“ ခြေလေးချောင်းသား မစားရ”
****************************************
လွန်ခဲ့တဲ့ ခြောက်နှစ်ကျော် သူ တက္ကသိုလ်တက်ခါစလောက်မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ပေါ့။
အဲဒီအချိန်တုန်းက သူတို့အိမ်က အသစ်ပြင်ဆောက်နေတော့ မိသားစုတွေ အဖွားအိမ်မှာ ခဏသွားနေကြတယ်။
အဖွားအိမ်မှာက အဖွားရယ်၊သူ့ဦးလေးအကြီးတို့မိသားစု ၃ယောက် ရယ် ၊ ဦးလေးအငယ်လူပျိုရယ် စုစုပေါင်း ၅ယောက်နေကြတာ…(သူတို့မိသားစု ၄ ယောက် လာပေါင်းနေတဲ့ ခဏမှာတော့ စုစုပေါင်း ၉ ယောက်ပေါ့ )။
မိသားစု၀င်က ၅ယောက်တည်းပေမယ့် အဖွားရဲ့ အလုပ်သမားတွေလည်းရှိတော့ အိမ်ကအမြဲတမ်းလိုလို လူစည်ကားတယ်။
ညဘက်ဆိုလည်း အလုပ်သမား ၃/၄ယောက်လောက်က အလုပ်ရုံထဲ လာစောင့်အိပ်ပေးတော့ အိမ်က လူများများရှိနေတတ်တာများတယ် ပြောရမယ်။
သူကတော့ မိုးလင်းတာနဲ့ထွက် ၊ မိုးချုပ်မှပြန်လာ တတ်တာများတယ်။
အဖွားအိမ်က အိမ်ကြီးပေမယ့် နည်းနည်းရှေးဆန်တယ်…အိမ်အနောက်ပိုင်းက အခန်းတွေက နည်းနည်းဟောင်းပြီး ပျက်ဆီးစတောင်ပြုနေပြီ။
အဲလိုနဲ့ အဖွားအိမ်မှာ သူတို့လာနေပြီး ၁လကျော်ကျော်လောက်ကျတော့ အဖွားက နှစ်စဉ်ထုံးစံအတိုင်း အလုပ်သမားတွေကို
ဘုရားဖူးလိုက်ပို့်တယ် … မိသားစု၀င်တွေလည်း လိုက်ကြတာပေါ့။
သူ နဲ့ သူ့ ဦးလေးအငယ် က အိမ်စောင့်ကျန်ခဲ့တယ်…။သူကတော့ ကျောင်းပျက်ပြီးမလိုက်ချင်တာနဲ့ နေခဲ့တာ၊ ဦးလေးက ကောင်မလေး နဲ့ ရက်ရှည်မတွေ့ရမှာစိုးလို့လိုက်မသွားတာ။
အစပိုင်း ၃/၄ ရက်ကတော့ ပုံမှန်အေးအေးဆေးဆေးပဲ ၊ တူ၀ရီး နှစ်ယောက် ကိုယ့်ကိစ္စနဲ့ကိ်ုယ် ညအိပ်ခါနီး ခဏတဖြုတ်ပဲ တွေ့ရတာ။
သောကြာနေ့ညကျတော့ ဦးလေးက သူ့ကိုအိမ်စောစောပြန်လာဖို့ ဖုန်းဆက်တယ်။
ဘာလို့များပါလိမ့် ဆိုပြီး သူ ခပ်စောစောပြန်တော့ ဦးလေးက အသားကင်တွေနဲ့ ပုလင်းထောင်ဖို့ပြင်ထားတာ… သူကတော့ “ကြိတ်ရပြီဟ”ဆိုပြီး ပျော်သွားတယ်။
ကြိတ်တော့ ကြိတ်ရပေမယ့် အကင်နဲ့အအေးပဲသောက်ရတာ…အဦးလေးက အရက်တော့ သောက်ခွင့်မပေးဘူး။
“စား ငါ့ကောင်ရေ….မင်းအဖွား လစ်တုန်းလေး အိမ်မှာ စားရတာ…အမေက အိမ်ထဲ ခြေလေးချောင်းသား ပေး၀င်တာမဟုတ်ဘူး”
တကယ်လည်း အဖွားက ကြက်သား ၊ငါး၊ပုဇွန် စတဲ့ဟာတွေကလွဲရင် အမဲ၊၀က်၊ဆိတ်၊ဆတ် လိုမျိုး ခြေလေးချောင်းသားတွေ စားဖို့မပြောနဲ့ အိမ်ထဲတောင်အယူမခံဘူး။
