ခွင့်လွှတ်ပါအမေ

Posted on

ခွင့်လွှတ်ပါအမေ(စ/ဆုံး)

————————-

” ကိုကံပေါ် တစ်ခါတလေများ အညောင်းပြေအညာပြေ လက်ဖက်ရည်ဆိုင်လိုက်ခဲ့ပါလားဗျ ”
အလုပ်၌ နစ်မြုပ်နေသော ကိုကံပေါ်သည် ကျွန်တော်၏ အသံကို ကြားသဖြင့်ခေါင်းထောင်လိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် ဖြူဖွေးသော သွားများပေါ်အောင် ပြုံးလျက်ရှိ၏။

” ဟဲ ဟဲ သွားပါဗျာ၊ သွားပါ၊ ကျွန်တော် မညောင်းပါဘူး ”
အသံဆုံးလျှင် ပြန်၍ ငုံ့သွားသည်။ ကိုမိုးမြင့်က ကျွန်တော့်ကို နောက်ကနေ လက်ကုတ်သည်။ ဆက်ခေါ်၍လည်း ရမည်မဟုတ်မှန်း သိသဖြင့် ကျွန်တော်တို့ချည်း ထွက်ခဲ့ကြသည်။

လက်ဖက်ရည်ဆိုင်သို့ ရောက်သော် ကိုမိုးမြင့်က ထိုင်ထိုင်ချင်း မှတ်ချက်ချ၏။
” ရှားရောဗျာ၊ နေလည်းနေနိုင်တဲ့လူ၊ အခုထိ သူ လက်ဖက်ရည်သောက်တာ တစ်ခါမှ မမြင်ဖူးသေးဘူး ”

မှတ်ချက်ချမည်ဆိုလည်း ချလောက်သည်။ သူ ကျွန်တော်တို့ရုံး ရောက်လာသည်မှာ တစ်နှစ်ပြည့်ရော့မည်။ တစ်ခါမှ လက်ဖက်ရည်ဆိုင်သို့ သွားသည်ကို မတွေ့ရ။ ရောက်စကသာ ကျွန်တော်ခေါ်၍ လက်ဖက်ရည်ဆိုင်သို့ တစ်ခါအားနာပါးနာနှင့် လိုက်ဖူးသည်။ ဒါတောင် သူ့အတွက် လက်ဖက်ရည်မမှာရန် အတင်း တားသည်။ လက်ဖက်ရည် မသောက်တတ်ဟု ဆို၏။ ကျွန်တော်က သူ့ကို တအံ့တဩကြည့်ရင်း —
” လက်ဖက်ရည်သောက်တာများဗျာ မသောက်တတ်ရအောင် ဘာခက်တာမှတ်လို့ ပါးစပ်နဲ့ မော့သောက်လိုက်ရုံပေါ့ ” ဟု ပြောတော့ သွားဖွေးဖွေးများပေါ်အောင် သူ ရယ်သည်။ ရယ်သာရယ်သည်၊ တကယ်ပင် တိုက်၍ မရ။ ရေနွေးကြမ်းပင် သောက်လေသည်။

ကျွန်တော်တို့နှင့်တော့ ကွာသည်။ ကျွန်တော်တို့က ထမင်းမစားဘဲ နေချင်သာနေမည်။ လက်ဖက်ရည်ဆိုင် မထိုင်ဘဲတော့ မနေနိုင်။ လက်ဖက်ရည်ဆိုင်ထိုင်ရင်းပြောရ၊ ဆိုရ၊ ရယ်မောရသည်မှာ အရသာပင်။ အပန်းလည်း ပြေသည်။ ဦးနှောက်လည်း ရှင်းသည်ဟု ထင်၏။

နံနက်ရုံးသို့လာလျှင် အိမ်က ထမင်းစားခဲ့ပြီးစေကာမူ လက်ဖက်ရည်ဆိုင်၌ အရင်ထိုင်မည်။ လက်ဖက်ရည်ကျကျလေး တစ်ခွက်သောက်မည်။ ပြီးသော် ဒူးယားလေးတစ်လိပ် မှိန်းပြီးမှ ရုံးပေါ်သို့ တက်မြဲ။

