“ခေါင်းရင်းအိမ်က တစ္ဆေငိုသံ”
************************************
မေဖြူ နဲ့ ညိုမာ တို့ ညီအစ်မ၀မ်းကွဲ နှစ်ယောက် ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ အိမ်တစ်အိမ်ငှားပြီး နေဖြစ်ခဲ့တယ် ။
နှစ်ယောက်လုံးက ငယ်ငယ်ကတည်းကဆော့ဖော်ဆော့ဖက်ဖြစ်တဲ့အပြင် မြို့မှာအလုပ်လုပ်ဖို့ ရွာကနေထွက်လာတော့လည်း အတူတူဆိုတော့ ညီအစ်မအရင်းတွေလိုပဲ ။ စိတ်တူကိုယ်တူရှိတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက်
အပြန်အလှန်စောင့်ရှောက်ငဲ့ညှာပြီး နေကြတာဆိုတော့ ပိုပြီး တွယ်တာကြတယ် ။
အစကတော့ အထည်ချုပ် စက်ရုံမှာ အတူတူအလုပ်လုပ်ကြပေမယ့် ဒီအတိုင်းဆက်သွားရင် တက်လမ်းရှိမှာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့ နှစ်ယောက်သား အလုပ်ထွက်ပြီး ခြစ်ကုပ်စုထားတဲ့ပိုက်ဆံနဲ့ စက်ချုပ်သင်တန်း သေချာပြန်တက်တယ် ။ ပြီးတော့ အလုပ်ထွက်ပြီး စက်ချုပ်ဆိုင်ဖွင့် ၀မ်းကျောင်းဖို့ ထပ်ကြိုးစားကြတယ် ။
ရွာမှာဆိုရင် မေဖြူတို့ အခြေအနေက မပူမပင် နေနိုင်စားနိုင်တဲ့ထဲ ပါပေမယ့် မြို့မှာကြာကြာနေသားကျသွားတော့ မေဖြူရော ညိုမာရော ရွာမပြန်ချင်ကြတော့ဘူး ။
ဒါကြောင့်လည်း မြို့မှာပဲ ဖြစ်သလိုကုတ်ကပ်နေတယ် ။
အခုလည်း စက်ချုပ်ဆိုင်ဖွင့်ဖို့ နေရာရှာရင်း ဒီရပ်ကွက်လေးကိုတွေ့တာ…ရပ်ကွက်အရမ်းမကျယ်ပေမယ့် လူနေအိမ်ခြေအတော်လေးစိပ်ပြီး အခြေခံလူတန်းစားရော လူလတ်တန်းစားအချို့ပါ ရှိတယ် ။ လူနေစည်ကားပြီး အလုပ်ဖြစ်နိုင်မယ့်နေရာမျိုးဆိုတော့ မေဖြူတို့ ရပ်ကွက်ထဲမှာ အဆင်ပြေမယ့်အိမ်လိုက်ရှာရင်း အခုနေမယ့်အိမ်ကို တွေ့ခဲ့ကြတာပေါ့ ။
အိမ်ဆိုပေမယ့်လည်း ကျယ်ကျယ်၀င့်၀င့်မဟုတ်ဘဲ နည်းနည်းကျဉ်းတယ် ။ အိမ်ရှင်က ပေ ၃၀ ၄၀ အိမ်၀န်းထဲမှာ အိမ်နှစ်လုံး ယှဉ်ဆောက်ထားပြီး အငှားတင်စားတာ ။
အိမ်နှစ်အိမ်က ၀န်းခတ်မထားဘဲ တစ်အိမ်နဲ့တစ်အိမ်အကြား နှစ်ပေနီးပါးပဲခွာထားတာ ။
မေဖြူတို့က အောက်ထပ်မှာတော့ ဆိုင်ခန်းထားပြီး အပေါ်မှာ လူနေတယ် ။ အပေါ်ထပ်ကလည်း အခန်းဖွဲ့ပေးထားတာမျိုးမရှိဘဲ ပြင်ကျယ်အတိုင်းဆိုတော့ ညီအစ်မနှစ်ယောက် အိမ်လယ်ခေါင်မှာ ဖျာခင်း ခြင်ထောင် ထောင်ပြီး လွတ်လွတ်လပ်လပ်ပဲ အိပ်ကြတယ် ။
ခေါင်းရင်းအိမ်က လင်မယားနှစ်ယောက် ငှားနေတာ … လသားအရွယ် ကလေးလေး လည်းရှိတယ် ။ ဒါပေမယ့် ကံကောင်းတယ်ပဲ ပြောရမလား … ကလေးက အတော်လေး အေးတာ …တော်ရုံဆန်ရုံဆို သိပ်မငိုဘူး ။ ကလေးမိဘတွေပုံစံတွေကြည့်ရတာတော့ နည်းနည်းလူရည်သန့်ကြပြီး ပိုက်ဆံရှိပုံလည်းပေါ်တယ် ။ ဘယ်လိုဖြစ်လို့ အိမ်ငှား နေ နေကြတာလဲတော့ (အစပိုင်း မှာ) မသိဘူးပေါ့ ။
အဲဒီမိန်းကလေးပုံစံကလည်း နည်းနည်းတော့ သီးခြားနေတတ်တဲ့ပုံ … မေဖြူတို့နဲ့တောင် မတတ်သာလို့ ပြုံးပြနှုတ်ဆက်တာကလွဲရင် သိပ်အရောတ၀င်မရှိဘူး ။ ပုံစံကလည်း လူပုံလှလှ ဖြူဖြူနုနုဆိုတော့ မေဖြူလည်း နည်းနည်းတော့ ရှိန်သလိုလိုဖြစ်ပြီး ခပ်ခွာခွာပဲနေဖြစ်တယ် ။
