ကွင်းပိုင်ကြီး(စ/ဆုံး)
—————–
ညောင်ကျိုးရွာသည် တောင်ပေါ်မှ စီးစင်းလာသော တောင်ကြချောင်းကမ်းစပ်အနား တည်ရှိပြီး မြို့နဲ့ အလှမ်းဝေးသောကြောင့် လျှပ်စစ်မီးလဲ ကောင်းကောင်းမရသည်ကြောင့် အတော်ပင် ခေတ်နောက်ကြသည့် ရွာငယ်လေးဖြစ်၏။
“ဟေ့ကောင်…ဖိုးထူး…မပြီးသေးဘူးလားဟ….”
တရွာထဲနေ သူငယ်ချင်းဖြစ် ချက်ဖောင်း၏ အမေးကြောင့် ဖိုးထူးတစ်ယောက် ကောက်လှိုင်းထုံးများကို ဝါးတံစို့ဖြင့်ထိုးကာ ထမ်းနေရင်းက။
“မပြီးသေးပါဘူးကွာ…ရာသီဥတုက…သိပ်ပြီးမှန်တာ…မဟုတ်ဘူးချက်ဖောင်းရ…အဘက… ကောက်လှိုင်းထုံးတွေ…တလင်းထဲဒီနေ့အပြီး….သယ်ခိုင်းထားကွ..”
“မပူပါနဲ့ကွ…ငါရောက်လာပါပြီ…ငါကူထမ်းပါ့မယ်ကွ…”
ချက်ဖောင်းလဲ ခါးတောင်းကို မြှောင်နေအောင် ကျိုက်ခါ ဖိုးထူးနှင့်အတူ ကောက်လှိုင်းတွေ ဝင်ထမ်းပါတော့သည် သူ့ပုံကြည့်ရတာတော့ အရက်တန်ခိုးဖြင့် မူးနေသည့်ဟန်ပါပဲ သို့သော် သောက်ဖော် သောက်ဖက်များမို့ အထူးအဆန်းတော့ မဟုတ်ပေ။
သူတို့ကောက်လှိုင်းထုံးများ ကိုယ်စီထမ်းကြရင်းနဲ့ အချိန်ဟာ တစ်ဖြေးဖြေးနဲ့ မှောင်ရီပျိုးလာပါတော့တယ်။
“ကဲ…နားရအောင်…ချက်ဖောင်းရေ… ကောက်လှိုင်းတွေလဲ…အကုန်နီးပါး… တလင်းထဲ ရောက်နေပြီပဲကွာ…. ကျန်တာလေးမနက်ကြ… ဆက်ထမ်းကြတာပေါ့…”
တလင်းထဲမှ ကော်လှိုင်းများကို တာပေါ်လင်စဖြင့် အသေအခြာအုပ်မိုးကာ သူငယ်ချင်းနှစ်ယောက် လှည်းလမ်းအတိုင်း ရွာသို့ပြန်ခဲ့ကြပါတောသည်။
ဖိုးထူးတို့လယ်သူ ရွာနှင့်အနည်းငယ်လှမ်းသော်လဲ သူ၏ဖခင် အမွေရထားသော လယ်ယာများမို့ မရောင်းရက်ပဲ ယခုကဲ့သို့ လုပ်ကိုင်ခဲ့ရပါသည်။
လရောင်ရေးရေးအောက်မှာ လေနုအေးအေးဖြင့် သူငယ်ချင်းနှစ်ယောက် လှည်းလမ်းအတိုင်း လျှောက်လာခဲ့ကြသည်။ညနေက ပင်ပန်းသည်ကြောင့် ချက်အရက်လေး ကိုယ်စီသောက်ထားကြသည်မို့ အနည်းငယ်တော့ ရီဝေနေပြီဖြစ်၏ သူတို့လျှောက်လာကြရင်း ညောင်ကျိူးရွာ။
“ဟေ့ကောင်…ဖျက်ဖောင်း…ဟိုအရှေ့က…ဘာတွေလဲကွ….ကြည့်စမ်း…”
ဖိုးထူးညွှန်ပြရာသို့ ချက်ဖောင်း လှမ်းကြည့်လိုက်တဲ့အခါ လရောင်အောက်် ရှည်လျားတဲ့ လှည်းတန်းကြီးတစ်ခု သူတို့တွေလိုက်ကြရသည်။
“ဒီအချိန်က…တို့ရွာအနားမှာ…ပွဲလမ်းသဘင်လဲ…မရှိပါဘူးကွ…ဒါတွေကိုက…ဘယ်ကိုသွားနေကြတာလဲ…ငါတို့နဲ့…နီးလာပြီကွ….”