အလုပ်လုပ်၍ အတန်ကြာလျှင် ငြီးစီစီကြီး ဖြစ်လာသောအခါ လက်ဖက်ရည်ဆိုင်သို့ တစ်ခေါက် ဆင်းပြန်သည်။ လက်ဖက်ရည်ဆိုင်ကလည်း ကျွန်တော်တို့အကြိုက် သိနေပြီ။ အလိုက်သိနေပြီ။ စားပွဲတွင် ထိုင်လိုက်သည်နှင့် ” ချိုပေါ့ကျ ” သည် မမှာရဘဲ အလိုလို ရောက်လာသည်။ ကျွန်တော်တို့နှင့် လက်ဖက်ရည်ဆိုင်သည် မိတ်ရင်းဆွေရင်းတွေ ဖြစ်နေပြီ။ ရှိလျှင် ပေး၊ မရှိလျှင် ကြွေး။ ကိစ္စမရှိ။ နံရံ၌ ကပ်ထားသော” ယနေ့ အကြွေးသည်းခံပါ ” ဆိုင်းဘုတ်သည် ကျွန်တော်တို့နှင့် မပတ်သက်။ သည်လိုနှင့်ပင် လက်ဖက်ရည်ဆိုင်ကြွေးသည် တစ်လတစ်လ သုံးဆယ်နှင့် လေးဆယ်ကြား ဆပ်ရသည်သာ များလေ၏။

၂။
” အစ်ကိုစိုး ဒီအဆင်လေး မမနဲ့လိုက်တယ်၊ မမဖို့ ယူသွားပါလား ”
ကြည်ကြည်ရွှေသည် စားပွဲသို့လာကာ အထည်စကို ဖြန့်ရင်း ဆိုသည်။ ကျွန်တော်လည်း ရေးလက်စ စာကြမ်းကို ရပ်လျက် မော့ကြည့်မိသည်။ သူ့လက်တွင်းက ပန်းနုရောင် အထည်စနှင့်အတူ ဇနီးသည်၏ မျက်နှာကို ကွက်ခနဲ မြင်လိုက်၏။ ဤအဆင်အသွေးသည် ချစ်ဇနီး အနှစ်သက်ဆုံးသော အဆင်အသွေးပင်။

” အေး – နင်ကတော့ ဟိုအဆင်ဆိုလည်း မမနဲ့လိုက်တယ်၊ ဒီအဆင်ဆိုလည်း မမနဲ့လိုက်တယ် လုပ်နေ၊ ဟိုလက အကြွေးတောင် ငါမကျေသေးဘူးဟ ကြည်ပိန်မရဲ့”
” အံမာ – ဒါများအဆန်းလုပ်လို့၊ ဒီကလည်း အတင်းတောင်းနေတာ ကျနေတာပဲ၊ ရပါတယ် အစ်ကိုစိုးရယ်၊ ဒီအဆင်ကလေးက မမနဲ့ တကယ်လိုက်လို့ လိုက်တယ်ပြောတဲ့ဥစ္စာ၊ မမရီ – ကျွန်မ ပြောတာ မဟုတ်ဖူးလား၊ ဒီပန်းနုရောင်လေး မမနွယ်နဲ့ တကယ် လိုက်တယ်နော် ”

ကြည်ကြည်ရွှေ အလည်မသည် တတ်လည်းတတ်နိုင်သည်။ သူ၏ စကားကို ထောက်ခံရန် တစ်ဘက်စားပွဲက မရီရီခင်ကိုပါ သက်သေတည်လိုက်သည်။ ရီရီခင်ကလည်း သက်သေကောင်း ပီသသည်။
” ဟုတ်ပါရဲ့၊ မနွယ်က အသားဖြူတော့ ဒီအဆင်လေးနဲ့ဆို ဟပ်နေမှာပဲ ”

အတိုင်အဖောက် ညီနေသော သူတို့နှစ်ဦးကို ကြည့်လျက် ကျွန်တော် ပြုံးမိသည်။ သည်လိုနှင့်ပင် ကုန်ပေါင်း များလှပြီ။ ရှိ၍ ကုန်ရသည်ဆိုပါက အကြောင်းမဟုတ်။တစ်လပေး၊ နှစ်လပေး၊ တစ်လဆိုင်း၊ နှစ်လဆိုင်းနှင့် အကြွေးတွေလည်း ဝိုင်းလှပြီ။ လွန်ခဲ့သောလကလည်း သားနှင့်ဇနီးသည်အတွက် သားအမိနှစ်ယောက် တစ်ဆင်တည်း ဝတ်ကြရအောင် ဝယ်ပေးခဲ့ပြီးပြီ။ ထိုအတွက် အကြွေးပြေအောင်ပင် ကျွန်တော် မပေးနိုင်သေးချေ။

