ချစ်လျှက်ခွဲခွါ

Posted on

” ချစ်လျှက်ခွဲခွါ “(စ/ဆုံး)

——————-

” ဒေါ်ပွင့်နီ ”
သဘောကောင်း၍ ရက်ရောသော၊ ဖော်ရွေသော ဒေါ်ပွင့်နီကို လူတိုင်းချစ်ကြလေသည်။ဒေါ်ပွင့်နီ၏ သနားတတ်မှု၊စေတနာကောင်းမှုတို့သည် ဒေါ်ပွင့်နီတို့ရွာ၌ ပြောစမှတ်တွင်ရလေသည်။
ငယ်ရွယ်စဉ်ကတည်းက ခင်ပွန်းကွယ်လွန်ရှာခဲ့သူ ဒါ်ပွင့်နီသည် သားသမီးသုံးယောက်အား မျက်နှာမငယ်ရအောင်ရှာဖွေကျွေးမွေးခဲ့လေသည်။သားသမီးသုံးယောက်ထဲမှ အလိမ္မာဆုံး၊ သိမ်မွေ့ဆုံး၊အနေအေးဆုံးသော သမီးကြီးဖြစ်သူကို ဒေါ်ပွင့်နီ အချစ်ပိုခဲ့ရသည်။အားကိုးမိခဲ့သည်။သားသမီးတွေအိမ်ထောင်ကျတော့ဒေါ်ပွင့်နီ သမီးကြီးဖြစ်သူနှင့်လိုက်နေပါသည်။တီတီတာတာပြောတတ်သောမြေးလေးတွေရလာတော့ ဒေါ်ပွင့်နီ၏ ချစ်ခြင်းမေတ္တာ သံယောဇဉ်မှာ ထုထည်ကြီးသထက်ကြီးလာခဲ့ရသည်။ဒီမြေးလေးတွေကို တုန်နေအောင်ချစ်လေသည်။
“အဖွား” ဟုခေါ်လိုက်သည့်မြေးလေး၏ခေါ်သံသည်ဒေါ်ပွင့်နီ၏နားထဲပြောမပြတတ်အောင်ချိုမြိန်လွန်းသည်။မြေးလေးတွေမူကြိုပို့တော့လဲဒေါ်ပွင့်နီ။ကျောင်းစတက်တော့လဲဒေါ်ပွင့်နီ။သည်မြေးလေးတွေ ကျောင်းဆင်းချိန်ရောက်သည်ထိ ကျောင်းရှေ့၌ ထိုင်စောင့်နေတတ်သည်။မြေးလေးတွေကလဲ စာသင်ခန်းပေါက်ဝမှထွက်၍ အဖွားဖြစ်သူအား ပြူတစ်ပြူတစ် ကြည့်ရှာသည်။အဖွားအားတွေ့မှသာလျင် စိတ်ချလက်ချ စာသင်ကြလေသည်။သမီးနှင့် မြေးကလေးများနှင့်ဒေါ်ပွင့်နီပျော်နေခိုက် ဒေါ်ပွင့်နီ အတွက် ကံကြမ္မာသည် မျက်နှာသာ‌မပေးခဲ့ချေ။
စီးပွားရေးယိုင်နဲ့လာသောသမီးဖြစ်သူသည်မိခင်ကြီးအားအတူခေါ်ထားရန်မဖြစ်တော့သော အခြေအနေသို့ရောက်လာခဲ့သည်။အရွယ်မရောက်သေးသော ကလေးတွေနှင့် ကျောင်းစရိတ် ၊ကျန်းမာရေးပါချူချာလာသောအခါ မိခင်ဖြစ်သူအားမောင်ဖြစ်သူအိမ်သို့ပို့ရန် စီစဉ်ရတော့သည်။ စီးပွားရေးအဆင်ပြေနေသောမောင်ဖြစ်သူက မိခင်ဖြစ်သူ သူ့အိမ်တွင်လာနေမည်ဟုသိသောအခါ ဝမ်းပန်းတသာကြိုဆိုရှာသည်။ငယ်ငယ်က မိုက်ပြစ်များကို ပြန်ဆပ်ခွင့်ကြုံပြီဟုတဖွဖွ ပြောရှာသည်။ အမကြီးဖြစ်သူမှာလဲ မိခင်အား မောင်ဖြစ်သူနှင့်ယောင်းမက ကျေကျေနပ်နပ်ကြီးခေါ်ယူကြတော့စိတ်အေးရသည်။ ခက်သည်က ဒေါ်ပွင့်နီ။ဒေါ်ပွင့်နီသည် သမီးအား လုံးဝမခွဲလို၊မြေးကလေးတွေနှင့်လဲ မခွဲလို။သားအိမ်သို့သွားမည့်နေ့က ဒေါ်ပွင့်နီသည် တိုင်ကိုမှီထိုင် လျှက်မျက်ရည်တွေကျနေခဲ့၏။
သည်လိုနှင့်ဒေါ်ပွင်နီ သားအိမ်သို့ရောက်ခဲ့သည်။အနေဝေးသောကြောင့်ချွေးမနှင့်မြေးများကို ဒေါ်ပွင့်နီ သိပ်ရင်နှီးသလိုမခံစားရ။ သမီးနှင့်မြေးများကို လွမ်းတော့ပိုဆိုးသည်။ ထိုအခါ ဒေါ်ပွင့်နီနှင် သားဖြစ်သူအကြား မကျေလည်မှုများကြုံလာတော့သည်။ အဆင်မပြေမှုဖြစ်လာလေလေ ဒေါ်ပွင့်နီ သားအိမ်မှာမနေချင်လေဖြစ်လာသည်။ သားဖြစ်သူကလဲ သူဒီလောက်ကောင်းကောင်းထားတာတောင် ပြသနာရှာနေသောမိခင်ဖြစ်သူအား အမြင်မကြည်ဖြစ်လာရသည်။သဘောကောင်းသော၊ဖော်ရွေတတ်သော ဒေါ်ပွင့်နီ၏ စိတ်တို့သည် အချစ်မီး၏ဝါးမြိုမှုကြောင့် မည်းညစ်လာခဲ့လေပြီ။
အမေဖြစ်သူနှင့်အဆင်မပြေသောအခါ သားက ချွေးမနှင့်ကလေးများကို အပြစ်မရှိအပြစ်ရှာကာ စိတ်ထွက်ပေါက်ရှာသည်။ကြလာတော့ မိန်းမနှင့် ကလေးတွေက အဖေဖြစ်သူအားငြိုငြင်လာသည်။”အဖွားကြောင့်ဖြစ်ရတာ” ဟုအပြစ်တင်လာကြတော့သည်။‌စီးပွားရေးအဆင်မပြေသောသမီးနှင့်(သမီးမှ‌မွေးသော)မြေးများကို စိတ်မချလေ ဒေါ်ပွင့်နီမှာ သားအိမ်တွင်နေမပျော်လေဖြစ်ရသည်။
ဒေါ်ပွင့်နီအကြောင်းကြားရတော့ သမီးဖြစ်သူမှာ ပို၍စိတ်ဆင်းရဲရသည်။မိခင်ဖြစ်သူအားပြန်ခေါ်ချင်သော်လဲ သူတို့မိသားစု၏စီးပွားရေး အခြေအနေက ခေါ်ထားဖို့မဖြစ်နိုင်။ မိခင်အား သားအိမ်တွင် အဆင်ပြေပြေ ၊တင့်တင့်တယ်တယ် နေစေချင်သည်။သားဖြစ်သူကလဲ အမဖြစ်သူ၏စီးပွားရေးကြောင့် အမအား အားနာသည်။မိခင်ဖြစ်သူအား သူ့အိမ်တွင်ခေါ်ထားလိုက်လျှင် အမဖြစ်သူသည် မိခင်အတွက်စိတ်အေးရလိမ့်မည်ဟု ယူဆထားသည်။ သို‌့သော် သူအိမ်တွင် ကောင်းကောင်းမနေသော မိခင်အားစိတ်တိုလာသည်။ ” ကိုယ့်သားသမီးရဲ့ အခြေအနေကိုမသိရန်ကော” ဟုလဲ မကျေနပ်ဖြစ်လာသည်။