လှည်းတန်းကြီးသည် သူတို့အနောက်မှ တစ်ဖြေးဖြေး သူတို့နဲ့ နီးလာသည်မို့ လျှောက်နေသည့် လှည်းလမ်းအပေါ်မှ သူတို့နှစ်ယောက် လမ်းဖယ်လိုက်ကြသည်။ နွားခြူသံများ တလွင်လွင်ဖြင့် သူတို့အနားမှ ဖြတ်သန်းသွားသော လှည်းပေါ်မှာတော့ ကလေးလူကြီး ယောကျ်ားမိန်းမ စုံလို့ပါပဲ။သူတို့ကိုတော့ သတိထားမိဟန် မရှိပေ ချက်ဖောင်းနှင့်ဖိုးထူးလဲ အံ့သြစွာနဲ့ကြည့်နေရင်း လှည်းများ ခပ်ဝေးဝေး ရောက်တော့မှ သူတို့လဲ ရွာသို့ ဦးတည်ကာ ခပ်သွတ်သွတ် လျှောက်လိုက်ကြသည်။
သူတို့နှစ်ယောက် အချိန်အတော်ကြာကြာ လျှောက်နေကြပေမဲ့ စိတ်ထဲဝယ် ဒီနေရာမှ အရှေ့သို့ မရောက်သလိုပင် ဖြစ်နေ၍ ခြေလှမ်းတို့ကို ရပ်တန့်ကာ။
“ဟေ့ကောင်…ချက်ဖောင်း…ငါတို့လျှောက်တာ အတော်ကြာနေပြီနော်….ရွာထိပ်ကိုတောင်…လှမ်းမြင်နေရတာကွ….ဘာလို့ရွာထဲကို….အခုထိ… မရောက်နိုင်သေးတာလဲ….တစ်ခုခုတော့….မှားနေပြီထင်တယ်ကွ….”
ဖိုးထူး ထိုသို့ပြောတဲ့အခါ ချက်ဖောင်းမျက်နှာ မကောင်းပဲ ခေါင်းငိုက်စိုက်လျှက်ရှိနေရင်းက။
“ငါ….ငါမင်းနဲ့ရွာကိုပြန်လိုက်ချင်လို့ပါ… သူငယ်ချင်းရာ….ငါတို့မြန်မြန်လျှောက်ရင်တော့ ရောက်မှာပါကွာ…”
ချက်ဖောင်းမှာ ပြောလဲပြော မျက်ရည်များလဲ ကြလာသည်မို့ ဖိုးထူး အံ့သြစွာဖြင့်။
“ဟေ့ကောင်….မင်းဘာဖြစ်နေတာလဲ…. ငါတို့တွေ ကောက်လှိုင်းအတူထမ်းခဲ့ကြတာလေ မင်းကရွာကိုပြန်မလိုက်လို့….ဘယ်ကိုသွားရမှာလဲ…”
ချက်ဖောင်း ငိုပဲငိုနေရင်းက ရုတ်တရက် မြေကြီးများ တုန်လှုပ်လာပြီး ချက်ဖောင်း၏ ကျောပြင်သို့ တစ်စုံတစ်ယောက်က အားနှင့် ရိုတ်လိုက်သည်။
“ဘုန်း”
“အား…ကြောက်ပါပြီဗျာ..အီး…ဟီး…ဟီး…”
ဖိုးထူးတစ်ယောက် ချက်ဖောင်းကို ပြေးဆွဲဖို့ လုပ်ပေမဲ့ ခြေအစုံဟာ မြေကြီးမှ ခွာလို့မရနိုင်တော့ပေ ထိုအခိုက်မှာပဲ ချက်ဖောင်းအနောက်မှ ဗလခပ်တောင့်တောင့် အရပ်အမောင်းကောင်းကောင်း နှုတ်ခမ်းမွှေးစစ သျှောင်တစောင်းဖြင့် ပုဆိုးကို ခါးတောင်းကျိုက်ထားကာ ပေါင်မှာလဲ ရှေးရိုးရာ ထိုးကွင်းတို့ဖြင့် လူကြီးတစ်ယောက် ပေါ်လာကာ ဖိုးထူးအား စူးစူးကြီး စိုက်ကြည့်နေပြီးနောက်။
“ဟေ့ကောင်…မင်းပြန်တော့….ဒီငမိုက်သားကို… ထားခဲ့ပြီး…မင်းရွာကိုပြန်ပေတော့…ဒီကောင်နဲ့မင်းက…ဘဝခြားသွားပြီကွ…”
“ခင်….ခင်မျာ..”
