ပုသိမ်ရန်နောင်စိုး
ကွက်တိ
သပြေကန် မြှုံးတန်းသို့ ပထမဦးဆုံး ရောက်လာသူမှာ ထိပ်သီးတစ်ယောက်တည်းသာ ရှိသေးသည်။ တခြား မြှုံးသမားတွေ မရောက်ကြသေး။
ခုတလော ပုစွန်က ရေအောက်ကြမ်းပြင် နွံပေါ်မှာ သိပ်မစား၊ ရေပြင်အောက် တစ်ထွာလောက်မှာသာ တက်ပြီး စားနေသည်။ သို့ကြောင့် မြှုံးတွေကို ဖော့တွဲရမည်။ အိမ်ကနေ တခါတည်း ဖော့တွေ လုပ်လာခဲ့သည်။
ဖော့ဆိုသည်မှာ တခြားမဟုတ်။ ဗေဒါဖောင်လေးတွေကို ကြီးလျှင် ကြီးသလို ငယ်ပါက ငယ်သည့်အလျှောက် လက်တစ်ကိုင်နှင့် လေးသစ်လောက် ဗေဒါဖောင်အစည်းလေးများပင် ဖြစ်သည်။ ထို ဗေဒါဖောင်အစည်းလေးနှင့် မြှုံးအပေါ်ဖုံးကို ကပ်ပြီး ချည်ထားလိုက်တော့ မြှုံးက ရေထဲမှာ မြုပ်မသွားတော့ဘဲ ရေပေါ်မှာ ရေးရေးလေး ပေါ်နေခြင်းကို ဖော့တွဲထားသည်ဟု ခေါ်ကြသည်။
ပုစွန်ဆိုသည့် သတ္တဝါကလည်း အစာရှာဖွေစားသောက်သည့် နေရာမှာ ရေအပေါ်ယံမှာ စားတတ်သလို ရေအောက် နွံပြင်မှာ လျှောက်စားသည့်အခါလည်း ရှိသည်။ ဒါကို ပုစွန်မြှုံးထောင်သူတိုင်း သိထားပြီး နားလည်ရမည်။
ရေရောင် အကြည် အနောက်နှင့် ရာသီဥတုကို လိုက်ပြီး ပုစွန်တွေက နေရာရွှေ့ပြီး အစာရှာ စားလေ့စားထ ရှိသည်။
မြှုံးထောင်သည့် ပုစွန်စာမှာ လတ်လတ်ဆတ်ဆတ် ဖွဲနုဖြစ်သော်လည်း ပုစွန်အကြိုက်ဆုံးအစာမှာ အုန်းသီးဆံပင် ဖြစ်သည်။ ဖွဲနုထဲသို့ အုန်းသီးဆံရင့်ရင့်ကို ခြစ်ထည့်ပြီး ထမင်းရည်ပျစ်ပျစ်နှင့် အတုံးရှည်ရှည်လေးတွေ ဖြစ်လာအောင် နာနာဆုပ်ပေးရသည်။
ထိုအတုံးလေးများကို ပေါင်းချောင်ထဲမှာ နပ်အောင် ထည့်ပေါင်းပြီး အအေးခံထားရသည်။
အုန်းသီးနှင့် ဖွဲနု၏ ရနံ့ကြောင့် ပုစွန်မပြောနှင့် လူပင် သွားရည်ကျလောက်အောင် မွှေးကြိုင်နေပါသည်။
တချို့က မြှုံးထဲသို့ ပုစွန် ပိုပြီးဝင်စေရန် မွှေးကြိုင်နေသည့် အစာလုံးကို မီးနှင့်ထပ်ပြီး ဖုတ်ကြသေးသည်။ မီးဖုတ်အစာလုံးနှင့် ပုစွန်ထောင်သည့်နေရာသို့ ရိုးရိုးအစာလုံးနှင့် ထောင်ပါက ပုစွန်အစား နည်းသွားတတ်သည်။
မြှုံးတိုင်ကို ပုံသေထားပြီး တစ်နေရာတည်း ထပ်တလဲလဲ ထောင်နေလျှင်လည်း ပုစွန်အရနည်းသည်။ လုပ်နိုင်လျှင် မြှုံးတိုင်ကို တစ်နေ့တစ်ကြိမ် တစ်တောင်လောက်စီ ရွှေ့ရွှေ့ပေးမှ ပုစွန်များများ ရတတ်သည်။
