ချစ်ဇနီး

Posted on

ချစ်ဇနီး(စ/ဆုံး)

———

အဲဒီနေ့ ညနေခင်းကို ကျွန်တော်တစ်သက် မေ့နိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီညနေခင်းမှာ ခါတိုင်းလိုပဲ အားကစားသတင်း ကြည့်နေတဲ့ကျွန်တော့်ကို ရေချိုးခန်းထဲက ထွက်လာတဲ့ မိန်းမက “မောင်… ခင့်ခြေထောက်မှာ ဘယ်လိုဖြစ်ပြီး မှဲ့နက်တစ်လုံး ပေါ်လာတာလဲ မသိဘူး” လို့ပြောတယ်။

ကျွန်တော်က ဆေးပညာဗဟုသုတ နည်းပါးသူပါ။ မိန်းမတွေဆိုတာ ကိစ္စသေးသေးမွှားမွှားကို ရေးကြီးခွင်ကျယ် လုပ်တတ်တဲ့အမျိုးမို့ သူပြောတာကို ကျွန်တော် အရေးမလုပ်ခဲ့ပါဘူး။

ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးက စိတ်သဘောထားညီတယ်၊ ငြိမ်းချမ်းတယ်လို့ ဆိုရပါမယ်။ ကျွန်တော်ရာထူးတိုးပြီးတဲ့နောက် မိန်းမက အိမ်ထောင့်တာဝန်ကို လုံးဝပခုံးပြောင်းယူလိုက်တယ်။ ကျွန်တော့်အလုပ်က မကြာခဏ အချိန်ပိုဆင်းရတယ်။ မကြာခဏ ခရီးထွက်ရတယ်။ တစ်ခါတလေ ခရီးထွက်ရင် တစ်လလောက် ကြာတတ်ပါတယ်။

ခရီးထွက်သူတိုင်းက အိမ်မှာကျန်ခဲ့တဲ့ မိသားစု၊ သားသမီးတွေကို စိတ်ပူတတ်တယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ပေါ့ပေါ့ပါးပါးပဲ။ လူကြီးသူမ၊ ကလေးတွေကို ကျွန်တော့်မိန်းမ ဂရုစိုက်စောင့်ရှောက်လိမ့်မယ်ဆိုတာ သိထားလို့ပါ။ တကယ်တော့ ကျွန်တော့်မိန်းမကို အားကျကြတဲ့လူတွေက ကျွန်တော့်ကို အားကျကြတဲ့လူတွေလောက် များပါတယ်။ လူတွေရဲ့အကြည့်မှာ သူဟာ ဘာမှ ပူပင်ကြောင့်ကျစရာ မလိုတဲ့လူ၊ တိုက်ရှိ ကားရှိပြီး အရာရာပြည့်စုံတဲ့လူ၊ လင်ယောက်ျားချစ်မြတ်နိုးသူလို့ မြင်ကြတယ်။ တကယ်လည်း ရိုမန်တစ်ဆန်ဆန်အချစ်တွေကို ကျွန်တော်တို့ နားမလည်ပေမယ့် ကျွန်တော်တို့အိမ်ထောင်ရေး သာယာခဲ့ပါတယ်။

ကျွန်တော့်မိန်းမက ဆေးကုမ္ပဏီမှာ လုပ်ဖူးတော့ ဘယ်လိုဖြစ်ဖြစ် ဆေးပညာဗဟုသုတကို ကျွန်တော်ထက် သူနားလည်တယ်လို့ ဆိုရမယ်။ ဒီလိုအရေးပြားပေါ် မထင်မှတ်ဘဲ ရုတ်တရက်ပေါ်လာတဲ့ မယားမနာတဲ့မှဲ့နက်တွေဟာ တစ်ခုခုဖြစ်နိုင်တယ်ဆိုတာကို သူသိတယ်။