မတော်တဆ ယူမိရင်တောင် “အိမ်မှာ ရှိတဲ့အစောင့်အရှောက်တွေ စိတ်ဆိုးရင် ဒုက္ခရောက်မှာ”ဆိုပြီး ပွဲပေးပြီး အကြီးအကျယ်တောင်းပန်တာ…။
သူတို့ကတော့ အဲလိုမျိုးတွေ သိပ်ယုံစားလှတာမဟုတ်တော့ …အဖွားကိုကြောက်လို့သာ မစားရင်မစားမယ် ၊ အကိုင်ခံရမယ်တွေ ဒုက္ခရောက်မယ်ဆိုတာမျိုးတွေတော့ အယုံအကြည်မရှိဘူးရယ်။
ဒါနဲ့ အဲဒီညက နှစ်ယောက်သား ၀က်သားကင်၊အမဲသားကင်တွေ တစ်၀တပြဲ စားပြီး ကားနေအောင် အိပ်ကြတယ် …။စားပြီးသားအကြွင်းအကျန်တွေလည်း အပြင်မှာမလွှင့်ပစ်ဘဲ အိမ်အနောက်က ခြံစည်းရိုးထောင့်မှာ ဖော့ဘူးတွေနဲ့ ဒီအတိုင်းချထားလိုက်မိတာ။
ဇာတ်လမ်းက နောက်ရက်ကနေ စတာပဲ။
ဦးလေးကလည်း ကောင်မလေးက ပိတ်ရက် အိမ်ပြန်တော့ အပြင်မသွားဘဲ အိမ်မှာတင် နေမြင့်တဲ့အထိအိပ်နေတာ … သူကတော့ မနက် ပိုင်း အပြင်ခဏသွားပြီး သူ့သူငယ်ချင်းတစ်ယောက်နဲ့ အိမ်ပြန်လာလိုက်တယ်။
သူငယ်ချင်းကလည်း အဆောင်ပြန်မအိပ်ချင်တာနဲ့ သူနဲ့လိုက်မယ်ဆိုပြီး လိုက်လာတာ။
အိမ်ရောက်တော့ ရှေ့မှာ ဦးလေး ဆိုင်ကယ်ရှိနေသေးတာတွေ့တယ်…ဒါနဲ့ ဦးလေးအပြင်မသွားဘူးပဲ ဆိုပြီး သူလည်းအိမ်ထဲ၀င်လာတာပေါ့။
ခဏတဖြုတ်နားပြီးတော့ သူငယ်ချင်းနဲ့ ၂ယောက်သား TV ထိုင်ကြည့်နေလိုက်တယ်။
TV စင်ဘေးက အခန်းက ဦးလေးအခန်း။
သူတို့ TVကြည့်နေတုန်း …အခန်းထဲကနေ အညောင်းဆန့်သလို “အင်း”ခနဲ အသံအကျယ်ကြီးကြားလိုက်ရတယ် …။
ပြီးတော့ ဗီရိုတံခါးဖွင့်တဲ့အသံ
ဒီတော့ သူ့စိတ်ထဲ ဦးလေး အခုမှနိုးတာထင်တယ်ဆိုပြီး “ဦးရဲ … ဒီမှာ ဇာတ်ကားကောင်းနေတယ် …နိုးရင် လာကြည့်ပါလား”လို့ လှမ်းအော်တော့
အခန်းထဲကနေ
“အေး” တဲ့။
ဒါနဲ့ သူလည်း ဇာတ်ကားဆက်ကြည့်နေရင်း တော်တော်ကြာတဲ့အထိ ဦးလေးက ထွက်မလာဘူး။
“ဦးရဲ … လာလေဗျာ”လို့ ထပ်ခေါ်တော့ အထဲကနေ အခန်းတံခါးကို “ဘုန်း”ခနဲ တစ်ချက်ပုတ်တယ်။
ပြီးတော့ အခန်းတံခါး လက်ကိုင်ဘုသီးက တချောက်ချောက်နဲ့ မြည်ပြီး လှုပ်လာတော့
သူငယ်ချင်းက “မင်း ဦးလေး…တံခါးဖွင့်မရတာလားမသိဘူး”လို့ပြောတယ်
ဒါနဲ့ ဘာများဖြစ်တာလဲ ဆိုပြီး သူ ထသွားပြီး တံခါးဖွင့်ကြည့်တော့ တံခါးက lockချထားသလိုမျိုး လှည့်မရဘူး။
သူလည်း “ဦးရဲ…လာနောက်မနေနဲ့…ထွက်ခဲ့တော့”လို့ပြောပြီး TVရှေ့ ပြန်ထိုင်ခါစရှိသေး…အရှေ့ ခြံတံခါးဖွင့်သံကြားလို့ လှည့်ကြည့်လိုက်တော့ ဦးလေး ဖြစ်နေတယ်။
အဲ့ဒီမှာ သူ စပြီးကြောင်တောင်တောင်ဖြစ်သွားတာ…
“ဦးရဲ…ဘယ်ကပြန်လာတာလဲ”
“လမ်းထိပ် မုန့်တီဆိုင်ကလေ…ဘာလို့တုန်း”
“ဒါဆို ဦးရဲ အခန်းထဲကဘယ်သူတုန်း”
“ဟ…ဘယ်သူမှ မရှိပါဘူး…ငါ အပြင်ကသော့ခတ်ခဲ့တာ…အိမ်မှာလည်း မင်းနဲ့ငါပဲရှိတာကို”
သူ နဲ့ သူငယ်ချင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘာလဲဟ ဆိုတဲ့ မေးခွန်းတွေနဲ့။
သူက မယုံဘူး…’ငါ့ဦးလေး ကောင်မလေးများ အိမ်ခေါ်လာလား’ပေါ့။
“ခုနက အခန်းထဲမှာ လူသံကြားတယ်…ကျွန်တော်တို့ ၂ယောက်လုံး ကြားတာ…တံခါးတောင် လှည့်ဖွင့်နေသေးတာ…ဦးရဲ ကောင်မလေးကို အိမ်ခေါ်လာတာလား”
“အိုးစုတ်မစား ကြံကြီးစည်ရာကွာ… အလကားနေ မိန်းမ ရအောင် ပို့နေတယ်…မယုံရင်လိုက်ကြည့်ဟေ့ ”
ဥိးလေးက ပြောပြောဆိုဆိုနဲ့ အခန်းတံခါးသော့ဖွင့်တယ်။
သူလည်း မယုံလို့ လိုက်ကြည့်တော့ …တကယ် အခန်းထဲမှာဘယ်သူမှမရှိဘူး…ကုတင်အောက်၊ဗီရိုထဲ အကုန်ကြည့်တာ ဘယ်မှာမှ မရှိဘူး။
ပြတင်းပေါက်တွေကလည်း သံပန်းပါတယ်ဆိုတော့ ပြတင်းပေါက်ကနေ ထွက်သွားတာလည်းမဖြစ်နိုင်ဘူးပေါ့။
သူ ဝေခွဲမရဖြစ်နေတုန်း သူငယ်ချင်းက
“လာ လာ…ဟေ့ကောင်…အကောင်ဘာညာနေမှာ…အာရုံစားမနေနဲ့”ဆိုပြီး လှမ်းခေါ်တယ်။
TV ဆက်ကြည့်နေပေမယ့် သူ့စိတ်ထဲ မတင်မကျရယ်။
နောက်ထပ် ထပ်ဖြစ်တာက ညနေ မှောင်ရီပျိုးအချိန်…သူတို့ သုံးယောက် ထမင်းစားနေတုန်း
ထမင်းစားခန်း ထောင့်က ပလပ်စတတစ်အမှိုက်ပုံး အဖုံးက တဂျပ်ဂျပ်နဲ့ လှုပ်လာတယ် …။ပုံးက အောက်မှာ ဘီးလုံးပါပြီး အပေါ်က လှည့်လို့ရတဲ့ အဖုံးအရှင်ပါတဲ့ ပုံးမျိုး။
သုံးယောက်သား စားလက်စ ရပ်ပြီးလှည့်ကြည့်တော့ အသံမြည်နေတာ ရပ်သွားရော။
ဒါနဲ့ ဆက်စားတော့ အဖုံးက အသံထွက်ရုံမကတော့ဘူး…သိသိသာသာလှုပ်လာတယ်။
သူ ဝါးလက်စ ထမင်းပလုပ်ပလောင်းကို ဆက်မဝါးဘဲ မျက်လုံစွေကြည့်တော့
ဦးလေးက “စားစရာရှိတာစား…လေတိုက်လို့မြည်နေတာ…မင်းကလည်း “လို့ပြောတယ်။
သူငယ်ချင်းကလည်း တစ်ချက်ပဲလှည့်ကြည့်ပြီး ထမင်းပဲဆက်စားတယ်။
