ခေါင်မိုး(စ/ဆုံး)
————-
”သင်းသင်း ငါ့ကို ပိုက်ဆံတစ်ထောင်လောက်ပေး”
”မရှိဘူး”
”ဟ…ငါမနေ့ကဖဲဝိုင်းက ပြန်လာတော့ပေးထားတာ သုံးသောင်းလေ”
”ဒီမှာ ရှင့်စိတ်ထဲ ပိုက်ဆံ သုံးသောင်းက တော်တော်လေးများနေတယ်ထင်လား တစ်နေ့တစ်နေ့ အသုံးစားရိတ် ၊ရှင့်သားသမီးတွေ အသုံးစားရိတ် ၊ရှင့်အရက်ဖိုး…ဟင်းနော်.. ကျုပ်ပြောရင် မကောင်းဖြစ်တော့မယ်..”
”ဟ နင့်သောက်ကြောင်း ငါမသိရင်ခက်မယ် နင်နှစ်လုံး ၊သုံးလုံး ဖိုးက ”
”သြော်..ရှင့်အရက်ဖိုး၊ ဖဲရိုက်ဖို့ငွေ ဒါတွေကရော”
”တော်ကွာ တော်တော့”
”မတော်ဖူး ပြောမှာပဲ ဘာလုပ်ချင်လည်းပြော”
”ဟာကွာ ဒီမိန်းမ…ကဲကွာ”
သူစိတ်အချဥ်ပေါက်ပေါက်နှင့် အိမ်နံရံကို လက်သီးနှင့် ထိုးမိတော့ အိပ်ေပျာ်နေသည့် သမီးငယ်က လန့်နိုးပြီး ငိုလေသည်။ သူ့ဒေါသတွေက ကြာလျှင် ဒီထက်မက ပေါက်ကွဲမိတော့မည်။
အခြေအနေပိုမဆိုးခင်သူထွက်သွားလိုက်သည်သာအကောင်းဆုံး။ မိသင်းရဲ့ ဆူသံ ဆဲသံတွေက သူ့အတွက်ရိုးနေပြီဆိုပေမဲ့ တစ်ခါတစ်လေ စိတ်ရှိလက်ရှိပေါက်ကွဲပြစ်လိုက်ချင်သည်။
မိသင်း စရိုက်တွေက ပိုပြီးဆိုးလာတယ်လို သူထင်သည်။ အိမ်ထောင်ကျခါစအချိန်က သူ့အပေါ် ရိုသေကျိုးနွံခဲ့သလောက် သားသမီးလေးဦးထွန်းကားခဲ့ပြီးခါမှ ယခင်မိသင်းမှ ဟုတ်ပါလေစဟု
မေးယူရလောက်အောင် သူ့အပေါ်ဆက်ဆံပုံတွေက
မထီမဲ့မြင် ရှိလွန်းလှသည်။
တစ်ဆိတ်ရှိ သူဖဲကစားတာ အရက်သောက်တတ်တာကိုပဲ အပြစ်ရှာနေလေသည်။ အရက်ကတော့ ထားတော့၊သူဖဲရိုက်တာက လည်းစီးပွားဖြစ်မဟုတ်။ဝါသနာအရအပျော်ဆော့တာပဲရှိတာ၊ ဒါကိုပဲ အားအားရှိခလုတ်လာတိုက်နေသည်ဟု သူထင်၏။
တစ်ခါတစ်လေ ဖြစ်ချင်ဖြစ် ဒီလောက်တောင် အပြစ်ရှာချင်တဲ့မိန်းမ နေခဲ့ဟ ဆိုပြီးထွက်သွားချင်ပေမဲ့ သားသမီးလေးယောက်မျက်နှာကရှိနေသေးသည်။အကြီးဆုံးကောင် ဖိုးတာက တစ်ဆယ့်ခြောက်နှစ် လူပျိုပေါက်အရွယ်၊အလတ်မ မိနှင်းကတစ်ဆယ့်လေးနှစ်။နောက်ပြီး လူလားမမြောက်သေးသည့်အငယ်နှစ်ကောင်။သူတို့လေးတွေမျက်နှာသာမရှိလို့ကတော့ သူ ဖြစ်ချင်ရာဖြစ် ထွက်သွားဖြစ်ခဲ့တာကြာပြီ။
”ကိုလုံး”
”ဝေ့”