ဒီလိုနဲ့ သူကိုယ်တိုင်ဆေးရုံသွားပြီး စစ်ဆေးကြည့်တော့ အရေပြားကင်ဆာလို့ အဖြေရပါတယ်။ အဲဒီအဖြေက ကျွန်တော်တို့အားလုံးကို ချောက်ချားတုန်လှုပ်သွားစေတယ်။ သူ့ကို ကျွန်တော်အဖော်ပြုပြီး အကောင်းဆုံးဆိုတဲ့ဆေးရုံတွေမှာ သွားရောက်စစ်ဆေးခဲ့တယ်။ ဆေးရုံတိုင်းရဲ့ အဖြေက တူနေပါတယ်။ နာမည်ကြီး ဆရာဝန်တစ်ယောက်က ဒီလို ကင်ဆာမျိုးရဲ့သေဆုံးနှုန်းဟာ ၉ဝ%ဖြစ်တယ်၊ ဒါဟာ အရေပြားကင်ဆာထဲမှာ အဆိုးဝါးဆုံးတစ်မျိုးလို့ ကျွန်တော့်ကို ပြောပြပါတယ်။

သိပ်မကြာပါဘူး… ဆရာဝန်တွေခန့်မှန်းသလိုပဲ သူ့ခြေထောက်၊ သူ့လက်မောင်းနဲ့ နောက်ကျောတွေမှာ မှဲ့နက်တွေ အဆက်မပြတ် ထွက်လာပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ရော၊ စိတ်ဓာတ်ပါ တဖြည်းဖြည်း ချိနဲလာခဲ့တော့တယ်။

ကျွန်တော်မှတ်မိသလောက် အရင်က ကျွန်တော်မကြာခဏ ဖျားနာတတ်ပေမယ့် ကျွန်တော့်မိန်းမက ဖျားနာခဲသူပါ။ ခုတော့ အားအားမနေတတ်သူတစ်ယောက်က လူနာကုတင်ပေါ်မှာ ငြိမ်ငြိမ်သက်သက် လဲလျောင်းနေခဲ့ရပါပြီ။

သူမရှိတဲ့အိမ်က တိတ်ဆိတ်ခြောက်ကပ်လို့ နေတယ်။ မီးဖိုချောင်ဟာလည်း ရေနွေး၊ ရေငွေ့ကင်းစင်လို့။ အိမ်အသုံးအဆောင်တွေလည်း ဖုန်တွေ ကပ်ငြိလို့ နေခဲ့ပါပြီ။ အရင်က တောက်ပခဲ့တဲ့နေရာလေး၊ အပြင်က ပြန်ရောက်တိုင်း နွေးထွေးလုံခြုံခဲ့တဲ့နေရာလေးက ခုတော့ ကျွန်တော် မမှတ်မိလောက်အောင် ပြောင်းလဲခဲ့ပါတယ်။

အိမ်ကအသုံးအဆောင် တော်တော်များများနဲ့ ကျွန်တော်စိမ်းခဲ့တယ််။ ထမင်းတစ်အိုး တည်ဖို့၊ ဟင်းတစ်ခွက် ချက်ဖို့ ကျွန်တော်အတွက် အရမ်းခက်ခဲခဲ့တယ်။ ကျွန်တော်ဖျော်တဲ့ ကော်ဖီရဲ့အရသာ၊ ကျွန်တော်ပြုတ်တဲ့ ခေါက်ဆွဲအရသာက သူချက်တဲ့ အရသာနဲ့ တခြားစီဖြစ်နေတယ်။ အရင်က သူအလွယ်တကူ ကမ်းပေးတတ်တဲ့ နေ့စဉ်သုံးပစ္စည်းတွေ ခုတော့ ဘယ်လိုရှာရှာ ကျွန်တော် ရှာမတွေ့ပါဘူး။

