ခေါင်းတလားနှင့် ပြောင်လှောင်ခဲ့သူ

Posted on

ခေါင်းတလားနှင့် ပြောင်လှောင်ခဲ့သူ (စ/ဆုံး)

———————————————-

“ဟဲ့ မိမြစိန် နင့်မှာ ကြိုက်စရာရှားလို့လား၊
နင့်အတွက် ယောင်္ကျားရှားလို့လား၊
ဟိုဘက် နှစ်လမ်းကျော်က အရက်သမား
ကစော်သမား ကြည်စိုးနဲ့ ညည်း ကြိုက်နေကြတယ်တဲ့၊
ပြီးတော့ အဲဒီအရက်သမားက တစ်ခုလပ်
ကလေးတစ်ယောက်အဖေလို့ ငါကြားတယ်”

“သမီးကို မနာလိုလို့ အမေ့ကို ကုန်းတိုက်ကြတာ၊
သမီးနဲ့ ဘာမှမဖြစ်ဘူး”

“ညည်းနဲ့ အဲသည်အကောင် ကျိုက္ကဆံဘုရားမှာ
တွေ့ခဲ့တယ်လို့လည်း ငါ့ကို ပြောတဲ့လူရှိတယ်။
ညည်းနဲ့ ကြိုက်နေကြတယ်လို့ အတိအကျ
ပြောတဲ့လူလည်း ရှိတယ်”

“ကိုယ်ထမင်းကိုယ်စားပြီး ဘာကြောင့် မဟုတ်တာတွေ
လျှောက်ပြောရတာလဲ မသိဘူး၊ အဲဒါ ဘယ်သူတွေလဲ
သမီးကို ပြောစမ်းပါ …”

“ဟဲ့ ညည်းကို မကောင်းတာ
မဖြစ်ရအောင်လို့ နင့်ဘက်က နာပြီး ပြောကြတာ
ဘယ်သူ့ကိုမှ မဲပြီး ပြောမနေနဲ့…နင်မဟုတ်ဘူး
ဆိုရင် ဘာမှ နာစရာမလိုဘူး ”

သမီးဖြစ်သူလည်း မကျေမနပ်နှင့် အမေဖြစ်သူအား
ပြန်ပြောကာ အခန်းတွင်းသို့ ဝင်သွားသည်။

“ဘာမက်စရာရှိလို့ ကြိုက်တာလဲ မသိဘူး။
အလုပ်က ကားဒရိုင်ဘာ ၊ အရက်က ကြိုက်၊
အိမ်ထောင်ကပျက်၊ ဒရိုင်ဘာအလုပ်ကလည်း
ပုံမှန်မရှိဘူး မဖြစ်ပါဘူး။ ဒီကောင်နဲ့ မယူဖြစ်အောင်
သင့်တော်မယ့် တစ်ယောက်ယောက်နဲ့ကို
ရှာပေးစားမှ ဖြစ်တော့မယ် ”

ဒေါ်ဆွဲမိတစ်ယောက် အိပ်ခန်းထဲဝင်သွားသော
သမီးမြစိန်အား မကျေမနပ်
ရေရွတ်ရင်း ကျန်ခဲ့ပါသည်။

XXXX

မဟုတ်ပါဘူး၊ မကြိုက်ပါဘူးဟု အကြောက်အကန်
ငြင်းသော မမြစိန်တစ်ယောက် မိခင်ဖြစ်သူ
လင်ပေးစာရန် အစီအစဉ်ပင် မချရသေးမီ
ဒရိုင်ဘာ၊ အရက်သမား ကိုကြည်စိုးနှင့်
လိုက်ပြေးသွားတော့သည်။

“တော်တော် သောက်ရှက်မရှိတဲ့ကောင်မ၊
ဒင်းက မရှက်ပေမယ့် ငါက ရှက်တယ်၊
လူတွေ ဒီလောက် ပြောကြတာတောင်
မဟုတ်ဘူး၊ အတင်းငြင်းပြီး အခုမနေနိုင်
မထိုင်နိုင် လိုက်ပြေးသွားတယ် ”

ဒေါ်ဆွဲမိလည်း မကျေမချင်းနှင့် ပြောရုံကလွဲလို့
အရွယ်ရောက်ပြီဖြစ်သော သမီးပျိုမိန်းကလေးအား
ဘာမှ …အရေးယူဆောင်ရွက်နိုင်ခွင့် မရှိတော့ပါ။

“သူ့ထိုက်နဲ့ သူ့ကံ သာရင်စံ၊ မသာရင် ဒင်းအပြစ်နဲ့
ဒင်း ခံပေတော့ ”

ဟု စိတ်ကိုတုံးတုံးချကာ နေလိုက်တော့သည်။

တစ်လပင် မကြာ ဒေါ်ဆွဲမိအိမ်သို့
သမက်ကြည်စိုးနှင့် သမီးမမြစိန်တို့
လင်မယားကို လာအပ်ကြသဖြင့်
မိဘတို့၏ ဝတ္တရားအရ လက်ခံ
ထားလိုက်ရသည်။ ယောက္ခမနှင့်
သမက်ကြည်စိုးတို့ ထိူအချိန်ကတည်းက
ကြည့်မရ အစေးမကပ်ခဲ့။

