ချစ်သူ့ကျိန်စာ(စ/ဆုံး)
———————
ကျွန်မ သူ့ကို သိပ်မုန်းသည်..။ဟုတ်သည်..။ အရာရာကို ချစ်တဲ့စိတ် တစ်ခုထဲ နဲ့ အမြဲခွင့်လွှတ်နေတဲ့ကျွန်မသာ.. စိတ်မကောက်ခဲ့ဘူး..ဆိုရင် ဒီအမှန်တရားတွေ ထွက်ပေါ်လာမှာ မဟုတ်ဘူးလေ..။
အခု သူကိုယ်တိုင် ဝန်ခံလာပြီ။
သူ့မှာ ချစ်သူ ရှိတယ်တဲ့….ဒါဆို ကျွန်မက ဘာလဲ..?
နောက်ဆုံးတော့ သူ ကျွန်မကို ထားသွားခဲ့တာပဲလေ…
ကျွန်မ ကျနေတဲ့ မျက်ရည်တွေကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်ပြီး..ကျောခိုင်းသွားတဲ့ သူ့ကို နာကျည်းစွာ စိုက်ကြည့်လိုက်သည်..။
ပြီးတော့…တစ်ခုခုကို ပြောဖို့ ကျွန်မ နှုတ်ခမ်းက ပြင်နေစဉ်..တစ်ချိန်က…မေမေ ပြောခဲ့တဲ့ စကားတွေကို နားထဲ ပဲ့တင်ထပ်နေသလို..ထပ်တလဲလဲ ကြားယောင်နေမိသည်။
“သမီးလေး လူတစ်ဖက်သားကို ဘယ်တော့မှ မကျိန်ရဘူးနာ်..သမီးက နှုတ်စီးတော့… သမီးနှုတ်ခမ်းက ထွက်တဲ့ စကားတွေက သိပ်ကြမ်းနေရင် တစ်ဖက်လူကို သက်ရောက်စေတယ်..မေမေ့ သမီးလေးကို ဘယ်တော့မှ မကျိန်စေ ချင်ဘူးကွယ်”တဲ့….
ကျွန်မ ဟက်ခနဲ တစ်ချက်ရယ်ပြီး မဲ့ပြုံး ပြုံးလိုက်သည်။
ရင်ထဲက နာကျင်နေတဲ့ ဒဏ်ရာကို ဒီနည်းနဲ့.. ဖြေရှင်းရမှ ကျေနပ်နိုင်မယ်လေ။တစ်ကိုယ်ကောင်းဆန်တယ် ပြောပြော..အတ္တ ကြီးတယ်ပြောပြော..။ကျွန်မ ခံစားရတာထက် သူပိုပြီး ခံစားစေရမယ်။ဒါမှ တရားမျှတမှု ရှိမှာပေါ့.
ဟုတ်တယ်မလား..။
“အောင်..”
လို့ ခေါ်လိုက်လျှင်…သူ ကျွန်မကို လှည့်ကြည့်သည်..။
ကျွန်မ အချိုသာဆုံး အပြုံးတု တစ်ခုကို လှပစွာ ဖန်ဆင်းလိုက်သည်။ပြီးတော့ အံကိုတင်းတင်း..ကြိတ်ကာ..မျက်နှာကို ချက်ချင်းတည်လိုက်ပြီး…
“နင် အခု ငါ့ဆီက ထွက်သွားတာနဲ့…ကားတိုက်ပြီး သေပါစေ..နင်ဘယ်ဘဝ ရောက်ရောက်…နင် ငါ့ကျိန်စာက ဘယ်တော့မှ မလွတ်ပါစေနဲ့…ဘဝ တစ်ခုရောက်တိုင်း ရောက်တိုင်း..နင်နဲ့ငါ ချစ်သူတွေ ဖြစ်ပြီး…ငါ့ကိုထားခဲ့တာနဲ့ နင်..အသေဆိုးနဲ့ သေပါစေ”
လို့ ပြောလိုက်မိသည်…
အောင် ကျွန်မ ကျိန်စာတိုက်တာကို အံအားသင့်တဲ့ အကြည့်နဲ့ လှမ်းကြည့်ပြီး တွေဝေစွာ ရပ်နေသည်။ပြီးလျှင် ဘာမှ မဖြစ်သလို ဂရု မစိုက်တဲ့ပုံစံနဲ့..ထွက်သွားသည်.။
ကျွန်မ ထိုနေရာမှာပဲ ထိုင်ချကာ ရိုက်ကြီးတငင် ငိုပစ်လိုက်သည်။
နောက်ဆုံးတော့ ရှုံးနိမ့်ခဲ့တာ ကျွန်မပဲလေ..။
@@@@@@@@@@@
အောင်..ကားတိုက်ပြီး ဆုံးတယ် ကြားတော့…ကျွန်မလဲ အဆိပ်သောက်သေခဲ့သည်။တကယ်တော့ အောင် မရှိတဲ့ ဘဝမှာ ကျွန်မ မနေနိုင်ဘူး..ဆိုတာ သိတဲ့ အချိန် သိပ်ကို နောက်ကျသွားခဲ့သည်။
ကျွန်မ ရောက်ရာဘဝမှာ အောင့်ကို လိုက်ရှာခဲ့သည်။ရှာမတွေ့တဲ့ အဆုံး…ကျွန်မ ဆုံးဖြတ်လိုက်သည်။ကျွန်မပိုင်တဲ့ ဒီအိမ်ကြီးကနေ အောင့်ကို စောင့်မယ်ဆိုပြီးပေါ့..။
ထို အိမ်ထဲမှာပဲ ကျွန်မ ပိတ်မိနေခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ်…သူ ကျွန်မဆီကို တနေ့နေ့တော့ ရောက်လာမှာ ကျိန်းသေသည်။
ဒီလိုနဲ့.. အချိန်တွေကြာ နှစ်တွေ အလီလီ ပြောင်းလဲလာခဲ့သည်။
နှစ်ပေါင်း..၂၀ကျော် ကြာတဲ့ အခါမှာ..
