ဂုဏ်ယူမဆုံးသည့်သား(စ/ဆုံး)
—————————–
“လူလေး… လူလေး… သားလေး…”
အမေ၏ ခေါ်ဆိုသံများသည် တိုးတိုးတစ်ခါ ကျယ်ချည်တစ်လှည့်နှင့် ဖြစ်နေသည်။ သို့သော်လည်း ကျွန်တော် မျက်စိမဖွင့်ချင်။ ထို့ကြောင့် ပေအိပ်နေခဲ့သည်။
“ လူလေး… လူလေးရေ… သားလေးရေ…”
ဒီတစ်ခါနှိုးတော့ အမေသည် ပါးစပ်အော်ရုံမကတော့ပေ။ ကျွန်တော့် ပုခုံးနှင့် လက်မောင်းဆုံသည့် ထောင့်ကို အမိအရ ကိုင်၍ လှုပ်နှိုးခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်တော်မျက်စိဖွင့်လိုက်သည်။ အိပ်ချင်မူးတူး လေသံဖြင့် ပြန်ထူးလိုက်သည်။
“ဗျာ… ဗျာ…”
“ထတော့ လူလေး…. ထတော့… ထင်းခွေသွားရအောင်တဲ့… ကိုလေးစိန်မောင်က ခေါ်နေပြီ…”
“ အမေကလည်းဗျာ… အိပ်ချင်ပါတယ်ဆို…”
ကျွန်တော်သည် စောင်ကို ခေါင်းမူးပြန်ခြုံကာ အိပ်ချင်နေသောကြောင့် ထပ်မံ၍ မျက်စိများကို မှိတ်၍ မှိန်းနေခဲ့သည်။
“ ဟကောင်လေး… ထတော့ပါဆို… ထင်းခွေ သွားတော့မလို့တဲ့… ပြောနေတာ မကြားဘူးလား…”
“ဗြိ…”
အမေသည် စိတ်မရှည်သည့် လေသံနှင့် ဖြစ်၍ ကျွန်တော့် စောင်ကိုပါ ဆွဲချသွားလေသည်။ ကျွန်တော် နည်းနည်းတော့ လန့်သွားသည်။ အမေက စိတ်မတိုခင်တော့ ချော့ပြော၍ စိတ်တိုသည့်အခါ နီးရာစပ်ရာနှင့် ခေါက်ထစ်တတ်ခြင်းကြောင့် ဖြစ်သည်။ ကျွန်တော်၏ မျက်လုံးကိုလည်း အလင်းကြီးက ရှင်းခနဲ ဆိုတော့ ဆက်အိပ်မရတော့ပေ။ ထို့ကြောင့် ကျွန်တော် အိပ်ယာထလေသည်။
“ဝေါင်း… ဝါး… ဟူး…”
ညက အိပ်ရေးပျက်ထား၍ အိပ်ရေးမဝခြင်းကြောင့် ကျွန်တော် ပါးစပ်မှာ တဝေါင်းဝေါင်း တဝါးဝါးနှင့်ဖြစ်နေခြင်း ဖြစ်သည်။ အမေသည် မီးဖိုချောင်ထဲမှ မနက်စာအတွက် ပြင်ဆင်နေ၍ ကျွန်တော့်ကို လှမ်းပြောလိုက်သည်။
“ဟကောင်လေး… မျက်နှာသစ်တော့… သိုးသိုးသွက်သွက်လုပ်… သူများက စောင့်လို့…”
အမေသည် နည်းနည်းစိတ်တိုလာသည်။ ထို့ကြောင့် ကျွန်တော် အခြေအနေကို ကြည့်ကာ ခပ်သွက်သွက်လုပ်ရသည်။ အမေ၏ ဆူပူမှုက လွတ်စေရန်ဖြစ်သည်။
“ လူဆိုတာ ဘာလုပ်လုပ် ဝီရိယထားရတယ်… ပျင်းနေလို့မရဘူးတော့… သူများထက်သာချင်ရင်တော့ သူများထက်ကို ဝီရိယထားရမယ်… နေပူမမိအောင် စောစောသွားပြီး … စောစောပြန်လာ… ကိုယ့်ဒီအလုပ်ပဲရှိတာကို…”