သူဆေးရုံတက်တဲ့နေ့ကစပြီး ကျွန်တော်အလုပ်က ခွင့်ယူခဲ့တယ်။ နေ့နေ့ညည အတတ်နိုင်ဆုံး သူ့အနားမှာပဲ ကျွန်တော်နေခဲ့တယ်။ ဒီအချိန်ကျမှာ တကယ်လို့ အိမ်တစ်အိမ်မရှိရင်၊ တကယ်လို့ အဲဒီအိမ်မှာ ကြင်နာတဲ့အိမ်ထောင်ရှင်မတစ်ယောက်မရှိရင် ယောက်ျားဖြစ်သူဟာ ပိုက်ဆံဘယ်လောက်ပဲရှာရှာ၊ နာမည်ဘယ်လောက်ပဲကြီးကြီး ဒါတွေအားလုံးဟာ ဗလာဆိုတာကို ကျွန်တော်နားလည်လာခဲ့မိပါတယ်။

သု့ရောဂါ တဖြည်းဖြည်းဆိုးဝါးလာချိန်မှာ မိတ်ဆွေတစ်ယောက်က မြို့တစ်မြို့မှာ အရေပြားကင်ဆာ အထူးကု ဆရာဝန်တစ်ဦးရှိကြောင်း ကျွန်တော့်ကို ပြောပြပါတယ်။ ဒီလိုရောဂါမျိုးကို အဲဒီဆရာဝန် ကုသပျောက်ကင်းခဲ့ဖူးတယ််လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ကုသစရိတ်ကြီးမယ်၊ တစ်ခါကုရင် ၃လကြာတယ်လို့ဆိုတယ်။ မိန်းမကို ဒီအကြောင်း ကျွန်တော်ပြောပြတော့ ရောဂါဝေဒနာဖိစီးနေတဲ့ကြားက စကားတစ်ခွန်းကို သူရှင်းရှင်းလင်းလင်း ပြောပါတယ်။

“ခင်.. အသက်ရှင်ပါရစေ”

တကယ်ပါ.. ကျွန်တော်တို့ဟာ တစ်ယောက်ကိုတစ်ယောက် အရင်က ဘယ်လောက်ချစ်ကြတယ်ဆိုတာကို ကျွန်တော်မသိခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီစကားကို သူပြောလိုက်တဲ့တခဏမှာ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ အချစ်ဆုံး၊ လင်မယားလုပ်ဖို့ အသင့်တော်ဆုံး၊ ခုလို အတူတူပေါင်းသင်းရတာ ကံအကောင်းဆုံးဆိုတာကို ကျွန်တော်သိလိုက်ပါတယ်။

သူအသက်ရှင်ရမယ်….
သူ့ကို ကျွန်တော် အသက်ရှင်စေရမယ်…

ကျွန်တော်တို့အတူ တဖြည်းဖြည်းအိုမင်းပြီး သားသမီးရဲ့သားသမီးတွေ “ဘိုးဘိုး.. ဘွားဘွား”လို့ခေါ်တဲ့အသံကို အတူတူနားထောင်ကြမယ်။ သူ့ကို အဲဒီဆရာဝန်နဲ့ဆေးကုဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်။ အလုပ်မှာ ခွင့်ရက်ရှည်တင်တော့ လုပ်ဖော်ကိုင်ဖက်တွေရဲ့တီးတိုးစကားကို ကျွန်တော်ကြားခဲ့ရတယ်။

“တကယ်လို့ ကျွန်တော်သာဆိုရင် ကုမနေတော့ဘူး။ နည်းတဲ့ ဆေးကုခမှ မဟုတ်တာ။ ကုလို့မရရင် ပိုက်ဆံကုန် လူပန်းတာပဲ အဖတ်တင်တယ်”

ဒီလိုစကားမျိုးပြောသူတွေဟာ ကိုယ့်ရဲ့အရင်းနှီးဆုံးလူ လောကကြီးထဲကနေ ထွက်ခွာသွားတော့မယ်ဆိုတဲ့ ခံစားချက်ကို မခံစားဖူးသေးလို့ဖြစ်လိမ့်မယ်။ ဒီငွေကြေးလေးက လူတစ်ယောက်အသက်ရှင်ဖို့အတွက် မျှော်လင့်ချက်ဖြစ်တယ်ဆိုတာကိုလည်း သိပုံမရလို့ ဖြစ်လိမ့်မယ်။ ကုသစရိတ် ဘယ်လောက်ကြီးကြီး သူသာ အသက်ရှင်မယ်ဆိုရင် အိမ်ရောင်း၊ ကားရောင်းပြီးလည်း ကျွန်တော်ကုပါမယ်။