ဒေါ်ဆွဲမိ မကြည်မှန်း သားမက်ကြည်စိုး
သိ၍ ယောက္ခမအား အလေးအနက်မထား
ရိုသေမှု မရှိခဲ့။ ကြည်စိုးက စပယ်ယာမှ
ဒရိုင်ဘာ အဆင့်တက်လာသူ ဖြစ်သဖြင့်
ပါးစပ်က ပေါ့သည်။ အပြောင်အပျက်
စကားများ ပြောထွက်လွယ်သည်။

အချို့စကားများဖြင့် ယောက္ခမ ဒေါ်ဆွဲမိ၏
တင်းမာနေသော မျက်နှာကို ပြုံးသွားအောင်
ရယ်သံထွက်အောင်ပင် ပြောတတ်သလို၊
ညက်ကြေအောင် ထုထောင်းရိုက်ပစ်ချင်စိတ်
ထွက်ပေါ်အောင် တစ်ဖက်စောင်းနင်း
ပြောသွားတတ်သည်။ ဒေါ်ဆွဲမိကလည်း
အမှတ်မရှိ၊ စကားများ ဒေါပွတုန်းခဏ
ကြည်စိုးအပြင်က ပြန်ရောက်လာလျှင်
စကားပြန်ပြောသည်။

မူးလာပြီဆိုလျှင် ရွှတ်နောက်နောက်စကားများနှင့်
ယောက္ခမဒေါ်ဆွဲမိအား မထိမရိ ပြောတတ်သည်။
ဒေါ်ဆွဲမိက …

“သေချင်ဆိုး ကာလနာ၊ နင့်က ငါ့ကို ပြောင်ရ
စရအောင် နင်နဲ့အရွယ်တူလို့လား။ နင့်မျက်နှာကို
ကြည့်ရတာ နေလို့ မီးလိုပူတယ်”

ကြည်စိုးက ယောက္ခမဖြစ်သူ မည်သို့ပင်ချိုးချိုးဖဲ့ဖဲ့
ပြောပေမယ့် နာရကောင်းမှန်း မသိ၊ တဟားဟား
ရယ်မောပြီး မခံချင်အောင် ပြန်ပြောတတ်သည်။
ထိုကဲ့သို့ မထီလေးစား လှောင်ပြောင်စကားများ
ကြောင့် ဒေါ်ဆွဲမိ သမက်ဖြစ်သူအား ကြည့်မရ။

သို့ကြောင့် ပါးစပ်က အယုတ္တ ၊ အနတ္တ၊
စကားများ အချိန်နဲ့ အမျှ ထွက်နေသည်။
ဤသို့ဖြင့် သမက်လုပ်စာ မရတစ်ချက်
ရတစ်ချက်နှင့်ပင် ကိုကြည်စိုးတစ်ယောက်
ဒေါ်ဆွဲမိ၏ အိမ်ပေါ်ရောက်ခဲ့သည်မှာ
နှစ်နှစ်ကျော် သုံးနှစ်အတွင်း ရောက်ခဲ့သည်။

မမြစိန်နှင့် ကိုကြည်စိုးတို့တွင် သားယောင်္ကျားလေး
တစ်ယောက်ပင် တစ်နှစ်နီးပါး ရှိခဲ့သည်။ ကိုကြည်စိုးမှာ
အသောက်အစား ခုံမင်လွန်းသည့် အတွက်ကြောင့်
ဒရိုင်ဘာအလုပ်ကို မည်သူကမှ ပင်တိုင်မခေါ်
ပင်တိုင်မောင်းသည့် ဒရိုင်ဘာတို့ ကိစ္စရှိ၍
ခွင့်ယူသောအခါမျိုး နေမကောင်းသည့် အခါမျိုး
တို့တွင် ကိုကြည်စိုးကို ကားမောင်းရန် ခေါ်ကြသည်။

ကိုကြည်စိုးအား မတက်သာ၍ ခေါ်ခိုင်းသည့်အခါလည်း
စပယ်ယာ ဘုရားတနေရသည်။
အကြောင်းက ညနေ လေးနာရီကျော်လျှင်
အရက်မသောက်ရသည့်အတွက် ခြေတုန်
လက်တုန် ဖြစ်လာသည်။

သို့အတွက် အရက်ကို ပုလင်းပြားလေး တစ်ပုလင်း
ဆောင်ကာ ကားမောင်းရာသို့ ယူလာတတ်သည်။
အရက်ဝင်သွားမှ ကားမောင်း အဆင်ပြေတော့သည်။
အလုပ်မရှိသောရက်ဆိုလျှင် ပုလင်းဝက်မှ တစ်ပုလင်း
အထိ သောက်သည်။

အရက်မသောက်ရသောနေ့ဆိုလျှင် မိန်းမလည်း
မနေရ။ ယောက္ခမလည်း စက်ကွင်းမလွတ်
စောင်းမြောင်းပြောဆိုခြင်း ခံရသည်။

ထိုသို့ စောင်းမြောင်းပြောဆိုကြောင်း
သိသည်နှင့် ဒေါ်ဆွဲမိကလည်း ကြက်ခေါင်းဆိတ်မခံ
သမက်နှင့် အပြိုင် ပြန်လှန်ပြောဆိုသည်။
သမီးက မိခင်နှင့် လင်ယောင်္ကျားတို့အကြား
အနေရခက်နေတော့သည်။