အမေသည် ကျိုက်ထီးရိုး ဘုရားပွဲမှ သေနပ်ကဲ့သို့ တရစပ် တော်ကီများပစ်နေတော့သည်။
“ ဟုတ်ကဲ့ပါ အမေကလည်း…”
“ရော့… ရော့ … မနက်စာ စားသွားလူလေး… “
အမေလေသံ အနည်းငယ်ပြောင်းသွားသည်။ လေပြေကလေးဖြစ်သွားခြင်းကြောင့် မုန်တိုင်း စဲသွားခြင်းဖြစ်သည်။
ကျွန်တော်သည် အမေပြင်ပေးသည့် အကြော်နှင့်ထမင်းကြမ်းကို ရေနွေးကြမ်းကလေးနှင့် အားရပါးရ လွေးခဲ့လေသည်။ ဘေးတွင်လည်း လက်ဖက်သုပ်လေးက ပစ္စည်းစုံ အင်္ဂါစုံနှင့်ဖြစ်ပြီး ဆီနိုင်နိုင်လေး သုပ်ထားခြင်းဖြစ်သောကြောင့် စားရသည်မှာ လျှာဆိမ့်၍ အာဟာမြိန့်လျက်ရှိသည်။
ထို့နောက် ကိုလေးစိန်မောင်သည် ကျွန်တော့်ကို အပေါက်ဝမှ စောင့်၍ လှမ်းအော်ခဲ့သည်။
“ဟေ့ကောင်… ဝင်းထက် မပြီးသေးဘူးလား…”
“ပြီးပြီ… ပြီးပြီ ကိုလေးစိန်မောင်ရေ..”
ကျွန်တော်သည် ခေါင်းတွင်ဆောင်းသည့် ဦးထုပ်အနက်ကို ကဗျာကယာယူ၍ ပုဆိုးကို ထောင့်ဖြတ်ချိုးကာ နောက်ကျော၌ သိုင်းခြုံခဲ့ပြီး ဓားမကို လက်ကမ,၍ ပြေးသွားခဲ့သည်။
“ ကိုလေးစိန်မောင်… ကျွန်တော်တို့ နှစ်ယောက်ပဲလား…”
“ ဟိုးမှာ ကိုအောင်ရယ် မောင်လှိုင်ရယ် ၊ခင်ချမ်း၊ မိစံတို့က ဟိုအပင်မှာ စောင့်လို့…”
ကျွန်တော်နှင့် ကိုလေးစိန်မောင်သည် သူတို့နောက်တို့ အမီလိုက်ပြေးလေသည်။
ထို့နောက် ကျွန်တော်တို့ တစ်စုတစ်စည်း ပျော်ပျော်ကြီးထွက်လာခဲ့သည်။ ပျော်ပျော်ပါးပါး မော်တော်ကားနှင့်ပင်ဖြစ်သည်။ ကျွန်တော်တို့ မော်တော်ကားမှာတော့ ဘီးမပါ။ ခြေညှပ်သာလျှင်ပါသည်။ ကားတာရာကို လုပ်ထားသော ဖိနပ် ကိုယ်စီနှင့် ဖြစ်သောကြောင့်ပင်။
ကျွန်တော်တို့ရွာနှင့် ထင်းခွေမည့်နေရာသည် တစ်နာရီလောက် လှမ်းသည်။ အကွေ့အကောက်၊ အတက်အဆင်းနှင့် ဖြစ်သောကြောင့် အင်တိုင်းတောကိုတော့ မြင်ရသည်။ အမြင်နီး၍ ခရီးဝေးသည်။ လှမ်း၍ မြင်ရသည် သို့သော်လည်း အကွေ့အကောက်က အင်မတန်များ။
ကျွန်တော်တို့ စုံညီစွာ သွက်သွက်လက်လက် လမ်းလျှောက်ခြင်းကြောင့် အင်တိုင်းတောကို ရောက်ရှိသွားသည်။ အင်တိုင်းတောကို ရောက်သော်လည်း ကျွန်တော်က အိပ်ချင်မပြေသေး။ ထို့ကြောင့် ကျွန်တော်သည် အိပ်စရာကိုသာလျှင် ပထယမ္ပိ ရှာကြည့် ခဲ့လေသည်။
