို ပိုလို့ ကိုယ်ချင်းစာ နားလည် စာနာတတ်လာခဲ့ရပါတယ်။

ကျွန်တော့ ပတ်ဝန်းကျင်က မိဘတိုင်းလိုလိုလည်း အခုလိုပဲ ကိုယ့်ရဲ့သားသမီး တော်ကြောင်း၊ကောင်းကြောင်း ၊လိမ္မာကြောင်း စတဲ့ မိမိတို့ သားသမီးတွေရဲ့ ဂုဏ်ပုဒ်၊ဂုဏ်သတင်းတွေကို ထုတ်ဖော်ကြွားဝါ ပြောပြနေကြတာကို အမြဲတွေ့မြင် လာရ လို့လေ။

ဒီအခါ မေမေ့ကို ကျွန်တော် အပြစ်မမြင်ရက်တော့ပါဘူး။မေမေ့စိတ်ကို နားလည် ကိုယ်ချင်းစာ လက်ခံလာနိုင်လို့ပါ။

ကြီးကြီး ဒေါ်ခင်မေထူးကတော့ မေမေ့ ပြောပြနေတာကို ဘာမှ ပြန်မပြော တပြုံးပြုံး နားထောင်လို့ နေပါတယ်။

“သက်ဦးမောင်မောင်တဲ့လားကွယ်။ကောင်းလိုက်တဲ့ နာမည်လေး။မေမေ့နာမည်နဲ့ ဖေဖေ့နာမည် ပေါင်းထားတဲ့ နာမည်လေးပေါ့။သားမေမေရဲ့နာမည်က ဒေါ်သက်သက်ဦး၊သားဖေဖေရဲ့ နာမည်က ဦးတင်မောင်မောင်ဆိုတော့လေ။ဟင်း.ဟင်း။သား ဖေဖေက သားမေမေကို အရမ်းချစ်ပြီး စိတ်မချလို့ ထင်တယ်။သူ့ရဲ့ ပုံစံတူ ကိုယ်ပွါးလေးကို သားမေမေ အနားမှာ ချန်ထားပေးခဲ့တယ် ထင်တယ်နော် သား။ဟုတ်လား သက်သက်။”

ကြီးကြီးခင် စကားကြောင့် ကျွန်တော်နဲ့ မေမေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပြိုင်တူပြုံးလိုက်မိကြတယ်။

“ဪ မေမေ ဒီမှာ စကားကောင်းနေတာနဲ့ နေလည်းပူလာပြီ။အပေါ်တက်ရအောင်လေ။ကြီးကြီးခင်ကိုလည်း ခေါ်ပါဦး။ကြီးကြီး အတွက်လည်း ကြုံတုန်း ဒီကိုရောက်တုန်း ရောက်ခိုက် မုန့်နဲ့ စားစရာ လက်ဆောင်လေးတွေ ထည့်ပေးလိုက် ချင်လို့။မန္တလေးထိုးမုန့်တွေ ပါလာတယ်မေမေ။မန္တလေးက ပြန်လာတဲ့ သူငယ်ချင်းတွေဆီက သားလက်ဆောင် ရလာတာ။”

“မပြန်နဲ့ဦးနော် မမခင်။လာ ဒီမှာ နေလည်းပူလာပြီ ကျောင်းပေါ် သွားရအောင်။”

**********************************************

ကျွန်တော်က ကားပေါ်မှ ပါလာတဲ့ မေမေ့အတွက် စားသောက်ကုန်တွေနဲ့ ဆန်အိတ်၊ဆီပုံးတွေကို သယ်ကာ ကျောင်းပေါ်သို့ ခေါက်တုံ့ခေါက်ပြန် သယ်နေသည်ကို ကြီးကြီးခင်က မေမေနဲ့ စကားပြောရင်း လိုက်လိုက်ကြည့်နေတယ်။

ဝယ်လာတဲ့ အသားငါး၊ဟင်းသီးဟင်းရွက်တွေကို ရေခဲသေတ္တာထဲ ထည့်စရာရှိတာထည့်၊ကျန်တာ သူ့နေရာနဲ့သူ အစီအရီ နေရာ ချလိုက်တယ်။

ပုဆိုးကို တိုတိုဝတ်ပြီး ချွေးတလုံးလုံးနဲ့ ပစ္စည်းတွေကို နေရာချပြီးတော့ ကုလားထိုင်တစ်လုံးကို ဆွဲပြီး မျက်နှာကျက်ပေါ်က မီးမလားတဲ့ မီးချောင်းတွေကို လိုက်စစ်ကြည့်လိုက်တယ်။

ပြီးတော့ မေမေ ပြောပြ၍ ကျွန်တော်ဝယ်လာတဲ့ မီးချောင်းအသစ်တွေနဲ့ လဲလှယ် တပ်ဆင် ပေးလိုက်တယ်။ကားပေါ်က ဂက်စ်အိုးအသစ်ကို ချ၊ကျောင်းပေါ်ကို ထမ်းတင်ပြီး မီးဖိုချောင်ထဲသွားကာ ကုန်နေတဲ့ ဂက်စ်အိုးအဟောင်း နဲ့ လဲပေးလိုက်တယ်။

အားလုံးနေရာ ချပြီးတော့ ခြင်းလေးထဲမှာ ဝယ်လာတဲ့ အသီးအနှံနဲ့ ဆေးဝါး၊မုန့်ထုပ်တွေကို ယူပြီး ငွေ ၅သိန်းနဲ့အတူ မေမေ့ရှေ့ကို သွားပြီး ရိုရိုသေသေ ကန်တော့ လိုက်တယ်။မေမေကတော့ ပြုံး၍ ကျွန်တော့အား ဆုတွေ အများကြီးပေးနေတယ်။

“မေမေ့သားလေး အခုလို မေမေ့ အပေါ်သိတတ်တဲ့ ကျေးဇူးကြောင့် ဘုန်းကြီးပါစေ။အသက်ရှည်ပါစေ။အနာမဲ့ပါစေ။ကြံတိုင်းအောင် ဆောင်တိုင်းမြောက်လို့ လိုရာဆန္ဒပြည့်ပါစေ သားရယ်။”

“ကြီးကြီး ဒါက ကြီးကြီးအတွက်ပါခင်ဗျ။ထိုးမုန်းနဲ့ အသီးအနှံ၊စားစရာလေးတွေပါ။ကြုံတုန်းလေး ကုသိုလ်ပြုပါရစေ။ကြီးကြီးလက်ခံပါ။ကြီးကြီးကိုလည်း သားကန်တော့ပါရစေနော် ကြီးကြီး။”

ကျွန်တော် ဦးသုံးကြိမ်ချလိုက်တယ်။ကြီးကြီး ဒေါ်ခင်မေထူးက ကျွန်တော့ကို တစိမ့်စိမ့်ကြည့်ရင်း ပြုံးနေရာမှ ရုတ်တရက် မျက်နှာက မှိုင်းညို့ ရီဝေလာကာ မျက်ဝန်းအိမ်မှ မျက်ရည်များ တပေါက်ပေါက် ကြွေဆင်းကျလာတာကို ကျွန်တော် တွေ့လိုက်ရတယ်။ကျွန်တော် အံ့ဩသွားတယ်။ကျွန်တော့ကို ဆုပေးနေတဲ့ ကြီးကြီးရဲ့ အသံတွေလည်း တုန်ရင် အက်ကွဲလို့ နေတယ်။

“ကြီးကြီး ဘာဖြစ်တာလဲဟင်။ကြီးကြီး ငိုနေတယ်။”