ဖိုးထူးတစ်ယောက် ဘာကိုမှ နားမလည်နိုင်သောကြောင့် ငိုနေသော ချက်ဖောင်းကိုလှမ်းမေးလိုက်သည်။
“ဟေ့ကောင်ချက်ဖောင်း..မင်းဘာတွေဖြစ်လာတာလဲ….ငါ့ကိုပြောပါကွာ… မင်းနဲ့ငါ…ညနေကတောင်….ကောက်လှိုင်းတွေ…အတူထမ်းခဲ့ကြတာလေကွာ….”
ချက်ဖောင်း ဘေးနားမှ လူကြီးမျက်နှာကို လှည့်ကြည့်ကာ ငိုမြဲငိုနေပါတော့သည်။
“မင်းကောင်က….မင်းဆီကိုလာရင်းနဲ့… လမ်းမှာ.. ကန်သင်းကိုခလုတ်တိုက်တာ…. ဘာမှမဆိုင်ပဲ… ငါ့အပိုင်မှာ…ငါ့ကိုဆဲရေးတိုင်းထွာခဲ့တာ… ငါခွင့်လွှတ်ပေးခဲ့ပေမဲ့…နောက်တစ်ကြိမ်… ငါနေတဲ့နေရာကို….မတ်တတ်အပေါ့သွားခဲ့ပြန်တယ်… ဒါကြောင့်…. ငါမင်းကောင်ကို… မြွေဆိုးနဲ့မသေမခြင်း တိုက်သတ်လိုက်တာ….သေတာတောင်မှ… သူက မင်းဆီလာပြီး… ရွာထဲကိုဝင်ဖို့….ကြိုးစားနေတဲ့ကောင်… ရွာတော်ရှင်ကိုလဲ…. ငါပြောထားပြီးပြီ… ဒီကောင်ကိုရွာထဲပေးမဝင်ဖို့..”
ဖိုးထူး မျက်ရည်များ စီးကြလာကာ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ချက်ဖောင်းကို သနားလို့ ပြေးဆွဲဖို့ ကြိုးစားပေမဲ့ ခြေထောက်များက လှုပ်မရပေ။
“ခင်…..ခင်များက…ဘယ်သူလဲ…”
ဖိုးထူးထိုသို့ မေးလိုက်တဲ့အခါ ထိုလူကြီးမှာ သဘောကြကာ ရယ်မောလျှက်။
“ဟား…ဟား….ဟား…မှတ်ထားကွ….ငါက… ဒီနယ်တစ်ခွင်ကို…. အပိုင်စားရထားတဲ့….ကွင်းပိုင်ပဲကွ… မလောက်လေးမလောက်စားနဲ့… ငါ့ကိုစော်ကားလို့…ငါ့အကြောင်းပြလိုက်တာ…. ကဲ ကောင်လေး နောက်ကြနေပြီ မင်းပြန်ပေတော့ ”
ဟု ပြောကာ ဖိုးထူး၏ နဖူးအား လက်နဲ့ လှမ်းထိလိုက်တဲ့အခါ။ ဖိုးထူးသည် ထူးဆန်းစွာနဲ့ အမြင်အာရုံဏ်များ မှောင်မိုက်လို့ နေရာမှာတင် လဲကြသွားပါတော့သည်။
နားထဲ၌ လူအများ၏ စကားပြောသံများကို သဲ့သဲ့ ကြားနေရပြီး ဖိုးထူးတစ်ယောက် မျက်လုံးများကို အားယူ၍ ဖွင့်ကြည့်လိုက်တဲ့အခါ။
“ဟာ….လူလေး….မင်း….မင်းသတိရလာပြီလား.”
နံဘေး၌ စိုးရိမ်နေသော အမူအရာဖြင့် မေးလာသော ဖိုးထူး၏ ဖခင် ဦးသာစိန်ကို ဖိုးထူး ဘာမှ ပြန်မဖြေနိုင်သေးပါ။
“ရေ…ရေတစ်ခွက်လောက် ပေးပါဗျာ…”
ဖိုးထူးတစ်ယောက် ခပ်ပေးလာသော ရေကို အငမ်းမရသောက်ပြီးတဲ့ အခါ။
“လူလေး…ဘယ်လိုဖြစ်ကြတာလဲ… အဘကို
..ရှင်းပြပါဦးကွယ်….”
