“ခွေးသရဲ” (စ-ဆုံး)
—————————————-
ကျွန်မ ခွေးစကား ပြောမလို့ မဟုတ်ပါဘူး။ ကျွန်မတို့ဆီမှာ များပြားလှတဲ့ ခွေးအုပ်ကြီးနဲ့အတူ “ခွေးသရဲ” ဆိုတာ မကြာသေးမီကပဲ အမှန်တကယ် ပေါ်ပေါက်ခဲ့လို့ပါ။
—
ကျွန်မတို့ တိုက် (၄) မှာ ခွေးငယ်ကလေးတွေ များလှပေမယ့်၊ ကလေးငယ်လေးတွေကတော့ နည်းပါတယ်။ အခန်းပေါင်း နှစ်ဆယ့်လေးခန်း ရှိတဲ့ တစ်တိုက်လုံးမှာမှ ငါးယောက်ပဲ ရှိတယ်။ ယောကျ်ားလေး နှစ်ယောက်နဲ့ မိန်းကလေးသုံးယောက်။ အသက်အကြီးဆုံးက ငါးနှစ်ပဲ ရှိဦးမယ်။ အသက်အငယ်ဆုံးက သုံးနှစ်လောက်ပဲ ရှိဦးမယ် ထင်ပါရဲ့။ မောင်စွမ်းပြည့်တဲ့။ မောင်ရှင်းသန့်တဲ့၊ မြတ်ပန်းပွင့်သော်တဲ့၊ မဒေးတဲ့၊ ခန့်ခန့်တဲ့။ ဒီဟာလေး ငါးယောက်ထဲက အသက်အကြီးဆုံး သုံးယောက်ဟာ ကလေးမြေးငယ် မရှိတဲ့ ကျွန်မတို့ အခန်းမှာ အမြဲ စတည်းချတတ်တယ်။ မောင်စွမ်းပြည့်ရယ်၊ သော်သော်ရယ်၊ မဒေးရယ်ပေါ့။ ကစားကြ၊ ရန်ဖြစ်ကြ၊ ငိုယိုကြပေါ့။ ကျွန်မက ဖျန်ဖြေရ၊ ရေတိုက်ရ၊ မုန့်ကျွေးရပေါ့။
သူတို့ သုံးယောက်ထဲမှာ (မိန်းကလေးတွေက စကားမကြွယ်ရဘဲ) စကားအကြွယ်ဆုံးနဲ့ အမေးအမြန်းအထူဆုံးက အောက်နှုတ်ခမ်း အလယ်တည့်တည့်မှာ မှဲ့နက်နဲ့ မောင်စွမ်းပြည့်ပဲ။ ဒီကောင်က ကျွန်မတို့ ဒီတိုက်ရောက်ခါစ၊ သူ့ကိုယ်ဝန်ကြီးနဲ့ကတည်းက မြင်တွေ့နေရပြီး ကျွန်မတို့ မျက်စိအောက်မှာ မွေးဖွားကြီးပြင်းလာတဲ့ဟာလေး ဆိုတော့ ကျွန်မတို့ကို ပိုရင်းနှီးတယ်။ ဒီကောင်က ချစ်စရာလည်း ကောင်းတော့ အသက်လေးဆယ်ကျော်မှ ကံပေါ်တဲ့ သူ့မိဘတွေ၊ ဦးမျိုးသန့်နဲ့ တီတီစီဆရာမ ဒေါ်ရွှေအိတို့ သည်းသည်းလှုပ် ချစ်သလိုပဲ အားလုံးက ဝိုင်းချစ်ကြတယ်။ ကျွန်မတို့ နှစ်ယောက်ကိုတော့ သူက ရိုက်စားပဲ။ အမေးအမြန်းကလည်း ထူသလား မမေးနဲ့။ သူမေးလွန်းလို့ သူ့အဖေက စိတ်မရှည်တော့ စိတ်ရှည်လက်ရှည် ဖြေတဲ့ သူ့ဘဘတိုး (ကျွန်မတို့ နှစ်ယောက်ကို ဒီတိုက်မှာ ရှိတဲ့ ကလေးအားလုံးနဲ့ သူတို့ မိဘတွေက “ဘဘတိုးနဲ့ အန်တီနု”( တို့ကိုပဲ မေးခွန်းပေါင်းများစွာ မေးလေ့ရှိတယ်။ မေးခွန်းတော်တော် များများကတော့ ယောကျ်ားလေးတွေ စိတ်ဝင်စားတတ်တဲ့ သေနတ်တို့၊ ဓါးတို့၊ သိုင်းတို့ အကြောင်းပေါ့။ အထူးသဖြင့် ဒီကောင့် အသက်နဲ့အမျှ မြဝတီ တရုတ်သိုင်းကားများနဲ့ အတူတကွ ကြီးပြင်းလာတာဆိုတော့ သိုင်းဟာ သူ့ဖေးဘရိတ်ပဲ။ အလကားနေရင်း ခုန်ပျံနေတာပဲ။
တစ်ခါကျတော့ သူ့ဘဘတိုးကို မေးတယ်။
“ဘဘတိုး သားတို့ တိုက်အပေါ်ဆုံးကနေ အောက်ဆုံးကို သိုင်းကားတွေထဲကလို ခုန်ချင်တယ်။ သားခြေထောက် ကျိုးမှာလား” တဲ့။
“ဟာ ကျိုးတာပေါ့ကွ” လို့ သူ့ဘဘတိုးက အမြန်ဖြေရတယ်။ ဒီကောင် ဘယ်ကျေနပ်မလဲ။ ဇာတ်လမ်းက ဆက်တော့တာပေါ့။
“သိုင်းကားတွေထဲမှာကျတော့ ဘာလို့ မကျိုးလဲ။ သားတို့ တိုက်ထက်တောင် မြင့်သေးတယ်”
“ဟာ… သူတို့က ကိုယ်ဖော့သိုင်း တတ်တယ်ကွ။ မင်းကမှ မတတ်ဘဲ”