အဲဲဒီမြို့ကို ဆေးသွားမကုခင် လိုအပ်တဲ့နေ့စဉ်သုံးပစ္စည်းတွေ ကျွန်တော်လိုက်ဝယ်ခဲ့တယ်။ ပွဲတော်ရက်နီးလို့လားမသိဘူး … စျေးတွေ၊ ကုန်တိုက်တွေမှာ မိသားစုအလိုက် ပျော်ပျော်ရွှင်ရွှင် စျေးဝယ်နေသူတွေတွေ့တော့ ကျွန်တော်ဟာ အပျော်တွေနဲ့ ခွဲခြားခံထားရသူလို့ ထင်မိတယ်။ အပျော်၊ အပြုံးတွေဆိုတာ ကျွန်တော့်မိန်းမရောဂါစဖြစ်ကတည်းက ကျွန်တော်နဲ့ မဆိုင်တော့သလိုပါပဲ။

မိန်းမရေးပေးတဲ့ စာရင်းအတိုင်း ကျွန်တော်ပစ္စည်းတွေ အများကြီးဝယ်ခဲ့တယ်။ အိတ်တွေဆွဲပြီး ဆိုင်ကထွက်တော့ အိတ်တွေ အရမ်းလေးတာကို သတိထားမိတယ်။ ဒီလောက်နှစ်တွေအကြာကြီး တစ်အိမ်လုံးအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ ဝယ်ခဲ့တဲ့သူ၊ ဆန်တစ်အိတ်၊ ဆီတစ်ပုံး ဘယ်လောက်ပေးရမှန်း မသိတဲ့ကျွန်တော်၊ ဆိုင်ကနေ အိမ်အထိ လေးလံတဲ့ပစ္စည်းတွေကို သူ ဘယ်လိုသယ်ခဲ့သလဲ ကျွန်တော်လုံးဝ မသိခဲ့ပါဘူး။ အိမ်တစ်အိမ်လုံးရဲ့ထုတ်ဟာ ကျွန်တော်ပါလို့ ကျွန်တော်ထင်ခဲ့တယ်။ သူလဲကျချိန်ရောက်မှ ဒီအိမ်မှာ သူသာလျှင် အရေးပါဆုံးဆိုတာကို ကျွန်တော်သိလိုက်ရပါတယ်။

ဆေးသွားကုတဲ့မြို့လေးမှာ မင်္ဂလာဆောင်ပြီးစကလို နေ့ရက်တွေကို ကျွန်တော်တို့ ကြင်ကြင်နာနာ ဖြတ်သန်းခဲ့ကြတယ်။ ၃လအတွင်းမှာ မခွဲမခွာ အတူနေခဲ့ကြတယ်။ အတူတူ ရယ်မောခဲ့ကြတယ်၊ အတူတူ ငိုကြွေးခဲ့ကြတယ်။ ဒီလို တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းကပ်ပြီး စကားမပြောဖြစ်ခဲ့တာ နှစ်တွေ ဘယ်လောက်ကြာခဲ့ပြီမှန်း ကျွန်တော်မမှတ်မိတော့ပါဘူး။