မေဖြူတို့လည်း ဆိုင်းဘုတ်လေးတင်ပြီးကတည်းက ရပ်ကွကပ်ထဲက အပ်ထည်တွေလည်း လက်ခံသလို ၊ စျေးချုပ်အထည်လေးတွေလည်း လက်ခံတော့ အလုပ်က အဆင်ပြေသလိုလိုလေးရှိတယ် ပြောရမှာပေါ့ ။ အိမ်ကလည်း ငှားခပြီး ရပ်ကွက်ထဲမှာလည်း အစားအသောက် ၀ယ်ရခြမ်းရ စျေးသက်သာတော့ မေဖြူတို့အတွက် အတော်လေး အနေအစားချောင်တယ် ။
အိမ်မှာက ကျန်တာ ပြဿနာမရှိပေမယ့် ည ည ဆို နည်းနည်းထူးတဲ့ကိစ္စတစ်ခုရှိတယ် ။ ခေါင်းရင်းအိမ်က လင်မယားက နေ့ခင်းဘက်ဆိုအကောင်း “ကို ရေ…သဲ ရေ”နဲ့ သာသာယာယာရှိကြပြီး ညဆို တိုးတိုး တိုးတိုးနဲ့ ရန်ဖြစ်ကြတာပဲ ။ ကိုယ့်ခေါင်းရင်းမှာ အနီးကပ်ရှိနေကြတာဆိုတော့ မေဖြူ့အတွက်က မကြားချင်မှအဆုံးပဲ ။
မိန်းကလေးရဲ့ အသံက သိပ်မတိုးမကျယ်ပေမယ့် နည်းနည်းဒေါသထွက်နေသလို ဆောင့်အောင့်အောင့်နဲ့ပြောနေပြီး တစ်ချက်တစ်ချက်ဆို တက်ခေါက်သံတွေ ၊ ဟားခနဲ သက်ပြင်းချသံတွေပါ ကြားရတယ် ။
အကြောင်းအရာကိုတော့ သိပ်သဲသဲကွဲကွဲမကြားရဘူးပေါ့ ။
ပြီးတော့ ည အချိန်မတော်ဆို တစ်ခါတလေ မေဖြူ တရေးနိုးရင် ခေါင်းရင်းက (အိမ်နှစ်လုံးကြား)လျှောက်လမ်းနေရာမှာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေတဲ့အသံကြားရတယ် ။
အစပိုင်းတော့ လူကပ်တာများလားဆိုပြီး မေသူ အသာထပြီး ထရံပေါက်ကနေချောင်းကြည့်သေးတယ် ။ တွေ့ရတာက ဆံပင်ကျောလယ်လောက်နဲ့ မိန်းမတစ်ယောက် ဖြစ်နေတယ် ။ မီးဖွင့်မထားလို့ သေချာမမြင်ရပေမယ့် ပုံစံက ကလေးအမေ ကောင်မလေးပဲ လို့ထင်ပြီး ပြန်အိပ်လိုက်တယ် ။ အဲဒီလိုမျိုးကြုံတာလည်း တစ်ခါနှစ်ခါမက ရံဖန်ရံခါမျိုးပဲ ။
တစ်ညက … ည နည်းနည်းမိုးချုပ်
မေဖြူ အိမ်သာသွားတက်တဲ့အချိန် …
(အိမ်သာက နှစ်လုံးတွဲဆောက်ထားပေမယ့် ကိုယ့်အိမ်သာဖက် ကိုယ်သုံးကြတာမျိုးပေါ့ )
အထဲမှာ မေဖြူ ထိုင်ပြီးသိပ်မကြာဘူး … ဟိုဘက် အိမ်သာဘက်ကနေ အသံစကြားရတယ် ။ အသံက ကလေးငိုသံ ကိုမှ တအဲ့အဲ့နဲ့ တိုးတိုးလေး ။
စကြားကြားချင်းတော့ စိတ်ထဲထိတ်ခနဲဖြစ်သွားပေမယ့် နောက်ဆက်တွဲကြားရတဲ့အသံကြောင့် စိတ်သက်သာသွားရတယ် ။
“ကျွတ် ကျွတ် … သားသားလေး မေမေ ရှိတယ်နော် မငိုနဲ့ တိတ် တိတ် “ဆိုပြီး ကလေး ကို ချော့နေတဲ့ မိန်းမအသံ
ဒီတော့ “သြော် ဟိုသားအမိလေး ပဲပေါ့ ”
ပြီးတော့ နောက်ဆက်တွဲ တွေးမိတာက “ယောက်ျားဖြစ်သူက ဘာလုပ်နေလို့ သူ့ခမျာ ကလေးတစ်ဖက်နဲ့ အိမ်သာလာရတာလဲ ပေါ့ ။ကိုယ့်ဘာကိုယ်တွေးရင်းပဲ “ဒါကြောင့်လဲ ည ည စကားများကြတာနေမယ် “လို့ မှတ်ချက်ပေးလိုက်သေးတယ် ။
ပြီးမှ ခေါင်းထဲ ထပ်၀င်လာတဲ့အတွေးက “ငါသိတာတော့ သူတို့ကလေးက မိန်းကလေးပါ … ဘယ်လိုဖြစ်လို့ သားသားလေး လို့ ခေါ်နေတယ်မသိ ” ပေါ့ ။
အိမ်သာကထွက်တော့လည်း မေဖြူ က အိမ်သာကအထွက် ၊ အဲဒီ မိန်းကလေးက ကလေးပွေ့ပြီး သူတို့အိမ်ဘက်ထဲပြန်အ၀င် ။ ကလေးပွေ့ပြီး အိမ်ထဲ၀င်သွားတဲ့ နောက်ကျောပုံစံကို သေချာမြင်လိုက်တာ ။
ပြီးတော့ မေသူမှ အိမ်အပေါက်နားမရောက်သေးဘူး အပေါ်ထပ်ကနေ ကလေးငိုတဲ့အသံကြားလိုက်တော့ မေသူ ဟင် ခနဲ ဖြစ်သွားတယ် ။ အခုမှ ၀င်သွားပြီး အခုပဲ အပေါ်ထပ်ရောက်သွားပြီဆိုတော့ အပြေးအလွှားမှန်း တက်သွားသလားပေါ့ ။
ဒါပေမယ့်လည်း အရေးကြီးတဲ့ ကိစ္စမဟုတ်တော့ ခေါင်းထဲသိပ်မထားလိုက်မိဘူး ။