ပုစွန်အစာလုံး ဘယ်လိုပင် ကောင်းကောင်း နေရာရွှေ့မထောင်သည့် မြှုံးမှာ ပုစွန်အဝင် နည်းသွားသည့်အပြင် တချို့မြှုံးဆိုလျှင် တစ်ကောင်တစ်လေ ပင် မဝင်တော့။
“ဟာ”
ပထမဆုံးတိုင်က မြှုံးကို ဆွဲဖော်ဖို့ မြှုံးချိတ်နှင့် စမ်းကြည့်ရာ မြှုံးမရှိတော့ချေ။
“ဟဲ့”
ဒုတိယတိုင်မှာလည်း မြှုံးမရှိ။
“ဟင်”
တတိယတိုင်မှာလည်း မြှုံးက နတ္ထိ။
“အိုး”
စတုတ္ထတိုင်မှာလည်း ဗလာ။
သည်လိုနှင့်ပင် ဆက်တိုက်လိုက်ပြီး ဖော်ကြည့်ရာ မြှုံး နှစ်ဆယ့်ငါးလုံး ပျောက်နေကြောင်း သိရလေတော့သည်။ မြှုံးအလုံးငါးဆယ်ထောင်ထားရာ နှစ်ဆယ့်ငါးလုံးသာ ရှိတော့သည်။
“တောက်”
ထိပ်သီး ဒေါသထွက်နေပြီ။ သပြေကန်မြှုံးတန်းမှာ သူ့မြှုံးက အသစ်ဆုံး။ ရေထဲချသည်မှာ ဆယ်ရက်ပင် မပြည့်သေး။
သာမောင်၊ ဖိုးထိန်၊ ဒီလုံးနှင့် ကုလားချိန်တို့ မြှုံးတွေလည်း ရက်နှစ်ဆယ်လောက်ပင် ရှိဦးမည်ထင်သည်။
“ဟေ့ကောင် ထိပ်သီး … မြွေနဂါး လွတ်သွားလို့လား”
ရေဆန်ကို တဟဲဟဲမြည်အောင် လှော်တက်လာသည့် ဒီလုံးက ထိပ်သီးကို လှမ်းမေးသည်။
“ငါ့ မြှုံးတွေ သူခိုး ခိုးလို့ကွ”
“ဟေ… ဟုတ်လား၊ ဘယ်နှစ်လုံးတောင် ပါသွားလဲ”
“အလုံး အစိတ်”
“ဟဲ့ … မနည်းပါလား”
“မင်းမြှုံးတွေလဲ သူခိုးနောက် ပါချင်ပါနေမှာ … ကြည့်ဦး”
“အေး … ဟုတ်တယ်ကွ”
ဒီလုံးလည်း စိုးရိမ်တကြီးနှင့် သူ့မြှုံးတန်းများရှိရာသို့ ရေဆန် လှော်တက်သွားလေသည်။
ထိပ်သီး မြှုံးတန်းထိပ် အထက်ဘက်မှာ ဒီလုံး မြှုံးတန်း၊ ဒီလုံးနှင့် တစ်ဆက်တည်းက ဖိုးထိန် မြှုံးတန်း၊ ထိပ်သီး မြှုံးတန်း အောက်ဘက်မှာ သာမောင်နှင့် ကုလားချိန်တို့ မြှုံးတန်းတွေ ရှိသည်။
သပြေကန်မြှုံးတန်းမှာ ရွာမရှိ၊ အိမ်နတ္ထိ၊ ချုံတွေသာရှိသည်။ သို့ကြောင့် တခြားမြှုံးတန်းတွေထက် ပုစွန် ပိုပြီးရသည်။ သူခိုးလည်း ပူသည်။
ရွာရှိ၊ အိမ်ရှိ၊ တဲရှိ မြှုံးတန်းတွေမှာ အပျောက်အရှ သိပ်မရှိ။ ပျောက်လည်း တစ်လုံး နှစ်လုံးလောက် သာ။
ခုတော့. . . .။
“လုပ်ကြဦးပေါ့ မအေးရိုး မြှုံးသူခိုးတွေ”
ထိပ်သီးတစ်ယောက် စိတ်ပေါက်ပေါက်နှင့် မအေနှင့် ကိုင်ပြီး ကလော်တုတ်ပစ်လိုက်တော့သည်။
X X X X