အကြွေးအကြောင်း စဉ်းစားမိသောအခါ ရင်တွင်း မောလာရကား သက်ပြင်းမှုတ်ထုတ် လိုက်မိ၏။ ကြည်ကြည်ရွှေက ကျွန်တော့်ကို ကြည့်ရင်း ပြုံးသည်။
” အောင်မလေး စာရေးကြီးရယ်၊ မိန်မဖို့ အင်္ကျီစလေးတစ်စ ဝယ်ဖို့များ ဒီလောက်တောင် သက်ပြင်းတွေ ဘာတွေ ချနေရသလား၊ ရောင်းရမယ့်လူတောင် အားနာလာပြီ၊ မတတ်နိုင်လို့သာ နို့မို့ရင်လား အလကားတောင် ပေးလိုက်ချင်ရဲ့၊ ကဲ – လုပ်မနေနဲ့ အစ်ကိုစိုး ဝယ်ချင်ရင် ယူသာသွား၊ သုံးလဆိုင်းနဲ့ပေး၊ ဟုတ်ပြီလား ”

အထည်စသည် စားပွဲပေါ်သို့ ရောက်လာ၏။ အထည်စကို ကိုင်ကြည့်ရင်း အားနာစကားကို ဆိုဖြစ်သည်။
” ယူသာယူရတယ်၊ အားနာတယ်ကွာ၊ ဟိုလက ကြွေးတောင် ကျေသေးတာမဟုတ်ဘူး ”
” တော်စမ်းပါ အစ်ကိုစိုးရယ်၊ ပြောရမယ့် လူတွေမှတ်လို့၊ အစ်ကိုစိုးက ဘယ်ထွက်ပြေးမှာမို့လဲ ”
” ကြွေးထူလို့ ပေးစရာမရှိရင် ပြေးချင်ပြေးမှာပေါ့ဟ၊ မဟုတ်ဘူးလား ကိုကံပေါ် ”

ကျွန်တော်က လှမ်းမေးလိုက်သဖြင့် အလုပ်ကုန်းလုပ်နေသော ကိုကံပေါ်မှာ ဘာမသိ ညာမသိနှင့် ထုံးစံအတိုင်း သွားကြီးဖြဲကာ ဟဲဟဲ – ဟူ၍ ရယ်လိုက်သောကြောင့် ကျွန်တော်တို့ပါ ရော၍ ပြုံးမိကြသည်။
” ကြည်ပိန်၊ နင် ငါ့သာ လာလာရောင်းနေတာ၊ ကိုကံပေါ်လည်း တစ်ခါတလေ သွားရောင်းပါအုံးလား ”
ကျွန်တော်က ထိုသို့ပြောလိုက်သော်လည်း ကိုကံပေါ်ကား ကျွန်တော်တို့ကို မကြည့်တော့ပြီ။ လုပ်မြဲအလုပ်ကို ဆက်လုပ်နေ၏။

ကြည်ကြည်ရွှေက ကိုကံပေါ်အား လှမ်းကြည့်ရင်း မျက်နှာကို မဲ့ရွဲ့ကာ လက်နှစ်ဖက်ကို ဝိုင်းလျက် လည်ပင်းညှစ်သည့်ဟန် လုပ်ပြသည်။ ကိုကံပေါ်ထံမှ ပိုက်ဆံဆိုလျှင်လည်စေ့ကုပ်ယူမှ ရမည်ဟူသည့်သဘော။
သူ၏ အမူအရာကို သဘောကျ၍ ကျွန်တော် ပြုံးမိသလိုပင် ရီရီခင်မှာ အသံမထွက်အောင် ပါးစပ်ကို လက်နှင့်ပိတ်လျက် ကျိတ်၍ ရယ်နေလေသည်။