အဲလိုနဲ့ ၂မိနစ်လောက်လည်းနေရော အမှိုက်ပုံးကြီးက ဝေါခနဲမြည်ပြီး အခန်းထောင့်ကနေ သူတို့ထမင်းစားပွဲဘက်ကို အရှိန်နဲ့ ရွေ့၀င်လာတော့မှ သုံးယောက်သား “ဟာ…ဟာ”ဆိုပြီး ဝုန်းခနဲ ထပြေးတော့တာပဲ။
ဦးလေးကတော့ ကိုယ်တိုင်ကလည်း ပြေးတုန်းကပြေးပြီး
စိတ်ငြိမ်သွားတော့မှ
“မင်းတို့ကလည်း ယောက်ျားမဟုတ်တဲ့အတိုင်း ဇွတ်ကြောက်ကြတာ…ကြမ်းက မညီတော့ အမှိုက် weight နဲ့ လိမ့်လာတာနေမှာပါဟ…လခွမ်းထဲမှ…ထမင်းတောင်နင်တယ်”လို့ ပြောတယ်။
တကယ် ဆို သမံတလင်းက တပြေးတည်းညီနေတာ…လိမ့်လာစရာအကြာင်းမရှိဘူး…လိမ့်လာနိုင်တယ်ပဲထားဦး…အဲလောက်အရှိန်ကြီးနဲ့ကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။
သူ့သူငယ်ချင်းက “တစ်ခုခုတော့ တစ်ခုခုပဲ…မင်းအဖွားအိမ်က သရဲဘာညာ ခြောက်တယ်ကြားဖူးလား”
“ငါ လာ နေ တာ ၁လကျော်ပြီ…ဘာမှ မဖြစ်ဘူး…ငါဆို ညအချိန်မတော်ကြီး အိမ်ရှေ့ ဖုန်းထွက်ပြော ၊ မုန့်ဆင်းစားတာတောင် ဘာမှမမြင်မကြားဖူးဘူးဟ”
ဒါနဲ့ အဲဒီကိစ္စဆက်မပြောဘဲ ကိုယ်စီ ကိုယ်စီ ဖုန်းတစ်လုံးနဲ့ အချိန်ဖြုန်းနေလိုက်ကြတယ်။
ည ၉နာရီလောက်ကျတော့… သူ ရေဆာလာတာနဲ့ မီးဖိုခန်းထဲက ရေခဲသေတ္တာကနေ ရေဘူးထုတ်သောက်တယ်။
ရေမော့သောက်ရင်း မျက်လုံးက အပေါ်က ကြမ်းပေါက်(ကြမ်းဆွေးပြီး အပေါက်ဖြစ်နေတဲ့နေရာ)ဆီ ရောက်သွားတဲ့အသွား
“ဖြီး”
လန့်ပြီး သူ့ ပါးစပ်ထဲက ရေတွေအကုန် ပြန်ထွက်ကျတော့တာပဲ။
လက်တစ်ဝါးစာကျော်ကျော်ကြမ်းပေါက်ကနေ သူ့ကို ချောင်းကြည့်နေတဲ့ မျက်နှာကြီး။
မျက်နှာက မီးလောင်ဖုလို အပိန့်အပိန့်ကြီးတွေနဲ့ မျက်လုံးနေရာကလည်း အထိုးခံရလို့ မို့အစ်နေသလို ဖောင်းဖောင်းကားကားကြီး။
မျက်သားတွေကလည်း ရဲရဲနီနေတာ…
သူလည်း ကြောက်ကြောက်လန့်လန့်နဲ့ ရေဘူးကြီးကိုင်ပြီး ဗလုံးဗထွေးအော်ရင်း ဧည့်ခန်းဘက်ထွက်ပြေးတယ်။
ဒီလို ဒီလိုပဲလို့ပြောပြတော့ ဦးလေးက “အိမ် သူခိုးကပ်တာများလား”ဆိုပြီး အပေါ်ထပ်တက်ပြီး တစ်ခန်း၀င်တစ်ခန်းထွက် လိုက်ရှာတယ်။
ဘယ်သူမှ မရှိဘူး။
ဒါနဲ့အောက်ပြန်ဆင်းမယ် ဆိုပြီး လှေကားဘက်အလှည့် …
“ဟင်…ဘာ..ဘာကြီး”
လှေကားတစ်ဖက်ထိပ်က အကန့်လေးမှာ ကပ်ထူပုံးတွေဆင့်ထားတာရှိတယ်…အဲဒီ ကပ်ထူပုံးတွေ ကြားထဲကနေ ပြူပြူကြီးထွက်နေတဲ့မျက်နှာကြီး
မျက်နှာက သွေးမရှိသလို ဖြူစုတ်စုတ်နဲ့ …မျက်ကွင်းဟောက်ပက် မျက်နှာငေါငေါကြီး။