မြှုံးဖော်၊ ဖော့တွဲ၊ ရသမျှ ပုစွန်လေးတွေ စလှောင်ထဲမှာ အသီးသီး လှောင်ပြီးသွားကြတော့ သာမောင်၊ ဒီလုံး၊ ဖိုးထိန်နှင့် ကုလားချိန်တို့မှာ ထုံးစံအတိုင်း ထိပ်သီး မြှုံးတန်းမှာ လာစုကြသည်။
“တို့ ဒီလို စုအိပ်လို့ မဖြစ်ဘူး ထင်တယ်ကွ။ ကိုယ့်မြှုံးတန်း ကိုယ်ပြန်အိပ်ကြမှ ကောင်းမယ်ထင်တယ်”
ကုလားချိန့် စကားကို ဖိုးထိန်က လက်မခံ။
“တို့မြှုံးတွေပျောက်တာ အိပ်နေတုန်း ပျောက်တာမှ မဟုတ်တာ။ မနက်က မြှုံးဖော်ပြီး အပြန်မှာ သူခိုးက အေးအေးဆေးဆေး ခိုးသွားတာ”
“ဖိုးထိန်ပြောတာ ဟုတ်တယ်။ မနက်က မြှုံးဖော် ကြတော့ ဘယ်သူ့မြှုံးမှ မပျောက်ဘူးမို့လား။ ခုညနေ ကိုယ့်မြှုံးတန်း ကိုယ်ပြန်လာမှ ပျောက်နေတာကို သိကြတာဘဲ။
သူခိုးက နေ့လယ်ကြောင်တောင်ကြီးတော့ မခိုးဘူး။ တို့တစ်တွေ မြှုံးဖော်ပြီးတော့ မနက်လေးနာရီခွဲနေပြီလေ။ တို့တွေ ကိုယ့်အိမ် ဆိပ်ကမ်းကို အပြန် မိုးမလင်းခင်လေးမှာ သူခိုးက အေးအေးဆေးဆေး ဝင်ခိုးသွားတာဘဲ ဖြစ်ရမယ်ကွ”
“အေး … ဟုတ်မယ်၊ သာမောင်ပြောတာ ဖြစ်နိုင်တယ်”
သာမောင့်စကားကို ဒီလုံးက ထောက်ခံလိုက်သည်။
ထိပ်သီးကတော့ ဘာမှ ဝင်မပြော။ ဒေါသတွေသာ တရှူးရှူး ထွက်နေသည်။
သပြေကန်မြှုံးတန်းမှာ မြှုံးထောင်သူ သူတို့ငါးယောက်စလုံး တစ်ပြိုင်တည်း အခိုးခံကြရသည်။
ထိပ်သီးက ၂၅ လုံး၊ သာမောင်က ၃၁ လုံး၊ ဒီလုံးက ၂ဝ တိတိ၊ ဖိုးထိန်နှင့် ကုလားချိန်တို့က တစ်ယောက် ၁၅ လုံးစီ၊ စုစုပေါင်း မြှုံး ၁ဝ၆လုံး အခိုးခံကြရသည်။
သည်လောက်များများ ခိုးတတ်သည်မှာ သက်သက် ခိုးစားနေကြသည့် မြှုံးသူခိုးများပင် ဖြစ်ရမည်။ သည်သူခိုးတွေက သည်အရပ်က မြှုံးတွေ စုပေါင်းခိုးယူပြီး အောက်ဘက်သို့ဆင်းကာ အောက်ဘက်ကမြှုံးသမားတွေကို သွားရောင်းစားကြခြင်းဖြစ်သည်။
အချင်းချင်းခိုးသည့် သူခိုးလည်း ရှိသည်။ သူတို့ကတော့ များများစားစား မခိုး။ တစ်လုံးစ နှစ်လုံးစ ပြောက်တိပြောက်ကျားသာ ခိုးလေ့ရှိသည်။ မြှုံးတန်း တစ်တန်းကို အလွန်ဆုံးခိုးမှ သုံး လေးလုံး၊ သည်ထက်မပို။
ထိုသူတွေကလည်း သူတို့ မြှုံး ကျိုးတာ ပျက်တာကို အစားထိုးလို၍ ခိုးကြခြင်း ဖြစ်သည်။ မြှုံးသမားတိုင်းပင် မြှုံးကျောတတ်ကြသည်။ နှေးတာ မြန်တာလောက်သာ ကွာသည်။