ကုသတဲ့ ပထမတစ်လအတွင်းမှာ သူ နည်းနည်းသက်သာလာပါတယ်။ တစ်ခါတလေ သူ့ကိုတွဲပြီး ပန်းခြံထဲ ကျွန်တော်တို့ လမ်းလျှောက်ကြတယ်။ ကျွန်တော်တို့မြို့ရဲ့ ပန်းခြံဝရှေ့မှာ သူနဲ့ပထမဆုံးအကြိမ် ဆုံခဲ့တဲ့အကြောင်းကို ပြန်ပြောင်းပြောကြတယ်။ ပထမဆုံးအကြိမ်ကြည့်ခဲ့တဲ့ “Last Fillings” ရုပ်ရှင်အကြောင်းကို ပြောကြတယ်။ ဒါတွေဟာ ဟန်းနီးမွန်းအချိန်ပြောကြတဲ့ စကားတွေပါ။ ခုချိန်မှာ ဒါတွေကို အောက်မေ့ရတော့ ရင်ထဲ ပိုနာကျင်ကြေကွဲရပါတယ်။ မင်္ဂလာဆောင်ပြီး နှစ်တွေအကြာကြီးထဲမှာ ကျွန်တော်တို့ အခုလို စကားများများ မပြောဖြစ်ခဲ့ကြပါဘူး။

၃လအတွင်းမှာ တဖြည်းဖြည်း နွမ်းလျလာတဲ့ သူ့ကို ကျွန်တော်မကြည့်ရက်ခဲ့ဘူး။ အထူးကုသနည်းတွေက သူ့အတွက် အသုံးမဝင်ခဲ့ဘူး။ ဆန်ပြုတ်တစ်ဇွန်းသောက်ဖို့ကို သူ တော်တော် အားစိုက်ခဲ့ရတယ်။ နောက်ဆုံး “အိမ်ပြန်ရအောင်”လို့ ကျွန်တော့်ကို သူပြောပါတယ်။ ဒီလိုနဲ့ မျှော်လင့်ချက်မဲ့စွာ ကျွန်တော်တို့ အိမ်ပြန်ခဲ့ကြတယ်။

အိမ်ပြန်ရောက်ပြီးနောက် တစ်နေ့ထက်တစ်နေ့ သူအင်အား ပိုမဲ့လာခဲ့တယ်။ ကင်ဆာသမားတွေ အကြောက်ရဆုံး နာကျင်ခံစားမှုကို သူစခံစားနေရတယ်။ ညတိုင်း သူအိပ်မပျော်ဘူး။ နာကျင်တာတွေ ကြိတ်ခံပြီး သူညည်းညူနေခဲ့ရတယ်။ အနာခံဆေးတွေလည်း မတိုးတော့ပါဘူး။ သူ့အစား ကျွန်တော်ခံစားပေးချင်လိုက်တာ။ သူခံစားနေတာတွေကို ကျွန်တော် ဘယ်လိုမှ မကြည့်ရက်ခဲ့ဘူး။

တစ်ခါတလေ ဝေဒနာသက်သာချိန်မှာ အိမ်ဝတ်ကိစ္စအဝဝကို သူမှာတတ်တယ််။ အဲဒီအချိန်ကျမှ သူဟာ ဒီနေအိမ်အတွက်၊ ဒီမိသားစုအတွက် ဘယ်လောက်စေ့စပ်၊ ဘယ်လောက် အလုပ်ရှုပ်ခဲ့တယ်ဆိုတာကို ကျွန်တော်နားလည်လိုက်ရတယ်။

ပြီးတော့ ကျွန်တော်ကြိုက်တတ်တဲ့ အစားအစာတွေ ဘယ်ဆိုင်မှာရနိုင်ကြောင်း၊ ကျွန်တော်ဝတ်နေကျ အင်္ကျီဟာ ဘာနံပါတ်၊ ဘယ်တံဆိပ်ဖြစ်ကြောင်း ဘယ်ဆိုင်မှာ ဝယ်နိုင်ကြောင်း ပြောပြပါတယ်။ မဆုံးခင်သုံးရက်အလိုမှာ အဝတ်လျှော်စက်ကို ဘယ်လိုသုံးကြောင်း ကျွန်တော့်ကို သူသင်ပြသွားခဲ့ပါသေးတယ်။