“ဒါဖြင့် သားကို သင်ပေးပေါ့။ ဘဘတိုး သင်ပေးပေါ့။ ဘဘတိုး သင်ပေး”
“ဘဘတိုးက မတတ်ဘူးကွ၊ မင်းကြီးတော့မှ ဆရာနဲ့ အပ်ပေးမယ်လေကွာ”
“ဒါဆိုရင် သားကို ဆေးထိုးပေးပေါ့။ ခြေထောက် မကျိုးအောင်လေ။ သားအဖေလို ဆေးမျိုး ဘဘတိုး ထိုးတတ်လား”
“ဘာဆေးလဲကွ မင်းက”
“သားဖေကြီးရဲ့ လက်မောင်းမှာ ရှိတယ်လေ။ အရုပ်လေးတွေလေ။ အဲဒါ သားဖေကြီးကို သေနတ်နဲ့ ပစ်ရင်တောင် ဖေကြီးက မသေဘူးတဲ့။ ဓါးနဲ့ထိုးရင်လည်း မသေဘူးတဲ့။ အဲဒီဆေး ဘဘတိုး ထိုးတတ်လား ”
“အေး.. အေး ထိုးတတ်တယ်။ မင်းကြီးလာတော့ ထိုးပေးမယ်ကွာ.. ဟုတ်လား”
“ဟင့်အင်း ဟင့်အင်း အခုထိုးပေးပါ။ ဘဘတိုး အခု”
“ဟာ မင်းကလည်း ဆေးဆိုတာ ဒီအတိုင်း ထိုးလို့ မရဘူးကွ။ ကန်တော့ပွဲနဲ့ ထိုးမှ စွမ်းတာ။ မင်းမှာ ကန်တော့ပွဲဖိုး ပိုက်ဆံရှိလို့လား”
“အောင်မာ ဘဘတိုးကလည်း သားမှာ ပိုက်ဆံရှိတာပေါ့။ မုန့်ဖိုးတွေ အများကြီးရှိတယ်”
“အေး… အဲလိုဆိုရင် ထိုးပေးမယ်။ ဘဘတိုးဆေးက မင်းအဖေထက် စွမ်းတယ်သိလား။ မင်း အဲဒီဆေးထိုးပြီးတာနဲ့ မင်းနဲ့ သော်သော်နဲ့ ရန်ဖြစ်တယ် ဆိုပါစို့ကွာ။ သော်သော်က မင်းကို ရိုက်မလို့ လက်ရွယ်လိုက်တာနဲ့၊ မင်းက လက်ညှိုးထိုးပြီး “အာ၊ဒိ၊ပု” “ပု၊ ဒိ၊ အာ” လို့ ဆိုလိုက်ရင် သော်သော်က ရိုက်လို့ မရတော့ဘူး။ လေထဲမှာ လက်ကြီးက ဟောဒီလိုကြီး ရပ်နေရော”
“တကယ်လား ဘဘတိုး”
“တကယ်ပေါ့ကွ၊ မင်းအဖေတို့၊ အမေတို့ မင်းကျူရှင် ဆရာမတို့ ရိုက်မလို့ ဒုတ်နဲ့ မင်းကို ရွယ်လိုက်တာနဲ့ မင်းက အာဒိပု၊ ပုဒိအာ ဆိုလိုက်ရင် သူတို့ရဲ့ ဒုတ်ကြီးက ရိုက်လို့ မရတော့ဘဲ လေထဲမှာ ဟောဒီလိုကြီး ရပ်နေရော”
“ဟာ… ကောင်းလိုက်တာ၊ ကောင်းလိုက်တာ”
ဒီနေရာ အရောက်မှာ မောင်စွမ်းပြည့်ဟာ တကယ့်ကို ဟတ်ထိသွားပြီး အလွန်တရာ သဘောကျ ရွှင်မြူးစွာနဲ့ ခုန်ပေါက်တောင် ကလိုက်သေးတယ်။ ပြီးတော့မှ သူ့ဘဘတိုးကို “ခုထိုးပေး၊ ခုထိုးပေး” လုပ်တော့တာပေါ့။ ဘဘတိုးမှာ ဘယ်လို ရှောင်ရှားရလဲဆိုတော့ ကန်တော့ပွဲ ပစ္စည်းစုံမှ ထိုးလို့ရမယ်ဆိုတဲ့ နည်းနဲ့ပေါ့။ ကန်တော့ပွဲထဲမှာ အရေးကြီးဆုံး ပစ္စည်းက ဘာလဲဆိုတော့ ကလေး ဘယ်လိုမှ မတတ်နိုင်တဲ့ ဘလက်လေဘယ် ဝီစကီအကြီးတစ်လုံးတဲ့လေ။ “မင်း မုန့်ဖိုးတွေ စုဦးကွာ” ဆိုတော့ ဒီကောင့်မှာ မချင့်မရဲနဲ့ “သား မုန့်ဖိုးတွေ စုပြီးရင် ထိုးပေးရမယ်နော်” ဆိုပြီး ငြိမ်ရတော့တာပေါ့။
ဒါပေမယ့် အာ၊ဒိ၊ပု၊ပု၊ဒိ၊အာ ထိုးဆေးကို ဒီကောင့်စိတ်ထဲမှာ ဘယ်လောက် စွဲလန်းနေလဲဆိုတော့၊ ဆို၊က၊ရေး၊တီး ပြိုင်ပွဲချိန် တစ်ညသားမှာ မဟာဇနက ဇာတ်တော်ကြီးကို ကျွန်မတို့ သွားကြည့်ကြတော့ ဝါသနာပါတဲ့ သူ့အမေနဲ့ သူနဲ့ သားအမိနှစ်ယောက် လိုက်လာကြတယ်။ ပွဲမစခင်မှာတော့ အမျိုးသား ဇာတ်ရုံကြီးထဲမှာ ဒီကောင်တအား ပျော်မြူးတက်ကြွနေတာပေါ့။ ပွဲလည်း စရော၊ ဒီကောင် ဆယ့်ငါးမိနစ်တောင် မခံဘူး။ စိတ်ညစ်တွန့်လိမ် လာတော့တာပဲ။ ငါးနှစ်သားနဲ့ နောက်ပိုင်းဇာတ် တွေ့ကြတော့တာကိုး။