ထိပ်သီးလည်း မြှုံးကျောတတ်သည်။ မြှုံးကျောတတ်သော်လည်း သူ့မှာ မြှုံးကျောချိန် မရှိ။ ငါးသလောက်တွေ မော့ပြီး ပြန်လည်ပျောက်သွားသည်နှင့် ထန်းတစ်ပင်ချောင်းသို့ သူတို့လင်မယား ရောက်သွားပြီး ဒိုင်းဝန်းခပ်၊ ငါးထိုးနေကြသဖြင့် မြှုံးကျောချိန် မရ။ မြှုံးဖျင်လည်း ကြိုတင်ပြီး မလုပ်နိုင်။ သည်တော့ ကြိုတင်မှာထားသည့် မြှုံးတွေကိုသာ အစာခွက်ကောက်တပ်ပီး အသင့်ထောင်ရုံလေးသာ
အခိုးခံရသည့် မြှုံးအတွက် အစားထိုးဖို့ မြှုံးလုပ်ရောင်းသူထံမှာ ထပ်ပြီးမှာလည်း ချက်ချင်းတော့ မရနိုင်။ ကိုယ့်ဖာသာ လုပ်ပြန်တော့လည်း အသင့်ကျောပြီးသား ဖျင်က မရှိသေး။ သပ်ပြီးသား ချောပြီးသား မြှုံးတန်ဆိုတာကတော့ ဝေလာဝေး။
လောလောဆယ်မှာတော့ ရှိတာလေးနှင့် ဒီလိုပဲ မှေးကာ နေရဦးမည်။ နောက်မှ အစားပြန်ဖြည့်ရမည်။
ပုစွန်များများစားနေချိန်မှာ သည်လိုမြှုံးတွေ အခိုးခံရသည်ဆိုတော့ တကယ့်ကို ဒေါသထွက်စရာပါ။
အဆန်းတော့မဟုတ်။ သည်ဒေသက မြှုံးသမားတိုင်း နှစ်စဉ်နှစ်တိုင်း သည်လိုပင် အချီကြီး ပျောက်နေကြ။ ပျောက်ပြီဟေ့ဆိုလျှင်တော့ ဘယ်သောအခါမှ ပြန်မရ၊ သွားပေတော့ တစ်မိုး။
“ဒီလောက်ဆိုရင် တို့မြှုံးတွေ အောက်ဘက်ကို ရောက်သွားပြီကွ”
“ရောက်ချင်မှ ရောက်ဦးမယ်ကွ။ ငပုတောဘက်မှာ စစ်ဆင်ရေးလုပ်နေလို့ ရေလမ်းတွေ ပိတ်ထားတယ် ပြောကြတယ်ကွ”
“ဟုတ်လို့လား. . . . ”
“ဟုတ်မှဟုတ်… တစ်နေ့ကမှ ပိတ်တာတဲ့ကွ။ ဦးမောင်ပု သူ့သမီးဆီပြန်တာ သင်္ဘောမရှိလို့ ငပုတောကို မပြန်ရသေးဘူးတဲ့”
ဖိုးထိန်ပြောတာ ဖြစ်နိုင်သည်။
ဘိုကလေးဘက်ကနေ ဝင်လာသည့် ကေအင်န်ယူတွေကို တပ်မတော်က စစ်ဆင်ရေး လုပ်နေသည့်အချိန်။
“ဟော… ဟော… ဟိုမှာ ဦးတက်ဖြိုး လာနေပြီ။ မေးကြည့်ပါလား”
ထိပ်သီး စကားကြောင့် အထက်ဘက်ကနေ ဆယ်တောင်လှေလေးကို ရေစုန်လှော်လာနေသည့် ဦးတက်ဖြိုးကို ဒီလုံးတို့လူသိုက် လှမ်းကြည့်လိုက်ကြသည်။
ဦးတက်ဖြိုးမှာ ရွာထဲမှာမနေ။ သူပိုင် လယ်ကွင်းထဲမှာသာ အိမ်တစ်လုံးနှင့် သီးသန့်နေသည်။ မည်သူနှင့်မှလည်း အရောတဝင် မနေ။ လယ်ဆယ်ဧကကျော်နှင့် ငှက်ပျောဥယျာဉ်ကြီးလည်း ရှိသည်။ စပါးသုံးရာပါ လှေကြီးနှင့် ပင်လယ်ကုန်ကူးနေသောကြောင့် ပြေပြေလည်လည်ရှိသည်။