ဦးလေးကြည့်နေတာ မြင်သွားတော့ ….သွားကြီး စိပြီး အံကြိတ်ပြတယ်…။
ပြီးတော့ လှမ်း ခြောက် သလို မျိုး “ဟမ်း”ခနဲ မေးဆတ်ပြတော့
ဦးလေးခမျာ အော်တောင်မအော်နိုင်ဘူး…လှေကားတွေ အထစ်ကျော် ခုန်ပေါက်ပြီး အောက်ဆင်းလာတာ ပုဆိုးတောင်မနိုင်ဘူး။
အောက်ရောက်တော့ ရင်ဘက်က ဖားဖိုကြီးလို ရှိုက်အောင်မောနေပြီး တော်တော်နဲ့စကားမပြောနိုင်သေးဘူး။
ဒါပေမယ့် သူကြောက်တတ်မှန်းသိတော့ ဦးလေးက သူ့ကို ချက်ချင်းပြောမပြဘူး…။ညလည်းမိုးချုပ်နေပြီမလို့ တခြားသွားဖို့ကလည်းအဆင်မပြေဘူး ဆိုတော့ သူတို့ကို အမှန်အတိုင်း မပြောဘူး။
သစ်ပင်ရိပ်ကို လန့်သွားလို့ လို့ပဲပြောတယ် ။
ဒီလိုနဲ့ ညအိပ်တော့ ဦးလေးက အောက်ထပ်အခန်းမှာပဲ အိပ်ပြီး သူတို့ နှစ်ယောက်က အပေါ်ထပ်မှာအိပ်တယ်။
သူတို့ကိုက ကံမကောင်းတာလို့ပဲပြောရမလားမသိဘူး
ညလယ်လောက်ကျတော့ အနီးနားက တခြားရပ်ကွက်မှာ မီးလောင် လို့ဆိုပြီး သူတို့ရပ်ကွက်ထဲမှာပါ မီးတွေပျက်သွားတယ်။
မီးပျက်တော့ အခန်းထဲက ပူလို့မအိပ်နိုင်တာနဲ့ နှစ်ယောက်သား ခေါင်းအုံးတစ်လုံးစီ ဆွဲပြီး အပြင်ဟောခန်းဘက်ထွက်အိပ်တယ်။
သူငယ်ချင်းက ဘုရားခန်းနဲ့ကပ်လျက်က ပြတင်းပေါက်နားသွားအိပ်ပြီး သူကတော့ ပြတင်းပေါက်နဲ့ကပ်မရိပ်ရဲတာနဲ့ အခန်းအလယ်လောက်မှာ သွားအိပ်တယ်။
ခေါင်ရင်း၊ခြေရင်းက ပြတင်းပေါက်တွေ ဖွင့်လိုက်တော့ လေတဖြူးဖြူးနဲ့ ခြင်လည်းမကိုက်ဘူး …အိုက်လည်းမအိုက်ဘူး။
သူတို့အိပ်နေတဲ့ ဟောခန်းက
အခန်းတွေရှိတဲ့ စင်္ကြန်ထိပ်မှာ …စင်္ကြန်ရဲ့ နောက်တစ်ဖက်ထိပ်မှာက လှေကား။
အဲလိုနဲ့ အိပ်ပျော်နေတုန်း … လှေကားကနေ တဒုန်းဒုန်းပြေးတက်လာတဲ့ခြေသံတွေကြားရပြီး လူက မနိုးတနိုးဖြစ်သွားတယ်…ပြီးတော့ ပြေးဆင်းတဲ့အသံ။
အစကတော့ အိပ်မက်လား တကယ်လားမကွဲတော့ ပြန်အိပ်ချင်တာပဲ သိတာ…
ဒါပေမယ့် အသံက တောက်လျှောက်ကြားနေရတော့ သူလည်း စိတ်တိုလာတာနဲ့ ထထိုင်ပြီး စင်္ကြန်ဘက် လှည့်ကြည့်လိုက်မိတယ်။
လှေကားထိပ်မှာ လက်ရန်းဘုပေါ်တက်ခွထိုင်နေတဲ့ လူရိပ်ကို အရင်မြင်လိုက်တယ်။
ပြတင်းပေါက်တွေဖွင့်ထားတော့ လရောင်နဲ့ နည်းနည်းလူလုံးကွဲကွဲမြင်ရတယ်။
မြင်မြင်ချင်း စိတ်ထဲ “ဒီအချိန်ကြီး ငါ့ဦးလေး ဘာ ကမြင်းကြောထနေပြန်ပြီလဲလို့”တွေးလိုက်မိတာ။