ခဏနေတော့ ကျွန်မနားကပ်ပြီး ကိုယ်တော်ချောလေးက စိတ်ပျက်လက်ပျက် ဘယ်လိုများ ညည်းညူလိုက်တယ် မှတ်လဲ။ “သူတို့ကလဲဗျာ စကားပြောရင် ဘာဖြစ်လို့ ငို ငို ပြောကြတာလဲဗျာ” တဲ့။ ကဲ… ကျွန်မမှာ ရှင်းပြလို့လည်း မဖြစ်နဲ့ နောက်တစ်ခန်းကျ သင်္ဘောကြီးလာမှာကွ။ လေမုန်တိုင်းတွေလည်း လာလိမ့်မယ်။ ကြည့်၊ ကြည့် လိမ္မာတယ်” ပဲ လုပ်ရတော့တာပေါ့။ ဒီကောင်ခမျာမှာတော့ အာလူးကြော်ထုတ်တွေ၊ မုန့်ထုတ်တွေကို တကြွပ်ကြွပ် ဖောက်စား၊ စိတ်ညစ်တွန့်လိမ်နေရာက ဇနကမင်းသား၊ သူ့မယ်တော်နဲ့ ကုန်ရောင်း ကုန်ဝယ်ထွက်ခါနီး ခွင့်ပန်နှုတ်ဆက် ငိုယိုကြပြီး မယ်တော့ကို ကန်တော့ပြီးအထွက် “သား” “သား” ဆိုပြီး လိုက်ရင်း လက်ကို ဆန့်တန်းလိုက်တာကို (Freeze) ဖမ်းပြီး ရုပ်သေလည်း လုပ်လိုက်ရော မောင်စွမ်းပြည့်ဟာ မုန့်ထုတ်ကို လွှတ်ချပြီး အားရပါးရ ထအော်တော့တာပဲ။
“ဟာ… ဟိုမှာ ကြည့် အန်တီနု၊ သူ့သားက သူ့အမေကို “အာဒိပု ပုဒိအာ” လုပ်လိုက်တော့ သူ့အမေကြီး လက်ကြီးတန်းလန်းနဲ့ ရပ်သွားပြီ။ မိုက်တယ်ဟေ့”
အသံကြီးကလည်း အကျယ်ကြီးပဲ။ ကျွန်မတို့မယ် ရယ်လိုက်ရတာလည်း မပြောနဲ့။ သူ့မှာလည်း နောက်ရက်တွေထိ ပြောလို့ မဆုံးတော့ဘူး။ ဒီကောင်က စကားကြွယ်ကြွယ်နဲ့ ပုံပြောတာကလည်း ဝါသနာ အလွန်ပါတာကိုး။ ဒီအရွယ်ဆိုတော့ ပုံနားထောင်ရမယ်ဆိုရင်လည်း ကြိုက်မှကြိုက်။ ကျွန်မကိုကျတော့ သူက မေးခွန်း သိပ်မမေးဘူး။ ပုံပဲတွင်တွင် ပြောခိုင်းတော့တာပဲ။ ကျွန်မ ပြောပြတဲ့ ပုံပြင်တွေနဲ့ သူပြောပြတဲ့ ပုံပြင်တွေဟာ လုံးဝမတူဘူး။ ဆန့်ကျင်ခြားနားကြပြီး တစ္ဆေသရဲပုံပြင်တောင်မှ သူက “စက်ရုပ်သရဲ” တဲ့။ “ပါဝါရိန်းဂျား” ဆိုတာကတော့ ဒီကောင့်ပါးစပ်ဖျားက ဘယ်တော့မှ မချတဲ့နာမည်ပေါ့။
တစ်ညနေ၊ မိုးချုပ်စပြုတဲ့ နေဝင်ရီတရော အချိန်လေးမှာတော့ ကျွန်မတို့ အခန်းတံခါးကို တဘုံးဘုံးထုနှက်၊ အော်ဟစ်သံတွေနဲ့ အတူ ကျွန်မတံခါး ဖွင့်လိုက်တာနဲ့ တစ်ဟုန်ထိုး ပြေးဝင်လာတဲ့ လူကြီးလူကောင်းလေး သုံးယောက်ဟာ ကြောက်လန့်နေတဲ့ အသံတုန်လေးတွေနဲ့ “ခွေးသရဲ… ခွေးသရဲ” တဲ့။ မောင်စွမ်းပြည့်ရယ်၊ သော်သော်ရယ်၊ မဒေးရယ်လေ။ ကျွန်မကိုလည်း အားကိုးတကြီး ဝိုင်းဖက်တွယ်ထားလိုက်တာမှ။
“ဘာလဲကွ၊ ဖယ်စမ်းပါဦး၊ အန်တီနုကို ပြောစမ်းပါ။ ဘာဖြစ်တာလဲ”
“ခွေးသရဲ အန်တီနုရဲ့၊ သားတို့ တွေ့ခဲ့တယ်”
“ဟုတ်တယ်။ ခွေးသရဲ သော်တို့ တိုက်အောက်မှာ…”
“ဟုတ်တယ်၊ မီးကြောက်တယ်”
သုံးယောက်သား ငိုမဲ့မဲ့လေးတွေနဲ့၊ တကယ့်ကို ကြောက်နေလိုက်တာများ ယောကျ်ားဘသားကြီး မောင်စွမ်းပြည့်တောင် မျက်ရည်တွေ ဝိုင်းလို့။ မဖြစ်တော့ဘူး။ မေးစမ်းမှုပြုပြီး ချော့မော့နှစ်သိမ့်တဲ့ အလုပ်ကို လုပ်ရတော့မယ်။