ခရီးမထွက်သည့်အခါ ရှစ်ရက် လပြည့်လကွယ် ဥပုသ်သီလ ဆောက်တည်သည်။ နံနက် ည ဝတ်မပျက်၊ အသံကျယ်ကျယ်နှင့် ဘုရားရှိခိုး အမျှဝေလေ့ရှိသည်။ အလှူရေစက် လက်နှင့်မကွာ ရက်ရက်ရောရော လှူဒါန်းနေသူမို့ အားလုံး၏ လေးစားခင်မင်ခြင်းကိုပါ ခံယူရရှိနေသူတစ်ဦးလည်း ဖြစ်သည်။
“ဟေ့ကောင်လေးတွေ … အခြေအနေ ကောင်းကြရဲ့ မဟုတ်လား”
ဦးတက်ဖြိုးကပင် ထိပ်သီးတို့လူစုကို စတင်ကာ နှုတ်ဆက်သည်။
“မကောင်းဘူး ဦးလေးရေ့”
“ဟ…. ဘာဖြစ်လို့လဲကွ”
ဦးတက်ဖြိုးက သာမောင့်ကို အံ့ဩဟန်ဖြင့် ပြန်မေးသည်။
“ကျွန်တော်တို့အားလုံး မြှုံးတွေ အခိုးခံရလို့”
ကုလားချိန်က စိတ်ပျက်သံကြီးနှင့် ဝင်ပြောသည်။
“ဦးလေး အောက်ဘက်ကို မဆင်းဘူးလား”
“ဘာဖြစ်လို့လဲ”
“အသစ်မဟုတ်တဲ့ တပတ်ရစ်မြှုံးတွေ တစ်ပုံတစ်ခေါင်းကြီး တင်သွားတဲ့လှေ တွေ့ရင် အဲဒါ မြှုံးသူခိုး ကျိန်းသေတယ် ဦးလေးရဲ့။ ဦးလေး ပင်လယ်ဘက်ကို ဆင်းတုန်း လမ်းမှာတွေ့ရင် မြှုံးသူခိုးတွေရဲ့ ပုံသဏ္ဌာန်နဲ့ သူတို့လှေ အရွယ်အစား၊ ဦးတုံး၊ ဘဲတောင် ဘယ်လိုပုံ၊ လှေဆရာနာမည်ကိုပါ သေသေချာချာ မှတ်ခဲ့စမ်းပါနော်”
“မှတ်ထားပါပြီတဲ့၊ အောက်ဘက်ကလူတွေကို မင်းတို့ မမြင်ဖူးဘဲ ဘယ်လိုလုပ် သိနိုင်မှာလဲကွ”
“အောက်ဘက်ကလူက ဒီကိုဆန်တက်လာပြီး မြှုံးကိုမခိုးဘူးဦးလေးရဲ့။ ဒီအရပ်က သူခိုးတွေကသာ မြှုံးတွေကို ခိုးယူသွားပြီး အောက်ဘက်ကလူတွေကို သွားရောင်းစားတာ ဦးလေးရဲ့”
“ဟုတ်ပါ့မလားကွ”
ထိပ်သီးစကားကြောင့် ဦးတက်ဖြိုး တွေတွေဝေဝေ ဖြစ်သွားသည်။
“ရေလမ်းတွေ ပိတ်ထားလို့ အောက်ဘက်ကို မဆင်းဖြစ်သေးပါဘူးကွာ. . .”
ပြောရင်းနှင့်ပင် ရေစုန်အတိုင်း ဦးတက်ဖြိုးမှာ လှေလေးကိုလှော်ပြီး ထွက်သွားလေတော့သည်။
“ကဲ. . . ငါမပြောဘူးလား။ အောက်ဘက်ရေလမ်း တွေ ပိတ်ထားတယ်ဆိုတာကို”
ဖိုးထိန်က သူပြောခဲ့သည့်စကား မှန်ကန်နေကြောင်းကို သူ့ဘာသာသူ ထောက်ခံနေသည်။
“ဟေ့… ဒါဆို တို့မြှုံးတွေ အောက်ဘက်ကို မရောက်နိုင်သေးဘူးကွ။ ဒီမှာဘဲ ရှိနေမှာ သေချာတယ်”
ဒီလုံးက သူ့အထင်ကို ဝင်ပြောသည်။
ထိုအချိန်မှာပင် မိုးဖွဲလေးတွေကျလာပြီး လေကပါ ခပ်ကြမ်းကြမ်း တိုက်ခတ်လာနေသည်။
“အနောက်တောင်ဘက်မှာ မိုးရောလေပါ ဩချနေပြီဟေ့”
ကုလားချိန်က သတိပေးပြီး သူ့လှေပေါင်းမိုးထဲသို့ သုတ်ခနဲ ဝင်ပြေးသည်နှင့် ထိပ်သီးတို့လည်း ကိုယ့်လှေပေါင်းမိုးထဲသို့ အသီးသီး ဝင်ပြေးကြလေတော့သည်။ ပေါင်းမိုးအဝင်ရှိ မိုးကာများကိုပါ ချကာ မိုးမပက်စေရန် ပိတ်ဆို့ထားကြလေသည်။