ဒါနဲ့
“ဦးရဲ…အဲ့မှာ ဘာလုပ်နေတာလဲ…ပြုတ်ကျရင် ကျိုးကန်းကုန်ဦးမယ်…ပူတယ်ဆို ဒီမှာလာအိပ်လေ”
သူ ပြောပြီးတာနဲ့ ပြန်လှဲပြီး စင်္ကြန်ဘက်ကျောပေးထားလိုက်တာ။
အဲဒီအချိန် လှေကားကနေ သူတို့ဘက် လျှောက်လာတဲ့ခြေသံလည်း စကြားရတယ်…ပြီးတော့ သူ့ဘေးနားမှာ ထိုင်ချပြီး ခဏ ငြိမ်သွားသေးတယ်။
ပြီးမှ သူ့ဘေးမှာ ဖြည်းဖြည်းချင်း၀င်လှဲတာ။
သူ့စိတ်ထဲတော့ ဒီအချိန်ထိ ဦးလေး လို့ပဲထင်နေတုန်း။
ဒါပေမယ့်…အဲဒီလို၀င်လှဲပြီး သိပ်မကြာဘူး…သူ့နှာခေါင်းထဲ အပုပ်နံ့ကြီးရလာတယ်…အဲဒီ အပုပ်နံ့က တခြားဘာအပုပ်နဲ့မှမတူဘူး … မခံမရပ်နိုင်အောင် နံတဲ့ ညှီပုပ်ပုပ်အနံ့ကြီး။
အနံ့က အနီးကရသလိုဖြစ်လိုက် အဝေးက ရသလိုဖြစ်လိုက်နဲ့ တော်တော်ကြီး နံလာတာ။
ဒါနဲ့ “ဦးရဲ…ဘာနံ့ကြီးမှန်း မသိဘူး…အနံ့ရလား”မေးတော့
ဘာမှပြန်မဖြေဘဲ “အင်း”ဆိုတဲ့ သက်ပြင်းချသလို သံရှည်ဆွဲတဲ့ အသံကြီး။
ပြီးတော့ ဦးလေး(လို့ သူထင်တဲ့ဟာ)ကအသံတိတ် ကြိတ်ရယ်နေသလို တအင့်အင့်နဲ့ ခန္ဓာကိုယ်ကြီး လှုပ်နေသလို သူခံစားမိလိုက်တာ။
အဲဒါကြောင့် သူက
“ဦးရဲ…ဦးရဲ”
“…….”
“ဦးရဲ ဘာဖြစ်နေတာတုန်း…နံပါတယ်ဆိုမှ ဘာတွေရယ်နေတာတုန်း”
“…….”
ဘာမှပြန်ဖြေသံမကြားဘဲ ရယ်ပဲရယ်နေတော့ သူလည်း ကျွဲမြီးတိုပြီး ကျောပေးထားရာကနေ လှည့်ကြည့်လိုက်တာ ။
ရုတ်တရက်တော့ မျက်လုံးက ကျင့်သားမရဘဲ မှောင်နေတာပဲ သိတာ။
သေချာအားယူမှ အမှောင်ထဲကျင့်သားရသွားပြီး စိုက်ကြည့်လိုက်တော့
သူ တစ်ကိုယ်လုံး ကျဉ်စက်နဲ့အတို့ခံရသလို ကျဉ်ပြီး တောင့်တင်းသွားတယ်။
သူ့ဘေးမှာ ၀င်အိပ်နေတာ ဦးလေးမဟုတ်ဘူး။
အာတာပူစီလို ပွယောင်းယောင်း ဆံပင်နဲ့ … မျက်လုံးတွေက အမှောင်ထဲမှာတောင် လိမ္မော်ရောင်သမ်းပြီးတောက်နေတာ… မျက်အိမ်အကျယ်ကြီးထဲမှာ မျက်ဆံက သာမန်ထက်သေးတော့ မျက်လုံးကြီးးပြူးပြနေသလိုပဲ၊ ပြီးတော့ အသံမထွက်ဘဲ ပါးစပ်ကိုတမင်ဖြဲပြပြီး ရယ်နေသလိုလုပ်ပြနေတာ…ပုံစံက ဒူးကိုပိုက်ရင်း ပုစွန်ထုပ်လို ကွေးကွေးကြီး။
မြင်လိုက်ကတည်းက ဘာဆိုတာတန်းသိလိုက်ပြီး… ထပြေးဖို့ ကြံပေမယ့်…သူဘယ်လိုမှ လှုပ်မရဘူး။
ထုံဆေးအပေးခံထားရသလို ခြေထောက်တွေ၊လက်တွေမှ ရှိသေးရဲ့လားလို့ ထင်မိအောင်ကို လူက ကြက်သီးတွေထ ထုံထိုင်းပြီး ချွေးစေးတွေပြန်လာတယ်။