ကျွန်တော် အိပ်မည့်နေရာ ချက်ချင်းတွေ့သည်။ မျက်စိတစ်ဝှေ့ ခဏချင်းပင် တန်းတွေ့ခြင်းကြောင့် ပျော်သွားသည်။ ကျွန်တော့် အဖော်များကတော့ သူတို့လိုချင်သည့် ထင်းအမျိုးအစားရအောင် ခုတ်ထွင် ဖျင်နေကြသည်။
ကျွန်တော် အိပ်မည့်နေရာသည် အရိပ်ကောင်းကောင်းနှင့် အုံ့ဆိုင်းနေသည့် ကုက္ကိုပင်အောက်တွင် ဖြစ်သည်။ လူအများ နားနေထားခံရခြင်းကြောင့် တလင်းမှာ မာပြောင်လျက်ရှိပြီး ဖွေးဆွ ရှင်းလင်းနေခဲ့သည်။ ဒဟတ်သားတုံးကြီးကိုလည်း ထိုအပင်အောက်၌ တွေ့သည်။ တုံးကြီးမှာ လုံးပတ် ၉လက်မလောက်ရှိကာ အရှည်မှာ(၇) တောင်ခန့် ရှိမည်။ ကျွန်တော့်လို ခေါင်းအုံးမြင့်မြင့် အုံးတတ်သူအဖို့ ကွက်တိ ဖြစ်နေခဲ့သည်။ ကျွန်တော်သည် ပုဆိုးကိုဖြည်၍ တုံးပေါ်သို့ တင်က ခေါင်းအုံးအဖြစ် တင်ခဲ့လေသည်။
ထို့နောက် ကျွန်တော်သည် အိပ်ရေးမဝသေးသောကြောင့် အိပ်ချင်သည့်စိတ်များလည်း မကုန်သေးသောကြောင့် ချက်ချင်း အိပ်ပျော်သွားလေသည်။ ကျွန်တော်စိတ်သည် ဒိဌလောကသို့ မရှိတော့ဘဲ စိတ်ကူးထဲသို့ ရောက်ရှိသွားလေသည်။
ကျွန်တော် သူမကို မမြင်ဖူးပါ။ သို့သော်လည်း သူမ ကျွန်တော့်ကို လိုက်၍ ကြည်စားနေခဲ့သည်။ ကျွန်တော်၏ စိတ်နှလုံးကို ကလူစယ်နေခဲ့သည်။ ဖျတ်ဖျတ်လူးနေသည့် နှလုံးသားသည် ပိုမို၍ တလှပ်လှပ်ပင် ခုန်လျက်ရှိသည်။
သူမသည် ကျွန်တော့်ကို လိုက်၍ စနောက်နေခဲ့သည်။ ကျွန်တော် သူမကို ဘယ်နေရာတွင် တွေ့ဖူးသလဲ စဉ်းစားသည်။ စဉ်းစား၍ မရပေ။ သူမသည် တကယ့် ဧကရီတစ်ပါးလိုဖြစ်နေသည်။ လှပချောမောနေသော သူမ၏ မျက်နှာသည် ကျွန်တော့်ရွှေရင်အုံကို ပိုမို၍ သိသာအောင် ခုန်လှုပ်စေခဲ့သည်။
ထို့နောက် သူမသည် ကျွန်တော်နှင့် မျက်လုံးချင်းဆုံသည့် အချိန်တွင် သူမကပင် စတင်၍ မျက်စိများ မှိတ်ပြနေခဲ့သည်။ ကျွန်တော့်သည် သူမ၏ ရုပ်သွင်နှင့်အတူ မခို့တရို့အမူအယာလေးများကြောင့် ရင်ခုန်မှုများသည် ဆယ်ဆပင် မကတော့ပေ။