“ဒီညတော့ အိပ်လို့ကောင်းဦးမယ်ဟေ့”
သာမောင့်အသံက မိုးသံလေသံတွေ ကြားထဲကနေ မတိုးမကျယ် ပေါ်ထွက်လာသည်။
“အေး… အေး… ကောင်းကောင်းအိပ်။ ကျော ရေစွဲ တော့လဲ လှေထဲကရေတွေကို ထပြီး ပက်မထုတ်နဲ့။ ဒီအတိုင်းထား … သိလား”
ဖိုးထိန်ကလည်း အငြိမ်မနေ၊ သာမောင့်ကို ငေါ့ပြော နေသည်။
မိုးနှင့်လေက ပြင်းထန်သည်ထက် ပြင်းထန်လာနေသည်။ လှေပေါင်းမိုး ဓနိရွက်တွေကိုပင် ဖောက်ဝင်တော့မတတ် ပြင်းထန်လှသည်။ လေကလည်း တဝေါဝေါနှင့် ဒေါမာန်တကြီး အော်မြည်တိုက်ခတ်နေပါသည်။
ဘေးချင်းယှဉ်ကာ ဆိုက်ကပ်ထားသည့် လှေငါးစင်းမှာ တစ်စင်းနှင့်တစ်စင်း လူးလှိမ့်တိုးဝှေ့နေသည်မှာ ဂလုပ်ဂလုပ် ဂလုပ်ဂလုပ် နှင့် အဆက်မပြတ် မြည်နေသည်။ ပေါင်းမိုးချင်း ထိခတ်ပွတ်ကြိတ်နေသောကြောင့် ပေါင်းမိုးများ လှေနံမှ ကြွကြွတက်နေပြီး ရေမှုန်ရေမွှား ရေစက်တွေ ဝင်လာနေသည်။ ဇိမ်နှင့် မည်သူမှ အိပ်နေလို့ မဖြစ်တော့ချေ။
မြှုံးလှေတို့၏ ထုံးစံအတိုင်း လှေပဲ့ပိုင်းတစ်ဝက်သာ ပေါင်းမိုးရှိနေသဖြင့် မိုးရေနှင့် လှိုင်းပုတ်သည့် မြစ်ရေများ အဆက်မပြတ် ဝင်လာနေသောကြောင့် ဇိမ်နှင့်အိပ်ဖို့နေနေသာသာ ဖင်နွေးအောင်ပင် ထိုင်မနေရ။ လှေနစ်မြုပ်မသွားစေရန် ဝင်လာနေသည့် ရေများကို တသဲသဲ တဖျောဖျောနှင့် ပက်ပြီး ထုတ်နေကြရသည်။ ပါးစောင်မှာခဲထားသည့် ဆေးလိပ်တိုကိုပင် မီးညှိချိန်မရ။
လေက ကြမ်းသည်ထက် ကြမ်း၊ မိုးကလည်း သဲသည်ထက် သဲလာနေသည်။ မိုးသံလေသံတို့မှာ ကြောက်ခမန်းလိလိ အုံးတိုက်နေပြီး သောသောညံနေသောကြောင့် လှေငါးစင်း ပူးကပ်နေပေမယ့် တစ်ဦးနှင့်တစ်ယောက် အော်ဟစ်ပြောမှပင် ကြားရသည်။
သည်အတိုင်း သည်လိုဆိုလျှင်တော့ မလွယ်ရေးချ မလွယ်။
ထိုအချိန်မှာပင် ကွင်းလျှောချည်ထားသည့် မြှုံးတိုင်နှင့် လုပ်ထားသည့် ထိုးဝါးတိုင်လေးတွေ ကွေးညွှတ်ပြုတ်ထွက်ကုန်သလို လှေငြိမ်အောင် စိုက်ထားသည့် ဘေးဘက်ထိုးဝါးတွေပါ ကျိုးကျေပြီး လှေငါးစင်းစလုံး ကမ်းဘေးသို့ ဝုန်းခနဲ ပြေးဆောင့်လေတော့သည်။
“တို့ ဒီလိုနေလို့တော့ မဖြစ်တော့ဘူး၊ သေကုန်လိမ့်မယ်။ ဦးတက်ဖြိုး သရွတ်ထဲ ဝင်ပြေးမှ သက်သာမယ်ထင်တယ်”