တစ်ရက်ကျတော့ ညစာ စားနေကြရင်း ညိုမာက အင်တင်တင်မျက်နှာနဲ့ မအီမသာဖြစ်နေပုံပေါ်နေတော့ မေဖြူလည်း
“အညို … ဘာဖြစ်နေတာလဲ ..မျက်နှာလည်းမကောင်းဘူး “လို့ မေးတော့ ညိုမာ့ပုံစံက ပြောရနိုးနိုး မပြောရနိုးနိုးပုံစံမျိုး ဖြစ်နေသေးတယ် ။ ပြီးမှ
“ဒီအိမ်က သရဲခြောက်တာလား မသိဘူး … မေဖြူ “လို့ ခပ်တိုးတိုးလေးပြောတယ် ။ မေဖြူလည်း ဘာလို့လဲ ဘာမြင်လို့လဲ ပေါ့ ။
ညိုမာပြောပြတာက
“ငါ ဟိုနေ့ညနေက အိပ်ယာနိုးလို့ အောက်ဆင်းလာတော့ စက်ခုံမှာ နင့်ပုံစံနဲ့ မိန်းမတစ်ယောက်ထိုင်နေတယ် … ငါလည်း နင်လို့ပဲထင်တာပေါ့ …ဒါနဲ့ အပေါ့သွားချင်လို့ နောက်ဖေးထွက်လာတော့ နင်က အိမ်သာထဲကထွက်လာတယ် ”
ညိုမာ ဒီလိုပြောတော့ မေဖြူက ဖြစ်နိုင်တာတွေ စဉ်းစားကြည့်ပြီး
“အညိုကလည်း အိမ်ရှေ့ က မသန်းလှက ငါတို့ဘက် အ၀င်အထွက်ရှိနေကြပဲကို … ငါနဲ့ပုံစံတူတယ်ဆို သူနေမှာပေါ့ … သူ အိမ်လည်လာတဲ့အချိန်နဲ့တိုးလားမှ မသိတာ ”
မေဖြူ့စကားဆုံးတော့ ညိုမာက ခေါင်းကိုခပ်သွက်သွက်ရမ်းပြီး
“မဟုတ်ဘူး မေဖြူ … အဲဒီနေ့က ငါတို့နှစ်ယောက်လုံး နေ့ခင်းဘက် အိပ်မယ်ဆိုပြီး အောက်ထပ်တံခါးတွေ အထဲကနေ အကုန်ပိတ်ထားခဲ့တာလေ … ဘယ်သူမှ၀င်လာလို့မရဘူး “လို့ ပြောတယ် ။
ညိုမာပြောနေတဲ့ပုံစံက အတည်ကြီးမလို့ မေဖြူလည်း နည်းနည်း တော့ စိတ်လေးသွားပေမယ့် နေလာတဲ့ တစ်လကျော်အတွင်း ဘာမှသိပ်ထူးခြားတာမျိုးမရှိတော့ မဖြစ်နိုင်ဘူးလို့ပဲ ထင်တယ် ။ ဒါနဲ့ပဲ
မေဖြူက
“အိပ်ယာနိုးစ မလို့ အမြင်မှားတာလားမှ မသိတာ အညိုရယ် …ပြီးတော့ တကယ်မြင်တယ်ဆိုရင်တောင် ခဏတဖြုတ် ကံနိမ့်သခိုက်မလို့ ဖြစ်မှာပါ … ငါတို့နေလာတာပဲ တစ်လကျော်နေပြီ … ဒီအိမ်မှာတော့ ဘာမှ မရှိလောက်ပါဘူး “လို့ ပြောတော့ ညိုမာက ဘာမှဆက်မပြောတော့ပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျေကျေလည်လည်ရှိသွားပုံတော့မဟုတ်ဘူး ။
အဲဒီလိုနဲ့ တစ်ရက်…
မေဖြူနဲ့ ညိုမာ မြို့ထဲစျေးသွားပြီး စက်ချုပ်ဆိုင်အတွက် လိုအပ်တာတွေရော ၊ ရွာက အိမ်သားတွေအတွက် ပစ္စည်းပို့ချင်တာတွေရော ပတ်၀ယ် ကားဂိတ်အပ်နဲ့ တစ်နေကုန်အပြင်မှာ အချိန်သွားရော
ပြန်ရောက်တော့ ရပ်ကွက်ထဲမှာ မီးကလည်းပျက်နေပြန်ရော … ဒါနဲ့ နှစ်ယောက်သား အပြင်က၀ယ်လာတဲ့ အသုပ်နဲ့ ထမင်း စားပြီး အပေါ်ထပ် တက်လှဲနေလိုက်ကြတယ် ။ နဂိုကတည်းက အအိပ်မက်တဲ့ ညိုမာကတော့ ပင်ပန်းထားတဲ့အရှိန်နဲ့ ခဏလေးအတွင်းမှာပဲ တခူးခူးနဲ့အိပ်ပျော်သွားရော ။
မေဖြူကတော့ အိပ်ချင်ပေမယ့် ခြေထောက်တွေကိုက်လွန်းလို့ အိပ်မရဖြစ်နေတာနဲ့ ဟိုဘက်လှိမ့်လိုက် ၊ ဒီဘက်လှိမ့်လိုက် လုပ်နေရတာပေါ့ ။ တအောင့်နေလို့ မေဖြူ နည်နည်းလေး မှေးခနဲလည်းကဖစ်ရော
“ဗြဲ”
“အေမ့”
ဗြဲခနဲ ထငိုလိုက်တဲ့ ကလေးငိုသံကြောင့် အိပ်ပျော်မလိုဖြစ်နေတဲ့ မေဖြူ လန့်နိုးသွားတယ် ။ မသိရင် ကလေးအသံက နား နားကပ်ပြီး အော်လိုက်သလို စူးခနဲကိုထွက်လာတာ ။ အိပ်ချင်တဲ့အရှိန်ရော ၊ လန့်တာရော ပေါင်းပြီး မေဖြူ ဒေါသထွက်သွားပြီး ကျွတ်ခနဲ စုတ်သပ်လိုက်တယ် ။