”အရက်တစ်လုံးချဗျာ ၊ ခရမ်းချဥ်သီးသုတ်ပါတစ်ပွဲပေး”
”အေး အေး လာမယ်ခဏလေးပဲစောင့်”
အရက်ဆိုင်ရောက်သည်အထိ သူ့ဒေါသတွေကမပြေချင်သေး။ အိပ်ကပ်ထဲသုံးစရာမရှိရင်လည်းသူမနေတတ်။
မနေ့က ဖိုးတာနဲ့မိနှင်းပြောတာ သူတစ်စွန်းတစ်စကြားလိုက်သည်။ ချဲဖိုးငွေ အကြွေးတွေ လာတောင်းနေပြီတဲ့။ဒါကြောင့် မနေ့ကသူဖဲနိုင်လာသမျှငွေ ချဲကြွေးဆပ်လိုက်တာပဲ ဖြစ်ရပေမည်။ခုတော့သူ ဖဲဝိုင်းသွားဖို့လည်းငွေမရှိ ၊အရက်ပင် အကြွေးသောက်ရမည့်ကိန်း။
တောက်တစ်ချက်ကိုခပ်ပြင်းပြင်း ခတ်လိုက်ရင်း ဆိုင်ရှင် ကိုလုံးချပေးသည့် အရက်ပုလင်းကို ခပ်ကြမ်းကြမ်းမော့ချလိုက်လေ၏။ ခါးသက်ပူလောင်သည့် အရသာပြင်းပြင်းက လည်ချောင်းမှတစ်ဆင့် ဝမ်းဗိုက်အတွင်းထဲ စီးဝင်သွားမှပင် သူနေသာထိုင်သာရှိသွားသလိုခံစားလိုက်ရလေသည်။
အရက်ကို ဇိမ်ခံသောက်ရင်း ဒီည အသုဘအိမ် ဖဲဝိုင်းအတွက် အရင်းငွေရနိုင်မည့်နည်းလမ်းကို တွေးနေမိသည်။
ဝိုင်းက ဘူကြီးဝိုင်း။အနညး်ဆုံးတစ်သောင်းတော့ပါမှ ဝိုင်းနားကပ်လို့ရမည်။ စဥ်းစားလိုက် သောက်လိုက်နှင့် အချိန်တို့က ကုန်လို့ကုန်မှန်းမသိ။
*************
”တစ်ဆယ်တိုးနော်”
”အင်းပါဗျာ သိပါတယ်ခင်ဗျားကလည်း ”
”ခင်ဗျားကလည်းမလုပ်နဲ့ နင်တို့တွေက ပြန်ပေးခါနီးရင်မျက်နှာတွေကတစ်မျိုး”
”စိတ်ချ..နော်..ခင်ဗျားပိုက်ဆံ အတ်ိုးကိုတစ်ပြားမှမလျော့စေရဖူး”
”ပြီးရောလေ ရော့ ဒီမှာတစ်သောင်း၊ ဒါနဲ့ဆိုနှစ်သောင်းရှိပြီနော်”
”ဟမ်..ဘာလို့လည်း”
သူအံ့သြစွာနှင့် နားမလည်သလိုမေးတော့ ငွေတိုးပေးစားသည့်မိန်းမကြီးက မျက်မှောင်ကြုံ၍ ရှုတင်းတင်းကြည့်တာခံလိုက်ရ၏။ တစ်ကယ်လည်းသူနားမလည်။
သူ့ကိုပေးတာကတစ်သောင်း၊နှစ်သောင်းရှိပြီနော်ဆိုတော့ နောက်တစ်သောင်းက ဘယ်လိုအကြွေးတင်သွားတာလည်းသူမသိ။ထို့ကြောင့်မေးလိုက်မိသည်ကို ရှုတင်းတင်းဖြင့်အကြည့်ခံရလေ၏။ပြီးမှဆောင့်ကြီးအောင့်ကြီးလေသံဖြင့် နင့်သားဖိုးတာ နင့်မိန်းမယူခိုင်းလို့ဆိုပြီး ခုနလေးတင် လာယူသွားတယ်ဟု ပြောလေသည်။