၃။
ကြည်ကြည်ရွှေ လုပ်ပြမည်ဆိုလည်း လုပ်ပြစရာပင်။ ကိုကံပေါ်သည် လူတစ်မျိုး။ ယောက်ျားကြီးတန်မဲ့ စေ့စပ်လွန်းသည်။ နေရာတကာတွင် စနစ်ဇယား ကြီးလွန်း၏။ဒါကြောင့် အသက်လေးဆယ် ချဉ်းသည့်တိုင် ကိုကံပေါ်ဆိုသော်လည်း ကံမပေါ်ဘဲ လူပျိုကြီးဖြစ်နေခြင်း ဖြစ်မည်။ သည်လောက်စေ့စပ်သေချာနေမှတော့ တော်တော်တန်တန် မိန်မလည်း သူ့ကို ယူဝံ့မည် မထင်ချေ။

ကျွန်တော်တို့ဆိုလျှင် ရုံးချိန်သည် ကိုးနာရီခွဲဆိုသော်လည်း များသောအားဖြင့် ကိုးနာရီခွဲပြီးမှ ရုံးသို့ရောက်တတ်သည်။ ရံခါ အလုပ်များသောအခါဖြစ်စေ၊ ရုံးတက်ရုံးဆင်း မှတ်တမ်းစာအုပ်၌ ကိုးနာရီခွဲလျှင် မင်နီသားသောအခါဖြစ်စေ ထိုအခါမျိုးမှသာ ကျွန်တော်တို့ ရုံးသို့ စောရောက်တတ်၏။

ကိုကံပေါ်က ထိုသို့မဟုတ်။ နေ့စဉ် ကိုးနာရီခွဲအမီ ရုံးသို့ ရောက်၏။ တစ်ခါမျှ နောက်ကျဟန် မတူ။ မင်နီမျဉ်းအောက်တွင် သူ့နာမည်ကို တစ်ခါမျှ မတွေ့ဖူးချေ။
ရုံးရောက်ပြန်တော့လည်း ရောက်ကတည်းက စားပွဲတွင် ထိုင်ကာ မထတမ်း အလုပ်လုပ်တော့သည်။ ဆယ့်တစ်နာရီထိုးမှ နား၏။ ပါလာသော ထမင်းဗူးကို ဖွင့်၍ စားသည်။ ထမင်းစားပြီးလျှင် သူ့အိတ်ထဲ၌ အမြဲ ပါလာလေ့ရှိသော ဖီးကြမ်း ငှက်ပျောသီး သုံးလုံးအနက် တစ်လုံးကို စားသည်။ ကွမ်းလည်းမစား၊ ဆေးလိပ်လည်း မသောက်ချေ။

ထို့နောက် ရေသောက်၊ အပေါ့အပါး သွားပြီးသော် အလုပ်ကို ဆက်၍ လုပ်သည်။ ညနေ သုံးနာရီတွင် ကျန်သော ငှက်ပျောသီး နှစ်လုံးကို စားသည်။ ခေတ္တမျှ အညောင်းအညာဖြေပြီး အလုပ်ကို ဆက်လုပ်ပြန်သည်။ လေးနာရီ ရုံးဆင်းသော် အိတ်ကိုဆွဲလျက် အိမ်သို့ ပြန်မည်။ ကျွန်တော်တို့လို လက်ဖက်ရည်ဆိုင်၌ ထိုင်ခြင်း၊ ဟိုဟို သည်သည် သွားလာခြင်း မရှိ။

သည်တော့ သူ့ကြည့်ရသည်မှာ ကျွန်တော်တော့ သူ့အစား ပျင်းမိသည်။ တစ်နေ့လာ ရုံးနှင့်အိမ်၊ အိမ်နှင့်ရုံး။ ကျွန်တော်တို့လိုသားနှင့် မယားနှင့်မို့ သံယောဇဉ်နှောင်ကြိုးတင်း၍ ရုံးဆင်းသည်နှင့် အိမ်သို့ အသော့နှင်သည်ဆိုလျှင် ထားဦးတော့။ အခုတော့ ကျွန်တော်တို့က မပြန်၊ လက်ဖက်ရည်ဆိုင်၌ ထိုင်ရင်း အလ္လာပသလ္လာပပြော၊ ဟိုဟိုသည်သည် လမ်းလျှောက်ကာ အပန်းဖြေချင် ဖြေမည်။ ပြီးမှ အေးအေးဆေးဆေး အိမ်ပြန်မည်။