“ဘာမှ မဖြစ်ပါဘူး သားရယ်။သားတို့ သားအမိကို ကြည့်ပြီး ကြီးကြီးရင်ထဲမှာ ကြည်နူးလွန်းလို့ပါကွယ်။သားလေးက လိမ္မာလိုက်တာနော်။တစ်ယောက်ဆို တစ်ယောက်ပဲ တန်ဖိုးရှိပြီး မွေးရကျိုးနပ်လိုက်တဲ့ သားလေး။သားကို ကြည့်ပြီး ကြီးကြီးရဲ့ သားတွေကို သတိရသွားတာလည်း ပါတာပေါ့သားရယ်။ကြီးကြီးရဲ့ သားသမီးတွေသာ သားလိုမျိုး တစ်ဝက်လောက် မိဘအပေါ်သိတတ်ပြီး လိမ္မာကြရင် ဘယ်လောက်များကောင်းလိုက်မလဲကွယ်။အခုတော့ ……”

မျက်ရည်များပိုးပိုးပေါက်ပေါက်ကျရင်း ရှိုက်၍ ရှိုက်၍ အသံတုန်တုန်လေးဖြင့် ဝမ်းနည်းကြေကွဲစွာ ပြောနေရှာတဲ့ အသက်၇၀အရွယ် အမယ်အိုကြီးတစ်ယောက်ဖြစ်တဲ့ ကြီးကြီးခင်ရဲ့ ဝမ်းနည်းပက်လက် ငိုကြွေးနေတဲ့ မြင်ကွင်းကို မြင်လိုက်ရတဲ့အခါ ကျွန်တော်ရော၊မေမေပါ ရုတ်တရက် ဆွံအ၍ ဘာစကားမှ ပြန်မပြောနိုင်။

ဘယ်လို နှစ်သိမ့်ပေးရမှန်း မသိပဲ သားအမိ နှစ်ယောက်စလုံး ဝမ်းနည်းစိတ်ထိခိုက်ကာ ခြေမကိုင်မိ၊လက်မကိုင်မိ ဖြစ်နေကြရတယ်။ထိုမြင်ကွင်းမျိုးကိုကြည့်ရ၊မြင်ရသူအဖို့ အဘယ်သို့သော သူသည် စိတ်မထိခိုက်ပဲ ရှိပါအံ့မည်နည်း။

ကြီးကြီးခင် အကြောင်းကို ကျွန်တော် ဘာမှလည်း ဂဃနဏ မသိခဲ့ရပါဘူး။ဒါပေမဲ့ ကြီးကြီးခင် ငိုနေတာကို မြင်ရပြန်တော့လည်း ရင်ထဲ မကောင်း။တိတ်ဆိတ်ငြိမ်သက်၍သာ ကျွန်တော် ကြီးကြီးခင်ကို ငေးကြည့်နေမိပါတော့တယ်။

ထို့နောက် ကြီးကြီးခင်ပြောပြတဲ့ သူ့ဘဝဇာတ်ကြောင်းကို နားထောင်ခဲ့ရပါတယ်။သူ့ဘဝဇာတ်ကြောင်းက ဝမ်းနည်းစရာ၊သံဝေဂရစရာ၊စိတ်ထိခိုက်စရာကောင်းလှပါတယ်။ကံကြမ္မာ အလှည့်အပြောင်းတွေနဲ့ ဘဝဇာတ်ဆရာရဲ့ ကြိုးဆွဲရာကို ကခဲ့ရတဲ့ ကြီးကြီးခင်။နားထောင်ရင်း ကျွန်တော်တောင် ကြီးကြီးခင်အတွက် ယူကျုံးမရတဲ့စိတ်နဲ့ ရင်ထဲမှာ နေလို့မကောင်း ဆို့နစ် ကြေကွဲခဲ့ရပါတယ်။

“ကြွေးဟောင်းကိုလည်းဆပ်ပါမည်။”(အပိုင်း-၂)
*******************************

ဦးကျော်ဒင်နဲ့ ဒေါ်ခင်မေထူးတို့ မိသားစုဟာ မျိုးရိုးစဉ်ဆက် အလွန် ချမ်းသာတဲ့ မိသားစု မျိုးရိုးမှ ဖြစ်တယ်။နှစ်ဖက် စလုံးက သူဌေး မျိုးရိုးမှ ဆင်းသက်လာကြသူများပီပီ မိဘတွေဆုံးတော့ ဆက်ခံ ရရှိတဲ့ မိဘ၊ဘိုးဘွားပိုင် အမွေအနှစ် ပစ္စည်းများကလည်း များပြားလှတယ်။

ဦးကျော်ဒင်က အိမ်ဆောက် ပစ္စည်းတင်သွင်းရောင်းချတဲ့ ကုမ္ပဏီလုပ်ငန်းကြီးကို လုပ်တယ်။ဒေါ်ခင်မေထူးကတော့ မိဘ အစဉ်အဆက် အမွေအနှစ် လုပ်ငန်းဖြစ်တဲ့ ရွှေငွေ လက်ဝတ် ရတနာဆိုင် လုပ်ငန်းလုပ်တယ်။သူတို့ရဲ့ အိမ်ထောင် သက်တမ်းတလျှောက်မှာ စီးပွါးလည်း အလွန် ဖြစ်ထွန်းခဲ့ပါတယ်။

သား၂ယောက် ထွန်းကား ခဲ့ကြတယ်။သူဌေးသားများ ပီပီ မိဘက ချမ်းသာတော့ ငယ်စဉ်ကတည်းက မရတာမရှိ စေရ မိဘများက ဖူးဖူးမှုတ် အလိုလိုက် ခဲ့ကြတယ်။ဒီလို မိဘတွေက သား၂ယောက်ကို ချစ်လွန်းလို့ မဆူရက်၊မပြောရက် အလိုလိုက် အကြိုက်ဆောင်ခြင်းဟာ သားသမီးတွေရဲ့ ပျက်စီးခြင်း လမ်းစ တစ်ခုပဲ ဆိုတာ သူတို့ အဲဒီတုန်းက မသိခဲ့ကြပါဘူး။

သားသမီးဆိုတာ ဆူသင့်ရင်ဆူ၊ခြောက်သင့်ရင်ခြောက်၊ဆုံးမသင့်ရင် ဆုံးမ ငယ်စဉ်ကတည်က လိမ္မာရေးခြားရှိအောင် မိဘတွေက ပုံသွင်းပေးကြရမှာ မဟုတ်လား။မိဘတွေက သူတို့အလုပ်နဲ့ သူတို့ လောဘတကြီး စီးပွါးရေးပဲ ကုန်းရုန်း ရှာနေကြတော့ သားသမီးတွေ ဘာလုပ်လုပ် ဂရုမစိုက်နိုင်တာလည်း ပါတာပေါ့လေ။

အရွယ်ရောက်လာတာနဲ့အမျှ မိဘတွေရဲ့အလိုလိုက်မှုကြောင့် သား၂ယောက်ဟာ ပိုပို ဆိုးလာခဲ့ကြတယ်။အကျင့်စာရိတ္တ ယိုယွင်း ပျက်စီး လာကြတယ်။၂ယောက်စလုံးဟာ မိဘတွေရဲ့ အလုပ်ကိုလည်း စိတ်မဝင်စား။အသောက်အစား၊လောင်းကစား၊မိန်းမရှုပ်တဲ့ ကိစ္စ စတဲ့ အပျော်အပါးများနဲ့သာ အချိန်ကုန်နေကြတယ်။ငွေကို ရေလို သုံး၊ငွေရဲတန်ဖိုးကို မသိဖြစ်လာကြတယ်။

ကိုယ်က သူဌေးသား ငွေပေးရင် ဘာမဆို ဖြစ်တယ်ဆိုတဲ့ စကားကို ခဏ ခဏ ပြောတတ်ကြတယ်။လူဟာ ပိုက်ဆံရှိပြီး ချမ်းသာလာရင်၊ငွေကို မထိန်းသိမ်းတတ်ရင် ပျက်စီးဖို့ လမ်းစက အလွန် လွယ်ပါတယ်။မိဘတွေက ဆိုးလွန်းတဲ့ သား၂ယောက်ကို ခြေငြိမ်အောင် သူတို့ သူဌေးအသိုင်းအဝိုင်းထဲက မိန်းကလေး တချို့နဲ့ ပြောဆို စေ့စပ် ပေးကြပါတယ်။သူတို့ သားတွေအကြောင်း သိတဲ့ သူတွေက ငြင်းကြတယ်။မသိတဲ့ သူတွေကတော့ မိဘတွေရဲ့ အရှိန်အဝါနဲ့ လက်ခံ ခေါင်းညိတ် ပေးကြတယ်။