ဒေါ်ဆွဲမိကလည်း စကားများသည်နှင့် …

“သေချင်ဆိုး၊ မသေဘဲ မသေနိုင်ဘူး
အန်ဖတ်ဆိုပြီး သေပါစေတော် ”

ဟူ၍ သေစကားနှင့် စတော့သည်။

“ဟေ့ အဘွားကြီး ကျုပ်က မသေနိုင်သေးဘူး၊
သေမယ့် သေရင် ခင်ဗျားက အသက်ငါးဆယ်ကျော်ပြီ
သေဖို့လည်း နီးနေပြီ”

“မိုးနတ်မင်းကြီးရယ် …မိုးဦးကျတာနဲ့
ဒီအမိုက်ကောင်ကို မိုးကြိုးလက်နက်နဲ့
အရင်ဆုံးပစ်ချပေးပါ၊ ကြည့်မနေပါနဲ့ ”

“ကျုပ်လိုလူမျိုးကို ဘယ်မိုးကြိုးကမှ
အရေးလုပ်ပြီး ပစ်မှာ မဟုတ်ဘူး။
ကဲ အဘွားကြီး ကျုပ်အရက်မဝသေးလို့
စိတ်ညစ်ရတဲ့ အထဲ နားကို ငြီးတယ်”

ကိုကြည်စိုးက ဒေါ်ဆွဲမိအား ထိုမျှသာပြောပြီး
အိမ်ပေါ်တက်လာခဲ့သည်။ အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ
ဆေးပေါ့လိပ်ထိုင်သောက်နေသော ဒေါ်ဆွဲမိ
ဆေးပေါ့လိပ်ကို ကွပ်ပျစ်ပေါ် စောင့်ထိုးချလိုက်ပြီး…

“ဒီနေ့လည်း ဘာအလုပ်မှ မရခဲ့ဖူးနဲ့ တူတယ်
ငါတော့ တစ်ညလုံး နားညည်းတော့မှာပဲ”

ဒေါ်ဆွဲမိလည်း သမက်ကြည်စိုး အိမ်ပေါ်တက်သွား
သဖြင့် လင်မယားနှစ်ယောက် စကားများ
ရန်ဖြစ်ကြမည်ကို အတတ်သိ၍ တစ်လမ်းတည်းနေ
သူငယ်ချင်း မကြိုင်အိမ်သို့ အချိန်ဖြုန်းပြီး
စကားပြောရန် ထွက်ခဲ့သည်။

XXXX

ဦးပန်ချာဆိုလျှင် မသာအခေါင်းရောင်းသူမှန်း
လူကြီးလူငယ်ရွယ်တိုင်း သိကြသည်။

တစ်ရက် …ဦးပန်ချာ အလုပ်စားပွဲပေါ်မှ
ဖုန်းမြည်လာသည်။

“ဦးပန်ချာ ဆိုင်ကပါလားဗျာ”

“ဟုတ်ပါတယ် …ဘာကိစ္စရှိလို့ပါလဲ”

“အခေါင်းမှာချင်လို့ပါ ”

“ရပါတယ် …ဘယ်လိုသစ်မျိုးလိုချင်ပါသလဲ၊
ရိုးရိုးလား ရှယ်လား စိတ်တိုင်းကျစေပါ့မယ်”

” ဟုတ်ကဲ့ …စျေးအပေါဆုံးသစ်သားနဲ့
ရိုးရိုးအခေါင်းကို ပန်းစက္ကူကပ်ပြီး စာလုံးပါ
အသင့်ရေးခဲ့ပါ ”

“ဟုတ်ကဲ့ အခေါင်းမှာတဲ့လူတိုင်း စိတ်တိုင်းကျ
ဝန်ဆောင်မှု ပေးပါတယ် ကဲ ပြောပါ၊ ကွယ်လွန်သူ
နာမည်နဲ့ အသက် ”

“အော် …ဟုတ်ကဲ့ ပြည့်စုံပါပြီ။ စိတ်တိုင်းကျ
ဖြစ်ရပါစေမယ်၊ လူကြီးမင်းပြောတဲ့ လိပ်စာအတိုင်း
အိမ်တိုင်ရာရောက်ပို့ပေးပါမယ် ။ အိမ်ရောက်မှ
ကျသင့်ငွေ ပေးချေပါ ”

ထိုနေ့ နေ့လယ် တစ်နာရီခန့်တွင် ဒေါ်ဆွဲမိ
အိမ်ရှေ့သို့ အခေါင်းကြီး တင်ထားသော
ဆိုက်ကားတစ်စီး ရောက်လာသည်။

“ဗျို့ အိမ်ရှင်တို့ …ဗျို့ …အိမ်ရှင်တို့ ဒီအိမ်က
အိမ်နာမည် (…..)လား”

မမြစိန်လည်း ခေါ်သံကြောင့် အိမ်ရှေ့ဆင်းသွားသည်
ဆိုက်ကားပေါ်မှ မြင်ရသော အရာကြောင့် မျက်လုံး
နှစ်လုံး ပြူးသွားတော့သည်။ ဒေါ်ဆွဲမိလည်း
အိမ်ပေါ်က ဆင်းခဲ့သည်။