ကောင်လေးတစ်ယောက် ကျွန်မ အိမ်ကို ရောက်လာခဲ့သည်…။
ကျွန်မလဲ..ထုံးစံအတိုင်း လာသမျှ လူတွေကို မသေရင်တောင် ရူးအောင်ခြောက်လှန့်တတ်သည်။ထိုကောင်လေးကိုမြင်လိုက်တာနှင့်…ကျွန်မ ခေါင်မိုးပေါ်ကနေ ဇောက်ထိုးဆင်းလာပြီး နောက်ကနေ ပုခုံးကို ကိုင်လိုက်သည်။
ထိုအခါ ..
မထင်မှတ်စွာပင်..။
ကောင်လေးက ကျွန်မကို မြင်တာနှင့် ချိုသာစွာ ပြုံးပြလိုက်လျှင်..
ဟင်..
အောင်..။
ကျွန်မ လန့်ပီး…လေထဲကနေ ပြုတ်ကျသွားသည်။
အောင်က ကျွန်မကို ကြောက်ရွံ့ခြင်း မရှိ.. ထိတ်လန့်ခြင်း မရှိပါပဲ..
“မမ…ဘာဖစ်သွားသေးလဲ”
ဆိုပြီး…စိုးရိမ်တကြီး ဆွဲထူသည်။
“အောင်..”
ကျွန်မ ဝမ်းနည်းစွာနဲ့ အောင့်ကို ဖက်လိုက်ပြီး ရှိုက်ခနဲ ငိုချလိုက်သည်..။ပြီးတော့..
မျက်ရည်တွေကြားထဲက အောင့်ရဲ့ မျက်လုံးတွေကို လွမ်းဆွေးစွာ ကြည့်လိုက်ပြီး….
“မမ အပြစ်တွေပါ…အောင့်ကို ကျိန်စာ တိုက်ခဲ့လို့ မမ ခုချိန်ထိ ဒဏ်ခတ်ခံ နေရတာ..”
ဆိုလျှင်..အောင်က..ကျွန်မကို နားမလည်သလို ကြည့်ပြီး..သူ့ ရင်ခွင်ထဲကနေ အသာဖယ်လိုက်သည်။
“အစ်မ လူမှားနေတယ် ထင်တယ်..ကျွန်တော်က အောင်ဆိုတာတော့ ..ဟုတ်ပါတယ် …ဒါပေမယ့် အစ်မရဲ့ အောင် မဟုတ်ဘူးဗျ..”တဲ့..
ဟုတ်သားပဲ.. ကျွန်မရဲ့ အောင်က သေပြီလေ..။ယခု ဘ၀မှာ သူ ကျွန်မကို ဘယ်မှတ်မိပါ့မလဲ..။ကျွန်မ မျက်ရည်တွေကို သုတ်ပစ်လိုက်သည်။အောင် ကျွန်မကို မှတ်မိဖို့ ကြိုးစားရမည် မဟုတ်လား..။
“အစ်မ ဘယ်ကနေ ဝင်လာတာလဲ…ကျွန်တော် အခုမှ အပြင်ကနေ တံခါးသော့ဖွင့်ပြီး ဝင်လာတာ…”
“မမ ဒီမှာ နေတာ ကြာပါပြီ….ဒါမမ အိမ်ပဲလေ အောင်ရဲ့ မမှတ်မိတော့ဘူးလား”
ဆိုလျှင်.. အောင်က ကျွန်မကို မျက်မှောင်ကြုတ်ကာ တစ်ချက်စိုက်ကြည့်သည်..။
“ဒါဆို မမက နာမည်ကြီးနေတဲ့ ဒီအိမ်က သရဲပေါ့..”တဲ့..။
ဟင်..