ဒါပေမဲ့ သား၂ယောက်က မိဘ ပေးစားတဲ့ သူတွေကို လက်မခံ သူတို့ ဘာသာ သူတို့ သဘောကျတဲ့ သူတွေကို ယူခဲ့ကြတယ်။ယူတော့လည်း ကြည့်ကောင်းအောင် သူတို့ မျက်နှာပန်းလှအောင် မိဘတို့ ဝတ္တရား ရှိတဲ့အတိုင် ဒေါ်ခင်မေထူးတို့လင်မယားက တာဝန်ကျေပွန် ပေးခဲ့တယ်။

အိမ်ထောင်တွေကိုယ်စီကျတော့လည်း ခြေမငြိမ်း။ရန်ကလည်း ခဏ ခဏဖြစ်။အရက်ကလည်း နေ့တိုင်း သောက်။လောင်းကစား ကိစ္စနဲ့ ဆပ်လိုက်ရတဲ့ အကြွေးတွေကလည်း ခဏ ခဏ။ဖခင်နဲ့ မိခင် အပေါ် သနားငဲ့ညှာ စာနာရ ကောင်းမှန်းမသိ။အမျိုးမျိုး အဖုံဖုံ စိတ်ဒုက္ခတွေ ပေးခဲ့ကြတယ်။

ဒီအတိုင်း အနေအစား ပုံစံက အရင်လိုပဲ ပေါ့ပျက်ပျက်နဲ့ အချိုးမပြောင်းပါဘူ။ပေါ့ပေါ့နေ၊ပေါ့ပေါ့စား အပျော်အပါး လောင်းကစားများ၌သာ ဝါသနာထုံ ရှိနေခဲ့ကြတယ်။ရရှိတဲ့ အိမ်ထောင်ဖက် ချွေးမများကလည်း ခင်ပွန်းလုပ်သူတွေနဲ့ အကျင်တူ၊စရိုက်တူတွေပါပဲ။စျေးဝယ်မယ်။စားမယ်။သောက်မယ်။လည်မယ်။ပတ်မယ်။အလှပြင်ဆိုင်သွားမယ်။ဖဲရိုက်မယ်။တစ်နေ့ တစ်နေ့ ဒါပဲ စဉ်းစားနေကြတာ လေ။

ယောက္ခမအလုပ်တွေ ကိုလည်း ကူရမှန်းမသိ။ပြောရင်လည်း မကြိုက်။သူဌေးသားကို ယူတာ ဘာလုပ်စရာ လိုလို့လဲ။အမေတို့ မှာ ဒီလောက်ငွေတွေ ထားစရာ မရှိချမ်းသာ နေတာ။အလကား အပင်ပန်းခံပြီး လုပ်နေစရာ လိုလို့လား။အပိုတွေတဲ့။သူတို့ တောင်းတဲ့ ပိုက်ဆံရရင်ရ၊မရရင်ရန်လုပ်။အတင်းပြော။အခုချိန်ထိ ဘာအလုပ်မှ မလုပ်ကြပဲ မိဘဆီကသာ လက်ဖြန့်၍ တောင်းရမ်းသုံးစွဲနေကြတုန်း။ထိုင်ဖြုန်းနေကြတုန်း။

ဦးကျော်ဒင်နဲ့ ဒေါ်ခင်မေထူးတို့မှာ သားတွေကြောင့် စိတ်ဆင်းရဲ၊ကိုယ်ဆင်းရဲ ဖြစ်ခဲ့ကြရတယ်။စီးပွါးရေးကိစ္စတွေနဲ့ အလုပ်ပင်ပန်းရတာက တစ်မျိုး၊မလိမ္မာတဲ့သား၂ယောက်ကြောင့် စိတ်ဆင်းရဲ ရတာက တဖုံ။ဒေါ်ခင်မေးထူးမှာလည်း တစ်နေ့ တစ်နေ့ သားတွေရဲ့ ပြဿနာပေါင်းစုံ ဖြေရှင်းပေးနေရတာနဲ့ စိတ်ဆင်းရဲပြီး မျက်ရည်နဲ့မျက်ခွက် ဖြစ်ခဲ့ရတယ်။

ဒီလိုနဲ့ မမျှော်လင့်ပဲ တစ်နေ့မှာ ဦးကျော်ဒင်တစ်ယောက် လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်နေတုန်း ဦးနှောက်သွေးကြောပြတ်၍ ရုတ်တရက် ဆုံးပါးသွားခဲ့ရတယ်။

အဲဒီနောက်တော့ သားကြီးလုပ်သူဟာ အဖေလုပ်သူရဲ့တာဝန်တွေကို ဆက်ခံပြီး ကုမ္ပဏီမှာ ဝင်ရောက် လုပ်ကိုင်ခဲ့ပေမဲ့ လုပ်ငန်း မကျွမ်းကျင်မှု၊စီမံခန့်ခွဲရာတွင် ညံ့ဖျင်းမှု၊စည်းကမ်းမဲ့မှု၊မာနကြီးမှု၊ဆက်ဆံရေးမပြေပြစ်မှု၊စေ့စပ်သေချာမှု မရှိခြင်းတို့ကြောင့် လုပ်ငန်းမှာ ထိခိုက် နစ်နာ လာခဲ့တယ်။

ဆုံးရှုံးမှုတွေများလာပြီး စီးပွါးရေးကလည်း တဖြည်းဖြည်းကျဆင်းလာခဲ့ရတယ်။

လုပ်ငန်းအကျိုးတူ ပူးပေါင်းထားကြတဲ့ ရှယ်ယာရှင်တွေကလည်း အသီးသီးနှုတ်ထွက်ကြကာ ငွေကြေး မလည်ပတ်နိုင် တာကြောင့် ကုမ္ပဏီကိုလည်း ပိတ်သိမ်း လိုက်ရတယ်။ဒီကြားထဲ သားငယ်လုပ်သူက မူယစ်ဆေးစွဲလာတယ်။မိခင်လုပ်သူပေးသမျှလည်း မလုံလောက်။အိမ်မှာရှိတဲ့ လက်ဝတ်ရတနာပစ္စည်းတွေကို ခိုးဝှက်ယူငင် သုံးစွဲတတ် လာခဲ့တယ်။

သားကြီးဖြစ်သူက စီးပွါးရေးတွေ အဆင်မပြေတာကြောင့် မိန်းမဖြစ်သူရဲ့ ဆွေမျိုးများရှိရာ အမေရိကသို့ မိသားစုအလိုက် ပြောင်းရန် မိခင်ဖြစ်သူထံ သူရသင့်ရထိုက်တဲ့ အမွေတွေကို ခွဲဝေပေးဖို့ အကြိမ်ကြိမ် တောင်းဆိုလာခဲ့တယ်။

ဒေါ်ခင်မေထူးလည်း သား၂ယောက်ကို သူတို့ ရသင့်ရထိုက်တဲ့ အမွေတွေကို ခွဲဝေပေးခဲ့ရတယ်။အမွေခွဲပြီးတဲ့နောက် သားကြီးတို့ မိသားစုဟာ ရရှိတဲ့ အမွေတွေကို ရောင်းချပြီး အရင်းအနှီးပြုလို့ နိုင်ငံခြားသို့ မိသားစုနဲ့အတူ အပြီးအပိုင် ထွက်ခွါသွားခဲ့ပါတယ်။