“ဟဲ့ …မြစိန် …ဘာဖြစ်လို့လဲ ”

“အမေ…လာပါဦး…အမြန်”

“ဟဲ့ …ငါအိမ်ရှေ့မှာ အခေါင်းကြီးနဲ့ ဘာလုပ်
နေကြတာလဲ”

“ကျနော်တို့ ဆိုင်က ဖုန်းဆက်လို့ ဒီလမ်းဒီနံပါတ်
အတိုင်း …လာပို့ပေးတာပါ ”

ထိုအခါ အခေါင်းပေါ်မှ ရေးထားသော နာမည်ကို

ဒေါ်ဆွဲမိ တွေ့လိုက်တော့သည်။

“အမယ်လေးတော် လူတစ်ယောက်လုံး
ရှိနေပါလျက်နဲ့ ဘယ်သေချင်ဆိုး…
ဘယ်ကာလနာက ငါ့နာမည်ကြီးနဲ့
အခေါင်းပို့လိုက်ရတာလဲ ”

“ဟင် ဒီအခေါင်းမှာ ရေးထားတဲ့ နာမည်က
အဒေါ်နာမည်လား”

“အေး …ဟုတ်တယ် …ငါနာမည်က ဒေါ်ဆွဲမိ”

လမ်းပေါ်မှာ အော်ဟစ်ဆူညံနေသည့်
အသံကြား၍ အနီးနားရှိ လူတို့ ထွက်ကြည့်ကြသည်။
အခေါင်းပေါ်မှ နာမည်ကို ကြည့်ပြီး ပြုံးသူက ပြုံး
ရယ်သူက ရယ် အချို့ကတော့ …

“မလုပ်ကောင်း ၊ လုပ်ကောင်း ဘယ်သူကများ
ဒေါ်ဆွဲမိနာမည်နဲ့ အခေါင်းပို့လိုက်တာလဲ”

“ယတြာကျေသွားတာပေါ့ ”

“ငါတော့ ဟိုကာလနာ ကြည်စိုးလို့ပဲ ထင်တယ် ”

“ဒီမှာ အဒေါ် အသေအချာမှာလို့ တကူးတကာ
လာပို့တာ အိမ်ရောက်မှ ပိုက်ဆံရှင်းမယ်တဲ့
ပိုက်ဆံရှင်းပြီးယူထားလိုက်ပါ။ နောက်လဲ
လိုအပ်လာရင် ဝယ်စရာ မလိုတော့ဘူးပေါ့ ”

ကုလားလေးစကားကြောင့် အနားကလူများ
မျက်နှာပြုံးစိစိ ဖြစ်ကုန်သည်။

“ဟဲ့ ငါလဲ မမှာဘူး၊ ငါလဲ မသေသေးဘူး၊
နင်တို့ဟာ နင်တို့ ပြန်ယူသွား”

“ကျုပ်တို့ကားက လမ်းဝမှာ ရပ်ထားခဲ့ရတယ်
ဒီလမ်းကို ဝင်မရလို ဆိုက်ကားလဲ ဌားခဲ့ရသေးတယ်၊
ဆိုက်ကားခရယ် ၊ ကားခရယ် ပေးဗျာ၊ အခေါင်းက
ခင်ဗျားတို့ မယူလည်း နောက်ယူမယ့်လူ
ပေါ်လာမှာပဲ”

“ဟဲ့ အကြွေးတောင်းသလို လာမတောင်းနဲ့၊
ငါလည်း မမှာဘူး၊ ကားခလည်း မပေးဘူး၊
ဆိုက်ကားခလည်း မရဘူး၊ မပြန်ရင် နင်တို့ကို
လူကြီးနဲ့ သွားတိုင်မယ် ”

“ကဲပါ ညီလေးရာ ဒီက အဒေါ်ကြီးကို
တစ်ယောက်ယောက်က နောက်ပြောင်လိုက်တာ
ဖြစ်မယ် ပြန်ပါတော့၊ အစ်ကို ဆိုက်ကား
ခပေးလိုက်မယ် ”

အိမ်နီးနားချင်း တစ်ယောက်က အခေါင်းပို့သော
ကုလားလေးအတွက် ဆိုက်ကားခ ဖြေရှင်းပေးလိုက်သည်။

“ကျနော် ဆိုင်ပြန်ရောက်ရင် အဆူခံထိတော့မှာပဲ”

အခေါင်းပို့သော ကုလားလေးလည်း ဆိုက်ကားသမားကို
နောက်ကြောင်းပြန်လှည့်ခိုင်းကာ အခေါင်းကို
ကားဆီသို့ ပြန်ယူသွားတော့သည်။

XXXXX

“ဟားဟား ဟား ဟား ဘာ ပြန်ပြောစမ်းပါဦး
မိန်းမရာ နားထောင်ကောင်းလွန်းလို့ ”

“အဲဒါ ရှင်လုပ်တာ မဟုတ်လား”

“မိန်းမကလည်းကွာ …မဟုတ်က ဟုတ်ကတွေ
လျှောက်ပြောနေတယ် ”