အောင်.. ဒါတွေကို သိနေတယ်။
သူ ကျွန်မကို မကြောက်ဘူးလား..။
သိသိနဲ့ သူ ဒီအိမ်ကြီးကို လာခဲ့တာလား..။
“ကျွန်တော်က ဒါမျိုးတွေ အယုံအကြည် မရှိဘူး….
ကျွန်တော်က စာရေးဆရာ…သရဲဇာတ်လမ်းတွေ ရေးတဲ့သူပေါ့..ကိုယ်တွေ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးရေးချင်လို့ ဒီအိမ်ကို လာတာ”
လို့ ပြောကာ…ကျောပိုးအိတ်လေးလွယ်ပြီး အပေါ်ထပ်ကို တက်သွားသည်။ပြီးတော့ လှေကားထိပ်ကနေ ကျွန်မကို လှမ်းကြည့်ပြီး…..
“တကယ်တော့ ကျွန်တော်က ကျိန်စာသင့်နေတာဗျ…အဲ့ကျိန်စာကြောင့် ဒီအိမ်ကို ကျွန်တော် ရောက်လာတာ…ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော့်ကို ကျိန်စာသင့်စေခဲ့တဲ့ အရင်ဘ၀က ချစ်သူကို လာရှာတာပေါ့ဗျာ”..
လို့ ပြောလျှင်..အရမ်းပျော်သွားသည်။ အောင် ကျွန်မကို လာရှာတာတဲ့..။ကျွန်မ လေထဲကနေ ဝဲပီး အောင့် အနားရောက်အောင် သွားလိုက်သည်။
အောင် တကယ်ပဲ ကျွန်မဆီ ရောက်လာခဲ့တာပေါ့နော်။
အောင် ကျွန်မကို မှတ်မိတယ်ပေါ့။
“အောင် မမကို မှတ်မိတယ်ပေါ့နော်… မမဆီ ပြန်လာတာ
ပေါ့နော်”
လို့ ဝမ်းသာအားရပြောနေပေမယ့် အောင်က ကျွန်မကို နာကျည်းစွာ စိုက်ကြည့်နေသည်။
“သိပ်မှတ်မိတာပေါ့…ကျွန်တော့်ကို ကျိန်စာ တိုက်ခဲ့တဲ့ ခင်များကို ဘယ်မေ့ပါ့ မလဲဗျာ..ခင်ဗျားလဲ ဖြစ်နေရာ ဘဝတိုင်းမှာ ကျွန်တော့်ကို အရူးအမူး ဖြစ်ပါစေဆိုတဲ့ ကျိန်စာမိခဲ့လို့ ဒီဘဝကနေ ခုချိန်ထိ မကျွတ်ပဲ ဖြစ်နေတာ မလား”
လို့ ပြောလိုက်လျှင်…ကျွန်မ အံအားသင့်သွားသည်။အမျိုးအမည် မသိတဲ့.. ခံစားချက်တွေက..ရင်ထဲ ၀မ်းနည်းမှုနဲ့ အတူ ဆို့နစ်လာသည်။
“သိပ်အံ့သြသွားလား..ကျွန်တော်ကားနဲ့တိုက်တော့ သေခါနီးမှာ ခင်ဗျား ကို ကျွန်တော့်သွေးတွေနဲ့ ပြန်ပြီး ကျိန်စာတိုက်ခဲ့တာ…ခင်ဗျားလဲ..ဘယ်တော့မှ ကျွတ်မှာ မဟုတ်ဘူး…”တဲ့..။
မျက်ရည်တွေက ထိန်းမရအောင် စီးကျလာသည်။
“မမတောင်းပန်ပါတယ်..အခုလို ဖြစ်အောင် မရည်ရွယ်ခဲ့ပါဘူး..မမကို လှည့်စားခဲ့လို့ .. အောင့်ကို..အဆုံးရှုံး မခံနိုင်လို့..မမကျိန်ခဲ့ မိတာပါ..မမကို ထားမသွားပါနဲ့နော်”..။
ကျွန်မတောင်းပန်နေပေမယ့် .. အောင်က ခါးသီးစွာပင်..