******
ဒါကတော့ မိသင်းတော်တော်လွန်သွားပြီဟုသူတွေးလိုက်လေသည်။ သူက အရက်သမား ၊ကစားသမားဆိုပေမဲ့ အိမ်စားရိတ်ကိုတော့ မရရအောင်ရှာပေးခဲ့လေသည်။ နောက်ဆုံး ကစားဝိုင်းမှာရှုံးနေစေဦးတော့ မရ ရအောင်ချေးငှားပြီ မိန်းမလက်ထဲ ပိုက်ဆံအပ်တတ်သည့်လူစား။
ယခုတော့ဒင်းက ၊ ရှားပေးနေသည့်ကြားမှ သူမသိအောင် အတိုးနှင့်ချေးငှားတတ်နေလေပြီ။ အခြားကိစ္စဖြင့်တော့မဟုတ်နိုင်။နှစ်လုံးအကြွေး သုံးလုံးအကြွေးေတွ ပေးစရာရှိ၍သာ ဒီလိုအကြွေးယူပြီး သုံးပစ်တာပဲဖြစ်ရပေမည်။
ဟိုကောင်ဖိုးတာလည်းမကောင်း။အသက်ဆယ့်ခြောက်နှစ်ဆိုပေမဲ့ ရပ်ကွက်ထဲက လူတစ်ကာနှင့်တွဲ
အတတ်မျိုးစုံတတ်နေလေပြီ။မအေလုပ်သူနှင့်တစ်စိတ်တည်းတစ်ညာဏ်တည်းတွေ။
ဒေါသနှင့်ခြေလှမ်းတွေက မိုးဖွဲလေးတွေ ကျလာသည်ကိုပင်သတိမမူမိ။တစ်ဖြည်းဖြည်း ဖွဲဖွဲရွာနေရာမှသည် သည်းသည်းမဲမဲရွာလာတော့မှပင်တန်ခူးကုန်လို့ ကဆုန်လထဲရောက်နေပြီဆိုတာ သူအမှတ်ရမိလေ၏။ မိုးရေမိုးစက်တို့၏ အအေးဓာတ်က ရင်ထဲက ဒေါသအပူကို အထိုက်အလျောက်တော့ ငြိမ်းပေးလိုက်သလိုလိုပင်။
************
”အဲ့ဒီငွေ တစ်သောင်း ကျုပ်မယူခိုင်းဖူး”
ဟိုတစ်စက်သည်တစ်စက် အဆက်မပြတ်ယ်ိုကျနေသည့်မိုးရေစက်တွေကို ရှိသမျှ အိုးခွက်တွေနဲ့ ခံရင်းမိသင်းကအပြတ်ငြင်းသည်။ မိသင်းအမူအမူအယာက တကယ်ပင် ဘာမှမသိလေသည့်ပုံစံမို့ သူစဥ်းစားရခက်သွားလေသည်။
မိသင်းမခိုင်းပဲ ဟိုကောင်ဖိုးတာက ဘာကြောင့် အမေယူခိုင်းတယ်ဆိုပြီး ငွေတိုးချေးယူသွားသလည်း။
ဘာအတွက်လည်း။ဘာလုပ်ဖို့လည်း။တွေးသာတွေးနေမိပေမဲ့ ဘာအတွက်ဆိုသည့် အဖြေကိုမရ။ပြန်လာမှပဲ သေသေချာချာမေးရပေမည်။
မိုးကတော်တော်နှင့်စဲမည့်ပုံမမြင်။မိုးရေစိုနေသည့်အဝတ်အစားတွေကိုလဲလှယ် ၊ထီးတစ်ချောင်းဆဲွဲပြီး နာရေးအိမ်ရောက်တော့ ဖဲဝိုင်းကစနေပြီ။ဝိုင်းကြည့်နေသည့် လူအုပ်ကြားထဲ အသာတ်ိုးဝင်ပြီး ဝိုင်းအခြေအနေကိုကြည့်လိုက်မိတော့ သူ့မျက်လုံးထဲ ပြာခနဲပင်ဖြစ်သွားလေ၏။
သူ့သားဖိုးတာ။ဖိုးတာမှဖိုးတာအစစ်။ ဖဲဝိုင်းထဲအကျအနထိုင်ပြီး လူကြီးတွေနဲ့ သူတင်ကိုယ်တင် ဖဲရိုက်နေတာမှ သူရောက်လာတာကိုတောင်မသိ။