အမွေခွဲတဲ့အခါမှာလည်း သားငယ်လုပ်သူက သူရတဲ့အမွေစုက နည်းတယ်လို့ပြောပြီး မိခင်လုပ်သူ ဒေါ်ခင်မေထူးအပေါ် မကျေမနပ် ဖြစ်ကာ အရက်မူးလာတိုင်း အော်ဟစ် ဆဲဆို သောင်းကျန်း ရန်ရှာတတ်ပါသေးတယ်။ချွေးမဖြစ်သူကလည်း သူ့ယောက်ျားကို ဒေါ်ခင်မေထူး မကောင်းကြောင်းတွေကို အတို့အထောင်လုပ်တယ်။

နောက်ဆုံး ရှိသမျှ ပစ္စည်းတွေ အကုန် ရောင်းချပြီး ရရှိတဲ့ ငွေကြေးတွေကို သားငယ်အတွက် ထိုက်သင့်သလောက် တစ်ဝက် ခွဲပေးလိုက်ရတယ်။ကျန်တဲ့ ငွေကြေး တချို့ကိုတော့ ကျန်ရှိနေသေးတဲ့ မိမိဘဝအတွက် ဘဏ်မှာ အပ်ပြီး ဤရိပ်သာလေး၌ လာရောက်နေထိုင်ခြင်းဖြစ်တယ်။

ဒါကို သားကြီးလုပ်သူက သိတော့ အမေက သားငယ်ကို ပိုချစ်လို့ အမွေတွေ ပိုပေးတယ်ဆိုပြီး အမေလုပ်သူကို စိတ်နာကာ အခုချိန်ထိ စကားမပြော၊အဆက်အသွယ်လည်း မလုပ်တော့ပါဘူး။တဖန် သားငယ်လုပ်သူကလည်း အမွေတွေ အားလုံး ခွဲပေးပြီးလို့ သူ့အတွက် နောက်ထပ် ဘာမှ ရစရာ မရှိတော့ဘူးဆိုတာ သိတာနဲ့ အမေကို ပစ်ထားပြီး အမေ လုပ်သူနဲ့ နောက်ထပ် ပတ်သက် ဆက်ဆံမှု မလုပ်တော့ပြန်ဘူး။

သူ့ဘဝဇာတ်ကြောင်းကို မျက်ရည်လည်ရွဲနဲ့ တမ်းတ ကြေကွဲစွာ ပြောပြနေရှာတဲ့ ကြီးကြီးခင်ကို ကြည့်ကာ ကျွန်တော့ရင်ထဲမှာ နင့်ခနဲနေအောင် ဝမ်းနည်းဆို့နစ်လို့ မျက်ရည်လည် လာခဲ့ရပါတယ်။ရက်စက်လိုက်ကြတာ။လုပ်ရက်လိုက်ကြတာလို့ ရင်ထဲမှာ တွေးမိတယ်။သူတို့ ကျွေးရမဲ့ အလှည့်ရောက်တော့ အမေအိုကို ပစ်ထားပြီး မသိကျိုးကျွံပြု ဆက်ဆံကြတယ်။

“ကိုယ့်ဝမ်းနဲ့လွယ်ပြီး ကိုယ်မွေးထားတဲ့ ကိုယ့်သားသမီးဆိုတော့ သူတို့ ဘယ်လောက်ဆိုးဆိုး တစ်ခါတစ်လေကျတော့လည်း သူ့တို့ကို မြင်ချင်၊တွေ့ချင်ရှာတာပေါ့ သားရယ်။ဒါပေမဲ့ အခုချိန်ထိ ၂ယောက်စလုံး ကြီးကြီးဒီမှာ ရှိနေတယ်ဆိုတာ သိရက်နဲ့ ဖုန်းလည်းမဆက်၊လူလည်း မလာ။တစ်ခါမှလည်း အဆက်အသွယ် မလုပ်ခဲ့ကြပါဘူး သားရယ်။ဒီနေ့ သားကိုမြင်ရတော့ ကြီးကြီးလည်း ကြီးကြီးသားတွေကို လွမ်းရတာပေါ့ကွယ်။”

မေမေက မနေနိုင် ကြီးကြီးခင် စိတ်သက်သာရာ ရစေရန် လူကြီးပီပီ ကြားထဲမှ နေ၍ ဝင်ရောက် ဖျောင်းဖျ ရှာပါတယ်။

“သူတို့လည်း အလုပ်တာဝန်တွေနဲ့ ရုန်းကန်နေရတော့ မအားလို့ ဖြစ်ပါလိမ့်မယ် မမခင်။စိတ်မကောင်းမဖြစ်ပါနဲ့။တရားနဲ့သာ ဖြေပါရှင်။”

“ဘယ်လောက်ပဲ အလုပ်များများ အချိန်ဆိုတာ ပေးချင်ရင် ဖြစ်ပါတယ် သက်သက်ရယ်။သူတို့ တမင် မလာချင်လို့ မလာတာ ပေါ့။ဒီအမေအိုကြီးမှာ သူတို့အတွက် နောက်ထပ် ပေးစရာ အမွေ ပစ္စည်းမှ မရှိတော့ပဲလေ။မမခင်က သူတို့ပေးလာမဲ့ ပိုက်ဆံတွေ၊လက်ဆောင်ပစ္စည်းတွေ လိုချင်လို့ ပြောနေတာမဟုတ်ရပါဘူး။
သူတို့ကို တစ်ခါတစ်လေ အမေတစ်ယောက်အနေနဲ့ ကိုယ်မွေးထားတဲ့ သားတွေကို ဘယ်လို ဘယ်ပုံရှိပြီလဲလို့ မြင်ချင်၊တွေ့ချင်၊စကားပြောချင် ရုံလေးပါကွယ်။မမခင် ဒီ့ထက် ပိုမလိုပါဘူး။သက်သက်သားကိုပဲ ကြည့်လေ။အလုပ်တွေ ဘယ်လောက်များများ အနည်းဆုံ တစ်လ ၂ခေါက်ဖြစ်အောင်လာတာပဲ မဟုတ်လား။လာချင်ရင် အနီးလေးပါ သက်သက်ရယ်။”

မေမေလည်း နောက်ထပ် ဘာမှ ဆက်မပြောတော့ပါ။မျက်ရည်ဝေ့သော မျက်ဝန်းများဖြင့် ကြီးကြီးခင်အား သနားဂရုဏာသက်စွာ ငေးလို့ နေပါတယ်။

သားတွေရဲ့ စွန့်ပစ်မှုကို ခံရတဲ့ အသက်၇၀အရွယ် အမယ်အိုတစ်ယောက်ရဲ့ ရင်ထဲက လာတဲ့ ခံစားချက်နဲ့အတူ မြင်ရတဲ့ သောက မျက်ရည်များကို ကျွန်တော် ဆက်လက် မကြည့်ဝံ့တော့ပါ။ဒါတွေဟာ သူ ပေးဆပ်ရမဲ့ အတုံ့အလှည့် ဝဋ်ကြွေးတစ်ခုလေလား။စိတ်မကောင်းခြင်း ကြီးစွာဖြင့် ကျွန်တော် တွေဝေကာ စဉ်းစားနေမိတယ်။

***********************************************

ပုဆိုးကို တိုတိုဝတ်ကာ အပေါ်အင်္ကျီကို ချွတ်လို့ စွပ်ကျယ်ချိုင့်ပြတ်နဲ့ မေမေချက်ပြုတ်နေတဲ့ မီးဖိုချောင်ထဲဝင်လာခဲ့တယ်။

“မေမေ ဘာတွေလုပ်နေတာလဲ။သားကူပေးမယ်လေ။ပေးသားကို။ဘာလဲ။ကြက်သွန် လှီးပေးရမလား မေမေ။”