“အေး… ဟုတ်တယ်၊ မြန်မြန်လုပ်ကြ”
ထိပ်သီးပေးသည့် အကြံကို သာမောင်က လက်ခံပြီး ငါးယောက်သား ဦးတက်ဖြိုး သရွတ်ဆီသို့ လှော်ပြေးကြလေတော့သည်။
မြစ်ညာရေ ဆင်းနေသဖြင့် ရေကတော့ စုန်ပါ၏။ ပြင်းထန်သည့် လေကို ဆန်ပြီး လှော်နေရသောကြောင့် လှေက ရွေ့ရုံလေးသာ ရွေ့နေသည်။
မိုးမှောင်ကြီး ကျနေသဖြင့် ရှေ့တစ်လံလောက်ကိုပင် ကြိုပြီးမမြင်ရ။ မိုးသီးမိုးပေါက်တွေကလည်း ကျောက်စရစ်ခဲတွေနှင့် စုပြုံပစ်ပေါက်နေသည့်အလား ပြင်းထန်လှပါ၏။
လှေချည်းသက်သက် လှော်ရလျှင်တော့ မြန်မြန်ရောက်နိုင်သည်။ ပေါင်းမိုးရှိနေလေတော့ ပေါင်းမိုးကို လေက ဖိတွန်းထားသဖြင့် လှေက ရွေ့ရွေ့သာ သွားနေသည်။
ထိပ်သီးလှေက ရှေ့ဆုံး၊ သူ့နောက်မှာ သာမောင်၊ ပြီးတော့ ဒီလုံးနှင့် ဖိုးထိန်၊ နောက်ဆုံးကတော့ ကုလားချိန်။
ကိုက်ငါးရာလောက်တော့ အားစိုက်ခွန်စိုက် ကျုံးကုန်းပြီး လှော်ရမည်။ လက်ညောင်း ခါးနာလို့ ဆိုပြီး တစ်စက္ကန့်ပင် ရပ်နားနေ၍ မဖြစ်။ နားလိုက်သည်နှင့် ကမ်းဘေးကို ပြေးရိုက်ပြီး လှေမှောက်သွားနိုင်သည်။
တက်ပြားကို ရေမှာ နာနာနှစ်ပြီး မြန်နိုင်သမျှ မြန်အောင် ကြုံးကုန်းပြီး လှော်နေရမည်။
မိုးနှင့် လေကလည်း သူတို့ကို တစ်ချက်ကလေးမှ မျက်နှာသာ မပေး။ ရက်စက်သည်ထက် ရက်စက်လာပြီး ကြမ်းသည်ထက်သာ ကြမ်းတမ်းလို့ လာနေသည်။
သတ္တိကို အရင်းတည်ကာ ဇွဲနှင့် လုံ့လကို ဝန်းရံပြီး လေပြင်း မိုးသဲမှာ အမောက်ထောင် ဒေါမာန်ထနေသည့် လှိုင်းလေ မိုးသဲထဲကနေ ဦးတက်ဖြိုး၏ သရွတ်ဝသို့ ရောက်လာကြသည်။
ဆောက်ကုလားချုံများနှင့် ကိုင်းဖုတ်များရှိနေသောကြောင့် လေဒဏ်က အနည်းငယ်တော့ သက်သာရာရသွားသည်။
အားလုံး အိပ်ရာနှင့် စောင် ခေါင်းအုံးများပါ ရွှဲနစ်နေသည့်အပြင် လှေထဲမှာ ရေတွေကလည်း တကူကိုကျော်ကာ လှေကန့်သို့ပင် ရေစွဲနေပေပြီ။
သို့ကြောင့် ငါးယောက်သားလှေထဲက ရေတွေကို အပြိုင်အဆိုင် ပက်ထုတ်နေကြရပြန်သည်။
“ဟေ့… တို့တွေ ဦးတက်ဖြိုးကို ခွင့်တောင်းပြီး သူ့နွားတင်းကုပ်ထဲ သွားနေကြရအောင်”
“ဒီလူကြီးက ဘုရားတရားသာ လိုက်စားနေတာ။ လူ့ခွစာကြီးကွ။ ဖြစ်မယ် မထင်ပါဘူးကွာ”
ကုလားချိန်၏ အောက်မေးရိုက်သံနှင့် အကြံပြုချက်ကို ဒီလုံးကလည်း ပြန်ပြီး အောက်မေးရိုက်သံနှင့်ပင် ကန့်ကွက်နေသည်။