ကလေး က အဲဒီအချိန်ကတည်းက စငိုလိုက်တဲ့ အငိုက တောက်လျှောက်ကြီး မတိတ်တော့ဘူး ။ အစကတော့ မေဖြူ နာငြီးလို့ စိတ်တိုတာပဲသိပေမယ့် နည်းနည်းကြာမှသတိထားမိတာက
ကလေး ဒီလောက်ငိုနေတာကို လူကြီးတွေ ချော့တဲ့အသံ လုံး၀ မကြားရတာပဲ ။ ကလေးငိုတဲ့အသံက အတိုးအကျယ် ကျသွားတက်သွားတာမျိုးမရှိဘဲ တောက်လျှောက် ဒီအသံနေအသံထားနဲ့ပဲ ငိုနေတော့တာ ။
စိတ်ထဲ ကလေးက ငိုရင်း’တက်’သွားရင် ဒုက္ခလို့တောင်တွေးလိုက်မိသေးတယ် ။
ငိုသံကမရပ်မနားဖြစ်လာတော့ မေဖြူအတော်လေးနာငြီးလာတယ် ။ ဒါနဲ့ ပါးစပ်ကနေ “ကလေးကလည်း ငိုလိုက်တာဟာ … နာငြီးလို့ အိပ်လို့ကိုမရတော့ဘူး “လို့ပြောလိုက်တယ် ။ ကိုယ်ပြောလိုက်တာကို ဘေးက ညိုမာ များကြားမလားဆိုပြီး လှည့်ကြည့်လိုက်ပေမယ့် ညိုမာကတော့ စည်းချက်မှန်မှန်ဟောက်နေတုန်းပဲ ။
မေဖြူ အိပ်မယ်ဆိုပြီး ဘယ်လိုပဲကြိုးစားပေမယ့် အိမ်ချင်းကပ်နေတော့ အသံက အနီးကပ်ကြီးကြားရသလိုဖြစ်ပြီး ဘယ်လိုမှအိပ်မရဘူး ။ ဒါနဲ့ စိတ်မရှည်တော့တဲ့အဆုံ း ဒေါသသံနဲ့
“ဟာ ကလေးက ဒီလောက်ငိုနေတာက်ို မချော့ကြဘူးလားဟ…ကလေးက ငိုရင်းအသက်လည်းထွက်သွားဦးမယ် … ဘယ်လို အဖေနဲ့အမေမှန်းမသိဘူး “ဆိုပြီး ခပ်ကြိတ်ကြိတ် ပြောလိုက်တယ် ။
ထူးဆန်းတာက မေဖြူ့စကားဆုံးတာနဲ့ ကလေးငိုသံက တိခနဲကို တိတ်ကျသွားတာပဲ ။ ကလေးသံ တိတ်သွားသွားချင်း ထွက်လာတဲအသံက
“ကောင်မ က လူပါး၀လို့ …တောက်”ဆိုပြီး အက်ရှရှအသံကြီးနဲ့ ပြောလိုက်တာ ကြားလိုက်ရတယ် ။ အသံက သြသြအက်အက်ကြီးမလို့ ယောက်ျား အသံလား ၊ မိန်းမအသံလား ခွဲခြားမသိလိုက်ဘူး ။ ကိုယ့်ပြောတာပဲလား ၊ လင်မယားချင်းပြောတာပဲလားတော့လားမသိ … ကလေးငိုသံတိတ်သွားပြီမလို့ မေဖြူလည်း နားအေးပြီ ဆိုပြီး အိပ်ဖို့ကြိုးစားတော့တာပဲ ။
အဲဒီညက အိပ်မက်ထဲ မေဖြူအိပ်တဲ့နား မိန်းမတစ်ယောက်ရောက်လာပြီး မေဖြူ့ကိုမကျေမနပ်နဲ့ အကြာကြီးထိုင်ကြည့်နေတယ်ဆိုပြီး မက်လိုက်သေးပေမယ့် မေဖြူ ဒီအတိုင်း အိပ်မက်ပါလေလို့ပဲ အမှုမဲ့ ၊ အမှတ်မဲ့ရယ် ။
နောက်နေ့မနက် မသန်းလှလာတော့ ကြားရတဲ့သတင်းကြောင့် မေဖြူ မျက်လုံးပြူးရပါလေရော …
ခေါင်းရင်းအိမ်က လင်မယားက မနေ့ နေ့ခင်းကတည်းက အိမ်မှာမရှိတော့တာ ။ မရှိတော့တဲ့အကြောင်းအရင်းက ကောင်လေး မိဘတွေက မိသားစုလိုက်ကို ကားနဲ့လာခေါ်သွားတာ ။ အစက သဘောမတူဘဲ ခိုးပြေးကြလို့ဆိုပြီး မိဘတွေက ပစ်ထားခဲ့တာ…အခု မြေးရပြီဆိုတာသိတော့မှ မြေးမျက်နှာနဲ့ မပြတ်သားနိုင်တော့ဘဲ သားရော ၊ ချွေးမရော ၊ မြေးရောကို လာခေါ်သွားတာလို့ပြောတယ် ။ လာတာမှ ကားအကောင်းစား ပြောင်လက်အိစက်နေတဲ့ဟာနဲ့လို့ပြောတယ် ။ အ၀တ်အစားနဲ့ပစ္စည်းတွေတောင် “ဘာမှယူမနေနဲ့ လူပဲလိုက်ခဲ့”ဆိုလို့ ဘာမှယူမသွားနိုင်ဘဲ လူချည်းလိုက်သွားရတာတဲ့လေ ။
မေဖြူလည်း ပုံမှန်လိုဆို စပ်စပ်စုစု လုပ်ဦးမှာပေမယ့် …အခုက စပ်စုဖို့ထက် ညက ကိစ္စကို အဖြေရှာမရဖြစ်ပြီး ဘာတစ်ခွန်းမှမစပ်စုနိုင်တော့ဘူး ။ အဲဒီလင်မယားက ညက အိမ်မှာ ရှိမနေတော့ဘူးဆို မေဖြူကြားတဲ့ ကလေးငိုသံက ဘယ်ကလဲပေါ့ ။