သမီးအတွက် နောင်ဆံတင်းနေသော ဒေါ်ပွင့်နီသည် ပျာယာခတ်နေတတ်သည်။သမီးဆီမှ ဖုန်းလာသောနေ့များတွင် ဒေါ်ပွင့်နီသွက်လက်နေတတ်ပြန်သည်။ သမီးကြိုက်သော ကွမ်းသီးများကို သမီးအိမ်သို့ပြန်လျှင် ယူသွားနိုင်ရန်အတွက် အသင့်ထုပ်ပိုးထားပြန်သည်။
ရက်မှ လသို့၊လမှနှစ်သို့ပြောင်းလာခဲ့ပြီ။ဒေါ်ပွင့်နီသည် သားအိမ်သို့ရောက်စက ကဲ့သို့ သားနှင့် ကတောက်ကဆဖြစ်ခြင်းမျိုးမလုပ်တော့။ဒေါ်ပွင့်နီတစ်ယောက် တမှိုင်မှိုင်တတွေတွေဖြစ်လာခဲ့သည်။ဒေါ်ပွင့်နီ၏ မျက်ဝန်းဖျော့ဖျော့တို့သည်လဲ မျက်ရည်ဝိုင်းလျက်သာရှိတော့သည်။ နေညိုချိန်ရောက်လျှင် ဒေါ်ပွင့်နီသည် ပျောက်ပျောက် သွားတတ်သည်။အိမ်နောက်ဖေး ရဲယိုပင်နားသို့သွား၍ ငိုနေတတ်သည်။ သားဖြစ်သူနှင့်တွေ့လျှင် မျက်ရည်ကလေးသုတ်လျက် တစ်ဖက်သို့လှည့်သွားတတ်လေသည်။
ကျောင်းဆင်းချိန် ကျောင်းသားလေးတွေကိုမြင်လျှင် ဒေါ်ပွင့်နီသည်ငေးမောနေတတ်ကာ မျက်ရည်စမ်းစမ်းနှင့်ဖြစ်နေတတ်ပြန်သည်။နေဝင်ချိန်ရောက်လျှင် ဒေါ်ပွင့်နီပိုဆိုးလေသည်။ဝင်လုဆဲဆဲ နေလုံးကြီးကို ကြည့်၍ငေးငိုင်နေတတ်သည်။ဒေါ်ပွင့်နီကိုမြင်ရသူတို့မှာလဲ စိတ်မကောင်းဖြစ်ရုံသာတတ်နိုင်တော့သည်။သမီးကို ချစ်လွန်းအားကြီး ၊မြေးကလေးများကို တွယ်တာလွန်းအားကြီးသော ဒေါ်ပွင့်နီတစ်ယောက် အချစ်မီး၏ လောင်မြိုက်မှုကို ကောင်းကောင်းကြီးခံစားနေရလေသည်။
(၇၀) ကျော်ဟူသောအသက်အရွယ်နှင့်စိတ်၏ဖိစီးမှုကြောင့် ဒေါ်ပွင့်နီ နေမကောင်းဖြစ်ကာ အိပ်ယာထဲလဲတော့သည်။ဒေါ်ပွင့်နီ နေမကောင်းဖြစ်တော့ ရွာမှ ဆွေမျိုးများက အတတ်နိုင်ဆုံးပြုစုကြပါသည်။သို့သော် ဒေါ်ပွင့်နီ လိုချင်သည်က သမီး၏နွေးထွေးမှုကိုသာဖြစ်လေသည်။ဒေါ်ပွင့်နီ နေမကောင်းစဖြစ်သည့်ချိန်မှစ၍ လက်ကမချဘဲ ခေါင်းရင်းနားထားအိပ်တတ်သော အထုပ်တစ်ထုပ်ရှိလေသည်။ထိုအထုပ်ကို လူနာသတင်းလာမေးသူများက ကိုင်မိလျှင်ဖယ်ထားတတ်လေ၏။ဒေါ်ပွင့်နီသည်ဟိုအထုပ်ကိုတော့ အတော်စွဲလန်းဟန်ရှိလေသည်။ဒေါ်ပွင့်နီ၏ကျန်းမာရေးအခြေအနေသည် နေ့နေ့ ညညဖြစ်လာ၏။ဒေါ်ပွင့်နီ မျှော်လင့်လွန်းမက မျှော်လင့်ခဲ့သော သမီးနှင့် (သမီးမှမွေးသော) မြေးကလေးများရောက်လာကြသည်။သမီးဖြစ်သူမှာ ချေးငှားလာသောပိုက်ဆံလေးနှင့် မိခင်ဖြစ်သူအား စားချင်သမျှ ကျွေးရှာပါသည်။နေ့နေ့ ညည ပြုစုရှာပါသည်။ဒေါ်ပွင့်နီ၏သမီးအား ဒေါ်ပွင့်နီ လက်ကမချသည့် အထုပ်အကြောင်းပြောပြရင်း ထိုအထုပ်အားဖွင့်ခိုင်းပါသည်။ထိုအထုပ်အားဖွင့်ကြည့်တော့ ဒေါ်ပွင့်နီ၏ သမီးမှာ ကြူကြူပါအောင်ငိုလေတော့သည်။ မိခင်ဖြစ်သူအား သူမဝယ်ပေးထားသော ပါတိတ်ထမီလေး၊ ကျိုက်ထီးရိုးမှ ဝယ်ခဲ့သောဘီးလေးနှင့်ယောဂီတဘက်လေး။ မိခင်ကြီးသည် သူမအား ဘယ်လောက် လွမ်းခဲ့ကြောင်းသက်သေပြနေခဲ့လေသည်။
ထို့နောက်တွင်တော့ ဒေါပွင့်နီသည် သူသိပ်ချစ်သောသမီးဖြစ်သူ၏ရင်ခွင်ထက်တွင် တရားနာရင်း အသက်ကုန်ခဲ့လေ၏။ဒေါ်ပွင့်နီကွယ်လွန်ခဲ့ပြီ။သူသိပ်ချစ်သောသမီးနှင့်မြေးကလေးများအားမထားချင်ဘဲ မခွဲခွါချင်ဘဲ ခွဲလျှက် သံသရာခရီးကိုထွက်သွားခဲ့ရပြီ။စိတ်မချမှု များစွာဖြင့်။ ချစ်လျှက်နှင့်ခွဲခွါခဲ့ရလေပြီ။
” နောင် ….. ဝေဝေဝေ”
ကြေးစည်သံနှင့်အတူ ဒေါ်ပွင့်နီ၏ခေါင်းတလားအား တင်ထားသော နာ၊ကူ ကားလေးသည် ဘီးစလှိမ့်လေ၏။ဒေါ်ပွင့်နီ ၏အသုံးအဆောင်များအားလုံးတင်ထားသောကားလေးအားကြည့်ရင်း သံဝေဂရတော့သည်။အချစ်ကြီးလွန်းသော၊ သံယောဇဉ်ကြီးလွန်းသော ဒေါ်ပွင့်နီသည် သူချစ်သမျှ အရာအားလုံးကို ချန်ရစ်ကာသံသရာခရီးသို့ အဖော်မပါ ထွက်သွားရရှာလေပြီ။တစ်ယောက်တည်းလာခဲ့သောခရီး၊ တစ်ယောက်တည်းပင်ထွက်သွားရပြီး၊ ချစ်ခြင်း ၊မုန်းခြင်းတို့အပြီးသတ်စေခဲ့သောခရီး။ ဒေါ်ပွင့်နီ၏ခေါင်းတလားအားသယ်ဆောင်သွားသောကားလေးသည် တဖြည်းဖြည်း ဝေး၍ဝေး၍ သွားလေပြီတည့်။

လရိပ် ( သံတွဲ )
၂၉ · ၆ · ၂၀၂၂

Leave a Reply

Your email address will not be published. Required fields are marked *