စက္ကန့်ပိုင်းလောက် သူ မျက်လုံးကြီးပြူးပြီး သတိလွတ်သလိုဖြစ်သွားသေးတယ်…သတိပြန်၀င်လာတော့ ပြေးမရတဲ့အတူတူ လုပ်နိုင်တာလုပ်မယ်ဆိုပြီး မျက်လုံးကို အတင်းမှိတ်ချပစ်တာ…ဒါတောင် မျက်ခွံတွေက လေးနေပြီး သာမန်နဲ့မတူဘူး။
မျက်လုံးပိတ်ပြီးပေမယ့် ကြောက်စိတ်ကတော့ လျော့မသွားဘူး…ထူပူပြီး စိတ်ထဲ ဘုရားတလိုက်၊အမေတလိုက်နဲ့
တစ်ယောက်ယောက် သူ့နားရောက်လာရင်ကောင်းမှာလို့လည်းတွေးမိနေတာ…။လူကအကြာက်လွန်ပြီး စိတ်ထဲပြောနေတာတွေက
ပါးစပ်က နည်းနည်းလှုပ်စိစိဖြစ်မိသွာတယ်။
အဲဒီအချိန်
“ဟီးဟီး…ဟီးဟီး”
ရယ်သံက သူ့ နား နားလေးမှာ တိုးတိုးလေး ကပ်ထွက်လာတယ်..ပြီးတော့
“နင်ပဲ လာအိပ် ဆို…ဟီးဟီး”
ပြောတဲ့ အသံက မကျယ်သလို တိုးညင်းနေတာလည်းမဟုတ်ဘူး…နားထဲမှာ အလိုလိုကြားနေရတဲ့ အသံလိုပဲ။
လက်မခံနိုင်စရာကောင်းအောင်ကို ကြောက်လို့ သူ့စိတ်ထဲ “အိပ်မက်ဖြစ်စမ်း ပါ…အိပ်မက်ဖြစ်စမ်းပါ”လို့ ဆုတောင်းနေတာ။
မျက်လုံးကတော့မဖွင့်ရဲဘူး… အဲ့ဒီဟာကြီးက ဘေးမှာ ကြမ်းကို တတောက်တောက်လုပ်လိုက်၊တဘုန်းဘုန်းပုတ်လိုက် သူ့ နားစကားလာပြောလိုက်နဲ့။
မိနစ်က ကြာလှတယ်မဟုတ်ပေမယ့် ကြောက်နေတော့ နာရီနဲ့ချီပြီးကြာတဲ့အတိုင်းပဲ။
အပုပ်နံ့ကလည်း ပျောက်သွားလိုက် ၊ထောင်းခနဲ ထလိုက်နဲ့ … အော်ဂလီဆန်ချင်စရာကြီး။
အဲလိုနဲ့ သူ တစ်ကိုယ်လုံး ချွေးတွေ ရွှဲနစ်ပြီး လူက ချမ်းလာသလိုလိုဖြစ်လိုက် ၊ ပူသွားသလိုလိုဖြစ်လိုက် ဖြစ်နေတုန်း
မျက်နှာကျတ်က ပန်ကာတွေတတက်တက်လည်သံကြားတော့ မီးပြန်လာပြီဆိုတာ သူသိလိုက်တယ်။
မီးလာတာနဲ့ အနံ့ရော ၊အသံရော ပျောက်သွားတယ်။
ဒါပေမယ့် သူမျက်လုံးဖွင့်မကြည့်ရဲသေးဘူး…စက္ကန့် တော်တော်ကြာမှ မရဲတရဲဖွင့်ကြည့်တော့ ဘေးမှာဘာမှမရှိတော့ဘူး။
ဒါပေမယ့် သူစိတ်မချသေးဘူး…အရဲစွန့်ပြီး လှေကားထိပ်လှမ်းကြည့်တော့
ထင်တဲ့အတိုင်းပဲ။
ကတ်ထူပုံးတွေထည့်တဲ့ အကန့်လေးမှာ တိုင်တွေကြားက ခြေထောက်တွေတွဲလျောင်းချထိုင်ပြီး သူ့ကို ခြေတခါခါလက်တခါခါလုပ်ပြနေတာ …။
မီးရောင်ဝါ၀ါအောက်မှာ အဲလိုပုံစံကြီးက မရိုသေ့စကား အပေါ့ထွက်ကျချင်လောက်အောင်ကို သူကြောက်တာ။
ဒါနဲ့ ကရောကပါးနဲ့ မီးတွေထဖွင့်တယ်…ပြီးတော့ သူငယ်ချင်းဘက်ပြေးပြီး သူငယ်ချင်း ကို အတင်နှိုး ၊ အကျိုးအကြောင်းပြောပြတော့