“ကဲ… ခွေးသရဲကို ဘယ်မှာတွေ့လာလဲ။ ပြောပါဦး”
“သားတို့ တိုက်အောက်က၊ သစ်ပင်တွေ ကြားထဲမှာ… ခွေးသရဲက ဘယ်လိုပုံစံရှိလဲ… ကဲ”
“ဟို … ခွေးသရဲက အသားမည်းတယ်၊ မျက်လုံးပြူးတယ်၊ အစွယ်ကြီးတွေလည်း ပါတယ်။ သားတို့ကို ကိုက်မလို့ လိုက်တယ်”
“ဟုတ်တယ်… ကြောက်ဖို့ ကောင်းတယ်…”
“အဲဒါ ခွေးသရဲ မဟုတ်ဘူးကွ။ ဒီတိုက်မှာ သားတို့ မမြင်ဘူးတဲ့ ခွေးအမည်းတစ်ကောင် ဖြစ်မှာပါ။ နောက်ကို ခွေတွေနားကို သွားမဆော့နဲ့ ဟုတ်ပြီလား”
“ဟင့်အင်း… အန်တီနုကလည်း ခွေးအစစ်မဟုတ်ဘူး။ ခွေးသရဲ၊ သူက ခွေးအစစ်တွေကြားထဲမှာ ရောနေတော့ သူက ခွေးသရဲ”
“မဟုတ်ပါဘူးကွ၊ သားတို့ စိတ်ထင်တာပါ။ ကဲ ဒါဖြင့်လာ၊ အန်တီနုကို လိုက်ပြ ဘယ်နားမှာလဲ”
“ဟင့်အင်း သားတို့ မလိုက်ရဲဘူး၊ အန်တီနုဘာသာ သွားကြည့်၊ တိုက်အောက်မှာ”
ပြောရင်းဆိုရင်း မဒေးက ဝါးခနဲ ငိုချလိုက်တော့ မဖြစ်ချေတော့ဘူး။ ချော့မော့ပြီး သုံးကောင်စလုံး သူတို့ မိဘတွေဆီ ပြန်ပို့လိုက်ရတယ်။ သူတို့ မိဘတွေလည်း ရယ်မော ချော့မော့ကြပေါ့။ ဒါပေမဲ့ နောက်တစ်နေ့ မနက်ကတော့ မောင်စွမ်းပြည့်အမေ တီချယ်အိက “အန်တီနုရေ စွမ်းပြည့်တော့ဖျားနေပြီ။ ခွေးသရဲ၊ ခွေးသရဲနဲ့ ညက လန့်အော်တယ်” တဲ့။ လူကြီးတွေ ဦးနှောက်ခြောက်ကြတော့တာပေါ့။
တကယ်တော့ ဒီကလေးသုံးကောင်ဟာ ဒီလောက်ကြောက်တတ်တဲ့ ကလေးတွေမှ မဟုတ်ဘဲ။ ဘယ်လို ခွေးမျိုးကိုများ မြင်ခဲ့လို့ပါလိမ့်ပေါ့။ နေဝင်ရီတရောအချိန် တိုက်အောက်ထပ် သူတို့ပြောတဲ့ သစ်ပင်တွေကြားမှာ ကြည့်တော့လည်း ခွေးအနက်၊ ခွေးအမည်းဆိုလို့ တစ်ကောင်မှ မတွေ့၊ တိုက်အောက်ကို လုံး၀ မဆင်းရဲတော့ဘဲ၊ သူတို့တွေဆီကနေ “ခွေးသရဲ” ဆိုတာ တခြားတိုက်တွေက ကလေးတွေဆီပါ ပျံ့နှံ့ ကူးစက်သွားပြီး နေဝင်ရီတရော ကလေးတွေ ကစားပွဲတွေ သိမ်းတာနဲ့ “ခွေးသရဲ၊ ခွေးသရဲ” ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် ချောက်လှန့်သံတွေ တိုက်တွေကြားမှာ ထွက်ပေါ်လာတတ်တယ်။
ဒီလိုနဲ့ တစ်ခုသော နေဝင်ရီတရော အချိန်မှာတော့ သူ့ဘဘတိုး စိတ်ဓါတ်မြှင့်တင်ပေးလိုက်တဲ့ “အာ၊ဒိ၊ပု၊ ပု၊ဒိ၊အာ” အားကိုးနဲ့ တိုက်အောက်ဆင်းဆော့တဲ့ မောင်စွမ်းပြည့်တစ်ယောက် “ခွေးသရဲ၊ ခွေးသရဲ” ဆိုတဲ့ အသံကုန် အော်သံနဲ့အတူ ကျွန်မတို့ အခန်းထဲကို ဒရောသောပါး ဝင်ပြေးလာပြန်ပါလေရော။ “သား.. ဘယ်မှာလဲ ဘယ်မှာလဲ” ဆိုတော့ ငှက်ပျောပင်တွေ ကြားထဲမှာ ဆိုပြီး ငိုပါလေရော။