ဖိုးထူး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မိမိအိမ်သို့ ရောက်နေသည်ကို သတိထားမိလေသည်။
“အ…အဘ…ကျုပ်…ကျုပ်ဒီကို…ဘယ်လိုရောက်လာတာလဲ…”
ဦးသာစိန်တစ်ယောက် ဆေးပြင်းလိပ်ကြီး တစ်ချက်ရှိုက်ဖွာလိုက်ပြီးကာမှ။
“ညက အဘလဲ ..ရာသီဥတုပူလို့… အိမ်ရှေ့ကွပ်ပစ်ပေါ်..လှဲနေရင်းက… အိပ်ပျော်သွားတာကွ.. မနက်နှစ်ချက်တီးလောက်မှာ ခြံအရှေ့ကို လှည်းတစ်စီး ရောက်လာပြီး အဘနာမည်ကို… လှမ်းခေါ်တယ်လေ… အဘလဲ..လန့်နိုးပြီး သွားကြည့်လိုက်တဲ့အခါ… ဗလတောင့်တောင့် နှုတ်ခမ်းမွှေးစစ ဆံပင်ကို သျှောင်တစောင်း ထုံးထားတဲ့ လူက လှည်းကိုမောင်းလာတာပဲ ပုဆိုးကို ခါးတောင်းကျိုက်ပြီး ပေါင်မှာလဲ ထိုးကွင်းတွေနဲ့ကွ… လူလေး မူးပြီးတော့ လမ်းဘေးမှာ အိပ်ပျော်နေတာတွေလို့….သူလှည်းပေါ် တင်ခေါ်လာတာတဲ့လေ…”
“ဗျာ”
အဖေဖြစ်သူ ဦးသာစိန်၏ စကားကြောင့် ဖိုးထူးတစ်ယောက် ထိတ်လန့်သွားသည်။
“ဘာဖြစ်လို့လဲ…လူလေးရဲ့…”
ဖိုးထူး ညကအဖြစ်အပျက်တွေကို ပြန်စဥ်းစားကာ။
“အဘ…လှည်းမောင်းတဲ့လူက… အခြားလူမဟုတ်ဘူး…ဒီနယ်ကို..အပိုင်စားရထားတဲ့… ကွင်းပိုင်ကြီးပဲ…အဘရဲ့…”
ဟုဆိုကာ ညက သူကြုံခဲ့ရသမျှကို အဘနဲ့ ရွာသားတွေကို သူရှင်းပြလိုက်တဲ့အခါ အားလုံးလဲ အံ့သြထိတ်လန့်မှု့တွေ ကိုယ်စီနဲ့ ချက်ဖောင်းအတွက်လဲ ဝမ်းနည်းကြေကွဲကြရပါတော့သည်။
“ကဲ…ဖိုးထူးပြောတာ ဟုတ်မဟုတ်..တို့တွေ… ချက်ဖောင်းကို…သွားရှာကြရအောင်… ”
ရွာထဲမှ ရွာသားများ ချက်ဖောင်း အလောင်းရှိရာဘက်သို့ သုတ်ခြေတင် ထွက်သွားကြပါတော့သည်။ သိပ်မကြာပါဘူး ချက်ဖောင်း၏ အလောင်းကို ရွာအပြင် လယ်ကွင်းပြင်အနားမှာ ရှာတွေ့သွားပြီး မြွေဆိပ်ကြောင့် ချက်ဖောင်း မျက်နှာ တစ်ခုလုံး ပြာနှမ်းနေပါတော့သည်။
”
ကဲ….ရေစက်ချအမျှဝေမယ်….”
ရွာကျောင်းဆရာတော်ဘုရား၏ ချက်ဖောင်းအတွက် ရေစက်ချဖို့ သတိပေးသံကြောင့် အားလုံး တိတ်ဆိတ်ငြိမ်သက်လျှက် လက်အုပ်ချီကာ ဆရာတော်တိုင်ပေးသည့်အတိုင်း လိုက်ဆိုကြရင်း မျက်ရည်ကိုယ်စီဖြင့်။
“ဒကာ ချက်ဖောင်းနဲ့တကွ…ကြားကြားသမျှ အမျှ….အမျှ….အမျှ…ယူတော်မူကြပါကုန်လော.. သာဓု….သာဓု….သာဓု…”
သင်္ချိုင်းကိုကျောခိုင်းကာ ဖိုးထူးတစ်ယောက် ထွက်လာခဲ့ရင်း လောကမှာ မမြင်အပ်တဲ့ အရာတိုင်းကို မယုံလို့မရနိုင်မှန်း ကိုယ်တိုင်ကြုံခဲ့ရတာကို သင်ခန်းစာယူရင်း သူငယ်ချင်းဖြစ်သူ ချက်ဖောင်းအတွက် ကြေကွဲဝမ်းနည်းနေမိပါတော့သည်။
ပြီးပါပြီ
ဆက်လက်ကြိုးစားပါဦးမည်။
#လေလွင့်လူ(တွံတေး)31.3.2024✍️