“ရှင်…အမေ့ကို ကြည့်မရလို့ သက်သက်မဲ့
ချောက်ချလိုက်တာ မဟုတ်လား”

“ငါ တကယ့်ကို …ဘာမှမသိဘူး…”

“ဒီတစ်နေ့လုံး (…)ဘတ်(စ်)ကားနဲ့ တောင်ဥက္ကလာပ
ကနေ မြို့ထဲ အခေါက်ခေါက် အခါခါ မောင်းနေတာ
ဒီကိစ္စ၊ ဘယ်လို လုပ်နိုင်မှာလဲ ”

“ရှင်တကယ်မလုပ်ဘူးလား…သစ္စာရေသောက်မလား
ကျိန်မလား ”

“မင်းတို့ မိန်းမတွေ …ထစ်ခနဲဆို သစ္စာရေတို့
ကျိန်တာတို့ …ဝသီကိုပါတယ်…အဲဒါကိုယ့်ကိုကိုယ့်
စိတ်မချတဲ့ လူတွေရဲ့ အပြုအမူ ၊ ငါတို့ကတော့
…ဘာမှမလုပ်တဲ့အတွက် ဘာသစ္စာရေမှ
သောက်စရာမလိုဘူး”

“ရှင် ဘယ်လိုပဲ ပြောပြော ရှင့်မိန်းမဖြစ်တဲ့
ကျမကတော့ မယုံရေးချ မယုံ၊ ရှင်ကလွဲပြီး
ဒီကိစ္စမျိုး ဘယ်သူမှ မလုပ်ဘူး၊ ဘာလို့များ
မဟုတ်က ဟုတ်ကတွေ လျှောက်လုပ်ရတာလဲ
ရှင်ငရဲကြီးမှာ မကြောက်ဘူးလား ”

“ဟာ ဒီမိန်းမ ငါ့ဆောင့်ကန်လိုက်လို့
အိမ်ပေါ်က ပစ်ချတော့မယ်၊ နောက်ကို
ဒီစကား ထပ်ပြောကြည့်၊ ငါတစ်ခုခုလုပ်မိလိမ့်မယ်၊
ဒါနဲ့ မင်းအမေ ငါ့ယောက္ခမကြီးတော့ မမြင်ပါလား”

“ရှင့်မျက်နှာ မမြင်ချင်လို့ …ဦးလေးတို့ အိမ်မှာ
ဒီည သွားအိပ်မယ်ဆိုပြီး ထွက်သွားတယ် ”

“ကောင်းတယ် ၊ ဒါမှ အရက်ကို အေးအေးဆေးဆေး
သောက်ရတော့မယ် မနေ့က သိမ်းခိုင်းထားတဲ့
အရက်တစ်ပိုင်းသွားယူခဲ့”

“ရှင် အဲဒီခုံပေါ်မှာ ထိုင်နေ အိမ်ထဲမှာ သွားယူပေးမယ်

“ဟိုကောင် အိပ်ပြီးလား…မအိပ်သေးရင် ခေါ်ခဲ့”

“အိပ်ပြီ …ကလေးနိုးအောင် မလုပ်နဲ့၊
တော်ကြာ နိုးသွားရင် ချော့မရဖြစ်နေမယ်’

“ကောင်းပါပြီဗျာ၊ အရက်သာ မြန်မြန်ယူခဲ့
ဟင်း… ဘာချက်လဲ ”

“ငါးမြစ်ချင်းနဲ့ ကန်စွန်းရွက်ရောပြီး ချဉ်ရည်ဟင်း
ချက်ထားတယ် ”

“ဟင်းရည်များများ ၊ ကန်စွန်းရွက်များများ
ငါးမထည့်နဲ့ ။ အရက်နဲ့ မြည်းဖို့ …တစ်ပန်းကန်
ထည့်ခဲ့”

မမြစိန်လည်း ကိုကြည်စိုးသောက်ရန် အရက်ပုလင်း
ယူပေးပြီး အမြည်းအတွက် ဟင်းရည်တစ်ပန်းကန်
ခပ်ပေးလိုက်ကာ အိပ်ခန်းထဲ ဝင်သွားသည်။

“ငါ့ကို သေစေချင်တဲ့ အဘွားကြီး မှတ်လောက်အောင်
အခေါင်းပို့လိုက်တာ၊ နောက်ကို သေမယ့်စကား
ပြောတော့မှာ မဟုတ်ဘူး”

ကိုကြည်စိုးလည်း အရက်ထိုင်သောက်ရင်း
နေ့ခင်းက ဒေါ်ဆွဲမိ ဖြစ်ပျက်နေမည့်၊
မျက်နှာကို မြင်ယောင်ကာ ပြုံးရင်း အရက်ကို
အားပါးတရ မော့၍ သောက်လိုက်သည်။