“အေး သား ဒီမှာလေး သားအကြိုက် ဆင်ခရမ်းချဉ်သီးသုပ်မလို့ မီးဖုတ်နေတာ။ဟိုမှာ ပုစွန်ခြောက်ရေစိမ်ထားတာ ထောင်းရမယ်။ပြီးရင် ကြက်သွန်နီပါးပါးလှီး။ငရုပ်သီးစိမ်း မီးဖုတ် ထောင်းပြီး သုပ်မယ်လေ။ဒါတွေလုပ်ပြီးလို့ သားအားရင် ဟိုကျောင်း အနောက်က ခြံစည်းရိုးအစပ်မှာ ရှောက်ရွက်နဲ့ ရဲယိုရွက် သွားခူးပေးဦးသား။”

“ရဲယိုရွက်က ဘာလုပ်မှာလဲ မေမေ။”

“ငါးပေါင်းထုပ် လုပ်မှာလေ။ဒီမှာ ကင်ပွန်းချဉ်ရွက်နဲ့ ငါးအသားလေးတွေကို မုန့်အနှစ်နဲ့ မေမေနယ်ပြီး နှပ်ထားတယ်။”

“အားပါး ရှယ်ပဲ မေမေရာ။ဟင်တွေကတော့ သားအကြိုက်တွေချည်းပဲနော်။ထမင်းတော့ စားကောင်းဦးမှာပဲ။ဗိုက်တောင် ဆာလာပြီ ဗျာ။”

မေမေနဲ့ ကျွန်တော်က အမြဲဒီလိုပါပဲ။ဟိုးငယ်စဉ်ကတည်းက မေမေထမင်းချက်ရင်း အနားမှာထိုင်ပြီး တွတ်တီးတွတ်တာပြောကာ မေမေခိုင်းသမျှ မငြီးမငြူအကုန်လုပ်ပေးခဲ့တယ်။ငရုပ်သီးထောင်း၊ကြက်သွန်နီလှီး၊ကြက်သွန်ဖြူအခွံနွှာ စသဖြင့် တောက်တိုမယ်ရအလုပ်တွေက ကျွန်တော့အတွက်မစိမ်းလှ။

အဲကြွားရဦးမယ်ဗျ။ကျွန်တော်က မေမေ သင်ပေးထားလို့ မုန်လာဥ ပိုးတီကောင်လည်း ကျွမ်းကျွမ်းကျင်ကျင် ပုံမပျက် လှီးတတ်တယ်။လုပ်တတ်တယ်။မေမေ့အနား ထိုင်ပြီးအဲလို လုပ်ပေးရတာကိုပဲ ကျွန်တော်က ပျော်တာ။တချို့ယောက်ျားလေးတွေက မီးဖိုချောင် ဝင်ပြီး မီးဖိုချောင်အလုပ်လုပ်ရတာ ရှက်တတ်ကြတယ်။မလုပ်ချင်ကြဘူး။ကျွန်တော်ကတော့ မရှက်ပါဘူး။အားရင် မီးဖိုချောင်ထဲ အလုပ်များနေတဲ့ မေမေ့ကို ကူတာပဲ။

ငယ်ငယ်ကတည်းက မေမေ့ကိုကူရင်း မေမေသင်ပေးထားလို့ ဟင်း၊ထမင်းလည်း ကျွန်တော် ကောင်းကောင်းချက်တတ်၊ပြုတ်တတ်ပါတယ်။ဖေဖေရယ်၊မေမေရယ်၊ကျွန်တော်ရယ်ရှိတဲ့ ဒီမိသားစုသုံးယောက်မှာ တစ်ခါတစ်လေ မေမေနေမကောင်းဖြစ်တဲ့ အခါများဆို မေမေဟင်းမချက်နိုင်ရင် ဖေဖေနဲ့ မေမေကို ကျွန်တော်အမြဲချက်ကျွေးနေကြလေ။

ဖေဖေကတော့ ကျွန်တော့ကို အမြဲချီးကျူးတတ်တယ်။”ငါ့သားက ဟင်းချက်လက်ရာက မဆိုးဘူးပဲ။သားအမေလက်ရာအတိုင်းပဲ။အရမ်းစားလို့ ကောင်းတယ်။”တဲ့လေ။အိမ်ထောင်ကျပြီး နောက်ပိုင်း အလုပ်တွေများလွန်းလို့ သာ ကျွန်တော် မီးဖိုချောင်ဝင်ပြီး ထမင်း၊ဟင်းမချက် ဖြစ်တော့တာပါ။

ဆင်ခရမ်းချဉ်သီးသုပ်၊ခရမ်းချဉ်သီး ပန်ထွေဖျော်ဆိုတာ ဖေဖေနဲ့ကျွန်တော် အကြိုက်ချင်းတူတဲ့ စားစရာများ ပေါ့။ဖေဖေက အဆီအဆိပ်ဟင်းတွေထက် ဒီလို လက်သုပ်၊လက်နယ်လေးတွေကို အတို့အမြှုပ်လေးတွေနဲ့စားရတာ ပိုကြိုက် ပိုသဘောကျသူပါ။ငါးပေါင်းထုပ်ဆိုလည်း ဖေဖေက အလွန်ကြိုက်လို့ မေမေက ခဏခဏလုပ်ပေးရလေ့ရှိတယ်။ပြောရင်း ဖေဖေ့ကို လွမ်းလိုက်တာ။

ဆင်ခရမ်းချဉ်သီးသုပ်၊တို့စရာက (သီဟိုဠ်ရွက်၊ကန်စွန်းရွက်၊ဝါးပိုးဝါးမျှစ်ပြုတ်၊ပိန္နဲစေ့ပြုတ်၊သခွါးသီး၊ဘူးညွန့်)၊ရဲယိုရွက်ငါးပေါင်းထုပ်၊ငါးရံ့ခြောက်ဆီဆမ်း၊ချဉ်ပေါင်နဲ့ရုံးပတီသီးကို ငရုပ်သီးစိမ်း ခွဲခြမ်းလေး ထည့်ထားတဲ့ ဟင်းချို ပူပူစပ်စပ် ချဉ်ချဉ်လေးနဲ့။မေမေ့ကို အရင်ဦးချပြီး ကျွန်တော် ဆာဆာနဲ့ အားရပါးရ ပလုတ်ပလောင်း စားမိတယ်။ထမင်းစားရတာ မြိန်ချက်။အခုလို တောသဘာဝဟင်းလျာလေးတွေကို မစားရတာ ကြာပြီလေ။

ထမင်းပေါ် တို့စရာကိုတင် ဆင်ခရမ်းချဉ်သီးသုပ် တစ်ဇွန်ထည့်ပြီးထမင်းလုတ် အကြီးကြီးကို လက်နဲ့ချီ၍ ပါးစပ်ထဲထည့်။ငရုပ်သီးစိမ်းကို ကိုက်၍ တကြွပ်ကြွပ် ဝါးစား။အဲလို အားရပါးရ ပလုတ်ပလောင်းနဲ့ ပါးစပ်က ရှူးရှူးရှဲရှဲ အသံထွက်ပြီး စားနေတဲ့ ကျွန်တော့ကို မေမေကတော့ ပြုံး၍ ကြည်နူးစွာ ငေးကြည့်နေပါတယ်။

ချဉ်ပေါင်ရွက် ဟင်းချို ချဉ်စပ် ပူပူလေးကို အားရပါးရမှုတ်သောက်လိုက်တော့ ငရုပ်သီးပါလို့ထင်တယ်။ချောင်းတွေ တဟွတ်ဟွတ်နဲ့ ကျွန်တော့မှာ ဖလူး ဖလူး ဖြစ်နေပါတော့တယ်။အနားမှာ ထိုင်နေတဲ့ မေမေက စိုးရိမ်တကြီးနဲ့ ရေခွက်ကို ထည့်ပေးရင်း

“ဖြည်းဖြည်းစားလည်း ရပါတယ် သားရယ်။ငရုပ်သီးပါတယ်လေ။ကပျာကယာနဲ့။မင်းနှယ် ကွယ်။”