ညိုမာ့ကို မေးကြည့်သေးပေမယ့် ညိုမာက သူတော့ မကြားမိဘူး လို့ပဲပြောတာ ။ ဘယ်လိုစဉ်းစားကြည့်ကြည့် အဖြေမထွက်တော့ ပုံမှန်မဟုတ်တော့ဘူးဆိုတာတော့ စရိပ်မိလိုက်တယ် ။ ဒါနဲ့ အဲဒီရက်ပိုင်း ဘုရားရှိခိုးတိုင်း မြင်အပ် ၊ မမြင်အပ်တွေကို သေချာလေး မေတ္တာပို့အမျှဝေပေးတယ် ။
သုံး/လေးရက်လောက်နေတော့ …
မေဖြူ နေ့ခင်းဘက် ရေချိုး ခေါင်းလျှော်ပြီး အ၀တ်အစားလဲဖို့ အပေါ်ထပ်ကို တက်လာခဲ့တယ် ။ အပေါ်ထပ်ရောက်တော့ ပြတင်းပေါက်ဘက် ကျောပေးပြီး သေတ္တာထဲက အင်္ကျီရှာရင်း စိတ်ထဲ ကျောမလုံသလိုဖြစ်လာတယ် ။ ဒါနဲ့ နောက်လှည့်ကြည့်လိုက်တော့
“ဟမ်”
မေဖြူတို့ ခေါင်ရင်း ပြတင်းပေါက်နဲ့ ဟိုဘက်အိမ်က ခြေရင်းပြတင်းပေါက်က တစ်နေရာတည်းမှာဆိုတော့ အပေါက်ဖွင့်ထားရင် ဟိုဘက် ဒီဘက် တိုးလျှိုပေါက်မြင်နေရတာ ။
အခု ဟိုဘက်အိမ်ပြတင်းပေါက်ကပွင့်နေတော့ အတွင်းဘက်ကိုမြင်နေရတာပေါ့ ။ မေဖြူ့ မြင်ကွင်းထဲမှာရှိနေတာက အ၀တ်ပုခက် ကို ကြိုးနေရာကနေ ထိန်းလွှဲရင်း ကလေးသိပ်နေသလိုပုံစံနဲ့ မိန်းမတစ်ယောက် ။ အင်္ကျီလက်ရှည်ဖားဖားကြီး၀တ်ထားပြီး ဆံပင်ကလည်းဖားလျားနဲ့မို့ မျက်နှာကိုမမြင်ရဘူး ။ ပုခက်ထဲ ငုံ့ကြည့်ပြီး ကလေးမြှူနေသလိုပုံစံမျိုးပဲ ။ နေ့ခင်းကြောင်တောင်ကြီး ဖြစ်နေတာရော ၊ ကိုယ်မြင်နေရတာက နဂိုအိမ်ငှား မိသားစုရှိတုန်းက မကြာခဏ မြင်ရလေ့ရှိတဲ့ မြင်ကွင်းဖြစ်နေတာရောကြောင့် မေဖြူ့စိတ်ထဲ ထူးဆန်းတာမျိုးမတွေးမိဘူး ။ အရင်လူတွေပြန်ရောက်လာတယ်ပဲ ထင်လိုက်တာ ။
ဒါနဲ့ အောက်ဆင်းလာပြီး အိမ်ရှေ့မှာ အ၀တ်လှန်းနေတုန်း အဲဒီအိမ်ဘက်ကနေ မိန်းမ ငိုသံကြီးကြားရပြန်ရော ။ ငိုတာမှ ၀မ်းနည်းပက်လက်ကြီးကို ငိုနေတာမလို့ မေဖြူ စပ်စုချင်စိတ်နဲ့ အဲဒီအိမ်ရှေ့ပေါက်နားအထိ သွာပြီး အိမ်ထဲလှမ်းကြည့်တော့
အိမ်အောက်က ကုလားထိုင်ပေါ်မှာ မိန်းမတစ်ယောက် ခွေခွေလေးထိုင်ပြီး ငိုနေတာ… အင်္ကျီပုံစံအရတော့ ခုနက မိန်းမပဲ ။ အထဲက မှောင်ရိပ်ကျနေတော့ မျက်နှာကို သေချာတော့မမြင်ရဘူး ။
အစကတော့ ဘာဖြစ်လို့လဲ သွားမေးဦးမလို့ပေမယ့် … ကိုယ်နဲ့လည်းအဲဒီလောက်မရင်းနှီးတော့ မေဖြူ မမေးတော့ဘဲ ပြန်လှည့်လာလိုက်တယ် ။
ခဏနေတော့ မေဖြူတို့ထမင်းစားနေတုန်း
အိမ်ရှေ့မှာ ကားတစ်စီးစိုက်လာတယ် ။ ကားပေါ်က ဆင်းလာတာက အရင်က အိမ်ငှားလင်မယား ။ မိန်းကလေးပုံစံကိုကြည့်ပြီး မေဖြူမျက်လုံးပြူးရပြန်ရော …
မိန်းကလေးက နဂို ခါးလောက်ရှိတဲ့ ဆံပင်ကို ပုခုံးအထက်ဂုတ်ဝဲလေးညှပ်ထားပြီး ၀တ်ထားတာလည်း လှလှလေး…ပြီးတော့ အခုမှရောက်လာတာ
ဒါဆို ခုနက မေဖြူ မြင်ခဲ့တာကဘာလဲပေါ့…
ဒီတစ်ခါတော့ မေဖြူ ဟန်မဆောင်နိုင်အောင် မျက်နှာပျက်ပြီး ထမင်းကိုဆက်မစားနိုင်တော့ဘူး ။ အရင်အိမ်ငှားလင်မယားက သူတို့မင်္ဂလာဦးပစ္စည်းတွေ လာယူသွာပြီး အိမ်ကိုသော့ခတ် အိမ်ရှင်ဆီ ပြန်အပ်ဖို့လာခဲ့ကြတာ ။ သူတို့ ပစ္စည်းတွေ သိမ်းနေတဲ့အချိန် မေဖြူ မယောင်မလည် နဲ့ အိမ်ထဲ ဟိုချောင်းဒီချောင်းလုပ်ကြည့်တော့လည်း အဲဒီလင်မယားနှစ်ယောက်ကလွဲ နောက်ထပ်လူရိပ်လူယောင်မရှိဘူး ။
ဒါနဲ့ နောက်ဆုံး စိတ်ထဲ ဘယ်လိုမှ မအောင့်နိုင်ဘဲ ညိုမာ့ကိုပြောပြလိုက်တယ် ။ ညိုမာကလည်း ဒီအိမ်အကြောင်း မသန်းလှသိလောက်မလား မေးကြည့်ကြမယ်ဆိုပြီး မသန်းလှကိုခေါ်မေးတယ် ။