XXXXXX

ထိုကဲ့သို့ ဒေါ်ဆွဲမိထံ အခေါင်းတစ်လုံး
ရောက်လာပြီးနောက် ကိုကြည်စိုးနှင့်
ဒေါ်ဆွဲမိတို့လည်း အဆူအဆဲ အပြောအဆို
နည်းသွားကာ ယောက္ခမနှင့် သမက် ခပ်တန်းတန်း
ဖြစ်သွားသည်။ ကိုကြည်စိုးကတော့ အရက်ကို
ပုံမှန်သောက်သည်။ အလျော့မရှိ အတိုးသာရှိသည်။
အချိန်က ခြောက်လကြာသွားသည်။ တစ်နေ့ အိမ်သို့
လူတစ်ယောက် စက်ဘီးနှင့် ရောက်လာသည်။

“မမြစိန် ၊ မမြစိန် ရှိသလား”

အသံကြားသဖြင့် မမြစိန် အိမ်အပြင် ထွက်ခဲ့သည်။

“ဟုတ်ကဲ့ ကျမ၊ မြစိန်ပါ ဘာကိစ္စရှိလို့ပါလဲရှင်”

“ကျတော်က (….)ကားဂိတ်က တာဝန်မှူးပါ။
ကိုကြည်စိုးက ခင်ဗျားယောင်္ကျား မဟုတ်လား”

“ဟုတ်ပါတယ် ကိုကြည်စိုး ဘာဖြစ်လို့လဲ ”

“ပြီးခဲ့တဲ့ နှစ်နှစ်နာရီလောက်က ကိုကြည်စိုး
ကားမောင်းရင်း သွေးအန်လို့ ဆေးရုံတင်လိုက်ရပါတယ်”

“ရှင် ”

“ဟုတ်ကဲ့ ၊ အဲဒါကြောင့် ကျတော်တို့ဆီ
သတင်းရောက်လာခြင်း အကြောင်းလာကြားတာပါ”

“ဘယ်ဆေးရုံမှာလဲရှင့် ”

“မြို့ထဲ ကားအရောက်ဖြစ်တာဆိုတော့ ဆေးရုံကြီးမှာပဲ
တင်ထားခဲ့ပါတယ် ”

“ဘယ်အခန်း ဘယ်အဆောင် ဘယ်အထပ်ဆိုတာ
ပြောခဲ့ပါဦးရှင် ”

“ဒီမှာ ကျတော်စာရွက်ထဲမှာ အားလုံးရေးမှတ်ခဲ့ပါတယ်၊
အမြန်သွားလိုက်ပါ၊ ကျတော်တို့ ကားကြီး သာရေး
နာရေးအသင်းက ကျန်းမာရေးကုသစရိတ်
ဝိုင်းဝန်းထောက်ပံ့ပေးပါမယ် ”

သတင်းလာပေးသူ ပြန်သွားသည်နှင့် မမြစိန်လည်း
ကလေးကို ဒေါ်ဆွဲမိထံ အပ်ကာ ဆေးရုံသွားရန်
ပြင်ဆင်ရတော့သည်။ ဆေးရုံသို့ မမြစိန်ရောက်တော့
ကိုကြည်စိုး အခြေအနေ ကြည့်ရသည်မှာ
အတော်ခံစားနေရကြောင်း မြင်ရုံနှင့် သိသာသည်။

ကားအသင်းမှ လူနာစောင့်ပေးနေသူကို
အကျိုးအကြောင်း မေးရသည်။

“ကိုကြည်စိုး အခြေအနေ …ဘာထူးသေးလဲ”

“ဆေးရုံရောက်ရောက်ချင်း၊ ဆရာဝန်တွေ
လာကြည့်ပြီး သက်သာအောင် ဆေးထိုးပေးထားတယ်
ဆေးရုံရောက်ပြီး ရောဂါရှာရအောင်
ဓါတ်မှန်ရိုက်မယ်ဆိုပြီး ဓါတ်မှန်ရိုက်ထားပြီးပြီ၊
ဒီမှာ ဓါတ်မှန်ရိုက်တဲ့ ဘောင်ချာ။ နောက်တစ်နာရီ
ဝက်နေရင် ဓါတ်မှန်သွားယူလို့ရပြီ၊ ရရင် ဟိုရှေ့က
ဆရာဝန်အခန်းကို သွားပေးလိုက် ၊ ဓါတ်မှန်ကြည့်
ပြီးမှ ဘာရောဂါလဲဆိုတာ ကြည့်ပြီး ဆေးကုရမယ်တဲ့ ”

“ဟုတ်ကဲ့ ကျေးဇူးပါပဲ ကျမလုပ်လိုက်ပါ့မယ်”

မမြစိန်အား လူနာကို လွှဲအပ်ပြီး ထိုလူလည်း
ကားဂိတ်ဆီ ပြန်သွားသည်။ အားလုံး ပြုဖွယ်
ကိစ္စအဝဝ ပြီးသွားသည်။ ဆရာဝန်ကြီးလည်း
ဓါတ်မှန်ကို ကြည့်ပြီး ရောဂါအခြေအနေကို
ဖွင့်ပြောလာသည်။