သူမသည် ကျွန်တော်ကို လျှာထုတ်ပြသည်။ မျက်စိကို မှိတ်ခပ် မှိတ်ခပ် လုပ်ပြလေသည်။ ကျွန်တော် အတော်ကြီးကို သဘောခွေ့နေခဲ့သည်။ ထို့နောက် သူမသည် ကျွန်တော့်ကို နှုတ်ခမ်းနှစ်ခု စုစည်းပြီး ရှေ့သို့ ချွန်ထွက်လာအောင် ပြုလုပ်ခဲ့သည်။
“ မှ… “
ကျွန်တော် ထိုအသံကိုလည်း ကြားခဲ့လေသည်။ သူမကို ကျွန်တော်စဉ်းစားသည် မည်သူနှင့် တူသလဲ။ သို့သော် စဉ်းစားမရ။ ကျွန်တော် သူမကို အရင်က မမြင်ဖူးခဲ့ပါ။ သူမသည် ကျွန်တော့်လက်ကို လှမ်းဆွဲသည်။ ကျွန်တော် အနည်းငယ်ကြောင်သွားသည်။ သို့သော်လည်း အလိုက်သင့် သဘောမျိုးသာ နေလိုက်လေသည်။ သူမသည် ကျွန်တော့်လက်ဖမိုးကို သူမ၏ နှုတ်ခမ်းသာရဲရဲလေးများဖြင့် နမ်းရှိုက်ခဲ့လေသည်။
ကျွန်တော်သည်လည်း သူ့လိုပင် ပြန်၍ လုပ်ရန် စဉ်းစားသည်။ ကျွန်တော် သိပ်မရဲ။ စိတ်က နိုးစော်မှုကြောင့် လက်က သွားချင်သော်လည်း မသွားရဲပေ။ ထို့နောက် ကျွန်တော် သူမ၏ လက်ကို ဖမ်းဆုပ်ကား နမ်းရှိုက်ခဲ့လေသည်။
“ မှ… မှ… မှ…”
ကျွန်တော် သူမကို အတိုးရော အရင်းပါ ပေါင်းဆပ်လိုက်သည်။ သူမပေးသည်က တစ်ကြိမ်တည်းပင် ကျွန်တော် သုံးကြိမ်တောင် ပေးလိုက်သည်။
ထို့နောက် ကျွန်တော်၏ နားတွင် တစ်စုံတစ်ယောက်၏ အသံကို ပြတ်ပြတ်ထင်ထင် ကြားခဲ့လေသည်။
“ ဟာ ဒီကောင်ကတော့ကွာ ပေါက်ပေါက်ရှာရှာတွေ လုပ်ပြီ… ဟေ့ကောင်… ဝင်းထက်… ဝင်းထက်… ဝင်းထက်…”
ကျွန်တော် မျက်စိဖွင့်ကြည့်လိုက်သည်။ ဒီအသံကို ကျွန်တော်နားနှင့် ရင်းရင်းနှီးနှီးကြားဖူးခြင်းကြောင့် ဖြစ်သည်။
“ ကိုလေးစိန်မောင်…. ကိုလေးစိန်မောင်…”
ကျွန်တော် ကိုလေးစိန်မောင်ကို အကြောင်သား ငေးကြည့်နေခဲ့သည်။
“ အိပ်မက် မက်တာထက်ပဲ ငါ့လက်ကို လွှတ်အုံးဟ … ငါ့ လက် လွှတ်အုံး…”
ထိုအချိန်မှ ကျွန်တော် အသိတရားဝင်လာသည်။ ကျွန်တော် ကိုင်ထားသည့်အရာကိုလည်း သတိထားမိသွားသည်။
“ဝင်းထက်ရာ… ငါ့ကို တော်တော်ခင်တယ်ထင်တယ်… ငါက မင်းကို လှုပ်နှိုးဖို့ လက်ပြင်လိုက်တဲ့အချိန်မှာကို၌ပဲ ငါ့လက်ကိုဖမ်းပြီး နမ်းနေတာ သုံးကြိမ်တောင်ကွ…”
ကျွန်တော် ထူပူ၍ ရှက်အမ်းအမ်းသွားသည်။
“ ဟာ… အဲ့လို မဟုတ်ပါဘူးဗျာ… ကျွန်တော် အိပ်မက်မက်နေတာပါ…”