သူ မဆုံးခင်ရက်အတွင်းမှာ ကျွန်တော်နဲ့လက်ထပ်ရလို့ သူပျော်ရွှင်တဲ့အကြောင်းတွေပါ ပြောသွားသေးတယ်။ ဆေးသွားကုတဲ့ ၃လဟာ သူ့တစ်သက်မှာ အပျော်ဆုံးနေ့ရက်တွေပါတဲ့။ အဲဒီ ၃လဟာလည်း ကျွန်တော့်ဘဝမှာ တန်ဖိုးအရှိဆုံး အချိန်တွေပါ။ ၃လအတွင်းမှာ ရာထူးတိုးဖို့အခွင့်အရေး၊ ငွေကြေးတွေကို ကျွန်တော် လက်လွှတ် ဆုံးရှုံးခဲ့ရတယ်ဆိုပေမယ့် မိန်းမနဲ့ အတူနေခဲ့ရတာတွေနဲ့ နှိုင်းကြည့်ရင် အဲဒါတွေဟာ အပိုပစ္စည်းဖြစ်သွားခဲ့တယ်။ ကံကောင်းလို့ ကိုယ်ချစ်တဲ့သူနဲ့ ရင်းရင်းနှီးနှီး စိတ်ချင်းဆက်ပြီး ၃လ ကျွန်တော်နေခဲ့နိုင်ပါသေးတယ်။

ဆုံးတဲ့နေ့က သူတည်တည်ငြိမ်ငြိမ်ပဲ ထွက်သွားပါတယ်။ သားကို “မေမေ တခြားနေရာသွားပြီး ဖေဖေတို့ကို စောင့်နေတာပါ၊ ဖေဖေတို့လည်း မေမေနဲ့တွေ့ဖို့ အဲဒီနေရာကို တစ်ချိန်ချိန်မှာ သွားကြရလိမ့်မယ်” လို့ ကျွန်တော်ပြောပြပါတယ်။

သူဆုံးပြီးနောက်ပိုင်း တခြားမိသားစုတွေ ပျော်ပျော်ပါးပါး သွားလာနေတာကို ကျွန်တော် မကြည့်ရဲခဲ့ဘူး။ သူနဲ့ ပထမဆုံးအကြိမ် ဆုံခဲ့တဲ့ ပန်းခြံလေးရှေ့ ဖြတ်တိုင်း၊ ရုပ်ရှင်ရုံရှေ့ ဖြတ်တိုင်း၊ စျေးဝယ်အတူထွက်ခဲ့တဲ့ ကုန်တိုက်ရှေ့တွေ ဖြတ်တိုင်း ကျွန်တော်မအောင့်နိုင်ဘဲ မျက်ရည်ကျမိပါတယ််။

အဝတ်လျှောက်စက်သုံးတိုင်း၊ ထမင်းဟင်းချက်တိုင်း၊ သားကို အဝတ်လဲပေးတဲ့အခါတိုင်း၊ အလုပ်နောက်ကျဆင်းလို့ ခေါက်ဆွဲပြုတ်စားတဲ့ ညတိုင်း၊ ညသန်းခေါင် နိူးလာတဲ့အခါ အိပ်ရာဘေးက ဟာလာဟင်းလင်းဖြစ်နေတဲ့နေရာကို မြင်တိုင်း ကျွန်တော်ငိုမိပါတယ်။

သူရှိနေတဲ့အချိန်တုန်းက ဒါတွေကို ကျွန်တော် မခံစားတတ်ခဲ့ပါဘူး၊ ဒါတွေကို ခံစားရကောင်းမှန်းလည်း မသိခဲ့ပါဘူး။ သူမရှိတော့မှ ကောင်းကင်တစ်ခုလုံး ပြိုကျသွားသလိုပါပဲ..