သူက ဘာသံယောဇဉ်မှလည်း မရှိပါဘဲ ရုံးဆင်းသည်နှင့် အိမ်သို့ သုတ်ခြေတင်တော့သည်။ တစ်ကိုယ်တည်းမို့ ကိုယ့်ထမင်းကိုယ် ချက်စားရမည်ဖြစ်၍ ပြန်သည်ဆိုလျှင်လည်း သည်မျှ လောစရာ မလိုချေ။ ထမင်းတစ်အိုး ဟင်းတစ်အိုးသည် ဘာမျှ မကြာ။ တစ်ယောက်တည်းသမား၊ နံနက်ကတည်းက နံနက်နှင့် ညစာ ချက်ထားလည်းဖြစ်သည်။ ညနေမှ ချက်သည်ပဲထားပါဦး၊ သူလို စေ့စေ့စပ်စပ် စားပုံမျိုးနှင့် ချက်ရပြုတ်ရ သာ၍ပင် မြန်ဦးမည်။

ဘာကြောင့် သည်လောက် လောရသလဲဟု သူ့ကိုမေးလျှင်လည်း သိချင်သည့် အဖြေတော့ ရမည်မဟုတ်ချေ။ သွားအဖွေးသားပေါ်အောင် ပြုံးရင်း တဟဲဟဲ ရယ်နေမည်သာ ဖြစ်သည်။

သည်တော့လည်း ကျွန်တော်သည် သူ့အကြောင်း တွေးမိတိုင်း နောက်ဆုံး၌ လူတစ်မျိုးဟုသာ ကောက်ချက်ချမိလေသည်။

၄။
” မမရီ၊ မမရီ လူကြီး မလာဘူးလား ”
ကိုကံပေါ်ကို မတွေ့သဖြင့် ကြည်ကြည်ရွှေက အပျိုကြီးရီရီခင်အား နောက်လိုက်သည်။ ရီရီခင်သည် သည်ကိစ္စမျိုးနှင့် ပတ်သက်လျှင် အပျိုကြီးပီပီ ဣန္ဒြေကြီးရုံမက အရှက်လည်း အလွန်ကြီးသည်။ ချက်ချင်းပင် မျက်နှာတစ်ခုလုံး ပန်းသွေးရောင်လွှမ်းသွားသည်။ အရှက်ကို မသိဟန်ဆောင်ခြင်းဖြင့် ဖုံးကွယ်လိုက်၏။

” ဘယ်က ငါ့လူကြီးလဲ ”
” ကိုကံပေါ်ကြီးလေ – မမ၊ ကိုကံပေါ်ကြီး မတွေ့ပါလား၊ ဘယ်သွားမယ်ဆိုတာ မမကို ပြောမသွားဘူးလား ”
” အောင်မာ- ငါနဲ့ ဘာဆိုင်တာမှတ်လို့၊ သူ့ဘာသာ သွားချင်ရာ သွားမှာပေါ့၊ ကြည်ပိန်နော် — နင်သာ မတွေ့ရ မနေနိုင်လို့ မေးနေတာ မဟုတ်လား ”
” ထားပါတော့၊ မမရီ တကယ်မကြိုက်ဘူးနော်၊ တော်ကြာမှ ကြည်ပိန်လေးရဲ့ ရက်စက်လှချည့်လား လုပ်မနေနဲ့၊ ကျွန်မက ကိုယ့်အစ်မကြီးမို့ ဦးစားပေးနေတာ ”
” ယူပါတော် – ယူပါ၊ ဦးစားမပေးပါနဲ့၊ နင့် ဦးကပ်စေးကြီးကို နင့်ဘာသာယူပါ ”
” စဉ်းစားအုံးနော်၊ ကိုကံပေါ်ကြီးက တစ်နေ့တစ်နေ့ ငှက်ပျောသီး သုံးလုံးပဲစားပြီး စုထားတဲ့ ပိုက်ဆံတွေ နဲမှာမဟုတ်ဘူး၊ ကိုကံပေါ်ကြီးနဲ့သာဆိုရင် မမရီ ဇိမ်ပဲ၊ ဘာမှ ကုန်မှာမဟုတ်ဘူး၊ ငှက်ပျောသီးတစ်ဖီး ဝယ်ပေးထားလိုက်ရင် ပြီးရော ”
” အေးဟယ်၊ နေလည်းနေနိုင်တယ်၊ ဘယ်လို လူစားကြီးလည်း မသိဘူးနော်၊ သူ့မှာ မိဘလည်း မရှိဘူးတဲ့၊ တစ်ယောက်ထဲကိုများ ကိုယ့်ကိုယ်ကိုယ် ဒီလောက် အငတ်ခံတာ အံ့ပါရဲ့ဟယ်၊ သူရတဲ့ပိုက်ဆံတွေ ဘယ်ရောက်ကုန်တယ် မသိဘူး၊ ငါတော့ သူ့ကြည့်ရတာ ပိုက်ဆံလည်း ရှိပုံမရပါဘူး ”
” ဟုတ်တယ်နော်၊ အရေးပေါ်ချေးငွေ ချေးသုံးတာ တွေ့တယ်၊ သူရတဲ့ပိုက်ဆံတွေ ဖဲများ ရိုက်ပစ်သလားမှ မသိတာ မမရီရဲ့”