“ ကိုယ်တော်ချော အိပ်မက်မက်တာက မဆန်းဘူး အိပ်ရင်မက်မှာပဲ… ပြန်တော့မို့… လာနှိုးတာ ဆရာရေ့…”
ကိုလေးစိန်မောင်သည် ပြောပြောဆိုဆိုနှင့် သူ့ ထင်းစည်းရှိရာသို့ ပြန်သွားခဲ့သည်။ ကျွန်တော်သည် ထိုအချိန်မှ သိခဲ့သည်။ ကျွန်တော် ထင်းမခွေရသေးပေ။ ကျွန်တော် ဘယ်သို့ပြန်မလဲ စဉ်းစားနေသည်။ ထင်းမပါဘဲ ပြန်လျှင် အမေမှ ဘာလို့ ထင်းမပါလဲ မေးလျှင် ကျွန်တော့် မှာ အဖြေမရှိပေ။ နေမကောင်းဘူးပြောရအောင်လည်း ကျွန်တော်သည် နှာတောင်မချေ။ ကျွန်တော်သည် “နောက်ကျန်နေ၍ နောက်မှာ လာနေပြီဟု” ကိုလေးစိန်မောင်တို့ကို မှာလိုက်ရင် ကောင်းမလား။ ကျွန်တော် စဉ်းစားသည်။ အဲ့လိုဆိုရင်လည်း အမေက မရလောက်။ ကျွန်တော် အိမ်အရောက်တွင် အဆူခံရမည်။ ချီးကျူးခြင်းမခံရချင်နေ အမေဆူမှာတော့ ကြောက်သည်။
ကျွန်တော်သည် ကမန်းကတန်းနှင့် ခေါင်းအုံးလုပ်သည့် ပုဆိုးကို ယူလိုက်သည်။ ထိုအချိန်တွင် ကျွန်တော် အကြံပေါက်သွားသည်။ ထိုသို့သော အကြံမျိုးပေါက်ခြင်းကြောင့် ကိုယ့်ဉာဏ်ကလေးကို တယုတယ ပွတ်သပ်ပေးချင်စိတ်များတောင် ဖြစ်ပေါ်သွားသည်။
ကျွန်တော် ဒဟတ်သားတုံးကို မြင်၍ ထမ်းယူသွားရန်ဖြစ်သည်။ ဒဟတ်သားသည် ထင်းထဲတွင် အကောင်းဆုံးသား ဖြစ်သည်။ မီးလောင်လွယ်သည်။ မီးခဲဖြစ်လွယ်သည်။ မီးလည်း စွဲလွယ်သည်။ ထို့ကြောင့် ကျွန်တော် မနိုင့်တနိုင့်နှင့် ဒဟတ်သားတုံးကို မ, ၍ ထမ်းခဲ့လေသည်။
ကိုလေးစိန်မောင်တို့တွင်တော့ ထင်းစည်းလေးများ အကျပန ကိုယ်စီနှင့် ဖြစ်သည်။ ကျွန်တော့်တွင် တစ်တုံးတည်း။ သို့သော် ကိစ္စမရှိ။ ကျွန်တော် အမေဆူရင် ပြန်လည်၍ ချေပနိုင်ရန်အတွက် လမ်းတစ်လျှောက်လုံး စဉ်းစားခဲ့လေသည်။
ကျွန်တော်တို့အဖွဲ့သည် အသွားတွင်တော့ လျင်မြန်ဖျတ်လက်နေသော်လည်း အပြန်တွင် ကိုယ်စီကိုယ်ငှ အထမ်း အရွက်များဖြင့်ကြောင့် လမ်းတစ်လျှောက် ခဏခဏနားရသည်။
ထိုသို့နှင့် ကျွန်တော်တို့ အိမ်သို့ ရောက်ရှိသွားခဲ့လေသည်။ ကျွန်တော်သည် ရောက်လျှင် ရောက်ချင်းပင် ထမ်းလာသည့် သစ်တုံးကို အောင်ပွဲခံသည်အနေဖြင့် ဖြည်းဖြည်းမချဘဲ လေထဲသို့ အနည်းငယ်မြှောက်၍ ဝုန်းကနဲ မြည်အောင်ချခဲ့လေသည်။
“ဝုန်း..”