ရေပက်ပြီးသွားကြတော့ ငါးယောက်သား ကြွက်စုတ်တွေ ရေမွန်းနေသည့်ပုံများနှင့် မျောက်ထိုင်ထိုင်ကြရင်း ချမ်းလွန်း၍ အပြိုင်အဆိုင် တဂိုက်ဂိုက်နှင့် အောက်မေးရိုက်နေကြသည်။
“ဒီအတိုင်းဆို ကြွက်တက်ပြီး သေလိမ့်မယ်ကွ”
အောက်မေးရိုက်သံ ညည်းညူသံနှင့် ဖိုးထိန်က မပီမသ ပြောသည်။
“ငါ အကြံရပြီ။ ပင်လယ်ဆင်းတဲ့ ဦးတက်ဖြိုးလှေကြီးထဲ ဝင်နေကြမယ်။ အဲဒါမှ လေလုံမယ်ကွ”
“အေး… ဟုတ်တယ်ဟေ့၊ သွားကြစို့”
ထိပ်သီး အကြံပေးချက်ကို ဒီလုံးက ထောက်ခံပြီး အားလုံးပင် သရွတ်အတိုင်း လက်နှိပ်မီးထိုးပြီး လှော်ကြရာ ဆယ်မိနစ်ပင်မပြည့်၊ ဦးတက်ဖြိုး လှေမည်းမည်းကြီးဘေးသို့ ရောက်သွားကြလေသည်။
ကျကျနန ပိတ်ဆို့ထားသည့် ပေါင်းမိုးကို ဆွဲလှန်ကြပြီး လှေကြီးပေါ်သို့ သူ့ထက်ငါ အလုအယက် တိုးတက်ကြလေသည်။
သည်သရွတ်ထဲကနေ လှေတွေ ဘယ်လိုမှ မျောမသွားနိုင်သည်ကို သိနေသောကြောင့် မည်သူမှ လှေကြိုးကို မချည်။
“ဟဲ့ … လှေထဲမှာ ဘာတွေလဲကွ၊ ပျော့စိစိနဲ့။ ထိပ်သီး … မီးထိုးစမ်းဟေ့”
ဒီလုံး စကားကြောင့် ထိပ်သီးက သူ၏ ငါးတောင့်ထိုး လက်နှိပ်မီးနှင့် လှေဝမ်းထဲသို့ ထိုးကြည့်လိုက်ရာ မြင်နေရသည့် မြင်ကွင်းကြောင့် ငါးယောက်သား ပါးစပ်များမှ တစ်ပြိုင်တည်း ထွက်သွားသည့် အံ့ဩသံတွေကတော့ တကယ့်ကို ညီမှညီ။
“ဟယ် … မြှုံးတွေ”
အောက်မေး တဂိုက်ဂိုက်ရိုက်ပြီး တစ်ကိုယ်လုံး ခိုက်ခိုက်တုန်၊ လက်တွေ ပဲကြီးခွံတွန့်နေတာကိုလည်း သူတို့ မေ့သွားသည်။ မှောင်နှင့်မည်းမည်း မိုးနှင့် လေနှင့် တဝေါဝေါ တဝုန်းဝုန်း သွန်းကြဲနေတာကိုလည်း သူတို့နားမှာ မကြားတော့ချေ။
သူတို့ ငါးယောက်သားမှာတော့ ဘာမှ မထူးဆန်းသည့် မြှုံးတွေကို ကြည့်ကာ ကမ္ဘာ့အံ့ဖွယ်သရဲကြီးတစ်ခုကို မြင်တွေ့နေရသည့်အလား မျက်လုံးများ ကျွတ်ထွက်လုမတတ် ပြူးကျယ်နေပါတော့သည်။
ဥပုသ်ရက် ကျောင်းတက်မပျက်၊ အလှူရေစက် လက်နှင့်မကွာ၊ ဘုရားဒါယကာ၊ ကျောင်းဒကာကြီးမှာ လက်စသတ်တော့ နှစ်စဉ်နှစ်တိုင်း ခိုးနေကြ မြှုံးသူခိုးကြီးပါလား။
ဦးတက်ဖြိုး၏ လှေပေါ်မှာ တွေ့ရသည့်မြှုံးတွေကို ရေတွက်ကြည့်လိုက်တော့ ၁ဝ၆ လုံး။ သူတို့ငါးယောက်ပျောက်သွားသည့် မြှုံးတွေကလည်း ၁ဝ၆ လုံး။
တကယ့်ကို ကွက်တိ။