အစာအိမ်ပေါက်သည် သိရသည်။

တစ်ရက်နှစ်ရက်အတွင်း အရေးပေါ်
ခွဲစိတ်ရမည်ဟု ဆရာဝန်ကြီးက ပြောသည်။

ခွဲစိတ်ရမည့်ရက်အထိ အစာလုံးဝမကျွေးရတော့၊
အရည်ကိုသာတိုက်ခိုင်းသည်။ မည့်သည်အစာမှ
မစားရတော့ဘဲ ခွဲမည့်အချိန်ကို စောင့်နေခဲ့ရသည်။
ဗိုက်ခွဲရမည့် အချိန်သို့ ရောက်လာခဲ့သည်။
လိုအပ်တာတွေ အားလုံး စီစဉ်ပြီးသည့်နှင့်
ခွဲစိတ်မည့် ဆရာဝန်ကြီးများ တိုင်ပင်ကြသည်

မေ့ဆေးကို နှစ်ခါပေး၍ မဖြစ်သောကြောင့်
ခွဲစိတ်မည့်နေရာ တဝိုက် ထုံဆေးထိုးရန်
ဆုံးဖြတ်ကြသည်။ ထုံဆေးထိုးလိုက်သည်။
ထုံဆေးလည်း မထူးခြားကြောင်း နည်းနည်းမှပင်
မထုံကြောင်း သိလိုက်ကြသည်။

လူနာရှင်ကို ဆရာဝန်ကြီး အရေးပေါ်
တိုင်ပင်ပြောဆို ရှင်းပြရတော့သည်။

“ကလေးမရဲ့ ယောင်္ကျားက အစာအိမ်
ပျက်စီးသလောက် ဖြစ်နေပြီ၊ ခွဲမှ ဖြစ်မယ်၊
ခွဲလိုက်ရင် ရှင်ဖို့ သေဖို့ ၅၀ % ၅၀ %စီရှိတယ်။
မခွဲရင် တစ်ရက် နှစ်ရက်ပဲ ခံတော့မယ်။
အဲဒီတော့ ကလေးမ ဘယ်လို ဖြစ်ချင်သလဲ”

“ကျမကတော့ ခွဲလို့ရရင် ခွဲစေချင်ပါတယ်”

“ခွဲလို့တော့ ရပါတယ်၊ ဒါပေမယ့် အကြမ်းနည်းနဲ့
သုံးပြီး ခွဲစိပ်မှ ရတော့မယ် ”

“ဘယ်လို အကြမ်းနည်းလဲ သိလို့ရရင် သိပါရစေ”

“သူမလှုပ်ရှားနိုင်အောင် ခြေတွေ လက်တွေကို
ကုတင်တိုင်နဲ့ ချည်ထားမှ ရမယ် ။ လူတွေ ကိုင်ပြီး
ဖိထားကိုင်ထားလို့လဲ မဖြစ်ဘူး။ သူနာလို့
ရုန်းတဲ့အခါ လွတ်ထွက်သွားလို့ မဖြစ်ဘူး”

“ဆရာတို့ မေ့ဆေးထည့်ပေးပြီး မခွဲဘူးလား”

“မေ့ဆေးကို နှစ်ကြိမ်မပေးရဘူး၊ ထုံဆေးထိုးတာလည်း
မထုံဘူးတဲ့။ ဆရာလုပ်သက်အတွင်း မေ့ဆေ့ပေးမရ
ထုံဆေးပေးလည်း မထုံတဲ့ နှစ်မျိုးလုံး ဆေးမထိုးတဲ့
လူတော်တော်ရှားတယ်၊ တစ်မျိုးမရရင် တစ်မျိုးကတော့
ရတာပဲ၊ အခု ကလေးမရဲ့ ယောင်္ကျားက နှစ်မျိုးစလုံး
မရဘူး”

“ဆရာကြီးတို့ ကုလို့ ရမယ့်နည်းသာ သုံးပါ။
ကျမသဘောတူကြောင်း လက်မှတ်ထိုးပါ့မယ်”

အတိတ်ဝဋ်ကြွေးရှိခဲ့သည်လား မသိ။ ယခု မျက်မှောက်
ကာလမှာ ယောက္ခမဖြစ်သူအား မသေဘဲ မသာအခေါင်း
ပို့ခိုင်းခဲ့သည့် ကိုကြည်စိုးတစ်ယောက် အရှင်လတ်လတ်
မေ့ဆေးပေးမရဘဲ အစိမ်းခွဲစိပ်ခြင်းကို
ခံလိုက်ရပါတော့သည်။

ပါးစပ်အတွင်း ပိတ်စခေါက်ထားသော
အစကို ကိုက်ထားရသည်။ နာလွန်းသော်လည်း
အော်၍ မရ။ ခွဲစိပ်သည့် ဓါးဒဏ်ရာကြောင့်
ခန္ဓာကိုယ် တဆတ်ဆတ် တုန်နေသည်။

ခဏကြာတော့ မေ့ဆေးပေး၍ မမေ့နိုင်သော
ကိုကြည်စိုး နာလွန်းမက နာခြင်းကြောင့်
မေ့မြောသွားခဲ့ရသည်။

ဆရာဝန်များ ပြောစကားအရ အစာအိမ်က
တော်တော်များများ အနာဖြစ်နေကြောင်း
အတတ်နိုင်ဆုံး ကုသချုပ်ပေးခဲ့ကြောင်း
ကံကောင်းလျှင် အသက်အန္တရာယ်မဖြစ်နိုင်ကြောင်း
ပြောပြပါသည်။ ထိုစကားကို မမြစိန် စိတ်မကောင်း
ဖြစ်မိပါသည်။