ဒီကောင့်ကို သူ့ဘဘတိုး လက်ထဲထားပြီး တိုက်အောက်ကို ကျွန်မ ကပျာကရာ ပြေးဆင်းလာခဲ့တယ်။ ကျွန်မတို့ တိုက်ရှေ့မှာ သစ်ပင်အုပ်တွေထဲကို ကျွန်မ တိုးဝင်ခဲ့တယ်။ မောင်စွမ်းပြည့် ပြောတဲ့ ငှက်ပျောပင်အုပ်နား ကျွန်မ အရောက်မှာတော့ “ဂဲ” ခနဲ ကြားလိုက်ရတဲ့ ခွေးမာန်ဖီသံတစ်သံ၊ ပြောက်တိပြောက်ကျား တိုးဝင်နေတဲ့ မီးရောင်တွေ ကြားမှာ ခွေးအနက်ရောင်ကို ကျွန်မရှာပေမယ့် ဘယ်လိုမှ မတွေ့ရဘဲ၊ ငှက်ပျောပင်အုပ်ကြားမှာ ကျွန်မ လှမ်းတွေ့ရတာက ပေါက်နေတာ ရက်တော်တော်ကြာပြီ ဖြစ်တဲ့ အညိုရောင် ခွေးသားအုပ်မ မိသားစုနဲ့၊ တခြားခွေးတွေ။ မာန်ဖီချင်သေးတဲ့ ခွေးသားအုပ်မကို လေချွန်၊ လက်ဖျောက်တီး ချော့မော့ရင်း ကျွန်မ အနားတိုးကပ် ကြည့်လိုက်တော့ တွေ့ပါပြီ။ လူကြီးကိုတောင်မှ ထိတ်ခနဲ ဖြစ်သွားစေတဲ့ “ခွေးသရဲ”နဲ့ ကျွန်မ ရင်ဆိုင်လို့ တွေ့ကြပါပြီ။ ခွေးညိုမရဲ့ နို့ကို ခွေးပေါက်လေးတွေနဲ့အတူ လုယက်တိုးဝှေ့ စို့နေတဲ့၊ ညစ်ထေး မည်းမှောင်လှတဲ့ အသားအရေနဲ့ လူမျက်နှာလေးတစ်ခုကို ကျွန်မ မယုံနိုင်သလို ကြည့်နေမိပါတယ်။
တကယ်တော့ “ခွေးသရဲ” ဟာ မောင်စွမ်းပြည့်တို့ထက် နှစ်နှစ်လောက်ပဲ ကြီးမယ့် လူမမယ်၊ ကလေးငယ်လေး တစ်ယောက်ပါ။
—
“သားက ဘယ်မှာ နေတာလဲ”
“ဒီအုတ်နံရံကြီးရဲ့ ဟိုးဘက် အဝေးကြီးမှာ”
“သားမှာ အဖေတို့ အမေတို့ ရှိလား”
“အဖေရှိတယ်၊ အမေမရှိဘူး။ သေသွားပြီ”
“အော်.. သားမှာ ညီအစ်ကို မောင်နှမတွေရော ရှိလား”
“ရှိတယ်”
“ရှိရင် သားက သူတို့နဲ့ ကစားလို့ရတာပဲ။ ခွေးတွေနဲ့ အကြာကြီး မကစားရဘူးနော်။ နေမကောင်း ဖြစ်တတ်တယ်”
“ခွေးတွေက ကျွန်တော့်ကို ချစ်တယ်။ လူတွေက ကျွန်တော်နဲ့ မကစားဘူး”
“ပြီးတော့ ခွေးရဲ့ နို့ကိုလည်း မစို့ရဘူး သိလား”
“ကျွန်တော့်အမေရဲ့ နို့ကိုမှ မစို့ရပဲ”
ငှက်ပျောပင်ကြားက ဆွဲထုတ်ပြီး ကျွန်မတို့ လူကြီးတွေ မေးသမျှ မေးခွန်းတွေကို ကလေးကတော့ အေးအေးလေး ဖြေသွားခဲ့ပါတယ်။ ကျွန်မတို့မှာသာ ဆက်မမေးနိုင်ကြတော့ဘဲ မုန့်ကျွေးရမလို၊ ရေတိုက်ရမလို ဖြစ်ကုန်ကြတုန်း နှုတ်သွက်လျှာသွက် မောင်စွမ်းပြည့်က သူသိချင်တဲ့ မေးခွန်းကို ဝင်မေးတယ်။ “ကိုကြီး နာမည် ဘယ်သူလဲ” တဲ့။ အားလုံး သူ့ကို ဝိုင်းကြည့်ကြတယ်။ သူကတော့ မောင်စွမ်းပြည့်ကိုပဲ ပြုံးစိစိကြည့်လို့။ “ခွေးသရဲ”တဲ့လေ။ ကြည့်စမ်း၊ ဒီနာမည်ကို သူသိနေတာပဲ။ မောင်စွမ်းပြည့် တစ်ယောက်ကတော့ သူ့အမေ ရင်ခွင်ထဲ တိုးဝင်ပုလို့။ ကျွန်မတို့ အားလုံး ရယ်မောကြရင်း အဲဒီနေ့ကစလို့ သူကလေးဟာ ကျွန်မတို့ တိုက်တွေကြားမှာ “ခွေးသရဲ” လို့ပဲ အမည်တွင်တော့တယ်။
“ကလေးက Isolation ဖြစ်နေတာ။ သူ့ကို ဂရုစိုက်မယ့်သူ၊ အရေးတယူ လုပ်တဲ့သူ မရှိတော့ အထီးကျန် ဖြစ်နေတာ၊ ဒီအရွယ်တွေမှာ ပတ်ဝန်းကျင်နဲ့ ဆက်ဆံနိုင်ဖို့ ရွယ်တူ ကစားဖော် စကားပြောဖော် ပြောဖက် သူငယ်ချင်းလိုတယ်။ ရွယ်တူ အုပ်စုလေးတွေ ကစားကြ၊ စကားပြောကြ၊ နေထိုင်ကြရင်းနဲ့မှ စည်းကမ်းဆိုတာကို အလိုလို နားလည်လိုက်နာ သဘောပေါက်လာကြတာကိုး။ ဒီကလေးမှာ သူ့ကို ဘယ်သူကမှ အရေးတယူ မဆက်ဆံတော့ ခွေးတွေနဲ့ သွားနေတော့တာပေါ့။ ခွေးတွေနဲ့ ကစားမယ်၊ စကားပြောမယ်၊ သူ့အတွက် ကြာရင် ဘယ်ကောင်းမလဲ။ ကိုယ်တို့အားလုံး ဝိုင်းပြီး မေတ္တာပေးနိုင်ရင် အရေးတယူ လုပ်ပေးနိုင်ရင် မဆိုးပါဘူး”