ဖဲကိုသာအာရုံစိုက်၍ အသဲအမဲရိုက်နေသည်မှာသူ့သားမှ သူ့သားဖိုးတာအစစ်ပင်။
”ဟေ့ကောင် ဖိုးတာ..ခွေးမသား”
မိုးချုန်းသံလို ဒေါသတကြီးနှင့် သူ့ခေါ်သံကြောင့် ဖိုးတာ ဆတ်ခနဲမော့ကြည့်လေသည်။တပြိုင်နက်တည်းမှာပင် သူ့ရဲ့ လက်သီးချက်တွေက၊သားဖြစ်သူမျက်နှာ အနှံ့ကို တစ်ရစပ် ကျရောက်သွားခြေပြီးတည်း။
ရုတ်ရုတ်သဲသဲအော်သံ၊ဆူသံ ငေါက်သံတွေကိုသူမသိ။သူသတိဝင်လာတဲ့အချိန်က သားဖြစ်သူဖိုးတာ အက်ျီ ကော်လံအစကို တရွတ်တိုက်ဆွဲပြီး အိမ်အပြန်လမ်းထက် လှမ်းမိနေလေပြီ။
**************
မိသင်းက ဖိုးတာမျက်နှာကဒါဏ်ရာတွေကို ကျပ်ထုပ်ထိုးပေးရင်း တစ်ရှုံ့ရှုံ့ငို၏။ ဖိုးတာကတော့ ခွေခွေလေး လဲနေလေ၏။သူထိုးလိုက်တာ
များသွား၍ဖြစ်မည်။ဖူးယောင်နေသည့်ဖိုးတာမျက်နှာကသက်သေပင်။
ကိုယ့်သားသမီးကို ဘယ်သူကတော့ ထိုးချင်နှက်ချင်မှာလည်း။ ဒါပေမဲ့ ဒီကောင်က အရွယ်မှမရောက်သေး၊ဖဲဝိုင်းထဲကရောက်နေပြီ။ ေငွတိုးယူ၍ဖဲဝိုင်းသွားသည်ဆိုသည့်အဆင့်က နည်းနည်းနောနောမဟုတ်။ ဒါကြောင့်သူထိုးလိုက်တာ သူ့အလွန်မဟုတ်ဟုတွေးမိလေ၏။
မိုးက မတိတ်သည့်အပြင် ပို၍ပင်သည်းသည်းမည်းမည်းရွာချနေလေသည်။ မိသင်းခံထားသည့် အိုးတွေခွက်တွေထဲယိုကျထားသည့် မိုးရေတွေကအပြည့်။
”မိုးကလည်းယိုလှချေလား”
သားဖြစ်သူကို ဒဏ်ရာတွေကိုကျပ်ထုပ်ထိုးပေးနေရင်း မိသင်းက ယိုမှာပေါ့လုံမှမလုံတာဟု ဆောင့်ဆောင့်အောင့်အောင့်ဖြင့် ဖြေ၏။ဘယ်နေရာကလည်း ဟုမေးတော့ ခေါင်ကယိုနေတာတဲ့။
ဆက်ပြောသေးသည်။ခေါင်ကမလုံမှတော့ ကျန်နေရာတွေက ယိုတော့မှာပေါ့တဲ့။
မိသင်း ဘာတွေဆက်ပြောနေမှန်းသူမကြားတော့။
သူမျက်စိထဲ ကွက်ခနဲ ကွက်ခနဲ မြင်နေမိတာက သူဖဲနိုင်လာတိုင်း မုန့်ဖိုးတောင်းတတ်သည့်သူ့သားဖိုးတာ။နောက်ပြီး ဖဲဝိုင်းထဲသူ့လိုပင် အကျအနထိုင်၍ ဖဲရိုက်နေသည့်ဖိုးတာ၏မျက်နှာ။
ကမ္ဘာကြီးချာချာလည်နေသလားသူမသိ။ သူသတိထားမိသည့်အချိန်မှာ သူ့ပါးနှစ်ဖက်ပေါ်မျက်ရည်ပူပူတို့ကစီးလျှက်သား။နားထဲမှာတော့ ခေါင်ကမှမလုံတာ ယိုတော့မှာပေါ့ဟူသည့် မိသင်းစကားသံတို့က ထပ်တလဲလဲ ပြောနေသလို..။
ပြီး။
လရိပ်ညို(ကော့ကဒွတ်)