“စိတ်မကောင်းပါဘူး မမ…ကျွန်တော်မှာ ချစ်ရမယ့်သူ ရှိနေပြီ..ကျွန်တော် သူနဲ့ မကြာခင် လက်ထပ်တော့မယ်..ခင်ဗျားကြီးရဲ့ ကျိန်စာတွေ ဒီဘဝထိတော့ မသက်ရောက်နိုင်တော့ပါဘူး..ကျွန်တော် အဲ့တာ..လာပြောတာ..အော်..မေ့လို့ ကျွန်တော့် အတွက်လဲ ဇာတ်လမ်း တစ်ပုဒ် ရတာပေါ့”
ဆိုပြီး..လှေကားကနေ ပြန်ဆင်းလျှင်..ကျွန်မလဲ ရှေ့ကနေပိတ်လိုက်ပြီး…အောင့် လည်ပင်းကို ညှစ်ပြီး လေထဲမြှောက်လိုက်သည်။တစ်ခြား တစ်ယောက်နဲ့ လက်ထပ်တော့မယ်ပေါ့ ဟုတ်လား..။နောက်တစ်ခါ အောင် ကျွန်မကို ထားသွားမှာ မလိုချင်ခဲ့..။ကျွန်မ အနားမှာပဲ ရှိစေချင်ခဲ့သည်။
အောင် က အသက်ရှုကြပ်ပြီး ..မျက်လုံးတွေ ပြူးထွက်နေသည့် ..ကြားကပင်..
“ခင်ဗျားကို သိပ်မုန်းတယ်..”
ဟင်..
ခင်ဗျားကို မုန်းတယ်တဲ့..။
ကျွန်မလဲ အောင့်ကို လွှတ်ချလိုက်သည်…။မမကို အဲ့လောက်တောင် ..မုန်းတာလားအောင်ရယ်။ရင်ထဲ နာကျင်မှုတွေက စို့နစ်လာသည်။
ကျွန်မ နားလည်လိုက်ပါပြီ။ အချစ်ဆိုတာ ရယု ဖန်တီးလို့ ရတဲ့ အရာ မဟုတ်မှန်း။
“အောင် ချစ်တဲ့သူ ဆီသာ သွားပါတော့..မမရဲ့ကျိန်စာတွေလဲ မြန်မြန်ပျယ်ပါရစေ..”
ဆိုပြီး အောင့်ကို ရင်နာစွာ ကျောခိုင်းလိုက်သည်..။
ကျွန်မ အောင် ကို လက်လွှတ်ဆုံးရှုံး ခံလိုက်ပါပြီ။
စိတ်ချမ်းသာပါတော့.. ချစ်ရတဲ့သူနဲ့ ပျော်ရွှင်ပါစေ အောင် ရေ..။
အိမ်ထဲကနေထွက်သွားတဲ့ အောင် ကို အပေါ်ထပ်ပြတင်းပေါက်ကနေ လှမ်းကြည့်နေခဲ့မိသည်..။
ထိုစဉ်..
“ဒုန်း..”
လမ်းတစ်ဖက်ကို ဖြတ်ကူးတဲ့ အောင့် ကို ကုန်ကားတစ်စီးက ၀င်တိုက်သွားသည်။
“အောင်..”
ကျွန်မ အကျယ်ကြီး အော်ခေါ်လိုက်မိသည်။
အောင် ကျွန်မကို သွေးသံရဲရဲနှင့်..အသက်ငင်နေသည့် ကြားမှ ကျွန်မရှိရာဘက်သို့ နာကျည်းစွာလှမ်းကြည့်
နေသည်။
မမ ကို အထင်မလွဲပါနဲ့လား အောင်ရယ်..။
“နင် အခု ငါ့ဆီက ထွက်သွားတာနဲ့…ကားတိုက်ပြီး သေပါစေ..နင်ဘယ်ဘဝ ရောက်ရောက်…နင် ငါ့ကျိန်စာက ဘယ်တော့မှ မလွတ်ပါစေနဲ့…ဘဝ တစ်ခုရောက်တိုင်း ရောက်တိုင်း..နင်နဲ့ငါ ချစ်သူတွေ ဖြစ်ပြီး…ငါ့ကိုထားခဲ့တာနဲ့ နင်..အသေဆိုးနဲ့ သေပါစေ”
ကျွန်မ ဟင့်ခနဲ ရှိုက်ငိုမိလိုက်သည်။
ကျွန်မနားထဲ ကြားနေရတာတွေက…..အောင့်ကို ကျွန်မ တိုက်မိခဲ့တဲ့ ကျိန်စာတွေကိုပါ….။
၀ဋ်ကြွေးရှိရင်လဲ ကြေပါစေတော့နော်..။
လေးစားစွာဖြင့်..
နွေရွက်လွှာ
×××××××××××××××××××××××××××××××××××××××××