မောင်စွမ်းပြည့်တို့ရဲ့ ဘဘတိုးကတော့ သူ့ရဲ့ဆိုက်ကိုလိုဂျီ ရှုထောင့်ကနေ သုံးသပ်ရှုမြင်ပြီး သူတတ်နိုင်သမျှ လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားတယ်။
ခွေးသရဲလေးနဲ့ မောင်စွမ်းပြည့်တို့အဖွဲ့ ရင်းနှီးအောင် စကားပြောခိုင်းတာမျိုး၊ သူ့ကို အရေးတယူ မုန့်ကျွေးတာမျိုးတို့ပေါ့။ တခြားသူတွေ တော်တော်များများကလည်း မုန့်ကျွေးကြ၊ အဝတ်အစားလေးတွေ ပေးကြနဲ့ ဖြည်းဖြည်းချင်း ခွေးသရဲလေးက ကျွန်မတို့တစ်တွေကို ဘယ်လို တုန့်ပြန်လာတယ်မှတ်လဲ။
သူ့ကို ခုချိန်ထိ ရွံ့တွန့်တွန့် ဖြစ်နေသေးတဲ့ မောင်စွမ်းပြည့်တို့ ကလေးအုပ်စုကို တစ်မနက်မှာ အံ့သြဖွယ်ရာ သူတည်ဆောက်ထားတဲ့ ကစားစရာ ကားအဝေးပြေး စခန်းလေးကို ခေါ်ပြရှာတယ်။ မောင်စွမ်းပြည့်တို့တွေ အံ့သြသဘောကျ ပျော်ရွှင်သွားစေတဲ့ ကားအဝေးပြေးစခန်းလေးကို ခွေးသရဲလေးက အမှိုက်ပုံထဲက ရေသန့်ဗူးဟောင်းတွေနဲ့ လုပ်လို့၊ လမ်းတွေကို အစီအရီ သပ်သပ်ရပ်ရပ်၊ စက္ကူအဝိုင်းအတွန့်လေးတွေ ချိုးထားတဲ့ လေရဟတ်လေး တစ်ခုတောင် ပါသေးတယ်။ သူ့ရဲ့ ဉာဏ်ကောင်းမှုကို ကျွန်မတို့ တအံ့တသြ တွေ့ကြရတာပါပဲ။ ချက်ချင်း မောင်စွမ်းပြည့်တို့ အဖွဲ့က “ကိုကြီးခွေးသရဲ” ဖြစ်သွားကြတော့တယ်။
ကျွန်မတို့ လူကြီးတွေကို ခွေးသရဲလေး တုန့်ပြန်ပုံကတော့ တိုက်ပေါ်ကနေ အမှိုက်သွားပစ်ဖို့ ဆင်းလာတဲ့ဆရာ၊ ဆရာမတွေရဲ့ လက်ထဲက အမှိုက်ခြင်း၊ အမှိုက်အိတ်တွေကို အတင်းဆွဲယူပြီး အမှိုက်ပုံမှာ သွားပစ်ပေးတော့တာပဲ။ တဖြည်းဖြည်းနဲ့ ခွေးသရဲလေးကို တိုက်ရဲ့ တရားဝင် အမှိုက်ပစ်သမားလေးအဖြစ် သတ်မှတ်ကြရပြီး သူအမှိုက်တစ်ခါ ပစ်ပေးတိုင်း မုန့်ဖိုးနှစ်ဆယ်၊ ငါးဆယ်ထိ ပေးကြတယ်။ သူ့အတွက် မုန့်တို့၊ ဟင်းတို့၊ ထမင်းတို့လည်း ချန်ထားကြတယ်။ ခွေးတွေကိုတော့ သူက ချစ်ခင်နေမြဲ၊ ခွေးတွေကလည်း အံ့သြဖို့ကောင်းအောင် သူ့ကို ချစ်ကြတာများ။ သူ့နောက်ကို တကောက်ကောက် လိုက်နေတဲ့ ခွေးအုပ်တစ်အုပ် အမြဲတမ်းရှိတယ်။ အမှိုက်ပစ်ဖို့ တစ်ခန်းဝင် တစ်ခန်းထွက် သူလာပြီဆိုရင် သူ့နောက်မှာ “ရန်လုံ” ဆိုတဲ့ အင်မတန် ကြီးမားထွားကျိုင်းတဲ့ ခွေးကြီးတစ်ကောင်က အမြဲ ပါလာတတ်တယ်။ သူ့ကို စောင့်ရှောက်ပြီး လိုက်လာသလိုပဲ။ သူကလည်း သူ စားရသမျှတွေကို ဝေမျှပေးလို့။ ကျွန်မတို့မှာ သူ့ကို တကြည့်ကြည့်နဲ့ အကဲခတ်ရင်း၊ မောင်စွမ်းပြည့်တို့အတွက် သူလုပ်ပေးတဲ့ ကစားစရာ တီထွင်ဉာဏ်တွေက တဖြည်းဖြည်း ပိုကောင်းလာတာကို သဘောကျရင်း နောက်နှစ်နှစ်လောက်နေရင် ကျွန်မတို့နားက ကားဝပ်ရှော့မှာ ခွေးသရဲလေးကို အလုပ်သင်အဖြစ် အပ်ပေးမယ်လို့ တိုင်ပင်ထားကြတယ်။
“ကကြီး… လိုက်ဆိုလေကွာ.. ကိုကြီးခွေးသရဲကလဲ”
“ကကြီး….”