အရက်ကို စွဲမြဲစွာ သောက်သူ၊ အစာမခံ၊
အမြည်းမပါဘဲ နှစ်ခြိုက်ခုံမင်စွာ သောက်တတ်သူ၊
ကိုကြည်စိုး၏ ခံစားရသော ဝေဒနာအရင်းအနှီးက
အသက်နှင့် လောင်းကြေးထပ်ရသည်အထိ
ဆိုးဝါးလှပါသည်။

ဆေးရှိန်နှင့် နာကျင်မှုများကြောင့် စကား
မပြောနိုင်သော ကိုကြည်စိုးလည်း ခွဲစိပ်ပြီး
နောက်ရက်မှ စကားပြောနိုင်တော့သည်။

မမြစိန်ကိုမြင်တော့ …

“ငါကို ဆရာဝန်ကြီးတွေက ရက်ရက်စက်စက်ခွဲကြတယ်။
တိရစ္ဆာန်တစ်ကောင်လို ခြေတွေလက်တွေ ကြိုးနဲ့
ချည်ပြီး ခွဲကြတယ်”

“ရှင့်ကို မေ့ဆေး၊ ထုံဆေး၊ ပေးတာပဲ၊ ရှင်အရက်
သောက်လွန်းလို့ ဆေးမတိုးတာ ရှင့်အသက်ကယ်ချင်လို့
အခုလို လုပ်ကြရတာ ”

“ငါ့ကို ရက်စက်ကြတယ်…ဟီး…ဟီး…ဟီး…ဟီး”

ကိုကြည်စိုးက အသံပြဲကြီးနှင့် အော်ငိုနေပါသည်။

“မငိုပါနဲ့ ၊ အခန်းထဲမှာ အခြားလူနာတွေ ရှိသေးတယ်၊
အားနာဖို့ ကောင်းလိုက်တာ ငိုချင်လည်း တိုးတိုး
တိတ်တ်ိတ်ငို …”

“နင်က ငါ့ကို ခွဲခိုင်းတာမဟုတ်လား…နင့်အမေကို
ငါ …နောက်ပြောင်ထားတာ မကျေနပ်လို့ …ငါ့ကို
ရက်ရက်စက်စက် ခွဲမှာကို…ခေါင်းညိတ်လိုက်တာ
မဟုတ်လား။ ငါ့ ဆေးရုံကဆင်းရင် နင့်ကိုငါ
ကောင်းကောင်းနှိပ်စက်ပြမယ်…သေနာမ မြဲမြဲမှတ်ထား”

ခွဲစိပ်ပြီး ဆေးရှိန်ပြယ်ပြီး ကာစ လေသံမာမာနဲ့
စကားပြောနိုင်သော ကိုကြည်စိုး…
ခွဲစိပ်ပြီး တစ်ပတ်အရောက်မှာ မမြစိန်မရှိခင်
တစ်ဖက်ကုတင်မှ လူနာစောင့်မိန်းကလေးအား
မုန့်ဟင်းခါး စားချင်သည်ဆိုပြီး မုန့်ဟင်းခါးတစ်ပွဲ
ဝယ်ခိုင်းလိုက်သည်။

မုန့်ဟင်းခါး ရောက်လာသောအခါ အဖတ်ဆို၍
လုံးဝမစားရသေးသဖြင့် မုန်းဟင်းခါးကို
အငမ်းမရ စားလိုက်သည်။

ခံတွင်းပျက်နေသော ပါးစပ်၊ အစပ်အဟက်
တည့်လှသော မုန့်ဟင်းခါးကို အထိန်းအကွပ်မရှိ
စားလိုက်ပြီး၍မှ မကြာခင် မခံမရပ်နိုင်အောင်
ဗိုက်ထဲမှ နာကျင်လာတော့သည်။

“အား…နာတယ်…အမယ်လေး …ဗိုက်ထဲက
နာတယ် …နာတယ် ”

အော်ရင်း မမြစိန်ကို တမ်းတရင်းနှင့်
ခေါင်းငိုက်စိုက်ကျကာ အသက်ပါ ပါသွားပါတော့သည်။

ကံကံ၏ အကျိုးဟု ဆိုရမည်လားမသိ၊ ယောက္ခမ
ဒေါ်ဆွဲမိအား အမြင်ကပ်၍ မသာအခေါင်း အိမ်အရောက်
အပို့ခံရသူ ယောက္ခမက မသေဘဲ အခေါင်းပို့ခဲ့သူ
အသက် (….)နှစ်သာ ရှိသေးသော ကိုကြည်စိုး
ထိုကိစ္စဖြစ်ပြီး ( …)လအကြာမှာ ဘဝတစ်ပါးသို့
ပြောင်းသွားခဲ့ရပြီ ဖြစ်သည်။

မူရင်းရေးသူ ဆရာ ဧကန်မင်း

စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ(ရွှေပေါက်ကံ)

Credit

စာဖတ်သူများ စိတ်ရွှင်လန်းပါဇေ

ဗိုက်ကြီးသည် အစိမ်းသရဲမ နဲ့ မဖဲဝါ စာအုပ်မှ
ကောက်နုတ်တင်ပြထားသည်