“ဘာမှ မဖြစ်ပါဘူး မေမေရယ်။စိတ်မပူပါနဲ့။သားအကြိုက်တွေ ချည်းမို့ စားကောင်းလွန်းလို့ လောဘကြီးပြီး စားမိတာပါ။မေမေလည်း စားလေ။ဘာဖြစ်လို့လဲ။စားမကောင်းဘူးလား မေမေ။”

“ကောင်းပါတယ် သားရယ်။မေမေ့သားလေး ဒီလို အားရပါးရစားနေတာ မေမေ ငေးကြည့်နေချင်လို့ပါ။မေမေ သဘောကျလို့ပါ။မေမေ မစားလည်း သားလေးစားတာကြည့်ပြီး ကြည်နူးရ၊ပီတိဖြစ်ရ လွန်းလို့ ဗိုက်ကသူ့အလိုလို ပြည့်နေတာ သားရဲ့။စားလို့ ကောင်းလားသား။”

မေမေ့ရဲ့ ကျွန်တော့အပေါ်ထားတဲ့ မိခင်မေတ္တာကို အခုလို နီးနီးကပ်ကပ် နွေးနွေးထွေးထွေး လှိုက်လှိုက်လှဲလှဲကြီး မြင်ရ တွေ့ရ ခံစားရ ပြန်တော့ ကျွန်တော့ ရင်ထဲမှာ တင်းမခံနိုင်။ဝမ်းနည်းဝမ်းသာ ပီတိဖြစ်လွန်းလို့ မျက်ရည်စို့၊မျက်ရည်လည် လာခဲ့ရပါတယ်။ဒါပေမဲ့ မေမေ ကျွန်တော့ မျက်ရည်ကို မမြင်စေရပါဘူး။တစ်ဖက်ကိုလှည့် မေမေ မမြင်အောင် မျက်ရည်ကို ခိုးသုတ်၊ခေါင်းကို ငုံ့လို့ မေမေ ကျေနပ်အောင် ထမင်းကို အားရပါးရ ကျွန်တော် စားပြလိုက်ရတယ်။

“အားလုံး အိုကေ။ရှယ်ပဲ မေမေရာ။မေမေ့လက်ရာတွေကို အခုလို မစားရတာကြာပြီလေ။ရဲယိုရွက် ငါးပေါင်းထုပ်မြင်တော့ ဖေဖေ့ကိုတောင် သတိရတယ် မေမေရာ။ဖေဖေရှိစဉ်က ဖေဖေအရမ်းကြိုက်ခဲ့တာနော်။”

“ဆင်ခရမ်းချဉ်သီးသုပ်ရောပဲလေ သားရဲ့ ။မေမေဒီနေ့ချက်တဲ့ ဟင်းတွေအကုန်လုံးက သားဖေဖေနဲ့သားအကြိုက်တွေ ချည်းပဲလေ။”

“ဟုတ်တယ်နော် မေမေ။”

ကျွန်တော်အစဖော်ပေးလို့ မေမေ ဖေဖေ့ကိုသတိရသွားတယ်ထင်ပါတယ်။ထမင်းကို ဆက်မစားတော့ပဲ ကျွန်တော်စားနေတာကိုသာ ရီဝေဆွေးမြေ့စွာ ငေးကြည့်လို့ နေပါတယ်။မေမေ ဖေဖေ့ကို ဘယ်လောက်ချစ်သလဲဆိုတာ ကျွန်တော်အသိဆုံးလေ။

အံ့ဩစရာပ။မေမေ့လက်ရာ ထမင်း၊ဟင်းတွေကို စားကောင်းကောင်းနဲ့ စားလိုက်တာ ထမင်း၃ပန်းကန်က ပြိုက်ခနဲပဲ။ခဏလေး အတွင်း ကုန်သွားတယ်။အိမ်မှာဆို စားစရာ ဘယ်လောက် ကောင်းကောင်း ထမင်း တစ်ပန်ကန်အများဆုံးပဲ ကျွန်တော် စားဖြစ်တာပါ။

ထမင်းစားပြီးတာနဲ့ အညာဇီးထန်းညက်လုံးလေးနဲ့ ကောက်ညှင်းမွှေးလက်ဖက်ခြောက်ခတ်ထားတဲ့ ရေနွေးကြမ်းလေးကို မေမေက ချကျွေးတယ်။ဒီလို ရေနွေးကြမ်းမွှေးမွှေးလေး သောက်ရတာလည်း ကျွန်တော့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရသာထူးကဲမှု တစ်မျိုးကို ခံစားရစေတယ်။ကျွန်တော် အလွန်ပဲ နှစ်ခြိုက်မိတယ်။

ဒီနေ့အဖို့ ကျွန်တော့အတွက် မေမေ့လက်ရာလေးတွေဟာ ဘာစားစားအရသာရှိ၊ခံတွင်းတွေ့။ဘာသောက်သောက်အရသာရှိ။ခံတွင်းတွေ့ ချည်းဖြစ်လို့နေတယ်။ဪ မေမေ့အိမ်၊မေမေ့အရိပ်မှာ မေမေကျွေးတဲ့ ဒီစားစရာတွေထဲ မေမေ့ရဲ့ သားအပေါ်ထားတဲ့ ကြီးမာတဲ့ အနန္တ ချစ်ခြင်းမေတ္တာတွေများ ထည့်ဝင်စီးမျောနေလေရော့သလားမသိ။

************************************************

ညနေရောက်တော့ ကျောင်းအနောက်ဘက် ခြံစည်းရိုးလေးနားမှာ မေမေနဲ့ ကြီးကြီးဆရာလေးတို့ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းလေးဆီ ရောက်ဖြစ်တယ်။မေမေစိုက်ထားတဲ့ အပင်လေးတွေက စုံလင်လှတယ်။ချဉ်ပေါင်ပင်၊ကန်စွန်းပင်၊ခရမ်းပင်၊ရုံးပတီပင်၊ဂွေးတောက်ပင်၊ဘူးပင်၊ဖရုံပင်၊ငရုပ်ပင်၊ကြက်ဟင်းခါးပင်၊ဂေါ်ရခါးပင်၊ဆင်ခရမ်းချဉ်သီးပင်၊ပဲတောင့်ရှည်ပင် စသဖြင် ဟိုအပင်နည်းနည်း၊ဒီအပင်နည်းနည်းလေးနဲ့ စိုက်ခင်းလေးက စိမ်းလန်းစိုပြေလို့ ကြည့်ရ၊မြင်ရတာ စိတ်ချမ်းသာစရာပါ။

“ဟာ အပင်တွေက အများကြီးပဲ။စုံလို့ပါလား မေမေ။ပျော်စရာကြီး။ဒီအပင်လေးတွေ စိုက်ရတာ မေမေ မပင်ပန်းဘူးလား ဟင်။နားနားနေနေ နေပါလားမေမေရယ်။မေမေပင်ပန်းမှာကို သားစိုးရိမ်တယ် မေမေ။”

“မေမေ မပင်ပန်းပါဘူး သားရယ်။မေမေက ဒီလို အပင်လေးတွေ စိုက်ရတာ ဝါသနာ ပါတယ်လေ။သားလည်း သိသားနဲ့။သားကြီးကြီးလည်း ရှိနေတာပဲ။မေမေ တစ်ယောက်တည်း လုပ်ရတာမှ မဟုတ်တာ။သူလည်း ဝိုင်းကူတယ်လေ။အသက်ကြီးလာရင် ဒီလို အပင်လေးတွေ စိုက်ရတာ ကိုယ်လက်လှုပ်ရှားမှုရှိတော့ ကျန်းမာရေးလည်းကောင်း၊ကိုယ်စိုက်ထားတဲ့ အပင်လေးတွေ ကြည့်ပြီး စိတ်လည်းချမ်းသာ၊ဟင်းချက်ဖို့လည်း တကူးတက စျေးသွားပြီးဝယ်စရာမလို ဟော ကိုယ်တိုင်စိုက်၊ကိုယ်တိုင်ခူး၊လတ်လတ်ဆတ်ဆတ်နဲ့ ကိုယ်စားချင်တဲ့အချိန် ချက်ချင်းထပြီး ခူးဆွတ်စားသုံးရုံပဲလေ။ဘယ်လောက် ကောင်းလဲ သားရယ်။”