မသန်းလှကလည်း မေဖြူတို့အိမ်ရှင်နဲ့ ငွေရေးကြေးရေးမကင်းရာမကင်းကြောင်းရှိနေတော့ တော်တော်နဲ့မေးမရဘူး ။ နောက်ဆုံး မရမက အစ်အောက်မေးတော့မှ အကြောင်းစုံသိရတာ ။
ဒီအိမ်နှစ်လုံးနေရာမှာ အရင်က မေဖြူတို့ခြေရင်းဘက်က မြေအလွတ်ဖြစ်ပြီး ခေါင်းရင်းဘက်မှာ နံကပ်နှစ်ထပ်အိမ်လေးရှိခဲ့တာ ။ အဲဒီတုန်းကလည်း အိမ်ငှားတင်ခဲ့တာပဲ ။ အိမ်ငှားလင်မယားက ကလေးမွေးပြီး လပိုင်းလောက်အကြာမှာပဲ အိမ်က မီးလောင်တာ ။ ယောက်ျားဖြစ်သူက အလုပ်ညဆိုင်းဆင်းနေလို့ ကံကောင်းသွားပေမယ့် မိန်းမနဲ့ကလေးက မီးထဲမှာပဲ မလွတ်နိုင်ဘဲ ဆုံးသွားကြရှာတာ ။ အဲဒီနောက်ပိုင်း ကတည်းက ညဆို မီးလောင်ထားတဲ့ အိမ်ပျက်ကြီးဆီကနေ ကလေးငိုသံ ၊ မိန်းမငိုသံ နဲ့ မီးလောင်နေလို့ ကယ်ကြပါဦး စသဖြင့် အော်သံ ငိုသံတွေ ကြားလာရတယ် ။ အိမ်ပျက်ကြီးအဖြစ်နဲ့မှာ အတော်လေးကို ခြောက်လှန့်ခဲ့တာပေါ့ ။ နောက်ပိုင်း အိမ်ရှင်က အိမ်ပျက်ကြီးကိုဖျက် မြေနှုတ် ကမ္မဝါဖတ်ပြီးမှ မေဖြူတို့နေတဲ့ အိမ်တွေ ပြန်ဆောက်လိုက်တာ ။
အဲဒီနောက်ပိုင်း အရင်ကလောက်တော့မဆိုးတော့ပေမယ့် အိမ်ငှားတွေကတော့ သရဲခြောက်တယ်ဆိုပြီး ပြောင်းပြေးကြတာတွေရှိတယ် ၊ မပြောင်းဘဲ ကြာကြာနေတဲ့ အိမ်ငှားတွေဆိုလည်း (နဂိုက သိပ်ရန်မဖြစ်တတ်ဘဲ )နေ့စဉ်နဲ့အမျှ စကားများလိုက် ၊ ရန်ဖြစ်လိုက်တဲ့ … အထူးသဖြင့် ခေါင်းရင်းအိမ်မှာ ဖြစ်တာပေါ့ ။
ဒီလိုအကြောင်းစုံသိရတော့ မေဖြူတို့က ပိုလန့်သွားတာပေါ့ ။ ကြားကြားချင်းကတော့ ခြေမကိုင်မိ ၊ လက်မကိုင်မိဖြစ်ပေမယ့် … နည်းနည်းသွေးအေးလို့ သေချာစဉ်းစားကြည့်မှ ကိုယ်တွေကို ဘာမှသိပ်ဒုက္ခမပေးတာနဲ့ပဲ ဖြေသိမ့်ရတာပေါ့ ။ အိမ်လခကလည်း ၆လစာပေးထားပြီးသားဖြစ်နေပြီလေ ။
ဒါပေမယ့် ညဘက် အိမ်သာတွေဘာတွေတော့ တစ်ယောက်တည်းထမသွားတော့ဘူး ။
နောက်ပိုင်းတွေမှာ ခေါင်းရင်းအိမ် က လူမနေတော့ပေမယ့် လူနေ နေသလိုပဲ … နေ့ခင်းဘက်ဆိုလည်း သွားလာလှုပ်ရှားနေသလိုအသံ ၊ လှေကာူအတက်အဆင်းလုပ်တဲ့အသံ ၊ တစ်ခါတလေ ကလေးရယ်သံ ၊ လူကြီးငိုသံ စသဖြင့် အသံဗလံကတော့ တစ်နေ့တစ်မျိုးမရိုးရဘူး ။ ပြီးတော့ သော့ခတ်ထားတဲ့ အိမ်မကြီးတံခါးကလွဲရင် အပေါ်ထပ် ၊ အောက်ထပ် ပြတင်းပေါက်တွေက ပိတ်ထားလိုက်၊ ဖွင့်ထားလိုက်နဲ့
ကြာတော့ နည်းနည်းတောင်နားယဉ်သလိုဖြစ်လာတယ် ။
ညိုမာကတော့ တစ်ရက်က စက်ချုပ်နေရင်း စိတ်ထဲတစ်မျိုးဖြစ်လာလို့ဆိုပြီး ပြတင်းပေါက်ဘက် လှည့်ကြည့်လိုက်တာ … ဟိုဘက် အိမ်ကလည်း ပြတင်းပေါက်ကြီးပွင့်နေပြီး အထဲကအမှောင်ရိပ်ထဲမှာ ကလေးနို့တိုက်နေသလို ပုံစံနဲ့ မိန်းမတစ်ယောက်ထိုင်နေတာ တွေ့ရပါလေရော ။ ညိုမာ မျက်လုံးပြူးကြီးနဲ့ ကြည့်နေတုန်းမှာပဲ ပြတင်းပေါက်ကြီးက သူ့အလိုလို ဝုန်းခနဲ ပိတ်သွားတော့ ညိုမာတစ်ယောက် လန့်တာမှ ခုံပေါ်က ပြုတ်ကျမတတ်ပဲ ။
အဲဒီနေ့က စပြီး ကြောက်ဖျားဖျားလိုက်တာ ၄/၅ ရက်လောက်တောင်ကြာသွားသေးတယ် ။
ကြားထဲမှာတော့ အဲဒီလိုအကောင်အထည်မပြဘဲ အသံပဲပေးတော့တာဆိုတော့ အတော်လေး ငြိမ်သွားလိုက်သေးတယ် ပြောရမှာပေါ့ ။
ဒါပေမယ့် တစ်ည..