“ဟုတ်ပြီ… ခခွေး”
“ခခွေး”
“ကျယ်ကျယ်ဆိုနော် သားက ဆရာကြီးဗျ။ ဆရာကြီး ဦးစွမ်းပြည့်၊ တီတီကျောင်းက သိလား”
“ဟေ့ ငါက ဆရာမကြီး ဒေါ်သော်သော်။ ငါက တက္ကသိုလ်က ဆရာမ။ ငါ့အမေလိုပဲ။ ငါက ကိုကြီးခွေးသရဲကို အင်္ဂလိပ်စာ သင်ပေးမယ်။ အေလို့ ဆိုလေ။ လိုက်ဆိုလေ ကိုကြီးခွေးသရဲ”
“အေ”
“ဘီ”
“ဘီ”
“နေဦးဟာ ငါသင်ဦးမယ်။ ကိုကြီးခွေးသရဲ ကကြီး၊ ခခွေး ဆိုဦး”
ကျွန်မတို့ လူကြီးတွေ ကြည့်ပြီး ရယ်မောကြည်နူးရတဲ့ ဆရာ၊ ဆရာမ လုပ်တမ်းကစားရင်း
သူတို့ ကိုကြီးခွေးသရဲကို စာသင်ပေးကြတဲ့ ကလေးများရဲ့ တစ်ခုသော တနင်္ဂနွေနေ့ နံနက်ခင်းရဲ့ အဖြစ်အပျက်လေး တစ်ခုကို ကျွန်မတို့တတွေ ဘယ်သူမှ မျှော်လင့်မထားခဲ့ကြပါဘူး။
အဲဒီနေ့ဟာ ကျွန်မတို့ဆီမှာ အလွန်တရာ များပြားနေတဲ့ ခွေးတွေကို စည်ပင်သာယာက အမဲလုံးနဲ့ သန့်ရှင်းရေးလုပ်တဲ့နေ့ ဖြစ်နေခဲ့ပါတယ်။ စည်ပင်သာယာကားကြီး ထိုးဆိုက်လာပြီး ဝန်ထမ်းတွေက ချောင်ကြို ချောင်ကြားက ခွေးသေတွေကို စုဆောင်းကောက်ယူပုံကြတဲ့ အချိန်မှာပဲ ဝိုင်းကြည့်နေကြတဲ့ လူတွေနဲ့ ကျွက်စီကျွက်စီလည်း ဖြစ်လာရော မောင်စွမ်းပြည့်တို့ ကလေးအုပ်စုကြီး ခွေးသရဲကို စာသင်နေရာက ကျွက်စီကျွက်စီ ဖြစ်တဲ့နေရာကို ပြေးကြတော့တယ်။
ပြေးလာတဲ့ ခွေးသရဲဟာ ခွေးသေပုံကြီးရဲ့ ရှေ့မှာ တုန့်ကနဲ ရပ်တန့်သွားပြီး မမှိတ်မသုံ ရပ်ကြည့်နေတာဟာ နည်းနည်းလေးတောင်မှ မလှုပ်ခဲ့ဘဲ သူလှုပ်လာတဲ့ အချိန်ဟာ ဘယ်အချိန်လည်းဆိုတော့ ခွေးသေပုံရဲ့ အောက်ဆုံးက ပေါ်လာတဲ့ သူ့ “ရန်လုံကြီး” ကို စည်ပင်သာယာ ဝန်ထမ်းတွေက ကားထဲဆွဲတင် ပစ်လိုက်တဲ့ အချိန်နဲ့ ကားတံခါးကို “ဂျိန်း” ကနဲ ပိတ်လိုက်တဲ့ အချိန်မှာပေါ့။
ခွေးသရဲဟာ အသံကုန် စူးစူးဝါးဝါး ဟစ်အော်လိုက်တယ်။ ပြီးတော့ ခုန်ပေါက်တယ်။ ပြီးတော့ ထွက်သွားတဲ့ ကားနောက်ကနေ ပြေးလိုက်တော့တာပဲ။ သူ့ပါးစပ်က တတွတ်တွတ် အော်သွားတာက… “ကျွန်တော့်အမျိုးတွေ သေသွားပြီ…၊ ကျွန်တော့် သူငယ်ချင်းတွေ သေသွားပြီ” တဲ့။
မမျှော်လင့်တဲ့ အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားတဲ့ ဒီအဖြစ်အပျက်လေးပြီးတဲ့ အချိန်ကစပြီး ခွေးသရဲလေးဟာ ပျောက်ချင်းမလှ ပျောက်လို့ ကျွန်မတို့ဆီကို ပေါ်မလာတော့ပါဘူး။
—
နေ့လယ်တစ်နာရီတိတိ၊ အပြင်က ပြန်လာတဲ့ ကျွန်မတို့ ကားလေး တအိအိနဲ့ ကျွန်မတို့ရဲ့ ဆရာများ ရိပ်သာထဲကို ဝင်လာတဲ့ အချိန်ဟာ ထုံးစံအတိုင်း ငြိမ်သက်တိတ်ဆိတ်လို့။
ကားထဲက ပစ္စည်းပစ္စယတွေကို မနိုင်မနင်း သယ်ဖို့ ကြိုးစားတဲ့အချိန်မှာပဲ ကျွန်မတို့ကား ဆိုက်တာနဲ့ မြင်တဲ့နေရာကနေ အပြေးလာကြိုတတ်တဲ့ ခွေးသရဲလေးကို ကျွန်မမယ် သတိရပြန်ရော။ ပစ္စည်းတွေကို သယ်ပေး၊ ကားတံခါးကိုလည်း သိပ်ပိတ်ချင်တာပဲ။
ခုဆိုရင် ခွေးသရဲလေး ပေါ်မလာတာ သုံးလေးလတောင် ရှိခဲ့ပါပြီ။ ညနေစောင်းရင် “ဒေါက်… ဒေါက်” ဆိုပြီး “အမှိုက်ရှိလား” လို့ စကားမပြောဘဲ အချက်ပေးတတ်တဲ့ ခွေးသရဲရဲ့ တံခါးဘောင် ခေါက်သံလေးကို ကျွန်မတို့ အားလုံး လွမ်းကြရပါတယ်။