မေမေ အပင်စိုက် ဝါသနာပါတာ ကျွန်တော် သိပါတယ်။အရင်က မေမေနဲ့ ကျွန်တော် အတူနေစဉ်ကတည်းက မေမေက ကျွန်တော်တို့ ခြံလေးထဲမှာ အခုလိုပဲ သီးပင်၊စားပင်တွေ အစုံစိုက်လေ့ရှိတယ်။မေမေက ရေပိုက်ကို ဆွဲ၍ အပင်လေးတွေကို ရေလောင်းမယ် ပြင်တော့ မေမေ့လက်ထဲမှ ရေပိုက်ကို ဆွဲလုပြီး ကျွန်တော်ကပဲလောင်းပေးလိုက်တယ်။

“သားရှိနေတာပဲ သားလောင်းမှာပေါ့ မေမေရယ်။ပေးပေးသားကို ။”

မေမေစိုက်ထားတဲ့ ဘူးစင်က ဘူးသီးတွေ အများကြီး သီးနေတာ တွေ့ရတော့ ကျွန်တော် စိတ်ချမ်းသာလိုက် တာ။ကြည့်ရင်း ကျွန်တော် ပျော်လာတယ်။

“မေမေ ဘူးသီးတွေ သီးနေတာက အများကြီးပဲနော်။မေမေ ရောင်းမစားဘူးလား။”

“ရောင်းမစားပါဘူး သားရယ်။ဒီရိပ်သာမှာရှိတဲ့ ဆွမ်းချက်ဆောင်က လိုရင် မေမေ လှူတယ်။ဒီရိပ်သာမှာ နေတဲ့ ယောဂီတွေ၊သီလရှင် ဆရာလေးတွေ တောင်းရင်လည်း မေမေ လှူတာပဲ။ကုသိုလ်လည်းရ၊ဝမ်းလည်းဝ၊စိတ်လည်းချမ်းသာရတာပေါ့ သားရယ်။”

ရေလောင်းပြီးတော့ အပင်လေးတွေ အကြားမှာ ပေါက်နေတဲ့ မလိုလားတဲ့ မြက်ပင်လေးတွေကို ကျွန်တော် လိုက်နှုတ်ပေးတယ်။ပေါက်တူးနဲ့ ပေါက်ပြီး မြေသားလေးတွေကို အပင်တွေကြား လိုက်ဖို့ပေးတယ်။မေမေကတော့ ကျွန်တော့အနားမှာ စကားတပြောပြောနဲ့ပေါ့။

မေမေပြောတာ မှန်ပါတယ်။မေမေပြောသလိုပဲ အခုလို ကိုယ်လက်လှုပ်ရှားမှု ရှိတော့ ချွေးလေးတစို့စို့ နဲ့ ပင်ပန်းပေမဲ့ ကျွန်​တော့ရဲ့ စိတ်တွေကတော့ လွတ်လပ်ပေါ့ပါးပြီး ကြည်လင်အေးမြ လို့နေတယ်။မေမေနဲ့ အခုလို နေရတဲ့ ဘဝလေးကို ကျွန်တော် အထူးပဲ နှစ်သက် ခုံမင်လှပါတယ်။

လတ်ဆတ်တဲ့ လေကို ရှုရတယ်။စိမ်းမြတဲ့ အပင်လေးတွေကို မြင်ရတယ်။အေးမြတဲ့ အရိပ်လေးမှာ နားခိုခွင့်ရနေတယ်။လောဘ၊ဒေါသ၊မောဟ ကင်းတဲ့ မေမေရှိတဲ့ ဒီနေရာလေးက ကျွန်တော့ကို စိတ်ချမ်းသာမှု အများဆုံပေးနိုင်တဲ့ နေရာလေးပါ မေမေ။

***********************************************

“မေမေ ပင်ပန်းသွားပြီ။မေမေ ဒါက သား အသိဦးလေးကြီးတစ်ယောက်ဆီက မေးပြီး ဝယ်လာတဲ့ လိမ်းဆေးအဆီ။ဒူးနာ၊ခါးနာ၊တစ်ကိုယ်လုံးနာကျင်ကိုက်ခဲတာ အကုန်ကောင်းတယ်တဲ့။ မေမေ ဒူး မကြာ မကြာကိုက်တယ်မဟုတ်လား။သားလိမ်ပြီး နှိပ်ပေးမယ်နော် မေမေ။”

ပက်လက် ကုလားထိုင်လေးပေါ် ထိုင်နေသော မေမေ့အနား ကြမ်းပြင်ပေါ် ထိုင်ချ လိုက်ရင်း မေမေရဲ့ ခြေသလုံးနှစ်ဖက်ကို ဆေးလိမ်း၍ ကျွန်တော် နှိပ်နယ်ပေးလိုက်တယ်။

“ရပါတယ် သားရယ်။မလိုပါဘူး။မေမေ့ ဘာသာ မေမေလိမ်းပါ့မယ်။”

“ဘာလဲ။မေမေက သားကို အားနာလို့လား။အားမနာပါနဲ့မေမေရယ်။သားက မေမေမွေးထားလို့ လူဖြစ်လာရတဲ့သားပါ။မေမေ အားနာစရာမလိုပါဘူး။အားနာ ရမဲ့ လူလည်း မဟုတ်ဘူး။မေမေဆီ ရောက်တုန်း ရောက်ခိုက် မေမေ့ကို ပြုစုပြီး သားကုသိုလ်ယူပါရစေ။မေမေရယ် နော်။”

“အေးပါ သားရယ်။ဒီလိုဆိုလည်း သာဓု သာဓု သာဓု ပါသား။မေမေ့သားလေး ဘုန်းကြီးလို့ အသက်ရှည်ပါစေကွယ်။
ဒါနဲ့သား သင်းသင်းနဲ့ မြေးလေးတွေရော နေကောင်း ကြရဲ့လား။မြေးလေးတွေကိုလည်း မေမေ သတိရတယ်။တွေ့ချင်တယ်။မတွေ့ရတာတောင် အတော်ကြာနေပြီ သားရယ်။”

“မေမေ တွေ့ချင်လို့လား။ မေမေ့မြေးတွေက ဒီရောက်ရင် ငြိမ်ငြိမ်နေမှာ မဟုတ်ဘူး။မျောက်ရှုံးအောင် ဆော့တဲ့ကောင်တွေ မေမေရ။ရိပ်သာထဲဆိုတော့ ကလေးတွေခေါ်လာလို့ အဆင်မပြေဘူးလေ။မသင့်တော်ဘူး မဟုတ်လား။
သူများယောဂီတွေ တရားလုပ်နေတာ ကလေးဆူညံသံတွေနဲ့ အနှောက်အယှက် ဖြစ်မှာ စိုးလို့ ခေါ်မလာတာပါမေမေ။သူတို့ လိုက်လာရင်လည်း သား မေမေ့အနားမှာ အခုလို အချိန်ကြာကြာနေလို့ရမှာ မဟုတ်ဘူး။
မေမေတွေ့ချင်ရင် နောင်လကျမှ ခေါ်လာခဲ့မယ်။နောက်လကျရင် သား ဖေဖေ ဆုံးတာ ၁၁နှစ်ပြည့်တဲ့ အထိမ်းအမှတ် အနေနဲ့ ဖေဖေအတွက် ရည်စူးပြီး ဒီရိပ်သာမှာ အလှူလုပ်ဖို့ အစီအစဉ် ရှိတယ် မေမေ။”