ကဲ – အမိတို့၊ ပြောချင်ရာ လျှောက်ပြောနေကြ၊ အခု ကိုကံပေါ် ခွင့်ယူတာ ဘာဖြစ်လို့လဲ သိကြရဲ့လား ”
ကျွန်တော်၏ အသံကြောင့် သူတို့နှစ်ဦးစလုံး ကျွန်တော့်ဘက်သို့ လှည့်လိုက်ကြ၏။ ဘာများဖြစ်လို့ပါလိမ့်ဟူသော စိုးရိမ်သည့် အရိပ်အရောင်သည် သူတို့နှစ်ဦးစလုံး၏ မျက်လုံးများဝယ် ထင်ဟပ်နေသည်ကို တွေ့ရသည်။ တကယ်တော့လည်း လုပ်ဖော်ကိုင်ဖက်ဟူသော သံယောဇဉ်သည် သူတို့ရင်၌ ရှိကြသည်ပင်။

” ဟောဒီမှာ ဖိတ်စာ၊ အားလုံးအတွက် ”
” ဟယ် – ကိုကံပေါ်ကြီး စွံသွားပြီလား၊ မမရီတော့ ကျန်ရစ်ဖြစ်ပြီဟေ့ ”
ပြောပြောဆိုဆို ကြည်ကြည်ရွှေသည် ထလာပြီး ကျွန်တော်၏ လက်တွင်းက ဖိတ်စာကို ဆွဲယူ ဖတ်ရှုလိုက်သည်။
” မမရီရေ – တော်သေးတယ်၊ ရဟန်းခံရှင်ပြုတဲ့၊ ကိုကံပေါ်ကြီး ရဟန်းခံမလို့ ဆိုပါလား၊ ဧကန္တတော့ မမရီက မကြိုက်တာနဲ့ လူ့ဘောင်ကို ငြီးငွေ့ပြီး ရဟန်းဘဝနဲ့ အရိုးထုပ်တော့မယ် ထင်တယ်နော် အစ်ကိုစိုး ”
” အေး — ဟုတ်မှာပေါ့ ”

ရီရီခင်သည် ကျွန်တော့်အား မျက်စောင်းထိုးကြည့်လိုက်ပြီး ကြည်ကြည်ရွှေ၏ကျောကို ရှက်ရှက်နှင့် ထုသည်။ ကြည်ကြည်ရွှေလည်း ရှောင်တိမ်းရင်း အခန်းထဲမှ ထွက်ပြေးသွားလေသည်။

၅။
ဟိုမေးသည်ရှာနှင့် လာရသဖြင့် ရဟန်းခံ ရှင်ပြု မဏ္ဍပ်သို့ ရောက်သောအခါ ကျွန်တော်တို့ အတော်ဆာနေကြပြီ။ ကိုကံပေါ်၏ ဧည့်သည်များ ဖြစ်၍ အရေးပေးကြ၏။ ကျွန်တော်တို့အတွက် သီးသန့်ထမင်းဝိုင်း ပြင်ထားသည်။ ဝက်သား၊ ကြက်သား၊ မဲဇလီရွက်ဟင်းချို၊ သရက်ချဉ်သုပ်၊ ငါးပိကြော်တို့မှာ အရသာရှိလှသည်။ ဆာဆာနှင့်မို့ စားကောင်းလိုက်ကြသည်မှာ ခေါင်းပင် မဖော်နိုင်ကြ။ အသက် ခုနစ်ဆယ်ခန့်ရှိသော အမေကြီးတစ်ဦးက ကျွန်တော်တို့နားတွင် လိုလေသေးမရှိအောင် ပြုစုနေ၏။