ထိုအချိန်၌ အမေ၏ အသံပေါ်ထွက်လာသည်။
“ အဲ… လူလေးတို့တောင် ပြန်လာပြီ… “
ကျွန်တော်သည် မောမောနှင့် သောက်ရေအိုးစင်ရှိရာသို့သာလျှင် အလျင်အမြန်သွားလေသည်။
အမေသည် ထိုင်ရာမှ ကျွန်တော် ထမ်းလာသော ဒဟတ်သားတုံးဆီသို့ ထလာ၍ သေချာစွာကြည့်ရှုနေခဲ့သည်။ အမေသည် တစ်စုံတစ်ခုကို စိတ်တိုင်းကျခဲသောကြောင့် ကျွန်တော် ရေသောက်ရင်းနှင့် အမေပြောမည့် စကားလုံးကို မည်သို့ ပြန်လည်ချေပရမည်နည်းကို စဉ်းစားနေခဲ့သည်။
ကျွန်တော် စဉ်းစားနေဆဲတွင် အသံတစ်ခုထွက်ပေါ်လာသည်။ အမေ့အသံတော့ မဟုတ်ပေ။
“အဲ… ထင်း ကောင်းလိုက်လား… မိစိန်အေးရေ့…”
အမေ့ကို ဘွားခင်သိန်း လှမ်းပြောခြင်းဖြစ်သည်။
“ ဟုတ်တယ်… ဘွားကြီး… ကျွန်မသား ထမ်းလာတာလေ…”
“ ဒဟတ်သား တုံးကြီး နည်းတာမဟုတ်ဘူး… အခြောက်လည်း အခြောက်ကြီးဆိုတော့ ဆိုက်ပါလေ့တော် ဆိုက်ပါလေ့…”
“ ဟုတ်ပါ့တော်… ကျွန်မသားမို့လို့ ဒီလိုထင်းမျိုးရှာတတ်တာ…”
ထို့နောက် အမေသည် ကျွန်တော့် ဘက်ကို လှည့်၍ လာခဲ့သည်။ ကျွန်တော် နည်းနည်းတော့ လန့်နေသည်။ အမေက သူတစ်ပါး အပြစ်ပြောမှာ စိုးသောကြောင့် ဖာထေးပြောနေသည်ဟု ကျွန်တော် ထင်နေသည်။
“ ငါ့သားကို အမေ ပြောမယ်… ဒါ ဝီရိယပဲ… စောစောသွားတော့ ထင်းကောင်းကောင်းရတယ်မလား… နောက်နေ့တွေလည်း နောက်ကျအောင် မအိပ်နဲ့ လုပ်စရာရှိတာ စောစောသွားပြီးလုပ်တော့ မြန်မြန် ပြီးတယ်.. ကောင်းကောင်းရတယ်မလား…”
ကျွန်တော် အမေ့ကိုကြည့်နေသည်။ အမေသည် ကျွန်တော့်ကို ရွဲ့ပြောနေခြင်းမဟုတ်။ ထို့ကြောင့် ကျွန်တော်လည်း အမေ့ကို အလိုက်သင့် ပြန်ပြောခဲ့လေသည်။
“ ဟာ… အမေကလည်း … ဒီလို အသားမျိုး… တစ်တောလုံးမှာ … ဒီတစ်တုံးပဲရှိတယ်… ခြောက်လည်းခြောက်… အသားလည်းကောင်း… သားမို့လို့…”
အမေ့ကိုကြည့်လိုက်သည့်အခါတွင် သစ်တုံးကြီးကို ဂရုတစိုက်ကြည့်ကာ ကျွန်တော် ခက်ရာခက်ဆစ် ရှာဖွေခုတ်လာသည် ထင်ပြီး ကျေနပ်ပီတိဖြစ်နေခဲ့သည်။
ထိုသို့ ဖြစ်နေသော အမေ့ပီတိများကို မပျောက်စိမ့်သောငှာ အမှန်ကိုမပြောဘဲ ထပ်မံ၍ မုသာဝါဒကျူးလွန်ခဲ့မိလေသည်။ ကျွန်တော် ငရဲမကြီးလောက်ပါဘူးလေ။
စာဖတ်သူအား အစဉ်လေးစားလျက်။
လွင်ကိုကိုထက်
၂၇.၄.၂၀၂၃( ကြာသပတေးနေ့)