အဲဒီညက အိမ်နားမှာ မီးလန့်ပြီး လျှပ်စစ်မီးတွေလည်း အဖြတ်ခံလိုက်ရတယ် ။ည မိုးချုပ်တော့ ညိုမာက ပုံမှန်အတိုင်းအိပ်ပျော်သွားပေမယ့် မေဖြူကတော့ မီးလန့်လို့ နည်းနည်းထိတ်လန့်ထားတဲ့အရှိန်ကြောင့် အိပ်မပျော်တာနဲ့ ခြင်ထောင်ထဲမှာတင် ဘထ္ထရီ ကြွက်မီးအိမ်လေးထွန်းပြီး ၀တ္ထုစာအုပ်ဖတ်နေမိတယ် ။
ည အတော်ကြီးမိုးချုပ်လာတော့ မီးအိမ်ကလည်း နည်းနည်းမှိန်စပြုလာပြီး မျက်လုံးလည်းညောင်းလာပြီမလို့ မေဖြူ မီးပိတ်ပြီး အိပ်ဖို့ ပြင်တယ် ။
မျက်လုံးကြောင်နေတော့ တော်တော်နဲ့အိပ်မရဘူးဖြစ်နေတာပေါ့ ။
အဲဒီအချိန် …..
“မီး တွေ လောင် နေ ပြီ … ကယ် ကြ ပါ ဦး ”
အသံကျယ်ကြီးမဟုတ်ဘဲ ခပ်တိုးတိုးပဲကြားလိုက်ရတာပေမယ့် (မီးလန့်ထားသေးတော့ ) မေဖြူ အလန့်တကြားနဲ့ ထထိုင်လိုက်မိတယ် ။ အသံ ဘယ်ကလာတာလဲ သေချာနားစွင့်ကြည့်တော့ ခေါင်းရင်းဘက်ကနေ ဖြစ်နေတယ် ။ ဒီတော့မှ စိတ်ထဲ ဒိန်းခနဲဖြစ်သွားပြီး ကြောက်စိတ်စ၀င်လာတာ ။ ခေါင်းရင်း ပြတင်းပေါက်ကလည်း ရာသီဥတုပူလို့ ဖွင့်ထားမိတာဆိုတော့ အပေါက်က ဟောင်းလောင်းရယ် ။
ဘာလုပ်ရမှန်းမသိ ခြင်ထောင်ထဲမှာ တောင့်တောင့်ကြီး ထိုင်နေမိတုန်း မေဖြူတို့ခြင်ထောင်ပေါ်ကို အနီရောင်အလင်းရိပ်လိုဟာကြီးကျလာတယ် ။ ပြောရရင် သရဲကားတွေထဲကလို နီတီတီအရောင်ကြီး .. ဒါနဲ့ တကယ်ပဲ မီးလောင်နေတာများလားဆိုတဲ့ စိတ်နဲ့ ထိုင်နေရာကနေ ဒူးထောက်ပြီး ခေါင်းရင်းအိမ်ဘက် လှမ်းကြည့်တော့
“အမလေး ”
မေဖြူ ချက်ချင်းပဲ ဝုန်းခနဲ လှဲချလိုက်ရတယ် ။ ဟိုဘက်အိမ် ပြတင်းပေါက်မှာ ကလေးချီပြီး ရပ်နေတဲ့ ဆံပင်ဖားလျားနဲ့ မိန်းမ … ဘာမီးမှမရှိဘဲကို နီနီကြီးဖြစ်ပြီး အရောင်တွေထွက်နေတာ ။
မေဖြူ လှဲချပြီး ညိုမာ့ကို အားကိုးတကြီး နှိုးသေးပေမယ့် ဘယ်လိုမှနှိုးမရဘူး ။ တအင်းအင်းတအဲအဲနဲ့ပြန်အိပ်သွားတာ ။ ဘယ်လိုမှနှိုးမရတဲ့ နောက်ဆုံး မေဖြူလည်း ခေါင်းအုံးအောက် မှာ ခေါက်ပြီး (ခေါင်းအုံးမြင့်အောင်)ခုထားတဲ့ စောင်ကိုဆွဲထုတ်ပြီး ခေါင်းမြီးခြုံနေလိုက်တယ် ။ ရာသီဥတုက ပူလောင်နေပေမယ့်လည်း ကြောက်နေတော့ မတတ်သာပဲ ခြုံနေရတော့တာပေါ့ ။
မေဖြူ စောင်ခြုံကြီးထဲမှာ ချွေးတွေ ရွှဲနစ်နေတဲ့အချိန် …
“ရှပ်…ရှပ်”
“ကျွတ်…ကျွတ်…အေ့..အေး”
လှေကားကနေ တက်လာသလို ခြေသံနဲ့အတူ ကလေးချော့တဲ့ အသံပါကြားရတော့ မေဖြူ့ခေါင်းဆင်းနင်းခံလိုက်ရသလိုပဲ ။ လူကလည်း တစပြင်ထဲ ရောက်နေသလိုမျိုးကို စိတ်က ချောက်ချားလာတယ် ။
အသံက အပေါ်ထပ်ရောက်လာပြီး မေဖြူတို့ ခြင်ထောင်နား အထိ တစ်လှမ်းချင်းကပ်လာတယ် ။ ပြီးတော့ မေဖြူရှိတဲ့ဘက်ကိုကွေ့လာပြီး မေဖြူ့နားအရောက်မှာ ထိုင်ချလိုက်တယ် ။အဲဒီအချိန် အသိစိတ်မှာသာ ဘေးမှာညိုမာရှိနေတဲ့အသိမျိုးရှိမနေရင် မေဖြူ ကြောက်လွန်းလို့ သတိတောင်လစ်သွားမလားမသိဘူး ။
ထိုင်ချပြီး မရှေးမနှောင်းမှာ ထွက်လာတဲ့အသံက
“အို အို အေး အေ့ …အေး အို…အို အို့ အေး အေး အို…အိုး အို့ အို အေး အို …သား သား လေး အိပ် တော့ နော် …အဟင်းဟင်း အီးဟီးဟီးဟီး ”