ထမင်းစားပြီး၍ လက်ဖက်ရည်ကြမ်းဝိုင်းတွင် ထိုင်မှသာ ထိုအမေကြီးအား နှုတ်ဆက်ဖြစ်တော့သည်။
” အမေကြီးက ကိုကံပေါ်နဲ့ ဘာတော်လဲ ”
” သားပဲ ဆိုပါတော့၊ မောင်ရယ် ”
” ဟင် — အမေကြီးကလည်း သားပဲ ဆိုပါတော့ — ဆိုတော့ ”
ဘဝင်မကျလျှင် လွှတ်ခနဲ မေးတတ်သော ကျွန်တော်၏ ဝသီအရ နှုတ်တုံ့ပြန်လိုက်မိသည်။
” မောင်ကံပေါ်က အမေတို့အိမ်မှာ ငှားနေတဲ့သူပါ၊ အမေက အခု ရှင်ပြုတဲ့ မြေးနှစ်ယောက်နဲ့ နေရတာ၊ ကလေးတွေက အမိအဖ မရှိရှာတော့ဘူးကွယ့် — ”

ပြောရင်း အမေကြီးမှာ မျက်ရည်ရစ်ဝိုင်း လာသဖြင့် ပခုံးပေါ်က မျက်နှာသုတ်ပဝါနှင့် သုတ်နေသည်။ ကျွန်တော် မေးမိသည်ပင် မှားပြီ ထင်၏။ ကြည်ကြည်ရွှေသည်ကျွန်တော့်အား လျှာရှည်ရပါမို့လား — ဟူသော အကြည့်ဖြင့် လှမ်းကြည့်သည်။ ရီရီခင်ကမူ အမေကြီးကို ကြည့်ရင်း သူပါ မျက်ရည်ဝိုင်းနေ၏။ ကိုမိုးမြင့်ကတော့ လက်ဖက်ပန်းကန်ကို အဓိပ္ပာယ်မဲ့ ဇွန်းနှင့် မွှေနေလေသည်။

” ဒီမြေးနှစ်ယောက်ကို သူတို့အဖေအမေ မရှိကတည်းက အမေကြီးပဲ စျေးရောင်းရတာလေးနဲ့ အိမ်လခလေးနဲ့ ကျွေးမွေးလာခဲ့တာ၊ ကျောင်းတောင် ဆက်မထားနိုင်ပါဘူး၊ မောင်ကံပေါ် ရောက်လာမှ ကလေးတွေကို ကျောင်းစရိတ် ထောက်ပံ့ပြီး ကျောင်းပြန်ထားရုံမကဘူး၊ ညနေတိုင်းလည်း အမေကြီးမြေးတွေနဲ့အတူ ရပ်ကွက်ထဲက ကလေးတွေကိုပါ စာပြပေးသေးသကွယ့်၊ အမေ့အလို ဆိုရင်ဖြင့် ဒီကလေးနှစ်ယောက် ဘယ်လိုလုပ် ရှင်ပြုနိုင်ပါ့မလဲကွယ်၊ တစ်နေ့ရ တစ်နေ့စားနဲ့ သေတာတောင် ရှင်ပြုသွားနိုင်မှာ မဟုတ်ပါဘူး၊ အခုတော့ မောင်ကံပေါ့် ကျေးဇူးနဲ့ မြေးနှစ်ယောက် ရှင်သာမဏေဘောင် ရောက်ရပြီ၊ အမေ သေပျော်ပြီပေါ့ကွယ်၊ ကျေးဇူးရှင် မောင်မင်းကြီးသားက သူကိုယ်တိုင်လည်း ပဉ္ဇင်းဘောင်တက်တော့ အမေ့မှာ ရဟန်းအမပါ ဖြစ်ရသေးသကွယ့် — ၊ ဒီတော့ ကျေးဇူးရှင် အမေ့သားကြီးကို သားပါလို့ မပြောရင် အမေ ဘယ်လိုပြောရမလဲ မောင်ရယ် ”