မောင်စွမ်းပြည့်ဆို သူ့အမေကို ဂျေဒိုးနတ် မုန့်ဘူးနဲ့ ကျောင်းသားတွေ လာကန်တော့ပြီဆိုရင် “ကိုကြီး ခွေးသရဲအတွက်” ဆိုပြီး ချန်ရတာ အမော။ ကျွန်မလည်း လှည်းတန်းဈေးက ဦးထုပ်လေးတစ်လုံး ဝယ်ထားမိပါတယ်။ ပစ္စည်းတွေကို ကျွန်မတို့နှစ်ယောက် မျှတသယ်ရင်း တိုက်ပေါ်ကို အတက်၊ လှေခါးတဆစ်ချိုး ထောင့်ကွေးလေးကို အရောက်မှာတော့…။
“ဟာ… ခွေးသရဲလေး”
ကျွန်မရဲ့ ဝမ်းသာအားရ လွှတ်ခနဲ အော်သံ၊ ကျွန်မခင်ပွန်းသည်ကလည်း “ဒီကောင် ပြန်လာပြီ” တဲ့။
ဒါပေမယ့် ခွေးသရဲဟာ ကျွန်မတို့ကို လုံး၀ မော့မကြည့်ပါဘူး။ မကြည့်အားဘူးဆိုရင် ပိုမှန်ပါလိမ့်မယ်။ ခွေးသရဲဟာ အလုပ်တစ်ခုကို အလွန်တရာ အာရုံစိုက်ပြီး လုပ်နေလို့ပါ။ သူ့ဘေးမှာ သေချာနယ်ထားတဲ့ ရွှံ့ပုံကြီးတစ်ခု ရှိပါတယ်။ ရွှံ့ပုံကြီးဘေးမှာတော့ အလွန်လက်ရာမြောက်လှတဲ့ ရွှံ့ရုပ်လေးများစွာ၊ ဘာရုပ်လေးတွေလည်းလို့ မေးစရာလိုမယ် မထင်ပါဘူး။ ခွေးရုပ်ကလေးတွေပေါ့။ အရွယ်အစား အမျိုးမျိုးနဲ့ ခွေးရုပ်ပေါင်းများစွာ၊ တချို့ ရွှံ့ခြောက်စ၊ တချို့က စိုနေဆဲ။ အကြီးဆုံး ခွေးရုပ်ကလေး တစ်ရုပ်ကတော့ နားရွက်ဖားဖား၊ အမြီးကြီးကြီး သေချာပါတယ်။ ဒါ ခွေးသရဲရဲ့ “ရန်လုံကြီး” ပဲပေါ့။ သူ့လက်ထဲမှာလည်း လုပ်လက်စ ခွေးရုပ်လေးဟာ တဖြည်းဖြည်း ပီပြင်ထင်ရှားလာလို့၊ သူဘယ်လောက်များ စိတ်ဝင်စားနေလဲဆိုရင် မျက်နှာတစ်ခုလုံး ချွေးတွေတောင် သီးပြီး တတောက်တောက်ကျလို့။
“ခွေးသရဲ သား ဟေ့ကောင်”
သူ့လုပ်လက်စ ခွေးရုပ်လေး အပြီးသတ်တဲ့ အချိန်ကို စောင့်ပြီးမှ ကျွန်မ ခေါ်တာပါ။ ဒါပေမယ့် သူ ကျွန်မကို လုံး၀ မကြည့်ပါဘူး။
“ခွေးသရဲ မင်း ဘယ်လျှောက်သွားနေတာလဲကွာ ပြောပါဦး”
ကျွန်မ ခင်ပွန်းရဲ့ တရင်းတနှီး လေသံကိုလည်း သူက ဂရုမစိုက်ပါဘူး။ သူ ဂရုတစိုက် စူးစိုက်ကြည့်နေတာက သူ့ရှေ့က ခွေးရုပ်ကလေးတွေကိုပါ။ ရုတ်တရက် ခွေးသရဲဟာ ဝမ်းသာအားရ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါတယ်။ ပြီးတော့ ခွေးလေးတွေကို သိမ်းကြုံးပွေ့ဖက်လို့။
“ကျွန်တော့အမျိုးတွေ ပြန်လာပြီ။ ကျွန်တော့ သူငယ်ချင်းတွေ မသေတော့ဘူး”
အော်ရင်း ဟစ်ရင်းကပဲ ခွေးသရဲဟာ သူ့ခွေးရုပ်လေးတွေကို အကြမ်းပတမ်း ချေမွ ဖျက်ဆီးလိုက်တော့တယ်။
“မလုပ်နဲ့လေ၊ ခွေးသရဲ မလုပ်နဲ့”
ခွေးသရဲဟာ ကျွန်မကို လုံး၀ ဂရုမစိုက်တော့ပါဘူး။ ခွေးရုပ်လေးတွေကိုသာ အငြိုးတကြီး ချေပွရိုက်ပုတ်ရင်း သူ… ငိုနေတာပါ။
မျက်စိမျက်နှာပျက်စွာနဲ့ ကျွန်မခင်ပွန်းကို အားကိုးတကြီး ကြည့်လိုက်မိတော့… ကလေးစိတ်ပညာ အထူးပြုနဲ့ ဘွဲ့ရ၊ သင်ကြားနေသူဟာ မျက်စိမျက်နှာ ပျက်စွာနဲ့ ကျွန်မကို ပြန်ကြည့်လို့။ ကျွန်မတို့ ဘယ်လိုလုပ်ရမှာလဲ။
ပြီးပါပြီ
ရေးသားသူ-နုနုရည်(အင်းဝ)
Credit ❤️