ကလေးချော့သိပ်နေသလိုအသံနဲ့ နောက်ဆက်တွဲက ငိုလိုက်ရယ်လိုက် လုပ်နေတဲ့အသံကြီး
လုံး၀အနီးကပ်ကြီး ကြားနေရတော့ မေဖြူ ကြောက်လွန်းလို့ အာခေါင်တွေခြောက်လာပြီး လူကလည်း မူးသလိုလိုကြီးဖြစ်လာတယ် ။
တောက်လျှောက် အဲဒီအသံကြီး က ထွက်နေပြီး တော်တော်လေးကြာတော့ ချက်ချင်းဆိုသလို အသံတိတ်ကျသွားတယ် ။
စက္ကန့်ပိုင်းလောက်လုံးဝြကီး တိတ်ဆိတ်သွားပြီးမှ
“မ..ပူ..ဖူး..လား အစ်..မ..ရယ်”ဆိုပြီး သြရှရှအသံကြီးနဲ့ပြောလာတော့ မေဖြူ ကျောရိုးထဲအထိကို စိမ့်သွားတာ
ဒါနဲ့ စောင်ကို တင်းနေအောင်ခြုံထားပြီး လူကလည်းကြောက်လွန်းလို့ မျက်ရည်တွေတောင်ကျနေပြီ ။
အဲဒါပြီးတော့ အသံကတိတ်သွားပြန်ရော…ဒီတစ်ခါတော့ ထသွားပြီး လှေကားကနေ ပြန်ဆင်းသွားတဲ့ခြေသံပါကြားလိုက်ရတယ် ။
ဒါပေမယ့်လည်း ဘယ်အချိန်ပြန်ရောက်လာမယ်မသိတော့ မေဖြူ စောင်မဖယ်ရဲသေးဘူးလေ ။ အဲဒီအချိန်
“ဟယ်…မေဖြူရယ် ပူရတဲ့ကြားထဲ စောင်းကြီးခြုံပြီး ဘာလုပ်နေတာတုန်း “ဆိုပြီးပြောလာတဲ့
ညိုမာ့အသံကြားလိုက်ရတော့ မေဖြူ ကယ်တင်ရှင်တွေ့လိုက်ရသလိုပျော်သွားပြီး စောင်ကိုဝုန်းခနဲ ဖယ်ပစ်ပြီး ညိုမာ့ကို ပြောပြဖို့အလုပ်
“အဟင်းဟင်း ”
ဆိုပြီး ပြီတီတီရယ်သံကြီး ကြားလိုက်ရတော့ အသံလာတဲ့ဘက်လှည့်ကြည့်လိုက်တော့ ခုနက မေဖြူ ကျောပေးထားတဲ့ဘက်မှာ ကလေးချီပြီး ထိုင်နေတဲ့ မိန်းမ
အမှောင်ထဲမှာ နီနီကြီးလင်းနေသလိုဖြစ်ပြီး မျက်နှာကလည်း မီးလောင်ဖုလို အဖုတွေရော…အသားတွေပြဲပြဲရွဲရွဲကြီးဖြစ်နေတာတွေရော …ဆံပင်ကလည်း ခေါင်းပေါ်မှာ ကျို့တို့ကျဲတဲနဲ့ … သွားအခွေလိုက်ပေါ်အောင် ပြုံးပြရင်း မေဖြူ့ကိုကြည့်နေတာ … မေဖြူလည်း ချက်ချင်း ဆိုသလိုပဲ မျက်စိစုံမှိတ်ပြီး ငယ်သံပါအောင် အော်တော့တာပေါ့ ။ ဘေးကဟာကြီးကတော့ တဟီးဟီးရယ်နေတုန်းပဲ ။
ဒီတော့မှ ညိုမာကြီးက နိုးလာပြီး ငေါက်ခနဲထထိုင်လာတယ် ။ ဘာဖြစ်တာလဲမေးတော့ သရဲ သရဲခြောက်လို့လို့ ပြောတော့ ညိုမာကပါ ရောအော်ပါလေရော ။
မေဖြူတို့ အော်သံတွေကြောင့် အိမ်နီးချင်းတွေရောက်လာသံကြားမှ ရယ်သံပျောက်သွားပြီး ခေါင်းရင်းအိမ်ဘက်ကနေ ပြတင်းပေါက်က ဝုန်းခနဲပြန်ပိတ်သွားတယ် ။
အဲဒီညက မေဖြူကတော့ တကယ်ကိုမရူးရုံတမယ်ပဲ … မေဖြူဖြစ်ပုံအစအဆုံးသိတော့ နောက်ရက်တွေမှာ မသန်းလှတို့က ညဆို သူတို့အိမ်ဘက် လာအိပ်ဖို့ခေါ်တယ် ။ မေဖြူနဲ့ညိုမာလည်း နေ့ခင်းဘက်က ပြဿနာမရှိပေမယ့် ညတော့ နှစ်ယောက်တည်း ဒီဘက်မှာမအိပ်ရဲတော့တာနဲ့ မသန်းလှတို့ဘက်ပဲ သွားအိပ်လိုက်တာ အိမ်ငှား ၆လပြည့်တဲ့အထိပဲ ။ ဒါတောင် ကြားထဲမှာ တချို့နေ့တွေဆို ညနေပိုင်းရောက်ရင် မီးကျွမ်းသလိုအနံ့တွေရလိုက် ၊ အိုအိုအေးအေ့အို ကြားလိုက်ရနဲ့ ရိုးရာမပျက် အခြောက်ခံနေရတုန်းပဲ ။
ခြောက်လပြည့်တော့ ဒီအိမ်ကိုဆက်မငှားဝံ့တာနဲ့ ဒီရပ်ကွက်ထဲမှာပဲ တခြားအဆင်ပြေမယ့်နေရာလေးပြန်ရှာလိုက်ရတယ်။
မေဖြူကတော့ အခုထိ စကားကြုံရင် ကြုံသလို အဲဒီညက ကိစ္စကို မဟာစွန့်စားခန်းတစ်ခုလို ပြန်ပြောပြနေမိတုန်းတဲ့လေ
ကဲ ဒီညတော့ ဒီလောက်ပဲနော်…ပြတင်းပေါက်တွေ ပိတ်ကြဦးဗျ 👻
Like & share ဖို့လည်း မမေ့နဲ့ဦးနော် 🖤