အမေကြီးသည် ပြောရင်းက စီးကျလျက်ရှိသော မျက်ရည်များကို သုတ်လျက်ရှိသည်။ အမေကြီး၏ တုန်ယင်အက်ကွဲသော အသံကို ကြားနေရသော်လည်း ကျွန်တော်၏ အမြင်အာရုံတွင် လွန်ခဲ့သောနှစ်က ကွယ်လွန်သွားခဲ့ပြီဖြစ်သော မိခင်ကြီးကို မြင်ယောင်နေသည်။

သူ ဘဝမကူးမီ သူ၏ မြေးအား သာမဏေဘောင်သို့ သွတ်သွင်းချင်ကြောင်း တသသ ပြောခဲ့ဖူး၏။ သို့သော် ကျွန်တော့်မှာ ငွေကြေး မပြေလည်သဖြင့် တစ်နှစ်ဖြစ်အောင် လုပ်ပေးမည် လုပ်ပေးမည်နှင့်ပင် လုပ်မပေးနိုင်ခဲ့။ မိခင်ကြီး ဘဝကူးအံ့ဆဲဆဲကျမှသာ ဘုန်းကြီးကျောင်းက သင်္ကန်းတစ်စုံ ငှား၍ သားငယ်အား သင်္ကန်းချည်လျက် ပြလိုက်ရသော အဖြစ်ကို ယခုကဲ့သို့ပင် ထင်မြင်လာသည်။ ရင်တွင်း၌လည်း အလိုလို နာကျင်လျက် မောဟိုက်သလို ခံစားနေရလေသည်။

ထိုအခိုက် ဦးပဉ္ဇင်းဦးကုသလခေါ် ကိုကံပေါ်သည် ကျွန်တော်တို့ အနီးသို့ ရောက်လာသည်။ အမေကြီးသည် ရုတ်ခြည်းပင် ပုဆစ်တုပ်လျက် မျက်နှာသုတ်ပဝါကို ဖြန့်ခင်းကာ အလွန် ရိုကျိုးစွာ ရှိခိုးနေ၏။

ကိုကံပေါ်သည် သင်္ကန်းဝတ်နှင့် ခန့်ညားလှသည်။ ဣန္ဒြေလည်း ကြီးစွာ၏။ လှစ်ဖော်နေကျ ဖြူဖွေးသော သွားများကိုပင် မမြင်ရ။
” အားလုံး ပြည့်စုံကြရဲ့လား၊ ဒကာကြီး – ဒကာမကြီးတို့ ”
” ဟုတ်ကဲ့—အဲ — ဟုတ်ပေါင်၊ မှန်ပါ့ဘုရား ”
ကိုကံပေါ်ကို ရဟန်းအသွင်ဖြင့် မြင်ရ၍ ရယ်ချင်နေဟန်တူသော ကြည်ကြည်ရွှေ၏ အလွဲလွဲအမှားမှား ပြောမှုကြောင့် ဦပဉ္ဇင်းပင် မထိန်းနိုင်ဘဲ သွားဖွေးဖွေးများ ပေါ်လာလေသည်။ ကျွန်တော်၏ ရင်၌ ခံစားနေရသည့် ဝေဒနာလည်း အနည်းငယ် သက်သာသလို ရှိသွား၏။

ကျွန်တော်သည် ဦးပဉ္ဇင်း ကိုကံပေါ်ကို ကြည့်ရင်း ကြည့်ရင်း ကြည်ညိုလေးစားစိတ်များ ရင်တွင်းဝယ် ပြည့်လျှမ်း၍ လာသည်။ ကျွန်တော့်နည်းတူပင် အခြားသူများလည်း ခံစားနေကြရပုံ ရသည်။ ပုဆစ်တုပ်ကာ လက်အုပ်ချီလျက် ထိုင်နေသော ရီရီခင်၏ မျက်လုံးအစုံတွင် မျက်ရည်များ ရစ်ဝိုင်းနေသည်ကို ကျွန်တော် သတိပြုမိသည်။

ကျွန်တော်လည်း ဆောင့်ကြောင့်ထိုင်ကာ ဦးပဉ္ဇင်းအား ရှိခိုးလိုက်သည်။ စိတ်ထဲ၌မူ ” သားမိုက်ကို ခွင့်လွှတ်ပါ အမေ ” ဟူ၍ တောင်းပန်နေမိလေသည်။

မောင်လွင်အေး