အရင်က ကြည့်ခဲ့တဲ့ရုပ်ရှင်တွေထဲမှာ ချစ်သူဆုံးလို့ ငိုတဲ့ ယောက်ျားတွေကိုတွေ့တိုင်း ဒါဟာ သရုပ်ဆောင်ချက်သက်သက်လို့ ကျွန်တော်ထင်ခဲ့တယ်။ ခုတော့ ကျွန်တော်ငိုနေရပြီ။ လမ်းဘေးမှာရပ်ထားတဲ့ သွေးလှူကားတွေကို မြင်တိုင်း သူ့ကို ကျွန်တော် သတိရမိပြန်တယ်။ ကျွန်တော်သွေးလှူပြီး အိမ်ပြန်ရောက်တာနဲ့ သွေးအားကောင်းစေမယ့် ဟင်းတွေကို သူချက်ထားတတ်တယ်။ သားကိုလည်း “ဒီအိမ်မှာ ပိုက်ဆံရှာရတဲ့ ဖေဖေက အပင်ပန်းဆုံး ဒါကြောင့် ဖေဖေက အရေးအပါဆုံး” လို့ ပြောပြတတ်တယ်။ တကယ်တော့ သူသာလျှင် အရေးပါဆုံး လူတစ်ယောက်ပါ။ သူမရှိတော့ ကျွန်တော်တို့သားအဖမှာ ပျော်ရွှင်တာကို စွန့်လွှတ်လိုက်ရတယ််။

သူဆုံးတော့ သူ့အုတ်ဂူမှတ်တိုင်မှာ “ချစ်ဇနီး”လို့ ကျွန်တော်ရေးထိုးခဲ့ပါတယ််။ ကျွန်တော်ဟာ ရင်ထဲက ခံစားချက်ကို အလွယ်တကူ လှစ်ဟပြတတ်သူ မဟုတ်ခဲ့ပါဘူး။ သမီးရည်းစားဖြစ်တုန်းကလည်း သူ့ကို “ချစ်”ကြောင်း ကျွန်တော် သိပ်မပြောဖြစ်ခဲ့ဘူး။ အခုတော့ အဲဒီ”ချစ်”ဆိုတဲ့စာလုံးကို အုတ်ဂူပေါ်မှာပဲ ရေးထိုးပေးနိုင်ခဲ့တော့တယ်။ မိန်းကလေးတိုင်းက “ချစ်တဲ့အကြောင်းကို” သူချစ်တဲ့လူရဲ့ပါးစပ်ထဲကနေ ထွက်လာတာကိုပဲ နားထောင်ချင်ကြတယ်။ သူမျှော်လင့်တဲ့အချိန်၊ သူကျန်းမာတဲ့အချိန်မှာ ဘာဖြစ်လို့ ကျွန်တော်မပြောခဲ့ရတာလဲ။

အခုချိန်မှာ ကျန်းမာပြီး ပျော်ရွှင်တဲ့မိသားစုကို ပိုင်ဆိုင်ထားတဲ့ ယောက်ျားတွေကို ကျွန်တော်မှာချင်ပါတယ်။ ခင်ဗျားတို့ရဲ့ မိန်းမကို ခင်ဗျားတို့ ကောင်းကောင်းချစ်ပါ။ မိန်းမအတွက် အချိန်အနည်းငယ် ချန်ထားပေးကြပါ။ ခင်ဗျားအတွက် သူလုပ်ပေးသမျှကို လျစ်လျူမရှူလိုက်ကြနဲ့။ ဆုံးရှုံးသွားမှ သူ့အလှအပ၊ သူ့ကောင်းကွက်ကို မနှမြောကြပါနဲ့…

ဇနီးမယား၊ မိန်းမဆိုတာ လောကကြီးမှာ ခင်ဗျားကို အချစ်ဆုံး၊ နားအလည်ဆုံးလူပါ။ ခင်ဗျားအတွက် အရာရာကို စွန့်ရဲတဲ့သူပါ၊ ဘယ်ယောက်ျား၊ ဘယ်မိန်းမရဲ့အချစ်တွေနဲ့ ဇနီးမောင်နှံနှစ်ဦးရဲ့ အချစ်ကို မနှိုင်းကြပါနဲ့လို့ …..

(စာဟောင်းတစ်ပုဒ် ပြန်တင်ပါတယ်နော်)

💌

#နိုင်းနိုင်းစနေ