သူငယ်ချင်းကလည်း ငယ်ငယ်က ဘုန်းကြီးကျောင်းသားဆိုတော့ တတ်သလောက်၊မှတ်သလောက် ရွတ်ဖတ်ပြီး အိမ်ထဲပတ်ပြီး ကြေးစည်ထုတော့တာပဲ။
ကြေးစည်သံဆူညံနေအောင်ကြားတာတောင် အအိပ်ဆတ်တဲ့ ဦးလေးက မနိုးသေးတော့ သူ့စိတ်ထဲ မဟုတ်သေးဘူး ထင်တာနဲ့ အောက်ဆင်းပြီး ဦးလေးအခန်းထဲ၀င်သွားတော့မှ အဖြစ်က တစ်မျိုး
“ကျေးဇူးကြီးလှပါတယ် ငါ့ကောင်တို့ရာ”ဆိုပြီး ဦးလေးက ကတုန်ကယင်နဲ့ ပြောပြလာတာက
ဦးလေးအခန်းထဲမှာလည်း ဗီရိုတွေဖွင့်လိုက် ၊ စာအုပ်တွေဆွဲချလိုက်နဲ့ သောင်းကျန်းနေတာ… ကြေးစည်သံကြားတော့ အဲ့ဟာကြီးက ကုတင်ခြေရင်းလာထိုင်ပြီး တောက်တခေါက်ခေါက်လုပ်နေတာတဲ့။
သူတို့ဆင်းလာတဲ့အသံတွေကြားမှ ပျောက်သွားတယ်ပြောတာပဲ။
အဲဒါနဲ့ သူတို့လည်း အဲဒီည ဆက်မအိပ်တော့ဘဲ…ကြောက်စိတ်သက်သာအောင် ခေါက်ဆွဲပြုတ်စားလတဲ့သူကစား ၊ တံမြက်စည်းလှည်းတဲ့သူက လှည်းနဲ့ မိုးလင်းတာစောင့်နေကြတာ။
မိုးမလင်းခင်အထိတော့ အပေါ်ထပ်က မျောက်ပွဲက နေသလို…တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ သောင်းကျန်းနေကြတုန်း။
နောက်ရက်တွေ သူတို့ တူ၀ရီး အိမ်မှာမနေရဲတော့ဘဲ …သူကလည်း သူငယ်ချင်းအဆောင်လိုက်နေ ၊ ဦးလေးကလည်း သူ့ဘော်ဒါတွေဆီသွားနေတာ။
အဖွာတို့ကိုတော့ ခရီးမဖြောင့်မှာစိုးလို့ ဘာမှလှမ်းမပြောဘူး။
ပြန်လာမှ ဒီလို ဒီလို လို့ပြောပြတော့…အဖွားက သူတို့အထာနပ်တယ်…နင်တို့အိမ်မှာဘာမဟုတ်တာလုပ်ကြသေးတုန်းလို့မေးတော့
ဦးလေးလဲမညာရဲဘဲ ” အမဲသား၊၀က်သားတော့ စားမိတယ် အမေ”လို့ပြောတော့ အဖွားက ဒေါသပုန်ထတော့တာပဲ။
ဒါနဲ့ အဖွားထုံစံအတိုင်း ပွဲတွေဘာတွေပေးပြီး တောင်းပန်ရတယ်… အဖွားပြောတာတော့ မကျေနပ်လို့ မကောင်းတာတွေအိမ်ထဲ၀င်ခိုင်းပြီး ပညာပြတာလို့ပြောတာပဲ။
သူကတော့ နောင်ကျဉ်ပြီး သူတို့အိမ်ဆောက်ပြီးတဲ့အထိ အဆောင်မှာပဲနေတော့တယ်။
အဲဒီအဖြစ်အပျက်ပြီးနောက်ပိုင်း လအတော်ကြာအထိအမဲသား၊၀က်သား စားမယ်ဆိုရင်ကို ဘာကိုကြောက်လို့ကြောက်မှန်းမသိ ဖြစ်တုန်း တဲ့လေ။
ကဲ…ဒီညတော့ ဒီလောက်နဲ့ကျေနပ်ကြနော်
ဒါနဲ့ စကားမစပ် …ဘေးမှာ လာအိပ်နေရင်တော့ အခက်သား နော့ 👻
Don’t forget to like,share & support ” The Midnight Diary”