“ဟယ် ဟုတ်သားပဲ။မေမေ မေ့နေလိုက်တာ သားရယ်။အခုလို သတိပေးတာ ကျေးဇူးတင်တယ်နော် သား။ဒီလိုဆို သားဖေဖေအတွက် မေမေလည်း အလှူငွေထည့်ရမှာပေါ့။”

“မလိုပါဘူး..မေမေရယ်။မေမေလှူချင်ရင် တခြားနေရာမှာပဲလှူပါ။သားဒီလိုပြောတာ တစ်မျိုးတော့ မထင်ပါနဲ့နော် မေမေ။ဖေဖေ့ရဲ ချွေးဖိုး၊ဖေဖေရဲ့ကျေးဇူးတရားတွေကို သားကိုယ်တိုင် ခွန်နဲ့အားနဲ့ ရှာလို့ ရတဲ့ ချွေးနှဲစာနဲ့ပဲ ဖေဖေ့အတွက် ရည်စူးပြီး ကောင်းမှု ကုသိုလ် လုပ်ပေးရင်း သားဖေဖေ့ရဲ့ကျေးဇူးတွေကို ဆပ်ချင်လို့ပါ။သားကို ခွင့်ပြုပေးပါနော် မေမေ။”

မေမေက ကျွန်တော့ရဲ့ လက်ကလေးကို ကိုင်ကာ ကျွန်တော့ကို ခေတ္တမျှ တွေတွေကြီး စိုက်လို့ ကြည်တယ်။ထို့နောက် မေမေပြုံးတယ်။ဒါပေမဲ့ မေမေ့ရဲ့ မျက်ဝန်းအိမ်မှာ မျက်ရည်တွေ ပြည့်သိပ်လို့။ဝမ်းနည်းဝမ်းသာ ကြည်နူးလို့ ကျတဲ့ မျက်ရည်များပဲ ဖြစ်ပါလိမ့်မယ်။မေမေက ဆက်၍ အသံတုန်တုန်လေးဖြင့်

“လိမ္မာလိုက်တဲ့ မေမေ့သားလေး။သားကို မေမေတို့ မွေးရကျိုးနပ်လိုက်တာ။တမလွန်က သားဖေဖေသာ ဒီအကြောင်းတွေကို သိရင် ဘယ်လောက်များ ဝမ်းသာနေရှာမလဲ မသိဘူးကွယ်။မိဘကျေးဇူးကို သူများပြောလို့ သိတာထက် ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်သိပြီး ကျေးဇူးဆပ်တာက ပိုလို့ တန်ဖိုးရှိတယ်သား။
ပြီးတော့ မေတ္တာ အတုံ့ အလှည့် ဆိုတာလည်း ရှိတယ်။သံသရာဆိုတာ အမြဲလည်ပတ်နေတာပါသား။ဝဋ်ကြွေးဆိုတာ ရှိရင်လည်း ဆပ်ရမှာပဲ။ဘယ်သူမှ ရှောင်လွှဲလို့ မရဘူး သား။အခုလို ဖေဖေနဲ့မေမေ့အပေါ်မှာ ကျေးဇူးသိတတ်သလို သားအလှည့်ကျရင်လည်း ဒီအကျိုးကို သား ခံစားရဦးမှာပါ။သားရဲ့ကျေးဇူးသိတတ်မှုကို မေမေ သာဓုခေါ်ပါတယ်ကွယ်။သာဓု သာဓု သာဓုပါ သားရယ်။”

မေမေရဲ့ သာဓုခေါ်သံဟာ ကျွန်တော့ရင်ကို အေးမြစေတယ်။ရင်ထဲမှာ စမ်းရေစီးသံအလား သာယာအေးမြငြိမ်းချမ်းမှုကို ခံစားရစေပါတယ်။

*************************************************

“မေမေ သား ပြန်တော့မယ်။မေမေ့ကို သားကန်တော့ခဲ့ပါရစေ။”

ပြန်ခါနီး မေမေ့ကို ကန်တော့တော့ မေမေက ကျွန်တော့ကို ဆုတွေအများကြီးပေးတယ်။

“မေမေ ကျန်မာရေးကိစ္စနဲ့ပဲ ဖြစ်ဖြစ် ဘာအကြောင်းကိစ္စပဲရှိရှိ အရေးကြီးရင် သားဆီ အချိန်မရွေး ဖုန်းဆက်နော်။ရောက်တဲ့နေရာ၊ရောက်တဲ့ အရပ်ဆီကနေ မေမေဆီ သား အရောက် ပြေးလာခဲ့မယ်။သားမှာ ဖေဖေမရှိတော့ ဘူး။မေမေက သားရဲ့ ဘဝပါ။မေမေက သားတွက် အရေးကြီးဆုံး။သားဘဝမှာ မေမေ့ထက်အရေးကြီးတာ ဘာမှ မရှိဘူး။”

“အေးပါ သားရယ်။ကားကိုလည်း သေချာဂရုစိုက် မောင်းဦးနော် သား။”

“ဟုတ်ကဲ့ မေမေ။သား သွားပြီနော်။”

ရိပ်သာထဲမှ ကားကို မောင်းထွက်လာစဉ် လက်ပြ၍ ရပ်ကျန်ခဲ့သော မေမေ့ ပုံရိပ်ကို ဟိုးအတော်ဝေးဝေးရောက်သည့်အထိ ကားနောက်ကြည့်မှန်မှတဆင့် ကျွန်တော် ငေးမိတယ်။ဒီလို အေးချမ်းတဲ့ နေရာလေးကသာ မေမေ့အတွက် အသင့်တော်ဆုံးနေရာပဲ မဟုတ်လား။မေမေ့ဘဝ အေးချမ်းနေတာကို ကျွန်တော်ကျေနပ်ရမည်။ကြည်နူးပေးရမည်။

ကျွန်တော်သာ အတ္တဆန်ဆန်နဲ့ မေမေ့ကို မခွဲနိုင်လို့ ဆွဲထားမိရင် သားသမီးသံယောဇဉ်၊မြေးသံယောဇဉ် တွေနဲ့ လောဘ၊ဒေါသများလှတဲ့ လူ့လောကကြီးထဲ မေမေ့ဘဝနစ်မွန်းရပေဦးမည်။သံသရာက မေမေ လွယ်လွယ်နဲ့ လွတ်မြောက်နိုင်မည် မဟုတ်။မေမေ့ ဘဝလေး အေးချမ်းနိုင်မည် မဟုတ်။

မေမေ ဖြစ်ချင်တဲ့ဆန္ဒ၊လုပ်ချင်တဲ့အလုပ်၊စိတ်ချမ်းသာတဲ့အရပ်မှာ သောကကင်းကင်းနဲ့ အေးအေးချမ်းချမ်းနေနိုင်အောင် သားတစ်ယောက်အနေနဲ့ ပါရမီဖြည့်ပေးခြင်းကသာလျှင် မိဘကျေးဇူးဆပ်ခြင်း တနည်းအားဖြင့် ကြွေးဟောင်းဆပ်ခြင်းတစ်မျိုးပဲလို့ ကျွန်တော် ထင်မြင်ယူဆမိပါတယ်။

မေမေ ချမ်းမြေ့ပါစေ။မေမေ အေးချမ်းပါစေ။မေမေပျော်နိုင်ပါစေ။တရားထူး၊တရားမြတ်ကို အမြန်ဆုံးရရှိပြီး ဒီသံသရာမှ လွတ်မြောက်၍ နိဗ္ဗာန် မဂ်ဖိုလ်သို့ တက်လှမ်းနိုင်ပါစေလို့ သား ဆုတောင်းပေးလိုက်ပါတယ် မေမေ။(ပြီး)

************************************************

ဆက်လက်ကြိုးစားပါဦးမည်။
#စစ်နိုင်ထွန်း
၂၊၄၊၂၀၂၃။